← Chapters

ဝိညာဥ်ဆေးပင်

Vol. 8 Ch. 90

ဝိညာဥ်ဆေးပင်

Vol. 8 Ch. 90

လုကြပြီ

ဝိညာဥ်ကင်းလှည့်သူလည်း ယင်နီကို လှည့်ကြည့်ရင်း ထိတ်လန့်သွားတယ်။ အတွေ့အကြုံများသူပီပီ သူ့မျက်စိထဲ အင်မော်တယ်နတ်သမီးတစ်ပါးလို မြင်နေရတဲ့ ဒီမိန်းမက ညို့ငင်နည်းစနစ်တစ်ခုခု သုံးနေပြီဆိုတာ ချက်ချင်းရိပ်မိတယ်။ ချီစွမ်းအင် အားကုန်ထုတ် လည်ပတ်ပြီး ရုန်းထွက်ရင်း ဝိညာဥ်လွတ်မြောက်နည်းစနစ် အသက်သွင်းဖို့ ပြင်လိုက်တယ်။

ဒါပေမယ့် နောက်ကျသွားပြီ။ အသက်နှစ်ရှိုက်စာ အချိန်လေးက အဆုံးအဖြတ် ဖြစ်သွားတယ်။ သံတောင်ပံလင်းယုန်က တစ္ဆေကို သတ်ဖြတ်ပြီး ထိုးဆင်းလာသလို၊ ဝူစွေ့ကလည်း သံကြိုးပြန်ရပြီး တိုက်ခိုက်လာတယ်။ နောက်တစ်ဖက်မှာ ယင်နီက ပိတ်ဆို့ထားပြီး၊ ကြေးနီဖုတ်ကောင်ကလည်း ပြေးဝင်လာနေပြီ။ လေးဖက်လေးတန် ပိတ်ဆို့ခံလိုက်ရလို့ ပြေးပေါက်ပိတ်သွားတဲ့ ဝိညာဥ်ကင်းလှည့်သူလည်း အသက်ထက် ဘယ်အရာကမှ ပိုတန်ဖိုး မရှိဘူးလို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး၊ ကျောက်စိမ်းသလင်းမြက်နှစ်ပင်လုံး ထုတ်ယူပြီး ဝူစွေ့နဲ့ ယင်နီတို့ကြားကို ပစ်ပေါက်လွှင့်ပစ်လိုက်တယ်။

ဝူစွေ့လည်း ဝိညာဥ်ကင်းလှည့်သူကို ဆက်မတိုက်ခိုက်တော့ဘဲ ခုန်ပျံပြီး ကျောက်စိမ်းသလင်းမြက်တွေ ဖမ်းယူဖို့ ကြိုးစားတယ်။ ယင်နီကလည်း ဝူစွေ့နဲ့ အကြံတူတယ်။ လေထဲ ခုန်ပျံပြီး ကျောက်စိမ်းသလင်းမြက်တွေ ဖမ်းယူဖို့ ကြိုးစားလာတယ်။ ကြေးနီအလောင်းကောင်နဲ့ သံတောင်ပံလင်းယုန်လည်း လမ်းကြောင်းပြောင်းပြီး ကျောက်စိမ်းသလင်းမြက်ဆီ ဦးတည်လာကြတယ်။

“ယင်နီ .. ငါယူပြီး နောက်မှ ခွဲပေးမယ်”

“အကိုဝူ .. ကျမ ကိုင်တွယ်လိုက်မယ်”

အကြံတူနှစ်ယောက် ထိပ်တိုက်တိုးတာနဲ့ ဝူစွေ့က အလောင်းချီ အားကုန်ထုတ်ပြီး ယင်နီကို ရိုက်ချလိုက်တယ်။ ယင်နီ ရှိသမျှ ချီစွမ်းအင် အကုန်ထုတ်ပြီး ခုခံတယ်။

“ဝုန်း”

“အား ..”

ထိပ်တိုက်တွေ့ချိန် ကျင့်ကြံမှုအဆင့် တူညီပေမယ့် ညို့ငင်နည်းစနစ် အသားပေး လေ့ကျင့်ပြီး ခွန်အားနဲ့ တိုက်ခိုက်ရေးပိုင်း အားနည်းတဲ့ယင်နီ လွင့်စင်ထွက်သွားတယ်။

ဝူစွေ့က ကျောက်စိမ်းသလင်းမြက်နှစ်ပင်လုံးကို ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ် ရယူလိုက်နိုင်တယ်။

သံတောင်ပံလင်းယုန်ရဲ့ ချွန်ထက်နေတဲ့ခြေသည်းတွေက ယင်နီရဲ့ ဘေးနံပါးကို ပွင့်ထွက်သွားအောင် ဆုတ်ဖြဲပစ်လိုက်တယ်။ သွေးတွေက ရေပန်းအလား ပန်းထွက်သွားတယ်။ ယင်နီက ဝဇီရာအဆောင်ကို အသက်သွင်းပြီး ခုခံလိုက်လို့ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်မသွားပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး ခါးက အသားစိုင်ကြီးပါ ပြတ်ထွက်ပြီး ပါသွားတယ်။ မြေပြင်ပေါ် ပြန်ကျလာတဲ့ ယင်နီက ဝူစွေ့ကို မကျေမနပ်နဲ့ ကြည့်နေမိတယ်။ ဝူစွေ့က ကျောက်စိမ်းသလင်းမြက်တွေ ကိုင်ရင်း ကျေနပ်နေတယ်။

ယင်နီအနေနဲ့ ဒဏ်ရာပြင်းထန်လွန်းလို့ ကျောက်စိမ်းသလင်းမြက် လုယက်တဲ့ပွဲမှာ ဆက်မပါနိုင်တော့ဘူး။ ပြိုင်ဘက်အားလုံး ကျောက်စိမ်းသလင်းမြက်ဆီ ရောက်နေတာ အခွင့်ကောင်းယူပြီး ဝိညာဥ်ကင်းလှည့်သူနဲ့ ဆန့်ကျင်ဘက်အရပ်က တောအုပ်ထဲ ပြေးဝင် ခြေရာဖျောက်လိုက်တယ်။

ဝိညာဥ်ကင်းလှည့်သူကလည်း တစ္ဆေကို ဝိညာဥ်အလံထဲ ပြန်ထည့်သိမ်းပြီး တောအုပ်ထဲ ဝင်ပြေးခဲ့တယ်။ ကျောက်စိမ်းသလင်းမြက် လက်လွှတ်လိုက်ရပေမယ့် အသက်ဘေးက လွတ်မြောက်တာနဲ့တင် အတော်လေး ကျေနပ်နေပြီ။ ခူးပြီးတည်းက သေချာမသိမ်းဆည်းနိုင်ဘဲ ကိုင်တွယ်ခံနေရတဲ့ ကျောက်စိမ်းသလင်းမြက်က ညိုးနွမ်းစပြုပြီး ဝိညာဥ်စွမ်းအင်လည်း လျော့ပါးစပြုနေပြီ။ ဆက်တိုက်ခိုက်နေရင် ဘယ်သူပဲရရ ပေးဆပ်ရတာနဲ့ တန်မှာ မဟုတ်တော့ဘူး။ ဝိညာဥ်ကင်းလှည့်သူလည်း ပြေးနေရင်း နောက်ဘက်က အေးစက်စက် ဓားအော်ရာတစ်ခု ခံစားမိလိုက်လို့ အကာအကွယ်အဆောင် အသက်သွင်းဖို့ ပြင်လိုက်ချိန် ဓားတစ်လက်က ဦးခေါင်းနောက်က ဖောက်ဝင်လာတာ ခံစားလိုက်ရပြီး ရှေ့ကိုအရှိန်နဲ့ ပြိုလဲရင်း အသက်ထွက်သွားတယ်။

ဝိညာဥ်ကင်းလှည့်သူ သေဆုံးပြီး အသက်တစ်ရှိုက်စာကြာချိန်မှာ စုန့်ဝမ် ရောက်လာပြီး၊ ပစ္စည်းတွေ သိမ်းယူရင်း သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူလိုက်တယ်။ စုပ်ယူပြီးတာနဲ့ မီးတောက်အဆောင် သုံးပြီး ပြာချ အစဖျောက်လိုက်တယ်။ အားလုံး လက်စသတ်ပြီးတာနဲ့ လုံခြုံမယ့်နေရာဆီ ပြေးထွက်လာခဲ့တယ်။ ပြေးလွှားရင်း သိုလှောင်အိတ်ကို စစ်ကြည့်တော့ ကျောက်စိမ်းဗူးငယ်တစ်ခုထဲမှာ သစ်ကြားသီးအရွယ် ကောင်းကင်ဝိညာဥ်သစ်သီး ၃ လုံး တွေ့လိုက်ရလို့ စုန့်ဝမ် ဝမ်းသာသွားတယ်။ ဝိညာဥ်ကင်းလှည့်အဖွဲ့က မြန်နှုန်းအားပြုတဲ့ နက်နဲယင်စွမ်းအင်ဂိုဏ်းရဲ့ အထူးအဖွဲ့ပီပီ လျှို့ဝှက်နယ်မြေထဲမှာ ဝိညာဥ်ဆေးပင် စုဆောင်းရေးတာဝန် ယူထားပုံ ရတယ်။ အဓိကရည်မှန်းချက် ပြည့်မြောက်ပြီဆိုတော့ လုံခြုံရေးဦးစားပေး ပုန်းခိုလှုပ်ရှားရင်း အခွင့်သာမှ နောက်ထပ် အကျိုးအမြတ်အတွက် လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီအချိန်မှာ ပြန်ထွက်လို့ မဖြစ်သေးဘူး၊ စောစောပြန်ထွက်ရင် အကြီးအကဲတွေရှေ့မှာ ကြာကြာနေရမှာ အဆင်မပြေသလို၊ ကောင်းကင်ဝိညာဥ်သစ်သီးကို နှလုံးအိမ်ထဲ ကြာကြာထည့်သိမ်းဖို့ကလည်း မဖြစ်နိုင်ဘူး။ နောက်ဆုံးနေ့ထိ လျှို့ဝှက်နယ်မြေမှာပဲ သိုသိုသိပ်သိပ်နေမှ ဖြစ်မယ်။

စုန့်ဝမ် အဆင်ပြေနေချိန် ဝူစွေ့ကတော့ အသည်းအသန် ရုန်းကန်နေရပြီ။ ယင်နီကို ရိုက်ထုတ်ပြီး မြေပြင်ပေါ် ခြေချမိတာနဲ့ ကြေးနီဖုတ်ကောင် ရောက်လာပြီး လက်သည်းရှည်ကြီးတွေနဲ့ ကုတ်ဖဲ့တိုက်ခိုက်လာတယ်။ ကြေးနီဖုတ်ကောင်ဆီက ပြင်းထန်တဲ့ အလောင်းစွမ်းအင်က အဆိပ်သင့်မှာ စိုးရိမ်လို့ ဝူစွေ့လည်း လက်ချင်းယှဥ် တိုက်ခိုက်ဖို့ မစဥ်းစားဘူး၊ ခါးမှာ ချိတ်ထားတဲ့ အလောင်းရုပ်သေးအိတ်အသစ်ကို အသာပုတ်လိုက်တယ်။ ချက်ချင်းဆိုသလို အရပ် ၇ ပေမြင့်တဲ့ အလောင်းရုပ်သေး ထွက်ပေါ်လာပြီး ဝူစွေ့ရှေ့က ပိတ်ရပ်ရင်း ကြေးနီဖုတ်ကောင်ရဲ့ တိုက်ခိုက်ချက်ကို ချေဖျက်ကာကွယ်လိုက်တယ်။

ဝူစွေ့ရဲ့ အလောင်းရုပ်သေးက ချီစုစည်းခြင်း နဝမအဆင့်ပေမယ့် ခွန်အားက အခြေတည်အဆင့်မှာ ရှိနေတယ်။ အခြေတည်အဆင့် ကျင့်ကြံသူအလောင်းကနေ သန့်စင်စီရင်ထားတာဖြစ်လို့ လျှို့ဝှက်နယ်မြေထဲ သယ်ယူလို့ရအောင် အလောင်းစွမ်းအင်က ချီစုစည်းခြင်း နဝမအဆင့်မှာပဲ စီရင်ထားပေမယ့် ရုပ်ခန္ဓာက အခြေတည်အဆင့် ရှိနေတယ်။ အလောင်းရုပ်သေးရော၊ ကြေးနီဖုတ်ကောင်ပါ အခြေတည်တစ်ပိုင်းအဆင့်မှာ တူညီနေလို့ တိုက်ပွဲက ချိန်ခွင်လျှာ ညီမျှနေတယ်။

ကြေးနီဖုတ်ကောင်ရန်က လွတ်သွားပေမယ့် ဝူစွေ့အတွက် နားချိန် မရသေးဘူး။ သံတောင်ပံလင်းယုန်က နောက်ထပ်တစ်ကြိမ် ထိုးဆင်းတိုက်ခိုက်လာပြန်တယ်။ ဝူစွေ့လည်း တုံ့ဆိုင်းမနေဘဲ အနက်ရောင်သံကြိုးကို စက်ဝိုင်းပုံစံ ဝေ့ယမ်းရင်း ဒိုင်းသဏ္ဍာန် ဖြစ်သွားအောင် ဖန်တီးကာကွယ်လိုက်တယ်။

“ဒုန်း”

သံတောင်ပံလင်းယုန်လည်း ဝူစွေ့ရဲ့ သံကြိုးခံစစ်တံတိုင်းကို မဖောက်နိုင်လို့ နောက်ပြန်ဆုတ်လိုက်ရတယ်။ အဲဒီအချိန် ချိုးလီ ခုန်လွှားဝင်ရောက်လာပြီး သံတောင်ပံလင်းယုန်ကို လက်သီးနဲ့ ထိုးချလိုက်တယ်။ ဒီတစ်ခေါက် ချိုးလီရဲ့ လက်သီးချက်က သာမန် မဟုတ်ဘူး။ ခန္ဓာကိုယ်ထဲက သွေးစွမ်းအင် အရမ်းမြင့်တက်နေပြီး သူ့နောက်ကျောဘက်မှာ ပေ ၃၀ လောက် မြင့်မားတဲ့ ဝက်ဝံရုပ်သွင်တစ်ခု ထင်ဟပ်ပေါ်ထွက်နေတယ်။ ဒါက ကိုယ်ခန္ဓာကျင့်စဥ်တစ်ခုကို အဆင့်မြင့်မြင့် အောင်မြင်ပြီးမှ အသုံးပြုချိန် ပေါ်ထွက်လာတတ်တဲ့ ဓမ္မရုပ်သွင်အမျိုးအစား။ ချိုးလီခန္ဓာကိုယ်ကလည်း ကြွက်သားတွေ အဆမတန် ဖောင်းကြွလာပြီး ဝက်ဝံကြီးအသွင် ပေါက်နေပြီ။

သံတောင်ပံလင်းယုန်လည်း ရှောင်ချိန်မရတော့လို့ လက်သည်းနဲ့ ကုတ်ချရင်း ထိပ်တိုက်ရင်ဆိုင်လိုက်ရတယ်။

“ဖြောင်း”

ချိုးလီလက်သီးနဲ့ သံတောင်ပံလင်းယုန်လက်သည်း ထိပ်တိုက်တွေ့သွားတယ်။

ပြင်းထန်တဲ့ပေါက်ကွဲအားကြောင့် ချိုးလီ မြေပြင်ပေါ် အရှိန်နဲ့ ပြန်ကျပြီး ကျဆင်းတဲ့အရှိန်ကြောင့် ၆ ပေလောက် နက်တဲ့တွင်းကြီး ဖြစ်သွားတယ်။ ကိုယ်ခန္ဓာကျင့်ကြံသူပီပီ ဒဏ်ရာကြီးကြီးမားမား မရဘဲ တွင်းပေါ် ပြန်ခုန်တက်ပြီး မားမားမတ်မတ် ရပ်လိုက်တယ်။ ဒါပေမယ့် လက်ချောင်းတချို့ ကျိုးကြေပြီး သွေးတွေ ရွဲနေပြီ။

သံတောင်ပံလင်းယန်လည်း မသက်သာဘူး၊ ခပ်ဝေးဝေးထိ လေထဲ နောက်ပြန်လွင့်ထွက်သွားပြီး လက်သည်းအစုံလည်း နာကျင်လွန်းလို့ တဆက်ဆက် တုန်ခါနေတယ်။ နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ရဲသေးဘဲ အမြင့်မှာ ပြန်ဝဲရင်း အလစ်ချောင်းနေတယ်။

ချိုးလီက ဝူစွေ့ဆီ လျှောက်လာပြီး လက်ဖြန့်လိုက်တယ်။

“ငါ့ကို ကျောက်စိမ်းသလင်းမြက်တစ်ခု ပေး”

ချိုးလီက သဘောတူထားတဲ့အတိုင်း အကျိုးအမြတ် ခွဲဝေဖို့ ခပ်တင်းတင်းပဲ ပြောလာတယ်။

ဝူစွေ့ အခက်တွေ့သွားတယ်။

“ဂိုဏ်းတူအစ်မချိုး .. အခု ငါတို့တွေ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ။ ရန်သူတွေ အရင်ရှင်းပြီးမှ အကျိုးအမြတ် ခွဲဝေသင့်တယ် မဟုတ်လား”

“ခုနက မင်း ယင်နီကို တိုက်ခိုက်တာ ငါမမြင်ဘူး ထင်နေလား။ ငါက သူ့လို ရင်ဘတ်ပဲရှိပြီး ဦးနှောက်မဲ့တဲ့မိန်းမ မဟုတ်ဘူး။ ငါ့ကို ပေးစရာရှိတာ အခုပေး၊ ငါက သံတောင်ပံလင်းယုန်ကို ထိန်းထားမယ်။ မင်းက ကြေးနီဖုတ်ကောင်ကို ကိုင်တွယ်လိုက်။ မပေးရင်တော့ .. “

ပြောပြောဆိုဆို ချိုးလီခန္ဓာကိုယ်က ကြွက်သားတွေ ဖောင်းကြွလာပြီး နောက်ကျောဘက်မှာလည်း ဝက်ဝံရုပ်သဏ္ဍာန် ပြန်ပေါ်လာတယ်။

ဝူစွေ့ သက်ပြင်းချလိုက်မိတယ်။ သူ့အနေနဲ့ ရွေးချယ်စရာ မရှိတော့ဘူး။ သံတောင်ပံလင်းယန်နဲ့ ကြေးနီဖုတ်ကောင်ကို ရန်စထားမိပါတယ်ဆိုမှ ချိုးလီနဲ့ပါ ရန်ငြိုးဖွဲ့မိရင် သေဖို့ပဲ ရှိတော့တယ်။

“ကောင်းပြီ .. ငါပေးမယ်”

ဝူစွေ့ သိုလှောင်အိတ်ထဲက ကျောက်စိမ်းသလင်းမြက်ကို ထုတ်ယူလိုက်ချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြက်သေသေသွားတယ်။ ကျောက်စိမ်းရောင်တောက်ပနေတဲ့ ကျောက်စိမ်းသလင်းမြက်က အခု အနက်ရောင်အမျှင်တန်းတွေ ဖုံးလွှမ်းစပြုနေပြီ။ အပင်ရဲ့ ဝိညာဥ်စွမ်းအင်က ကုန်သလောက် ရှိနေပြီး ယင်စွမ်းအင်က ဖုံးလွှမ်းနေပြီ။ ဆေးဖက်ဝင်ဂုဏ်သတ္တိ လုံးဝ မရှိတော့ဘူး။ နောက်တစ်ပင်ကို ထုတ်ကြည့်တော့လည်း အတူတူပဲ။ ဝိညာဥ်ကင်းလှည့်သူက လှမ်းပစ်မပေးခင် ယင်စွမ်းအင် ထိုးသွင်းခဲ့တာပဲ။ ရပြီးတည်းက တောက်လျှောက် တိုက်ခိုက်နေရလို့ သေချာမစစ်ဆေးနိုင်ခင် ယင်စွမ်းအင်က လွှမ်းမိုးပြီး အပင်ကို ဖျက်ဆီးသွားတာ။

“ဝိညာဥ်ကင်းလှည့်သူ .. ခွေးမသား၊ ငါမင်းကို အရေဆုတ်မယ်”

ဝူစွေ့လည်း ပျက်စီးနေတဲ့ ကျောက်စိမ်းသလင်းမြက်ကို လွှင့်ပစ်ရင်း ဒေါသတကြီး ကြုံးဝါးလိုက်တယ်။

ချိုးလီလည်း ဖြစ်ပျက်သမျှကို မြင်နေရတော့ ခေါင်းခါယမ်းရင်း စိတ်ပျက်လက်ပျက် ထွက်သွားတယ်။ ဒါပေမယ့် ချိုးလီ ထွက်သွားတာကို အထိနာလို့ မကျေမချမ်းဖြစ်နေတဲ့ သံတောင်ပံလင်းယုန်က အလွတ်မပေးဘူး။ နောက်တစ်ကြိမ် ထိုးဆင်းတိုက်ခိုက်လာပြန်တယ်။ ဒီတစ်ခါတော့ ဓားသွားလို ချွန်ထက်နေတဲ့နှုတ်သီးနဲ့ ချိုးလီခေါင်းတည့်တည့်ကို ဦးတည်ပြီး အသေအကြေ တိုက်ခိုက်တာ။

ချိုးလီကလည်း အကောင်းပကတိကျန်တဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အသင့်စောင့်နေတယ်၊ သွေးကြောတွေ ပေါက်ထွက်မတတ် ဖောင်းကြွနေပြီး၊ သူ့နောက်က ဝက်ဝံရုပ်သဏ္ဍာန်လည်း ပိုခိုင်မာလာပြီး အသင့်ဖြစ်နေပြီ။ သံတောင်ပံလင်းယုန် နီးကပ်လာတာနဲ့ အားကုန်ထုတ်ပြီး ထိုးချလိုက်ပါတော့တယ်။

“ဝုန်း”

လက်သီးနဲ့ လင်းယုန်နှုတ်သီး ထိတွေ့တာနဲ့ ကျယ်လောင်တဲ့အသံ ထွက်ပေါ်ပြီး၊ ပြင်းထန်တဲ့လေထုပေါက်ကွဲမှုကြီး ဖြစ်သွားတယ်။ ပတ်လည် ပေ ၃၀ အချင်းရှိ အဝန်းအဝိုင်းထဲ ရှိရှိသမျှအရာတိုင်း ဖုန်မှုန့်ဖြစ်သွားတယ်။

သံတောင်ပံလင်းယုန်လည်း ခေါင်းပါကွဲပြီး လေထဲ လွင့်ပျံတက်သွားတယ်၊ ဒီတစ်ချီတော့ ရစ်သီရစ်သီတောင် မလုပ်ရဲတော့ဘူး။ မြင့်နိုင်သမျှ မြင့်မြင့်ပျံတက်ပြီး ထွက်ပြေးတာ အရိပ်အယောင်တောင် မမြင်ရတော့ဘူး။

ချိုးလီလည်း မစားသာဘူး၊ ပေ ၃၀ အကွာလောက် လွင့်စင်ပြီးမှ ဟန်ချက်ထိန်းလိုက်နိုင်တယ်။ သူ့ကိုယ်ပေါ်မှာ အဝတ်ရယ်လို့ တစ်စတောင် မကျန်တော့ဘူး၊ ဒါပေမယ့် တစ်ကိုယ်လုံး ဝက်ဝံအမွှေးလို အမွှေးတွေ ပေါက်ပြီး လုံလုံခြုံခြုံ ရှိနေသေးတယ်။ အကောင်းပကတိ ကျန်သေးတဲ့ ဘယ်လက်ကတော့ ကျိုးကြေပြီး တွဲလောင်းကျနေပြီ။ နဂိုဒဏ်ရာရထားတဲ့ ညာလက်ထက်တောင် အခြေအနေ ဆိုးသွားတယ်။ တိုက်ပွဲနေရာနား တဖြည်းဖြည်းနဲ့ တခြားသူတွေ ရောက်လာနေပြီး လုံခြုံမှု မရှိတာကြောင့် သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး ထွက်ပြေးသွားခဲ့တယ်။

ဝူစွေ့တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် ရောက်လာသူတွေ အနားမကပ်ရဲသေးဘူး။ အကြိတ်အနယ် တိုက်ခိုက်နေတဲ့ အလောင်းရုပ်သေးနဲ့ ကြေးနီဖုတ်ကောင်ကြောင့် အဝေးကနေပဲ ရပ်ကြည့်နေကြတယ်။ ကျင့်ကြံမှု မြင့်မားတဲ့ ကျင့်ကြံသူတွေက ကျောက်စိမ်းသလင်းမြက်တွေ ပျက်စီးနေတာကို အဝေးကနေ မြင်နိုင်လို့ ရှောင်ထွက်သွားကြတယ်။

ကြေးနီဖုတ်ကောင်နဲ့ အလောင်းရုပ်သေးက ဥာဏ်ရည်မရှိတဲ့ အလောင်းကောင်က ဖြစ်တည်သူတွေပီပီ ရက်ရက်စက်စက် တိုက်ခိုက်ရင်း စုတ်ပြတ်နေကြပြီ။ အလောင်းရုပ်သေးက ပြုပြင်စီရင်ထားတဲ့အရာ ဖြစ်လို့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ကြေးနီဖုတ်ကောင်ကို ရေရှည်မယှဥ်နိုင်ဘဲ အရေးနိမ့်လာတယ်။ အလောင်းရုပ်သေး ရင်ဘတ်က ပွင့်ထွက်စပြုပြီး ညိုညစ်ညစ်အရည်တွေ စီးကျလာနေတယ်။

ဝူစွေ့က လှေပျံကို ထုတ်ယူခုန်တက်ပြီး အလောင်းရုပ်သေးကို ပြန်သိမ်းယူလိုက်တယ်။ အခြေတည်တစ်ပိုင်းအဆင့် အလောင်းရုပ်သေးက လွယ်လွယ်နဲ့ ဆုံးရှုံးခံလို့ မဖြစ်နိုင်အောင် တန်ဖိုးကြီးတယ်လေ။

ကြေးနီဖုတ်ကောင်လည်း တိုက်ခိုက်နေရင်း ဗြုန်းစားကြီး ရန်သူထွက်ပြေးသွားလို့ ပိုရန်လိုလာပြီး ပျံသန်းစပြုနေတဲ့လှေပျံဆီ ခုန်ဝင်လာတယ်။ ဝူစွေ့လည်း လှေပျံက အရှိန်ရစဖြစ်လို့ မလွတ်နိုင်တာကြောင့် အနက်ရောင်သံကြိုးနဲ့ ထိုးစိုက်ခုခံခဲ့တယ်။ ကြေးနီဖုတ်ကောင်က သူ့ရင်ဘတ်ဆီ ဝင်လာတဲ့ သံကြိုးကို လက်နှစ်ဖက်နဲ့ အားကုန်သုံးပြီး ညှပ်ရိုက်ချလိုက်တယ်။

“ဂျိမ်း”

ပြင်းထန်တဲ့ပေါက်ကွဲသံနဲ့အတူ အနက်ရောင်သံကြိုး ကွဲအက်သွားပြီး တန်ပြန်အားကြောင့် ဝူစွေ့လည်း သွေးအန်ရင်း လှေပျံပေါ်က ပြုတ်ကျလုမတတ် ဖြစ်သွားတယ်။ ဒါပေမယ့် လှေပျံနံရံကို အားတင်းဆုပ်ကိုင်ရင်း ထိန်းလိုက်နိုင်တယ်။

ကြေးနီဖုတ်ကောင်လည်း အရှိန်ကုန်ပြီး မြေပြင်ပေါ် ပြန်ကျသွားတယ်။ နောက်တစ်ကြိမ် ခုန်ပျံတိုက်ခိုက်ဖို့ အားယူချိန် လှေပျံပေါ်က ကျောက်စိမ်းသလင်းမြက်နှစ်ပင် ကျဆင်းလာပြီး သူ့နောက်ဖက် ပေ ၅၀၀ အကွာဆီ လွင့်မျောသွားတာ မြင်လိုက်လို့ တိုက်ခိုက်ဖို့ ဆက်မလုပ်တော့ဘဲ အပြေးလိုက်ဖမ်းပါတော့တယ်။ ကျောက်စိမ်းသလင်းမြက်တွေ ဖမ်းမိတော့မှ ပုပ်သိုးပျက်စီးနေတာ သိသွားတယ်။ လှေပျံကို လှမ်းကြည့်တော့ မှုန်ပျပျလေးပဲ မြင်ရတော့တယ်။ ကြေးနီဖုတ်ကောင်လည်း ဒေါသတကြီး အော်ဟစ်ရင်း တွေ့မြင်သမျှ အကုန်ဖျက်ဆီးပါတော့တယ်။

စောင့်ကြည့်နေတဲ့ ကျင့်ကြံသူတွေလည်း ပွဲပြီးပြီဆိုတော့ အလျှိုအလျှို ပျောက်ကွယ်သွားကြတယ်။

..............

All Chapters