ရန်စဟူသမျှ မချန်ရ
Vol. 8 Ch. 91
ချိုးလီကတော့ ထွက်ပြေးနေဆဲပဲ။ ညာလက်က ထိခိုက်ထားသလို ဘယ်လက်က သွင်သွင်ကျိုးသွားလို့ သူ့လို ကိုယ်ခန္ဓာကျင့်ကြံသူ တိုက်ခိုက်ရေးသမားအတွက် အကျိုးသက်ရောက်မှု ကြီးမားတယ်။ အသက်လုတိုက်ပွဲ တိုက်ခိုက်လို့ မဖြစ်တော့ဘူး၊ လုံခြုံတဲ့နေရာမှာ ဒဏ်ရာသက်သာအောင် အရင်ကုရမယ်၊ ပြီးရင် အခြေအနေ ကြည့်ပြီး ပြန်ထွက်သင့်ရင် ထွက်ရတော့မယ်။ အခု အရေးအကြီးဆုံးက ဘယ်လက်ကို သက်သာအောင် ကုဖို့ပဲ၊ မဟုတ်ရင် ဒဏ်ရာအရှိန်ကြောင့် မသန်မစွမ်း ဖြစ်သွားနိုင်တယ်။
ပြေးလွှားနေရင်း သူ့နောက်ဖက်ကနေ အေးစက်စက်အော်ရာ ထုတ်လွှတ်နေတဲ့အရာတစ်ခု ဦးခေါင်းဆီ တိုးဝင်လာတာ ခံစားမိတယ်။ ဒီအချိန်မှာ အခွင့်အရေးယူ တိုက်ခိုက်မယ့်သူတွေ ပေါ်လာနိုင်တာ ကြိုတွက်ထားတဲ့ ချိုးလီက ကျင့်စဥ်အသက်သွင်းပြီး နောက်ပြန်လှည့်ရင်း သုံးလို့ရနေသေးတဲ့ ညာလက်သီးနဲ့ ထိုးချလိုက်တယ်။
“စွပ်”
အဆင့်မြင့်ဝိညာ်လက်နက်ဖြစ်တဲ့ အေးခဲလဓားက ဒဏ်ရာရနေတဲ့ ချိုးလီရဲ့ တိုက်ခိုက်ချက်ကို ထိုးဖောက်ဝင်ပြီး လက်သီးဆုပ်ထဲထိ စိုက်ဝင်သွားတယ်။ ချိုးလီရဲ့ ညာလက်က အသားတွေ ကြေမွပြီး သွေးတွေပါ ပန်းထွက်ကုန်လို့ တံတောင်ဆစ်အောက်ပိုင်းမှာ အရိုးဖြူဖြူပဲ ကျန်ရစ်ခဲ့တယ်။ အေးခဲလဓားက ချက်ချင်းပဲ စိုက်ဝင်ရာက ပြန်ထွက်ပြီး ခပ်လှမ်းလှမ်းက သစ်ပင်အုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားတယ်။
ချိုးလီလည်း အရမ်းကို အထိနာသွားလို့ ဒေါသထွက်လာတယ်။
“ဘယ်သူလဲ .. သွေးကြောင်ပြီး ပုန်းမနေနဲ့။ သတ္တိရှိရှိ လာတိုက်စမ်း”
စုန့်ဝမ်လည်း အေးခဲလဓားကို လှည့်ပတ်ကစားရင်း သစ်ပင်အုပ်ထဲက ထွက်လာခဲ့တယ်။
“ဂိုဏ်းတူအစ်မချိုးကို ကြည့်ရတာ အတော်အခြေအနေ ဆိုးနေပုံပဲ”
စုန့်ဝမ်ကို မြင်လိုက်ရတော့ ချိုးလီ ထိတ်လန့်အံသြသွားတယ်။
“ကျိယင် .. မင်းကိုး။ မင်းက ချီစုစည်းခြင်း နဝမအဆင့် ရောက်နေပြီပဲ။ မင်းဒီလောက် ဖုန်းကွယ်ထားနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး။ မင်းနဲ့ငါက ရန်ငြိုးမှ မရှိတာ၊ အခုဖြစ်ခဲ့တာ မေ့ပစ်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားရအောင်”
စုန့်ဝမ် သက်ပြင်းချရင်း ခေါင်းခါပြတယ်။
“မဖြစ်နိုင်တော့ဘူး။ မင်းက ငါ့လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ အသတ်ရှင်ခွင့် မပေးနိုင်တော့ဘူး။ နှုတ်ဆက်ပါတယ် အစ်မချိုး”
စကားဆုံးတာနဲ့ စုန့်ဝမ်က ချိုးလီရင်ဝကို ဦးတည်ပြီး အေးခဲလဓားနဲ့ ပစ်ပေါက်လိုက်တယ်။
“ကျိယင် .. မင်းငါကို အတင်းအကျပ် ဖိအားပေးတာပဲ”
ချိုးလီရဲ့ ဒေါသတကြီးအော်သံနဲ့အတူ သွေးနီရောင်ဝက်ဝံပုံရိပ်ကြီး ထွက်ပေါ်လာတယ်။ ချိုးလီက သွေးစတေးနည်းစနစ် အသက်သွင်းရင်း ချီစွမ်းအင်အကုန်စုပြီး အရိုးစုပဲကျန်တော့တဲ့ ညာလက်သီးနဲ့ အေးခဲလဓား ထိုးချလိုက်တယ်။
လက်သီးထိုးထုတ်လိုက်ချိန် သူ့ခေါင်းတည့်တည့်ဆီ ဘယ်ညာညှပ်ပြီး ဦးတည်လာတဲ့ မဟူရာကူနှစ်ကောင်ကို ချိုးလီ အာရုံခံမိပြီး တုန်လှုပ်သွားတယ်။ ဘယ်လက်က ပျက်စီးနေပြီး၊ ညာလက်က တိုက်ခိုက်နေချိန်ဆိုတော့ ကာကွဟ်ဖို့ရော၊ အလောင်းရုပ်သေး ထုတ်ယူဖို့ပါ မဖြစ်နိုင်တော့ဘူး။ ကြံရာမရတဲ့အဆုံး လက်ကျန်ဝိညာဥ်အင်အား သုံးပြီး ပတ်လည်မှာ ဝိညာဥ်စွမ်းအင်ဒိုင်းတစ်ခု ဖန်တီးလိုက်ရတယ်။
အဲဒီအချိန် လက်သီးနဲ့ ထိုးမိခါနီးအချိန်မှ တည့်တည့်လာနေတဲ့ အေးခဲလဓားက လမ်းကြောင်းပြောင်းပြီး သူ့ဘယ်ဘက်ခြမ်းဆီ ကွေ့ဝိုက်ပျံသန်းသွားတာ မြင်လိုက်ရလို့ ချိုးလီ ထိတ်လန့်တုန်လှုပ်သွားတယ်။ သူလည်း ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူဆိုတော့ ချီစုစည်းခြင်းအဆင့်တစ်ယောက်ရဲ့ ဝိညာဥ်စွမ်းအင်က အဆင့်မြင့်ဝိညာဥ်လက်နက်ကို ဒီလောက်ထိ မထိန်းချုပ်နိုင်မှန်း ကောင်းကောင်းသိတယ်လေ။ ဒါက အခြေတည်အဆင့် ကျင့်ကြံသူတွေသာ တတ်စွမ်းနိုင်တဲ့အရာ။
ချိုးလီ အကြောက်လွန်ပြီး လက်သီးကို ပြန်ရုပ်လိုက်ချိန် ချီစွမ်းအင် ထိန်းချုပ်မရတော့ဘဲ ဗြောင်းဆန်သွားရာက အတွင်းဒဏ်ရာ ရပြီး သွေးအန်သွားတယ်။ ချက်ချင်းဆိုသလို ဝိညာဥ်စွမ်းအင်ဒိုင်းပါ ပျက်ပြယ်သွားတယ်။ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ မဟူရာကူတွေက အခွင့်အရေး ရတာနဲ့ နားထင်ကနေ ဖောက်ပြီး ခေါင်းထဲဝင်ရင်း ကိုက်ဖြတ်စားသောက်ကြပါတော့တယ်။
“အား ..”
“စွပ်”
ချိုးလီ နာနာကျင်ကျင် အော်လို့မှ မဆုံးသေးဘူး ကွေ့ပတ်သွားတဲ့ အေးခဲလဓားက နောက်စေ့တည့်တည့် စိုက်ဝင်သွားလို့ ချက်ချင်း အသက်ထွက်သွားတယ်။ စုန့်ဝမ်က လူသတ်ချင်ပေမယ့် သတ်ခံရမယ့်သူ အကြာကြီး နာကျင်ခံစားနေတာမျိုး မမြင်ချင်ဘူး၊ မြန်နိုင်သမျှ မြန်မြန်ပြီးသွားစေချင်တယ်။ နောက်ပြီး ကူတွေကို ခန္ဓာကိုယ်ထဲ ထည့်မွေးထားရလို့ ဒီကောင်တွေ လူခန္ဓာကိုယ်ကို ကိုက်ဖြတ်လို့ သေတာမျိုး သိပ်မမြင်ချင်ဘူး၊ အသည်းယားတယ်။ ဒါပေမယ့် မွေးမိတော့လည်း ကျွေးရတာပါပဲ။
မဟူရာကူနှစ်ကောင် ချိုးလီဦးနှောက်ကို စားပြီးတာနဲ့ ပြန်ခေါ်ပြီး ချိုးလီရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူလိုက်တယ်။ ဟိုနှစ်ကောင်ကလည်း သွေးအနှစ်ဆို တအားစားချင်တော့ လွှတ်ထားရင် လုနေရမှာလေ။ သွေးနဲ့ ဝိညာဥ်စုပ်ယူတာ ပြီးတော့မှ မဟူရာကူတွေကို ကိုယ်တွင်းအဂ်ါတွေ စားခိုင်းပြီး ကျန်ရှိတဲ့ အလောင်းကို မီးတောက်အဆောင် သုံးပြီး လက်စဖျောက်ခဲ့တယ်။ ချိုးလီရဲ့ သိုလှောင်အိတ်ကို စစ်တော့ ကောင်းကင်ဝိညာဥ်သစ်သီး ၂ လုံး တွေ့လိုက်လို့ စုန့်ဝမ် ဝမ်းသာသွားတယ်။ လျှို့ဝှက်နယ်မြေမှာ တစ်ခုခု လိုချင်ရင် ကိုယ်တိုင်ကြိုးစားရှာတာထက် လုယက်တာက ပိုအဆင်ပြေတဲ့ပုံပဲ။
ခုချိန်မှာ စုန့်ဝမ်အတွက် လိုချင်တာ ရပြီးဖြစ်သလို၊ ရန်စလည်း ရှင်းလင်းပြီးသလောက် ဖြစ်သွားလို့ လုပ်စရာ သိပ်မကျန်တော့ဘူး။ ကြံဖန်တွေးရင် .. ဝူစွေ့ပဲ ကျန်တော့တယ်၊ ဝူစွေ့က ကြေးနီဖုတ်ကောင်ဆီ တွန်းပို့ခဲ့တာကို မကျေနပ်သလို၊ ဂိုဏ်းပြန်ရောက်ရင် ဝူစွေ့စိတ်ထဲ ဘယ်လိုရှိမယ်ဆိုတာ မသိနိုင်ဘူး။ အန္တရာယ် ရှိလာနိုင်သလို၊ ဝူစွေ့ကိုယ်တိုင်က ဆူဖြိုးတဲ့သိုးကြီး ဖြစ်နေလို့ စောင့်ကြည့်ပြီး အခွင့်သာရင် လုပ်ကြံဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ ဝူစွေ့ ထွက်ပြေးသွားရာဆီ ခြေရာခံလိုက်ဖို့ ဆုံးဖြတ်ပြီး အပြေးလိုက်သွားတယ်။
ဝူစွေ့က ကြေးနီအလောင်းကောင် မျက်ခြေပြတ်သွားတာ သေချာတော့မှ လှေပျံကို အရှိန်နှုန်း လျှော့ချလိုက်တယ်။ အားကိုးရတဲ့ အနက်ရောင်သံကြိုးလည်း အတော်လေး ပျက်စီးသွားလို့ စိတ်မသက်မသာ ဖြစ်နေတယ်။
အတန်ကြာ ပျံသန်းနေပြီးမှ နောက်ဘက် မိုင်အတော်ဝေးဝေးမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတစ်ခုကို အာရုံခံမိလို့ မျက်မှောင်ကြုတ်လိုက်မိတယ်။ တစ်ယောက်ယောက် နောက်က နောက်ယောင်ခံလိုက်နေသလိုလည်း ခံစားမိနေတယ်။ သူလည်း ဒဏ်ရာရနေတယ် ဆိုပေမယ့် ဒီလောက် လွယ်လွယ်ကူကူ အမဲလိုက်ခံရမယ့် သားကောင်တော့ မဟုတ်ဘူးလေ။
ဝူစွေ့ မဲ့ပြုံးပြုံးရင်း တောက်ပနေတဲ့အဆောင်တစ်ခု ထုတ်လိုက်တယ်။ ဒါက ပထမအဆင့် အဆင့်မြင့်မှော်အဆောင်ထဲ အမြင့်ဆုံးဖြစ်တဲ့ ဝိညာဥ်ဓားမှော်အဆောင်။ လျှို့ဝှက်နယ်မြေက ချီစုစည်းခြင်းအဆင့်ပဲ ဝင်ထွက်လို့ရတာဆိုတော့ ဒီအဆောင်ကို ခုခံနိုင်သူ မရှိတာ သေချာတယ်။ မှော်အဆောင်က အကွာအဝေး ကန့်သတ်ချက်ရှိလို့ ဝူစွေ့က လှေပျံကို ပုံမှန်အရှိန်နှုန်းထိ လျှော့ချခဲ့တယ်။ သိပ်မကြာခင် လိုက်လာသူက ပေ ၃၀၀၀ အကွာထိ ချဥ်းကပ်လာတယ်။
တိုက်ခိုက်နိုင်တဲ့ အကွာအဝေးထဲ ရောက်တာနဲ့ ဝူစွေ့ ချက်ချင်း လှုပ်ရှားလိုက်တယ်။ မှောင်အဆောင်ကို အသက်သွင်းလိုက်တာနဲ့ သုံးပေအရှည်ရှိတဲ့ ဝိညာဥ်စွမ်းအင်ဓားတစ်လက် လေထဲမှာ ပေါ်လာတယ်။
“သွားစမ်း”
ဝူစွေ့က လိုက်လာသူဆီ ဝိညာဥ်စွမ်းအင်ဓားကို ပစ်လွှတ်လိုက်တယ်။
နောက်ယောင်ခံလိုက်နေတဲ့ စုန့်ဝမ် သူ့ဆီ လွင့်ပျံလာတဲ့ ဓားအလင်းတန်းကို မြင်လိုက်တော့ အံအားသင့်သွားတယ်။ ဝူစွေ့ ဘယ်လို ထောက်လှမ်းမိသွားလဲဆိုတာ စဥ်းစားရ ခက်သွားတယ်။ တကယ်တော့ ဝူစွေ့က စုန့်ဝမ်ရဲ့ အော်ရာနဲ့ ချီအတက်အကျကို အာရုံခံမိတာ မဟုတ်ဘူး။ လူတစ်ယောက် ရွေ့လျားလာတဲ့ လမ်းတလျှောက် အပင်တွေ၊ ခြုံနွယ်တွေကို တိုးတိုက်မိပြီး ပတ်ဝန်းကျင်အနေအထား ပုံပျက်တာကနေတဆင့် ရိပ်မိခဲ့တာ။ ဒါက လှေပျံနဲ့ ကောင်းကင်အမြင့်မှာ ပျံသန်းနေရင်း သာမန်မျက်စိနဲ့တောင် မြင်နိုင်တယ်လေ။
ဝူစွေ့ ဘယ်လိုရိပ်မိသွားလဲဆိုတာ စုန့်ဝမ် ဆက်မစဥ်းစားတော့ဘူး၊ တိုးဝင်လာတဲ့ ဝိညာဥ်စွမ်းအင်ဓားက အဆင့်မြင့်အဆောင်ဆိုတာ ရိပ်စားမိလို့ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် အသက်သွင်းပြီး အမြင့်ဆုံး အနေအထားနဲ့ ခုခံလိုက်တယ်။ ချက်ချင်းဆိုသလို ကြေးနီရောင်ခေါင်းလောင်းသဏ္ဍာန် စွမ်းအင်ကွန်ခြာ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်။
“ဂျိမ်း”
ဝိညာဥ်ဓားစွမ်းအင်နဲ့ ကြေးနီခေါင်းလောင်းစွမ်းအင် တိုးတိုက်ရာက ပြင်းထန်တဲ့အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ပေတစ်ရာအတွင်းရှိ သစ်ပင်အားလုံး ပြိုလဲကျသွားတယ်။
တစ်ခါသုံးမှော်အဆောင်ဖြစ်တဲ့ ဝိညာဥ်စွမ်းအင်ဓား ပျက်ပြယ်သွားတယ်။ ကြေးနီခေါင်းလောင်းက မှိန်ဖျော့သွားပေမယ့် မပျက်ပြယ်ခဲ့ဘူး။
စုန့်ဝမ် ကျေနပ်သွားတယ်။ ပထမအဆင့် အဆင့်မြင့်အဆောင်က အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျွမ်းကျင်အဆင့်နဲ့ ဖန်တီးထားတဲ့ ကြေးနီခေါင်းလောင်း အကာအကွယ်ကို မချိုးဖျက်နိုင်ဘူးလေ။ နှစ်နှစ်လောက် အဆိပ်မျိုးစုံဒဏ် ခံစားပြီး ကျင့်ကြံထားရတဲ့ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်က တကယ် အားကိုးရတာပဲ။
နတ်ဆိုးလမ်းစဥ် နည်းစနစ်တွေ သဘာဝက နယ်ပယ်တိုင်းရဲ့ အစပိုင်းအဆင့်တွေမှာ တိုးတက်မှု အရမ်းမြန်တယ်။ ဒါပေမယ့် အခြေခိုင်မှု အားနည်းလို့ နှောင်းပိုင်းအဆင့်ရောက်ရင် အရှိန်ကျပြီး အဆင့်ချိုးဖျက်ဖို့ ခက်ခဲတတ်တဲ့သဘာဝ ရှိတယ်။ စုန့်ဝမ်ကတော့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကြောင့် ဒီအဖြစ်က လွတ်ကင်းပြီး အမြန်နှုန်းကို ထိန်းထားနိုင်ခဲ့တယ်။ ဒါကြောင့် ၃ နှစ်အတွင်း ချီစုစည်းခြင်း နဝမအဆင့် ရောက်ခဲ့သလို၊ ၂ နှစ်အတွင်း အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျွမ်းကျင်အဆင့်ထိ ရောက်ခဲ့တာ။
ဝူစွေ့လည်း တစ်ဖက်လူက မှော်အဆောင်တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့တာကြောင့် အားကောင်းတဲ့ရန်သူနဲ့ ရင်ဆိုင်နေရပြီဆိုတာ နားလည်သွားတယ်။ ရန်သူက ဘယ်သူဆိုတာ သိမသွားဘူး၊ အကွာအဝေး မျက်နှာကို သဲသဲကွဲကွဲ မြင်နိုင်ဖို့ ဝေးသေးတဲ့အပြင်၊ စုန့်ဝမ်အော်ရာကလည်း အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်ကြောင့် အပြောင်းအလဲ ရှိခဲ့တယ်လေ။ ဝူစွေ့က ဒဏ်ရာမသက်သာသေးလို့ တိုက်ခိုက်မှု မလုပ်ချင်တာနဲ့ လှေပျံကို အမြန်ဆုံးနှုန်းနဲ့ ပျံသန်းထွက်ခွာသွားတယ်။
“လွတ်မယ် ထင်နေတာလား”
စုန့်ဝမ်က အတင်းလိုက်ပြီး တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘူး။ ဝူစွေ့မှာ အခြေတည်တစ်ပိုင်းအဆင့် အလောင်းရုပ်သေး ရှိနေတယ်။ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူဖြစ်တဲ့ သူ့အဘိုး သက်ကယ်ရတနာ တစ်ခုမက ပေးထားမှာ သေချာတယ်။ ဇွတ်အတင်း တိုက်ခိုက်ရင် အနိုင်ရမယ်လို့ သူ့ကိုယ်သူ မယုံသေးဘူး။ ဒါကြောင့် နောက်ယောင်ခံ ဖိအားပေးရင်း အခွင့်သာမှ လှုပ်ရှားဖို့ ဆုံးဖြတ်ထားတယ်။
ဝူစွေ့ ဘယ်လောက်ပြေးပြေး လှေပျံကို မစွန့်လွှတ်သရွေ့ ရှာမတွေ့စရာအကြောင်း မရှိဘူး။ လှေပျံစီးခွင့်ရတည်းက ဝိညာဥ်အမှတ်အသားတစ်ခု လျှို့ဝှက်ထားရှိခဲ့ပြီးပြီ။ ဘယ်လောက်ဝေးဝေး လျှို့ဝှက်နယ်မြေထဲ ရှိနေသရွေ့ အာရုံခံ ရှာဖွေလို့ ရတယ်။ ဝူစွေ့က ချီစုစည်းခြင်း နဝမအဆင့်ပဲ ရှိသေးလို့ ဝိညာဥ်စွမ်းအင်ကို ဝိညာဥ်အသိအာရုံအဖြစ် မပြောင်းနိုင်ဘူး၊ ဒါကြောင့် လှေပျံပေါ်က ဝိညာဥ်အမှတ်အသားကို ရှာတွေ့ဖို့ အကြောင်းမရှိဘူး။
........
ညရောက်တော့ မိုင် ၅၀ ကွာဝေးတဲ့နေရာမှာ ဝူစွေ့ရဲ့လှေပျံ ရပ်ပြီး ပျောက်ကွယ်သွားတာ အာရုံခံမိလို့ စုန့်ဝမ် တွေးရခက်သွားတယ်။ ဘာအကြောင်းနဲ့ပဲ ရပ်နားပါစေ ပြန်ပေါ်အောင် စောင့်နေလို့ မဖြစ်တာကြောင့် အမြန်ဆုံးနှုန်းနဲ့ အပြေးလာခဲ့တယ်။
လှေပျံ နောက်ဆုံးရပ်တဲ့နေရာနား ရောက်တော့ ဂူတစ်ခု တွေ့ပြီး ဂူထဲကနေ ဝူစွေ့အပြင် ယင်နီရဲ့အော်ရာပါ အာရုံခံမိလို့ စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒီနှစ်ယောက်က မကြာခင်ကတင် ကျောက်စိမ်းသလင်းမြက် အပြိုင်လုရင်း တိုက်ခိုက်ခဲ့သေးတယ်။ ဘယ်လိုဖြစ်ပြီး အတူရှိနေရတာလဲ။ ချီစွမ်းအင်အတက်အကျ မရှိတော့ တိုက်ခိုက်နေတာလဲ မဟုတ်ပြန်ဘူး။ စုန့်ဝမ်လည်း ချီစုစည်းခြင်း ပဥ္စမအဆင့်ထိ ဖိနှိပ်ပြီးမှ ဂူထဲ ဝင်လာခဲ့တယ်။
ဂူထဲမှာ ဝူစွေ့နဲ့ ယင်နီတို့ အဝတ်ဗလာနဲ့ အတူရှိနေကြတယ်။ ယင်နီက ဝူစွေ့ပေါင်ပေါ် ထိုင်ပြီး လည်ပင်းကို သိုင်းဖက်ရင်း ကလူကျီစယ်နေကြတယ်။ စုန့်ဝမ် ဝင်လာတာ သိပေမယ့် အော်ရာကြောင့် ဘယ်သူဆိုတာ ကြိုသိနေလို့ အရေးမစိုက်ကြဘဲ လုပ်စရာရှိတာ ဆက်လုပ်နေကြတယ်။
“ကျိယင်ပါကွာ .. ထားလိုက်”
“ခစ် ခစ် .. စောင့်ခိုင်းတာပေါ့”
အထဲရောက်လာတဲ့စုန့်ဝမ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ နေ့လည်ကတင် ရန်ဖြစ်တာလေ၊ အခု ချစ်ပွဲဝင်နေတာလား။ အရှိန်အမြင့်ဆုံးအချိန်နဲ့ တည့်တည့်တိုးလို့ စုန့်ဝမ် ဘာလုပ်ရမှန်းမသိဖြစ်ပြီး ကြည့်လက်စနဲ့ ဆက်ကြည့်နေလိုက်ရတယ်။ တစ်ယောက်ချင်းတောင် ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့်သူတွေ၊ နှစ်ယောက်အတူရှိနေတော့ ချစ်ဆိပ်တက်နေပေမယ့် အရဲစွန့် မတိုက်ခိုက်ရဲဘူး။ ဒီကြားထဲ ယင်နီရဲ့ အဝတ်မဲ့ခန္ဓာနဲ့ ညို့ငင်အားကောင်းတဲ့အကြည့်ကို တစ်ချက်ရင်ဆိုင်လိုက်ရလို့ ရင်ထဲ ဗြောင်းဆန်သွားလို့ မနည်းကို စိတ်ထိန်းလိုက်ရသေးတယ်။ သောက်ကျိုးနည်း .. ညို့ငင်ပညာက အကြည့်တစ်ချက်နဲ့ အတွင်းဒဏ်ရာ ရစေနိုင်လား မသိဘူး။
…………….