အကြံကိုယ်စီ ရှိကြသည်
Vol. 8 Ch. 92
စုန့်ဝမ် ရပ်ကြည့်နေပေမယ့် ယင်နီနဲ့ ဝူစွေ့ကို့က ချစ်ပွဲကို ပြီးအောင် နွှဲလိုက်ကြတယ်။ ဇတ်လမ်းတစ်ခန်းရပ်သွားတော့မှ ယင်နီက မောပန်းနွမ်းနယ်ဟန်နဲ့ ဝူစွေ့လည်ပင်းကို သိုင်းဖက်ရင်း နားနေတယ်။
ခဏနေတော့ ယင်နီ မျက်စိပွင့်လာပြီး မျက်စိစုံမှတ် နားနေတဲ့ ဝူစွေ့ကို ခက်ထန်တဲ့အကြည့်နဲ့ စိုက်ကြည့်ရင်း သိုလှောင်လက်စွပ်ထဲက ဓားတိုတစ်လက် ထုတ်ယူပြီး ဝူစွေ့ခေါင်းနောက်ဘက်ကို ထိုးချလိုက်ပါတော့တယ်။
ဓားတိုက ဝူစွေ့ဦးခေါင်းခွံနဲ့ ထိဖို့ ဆံခြည်မျှင် တစ်မျှင်စာအရောက် ရုတ်တရက် အစိမ်းရောင်အလင်းလွှာ ပေါ်လာပြီး ဒိုင်းတစ်ခုလို ဟန့်တားကာကွယ်လိုက်တယ်။ ယင်နီ ထိတ်လန့်သွားတယ်။ ဝူစွေ့က အဝတ်မပါသလို၊ သိုလှောင်ပစ္စည်းလည်း တစ်ခုမှ ဝတ်မထားဘူးလေ။ ဘယ်လိုလုပ်ပြီး အကာအကွယ်အလွှာတစ်ခု ပေါ်လာရတာလဲ။
ဝူစွေ့က လှောင်ပြုံးပြုံးရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ယင်နီ လန့်သွားပြီး ဓားတိုနဲ့ ခေါင်းကို ထပ်ခါထပ်ခါ ထိုးချလိုက်တယ်။ ဒါပေမယ့် အစိမ်းရောင်ဒိုင်းကာကို လုံးဝတိုးမပေါက်ခဲ့ဘူး။
“ငါဘာမှပြင်ဆင်မထားဘူးလို့ ထင်နေတာလား”
ပြောပြောဆိုဆို ယင်နီ့ခါးကို ဖက်ထားတဲ့ ဝူစွေ့လက်က ဖုတ်ကောင်လက်အသွင် ပြောင်းသွားပြီး ယင်နီ့ဒန်တန်နေရာကို ထိုးဖောက်ကုတ်ဆွဲပစ်လိုက်တယ်။
“အား ..”
ငယ်သံပါအောင် အော်ဟစ်ရင်း ယင်နီ ဘေးတစောင်း ပစ်လဲကျသွားတယ်။ ဒန်တန် ပျက်စီးရုံတင်မက အသားစိုင်ကြီးပါ ပြတ်ပါသွားလို့ သေလုမျောပါး အခြအနေ ဆိုက်သွားပြီ။ ဒန်တန် ပျက်စီးသွားလို့ ကျင့်ကြံမှုစွမ်းအားပါ ပျက်စီးသွားတယ်၊ ဝမ်းဗိုက်နေရာ အပေါက်ကြီးဖြစ်သွားတဲ့ ဒဏ်ရာကြောင့် သာမန်လူ ပြန်ဖြစ်သွားတဲ့ ယင်နီအတွက် အသက်ရှင်ဖို့ အခွင့်အရေး အရမ်းနည်းသွားပြီ။
“နင် .. နင့်မှာ သိုလှောင်ပစ္စည်းမှ မရှိတာ၊ အဲဒီဒိုင်းကာက ဘယ်က ပေါ်လာတာလဲ”
ယင်နီက အသက်ဘေး ကြုံနေရပေမယ့် သူကျရှုံးစေခဲ့တဲ့ အစိမ်းရောင်ဒိုင်းကာအကြောင်း သိချင်စိတ် ပြင်းပြနေသေးတယ်။
ဝူစွေ့က မတ်တပ်ထရပ်ရင်း ယင်နီကို လှောင်ပြုံးပြုံးပြီး အရသာခံ ကြည့်နေတယ်။
“အော် .. အဲဒါလား။ အဲဒါက မှောင်အဆောင် မဟုတ်ဘူး၊ ငါ့အဘိုး ရွှေအမြုတေကျင့်ကြံသူက သူ့စွမ်းအားတချို့ကို ငါ့ကိုယ်ထဲမှာ ချိတ်ပိတ်ပြီး ထည့်ပေးထားတာ။ ဒီရွှေအမြုတေစွမ်းအားကမှ ငါ့ရဲ့ သက်ကယ်ရတနာပဲ။ ဒါမျိုးက မင်းတို့လို အဆင့်နိမ့်ကျင့်ကြံသူတွေ အိပ်မက်တောင် မက်နိုင်တဲ့အရာ မဟုတ်ဘူး။ ငါ့အတွေးတစ်ချက်နဲ့ ဒီစွမ်းအားကို ဝိညာဥ်ဒိုင်းအသွင်ပြောင်းပြီး ကာကွယ်လို့ ရတယ်”
အကြောင်းရင်း သိလိုက်ရလို့ ယင်နီတင်မက စုန့်ဝမ်ပါ အံသြတုန်လှုပ်သွားတယ်။
ဝူစွေ့က ကျေနပ်တဲ့ဟန်နဲ့ ခေါင်းမော့ပြီး အားပါးတရ ရယ်တယ်။
“ဟား ဟား .. မင်းလို ပြည့်တန်ဆာသာသာအဆင့်က ငါ့ကို သွေးဆောင်ဖျားယောင်းနိုင်မယ် ထင်နေတာလား။ မင်းလက်ပေါ်က သိုလှောင်လက်စွပ်ကို ငါသတိမထားမိဘူး ထင်နေတာလား။ ဘာမှ ပြင်ဆင်မထားဘဲ မင်းကို အနားကပ်ခံမယ် ထင်နေတာလား”
ဝူစွေ့က ပြောရင်း ယင်နီဘေး ဒူးထောက်ထိုင်ချပြီး မျက်နှာကို အနီးကပ်ကြည့်ပြီး ခပ်တိုးတိုး ပြောလာတယ်။
“မင်းခန္ဓာကိုယ်က တကယ်ဆွဲဆောင်မှု ရှိတာတော့ ငါဝန်ခံပါတယ်။ ဖျက်ဆီးရမှာတောင် နှမျောမိတယ်”
ယင်နီလည်း နောက်ဆုံးမျှော်လင့်ချက်လူနဲ့ ဝူစွေ့ခြေထောက်ကို ရင်အစုံနဲ့ ဖိကပ်ရင်း တောင်းပန်လာတယ်။
“ဂိုဏ်းတူအကိုကြီး .. ကျမ တောင်းပန်ပါတယ်။ ကျမ အပြစ်ကြီး ကျူးလွန်မိပါတယ်။ အသက်ချမ်းသာပေးရင် တစ်သက်လုံး အလုပ်အကျွေးပြုပါ့မယ်”
ဝူစွေ့က ယင်နီကို ရွံရှာဟန်နဲ့ ကြည့်ပြီး မတ်တပ်ရပ်ရင်း ကန်ထုတ်လိုက်တယ်။
“သွားစမ်းပါကွာ၊ မင်းလိုလူမျိုးလား သစ္စာဖောက်ဖို့ မလုပ်ရဲမှာ။ ဒါပေမယ့် အတူနေဖူးတာထောက်ပြီး ငါ့ကို အလုပ်အကျွေးပြုခွင့် ပေးမယ်။ မင်းဝိညာဥ်ကို ချိတ်ပိတ်ပြီး သက်ရှိဖုတ်ကောင် လုပ်လိုက်ရင် ငါ့ကို ထာဝရ အလုပ်အကျွေးပြုလို့ ရပြီ။ ကောင်းတယ်မလား”
ယင်နီ ကြောက်လွန်းလို့ မေ့လဲမလို ဖြစ်သွားတယ်။ ဒါကြီးက သေတာထက် ဆိုးတယ်လေ၊ လူဝင်စားသံသရာထဲ ဝင်လို့မရဘဲ ဝိညာဥ်ဖျက်ဆီး မခံရသရွေ့ ဖုတ်ကောင်ဘဝနဲ့ နေရမှာလေ။
“ဂျိမ်း”
သူတို့အာရုံများနေချိန် ဖြူဖွေးအေးစက်နေတဲ့ အလင်းတန်းတစ်ခု ဝူစွေ့ကိုယ်က အစိမ်းရောင်ဒိုင်းအကာကို အရှိန်ပြင်းပြင်းနဲ့ ထိမှန်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်ပေါ်လာတယ်။
အစိမ်းရောင်ဒိုင်းအကာ မပျက်စီးပေမယ့် ပြင်းထန်တဲ့ အားအရှိန်ကြောင့် ဝူစွေ့ ၁၀ ပေလောက် ဒယိမ်းဒယိုင်နဲ့ ဆုတ်လိုက်ရတယ်။
ဝူစွေ့နဲ့ ယင်နီ အကြည့်က ဂူပေါက်ဝမှာ ရပ်နေတဲ့စုန့်ဝမ်ဆီ ရောက်သွားတယ်။ စုန့်ဝမ်က ဖြူဖွေးအေးစက်တဲ့အလင်း ထုတ်လွှတ်နေတဲ့ အေးခဲလဓားကို ကိုင်ထားတယ်။ သူ့အော်ရာက ချီစုစည်းခြင်း ပဥ္စမအဆင့် မဟုတ်တော့ဘဲ နဝမအဆင့် ဖြစ်နေပြီ။
အခုမှ သူ့ကိုနောက်ယောင်ခံလိုက်နေတာ စုန့်ဝမ်ဖြစ်နေမှန်း ဝူစွေ့ ရိပ်မိသွားတယ်။
“ကျိယင် .. မင်းပဲကိုး။ မင်းက …”
“ဂျိမ်း .. ဂျိမ်း ..”
ဝူစွေ့စကားတောင် ဆုံးအောင် မပြောလိုက်ရဘူး။ အေးခဲလဓားက လွင့်ပျံလာပြီး အစိမ်းရောင်ဒိုင်းကို ဆက်တိုက်ထိုးခုတ်နေလို့ တောက်လျှောက် နောက်ဆုတ်လိုက်ရတယ်။ ဒိုင်းအကာ မပေါက်ပေမယ့် အားအရှိန် သက်ရောက်တဲ့ဒဏ်က တစ်ကိုယ်လုံး ကိုင်ရိုက်ခံရသလို နာကျင်လာတယ်။
“ရပ် .. ကျိယင် .. ရပ်စမ်း။ မင်းဆက်မတိုက်ခိုက်ရင် အခုဖြစ်ခဲ့သမျှ ငါသင်ပုန်းချေပေးမယ်။ လက်စားမချေဘူး၊ မင်းလျှို့ဝှက်ချက်ကို ဘယ်သူမှ မပြောဘူးလို့ ငါကောင်းကင်တာအိုနဲ့ တိုင်တည်ကျိန်ဆိုမယ်။ မင်းမှာ တခြားလိုချင်တာ ရှိသေးလား၊ ငါပေးမယ်”
ဝူစွေ့ကမ်းလှမ်းတာ မယုံပေမယ့် စုန့်ဝမ် တိုက်ခိုက်တာ ရပ်လိုက်တယ်။ မရပ်လို့လည်း မရဘူး၊ အစိမ်းရောင်ဒိုင်းအကာက ထိုးဖောက်မရတဲ့အပြင် အေးခဲလဓားကို ထိန်းချုပ်တိုက်ခိုက်ရလို့ ဝိညာဥ်စွမ်းအင်လည်း အတော်ကုန်သွားပြီလေ။ အေးခဲလဓားက အတော်လေး ထိခိုက်ပျက်စီးနေပေမယ့် အခြေတည်အဆင့် ကျင့်ကြံသူကိုတောင် ခြိမ်းခြောက်နိုင်တယ်။ ရွှေအမြုတေအဆင့်နဲ့ ရင်ဆိုင်ရတော့မှ အရာမထင်ဖြစ်ခဲ့တာ။ ဒါတောင် လူကိုယ်တိုင် မဟုတ်သေးဘူး။
အေးခဲလဓားကို ဆက်တိုက်သုံးလိုက်ရတာကြောင့် ဝိညာဥ်စွမ်းအင် အတော်ကုန်ခမ်း သွားတာနဲ့ အားဖြည့်ဆေးနှစ်လုံး ချက်ချင်း သောက်လိုက်ရတယ်။ ဝူစွေ့ကို မသတ်နိုင်သေးပေမယ့် ဂူပေါက်ဝကနေ ပိတ်ဆို့ထားနိုင်တာကြောင့် အလျင်စလို လုပ်စရာ မလိုဘူး၊ ဆက်တိုက် ဖိအားပေးနေရုံပဲ။ ဝူစွေ့လက်နက်တွေက သူချွတ်ချထားတဲ့ အဝတ်ပုံမှာ ရှိနေတာဆိုတော့ တန်ပြန်တိုက်ခိုက်နိုင်မယ့် အနေအထား မရှိဘူး။ အစိမ်းရောင်ဒိုင်းကာက အကာအကွယ်ပေးနိုင်ရုံပဲ ရှိတယ်။
“ဂိုဏ်းတူအကိုဝူ ကမ်းလှမ်းချက်က မဆိုးပါဘူး။ ဒါပေမယ့် ကောင်းကင်ဝိညာဥ်သစ်သီးနှစ်လုံး ချက်ချင်း လိုချင်တယ်”
“အော် .. မင်းက ကောင်းကင်ဝိညာဥ်သစ်သီး လိုချင်တာလား။ စောစောက ပြောရင် ငါပေးမှာပေါ့။ ဒီလောက်နဲ့တော့ အချင်းချင်း တိုက်ခိုက်နေစရာ မလိုဘူးလေကွာ။ ငါပေးမယ် စိတ်ချ”
ဝူစွေ့က ပြောရင်း သူနဲ့ ပေ ၁၅၀ အကွာ၊ ယင်နီနဲ့ မလှမ်းမကမ်းက သူချွတ်ချထားတဲ့ အဝတ်ပုံကို လက်ညိုးထိုးပြတယ်။
“ကောင်းကင်ဝိညာဥ်သစ်သီးက အဲဒီက သိုလှောင်လက်စွပ်မှာ ရှိတယ်။ ငါသွားယူပြီး ပေးမယ်၊ ရမယ်မလား”
စုန့်ဝမ်က ချက်ချင်း ပြန်မဖြေဘဲ ဝူစွေ့ကို စိုက်ကြည့်ပြီး စဥ်းစားနေတယ်။ မြေပြင်ပေါ် လဲကျနေတဲ့ ယင်နီကတော့ အထိတ်တလန့်နဲ့ အားတင်းပြောလာတယ်။
“ကျိယင် .. နင် ဝူစွေ့လှည့်စားတာ မခံနဲ့။ သူက သိုလှောင်လက်စွပ် ဖွင့်ပြီးတာနဲ့ ဝှက်ဖဲတွေ ထုတ်သုံးပြီး တိုက်ခိုက်လိမ့်မယ်။ ခွင့်မပြု .. အဟွတ် အဟွတ်”
ယင်နီ စကားဆုံးအောင် မပြောနိုင်ဘဲ ချောင်းဆိုးရာက သွေးပါ အန်ထုတ်ရင်း မောနေတယ်။
စုန့်ဝမ် ခေါင်းခါလိုက်တယ်။
“ဂိုဏ်းတူအစ်မယင် ပြောတာ မဖြစ်နိုင်ဘူး။ ရွှေအမြုတေဘိုးဘေးရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ အကိုဝူက သူ့ဂိုဏ်သိက္ခာ ချိုးဖျက်မယ့်အလုပ် ဘယ်လုပ်ပါ့မလဲ။ အကိုဝူက ကောင်းကင်ဝိညာဥ်သစ်သီးကို ပေးမယ်ဆိုမှတော့ ကျနော်ကလည်း လိုက်လျောမှုတစ်ခု ပြရမှာပေါ့”
ပြောပြောဆိုဆိုပဲ စုန့်ဝမ်က အေးခဲလဓားကို သိုလှောင်အိတ်ထဲ ပြန်ထည့်သိမ်းပြီး အိတ်ကို ပေ ၃၀ အကွာဆီ ပစ်ချလိုက်တယ်။
ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေက သိုလှောင်အိတ် ဖွင့်မယ်ဆို ရုပ်ခန္ဓာနဲ့ ထိကပ်နေမှ ဖွင့်နိုင်တယ်။ အခြေတည်အဆင့် ရောက်မှသာ ဝိညာဥ်အာရုံနဲ့ အဝေးကနေ ဖွင့်နိုင်တာ။ ဒီတော့ စုန့်ဝမ်က ဝူစွေ့ကို မတိုက်ခိုက်ဖို့ သဘောတူကြောင်း ပြသလိုက်တာပါပဲ။
"ကောင်းပြီ"
ဝူစွေ့ စိတ်အားပြန်တက်လာပြီး စုန့်ဝမ်ကို ခပ်ကျယ်ကျယ် အော်ပြောလာတယ်။
"ကျိယင် .. မင်းက ယုံကြည်စိတ်ချရတဲ့သူပဲ။ မင်းကို ကောင်းကင်ဝိညာဥ်သစ်သီးတွေ အခု ပေးမယ်"
ဝူစွေ့က ပြောပြောဆိုဆို အဝတ်ပုံ ရှိရာဆီ တတ်နိုင်သမျှမြန်မြန် ရွေ့လျားသွားနေတယ်။
ဒီမြင်ကွင်းကြောင့် နာကျင်မှုဒဏ် ကြိတိမှိတ်ခံနေရတဲ့ ယင်နီ ဒေါသထွက်လာပြီး အော်လိုက်မိတယ်။
"ကျိယင် .. နင်ရူးနေလို့ ဝူစွေ့လိုကောင် လှည့်စားတာကို ယုံနေတာလား။ နင် အဲဒီလောက် တုံးအနေတဲ့ကြားက ဘယ်လိုလုပ်ပြီး ချီစုစည်းခြင်း နဝမအဆင့်ထိ ရောက်လာတာလဲ၊ ခေါင်းသုံးစမ်းပါဟ .. ခေါင်းကိုသုံး"
စုန့်ဝမ်လည်း ယင်နီ့စကားကြောင့် သတိဝင်လာဟန်နဲ့ သိုလှောင်လက်စွမ် ချထားတဲ့နေရာ ရောက်ဖို့ ပေ ၅၀ လောက်ပဲ လိုတော့တဲ့ဝူစွေ့ကို လှမ်းတားလိုက်တယ်။
"ဂိုဏ်းတူအကိုဝူ .. ရပ်လိုက်"
စုန့်ဝမ်ရဲ့ စူးရှတဲ့အသံကြောင့် ဝူစွေ့ အောင့်သက်သက်နဲ့ ရပ်လိုက်ရတယ်။ ဒေါသထွက်နေပေမယ့် စိတ်ထိန်းရင်း အတင်းပြုံးပြနေရတယ်။
"ကျိယင် .. ဘာဖြစ်လို့လဲ"
"ဂိုဏ်းတူအစ်မယင်နီ ပြောတာ တစ်ခုတော့ မှန်တယ်။ ကျနော်က သိုလှောင်လက်စွပ် ပစ်ချပြီးပြီ။ အကိုဝူကလည်း စိတ်ထားမှန်ကြောင်း ပြသဖို့ ဝိညာဥ်ဒိုင်းအကာကို ယာယီပိတ်ပေးသင့်တယ် မဟုတ်လား"
ဝူစွေ့လည်း စုန့်ဝမ်ကို ကြည့်လိုက်၊ သိုလှောင်လက်စွပ်ကို ကြည့်လိုက်နဲ့ ခဏလောက် တွေဝေနေတယ်။ သိုလှောင်လက်စွပ်ဘေးက အလောင်းရုပ်သေးအိတ်ကို ကြည့်ပြီးချိန်မှာ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်တယ်။
"ကောင်းပြီ၊ မင်းပြောတာ ငါသဘောတူတယ်"
သူနဲ့ စုန့်ဝမ်က ပေ ၁၀၀ နီးပါး ဝေးတယ်။ ဒီအကွာအဝေးနဲ့ဆို စုန့်ဝမ်မှာ ဝှက်ဖဲရှိလို့ ထုတ်သုံးရင်တောင် သူ့ရဲ့လက်ကျန်အင်အားနဲ့ ဝိညာဥ်ဒိုင်းတစ်ခု အချိန်မီ ဖွဲ့စည်းနိုင်တာကြောင့် စိတ်ချလက်ချ လိုက်လျောခဲ့တယ်။
ဝူစွေ့လည်း ဝိညာဥ်ဒိုင်းကာကို ရုပ်သိမ်းပြီးတာနဲ့ စုန့်ဝမ်ကို မျက်ခြေမပြတ် ကြည့်နေရင်း သိုလှောင်လက်စွပ်ဆီ ချဥ်းကပ်လာတယ်။ တဖြည်းဖြည်း နီးလာတာနဲ့အမျှ စိတ်လှုပ်ရှားလာတယ်။ ၁၀ ပေအကွာ ရောက်တာနဲ့ ဝူစွေ့စိတ်မထိန်းနိုင်တော့ဘူး၊ အားကုန်သုံး ခုန်ဝင်ပြီး အလောင်းရုပ်သေးသိုလှောင်အိတ်ကို ကောက်ကိုင်ရင်း အလောင်းရုပ်သေးကို ထုတ်ယူလိုက်တယ်။
"ဝေါင်း"
ကျယ်လောင်တဲ့ ဟိန်းဟောက်သံနဲ့အတူ အခြေတည်အဆင့်ခွန်အား ပိုင်ဆိုင်ထားတဲ့ ဒုတိယအဆင့် အလောင်းရုပ်သေး ထွက်ပေါ်လာတယ်။ အပြင်ရောက်တာနဲ့ အလောင်းရုပ်သေးက လျှပ်စီးလိုအရှိန်မျိုးနဲ့ စုန့်ဝမ်ရှိရာဆီ ပြေးဝင်တိုက်ခိုက်လိုက်တယ်။
ဝူစွေ့လည်း ဝမ်းသာအားရ ရယ်မောရင်း ကြုံးဝါးလိုက်မိတယ်။
"ဟား ဟား .. ကျိယင်၊ မင်းသေလိုက်တော့"
စုန့်ဝမ် အနိုင်ရရင် အသက်ရှင်ဖို့ မျှော်လင့်နေတဲ့ယင်နီ ချက်ချင်းကို သေချင်စိတ်ပေါက်သွားတယ်။
စုန့်ဝမ်က ချီစုစည်းခြင်း နဝမအဆင့် အလောင်းရုပ်သေးကို ထုတ်ယူ ခုခံခိုင်းပြီး လိုဏ်ဂူအဝင်ဝဆီ ထွက်ပြေးသွားတယ်။
ဝူစွေ့ အားပါးတရ ရယ်လိုက်မိတယ်။
"ဟား ဟား .. ပြေးလို့လွတ်မယ် ထင်နေတာလား၊ မင်းအကောင်က ငါ့အလောင်းရုပ်သေးကို ရင်ဆိုင်မှာတဲ့လား"
အလောင်းရုပ်သေးနှစ်ကောင် ရင်ဆိုင်မိတာနဲ့ ဝူစွေ့ပြောသလို ဖြစ်သွားတယ်။ ချီစုစည်းခွန်အားပဲရှိတဲ့ စုန့်ဝမ်ရဲ့ အလောင်းရုပ်သေးခမျာ ခုခံချိန်တောင် မရလိုက်ဘူး။ ဒုတိယအဆင့် အလောင်းရုပ်သေးက လည်ပင်းနဲ့ ခါးကနေ ကိုင်ပြီး ဆွဲဖြဲလိုက်တာ သုံးပိုင်းပိုင်းပြီး ကိစ္စပြတ်သွားတယ်။ ဆွဲဖြဲပြီးတာနဲ့ ဒုတိယအဆင့် အလောင်းရုပ်သေးက ခြေလှမ်းဆယ်လှမ်းအတွင်း ဂူဝနား ရောက်နေတဲ့ စုန့်ဝမ်ကို မီသွားတယ်။
မီတာနဲ့ အလောင်းရုပ်သေးက ကြီးမားတဲ့လက်သီးဆုပ်နဲ့ စုန့်ဝမ်ခေါင်းကို ထုချလိုက်ပါတော့တယ်။
……………………..