မြေးကိုသတ်ပြီး၊ ရွှေအမြုတေနယ်ပယ်ကို ရန်စမယ်
Vol. 8 Ch. 93
"ဒုန်း"
"ဖောင်း .."
စုန့်ဝမ်ခေါင်း ဖရဲသီးလို ပေါက်ကွဲပြီး တစ်စစီ ဖြစ်သွားတယ်။
"ဟား ဟား .. ဟား ဟား"
ဝူစွေ့ ကျေနပ်အားရသွားပြီး ခါးထောက်၊ ခေါင်းမော့ရင်း အားပါးတရ ရယ်နေမိတယ်။ ဘာမဟုတ်တဲ့ အပြင်စည်းတပည့်လေးက အကျပ်ကိုင် စော်ကားခံရတာဆိုတော့ အတော့်ကို ခံရခက်နေတာလေ။
"စွပ်"
"အား .."
စူးရှပြင်းထန်တဲ့ နာကျင်မှုဝေဒနာကြောင့် ဝူစွေ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်မိတယ်။ ချွန်ထက်ကြမ်းတမ်းတဲ့ ဖုတ်ကောင်လက်သည်းတစ်စုံက ကျောဘက်ကနေ ထိုးဖောက်ဝင်ရောက်ပြီး ရင်ဘတ်က ဖောက်ထွက်နေတာကို မြင်လိုက်ရလို့ ကြောက်စိတ် လွှမ်းမိုးသွားတယ်။ လှည့်ကြည့်တော့ သူ့နောက်တည့်တည့်မှာ သေသွားပြီဆိုတဲ့ ကျိယင်လို့ သူသိထားတဲ့ စုန့်ဝမ် ရပ်နေတာ မြင်လိုက်ရလို့ အံအားသင့်သွားတယ်။
စုန့်ဝမ်က ဝူစွေ့ကို ပြုံးပြရင်း လက်သည်းကို ဆွဲထုတ်လိုက်တယ်။ လက်သည်းတွေ ထုတ်လိုက်တာနဲ့ ကိုယ်တွင်းအဂ်ါတွေ ပျက်စီးသွားတဲ့ဝူစွေ့ အရုပ်ကြိုးပြတ် ပြိုလဲကျရင်း အသက်ထွက်သွားတယ်။ စုန့်ဝမ်က တလက်စထဲ ဝူစွေ့ရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူလိုက်တယ်။ ဒုတိယအဆင့် အလောင်းရုပ်သေးက သခင်ဖြစ်သူ သေဆုံးသွားပြီဖြစ်လို့ ထိန်းချုပ်ညွှန်ကြားမှု ကင်းမဲ့သွားပြီး မလှုပ်မယှက် ရပ်နေတယ်။
.....
တချိန်တည်းမှာ အလောင်းနတ်ဆိုးတောင်ထိပ် ကြီးမားတဲ့ဂူကြီးတစ်ခုထဲ ဒေါသတကြီး အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။
"ဘယ်ငမိုက်သားက ငါ့မြေးကို သတ်ရဲတာလဲ။ မင်းကို သေတာထက် ပိုဆိုးတဲ့ဘဝရောက်အောင် လုပ်ပစ်မယ်ကွ"
အော်ဟစ်ကြုံးဝါးပြီးတာနဲ့ အဖိုးအိုက ခမ်းခြောက်သွေးဘုံ လျှို့ဝှက်နယ်မြေရှိရာဆီ ခက်ထန်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
ဝူစွေ့သေတာကို သူထည့်သွင်းပေးထားတဲ့ ဝိညာဥ်အပိုင်းအစကတဆင့် အဘိုးဖြစ်သူ ရွှေအမြုတေနယ်ပယ် ဘိုးဘေးဝူယင် ချက်ချင်းသိသွားတယ်။
"ငါ့မြေး သေပြီ၊ လူသတ်သမား .. မင်းဘာမင်း ဘာကောင်ပဲဖြစ်ဖြစ် ငါ့လက်က မလွတ်စေရဘူး ... အမ် ..နေပါဦး၊ ငါချန်ထားခဲ့တဲ့ ဝိညာဥ်အပိုင်းအစ ဘယ်ရောက်သွားတာလဲ။ မဖြစ်နိုင်တာ .. လျှို့ဝှက်နယ်မြေက ချီစုစည်းခြင်းအဆင့်ပဲ ဝင်လို့ရတာ။ ငါချန်ထားတဲ့ ဝိညာဥ်အပိုင်းအစနဲ့ ဒုတိယအဆင့် အလောင်းရုပ်သေးပေါင်းရင် ဘယ်လိုကောင်က ယှဥ်နိုင်မှာလဲ။ ဘာတွေများ ဖြစ်ကုန်တာလဲ"
ဝူယင် အချိန်ဆိုင်းမနေတော့ဘဲ ခြောက်ခမ်းသွေးဘုံ လျှို့ဝှက်နယ်မြေဆီ ထွက်လာခဲ့ပါတော့တယ်။
........
စုန့်ဝမ်လည်း သူစုပ်ယူခဲ့တဲ့ ဝူစွေ့ဝိညာဥ်ထဲမှာ ရှေအမြုတေအဆင့် ကျင်ကြံသူတစ်ယောက်ရဲ့ ဝိညာဥ်အပိုင်စအစတစ်ခု ပါဝင်သွားတာ သတိပြုမိတယ်။ မတတ်နိုင်ဘူးလေ၊ ခွဲထုတ်ဖို့ နည်းလမ်းမရှိသလို၊ ဝူစွေ့ဝိညာဥ်ကို မစုပ်ယူဘဲ ထားခဲ့လိုက်ရင် ဘယ်သူသတ်လဲဆိုတာ ဖော်ထုတ်နိုင်တဲ့နည်းလမ်းမျိုး ဝူစွေ့အဘိုးဝူယင်က ပိုင်ဆိုင်ချင် ပိုင်ဆိုင်နေမှာ။ လျှို့ဝှက်ဆန်းကြယ်စွမ်းအားက စုပ်ယူပြီး လက်စဖျောက်ပစ်နိုင်ဖို့ မျှော်လင့်ရုံပဲ ရှိတယ်။ တန်တော့ တန်တယ်၊ ရွှေအမြုတေကျင့်ကြံသူရဲ့ ဝိညာဥ်အပိုင်းအစပေမယ့် ဝူစွေ့ဝိညာဥ်ထက်တောင် စွမ်းအင်ပါဝင်မှု ပိုများနေသေးတယ်။
ဝူစွေ့က အသက်ငယ်ပြီး အတွေ့အကြုံနည်းလို့ စုန့်ဝမ် လှည့်ကွက်ထဲ လွယ်လွယ်နဲ့ ကျရောက်ခဲ့တာ။ ရုပ်သေးအစားထိုးနည်းစနစ် တတ်မြောက်ထားသူနဲ့ ဆုံတွေ့နိုင်တာကိုလည်း ထည့်တွက်မထားခဲ့ဘူး၊ ဒီနည်းစနစ်က ရှားပါးသလို ချီစုစည်းခြင်းအဆင့်နဲ့ ဝိညာဥ်အပိုင်းအစ ခွဲထုတ်နိုင်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲတယ် မဟုတ်ပါလား။
ဝူစွေ့ကိစ္စ ရှင်းလင်းပြီးတာနဲ့ စုန့်ဝမ် လဲကျနေတဲ့ယင်နီဆီ သွားတယ်။ ယင်နီက ဒန်တန် ပျက်စီးသွားသလို ဝမ်းဗိုက်တစ်ခြမ်း ပွင့်နေပြီ။ အသက်ရှိနေသေးပေမယ့် သေနေသလိုပါပဲ။ ကုသဖို့က စုန့်ဝမ် စွမ်းနိုင်တဲ့အရာ မဟုတ်ဘူး။ နတ်ဆေးသမားတော် ကုပေးရင်တောင် သာမန်သေမျိုးဘဝနဲ့ပဲ ကုန်ဆုံးရတော့မှာ။ နောက်ပြီး သူသိတာလည်း များလွန်းနေပြီ။
ယင်နီက သူ့ဘေးမှာ ဒူးထောက်ထိုင်ချရင်း အခြေအနေ စစ်ကြည့်နေတဲ့ စုန့်ဝမ်ကို အားကိုးတကြီး မျှော်လင့်နေတယ်။
“ဂိုဏ်းတူမောင်လေးကျိယင် .. ငါ့ကို ကယ်ပါနော်။ မင်းဆီမှာ တစ်သက်လုံး အလုပ်အကျွေးပြုဖို့ ကျိန်ဆိုပါ့မယ်”
“အနားယူပါတော့ ဂိုဏ်းတူအစ်မယင်”
စုန့်ဝမ် သက်ပြင်းချရင်း တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးလိုက်ပါတော့တယ်။
ယင်နီရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူပြီး သိုလှောင်အိတ်တွေ ဖြုတ်သိမ်းလိုက်တယ်။ သိမ်းဆည်း ရှင်းလင်းပြီးတာနဲ့ အလောင်းတွေကို မီးတောက်အဆောင်နဲ့ ပြာချ၊ ခြေရာလက်ရာ တစ်ခုတစ်လေမှ မကျန်အောင် ရှင်းလင်းပြီး လိုဏ်ဂူထဲက ထွက်လာခဲ့တယ်။
လမ်းတလျှောက် ဘယ်သူနဲ့မှ မတွေ့အောင် ရှောင်ရှားပြီး ဝိညာဥ်စွမ်းအင် နည်းပါးတဲ့နေရာ ချိုင့်ဝှမ်းငယ်တစ်ခုမှာ ခိုနားခဲ့တယ်။ ဝိညာဥ်စွမ်းအား နည်းပါးရင် ဝိညာဥ်အပင် မပေါက်တော့ ဝိညာဥ်သားရဲတွေရော၊ ကျင့်ကြံသူတွေပါ လာလေ့မရှိဘူး။ ပိုစိတ်ချရအောင် မဟူရာကူ ၈ ကောင်ကို အရပ် ၈ မျက်နှာမှာ ကင်းချလိုက်တယ်။ အားလုံးနေရာကျတာနဲ့ ကျောက်နံရံတစ်ခု မှီထိုင်ရင်း သိမ်းဆည်းခဲ့သမျှပစ္စည်းတွေ ထုတ်ယူစစ်ဆေးတယ်။
ပထမဆုံး သိုလှောင်လက်စွပ်ဖြစ်မယ်လို့ သူထင်နေတဲ့ ယင်နီလက်စွပ်ကို စစ်ကြည့်တော့ ထင်တဲ့အတိုင်း သိုလှောင်လက်စွပ် ဖြစ်နေလို့ ဝမ်းသာသွားတယ်။ သိုလှောင်အိတ်က အတွေ့ရများပေမယ့်၊ သိုလှောင်လက်စွပ်က အရမ်းရှားတယ်။ အခြေတည်အဆင့်ကျင့်ကြံသူတွေတောင် လူတိုင်း ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ ရွှေအမြုတေနယ်ပယ်အဘိုး ရှိတဲ့ ဝူစွေ့မှာလည်း သိုလှောင်လက်စွပ် မရှိဘူး။
သိုလှောင်လက်စွပ်က သိုလှောင်အိတ်တွေနဲ့ မတူဘူး။ သန့်စင်ရတာ၊ အသုံးချရတာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူရဲ့ ဝိညာဥ်စွမ်းအင်နဲ့ လက်လှမ်းမီတဲ့အရာ မဟုတ်ဘူး။ ယင်နီက ညို့ငင်နည်းစနစ် တတ်မြောက်လို့ ဝိညာဥ်စွမ်းအင်က စုန့်ဝမ်လိုပဲ အခြေတည်အဆင့် ရောက်နေလို့သာ သုံးနိုင်တာ။ တချို့ နည်းစနစ်တွေက ဝိညာဥ်စွမ်းအင် မြှင့်တင်ပေးနိုင်တယ်လေ။ သိုလှောင်အိတ်တွေက အကြီးဆုံးမှ ၃၀ ကုဗပေပဲ ရှိတယ်။ သိုလှောင်လက်စွပ်က အနိမ့်ဆုံး ၆၀ ကုဗပေ ကျယ်ဝန်းတယ်။ ယင်နီ့သိုလှောင်လက်စွပ်က အနိမ့်ဆုံးအဆင့်ပေမယ့် လက်ရှိ စုန့်ဝမ်သုံးနေတဲ့ ၂၀ ကုဗပေကျယ် သိုလှောင်အိတ်ထက် အများကြီးသာတယ်။ ဒီသိုလှောင်အိတ်က ဇီယီဆီက ရထားတာ။
သိုလှောင်လက်စွပ်ကို အလောင်းနတ်ဆိုးဂိုဏ်းက ဖွင့်ထားတဲ့ ဆိုင်ကြီးမှာ မြင်ခွင့်ရပြီးတည်းက လိုချင်နေခဲ့တာ။ စျေးနှုန်းက အဆင့်နိမ့်ဝိညာဥ်ကျောက် တစ်သောင်းကျော်သလို၊ ရောင်းတာက အခြေတည်ဝိညာဥ် ကျင့်ကြံသူတွေသာ ဝင်ခွင့်ရှိတဲ့အခန်းမှာဖြစ်လို့ ဝယ်ဖို့နေနေသာသာ အနီးကပ်ကြည့်ခွင့်တောင် မရခဲ့ဘူး။ လှေပျံပေါ်မှာ ယင်နီ သိုလှောင်လက်စွပ် ဝတ်ထားတာ မြင်တည်းက လိုချင်နေခဲ့တာ၊ အခုတော့ အခွင့်အခါ သင့်လို့ ရလာခဲ့ပြီ။
သိုလှောင်လက်စွပ်ရတာ ကောင်းကင်ဝိညာဥ်သစ်သီးနဲ့ တခြားပစ္စည်းတွေ အပြင်သယ်ထုတ်ဖို့ လွယ်သွားပြီ။ အားလုံးကို သိုလှောက်လက်စွပ်ထဲ ထည့်၊ သိုလှောင်လက်စွပ်ကို နှလုံးအိမ်ထဲ ထည့်လိုက်ရုံပဲ။ သိုလှောင်လက်စွပ်ထဲမှာ ပစ္စည်းမျိုးစုံ ပါတယ်၊ အဆင့်နိမ့်ဝိညာဥ်ကျောက်တွေ၊ ဝိညာဥ်ဆေးလုံးတွေ၊ မှော်အဆောင်တွေအပြင် အမျိုးသမီးဝတ်အကျီတွေလည်း ပါတယ်။ ညို့ငင်နည်းစနစ် ကျမ်းစာလိပ်လည်း တွေ့ရတယ်။
ဝူစွေ့ရဲ့ သိုလှောင်အိတ်ကလည်း ပစ္စည်းမျိုးစုံပဲ။ အဆင့်နိမ့်ဝိညာဥ်ကျောက်တင် တစ်ထောင်ကျော်တယ်။ ဝိညာဥ်ဆေးလုံး၊ မှောင်အဆောင်တွေဆိုတာ အမျိုးစုံပဲ။ အတော်အတန် ထိခိုက်ပျက်စီးထားတဲ့ အနက်ရောင်သံကြိုးလည်း ရှိတယ်။ အဆင့်မြင့်ဝိညာဥ်လက်နက်ဖြစ်သလို၊ ပြင်သုံးရင် ရပေမယ့် ထုတ်သုံးလို့ မဖြစ်တော့ နှမျောစရာပဲ။
ဝူစွေ့ရဲ့ အလောင်းရုပ်သေးအိတ်ထဲ ပြန်ထည့်သိမ်းလာခဲ့တဲ့ ဒုတိယအဆင့် အလောင်းရုပ်သေးကို စိတ်ဝင်စားနေတာကြောင့် သေချာစစ်ကြည့်မိတယ်။ ဒီအလောင်းရုပ်သေးက အခြေတည်တစ်ပိုင်းအဆင့် ခွန်အားနဲ့ ညီမျှတော့ ဒုတိယအဆင့် အပြည့်အဝ မရောက်သေးဘူး။ သေချာစစ်တော့မှ ဒုတိယအဆင့်ထိ သန့်စင်လို့ ရပေမယ့် တမင်သက်သက် မလုပ်ဘဲ ရပ်ထားတာ ဖြစ်နေတယ်။ ဒုတိယအဆင့်ထိ အပြည့်အဝ သန့်စင်ရင် အခြတည်အဆင့်ခွန်အားနဲ့ ညီမျှသွားလို့ လျှို့ဝှက်နယ်မြေထဲ သယ်လာလို့ မရနိုင်ဘူး။ ဒါက ဝူစွေ့အတွက် သူ့အဖိုးဝူယင် စီစဥ်ပေးတာပဲ ဖြစ်ရမယ်။ ဝူစွေ့ရဲ့ သိုလှောင်အိတ်ထဲမှာ အလယ်အလတ်အဆင့် အလောင်းရုပ်သေးခေါင်းတလားပါ ရှိနေတယ်ဆိုတော့ ဒုတိယအဆင့် အလာင်းရုပ်သေးဖြစ်အောင် သန့်စင်လို့ ရပြီ။ သန့်စင်တဲ့အချိန် သွင်ပြင်နဲ့ အော်ရာ ပြောင်းလိုက်ရင် ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ဘူး။
ချိုးလီရဲ့ သိုလှောင်အိတ်ထဲမှာ ထူးခြားတာဆိုလို့ သူကျင့်ကြံတဲ့ နတ်ဆိုးသူတော်စင်မှော်နည်းစနစ်ပဲ ပါတယ်။ နာမည်က လှပေမယ့် တကယ်က နတ်ဆိုးသားရဲအသွင် ယူပြီး ကျင့်ကြံရတဲ့ ကိုယ်ခန္ဓာကျင့်ကြံနည်းစနစ်။ စုန့်ဝမ်မျက်စိထဲ အမွှေးအမျှင်တွေနဲ့ ဝက်ဝံကြီးတစ်ကောင်လို ပြောင်းသွားတဲ့ ချိုးလီကို ပြန်မြင်ယောင်မိသွားတယ်။ ကိုယ်ပိုင် ကိုယ်ခန္ဓာကျင့်ကြံနည်းစနစ် ရှိနေပြီးသားဆိုတော့ သိမ်းပဲ သိမ်းထားလိုက်တယ်။ ဘာပဲပြောပြော ရောင်းစားလို့ ရတယ်လေ။
ဝိညာဥ်ကင်းလှည့်သူက တခြားဂိုဏ်းကလူပီပီ သိုလှောင်အိတ်ထဲမှာ စိတ်ဝင်စားစရာတွေ ပါတယ်။ ကျင့်စဥ်ကျောက်စိမ်းပြား နှစ်ခုမှာ တစ်ခုက ဝိညာဥ်လွတ်မြောက်နည်းစနစ်၊ စုန့်ဝမ်လက်စွဲ သုံးနေတဲ့ သွေးလွတ်မြောက်လှုပ်ရှားနည်းစနစ်နဲ့ တူတူပဲ။ ကွာသွားတာက ယင်နဲ့ သရဲစွမ်းအင်တွေ လောင်စာအဖြစ် အသုံးချတာပဲ။ နောက်တစ်ခုက တစ္ဆေထိန်းချုပ်နည်းစနစ်နဲ့ ဝိညာဥ်အလံစီရင်ခြင်း နည်းစနစ်။
ချန်ရှို့မင်ရော၊ ဝိညာဥ်ကင်းလှည့်သူပါ ဝိညာဥ်အလံတွေ အသုံးချသွားတာ မြင်တွေ့ဖူးတော့ တိုက်ခိုက်တာ၊ ခုခံတာအပြင် ထွက်ပြေးတာမှာပါ အသုံးချနိုင်တဲ့ စွယ်စုံသုံးလက်နက်ဖြစ်တာ စုန့်ဝမ် သိလိုက်ရတယ်။ စီရင်ဖို့အတွက် အထူးလိုအပ်ပစ္စည်းတချို့၊ ယင်နဲ့ ဝိညာဥ်စွမ်းအင်အပြင် ဝိညာဥ်တွေပါ လိုအပ်တယ်။ ဒါက နောင်တစ်ချိန် အသုံးဝင်နိုင်မယ်လို့ တွေးမိတယ်။
အားလုံးစစ်ဆေးပြီးတာနဲ့ ကောင်းကင်ဝိညာဥ်သစ်သီး ၇ လုံးကို အထူးပြုလုပ်ထားတဲ့ ကျောက်စိမ်းဗူးထဲ ထည့်ပြီး သိုလှောင်လက်စွပ်ထဲ ထည့်လိုက်တယ်။ သိမ်းဆည်းမိသမျှ ဝိညာဥ်ကျောက်၊ မှော်အဆောင်နဲ့ ဝိညာဥ်ဆေးလုံးတွေကို ဝိညာဥ်အမှတ်အသား မရှိတာ သေချာအောင် စစ်ဆေးပြီးတာနဲ့ သိုလှောင်လက်စွပ်ထဲ ထည့်တယ်။
ဝူစွေ့ပစ္စည်းတွေထဲက အလောင်းရုပ်သေးအိတ်၊ ဆေးလုံးနဲ့ အဆောင်တချို့ပဲ ယူပြီး ကျန်တာတွေ သူ့အိတ်ထဲ ပြန်ထည့်လိုက်တယ်။ ဝူစွေ့ဝိညာဥ်ကို စုပ်ယူချိန်က အားကောင်းတဲ့ ဝိညာဥ်အပိုင်းအစတစ်ခု ပါလာတာ သတိထားမိလို့ ပြန်ထွက်ချိန် ပေါ်လာနိုင်တဲ့ပြဿနာကို ဖြေရှင်းဖို့ လိုလာနိုင်တယ်။ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို မီးရှို့ပြီး လက်စဖျောက်လိုက်တယ်။ လျှို့ဝှက်နယ်မြေထဲက ဝိညာဥ်ဆေးပင်တွေကိုတော့ ပြန်ထွက်ချိန် စာရင်းပြဖို့ သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်တယ်။
လျှို့ဝှက်နယ်မြေ ပိတ်ဖို့က ၅ ရက်တောင် လိုသေးပေမယ့် သိုလှောင်လက်စွပ်ကို အခုပဲ နှလုံးအိမ်ထဲ ထည့်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လက်စွပ်က အတော်လေး သေးပေမယ့် နာကျင်တဲ့ဒဏ်တော့ အတော်ခံရမယ်။ ဒဏ်ရာသက်သာအောင်နဲ့ အထဲမှာ နေသားကျအောင် အချိန်ယူရမှာဆိုတော့ မြန်လေ၊ ကောင်းလေပဲ။
ဆုံးဖြတ်ပြီးတာနဲ့ စုန့်ဝမ်လည်း မဟူရာကူ ၈ ကောင်ကို အသင့်နေရာယူခိုင်းပြီး၊ သိုလှောင်လက်စွပ်ကို မျိုချလိုက်တယ်။ လက်စွပ် အထဲရောက်တာနဲ့ မဟူရာကူတစ်ကောင်က နှလုံးအိမ်နား တွန်းယူသွားတယ်။ အနားရောက်တာနဲ့ နောက်မဟူရာကူကောင်က နှလုံးအိမ်ကို လက်စွပ်ဝင်သာရုံ အပေါက်ဖောက် လိုက်တယ်။
နှလုံးထဲက သွေးတွေ စီးထွက်လာသလို၊ နာကျင်မှုကလည်း သေတော့မလား ထင်မှတ်ရတယ်။ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်က တစ်စုံတစ်ခု မှားနေတာ ခံစားမိလို့ ထင်တယ်၊ ခန္ဓာကိုယ်အနှံ့ သိမ်းဆည်းထားတဲ့ သွေးအဆီအနှစ်တွေကို ညစ်ထုတ်ပေးပြီး သွေးလည်ပတ်မှု ပြတ်မသွားအောင် ဖြည့်ဆည်းပေးလာတယ်။
မဟူရာကူတွေကလည်း အမြန်ဆုံး လှုပ်ရှားတယ်၊ အပေါက် ပွင့်တာနဲ့ သိုလှောင်လက်စွပ်ကို နှလုံးအိမ်ထဲ တွန်းထည့်ပြီး၊ ချက်ချင်းပဲ နှလုံးအိမ်က ဒဏ်ရာကို ပြန်ချုပ်ကြတယ်။ ဖြစ်စဥ်က အသက်တစ်ရှိုက်စာပဲ ကြာပေမယ့် စုန့်ဝမ်ခမျာ ဆယ်နှစ်လောက် ကြာသွာသလို ခံစားလိုက်ရတယ်။ မဟူရာကူတွေ လက်စသတ်ပြီးတာနဲ့ အနာကျတ်ဆေး ချက်ချင်းသောက်ပြီး ကုသဖို့အတွက် ကျင့်ကြံမှုကို စတင်ခဲ့တယ်။ နှလုံးအိမ်ဆီက သွေးပို့လွှတ်မှု ပုံမှန်ပြန်ဖြစ်တာနဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအင် ပြန်ငြိမ်ကျသွားတယ်။
ကိုယ်ခန္ဓာကျင့်ကြံသူတွေက တခြားကျင့်ကြံသူတွေထက် ရုပ်ခန္ဓာပိုင်း အားကောင်းတယ်ဆိုပေမယ့် အနာကျတ်ဖို့ ၂ နာရီကျော် အချိန်ယူလိုက်ရတယ်။ အသားကျအောင် တစ်ရက်လောက် ထပ်အချိန်ယူ လေ့ကျင့်ရတယ်။ စိတ်ချရပြီဆိုမှ ပြန်ထွက်ရမယ့် နောက်ဆုံးနေ့ကို ကျင့်ကြံရင်း စောင့်မျှော်နေခဲ့တယ်။
……………