ထွက်ပေါက်က အန္တရာယ်
Vol. 8 Ch. 94
၄ ရက်ကြာ ကျင့်ကြံမှုအပြီး စုန့်ဝမ် ထရပ်လိုက်တယ်။ အချိန်နီးပြီဆိုတော့ လှေပျံကို ထုတ်ယူစီးနင်းရင်း၊ အစောင့်ချထားတဲ့ ကူပိုးကောင်တွေ ခေါ်ယူပြီး သစ်ပင်ထိပ်ဖျား လွတ်ရုံအမြင့်ကနေ ပုံမှန်အရှိန်နဲ့ ပျံသန်းလာခဲ့တယ်။ ပျံသန်းနှုန်းက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေ အမြန်နှုန်းထက် ပိုမြန်နေလို့ တော်ရုံအန္တရာယ်လောက်ဆို စိတ်ပူစရာ မလိုဘူး။
ညနေစောင်းရောက်တော့ ထွက်ပေါက်အနား မိုင်နှစ်ရာအကွာထိ ရောက်လာပြီ။ ဒီနေရာအရောက် သူစိုးရိမ်နေသလို ဓားပြတိုက်ဖို့ ချောင်းနေတဲ့သူတွေနဲ့ စတိုးပါတော့တယ်။ ဓားပြက ချီစုစည်းခြင်း သတ္တမအဆင့်၊ သွေးနီနတ်ဆိုးဂိုဏ်းသား နှစ်ယောက်။ သူတို့နှစ်ယောက်ကလည်း လှေပျံကို မြင်သွားပြီး၊ စုန့်ဝမ် ထုတ်ဖော်ထားတဲ့ ချီစုစည်းခြင်း သတ္တမအဆင့်အော်ရာကို ခံစားမိလိုက်လို့ ချက်ချင်း ချဥ်းကပ်လာတယ်။
ပုံမှန်အချိန်ဆို ဒီလူနှစ်ယောက်ကို လွယ်လင့်တကူ ရှင်းပစ်နိုင်ပေမယ့်၊ နှလုံးထဲက နာကျင်မှုဒဏ်ကို မခံစားချင်သလို၊ ထွက်ပေါက်ဆီ လာနေတဲ့ တခြားသူတွေ သတိထားမိမှာ စိုးရိမ်လို့ လှေပျံကို တောအုပ်ထဲ နှိမ့်ဆင်းပြီး ပျံသန်းခဲ့တယ်။ ဓားပြနှစ်ယောက်ကလည်း သူတို့က ကြောက်လို့ ထွက်ပြေးတယ် ထင်ပြီး ထပ်ချပ်မကွာ လိုက်လာတယ်။ စုန့်ဝမ်က လှေပျံကို တမင်အရှိန်လျှော့ထားလို့ ဓားပြနှစ်ယောက် ချက်ချင်းမီလာပြီး ပေ ၅၀၀ အကွာထိ ရောင်လာတယ်။ လက်နက်ကိုယ်စီ ထုတ်ကိုင်ရင်း ရှေ့ကိုအာရုံစိုက်နေချိန် သူတို့နောက်ဖက်က မဟူရာကူ ၈ ကောင် ပေါ်လာပြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်တာ ခံလိုက်ရတယ်။
"အား .. အား"
ဓားပြနှစ်ယောက်လည်း မဟူရာကူတွေ ရုတ်တရက် ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး ကိုက်ဖြတ်တာ ခံလိုက်ရလို့ နာနာကျင်ကျင် အော်ဟစ်ရင်း မျက်စိတမှိတ်အတွင်း အသက်ပါသွားတယ်။
စုန့်ဝမ်လည်း ဓားပြနှစ်ယောက်အလောင်းကို ရှင်းလင်းသိမ်းဆည်းပြီး ထွက်ပေါက်ဆီ ဆက်ထွက်လာခဲ့တယ်။ နာရီဝက်လောက်နေတော့ ထွက်ပေါက်ကို လှမ်းမြင်ရတဲ့နေရာ ရောက်လာလို့ ခဏရပ်နားရင်း အခြေအနေကို အကဲခတ်လိုက်တယ်။ ထွက်ပေါက်က ပေနှစ်ထောင်လောက် မြင့်မားတဲ့တောင်ထိပ်ပေါ်မှာ တည်ရှိတယ်။ တောင်ထိပ်ပေါ်က မှောင်မည်းနေတဲ့ တွင်းပေါက်ဝသဏ္ဍာန်ကြီးက ထွက်ပေါက်ဖြစ်ရမယ်။ ထွက်ပေါက်ရှေ့မှာ နက်နဲယင်စွမ်းအင်ဂိုဏ်းသား ၇ ယောက်က ပိတ်ဆို့ထားတယ်။
၇ ယောက်ထဲမှာ ဦးဆောင်သူက ချီစုစည်းခြင်း နဝမအဆင့်ရှိ ချန်ရှို့မင်ဖြစ်နေတာ စုန့်ဝမ် သတိထားမိတယ်။ ကျန်တဲ့သူတွေကလည်း အားမနည်းဘူး၊ အဋ္ဌမအဆင့် ၃ ယောက်နဲ့ သတ္တမအဆင့် ၃ ယောက်။ ပြန်ထွက်လာသူ အများစုက တစ်ဦးချင်းသမားတွေ၊ အဖွဲ့လိုက်ဆိုရင်တောင် ၃ ယောက်လောက်ပဲ ပါတယ်။ ချန်ရှို့မင်တို့အုပ်စုကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ချီစုစည်းခြင်း နဝမအဆင့် ၂ ယောက်ပါတဲ့အဖွဲ့လောက်မှ အချိန်တစ်ခုထိ ခုခံနိုင်လိမ့်မယ်။ ဒီလုပ်ရပ်က အပြင်ပေါက်ကြားသွားရင် ဂိုဏ်းချင်းပါ ပြဿနာ တက်နိုင်တယ်၊ လုပ်ပြီဆို သတင်းမပေါက်အောင် အကုန်သတ်နိုင်ဖို့ လိုတယ်။ ဒါဆို ၇ ယောက်က မလုံလောက်သေးဘူး။
စုန့်ဝမ် သက်ာမကင်းဖြစ်လာလို့ မဟူရာကူတွေ စေလွှတ်ပြီး တောင်တစ်ခုလုံး ဖြန့်ရှာခိုင်းလိုက်တယ်။ မကြာပါဘူး၊ နောက်ထပ်ပုန်းနေသူတွေ ထပ်တွေ့ပါလေရော။ ၉ ယောက်တောင်၊ ချီစုစည်းခြင်း နဝမအဆင့်က ၄ ယောက်၊ အဋ္ဌမအဆင့်က ၅ ယောက်။ ဒါတော့ များသွားပြီ၊ တပည့်တွေအကြံ မဟုတ်နိုင်တော့ဘူး၊ ဂိုဏ်းက စီစဥ်ညွှန်ကြားထားတာပဲ။ ဒါဆို အစွမ်းထက်ဝိညာဥ်လက်နက်ပါ ထုတ်ပေးထားလောက်တယ်။ လျှို့ဝှက်နယ်မြေထဲမှာ နက်နဲယင်စွမ်းအင်ဂိုဏ်းက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တွေ သိပ်မတွေ့ရတာ ဒါကြောင့်ကိုး။ အချိန်ကတော့ သန်းခေါင်ချိန် နီးနေပြီ၊ ထွက်ပေါက်ပိတ်ဖို့ အချိန်နီးလာလို့ ဝင်လာသူတွေထဲက အသက်ရှင်ကျန်ရစ်သူတွေ ထွက်လာခါနီးပြီ။ စုန့်ဝမ်လည်း သစ်ပင်တွေကြားထဲ ခိုအောင်းပြီး အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ မဟူရာကူတွေကိုလည်း လိုအပ်မယ်ရ တပ်ဖြန့်ချထားတယ်။
နာရီဝက်လောက်နေတော့ လူ ၈ ယောက်ပါတဲ့အဖွဲတစ်ဖွဲ့ ရောက်လာပြီး တောင်ထိပ်နဲ့ ပေနှစ်ထောင်အကွာလောက်မှာ နေရာယူလိုက်တယ်။ အဖွဲ့ထဲမှာ အလောင်းနတ်ဆိုးဂိုဏ်းသားရော၊ သွေးနတ်ဆိုးဂိုဏ်းသားရော ပါဝင်နေတယ်။ သူတို့လည်း အခြေအနေကို အဝေးကနေ သတိထားမိလို့ တစ်ယောက်ချင်း မလာကြဘဲ လူစုပြီးမှ လာခဲ့တာ။
"မင်းတို့ နက်နဲယင်စွမ်းအင်ဂိုဏ်းက ဘာသဘောလဲ။ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက တပည့်တွေကို အကုန်သတ်ဖို့ စဥ်းစားနေတာလား။ ဂိုဏ်းချင်း စစ်ခင်းရမှာ မကြောက်ဘူးလား"
ရောက်လာတဲ့အုပ်စုထဲက လူတစ်ယောက် ရှေ့တိုးလာပြီး ခပ်တင်းတင်း မေးလာတယ်။
ချန်ရှို့မင်က ရန်လိုဟန်မပြဘဲ ရယ်ရယ်မောမော တုန့်ပြန်လာတယ်။
"ဟား ဟား .. တာအိုရောင်းရင်း အထင်လွဲနေပြီ။ ငါတို့က ဘယ်သူ့အသက်မှ မလိုချင်ဘူး။ မင်းတို့ ရလာသမျှထဲက တစ်ဝက်ပေးရင် လုံလုံခြုံခြုံ ထွက်ခွင့်ပေးမယ်"
"အဓိပ္ပါယ် မရှိတာ၊ ငါတို့ အသက်စွန့်ယူလာတာကို အချောင်နှိုက်ဖို့ ကြံစည်နေတာလား။ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကို အားနည်းနေတယ်လို့ ထင်နေတာလား"
ချန်ရှို့မင်က ပမာမခန့်နဲ့ ပခုံးတွန့်ပြတယ်။
"ဒါက တိုက်ပွဲပြီးရင် သိရမှာပေါ့"
စကားဆုံးတာနဲ့ ချန်ရှို့မင်ဆီက တစ္ဆေအော်ရာတွေ မြင့်တက်လာပြီး ဝတ်ရုံကလည်း လေမတိုက်ပါဘဲ တဖျပ်ဖျပ် လွင့်ပျံလာတယ်။
ပူးပေါင်းအဖွဲ့ တွေဝေသွားပြီ။ သူတို့က ဂိုဏ်းမတူသူတွေ ယာယီဖွဲ့ထားတဲ့အဖွဲ့။ ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာ မဟုတ်သလို၊ အပြန်အလှန် ယုံကြည်မှုလည်း မရှိကြဘူး။ ဒါနဲ့ပဲ ဘယ်သူက စဆုတ်မှန်းမသိ၊ နောက်ဆုတ်ရင်း နှစ်မိုင်အကွာလောက်ထိ ပြန်ဆုတ်လိုက်ရတယ်။ သူတို့ဝန်းကျင်မှာ နက်နဲယင်စွမ်းအင်ဂိုဏ်းက ပုန်းခိုနေတဲ့အဖွဲ့ ချဥ်းကပ်လာနေတာ မရိပ်မိကြသေးဘူး။ နောက်ထပ်ထွက်လာမယ့်သူတွေကို စောင့်နေကြတယ်။ စုန့်ဝမ်ကလည်း တိုက်ပွဲဖြစ်လာတာနဲ့ နည်းနည်းပဲ ကျန်ခဲ့မယ့်အစောင့်တွေကို တိုက်ခိုက်ထိုးဖောက်ဖို့ အသင့်ပြင်နေတယ်။
အားလုံး အကြံကိုယ်စီနဲ့ လှုပ်ရှားနေကြချိန် အဝေးက ကောင်းကင်ယံမှာ လူတစ်ယောက် ပေါ်လာတယ်။ သူက အလောင်းနတ်ဆိုးဂိုဏ်း အတွင်းစည်းတပည့်ဝတ်စုံ ဝတ်ဆင်ထားပြီး ချီစုစည်းခြင်း နဝမအဆင့်အော်ရာ ထုတ်လွှတ်ထားတယ်။ ဒါပေမယ့် သူ့အော်ရာက ရှုပ်ထွေးနေပြီး၊ မျက်နှာကလည်း စိုးရိမ်ပူပန်နေသလိုပဲ။ ဘာပဲပြောပြော သူရောက်လာလို့ ပူးပေါင်းအဖွဲ့ အားတက်သွားသလို၊ အလစ်ချောင်းတိုက်ခိုက်ဖို့ ပြင်နေတဲ့ နက်နဲယင်စွမ်းအင်ဂိုဏ်းက အဖွဲ့လည်း ကိုယ်ရှိန်သတ်လိုက်ရတယ်။
နှစ်မိုင်အကွာလောက် ရောက်လာချိန် သူ့မျက်နှာကို သေချာတွေ့လိုက်တဲ့ အလောင်းနတ်ဆိုးဂိုဏ်းသားက ထနှုတ်ဆက်တယ်။
"ဂိုဏ်းတူအကိုချန်ပင်း .. ဘာဖြစ်လာတာလဲ"
သူ့နာမည် ခေါ်လိုက်တဲ့အသံကြောင့် ချန်ပင်းက ပူးပေါင်းအုပ်စုကို သတိထားမိပြီး ဝမ်းသာသွားတယ်။ ဒါပေမယ့် မရပ်ဘဲ၊ အပေါ်က ခုန်ပျံရင်း ဆက်ပြေးသွားတယ်။ ပူးပေါင်းအဖွဲ့လည်း ကြောင်သွားပေမယ့် တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားလို့ သူတို့ထဲက တစ်ယောက်ကလေထဲ ပျံတက်ရင်း အခြေအနေကို အကဲခတ်တယ်။
မကြာပါဘူး၊ ချန်ပင်း လာခဲ့တဲ့လမ်းအတိုင်း တစ်စုံတစ်ယောက် အပြေးလာနေတဲ့အသံကို ကြားလိုက်ရတယ်။ အသံက ကျယ်လောင်လာပြီး၊ မြေပြင်တောင် တုန်ခါလာတယ်၊ သစ်ပင် လဲပြိုသံတွေလည်း ကြားလာရတယ်။
"မကောင်းတော့ဘူး .. ချန်ပင်းကို တစ်ယောက်ယောက် လိုက်ဖမ်းနေပြီ။ ဒီလမ်းကြောင်းမှာ မနေနဲ့တော့။ လူခွဲပြေးကြ"
ပူးပေါင်းအဖွဲ့က လူလည်း အော်ဟစ်သတိပေးပြီးတာနဲ့ ချန်ပင်းပြေးတဲ့လမ်းနဲ့ ထောင့်ဖြတ်ဦးတည်ရာဆီ ထွက်ပြေးပါတော့တယ်။ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာသူတွေမှာ အဆင့်အမြင့်ဆုံးအုပ်စုက ချန်ပင်းလိုလူတောင် အသက်လုပြေးစေနိုင်တဲ့အရာကို ရင်ဆိုင်ဖို့ ဘယ်သူမှ မစဥ်းစားရဲဘူးလေ။
ပူးပေါင်းအဖွဲ့က ကျန်တဲ့သာ ၇ ယောက် ပျံတက်ထွက်ပြေးဖို့ ပြင်လိုက်ချိန် ကြီးမားတဲ့ပုံရိပ်ကြီးတစ်ခု သူတို့ရှေ့ ဘွားခနဲ ကျရောက်လာလို့ ထိတ်လန့်ကြောင်အကုန်တယ်။ ဒါကြီးက ဒုတိယအဆင့် ကြေးနီဖုတ်ကောင်ကြီးလေ။ အခြေတည်နယ်ပယ်ခွန်အား ပိုင်ဆိုင်ထားလို့ ချီစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေ ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။
..........
ကြေးနီဖုတ်ကောင်က လူဘယ်လောက်များများ သတ်ဖြတ်ပြီး သွေးတွေ စုပ်ယူခဲ့လဲ မသိဘူး၊ သူ့တကိုယ်လုံး သွေးအငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး၊ အသားပေါ်မှာ သွေးနီရောင်အလွှာတစ်ထပ် ပေါ်နေပြီ။ အချိန်တိုအတွင်း လူအများအပြား သတ်ဖြတ်ပြီး စုပ်ယူထားတဲ့သွေးကို သေချာသန့်စင်ဖို့ အချိန်မရသေးဘူး။
ကြေးနီဖုတ်ကောင်က ပူးပေါင်းအဖွဲ့ကို တွေ့တာနဲ့ ချန်ပင်းကို လိုက်မဖမ်းတော့ဘဲ သားကောင်သစ်ကို မဲပါတော့တယ်။ ပျံသန်းထွက်ပြေးဖို့ အားယူနေတဲ့လူအုပ်ဆီ ပြေးဝင်ရင်း လက်သည်းရှည်ကြီးတွေ ဝေ့ယမ်းတိုက်ခိုက်လိုက်တယ်။ လှုပ်ရှားမှု နည်းနည်းနောက်ကျသွားတဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ရှောင်မလွတ်တော့ဘဲ ဒူးအောက်ပိုင်းက ပြတ်ထွက်ပြီး မြေပြင်ပေါ် ပြုတ်ကျသွားတယ်။
"အား .. ကယ်ကြပါဦး"
ခြေပြတ်သွားတဲ့ အမျိုးသမီးက အော်ဟစ်အကူအညီ တောင်းပေမယ့် ဘယ်သူမှ လှည့်မကြည့်တော့ဘူး။ ထွက်ပေါက်ဆီပဲ အသက်လု ပြေးနေကြတယ်။ ကြေးနီဖုတ်ကောင်နဲ့ ယှဥ်ကြည့်ရင် ချန်ရှို့မင်တို့က ဘာမှမပြောပလောက်ဘူး။ သူတို့လည်း ထွက်ပြေးရမှာပဲ မဟုတ်လား။
ကံဆိုးသူ အမျိုးသမီးကျင့်ကြံသူကတော့ ကြေးနီဖုတ်ကောင်ရဲ့အစာ ဖြစ်သွားပြီ။ ကြေးနီဖုတ်ကောင်က သူ့ဂုတ်က ဆွဲမပြီး ချွန်ထက်တဲ့သွားတွေနဲ့ လည်ပင်းကို ကိုက်ခဲရင်း သွေးစုက်ယူပါတော့တယ်။ အသက်တစ်ရှိုက်စာအတွင်း တစ်ကိုယ်လုံးက သွေးတွေ အကုန်စုက်ယူခံရပြီး မံမီရုပ်လို ခြောက်ကပ်ပြီး အသက်ထွက်သွားတယ်။ သွေးစုပ်ပြီးတာနဲ့ ဖုတ်ကောင်က အမျိုးသမီးခေါင်းကို ထိန်းကိုင်ရင်း ခန္ဓာကိုယ်ကနေ ဆွဲဖြတ်ယူလိုက်တယ်။ ဖြုတ်ပြီးတာနဲ့ ဦးခေါင်းခွံကို ရိုက်ခွဲပြီး ဦးနှောက်ကို ထုတ်ယူမျိုချလိုက်တယ်။
မဟူရာကူတွေကတဆင့် ဖြစ်စဥ်အစအဆုံး မြင်နေရတဲ့စုန့်ဝမ်က ကြေးနီဖုတ်ကောင် လုပ်ကိုင်နေပုံ ကြည့်ရင်း စိတ်ပျက်နေတယ်။ ဒီကောင် သွေးစုပ်ပုံက ပရမ်းပတာနိုင်လွန်းတယ်။ သွေးတစ်ဝက်လောက်က မြေပေါ်ကျပြီး အလဟသ ဖြစ်ကုန်တယ်။ အကောင်းပကတိကျန်တဲ့ လတ်လတ်ဆတ်ဆတ် ဝိညာဥ်ကိုလည်း မဝါးမျိုတတ်ဘူး။ ဘယ်လောက်တောင် နှမျောစရာကောင်းလဲ။
ကြေးနီဖုတ်ကောင်က သားကောင်ကို အမဲဖျက်ပြီးတာနဲ့ ဘယ်ဘက်ခြမ်းက တောအုပ်လေးဆီ ပြေးဝင်သွားတယ်။ အဲဒီမှာ ခြုံခိုတိုက်ခိုက်ဖို့ နေရာယူထားတဲ့ နက်နဲယင်စွမ်းအင်ဂိုဏ်းက ကျင့်ကြံသူ ၃ ယောက် ပြေးဖို့ သတိမရဘဲ၊ ငေးကြောင်ကြည့်နေတယ် မဟုတ်ပါလား။ ကြေးနီဖုတ်ကောင်ကြီး ပြေးဝင်လာတော့ ကြက်သေသေနေသူ ၃ ယောက်လည်း သတိဝင်လာပြီး ခုခံဖို့ ပြင်ကြတယ်။
ကြေးနီဖုတ်ကောင် ထွက်သွားတာနဲ့ မဟူရာကူတစ်ကောင်က အမျိုးသမီး ကျင့်ကြံသူအလောင်းက သိုလောင်အိတ်ကို ဖြုတ်ယူပြီး စုန့်ဝမ်ဆီ သွားပို့တယ်။
ကြေးနီဖုတ်ကောင် ပြေးဝင်လာပေမယ့် နက်နဲယင်စွမ်းအင်ဂိုဏ်းတပည့်တွေ ထွက်မပြေးဘူး၊ ချီစုစည်း နဝမအဆင့်ရှိသူက၊ အဋ္ဌမအဆင့် နှစ်ယောက်ရှေ့က မားမားမတ်မတ်ရပ်ပြီး ခုခံဖို့ ပြင်နေလို့ စုန့်ဝမ်တောင် စိတ်လှုပ်ရှားသွားတယ်။ ရဲဘော်ရဲဘက် ပီသတဲ့သူပေပဲ။ သူက ကြေးနီဖုတ်ကောင် ကပ်လာတာနဲ့ တီးတိုးရေရွတ်ရင်း သုံးပေအရှည်ရှိတစ္ဆေဓားနဲ့ ခုတ်ချလိုက်တယ်။
"ဖျက်စီးခြင်းလျှပ်စီးဓား"
"ရွှီး"
"ဒေါင်"
လျှပ်စီးဓားလှိုင်းက ကြေးနီဖုတ်ကောင်ရင်ဘတ်ကို တိတိကျကျ ထိမှန်သွားပေမယ့် ပေါက်ထွက်မသွားဘဲ သံတုံးကို ခဲနဲ့ခေါက်တဲ့အသံမျိုး ထွက်လာပြီး ဓားက ပြန်ကန်ထွက်လာတယ်။ ဓားသမားလည်း ကြောင်သွားတယ်။
ကြေးနီဖုတ်ကောင်က ဒဏ်ရာရမသွားပေမယ့် နောက်ကို ခြေသုံးလှမ်းလောက် ပြန်လန်ကျသွားတယ်။ ဒေါသတော့ အကြီးအကျယ် ထွက်သွားပြီ၊ အလောင်းစွမ်းအင်တွေ တရှိန်ရှိန် ထွက်ပေါ်လာပြီး ခေါင်းပေါ်က ရှိစုမဲ့စုဆံပင်တွေ ထောင်ထလာတယ်။
"ဂါး .."
အခြေအနေ မဟန်မှန်း ရိပ်မိသွားတဲ့ ဓားသမားလူငယ်က သူ့နောက်မှာ ရပ်နေတဲ့အဖော်တစ်ယောက်ကို ဖမ်းဆွဲပြီး ကြေးနီဖုတ်ကောင်ဆီ ပစ်ထုတ်ပြီး၊ ပြေးပါတော့တယ်။ သူပြေးတာနဲ့ ကျန်တဲ့အဖော်တစ်ယောက်လည်း နောက်လိုက်ပြေးသွားတယ်။ ကြေးနီဖုတ်ကောင်က လွင့်ပျံလာတဲ့လူကို ဖမ်းဆွဲပြီး လည်ပင်းကို ကိုက်ဖောက်ရင်း သွေးစုပ်ယူလိုက်တယ်။ သွေးကုန်တာနဲ့ ခေါင်းရိုက်ခွဲ၊ ဦးနှောက်ကို စားပစ်လိုက်တယ်။ စားပြီးတာနဲ့ အလောင်းက လက်နှစ်ဖက်ကို ဆွဲဖြုတ်ယူပြီး ထွက်ပြေးတဲ့ဓားသမားနောက် ပြေးလိုက်တယ်။ အကွာအဝေးတစ်ခု နီးကပ်တာနဲ့ ဖြုတ်ယူလာတဲ့ လက်နှစ်ဖက်ကို အားကုန်သုံး ပစ်ပေါက်လိုက်တယ်။
နောက်က လေတိုးသံ ကြားပေမယ့် ဓားသမားက လှည့်မကြည့်ဘူး၊ ယင်စွမ်းအင်ဒိုင်းနည်းစနစ် အသက်သွင်းရင်း ကျောဘက်မှာ အနက်ရောင်ဒိုင်းကာအလွှာ ဖန်တီးပြီး ဆင်ပြေးတယ်။
"ဘန်း .. ဘုန်း"
ကျယ်လောင်တဲ့အသံနဲ့အတူ အားပြင်းတဲ့ထိတွေ့မှုတစ်ခု ဖြစ်လာပြီး လက်မောင်းနှစ်ဖက် သွေးမြူတွေ ဖြစ်သွားသလို၊ ယင်စွမ်းအင်ဒိုင်းအကာလည်း ပျက်စီးသွားတယ်။ ဓားသမားလည်း ပေါက်ကွဲမှုအရှိန်ကြောင့် ဟပ်ထိုးလဲမလို ဖြစ်သွားပေမယ့် အချိန်မီ ဟန်ချက်ထိန်းရင်း ယိုင်ထိုးယိုင်ထိုးနဲ့ ဆက်ပြေးတယ်။
အခြေအနေကို အကဲခတ်နေတဲ့ ချန်ရှို့မင်တို့အုပ်စုလည်း ကြေးနီဖုတ်ကောင် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ ရိပ်မိလို့ ထွက်ပေါက်ဆီ ပျံသန်းပြီး ထွက်ပြေးကြပါတော့တယ်။ သူ့လူတွေ ကူညီလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြေးလာနေတဲ့ ဓားသမားလည်း စိတ်ဓာတ်ကျသွားတယ်။ သူစိတ်ဓာတ်ကျပြီး နည်းနည်းနှေးသွားတာနဲ့ ကြေးနီဖုတ်ကောင်က မီလာပြီး တိုက်ခိုက်သတ်ဖြတ် ဝါးမျိုလိုက်ပါတော့တယ်။
ဓားသမားကို သတ်ဖြတ်ဝါးမျိုပြီးတာနဲ့ ကြေးနီဖုတ်ကောင်အကြည့်က ထွက်ပေါက်ကို စိုက်ကြည့်နေတယ်။ အသိဥာဏ် မရှိသလောက်ဆိုပေမယ့် ဒီနားမှာ လူတွေရပ်နေခဲ့တယ်၊ ဒီနေရာဆီ ပြေးတယ်ဆိုတဲ့ သဘာဝအသိအရ ဘယ်မှ ထွက်မသွားတော့ဘဲ ထွက်ပေါက်နား တဝဲလည်လည်နဲ့ စောင့်နေခဲ့တယ်။
စုန့်ဝမ်က မဟူရာကူတွေ သိမ်းယူလာတဲ့ သိုလှောင်အိတ် ၃ လုံးကို သိမ်းပြီး ထွက်ပေါက်နား ရစ်သီရစ်သီ လုပ်နေတဲ့ ကြေးနီဖုတ်ကောင်ကို ကြည့်ရင်း ခေါင်းခါလိုက်မိတယ်။ ဒီကောင် ဘယ်လောက်အစွမ်းထက်ထက် အလောင်းက အလောင်းပဲလေ၊ ဘာစဥ်းစားဥာဏ် ရှိမှာလဲ။ ချန်ရှို့မင်တို့အုပ်စုသာ အချိတ်အဆက်မိမိ တိုက်ခိုက်ရင် အနိုင်ယူနိုင်မှာ သေချာတယ်။ သိပ်မကြာခင် ထွက်လာတော့မယ့်သူတွေ ပူးပေါင်းတိုက်ခိုက်ရင် အလွယ်တကူ ကျော်လွှားနိုင်မှာပါ။
ခဏနေတော့ မိုးလင်းခါနီးပြီး ထွက်ပေါက်ပိတ်ဖို့ ၃ နာရီအလို ရောက်လာတယ်။ ပြန်ထွက်မယ့် ဂိုဏ်း ၃ ဂိုဏ်း တပည့်တွေလည်း ထွက်ပေါက်ရှိရာ တောင်ထိပ်နား တဖွဲဖွဲ ရောက်လာကြပြီ။
…………………..