← Chapters

ပင်လယ်နတ်ဆိုးသားရဲ

Vol. 1 Ch. 337

ပင်လယ်နတ်ဆိုးသားရဲ

Vol. 1 Ch. 337

"တက်သွားပြီး ကြည့်ရအောင်"

ဟဲလောင်သည် မှင်တက်နေသော်လည်း ချက်ချင်း စိတ်လှုပ်ရှားလာခဲ့သည်။ သူသည် အတွင်းအားများ ထုတ်ဖော်လိုက်ပြီး အပေါ်ခုန်တက်ရန် ပြင်လိုက်သည်။

ကျန်းရီသည် သူ့အား တားဆီးကာ ပြောလိုက်သည်။

"ဟဲလောင်...ငါအရင်သွားမယ်။ ငါ့မှာ မီးဝိဉာဉ်ကျောက်တုံး နှစ်ခုကျန်သေးတယ်။ အဲ့ဒီမှာ အန္တရာယ် ရှိရင် အဲ့ဒါတွေနဲ့ ရှင်းပစ်လို့ရသေးတယ်"

"ဟင့်အင်း"

ဟဲလောင်သည် ခေါင်းမာစွာ ငြင်းလိုက်သည်။

"ကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြောင့် မဟုတ်ဘူးဆိုရင် သခင်လေးရီ ဒီကိစ္စထဲ ပါလာမှာမဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး သခင်လေးရီကို စွန့်စားခွင့် ပြုရမှာလဲ...သခင်လေးရီ...ကျွန်တော့်ကို နားချဖို့ မကြိုးစားပါနဲ့။ ဒီအဖိုးကြီးဟဲက နှေးနှေးကွေးကွေးဆိုပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ အစွမ်းအစတော့ ရှိပါသေးတယ်"

"ဒါဆိုလည်း ကောင်းပြီ"

ကျန်းရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ သူထပ်မံ ဖြောင်းဖျရန် ကြိုးစားပါက ဟဲလောင်သည် ကျန်းရီသူ့ကို အထင်သေးနေသည်ဟု ထင်သွားလိမ့်မည်။ ကျန်းရီသည် မီးဝိဉာဉ်ပုလဲထဲမှ ကြိုးတစ်ချောင်းကို ထုတ်ယူကာ ဟဲလောင်ဆီ ပေးလိုက်ရင်း မှာကြားလိုက်သည်။

"ဂရုစိုက်...အန္တရာယ် တစ်ခုခု ရှိတာနဲ့ ချက်ချင်းပြန်ဆင်းလာခဲ့"

ဟဲလောင်သည် ကျန်းရီလှုပ်ရှားခဲ့သည့် ပုံစံအတိုင်း နံရံထက် ခြေလှမ်းအနည်းငယ် နင်းလိုက်ပြီး အပေါ်သို့ ခုန်လိုက်သည်။ ကျန်းရီနှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်၏ ကွာခြားချက်မှာ သိသာလေသည်။ ကျန်းရီသည် မီတာခြောက်ဆယ် ကျော်ရုံလေးသာ ခုန်နိုင်သော်လည်း ဟဲလောင်မှာ အသာလေးခုန်လိုက်ပြီး တွင်းပေါက်ဝအား လက်ဖြင့်ဖမ်းကိုင်နိုင်လေသည်။ ထို့နောက် အားယူ၍ အပေါ်သို့ တက်သွားခဲ့လေ၏။

ကျန်းရီသည် မျက်နှာမလွှဲဘဲ သေချာ ကြည့်နေခဲ့သည်။ သူသည် အသက်တောင် ရဲရဲမရှူဝံ့ပါချေ။ ဒုတိယထပ်သည်လည်း ပထမထပ်နှင့် တစ်ပုံစံတည်းဖြစ်၍ ထွက်ပေါက်မရှိပါက ဤနေရာတွင် သူတို့သေသည်အထိ ပိတ်မိနေနိုင်သည်။ သူ၏ မီးဝိဉာဉ်ပုလဲထဲတွင် မီးဝိဉာဉ်ကျောက်တုံး နှစ်ခုသာ ကျန်ရှိတော့ရာ အများဆုံးမှ တတိယထပ်အထိသာ တက်နိုင်လိမ့်မည်။

ဟဲလောင်၏ကိုယ်သည် ဒုတိယထပ်ထံ လျင်မြန်စွာ ရောက်ရှိသွားသည်။ ရုတ်တရက် ဝမ်းသာအားရ ဖြစ်နေဟန်တူသော အသံခပ်အုပ်အုပ်သည် ဒုတိယထပ်မှ ပျံ့လွင့်လာခဲ့သည်။

"ဟားဟားဟား...သခင်လေးရီ၊ ကျွန်တော်တို့ ထွက်သွားနိုင်ပြီ"

ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး ချပေးလာမည့် ကြိုးအား စောင့်နေလိုက်သည်။ ထို့နောက် သူသည် ကြိုးစအားဆွဲ၍ ဒုတိယထပ်ထံ ခပ်သွက်သွက် တက်သွားလိုက်သည်။ သူသည် အပေါ်သို့ရောက်သည်နှင့် ပတ်ဝန်းကျင်အား လျင်မြန်စွာ အကဲခတ်လိုက်သည်။ သူ့မျက်ဝန်းများ နောက်တစ်ကြိမ် ဝင်းလက်သွားကာ ဝမ်းသာအားရ ရေရွတ်လိုက်သည်။

"နေရာရွှေ့ပြောင်းအစီအရင်"

ဒုတိယထပ်သည် ပထမထပ်နှင့် တစ်ထေရာတည်း ဖြစ်သော်လည်း တစ်ခုတည်းသော ကွဲပြားချက်အနေနှင့် ထောင့်တစ်နေရာတွင် နေရာရွှေ့ပြောင်းပို့ဆောင်သည့် အစီအရင်တစ်ခု ရှိနေလေသည်။ ဤအထပ်သို့ ရောက်လာကြသူများသည် တစ်နေရာသို့ ပို့ဆောင်ခံလိုက်ရသည့်အတွက် အရိုးစုတစ်ခုတစ်လေမျှ ရှိမနေခဲ့ချေ။ သူတို့ မည်သည့်နေရာသို့ ရောက်သွားမည်မှန်းမသိသော်လည်း ထွက်ပေါက်တစ်ခုတော့ ရှိနေသေးလေသည်။

နှစ်ယောက်သားသည် အစီအရင်အတွင်းသို့ တိုက်ရိုက်မဝင်လိုက်သေးဘဲ ပတ်ဝန်းကျင်အား အရင်စစ်ဆေးလိုက်သည်။ ဤအထပ်သည် ပထမထပ်နှင့် တစ်ပုံစံတည်းဖြစ်မှန်း အတည်ပြုပြီးမှ အစီအရင်ရှိရာသို့ သူတို့ လျှောက်သွားလိုက်ကြသည်။

"သခင်လေးရီ...ဒီမှာစောင့်နေပြီး ဒီအဖိုးကြီးဟဲကို အရင်သွားခွင့်ပြုပါ"

ကျန်းရီသည် ဝင်တော့မည် ပြုလိုက်သော်လည်း ဟဲလောင်က သူ့အား တားဆီးလာခဲ့သည်။ သူသည် ဤတစ်ကြိမ်တွင် သဘောမတူတော့ဘဲ ပြန်ပြောလိုက်သည်။

"အတူဝင်သွားကြရအောင်...ဒီနေရာရွှေ့ပြောင်းအစီအရင်က ငါတို့ကို တစ်နေရာစီပို့ရင် ဒုက္ခရောက်လိမ့်မယ်။ ငါတို့နှစ်ယောက် အတူရှိနေရင် ပိုကောင်းတာပေါ့"

"အင်း...ဒါလည်းဟုတ်တာပဲ"

ဟဲလောင်သည် ခေါင်းမာ၍ ငြင်းမနေတော့ပေ။ သူသည် ကောင်းကင်အဆင့် ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ကျန်းရီသည်လည်း မီးနဂါးဓားကို ဆွဲထုတ်လိုက်သည်။ သူတု့ိနှစ်ယောက်သည် အစီအရင်အတွင်း အတူပြေးဝင်သွားလိုက်ကြသည်။

အစီအရင်အတွင်း နှစ်ယောက်သား ခြေချမိသည်နှင့် အဖြူရောင်အလင်းများ တောက်ပလာခဲ့ပြီး နှစ်ယောက်လုံး နေရာမှ ကွယ်ပျောက်သွားခဲ့သည်။

ကျန်းရီသည် သူ့ခြေထောက် မြေပြင်ပေါ်ရောက်သွားသည်ဟု ခံစားလိုက်ရသည်နှင့် သတ်ဖြတ်ခြင်းအင်အားကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်အား လျှပ်စီးအလျင်နှင့် အကဲခတ်လိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူနှင့်ဟဲလောင် နှစ်ယောက်လုံးတွင် မယုံကြည်နိုင်သည့် အမူအရာများ ရှိနေခဲ့ကြသည်။

သူတို့နှစ်ယောက်သည် ပင်လယ်ကြီးက ဝန်းရံထားသည့် လူသူမရှိ ကျွန်းတစ်ခုထက်တွင် ရောက်နေကြခြင်းဖြစ်သည်။ မနီးမဝေးတွင် မရေမတွက်နိုင်သော ကျွန်းငယ်လေးများ၊ ကျောက်ဆောင်ကျောက်တန်းများ ရှိနေသည်။ ကျန်းရီသည် ပင်လယ်ထဲတွင် ကူးခတ်နေကြသည့် ငါးများကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

"ဒါက ဘယ်နေရာလဲ"

ကျန်းရီသည် မှင်သက်ဆွံ့အနေခဲ့သည်။ သူသည် ဆောင့်ကြောင့်ထိုင်ချ၍ သဲများကို ကိုင်ကြည့်လိုက်ပြီး မီးနဂါးဓားကိုသုံး၍ ပင်လယ်ပြင်ထက် ခုတ်ချကြည့်လိုက်သည်။ ရေလှိုင်းများ လှုပ်ရှားသွားပြီး ရေစက်များ စင်လာသောအခါ ဤနေရာသည် ပုံရိပ်ယောင်လောက မဟုတ်မှန်း သူသေချာသွားခဲ့သည်။ သူတို့သည် ဤလူသူမရှိသည့် ကျွန်းကြီးထက် အမှန်တကယ် ပို့ဆောင်ခံလိုက်ရခြင်းဖြစ်သည်။

"အမ်"

ဟဲလောင်သည် သူ့အား ပြန်ဖြေမလာမှန်း သူသတိပြုမိလိုက်သည့်အခါ နောက်လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် မချိပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် သတ်ဖြတ်ခြင်းအင်အားအား ထုတ်လွှတ်ထားသည်ကို မေ့လျော့နေခဲ့ခြင်းဖြစ်သည်။ ဟဲလောင်သည် ဖိအားကြောင့် အသက်ပင် မရှူနိုင်ဖြစ်နေခဲ့သည်။ သူ့အား မည်သို့ပြန်ဖြေနိုင်ပါမည်နည်း။

"ဟူး...ဟူး"

ကျန်းရီ သတ်ဖြတ်ခြင်းအရှိန်အဝါကို ရုတ်သိမ်းလိုက်သောအခါမှ ဟဲလောင်သည် အသက်လုရှူရင်း ပြောလာခဲ့သည်။

"သခင်လေးရီ...သခင်လေးရီရဲ့ သတ်ဖြတ်ခြင်းအင်အားက အရမ်းအားကောင်းတယ်။ ပဉ္စမအဆင့်ကိုသာ ရောက်သွားရင် သာမန်ဗာဂျရာအဆင့်လူတွေတောင် ဖိနှိပ်ခံရလောက်တယ်။ ရွှေယို့လန်နဲ့ ဘုန်းတော်ကြီးယန်ရှဲ့တို့လို လူတွေဆိုရင်တော့ ဘယ်လိုမှ မနေလောက်ဘူး"

ဟဲလောင်သည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်သည်။

"ကျွန်တော်တို့တွေ အပြင်ကို တိုက်ရိုက်အပို့ခံလိုက်ရတာလား၊ ဘယ်လိုလုပ် ဒီလောက်ရိုးရှင်းနေတာလဲ...တစ်ခုခုတော့ လွဲနေပြီ။ ပထမထပ်မှာ အရိုးစုတွေ ဆယ်ဂဏန်းလောက်ပဲ ရှိတာမို့ ဒုတိယထပ်ကို လူတွေအများကြီး ရောက်သွားကြမှာ...ဒီတားမြစ်နယ်မြေထဲ ဝင်လာကြတဲ့သူတွေ ဘာလို့ ပြန်ထွက်မလာကြတာလဲ"

"သွားကြစို့"

ကျန်းရီသည် တစ်ခဏ စဉ်းစားနေလိုက်ပြီးနောက် ရေပြင်ထံ ပျံသန်းသွားခဲ့သည်။ သူသည် ရေပြင်ထံ ရှပ်ပြေး၍ အနီးအနားရှိ ကျွန်းငယ်လေးတစ်ခုထံ ပြေးသွားလိုက်သည်။

"သခင်လေးရီ...သတိထား"

ဟဲလောင်သည် ပြေးလိုက်သွားရန် ပြင်လိုက်သော်လည်း ပင်လယ်ရေထဲသို့ အကြည့်ရောက်သွားပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဟာ"

ကျန်းရီသည်လည်း ပင်လယ်ထဲမှ လှုပ်ရှားမှုများကို သတိပြုမိလိုက်သည်။ သူငုံ့ကြည့်လိုက်သောအခါတွင် ရေပြင်ပေါ်သို့ တိုးထွက်လာသော ငါးကြီးအချို့ကို မြင်လိုက်ရသည်။ ၎င်းတို့သည် ပါးစပ်ကြီးများကို ဖြဲထားသည့်အတွက် လွှသွားနှယ် ချွန်မြနေသည့် သွားများကို အတိုင်းသား မြင်နေရလေသည်။ ကျန်းရီသည် အနည်းငယ်မျှတောင် ထိတ်လန့်မသွားပါချေ။ ထိုငါးများ၏ အရှိန်အဝါမှာ အားနည်း၍ ဒုတိယအဆင့် နတ်ဆိုးသားရဲများနှင့် အတူတူလောက်သာရှိသောကြောင့် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။

ဝှစ်...ဝှစ်

သတ်ဖြတ်ခြင်းအင်အား၏ အငွေ့အသက်တို့သည် သူ့ကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး သူသည် မီးနဂါးဓားကို လွှဲ၍ ငါးသုံးကောင်အား အေးအေးလူလူ ပိုင်းချလိုက်သည်။ ထို့နောက် သူသည် ငါးများ၏ အလောင်းပေါ် တက်နင်းကာ မဝေးလှသော ကျွန်းထံ ခုန်သွားလိုက်သည်။

ဝှစ်...

ဟဲလောင်သည်လည်း ကျန်းရီနည်းတူ ရေပြင်အား ခြေဖော့နင်း၍ ပြေးလာခဲ့သည်။ ငါးများသည် သူ့အားတိုက်ခိုက်လာကြသော်လည်း သူသည် အားကောင်းလှသောကြောင့် ကျွန်းပေါ် အလွယ်တကူ ရောက်ရှိသွားခဲ့သည်။

"ဒါက ကောင်းကင်ကြယ်တာရာနယ်မြေ အနီးအနားမှာရှိတဲ့ ပင်လယ်နယ်နိမိတ် မဟုတ်ဘူး...အဲ့ဒီမှာဆို ပင်လယ်နတ်ဆိုးသားရဲတွေ ဒီလောက် အများကြီး မရှိဘူး"

ဟဲလောင်သည် ကျွန်းပေါ်ခြေချမိသည်နှင့် မျက်နှာပျက်ပျက်ဖြင့် ပြောလာခဲ့သည်။

ကောင်းကင်ကြယ်တာရာနယ်မြေကို ပင်လယ်ကြီးက ဘက်ပေါင်းစုံမှ ကာဆီးထား၍ နတ်ဆိုးသားရဲ အမြောက်အများလည်း ရှိလေသည်။ ပင်လယ်နှင့်နီးသော နိုင်ငံများသည် ပင်လယ်ပြင်ကို ကင်းထောက်ရန် လူများစေလွှတ်ခဲ့ကြပြီး မိုင်တစ်သောင်းဝန်းကျင်လောက် ရောက်မှသာ နောက်ပြန်ဆုတ်ခဲ့ကြသည်။

ပင်လယ်ထဲတွင် ပင်လယ်နတ်ဆိုးသားရဲများ ရှိကြပြီး ပင်လယ်နတ်ဆိုးဘုရင်အချို့လည်း ရှိကြသည်။ သူတို့သည့ နတ်ဆိုးသားရဲဘုရင်တစ်ကောင်၏ ပိုင်နက်အတွင်း ဝင်ရောက်မိပါက မရေမတွက်နိုင်သော ပင်လယ်နတ်ဆိုးသားရဲများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရနိုင်သည်။ ပင်လယ်ထဲတွင်ဆိုလျှင် လူသားများ၏ တိုက်ခိုက်နိုင်စွမ်းမှာ သက်ရောက်ခံရသည်။ နတ်ဆိုးသားရဲဘုရင်တစ်ကောင်တည်းကပင် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ရာချီကို အလွယ်တကူ သတ်ပစ်နိုင်သည်။

ရှားနိုင်ငံ၏ အရှေ့ဘက်တွင် ပင်လယ်ရှိသဖြင့် ကျန့်ဂိုဏ်းမှ လူများ စေလွှတ်၍ ကင်းထောက်စေခဲ့ဖူးသည်။ သူတို့သည် ပင်လယ်အနေအထားနှင့် အတော်လေး ရင်းနှီးလေသည်။ ဟဲလောင်၏ အမြင်တွင် ဤပင်လယ်နယ်နိမိတ်သည် နယ်မြေ၏ပတ်ဝန်းကျင်မှ ပင်လယ်ပုံစံနှင့် အနည်းငယ်မျှ မတူပါချေ။

"အင်း...ဟဲလောင်၊ ဒီနေရာက နယ်မြေရဲ့ ပတ်ဝန်းကျင်က ပင်လယ်မဟုတ်ဘူး။ ဒါက သီးခြားနယ်မြေ(အာကာပြင်)တစ်ခုပဲ"

ကျန်းရီသည် မျက်နှာပျက်ပျက်နှင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ကို ညွှန်ပြကာ ပြောလိုက်သည်။

"ကောင်းကင်ကို ကြည့်လိုက်"

"ကောင်းကင်"

ဟဲလောင်သည် မူလက သတိမထားမိသော်လည်း သေချာကြည့်လိုက်သောအခါမှ တစ်စုံတစ်ခု လွဲမှားနေသည်ကို တွေ့ရှိသွားခဲ့သည်။

ကောင်းကင်သည် လင်းထိန် ရှင်းလင်းနေခဲ့ပြီး နေ၊ လနှင့် ကြယ်များ တစ်ခုမှ ရှိမနေပေ။ သူသည် တစ်ခဏ စဉ်းစားလိုက်ပြီးနောက် ဓားရှည်ကို လွှဲ၍ ကောင်းကင်ဆီသို့ လခြမ်းကွေးသဏ္ဍာန် အတွင်းအားတိုက်ခိုက်မှုတစ်ခု ပစ်လွှတ်လိုက်သည်။ ကောင်းကင်တွင် အလင်းတစ်ချက် လက်သွားခဲ့ပြီး ငါးပိုက်ကွန်ပုံစံ အကြည်ရောင် တားမြစ်အစီအရင်တစ်ခု ဖြတ်ခနဲ ပေါ်ထွက်လာခဲ့သည်။

"ဒါ.."

ကောင်းကင်ထက်မှ အစီအရင်အား ကြည့်လိုက်ပြီး သူတို့စိတ်များ လေးလံသွားကြသည်။ စုန်းနတ်ဘုရားသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ရမည်။ သူသည် တားမြစ်အစီအရင်များ ပြုလုပ်ခြင်းတွင်လည်း အလွန်ထူးချွန်လှသည်။ ဗာဂျရာအဆင့်ပုဂ္ဂိုလ်များသည် ဤကဲ့သို့ သီးခြားနယ်မြေတစ်ခု ဖန်တီးနိုင်ရန် အစွမ်းအစ ရှိမည်မဟုတ်ပေ။

နှစ်ယောက်သားသည် အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်အားကြည့်ရင်း စိတ်များ လေးလံလာကြသည်။ ဤပင်လယ်ပြင်တွင် ထွက်ပေါက်တစ်ခု သေချာပေါက်ရှိလိမ့်ဖြစ်ပြီး ထိုထွက်ပေါက်သည် တတိယထပ်သို့သွားသည့် ထွက်ပေါက်သာ ဖြစ်နိုင်လေသည်။ ဤပင်လယ်ထဲတွင် ပင်လယ်နတ်ဆိုးသားရဲများ အတောမသတ်နိုင်လောက်အောင် ရှိနေသည့်အတွက် သူတို့အသက်ရှင်လျက် ထွက်သွားနိုင်မနိုင်မှာ ကောင်းကင်ဘုံ၏ အလိုတော်အတိုင်းသာ ဖြစ်လေသည်။

***

All Chapters