ထွက်ပေါက်
Vol. 1 Ch. 338
ဖုန်း...ဖုန်း...ဖုန်း
ပင်လယ်ရေပြင်ထက်တွင် ပုံရိပ်နှစ်ခုသည် ဆက်တိုက်လှုပ်ရှားနေခဲ့သည်။ သူတို့လက်ထဲမှ လက်နက်များသည်လည်း ဆက်တိုက်ရွေ့လျားနေခဲ့ပြီး ရေအောက်မှ တက်လာသော ပင်လယ်နတ်ဆိုးသားရဲများကို ပိုင်းဖြတ်လျက်ရှိသည်။
အစိမ်းရောင်ဝတ်စုံနှင့် လူငယ်သည် ရေပြင်ပေါ်တွင် ပျံသန်းသွားရင်း အကွာအဝေးတစ်ခု ရောက်တိုင်း ဝါးပင်တစ်ခုစီကို ပစ်ချနေခဲ့သည်။ နှစ်ယောက်သားသည် လေထဲမှ ပြုတ်ကျလာပါက ဝါးပင်ပိုင်းအား နင်း၍ ရှေ့ဆက်ပျံသန်းနေကြသည်။
ဘန်း...
ဤသို့နှင့် သူတို့နှစ်ယောက်သည် ပင်လယ်ပြင်တွင် ခရီးဆက်ရင်း ပင်လယ်နတ်ဆိုးသားရဲများကို သတ်ဖြတ်နေကြသည်။ နောက်တစ်နာရီခန့်ကြာပြီးနောက် ကျွန်းငယ်တစ်ခုထံ သူတို့ရောက်သွားကြလေသည်။ လူနှစ်ယောက်သည် မြေပြင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်ချရင်း အသက်လုရှူနေခဲ့သည်။
သူတို့သည် ပင်လယ်ရေပြင်ထက်တွင် တစ်ရက်နှင့်် နှစ်ညတိုင်တိုင် မရပ်မနား ပျံသန်းရင်း ခရီးဆက်ခဲ့ကြရသည်။ လမ်းတစ်လျှောက်တွင် ကျွန်းတစ်ခုမှ မရှိလေရာ သူတို့နှစ်ယောက်သည် ရေထဲသို့တောင် မဆင်းဝံ့ခဲ့ပေ။ သူတို့သည် ကျန်းရီ၏ မီးဝိဉာဉ်ပုလဲထဲတွင် ရှိနေသော ဝါးပင်အပိုင်းများကို ခြေနင်းစရာအဖြစ် အသုံးချခဲ့ရသည်။
ထိုဝါးပင်များကို လွန်ခဲ့သောနှစ်ရက်က ကျွန်းတစ်ခုပေါ်တွင် ကျန်းရီတွေ့ခဲ့ခြင်းဖြစ်သည်။ ကျွန်းတစ်ခုလုံးမှ ဝါးပင်များသည် သူ့လက်ချက်ဖြင့် ပြောင်သလင်းခါသွားခဲ့သည်။ သူတို့တွင် ရှိသေးသော ဝါးပင်များမှာလည်း ကုန်ခါနီးနေပြီဖြစ်သည်။
နှစ်ယောက်သားသည် မြေပြင်ပေါ်တွင် ထိုင်၍ ရိက္ခာခြောက်များ ဝါးရင်း တစ်ယောက်မျက်နှာတစ်ယောက် မောပန်းစွာ ကြည့်လိုက်ကြသည်။ ပတ်ဝန်းကျင်တွင် ဘာမှမရှိဘဲ ရေပြင်ကြီးကိုသာ တမျှော်တခေါ် မြင်နေရသဖြင့် သူတို့၏ မျက်ဝန်းများမှာ အသက်မဲ့နေခဲ့သည်။
ဤသီးခြားနယ်မြေသည် မည်မျှကြီးမှန်း မသိရသလို မည်သည့်နေရာတွင် ထွက်ပေါက်ရှိနေမှန်းလည်း သူတို့မသိပေ။ ဝါးပင်များ ကုန်သွားလျှင် သူတို့၏ ရေပြင်ကို ဖြတ်သန်းနှုန်းလည်း နှေးသွားလိမ့်မည်။ ကျန်းရီတွင် သူတို့ နှစ်ချီ၍ စားနိုင်လောက်အောင် အစာနှင့်ရေ အလုံအလောက် ရှိသော်လည်း ဤအတိုင်း မျှော်လင့်ချက်မဲ့စွာ ထွက်ပေါက်အား ဆက်လက်ရှာဖွေနေရလျှင် သူတို့နှစ်ယောက်လုံး ရူးသွားရန် အချိန်တစ်ခုသာ ကြာလိမ့်မည်။
"သခင်လေးရီ...အရင်ဆုံး အိပ်လိုက်ပါ၊ ကျွန်တော်ကင်းစောင့်နေပြီး နောက်မှနှိုးပေးမယ်"
ဟဲလောင်သည် ဗိုက်ဖြည့်ပြီးနောက် တင်ပျဉ်ချိတ်ထိုင်ရင်း ကျန်းရီအား အနားယူရန် ပြောလိုက်သည်။
ကျန်းရီသည်လည်း အမှန်တကယ် အိပ်ချင်နေသည်ဖြစ်ရာ ငြင်းမနေတော့ပေ။ သူသည် ချက်ချင်း မြေပြင်ပေါ် လှဲချကာ အိပ်စက်လိုက်သည်။ နေ့ညရက်ဆက်၍ ခရီးသွားထားရခြင်းသည် လမ်းပျောက်နေသည့် ခံစားချက်နှင့် ပေါင်းစပ်လိုက်သော် သူ့အား အလွန်အမင်း ပင်ပန်းနွမ်းနယ်စေသည်။
တစ်ရက်ခွဲကြာသည်အထိ တစ်လှည့်စီ အနားယူပြီးနောက် သူတို့သည် လာခဲ့ရာအရပ်မှ မျဉ်းဖြောင့်အတိုင်း ဆက်လက်ခရီးဆက်ခဲ့ကြသည်။ ထွက်ပေါက်သည် မည်သည့်ဘက်တွင်မှန်း သူတို့မသိကြရာ ကံစမ်းကြည့်ကြရုံသာ တတ်နိုင်လေသည်။
"အမ်...ဟိုမှာ ကျွန်းကြီးတစ်ခုရှိတယ်။ သစ်ပင်တွေလည်း အများကြီးပဲ"
နေ့ဝက်ခန့် ခရီးဆက်ခဲ့ကြပြီးနောက် ဟဲလောင်သည် ဝမ်းသာအားရ ပြောဆိုလာခဲ့သည်။ ကျန်းရီသည်လည်း လှည့်ကြည့်လိုက်ရာ ကျွန်းကြီးတစ်ခုအား ခပ်ရေးရေး မြင်လိုက်ရသည်။ သူ၏နွမ်းနယ်နေသော စိတ်အစုံသည် အနည်းငယ် စိတ်အားတက်လာခဲ့သည်။ သူသည် မီးနဂါးဓားကိုလွှဲ၍ တိုးဝင်လာကြသော ပင်လယ်နတ်ဆိုးသားရဲများကို ဆက်တိုက်သတ်ဖြတ်ရင်း ပြေးနှုန်းအား မြှင့်တင်လိုက်ကြသည်။
ပင်လယ်ထဲတွင် ပင်လယ်နတ်ဆိုးသားရဲများ စုံလင်လှသည်။ လွှသွားပုံ သွားများရှိသည့် ဓားရှည်ပုံနှုတ်သီးနှင့်ငါးများ၊ အရေပြားတွင် အဆိပ်ရှိသည့် ဘောလုံးပုံ ပင်လယ်နတ်ဆိုးသားရဲများ၊ ဆယ်မီတာခန့် လက်မကြီးများရှိသော ကျောက်ပုစွန်ကြီးများ၊ ရေခဲမြားချွန်များ မှုတ်ထုတ်သည့် ငါးများ....စသည်ဖြင့် အမျိုးမျိုးသော ထူးထူးဆန်းဆန်း ပင်လယ်နတ်ဆိုးသားရဲများကို သူတို့တိုက်ခိုက်ခဲ့ရသည်။
ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့သော်လည်း သူတို့နှစ်ယောက်သည် ဒုတိယအဆင့် ပင်လယ်နတ်ဆိုးသားရဲ နှစ်ကောင်ကိုသာ တွေ့ခဲ့ကြရသည်။ တစ်ကောင်သည် ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲဖြစ်သော်လည်း သူတို့နှစ်ယောက်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ သူတို့သည် အဆုံးမရှိသော ခရီးကို သွားနေရသောကြောင့်သာ စိတ်ဓာတ်ကျနေကြခြင်းဖြစ်သည်။
သူတို့နှစ်ယောက်သည် ကျွန်းကြီးပေါ် လျင်လျင်မြန်မြန် ရောက်သွားခဲ့ကြပြီး ကျွန်းပေါ်တွင် အားကောင်းသော နတ်ဆိုးသားရဲများ ရှိမရှိ သေချာစစ်ဆေးလိုက်ကြသည်။ ထို့နောက် ဟဲလောင်သည် ချက်ချင်း သူ၏ဓားရှည်ကို ဆွဲထုတ်၍ ကျွန်းပေါ်မှ သစ်ပင်များကို စတင်ခုတ်တော့သည်။ ဤသစ်ပင်များအားလုံးကို ကျန်းရီ၏ မီးဝိဉာဉ်ပုလဲထဲတွင် သိမ်းထားလိုက်လျှင် သူတို့အတွက် ပင်လယ်ပြင်တွင် လဝက်ခန့် ခရီးဆက်ရန် လုံလောက်လေသည်။
"နေဦး"
ကျန်းရီသည် သစ်ပင်တစ်ပင်အား အပိုင်းပိုင်းဖြတ်နေသည့် ဟဲလောင်ကို မြင်သောအခါ တစ်စုံတစ်ခုကို တွေးမိသွား၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟဲလောင်...ငါတို့ ဘာလို့ သစ်သားလှေတစ်ခု မဆောက်ရမှာလဲ။ ငါက သတ်ဖြတ်ခြင်းအင်အားကိုသုံးပြီး ပင်လယ်နတ်ဆိုးသားရဲတွေကို ဖိနှိပ်မယ်၊ မင်းက အတွင်းအားကိုသုံးပြီး လှေကိုထိန်းချုပ်...ငါတို့ အဲ့လိုလုပ်ရင် အရမ်းအားကုန်မှာ မဟုတ်ဘူး"
"ဟုတ်သားပဲ...သခင်လေးရီက အမျှော်အမြင် ရှိပါပေတယ်"
ဟဲလောင်သည် ကျန်းရီအား လက်မထောင်ပြလိုက်သည်။ သို့သော် သူသည် မနေနိုင်စွာ မေးလိုက်သည်။
"သခင်လေးရီ...သခင်လေးရဲ့ သတ်ဖြတ်ခြင်းအင်အားက အရမ်းကြောက်ဖို့ကောင်းတယ်။ ကျွန်တော်ဆို လှုပ်တောင်မလှုပ်နိုင်ဘူး...လှေကို ဘယ်လိုထိန်းပြီး မောင်းရမှာလဲ"
"ရှင်းပါတယ်"
ကျန်းရီသည် လက်မှ ဖုန်များကို ခါလိုက်ရင်း ပြန်ဖြေလိုက်သည်။
"သတ်ဖြတ်ခြင်းအင်အားကို ငါထိန်းလို့ရတယ်။ ဒီပင်လယ်နတ်ဆိုးသားရဲတွေက အဆင့်နိမ့်ကြတယ်...သတ်ဖြတ်ခြင်းအင်အား နည်းနည်းပဲသုံးပြီး ဖိနှိပ်လိုက်ရင်ရပြီ။ အဲ့လောက်ဆို မင်းအပေါ်မှာ သက်ရောက်မှု မရှိတော့ဘူး"
"ဒါဆို အဆင်ပြေပြီ"
ဟဲလောင်၏ စိတ်ထဲတွင် ပူပန်မှုများ မကျန်တော့ပေ။ သူသာ ကျန်းရီ၏ သတ်ဖြတ်ခြင်းအင်အားဖြင့် နေ့နေ့ညည ဖိနှိပ်ခံထားရပါလျှင် အတော်ခက်ခက်ခဲခဲ ခရီးဆက်ရမည်ဖြစ်သည်။ ဖိနှိပ်ခံထားရသော ခံစားချက်သည် လူကိုအတော်လေး မသက်မသာဖြစ်စေသည် မဟုတ်ပါလော။
သူတို့နှစ်ယောက်သည် ပင်စည်ကြီးကြီး သစ်ပင်များကို သုံး၍ သစ်သားလှေအမြောက်အများ တည်ဆောက်ကြသည်။ ထို့နောက် လိုလိုမယ်မယ် သစ်ပင်များကိုခုတ်၍ မီးဝိဉာဉ်ပုလဲထဲတွင်ပါ ထည့်သိမ်းထားလိုက်သည်။
"သွားစို့"
သစ်သားလှေများစွာကို သိမ်းဆည်းပြီးနောက် ကျန်းရီသည် လှေတစ်စင်းကို သယ်၍ ပင်လယ်ထဲသို့ ပစ်ချကာ ခုန်တက်လိုက်သည်။ သူ လှေပေါ်ရောက်သည်နှင့် မရေမတွက်နိုင်သည့် ပင်လယ်နတ်ဆိုးသားရဲများ သူ့ထံ တိုးဝင်လာကြသည်ကို သူချက်ချင်း သတိပြုမိလိုက်သည်။
"ဟိုင်းယား"
ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သို့မဟုတ်ပါက လှေငယ်လေး ချက်ချင်းပျက်စီးသွားလိမ့်မည်။ သတ်ဖြတ်ခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်နှင့် ပင်လယ်နတ်ဆိုးသားရဲများ မလှုပ်ရှားနိုင် ဖြစ်သွားကြသည်။
ဟဲလောင်သည်လည်း ခုန်၍ လှေပေါ်တက်လာခဲ့သည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်းအင်အားမှာ သူ့အပေါ် သက်ရောက်မှုမရှိကြောင်း တွေ့ရသည့်အခါ ဟဲလောင်တစ်ယောက် ဝမ်းသာသွားခဲ့သည်။ သူသည် လက်ကိုမြှောက်၍ အတွင်းအားတိုက်ခိုက်မှုတစ်ခု ပြုလုပ်ကာ ရေပြင်၏ တွန်းကန်အားဖြင့် လှေငယ်လေးအား ရှေ့သို့ ရွေ့စေလိုက်သည်။
"ဒါက ပိုလွယ်သွားပြီ"
ကျန်းရီသည် သက်ပြင်းချလိုက်သည်။ သူသည် သတ်ဖြတ်ခြင်းအင်အားကို အချိန်တစ်ခုအထိ ဆက်တိုက် ထုတ်လွှတ်ထားရမည်ဖြစ်၍ ပင်ပန်းမည်မှာ မှန်သော်လည်း ယခင်ကထက်ပို၍ သက်သာမည်မှာ သေချာသည်။ ဟဲလောင်သည်လည်း ပို၍ သက်သောင့်သက်သာ ရှိနေခဲ့သည်။ သူကဲ့သို့ သိုင်းသမားတစ်ဦးအဖို့ အတွင်းအားတိုက်ခိုက်မှုတစ်ခုသည် လက်ဝါးရိုက်ချက်တစ်ချက်နှင့် မကွာခြားပေ။
ဝှစ်...
ဟဲလောင်သည် တစ်ခဏကြာသည်နှင့် အသားကျသွားကာ လှေငယ်၏ ဦးတည်ရာအား တိတိကျကျ ထိန်းချုပ်နိုင်သွားသည်။ သူသည် လှေနောက်ဘက်မှ ပင်လယ်ရေပြင်အား အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ်၍ လှေငယ်လေးအား လျင်မြန်စွာ မောင်းနှင်နေခဲ့သည်။
***
"ထွက်ပေါက်က ဘယ်မှာများလဲ"
နောက်ထပ်သုံးရက် ကုန်လွန်သွားခဲ့ပြီး သူတို့ မည်မျှခရီးပေါက်လာမှန်းပင် သူတို့မသိခဲ့ချေ။ ပတ်ဝန်းကျင်တွင် ဘာမှမရှိဘဲ ပင်လယ်ပြင်ကြီးကသာ ဝန်းရံထားသည်။ ရံဖန်ရံခါ၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ကို တွေ့ရသော်လည်း ထွက်ပေါက်က ဘယ်ဆီဘယ်ဝယ်မှန်း မသိရချေ။
"ပင်လယ်ရေအောက်မှာများလား...အဲ့ဒါဆိုရင် ဒုက္ခတော့ များပြီးပဲ"
ဟဲလောင်သည် စိုးရိမ်ကြီးစွာ ရေရွတ်လိုက်သည်။ သူတို့၏ လက်ရှိအင်အားဖြင့် ပင်လယ်ရေအောက်သို့ မိုင်တစ်ရာခန့် ရေငုပ်လျှင်တောင် ရေနစ်မည်မဟုတ်ပေ။ သို့သော် ပင်လယ်ပြင်သည် အကျယ်ကြီးဖြစ်သည်။ ရေအောက်တွင် ထွက်ပေါက်ရှာရလျှင် မည်သည့်အချိန်မှ တွေ့ပါမည်နည်း။
နောက်တစ်ရက် ထပ်မံကုန်ဆုံးသွားခဲ့ပြီး ကျန်းရီ မျက်လုံးမှိတ်၍ ကျင့်ကြံနေချိန်တွင် ဟဲလောင်သည် ရုတ်တရက် အော်ပြောလာခဲ့သည်။
"သခင်လေးရီ...ရှေ့မှာ မီးတောင်ကြီးတစ်ခု ရှိတယ်။ ထွက်ပေါက်က မီးတောင်ထဲမှာများလား"
"မီးတောင်"
ကျန်းရီ၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်သွားခဲ့ပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ ရှေ့တည့်တည့်ရှိ မြင်နိုင်သော အကွာအဝေးတစ်ခုတွင် မီးတောင်တစ်ခု အမှန်တကယ် ရှိနေလေသည်။ ထိုမီးတောင်သည် မီးတောင်ရှင်တစ်ခုဖြစ်ပြီး မီးတောင်ဝမှ မီးခိုးငွေ့များ တလူလူ ထွက်နေခဲ့သည်။ သူတို့ အနီးသို့ ရောက်သွားလေလေ ဆာလ်ဖာနံ့များ သိပ်သည်းလာလေလေ ဖြစ်ပြီး လေထုအပူချိန်မှာလည်း သိသိသာသာ တိုးလာနေခဲ့သည်။
"ကမ္ဘာ့မီးလျှံ"
ကျန်းရီသည် ချက်ချင်း စိတ်တက်ကြွသွားခဲ့သည်။ ထွက်ပေါက်သည် မီးတောင်အတွင်း ရောက်နေလျှင်လည်း ကိစ္စ မရှိချေ။ သူ၏မီးဝိဉာဉ်ပုလဲ အတွင်းမှ ကမ္ဘာ့မီးလျှံများသည် ကုန်လုဆဲဆဲ ဖြစ်နေပြီဖြစ်သည်။ ကမ္ဘာ့မီးလျှံ အမြောက်အများ ရရှိမည့် ဤအခွင့်အရေးကို သူလက်လွှတ်မခံနိုင်ပေ။
ဝှစ်...
မီးတောင်အနီးသို့ ရောက်လာသည်နှင့် အပူချိန်မှာ အလွန်မြင့်တက်လာသည်။ သစ်သားလှေငယ်လေးမှာ အခိုးအငွေ့များပင် ထွက်နေပြီဖြစ်သည်။ သူတို့သည် လှေငယ်လေးကို စွန့်ပစ်လိုက်ပြီး ခုန်၍ မီးတောင်ရှိရာသို့ ပျံသန်းသွားလိုက်ကြသည်။
"ဟဲလောင်...မင်းဒီမှာနေခဲ့၊ ငါမီးတောင်ထဲကို ဝင်ပြီး သွားကြည့်လိုက်ဦးမယ်"
ကျန်းရီတွင် မီးဝိဉာဉ်ပုလဲရှိ၍ မီးတောက်များကို မကြောက်ပေ။ ဟဲလောင်မှာ ချွေးများ ရွှဲနေပြီဖြစ်သောကြောင့် သူသည် ဟဲလောင်အား မီးတောင်ခြေ၌သာ စောင့်ခိုင်းလိုက်သည်။ ထို့နောက် သူသည် မီးတောင်ဝရှိရာသို့ ပြေးလာခဲ့လိုက်သည်။
ဝှစ်...
လူတစ်ယောက်သည် အစွမ်းအစ အလုံအလောက် ရှိပါက ဘာကိုမှ ကြောက်နေစရာ မလိုပေ။ ကျန်းရီသည် တစ်ခဏ ရပ်တန့်လိုက်ပြီးနောက် မီးတောင်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်သည်။ သူသည် ပူလောင်လှသော အခိုးအငွေ့များကို ဖြတ်သန်းသွားခဲ့ပြီး အောက်သို့ လှမ်းကြည့်လိုက်သည်။
ဘန်း...
မီတာရာကျော် ဆင်းသက်လာပြီးနောက် ကျန်းရီသည် မီးနဂါးဓားကို ထုတ်၍ မီးတောင်နံရံထံ ထိုးစိုက်လိုက်ပြီး သူ၏ ကျဆင်းနှုန်းကို ထိန်းချုပ်လိုက်သည်။ သူသည် ထိုပုံစံအတိုင်း ဖြည်းဖြည်းချင်း ဆက်ဆင်းလာခဲ့ပြီး မီးတောင်၏ ချော်ရည်အိုင်ကြီးထံ လျင်မြန်စွာ ရောက်သွားခဲ့သည်။
"ထွက်ပေါက်"
ချော်ရည်အိုင်ထဲသို့ သူကျမသွားခင်တွင် ကျန်းရီ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ချော်ရည်အိုင်၏ တစ်နေရာတွင် နေရာရွှေ့ပြောင်း အစီအရင်တစ်ခု ရှိနေသည်ကို သူတွေ့သွားခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တတိယထပ်သို့ ဝင်ပေါက်ဖြစ်မည်မှာ သေချာသလောက်ရှိလေသည်။
"ခူး...ခူး.."
ထိုခဏတွင် အံ့ဖွယ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ဆူပွက်နေသော ချော်ရည်များသည် အလျင်အမြန် ထိုးထွက်လာကာ လူရုပ်များ အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် ထူးထူးဆန်းဆန်း အသံများ ပြုလုပ်၍ ကျန်းရီထံ ရူးသွပ်စွာ ပြေးဝင်လာကြလေ၏။
"ရှေးဟောင်းမှော်အတတ်...ကျောက်တုံးရုပ်သေး၊ မဟုတ်သေးဘူး...ဒါက ချော်ရည်ရုပ်သေးပေါ့"
ကျန်းရီသည် မြင်ကွင်းကိုကြည့်၍ ဆွံ့အနေခဲ့သည်။ ဤတားမြစ်နယ်မြေ၏ စုန်းနတ်ဘုရားသည် အမှန်တကယ် စွမ်းအားကြီးလှသည်။ သူသေဆုံးသွားပြီးနောက်တွင်တောင် ဤကဲ့သို့ အစွမ်းထက်လှသော အစီအရင်များ ချန်ရစ်ခဲ့နိုင်သည်။ ထွက်ပေါက်သည် မီးတောင်အတွင်းရှ၍ ချော်ရည်ရုပ်သေးများလည်း အမြောက်အများရှိနေရာ ဟဲလောင်မှာ ထွက်ပေါက်သို့ ပြေးမဝင်နိုင်လောက်ချေ။
ကျန်းရီသည် မီးကို မကြောက်ပေ။ ထို့ကြောင့် အနှီချော်ရည်ရုပ်သေးများမှာ သူ့အတွက် ဘာမှမဟုတ်ပေ။
သို့သော်လည်း သူစိတ်ပူပန်နေခဲ့သည်။ ဒုတိယထပ်ထွက်ပေါက်၏ အစောင့်အရှောက်များကတောင် ဤမျှ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးများ ဖြစ်နေလျှင် တတိယထပ်ကို မည်သည့်မကောင်းဆိုးဝါးများက စောင့်ရှောက်နေကြမည်နည်း။ စတုတ္ထထပ်ဆိုလျှင်ရော။ သူနှင့်ဟဲလောင်တို့၏ အစွမ်းအစမျှဖြင့် ပဉ္စမထပ်သို့ အသက်ရှင်လျက် ရောက်သွားနိုင်ကြပါမည်လော။
***