လေဓာတ်အထူးပြု တာအိုတိုက်ကွက်
Vol. 1 Ch. 339
ဘန်း..
ကျန်းရီသည် အောက်သို့ ဆက်လက်ဆင်းသက်သွားကာ မီးနဂါးဓားအား ဝှေ့ယမ်းလိုက်သည်။ အောက်မှ ချော်ရည်ရုပ်သေး တစ်အုပ်သည် ချက်ချင်းပေါက်ကွဲ၍ ချော်ရည်အဖြစ် အဘက်ဘက်သို့ ပြန့်ကြဲသွားခဲ့သည်။ အောက်ခြေတွင် ယခင်ကထက် ပိုမိုများပြားသော ချော်ရည်ရုပ်သေးများ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့၏ တစ်ကိုယ်လုံးတွင် ကမ္ဘာ့မီးလျှံများ၏ မီးတောက်မီးပွားများ အလျှံတညီးညီး ထွက်ပေါ်နေခဲ့သည်။
ကျန်းရီတွင် မီးဝိဉာဉ်ပုလဲရှိ၍ အပူဒဏ်ကို မမှုပေ။ သူသည် ချော်ရည်အိုင်ထဲသို့ ခုန်ချလိုက်ပြီး မီးနဂါးဓားကို ယမ်း၍ မီးနဂါးများ ထုတ်ဖော်ကာ ချော်ရည်ရုပ်သေးများအား ဖျက်ဆီးလိုက်သည်။ တစ်ဖက်တွင် မီးဝိဉာဉ်ပုလဲမှလည်း ကမ္ဘာ့မီးလျှံများအား လျင်လျင်မြန်မြန် စုပ်ယူနေခဲ့သည်။
မီးဝိဉာဉ်ပုလဲသည် ကမ္ဘာ့မီးလျှံများအား အလွန်တရာ မြန်ဆန်လှသော အရှိန်ဖြင့် စုပ်ယူနေသည့်အတွက် အနီးအနားမှ ချော်ရည်များမှာ အေးခဲသွားကြပြီး ချော်ရည်ရုပ်သေးများ ပိုမိုဖြစ်ပေါ်လာမည်အား တားဆီးပြီးသား ဖြစ်သွားခဲ့သည်။ ပိုမိုဝေးသောနေရာမှ ချော်ရည်ရုပ်သေးများမှာ ကျန်းရီ၏ အနီးသို့ မကပ်နိုင်ခင်မှာပင် ဖျက်ဆီးခံနေရလေသည်။
ကျန်းရီသည် ချော်ရည်များအတွက်း ကူးခတ်ရင်း ကမ္ဘာ့မီးလျှံများ မီးဝိဉာဉ်ပုလဲ၏ တစ်ဝက်တိတိ ပြည့်သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် သူသည် ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီး အောက်သို့ မီးနဂါးနှစ်ကောင်အား ထုတ်လွှတ်လိုက်သည်။ သူ့ကိုယ်သည် တွန်းကန်အားကြောင့် အထက်သို့ လွင့်တက်သွားခဲ့သည်။
ဘန်း...
မီးနဂါးဓားသည် မီးတောင်နံရံထက်တွင် စိုက်သွားခဲ့သည်။ ကျန်းရီသည် မီးတောင်ဝထံ တက်မသွားခဲ့ပေ။ သူသည် မီးနဂါးဓားကို လှည့်လိုက်ပြီး အပြင်ဘက်သို့ ဥမင်တစ်ခု တူးလိုက်သည်။
မီးတောင်အပြင်သို့ ရောက်သည်အထိ ဥမင်တစ်ခု တူးပြီးနောက် သူသည် ချွေးများရွှဲနေသော ဟဲလောင်အား ပြုံးပြ၍ ပြောလိုက်သည်။
"ဟဲလောင်...ထွက်ပေါက်က မီးတောင်ထဲမှာပဲ"
"အာ"
ဟဲလောင်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး ထိတ်လန့်စွာ တုံ့ပြန်လာခဲ့သည်။
"မီးတောင်ထဲက အပူချိန်က အရမ်းမြင့်တယ်...ကျွန်တော် ဝင်လိုက်တာနဲ့ အရှင်လတ်လတ် မီးလောင်သွားမှာ မဟုတ်ဘူးလား"
"ခွီး.."
ကျန်းရီသည် ရယ်ချလိုက်ကာ သူတူးထားသည့် ဥမင်ထဲ ပြန်ဝင်ရင်း ဟဲလောင်အား သူ့နောက်မှ လိုက်လာခဲ့ရန် လက်ယပ်ခေါ်လိုက်သည်။
"ဟဲလောင်...မစိုးရိမ်နဲ့၊ ငါ့နောက်က လိုက်လာခဲ့...မင်းအဆင်ပြေမယ်လို့ ငါအာမခံတယ်"
ဟဲလောင်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ ကျန်းရီသည် သူ့အား ညာမည်မဟုတ်။ သူသည် အာမခံသည်ဟုပင် ပြောနေရာ ဟဲလောင်သည် ခပ်သွက်သွက်သာ နောက်မှလိုက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် အပူချိန်မှာ တိုးသထက် တိုးလာခဲ့သည်။ ဟဲလောင်သည် အပူချိန်အား အပူချိန်အား တောင့်မခံနိုင်ဖြစ်လာသည့် အချိန်တွင် ကျန်းရီသည် သူ့လက်ထံ အမည်မသိသော စွမ်းအင်တစ်ခုအား လွှဲပြောင်းပေးလာခဲ့သည်။ ဟဲလောင်သည် သူ့ကိုယ် ချက်ချင်းအေးမြသွားသည်ကို ခံစားလိုက်ရသည်။ ပြင်းထန်လှသော အပူချိန်ကို သူထပ်မံ မခံစားရတော့ပေ။
"ဒါက ဘာစွမ်းအင်လဲ...အရမ်းမိုက်တာပဲ"
ဟဲလောင်သည် ကျန်းရီ၏ နောက်ကျောအား ကြည့်နေရင်း ထူးဆန်းသည်ဟု ခံစားနေရသည်။ ဤဆယ့်ခုနှစ်နှစ်အရွယ် လူငယ်သည် သူ့ထံ အံ့အားသင့်စရာ အမြောက်အများ ယူဆောင်လာပေးခဲ့သည်။ ဤကဲ့သို့ ထူးထူးဆန်းဆန်း စွမ်းအင်များမှာ သူ့တစ်သက် ကြားပင်မကြားဖူးခဲ့သည့် အရာများ ဖြစ်လေသည်။ နယ်မြေတွင် မီးဒဏ်အား အကာအကွယ်ပေးနိုင်သည့် လက်နက်များ၊ ရတနာများ အမြောက်အများ ရှိသော်လည်း စွမ်းအင်တစ်မျိုးကိုသုံး၍ အခြားသူများအား မီးဒဏ်ကို အကာအကွယ်ပေးနိုင်သူအား သူပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
"မြန်မြန်လာ...ဟဲလောင်၊ ဒီစွမ်းအင်က ကုန်တာ မြန်တယ်။ စွမ်းအင်မကုန်ခင် နေရာရွှေ့ပြောင်း အစီအရင်ထဲကို ပြေးဝင်မှ ရမယ်"
ကျန်းရီ၏အသံ ထွက်ပေါ်သည်နှင့် ဟဲလောင်သည် သိပ်တွေးမနေတော့ဘဲ ကျန်းရီနှင့်အတူ မြန်ဆန်စွာ ပြေးသွားလိုက်သည်။
ဝှစ်...
ကျန်းရီသည် အောက်သို့ အရင်ခုန်ချလိုက်ပြီး မီးနဂါးနှစ်ကောင်အား ထုတ်လွှတ်၍ ချော်ရည်ရုပ်သေးအချို့အား ဖျက်ဆီးလိုက်သည်။ ထို့နောက် သူသည် အော်ပြောလိုက်သည်။
"ဟဲလောင်...ငါ့ကိုယ်ပေါ်ကို အရင်နင်းပြီး နေရာရွှေ့ပြောင်းအစီအရင်ထဲ ခုန်ဝင်လိုက်"
ဟဲလောင် ခုန်ဆင်းလာသောအခါ မရေမတွက်နိုင်သည့် ချော်ရည်ရုပ်သေးများကိုုမြင်၍ မျက်နှာသွေးဆုတ်သွားခဲ့သည်။ ကျန်းရီ၏ စကားကို ကြားသောအခါ သူချက်ချင်း သတိဝင်သွားခဲ့ပြီး ကျန်းရီ၏ ပုခုံးထက်ခြေချ၍ ရှေ့ဆက်ပျံသန်းသွားလိုက်သည်။
ဝှစ်...
ကျန်းရီသည်လည်း အချိန်ဆွဲမနေဘဲ နေရာရွှေ့ပြောင်းအစီအရင်ထံ ပြေးသွားလိုက်သည်။ သူသည် မီးနဂါးများ မပြတ်ထုတ်လွှင့်၍ ချော်ရည်ရုပ်သေးများကို ဖျက်ဆီးရင်း ဟဲလောင်အား မှီစေရန် ပြေးနှုန်းအား အဆုံးစွန်ထိ မြှင့်တင်လိုက်သည်။ ဟဲလောင်တွင် ခြေချစရာ နေရာမရှိပါက ချော်ရည်အိုင်ထဲ ပြုတ်ကျသွားနှင့် စွမ်းအင်အစအနမှာ ပျောက်ကွယ်သွားပြီး သူ့ကိုယ်သည် ချက်ချင်း ပြာဖြစ်သွားလိမ့်မည်။
ဝှစ်...
ဟဲလောင်သည် အလွန်တရာ မြန်ဆန်လှသည်။ သူသည် ကျန်းရီ၏ ပုခုံးထက်တွင် သုံးကြိမ်နင်းပြီးနောက် ချော်ရည်အိုင်၏ ထောင့်မှ ကျောက်တုံးစွန်းထက်တွင် ခြေချလိုက်သည်။ ထိုကျောက်တုံးပေါ်တွင် အဖြူရောင်အလင်းများ တောက်ပနေသည့် နေရာရွှေ့ပြောင်း အစီအရင် ရှိနေလေသည်။
"သခင်လေးရီ...မြန်မြန်လာပါတော့"
ဟဲလောင်သည် သူ့ထံ ပြေးလာနေကြသော ချော်ရည်ရုပ်သေးများအား မြင်လိုက်ရသည်။ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေသည် အမှန်တကယ် အန္တရာယ်များလှသော နေရာဖြစ်သည်။ နေရာရွှေ့ပြောင်းအစီအရင်အား တွေ့နေရလျှင်တောင် မီးတောင်၏ အပေါ်ဘက်သို့ ရောက်ဖို့မဆိုထားနှင့် မီးတောင်အတွင်းဝင်ရန် နည်းလမ်းပင် ရှိမည်မဟုတ်ချေ။ သူ့တွင်လည်း ထိုသို့ ဝင်ရောက်ရန် အစွမ်းအစ မရှိပါချေ။
"ဒီမှာ ရှိသေးတာပဲ"
ကျန်းရီသည် ပြေးလာရင်းဖြင့် မီးဝိဉာဉ်ပုလဲအား ကမ္ဘာ့မီးလျှံကို ဆက်လက်စုပ်ယူစေလိုက်သည်။ မီးဝိဉာဉ်ပုလဲ ပြည့်လုနီးပါး ဖြစ်သွားသောအခါမှ သူသည် ဟဲလောင်နှင့်အတူ နေရာရွှေ့ပြောင်းအစီအရင်ထဲသို့ ဝင်ရောက်လိုက်သည်။
အစီအရင်သည် အလင်းရောင်များ တောက်ပလာခဲ့ပြီး သူတို့နှစ်ယောက်လုံး နေရာမှ ကွယ်ပျောက်သွားခဲ့သည်။
"အမ်..."
နေရာရွှေ့ပြောင်း ပို့ဆောင်ခံရပြီးနောက် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။ သူတို့သည် ဒုတိယထပ်နှင့် တစ်ထေရာထဲ တူညီသည့် နန်းတော်အတွင်း ပြန်ရောက်နေကြသည်။
"မဟုတ်ဘူး...ဒါက တတိယထပ်ပဲ"
ဟဲလောင်သည် ပတ်ဝန်းကျင်အား အလျင်အမြန် အကဲခတ်လိုက်သည်။ သူသည် ကျန်းရီ မီးရှို့ခဲ့သည့် အပေါက်ကို မတွေ့မိသော် ချက်ချင်းအော်ပြောလိုက်သည်။ ကျန်းရီသည်လည်း အကဲခတ်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ သူတို့ နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ သက်ပြင်းကိုယ်စီ ချမိကြသည်။
နှစ်ယောက်သားသည် နေရာရွှေ့ပြောင်းအစီအရင် နောက်တစ်ခုထဲသို့ ချက်ချင်းမဝင်ကြသေးပေ။ သူတို့သည် ကြမ်းပြင်ပေါ်လှဲချ၍ ဖြစ်သလို အနားယူလိုက်ကြသည်။ ဒုတိယထပ်ရှိ ထူးထူးဆန်းဆန်း သီးခြားနယ်မြေသည် အလွန်အန္တရာယ်မများလှသော်လည်း ထိုနေရာတွင် ရက်ပေါင်းများစွာ နေခဲ့ပြီးနောက် သူတို့ အလွန်ပင်ပန်းနေကြသည်။
ကျန်းရီသည် လှဲချရင်း ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ဟဲလောင်သည် တင်ပျဉ်ချိတ်ထိုင်၍ ကျင့်ကြံရင်း သတိအနေအထားဖြင့် စောင့်ကြပ်နေခဲ့သည်။ ကျန်းရီ တစ်ရက်အိပ်စက် အနားယူပြီးနောက် သူ့အလှည့်ရောက်လာ၍ သူအနားယူလိုက်သည်။
နှစ်ရက်ကြာပြီးနောက် သူတို့၏ ကိုယ်များ အားပြန်ပြည့်သွားကြသည်။ သူတို့သည် အစီအရင်ထဲသို့ ဝင်ရောက်လိုက်ကြပြီး ဆက်လက်ခရီးဆက်လိုက်ကြသည်။
ထင်ထားသည့်အတိုင်း ဤတစ်ခေါက်တွင် တောကြီးမျက်မည်း တစ်ခုထဲသို့ သူတို့ ရောက်သွားခဲ့ကြသည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သော်လည်း အန္တရာယ် အရိပ်အယောင် တစ်ခုမှ မတွေ့မိပေ။ သူသည် ဘယ်ဘက်ခြမ်းမှ တောအုပ်ကြီးထံ အကြည့်ရောက်သွားခဲ့သည်။
လူတစ်ယောက်သည် တောထဲသို့ အလွယ်တကူ ဝင်မသွားသင့်။
ထိုစကားအတိုင်း သူတို့မှာ တောအုပ်ထဲသို့ အလျင်စလို ဝင်မသွားရဲကြပေ။ သူတို့သည် ၎င်းအား အပြင်ဘက်မှသာ ကြည့်ရှုအကဲခတ်ပြီးနောက် ညာဘက်သို့ လျှောက်လာခဲ့ကြသည်။ ကီလိုမီတာ အနည်းငယ်ခန့် ခရီးရောက်ပြီးနောက် ညာဘက်တွင်လည်း တောအုပ်တစ်ခု ရှိနေသည်ကို သူတို့တွေ့လိုက်သော် အကြပ်ရိုက်သွားကြရသည်။ ဟဲလောင်သည် ပျံသန်း၍ ကြည့်လိုက်သော်လည်း တောအုပ်၏ အဆုံးသတ်အား မမြင်မိချေ။ တောအုပ်သည် အဆုံးအစမရှိ ကျယ်ပြောသည်မှာ ထင်ရှားနေသည်။
နှစ်ယောက်သားသည် တိုင်ပင်ကြည့်ပြီးနောက် တောအုပ်ဘေးဘက်မှ သွားကြည့်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ ဒုတိယထပ်သည် အန္တရာယ် ရှိသည်ဆိုလျှင် တတိယက ပိုမိုအန္တရာယ်များလိမ့်မည်။ ဤတောအုပ်ထဲတွင် ကြောက်စရာနတ်ဆိုးသားရဲ အမြောက်အများ ရှိနေမည်မှန်း မေးကြည့်စရာမလိုဘဲ သိနိုင်ပါ၏။
အဆုံးတွင် နှစ်နာရီကြာ လမ်းလျှောက်ပြီးနောက် သူတို့ လမ်းဆုံနေရာတွင် ရှိနေကြောင်း သိလိုက်ရလေသည်။ အဘက်ဘက်တွင် တောအုပ်တစ်အုပ်စီ ရှိနေပြီး သူတို့သွားစရာလမ်းမရှိပေ။
"သွားကြစို့"
ဟဲလောင်သည် ကျန်းရီအား ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်ပြီးနောက် တောအုပ်ထဲသို့ နှစ်ယောက်သား ဝင်သွားလိုက်ကြသည်။ ကျန်းရီသည် ဘယ်ဘက်ခြမ်းမှ လျှောက်၍ ဟဲလောင်နှင့် မီတာခပ်များများ ခွာထားခဲ့သည်။ သူသည် အန္တရာယ် ရှိလာသောအခါ သတ်ဖြတ်ခြင်း အင်အားနှင့် ကမ္ဘာ့မီးလျှံများကို ထုတ်လွှတ်လိုက်နိုင်သည်။ ဟဲလောင်သာ သူ့ဘေးတွင်ရှိနေပါက ဟဲလောင် ခံရမည့်အပြင် သူသည်လည်း အင်အားအပြည့်အဝ အသုံးချနိုင်မည် မဟုတ်ပေ။
ဝေါင်း...
တစ်ခဏကြာအောင် လျှောက်လာခဲ့ပြီးနောက် အရှေ့ဘက်မှ ဟိန်းသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနက်ရောင်အရိပ်ကြီးတစ်ခုသည် ဓားတစ်စင်းပမာ လျင်မြန်စွာ ချည်းကပ်လာနေခဲ့သည်။ ၎င်း၏ ကိုယ်ကြီးသည် အနက်ရောင်မီးတောက်များ ထုတ်လွှတ်နေခဲ့ပြီး ဖြတ်သန်းလာရာ လမ်းတစ်လျှောက်မှ အပင်များအားလုံးကို လောင်ကျွမ်းစေရစ်သည်။ ၎င်းသည် အလွန်တရာ မြန်ဆန်လှသောနှုန်းဖြင့် ပြေးလာနေခဲ့ပြီး မျက်တောင်တစ်ခတ်စာအတွင်း ဟဲလောင်၏ အရှေ့သို့ ရောက်လာခဲ့သည်။ ၎င်းသည် ပါးစပ်ကြီးကို ဟ၍ အနက်ရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။
"တတိယအဆင့် နတ်ဆိုးသားရဲ...မီးနတ်ဆိုးသစ်နက်"
ဟဲလောင်သည် မျက်နှာပျက်ယွင်းစွာဖြင့် ဘေးဘက်သို့ အမြန်ရှောင်တိမ်းလိုက်သည်။ သူသည် ဓားအိမ်အတွင်းမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လေကိုခွင်း၍ ဓားအလင်းပေါင်းများစွာအား သတ္တဝါကြီးထံ ပစ်လွှတ်လိုက်သည်။
ဟဲလောင်၏ တိုက်ခိုက်မှုမှာ ဓားရိပ်များသာ မဟုတ်သည့်အတွက် ကျန်းရီတစ်ယောက် မှင်သက်နေခဲ့သည်။ ဓားအလင်းပေါင်းရာချီသည် တစ်ပြိုင်တည်း ထွက်ပေါ်သွားခဲ့သည်။ ဓားအလင်းတိုင်းသည် သေးငယ်၍ လေဓားသွားများပမာ တစ်ဝှီးဝှီး ထွက်ပေါ်နေသည်။ ကြောက်စရာ အရှိန်အဝါများ ပြည့်နေသော ဓားအလင်းများသည် တတိယအဆင့် နတ်ဆိုးသားရဲကြီးအား လွှမ်းခြုံသွားခဲ့သည်။
"ခွီး...သခင်လေးရီ၊ ဒါက ဒီအဖိုးကြီးဟဲ နားလည်ထားတဲ့ တစ်ခုတည်းသော အဆင့်နိမ့်လေတာအို တိုက်ကွက်လေး တစ်ခုပါပဲ...သူ့စွမ်းအားက လုံလောက်တယ်လို့တော့ မှတ်ချက်ချနိုင်ပါတယ်"
ဟဲလောင်၏ ဂုဏ်ဆာနေသောအသံ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီ၏ စိတ်တွင်းမှ မေးခွန်းအား ဖြေပေးလာသည်။ သူသည်လည်း ရန်သူကို ထိန်းချုပ်နိုင်သည့် အချုပ်အနှောင်အမျိုးအစား လေတာအိုတစ်ခုကို နားလည်ထားသည်။ ဟဲလောင်၏ တိုက်ကွက်တွင် အံ့မခန်းစွမ်းအင်များ ပါဝင်နေခဲ့သည်။ ထိုသားရဲနေရာတွင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်တစ်ဦးဆိုပါက အတွင်းအားတိုက်ခိုက်မှုများစွာဖြင့် လွှမ်းခြုံခံရပြီး ချက်ချင်းသေသွားလိမ့်မည်။
ကျန်းရီ၏ မျက်ဝန်းများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်လောင်နေပြီး တစ်ဦးတည်း တွေးတောနေခဲ့သည်။
အချိန်ရရင် ဟဲလောင်ကို ဒီလေဓာတ်အထူးပြုတာအိုတိုက်ကွက် သင်ပေးဖို့ ပြောကြည့်ရမယ်။ ငါသာ ဒါကိုနားလည်သွားပြီး မီးနဂါးဓားနဲ့ ပေါင်းစပ်နိုင်ရင် မီးနဂါးလေးတွေ အများကြီးမြင်ရမှာ ဘယ်လောက်ခမ်းနားလိုက်မလဲ...ငါ့ရဲ့ တိုက်ခိုက်မှု အင်အားလည်း အဆအများကြီး တိုးတက်သွားမှာ...နတ်ဆိုးဧကရီ ပြောသလိုဆိုရင် ပိုပြီးသန်မာလာဖို့အတွက် ငါတာအို အနှစ်သာရတွေကို နားလည်နေမှ ဖြစ်မယ်...
***