အခန်း (၁၁၇၁-၁၁၇၃)
Vol. 80 Ch. 1171-1173
အခန်း (၁၁၇၁) ပေါလ်အယ်လန်၏ မကျေနပ်ချက်များ
AMD ကုမ္ပဏီ၏ မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာများကို ဝယ်ယူနိုင်ရန်အတွက် ဖုန်းယွီသည် အခြားရှယ်ယာရှင်များ လက်ဝယ်ရှိ မဲပေးပိုင်ခွင့်မရှိသော ရှယ်ယာများကိုပါ မဖြစ်မနေ သိမ်းကျုံးဝယ်ယူလိုက်ရလေသည်။ အမှန်စင်စစ်အားဖြင့်လည်း အခြားသူများ ရောင်းချလိုသည်မှာ ထိုသာမန်ရှယ်ယာများသာ ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာများကိုမူ လက်မလွှတ်ချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဂျယ်ရီဆန်ဒါစ် ပြောခဲ့ဖူးသည့်အတိုင်းပင် AMD သည် အမြတ်အစွန်း ရရှိနေပြီဖြစ်ရာ ရှယ်ယာဈေးပြန်တက်လာမည့် အချိန်မှာ မကြာတော့မည့် အနေအထားတွင် ရှိနေသောကြောင့်ပင်။
ရှုပ်ထွေးလှသော အရောင်းအဝယ် စာချုပ်စာတမ်း ကိစ္စရပ်များ ပြီးဆုံးသွားသည့် အချိန်တွင်မူ 'ဖုန်းယွီ ရင်းနှီးမြှုပ်နှံမှု အုပ်စု' သည် AMD ကုမ္ပဏီ၏ စုစုပေါင်း ရှယ်ယာ ၃၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်သွားခဲ့ပြီး၊ ထိုအထဲတွင် မဲပေးပိုင်ခွင့် အာဏာက ၅၀ ရာခိုင်နှုန်း တိတိ ပါဝင်နေခဲ့သည်။ သဘာဝကျစွာပင် တစ်ဖက်၌ ဂျယ်ရီဆန်ဒါစ်၏ မဲပေးပိုင်ခွင့် အာဏာမှာ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ရပြီး၊ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းကိုမူ အခြားရှယ်ယာရှင်များဖြစ်ကြသည့် Kingstonနှင့် NVIDIAတို့က ခွဲဝေရရှိသွားကြလေသည်။
သို့သော် တစ်ချက်ရှိသည်မှာ NVIDIA နှင့် Kingston ကုမ္ပဏီ နှစ်ခုစလုံးသည် 'ဖုန်းယွီ အုပ်စု' ၏ လက်အောက်ခံ ကုမ္ပဏီများ ဖြစ်နေကြပြန်သည်။ သွယ်ဝိုက်သော နည်းလမ်းအားဖြင့် ဆိုရလျှင် ထို ၁၀ ရာခိုင်နှုန်းသော မဲပေးပိုင်ခွင့် အာဏာသည်လည်း ဖုန်းယွီ၏ လက်ထဲ၌သာ ရှိနေခြင်း ဖြစ်သည်။
AMD ၏ မူလဒါရိုက်တာအဖွဲ့ဝင်များကတော့ အပြောင်းအလဲ မရှိပေ။ သတင်းစကားများ ပိုမိုလွယ်ကူချောမွေ့စွာ ပေးပို့နိုင်ရန်အတွက် 'ဖုန်းယွီ အုပ်စု' ဘက်မှ စေလွှတ်လိုက်သော ကိုယ်စားလှယ်တစ်ဦးသာ အဖွဲ့ဝင်အသစ်အဖြစ် တိုးလာခဲ့ခြင်း ဖြစ်သည်။
ဂျယ်ရီဆန်ဒါစ်ခမျာ AMD တစ်ပိုင်းလျှပ်ကူးပစ္စည်း ကုမ္ပဏီ၏ ထိန်းချုပ်ခွင့် အာဏာကို လက်လွှတ်လိုက်ရသော်လည်း သူသည် လုံးဝကြီး ရှုံးနိမ့်သွားသည်တော့ မဟုတ်ပေ။ အပြန်အလှန်အားဖြင့် သူသည် Kingston နှင့် NVIDIA ကုမ္ပဏီတို့၏ ရှယ်ယာအချို့နှင့် မဲပေးပိုင်ခွင့်များကို ပြန်လည်ရရှိလိုက်သည်။ ပမာဏ မများပြားသော်ငြား ထိုအချက်က ကုမ္ပဏီကြီးသုံးခုကို ကျစ်လျစ်ခိုင်မာစွာ ပူးပေါင်းမိသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုကုမ္ပဏီနှစ်ခု၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာခဲ့သလို၊ AMD ၏ ဥက္ကဋ္ဌ ရာထူးကိုလည်း ဆက်လက် ရယူထားနိုင်ဆဲပင် ဖြစ်သည်။
ဤခြေလှမ်းများ အားလုံးသည် ရဲလ်ဖ်၏ အကြံပြုချက်များသာ ဖြစ်လေသည်။ ဖုန်းယွီသည် ရလဒ်ကိုကြည့်ပြီး အတော်လေး ကျေနပ်အားရသွားမိသည်။ ဤအခြေအနေအတိုင်းဆိုလျှင် ကွန်ပျူတာ နည်းပညာလောက တစ်ခုလုံးတွင် သူပိုင်ဆိုင်ရန် လိုအပ်နေသည်မှာ Operating System (OS) တစ်ခုသာ ကျန်တော့သည်။
Lenovoနှင့် Kingsoftဘက်ကိုလည်း ဖုန်းယွီက Windows 7 နှင့် ဆင်တူသည့် စနစ်တစ်ခု ဖန်တီးရန် ညွှန်ကြားထားခဲ့သည်။ ဖုန်းယွီ၏ စိတ်ကူးက တစ်ခါတည်းနှင့် အပြီးအစီး လုပ်ချင်ခြင်း ဖြစ်သည်။ သို့သော် သူတစ်ခု မေ့လျော့သွားသည်မှာ Win 7 ၏ ဖိုင်အရွယ်အစားသည် အလွန်ကြီးမားလှသည် ဆိုသော အချက်ပင်။ ဖန်တီးရေးဆွဲသူ ပညာရှင်များစွာသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိကြပေ။ ဤမျှကြီးမားသော စနစ်ဖိုင်ကြီးသည် Hard Disk (ဟာ့ဒ်ဒစ်) နေရာလွတ်ကို မည်မျှအထိ ယူသွားလိုက်မည်နည်း။ လက်ရှိခေတ်စားနေသော ဟာ့ဒ်ဒစ်များသည် 80GB သာရှိပြီး၊ 160GB ဆိုလျှင် မြင့်မားသော စံချိန်မီဟု သတ်မှတ်နေရသည့် ခေတ်မဟုတ်ပါလား။
ထို့ကြောင့် စနစ်ရေးဆွဲသည့် လုပ်ငန်းစဉ်သည် ထင်ထားသလောက် ခရီးမရောက်ခဲ့ပေ။ အထူးသဖြင့် ဖုန်းယွီက Lenovo နှင့် Kingsoft တို့ ဖန်တီးမည့် စနစ်သစ်သည် Windows စနစ်နှင့်ပါ ကိုက်ညီမှုရှိစေရန် တောင်းဆိုထားသောကြောင့် ပို၍ ကြန့်ကြာနေရခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ မိုက်ခရိုဆော့ဖ်သည် ဈေးကွက် လက်ဝါးကြီးအုပ်မှုဖြင့် တရားစွဲဆို ခံထားရသောကြောင့် မိမိတို့၏ ရိုးသားမှုကို ပြသသည့်အနေဖြင့် အခြေခံ ကုဒ်အများအပြားကို ထုတ်ပြန်ကြေညာပေးခဲ့ရခြင်းပင်။ ကုမ္ပဏီတိုင်း သူတို့၏ စနစ်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်ဟု ဆိုသည်။ တကယ်တမ်းကျတော့ ဒါတွေက အလကား ပြောစကားတွေသာ ဖြစ်သည်။ ဒီကုဒ် အပိုင်းအစလေးတွေကို အားကိုးပြီး တခြားသူတွေက စနစ်တစ်ခုလုံးကို တည်ဆောက်နိုင်ပါ့မလား။
ဖြစ်နိုင်ချေရှိသည်မှာ အချို့သော ကုမ္ပဏီများသည် ထိုကုဒ်များကို အသုံးပြုပြီး မွမ်းမံပြင်ဆင်မှု အနည်းငယ် လုပ်နိုင်ကြလိမ့်မည်။ သို့သော် နောက်ဆုံး၌ ထိုမွမ်းမံထားသော အချက်များကို မိုက်ခရိုဆော့ဖ်ထံသို့သာ ပြန်လည်ရောင်းချကြရစမြဲပင်။ ဤသည်မှာ မိုက်ခရိုဆော့ဖ်က ကုဒ်အချို့ကို အရင်းအနှီး စိုက်ထုတ်လိုက်ရသော်လည်း၊ လစာပေးစရာမလိုသော ပရိုဂရမ်မာ အများအပြားကို အမြတ်ပြန်ထွက်လာအောင် လုပ်လိုက်ခြင်းနှင့် တူလေသည်။
အခြားကုမ္ပဏီများအတွက် ပြင်ဆင်မွမ်းမံစရာ နေရာသိပ်မရှိနိုင်သော်လည်း Lenovo နှင့် Kingsoft တို့အတွက်မူ ကွာခြားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိုက်ခရိုဆော့ဖ်၏ စနစ်များကို ဖောက်ထွင်းရန် အမြဲကြိုးစားနေခဲ့ကြသူများ ဖြစ်သောကြောင့်ပင်။ ရိုးရိုးတန်းတန်း ဖောက်ထွင်းခြင်းမျိုး မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အပြည့်အဝ နားလည်သဘောပေါက်ပြီး ဖြိုခွင်းရန် ကြိုးစားနေခဲ့ကြခြင်း ဖြစ်သည်။
တကယ်လို့ ကိုယ်ပိုင်တီထွင်သည့် ထုတ်ကုန်သစ် စစ်စစ်ဆိုလျှင်တော့ ဖုန်းယွီသည် မိမိထုတ်ကုန်ကို ဘယ်သူနှင့်မှ မတူသည့် တစ်မူထူးခြားသော အရာမျိုးသာ ဖြစ်စေချင်ပြီး၊ အခြားစနစ်များနှင့် ရောနှောအသုံးပြုနိုင်ခြင်းမျိုးကို လုံးဝ အလိုမရှိပေ။ သို့သော် သူများက ဦးအောင် လုပ်ထားပြီးသား အရာမျိုးတွင် ဝင်တိုးမည်ဆိုလျှင်တော့ ထိုအရာနှင့် ကိုက်ညီမှုရှိအောင် မဖြစ်မနေ ဖန်တီးရပေမည်။ သို့မှသာ အသုံးပြုသူများကို မိမိဘက်ပါအောင် ဆွဲဆောင်စည်းရုံးနိုင်မည် ဖြစ်သည်။
ငါးနှစ်... ဖုန်းယွီသည် ကွန်ပျူတာ နည်းပညာလောက၏ အခင်းအကျင်းကို ပြောင်းလဲပစ်ရန် ငါးနှစ်သာ အချိန်ယူထားသည်။ ယခုအခါ အခြေခံအကျဆုံးဖြစ်သော ဆီလီကွန် သန့်စင်စက်ရုံကပင် စတင်လည်ပတ်နေပြီ ဖြစ်သည်။ ကုန်ကြမ်းမှသည် ကုန်ချောအထိ ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးကို သူ ချုပ်ကိုင်ထားပြီး ဖြစ်သည်။ ဒီလောက်ထိ ပြင်ဆင်ထားပြီးမှ မအောင်မြင်သေးဘူး ဆိုလျှင်တော့ သူပြောစရာ စကားပင် မရှိတော့ပေ။
ဆော့ဖ်ဝဲရော ဟာ့ဒ်ဝဲပါ ကိုယ်တိုင်ထုတ်လုပ်သည့် ကုမ္ပဏီမျိုးမှာ ယခင်က မရှိခဲ့ဖူးသည်တော့ မဟုတ်။ IBM သည် ထိုလမ်းစဉ်ကို လျှောက်ခဲ့ဖူးသည်။ သို့သော် IBM သည် ဖုန်းယွီလောက်တော့ ရူးသွပ်မှု မရှိခဲ့ပေ။
...
ဒီရက်ပိုင်းများတွင် ဖုန်းယွီတစ်ယောက် အတော်လေးကို စိတ်လက်ပေါ့ပါး ပျော်ရွှင်နေမိသည်။ ရှယ်ယာဝင်သည့် ကိစ္စရပ်များလည်း ပြီးစီးသွားပြီဖြစ်ရာ သူသည် ဘတ်စကက်ဘော ကွင်းဆီသို့ သွားရောက်ပြီး NBA Playoff ပထမအဆင့် ပြိုင်ပွဲများကို သွားရောက် ကြည့်ရှုလေသည်။ ဖုန်းယွီ teamသည် ဒီနှစ်တွင် ကစားပုံ သိပ်မကောင်းလှသော်လည်း ပရိသတ် လာရောက်ကြည့်ရှုမှု နှုန်းထားကတော့ မြင့်မားနေဆဲပင်။ အသင်း၏ ကစားကွက်က ကြည့်ကောင်းသည်ကိုး။
အသင်းအတွက် ခေါင်းကိုက်စရာ တစ်ခုတည်းသော အချက်မှာ အိုလာဂျူဝမ် ဒဏ်ရာရသွားခြင်းပင်။ Playoff ပွဲစဉ်များအထိ ပြန်ကောင်းလာဖို့ မလွယ်ကူတော့ဘဲ နောက်နှစ်ရာသီကိုသာ စောင့်မျှော်ရတော့မည့် အခြေအနေ ဖြစ်သည်။
ချန်ပီယံဘွဲ့ကို ကာကွယ်ရန် အိပ်မက်ကတော့ ပျက်စီးသွားခဲ့ပြီဟု ဆိုရမည်။ သို့သော် အသင်းသားများကတော့ သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိကြ။ အိုလာဂျူဝမ် မရှိတော့သည့်အတွက် Blue-collarအဆင့် စင်တာ ကစားသမားတစ်ဦးသာ ရှိတော့သော်လည်း၊ နည်းပြ ကားလ်သည် နည်းဗျူဟာ ကစားကွက် အသစ်များစွာကို တီထွင်ထားလိုက်သည်။ ခံစစ်ပိုင်းတွင် အပြင်တန်း ကစားသမားများကို လူကပ်ကစားစေပြီး၊ အပြန်အလှန် တိုက်စစ်ဆင်ရမည့် အချိန်မျိုးတွင် တစ်ဖက်အသင်း၏ စင်တာက အမှတ်ဆက်တိုက် ယူလာနိုင်လျှင် Foul လုပ်ပြီး တားဆီးသည့် ဗျူဟာကို သုံးစွဲလေသည်။
ဒီလို နည်းဗျူဟာများနှင့် အပြင်တန်းကစားသမားများ၏ ခြေစွမ်းပြမှုကြောင့် 'ဖုန်းယွီ' အသင်းသည် ယခုနှစ်တွင် အဆင့် (၄) နေရာကို ရရှိထားသည်။ တိုက်ဆိုင်စွာပင် အဆင့် (၅) နေရာတွင် ရပ်တည်နေသည်မှာ 'Portland Trail Blazers' အသင်း ဖြစ်နေသည်။
ပေါလ်အယ်လန် တစ်ယောက် ပြိုင်ပွဲဇယားကို မြင်လိုက်ရသည့်အခါ ကောင်းကင်ကို မော့ပြီး သုံးခါလောက်တောင် အားရပါးရ ရယ်မောလိုက်ချင်စိတ် ပေါက်သွားသည်။ 'ဖုန်းယွီ' အသင်းမှာ အရည်အချင်းမီသည့် ပွဲထွက် စင်တာကစားသမားတောင် မရှိတော့။ အသုံးမကျသည့် စာချုပ်ဖြင့် ခေါ်ထားရသော သာမန်ကစားသမား အိုကြီးမှာ ပြေးတောင် မပြေးနိုင်တော့ဘဲ နောက်နှစ်ဆို အနားယူရတော့မည့်သူ ဖြစ်သည်။ ဒီလိုအသင်းမျိုးကို သူတို့အသင်းက အပြတ်အသတ် ခြေမှုန်းပစ်နိုင်မှာ သေချာသည်။
'ဖုန်းယွီ' အသင်း၏ အပြင်တန်း ကစားကွက်က ကြမ်းတမ်းတယ် ဟုတ်လား။ တိုက်ဆိုင်လိုက်တာ... Trail Blazers အသင်း၏ အပြင်တန်း ခံစစ်ကလည်း လိဂ်တစ်ခုလုံးမှာ ထိပ်တန်းအဆင့်ပဲ။ အရေးကြီးဆုံးက ဒီရာသီမှာ ပစ်ပန်ရဲ့ ခြေစွမ်းတွေ ပြန်တက်လာခြင်းပင်။ မနှစ်က ပီယာ့စ် ဆိုတဲ့ကောင် သိပ်ဘဝင်မြင့်နေတယ် မဟုတ်လား။ ဒီနှစ်တော့ သူ့ကို All-Star ကစားသမားဆိုတာ ဘာလဲဆိုတာ သိသွားအောင် သင်ခန်းစာ ပေးရဦးမယ်…
ထို့ကြောင့်ပင် ဒီတစ်ခေါက်၌ ပေါလ်အယ်လန်သည် 'ဖုန်းယွီ' အသင်း၏ အိမ်ကွင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 'ဖုန်းယွီ' အသင်း ဂုဏ်သိက္ခာကျဆင်းပြီး အရှက်ကွဲသွားမည့် မြင်ကွင်းကို သူ မျက်ဝါးထင်ထင် ကြည့်ချင်သေးသည်။ ဒီတစ်ခေါက်တော့ Trail Blazers ပရိသတ်တွေကို အရင်ကလို အများကြီး ခေါ်မလာတော့ဘဲ ခပ်မှိန်မှိန်သာ နေလိုက်သည်။
ဒီပွဲက လက်စားချေပွဲ သက်သက် မဟုတ်ပေ။ ပေါလ်အယ်လန်သည် ဒီနှစ်တွင် ချန်ပီယံဆုကို လိုချင်နေသည်။ သူ့အသင်းအတွက် Luxury tax တွေလည်း အများကြီး ဆောင်ထားရသည် မဟုတ်လား။
အနောက်ပိုင်းက တခြားထိပ်သီးအသင်းတွေ အကြောင်းပြောရရင် Lakers အသင်းကလွဲလို့ ကျန်တဲ့အသင်းတွေကို Trail Blazers က မျက်လုံးထဲတောင် မထည့်ထားပေ။ 'ဖုန်းယွီ' အသင်းက Lakers ကို နိုင်ခဲ့ဖူးရင် Trail Blazers ကရော ဘာလို့ မနိုင်ရမှာလဲ။ ရှက်ခ်ကို ဖောင်လုပ်ပြီး တားတဲ့ နည်းဗျူဟာ မဟုတ်လား။ Trail Blazers မှာ အတွင်းစည်း ကစားသမား ခြောက်ယောက်တောင် ရှိတယ်။ တစ်ယောက်ကို ခြောက်ကြိမ် ဖောင်လုပ်ရင်တောင် ၃၆ ကြိမ် ရတယ်။ ပြီးတော့ အပြင်တန်း ကစားသမားတွေကလည်း ဖောင်လုပ်လို့ ရသေးတာပဲ။ Lakers က အဲဒီ ဝက်ပုတ်ကြီးကို မှတ်လောက်သားလောက် ဖြစ်သွားအောင် လုပ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။
အရှေ့ပိုင်း ကွန်ဖရင့်က အသင်းတွေကတော့ Trail Blazers ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်လို့ သူ မထင်ပေ။
“ဟေး... ပေါလ်၊ နေကောင်းတယ်မလား၊ အခြေအနေတွေ ဘယ်လိုလဲ”
ပေါလ်အယ်လန်ကို မြင်လိုက်သည်နှင့် ဖုန်းယွီက ပြုံးပြုံးရွှင်ရွှင်ပင် နှုတ်ဆက်လိုက်သည်။ သို့သော် ဖုန်းယွီ၏ အပြုံးသည် ပေါလ်အယ်လန်၏ မျက်လုံးထဲတွင်တော့ အလွန်တရာ ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေလေသည်။
“ဟွန်း... ငါကတော့ ကောင်းနေတာပဲ။ ဒီနေ့ မင်းအသင်းကို အမှတ် ၂၀ ပြတ်နဲ့ နိုင်လိုက်ရင်တော့ ငါ့စိတ်အခြေအနေ ပိုကောင်းသွားမှာ သေချာတယ်”
ပေါလ်အယ်လန်တစ်ယောက် စိတ်အခြေအနေ ဘယ်လိုလုပ် ကောင်းနိုင်ပါ့မလဲ။ စတော့ဈေးကွက်မှာ သူ့ရင်းနှီးမြှုပ်နှံမှုတွေက ဒီတစ်ခေါက်လည်း အကြီးအကျယ် ရှုံးထားပြန်သည်။ အထူးသဖြင့် မိုက်ခရိုဆော့ဖ်၏ စာရင်းဇယားပိုင်းမှာ ပြဿနာတွေ ရှိလာပြီး၊ ရှယ်ယာဈေးတွေ ထပ်ကျသွားသည့်အတွက် သူ အများကြီး နစ်နာခဲ့ရသည်။
ပေါလ်အယ်လန် ဒေါသထွက်နေမိသည်။ မင်းက မိုက်ခရိုဆော့ဖ်ကနေ ထွက်သွားပြီးပြီပဲ၊ ထွက်သွားတုန်းကလည်း ခြေထောက်နဲ့ တစ်ချက် ကန်ခဲ့သေးတယ်။ တော်ရောပေါ့... အခုကျတော့ ပြီးကို မပြီးနိုင် မစီးနိုင် ထပ်ခါထပ်ခါ လာနင်းနေတော့တာပဲ။
ဖုန်းယွီနှင့် စတင်သိကျွမ်းပြီးကတည်းက သူ့ကံတရားက နှိမ့်ပါးလာသလို ခံစားနေရသည်။ ဘာပဲ ရင်းနှီးမြှုပ်နှံလိုက်လိုက် အရှုံးပဲ ပေါ်နေတော့သည်။ မိုက်ခရိုဆော့ဖ်ကနေ အမြတ်လေး နည်းနည်းရမယ် ကြံလိုက်တိုင်း ဖုန်းယွီက ဝင်မွှေလိုက်သည့်အတွက် ပြန်ပြန်ပြီး လျော်ရစမြဲ။
ပေါလ်အယ်လန်သည် သူ စီးပွားရေးလုပ်ရမည့် လူမျိုးမဟုတ်မှန်း အရင်က တစ်ခါမှ မတွေးမိခဲ့ပေ။ သူက လက်အောက်ငယ်သားများ၏ အကြံဉာဏ်ကို နားမထောင်ဘဲ တစ်ဇွတ်ထိုး လုပ်တတ်သည်။ ဉာဏ်ရည် (IQ) မြင့်မားတိုင်း စီးပွားရေး လုပ်တတ်သည်မှ မဟုတ်ဘဲ။
သူတင် မကပါဘူး။ ဘီလ်ဂိတ်စ်၏ ပိုင်ဆိုင်မှုများဆိုလျှင်လည်း အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ ဒီနှစ် Forbes မဂ္ဂဇင်း စာရင်းအရ ဘီလ်ဂိတ်စ်၏ ကြွယ်ဝချမ်းသာမှုသည် ဖုန်းယွီထက် ဒေါ်လာ ၁၀ ဘီလီယံအောက်သာ သာတော့သည်။ သတိမထားရင် ဖုန်းယွီက ကျော်တက်သွားနိုင်သည်။ ဖုန်းယွီ၏ စီးပွားရေး လုပ်ငန်းတွေကလည်း အများကြီးကိုး။
ဖော့ဘ် စာရင်းဝင် သူဌေးအများစု ပိုင်ဆိုင်မှုတွေ ကျဆင်းနေချိန်မှာ ဖုန်းယွီ၏ ပိုင်ဆိုင်မှုတွေကတော့ ပြောင်းပြန် အချိုးကျကာ တိုးပွားနေသည်၊ တိုးသည့် နှုန်းထားကလည်း မနည်းပေ။ ဒါက ပေါလ်အယ်လန်ကို ပိုပြီး မနာလို ဝန်တို ဖြစ်စေသည်။ ယခုဆိုလျှင် သူ၏ ပိုင်ဆိုင်မှု ပမာဏသည် ဒေါ်လာ ၁၀ ဘီလီယံ အောက်သို့ပင် ရောက်ရှိသွားခဲ့ပြီး၊ ဟောင်ကောင် သူဌေးနှစ်ယောက်ကပင် သူ့ကို ကျော်တက်သွားကြပြီ ဖြစ်သည်။
ဘယ်အချိန်ကစပြီး သူလို ပေါလ်အယ်လန်မျိုးက အာရှမှာတောင် ထိပ်ဆုံးစာရင်း မဝင်တော့တာပါလိမ့်။
ဒီအကြောင်းအရာ အမျိုးမျိုးကြောင့် ပေါလ်အယ်လန်သည် ဖုန်းယွီအပေါ် ပို၍ အာဃာတ ကြီးမားလာရသည်။ ကံဆိုးသည်က ဖုန်းယွီကို ဟန့်တားနိုင်မည့် နည်းလမ်း တစ်ခုမှ မရှိခြင်းပင်။ တော်သေးသည်မှာ သူ့လက်ထဲတွင် ဘတ်စကက်ဘော အသင်း ရှိနေသေးသည်။ ဒီနေ့တော့ သူ့အသင်းက သူ့အတွက် ဒေါသတွေ ဖြေဖျောက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
...
******
အခန်း (၁၁၇၂) အို... နိုင်သွားပြန်ပြီပဲ
“ပေါလ်... ငါတို့ နောက်ထပ် လောင်းကြေးတစ်ခုလောက် ထပ်ဆော့ကြမလား။ ငါကတော့ ဒီတစ်ပွဲ... ဪ... မဟုတ်သေးပါဘူး၊ ဒီ Playoff စီးရီးတစ်ခုလုံးမှာ ဖုန်းယွီရဲ့ အသင်းကပဲ နိုင်မယ်လို့ လောင်းချင်တယ်”
ဖုန်းယွီ၏ ဘေးတွင် ထိုင်နေသော ကီရီလန်ကိုက လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
ဒီနှစ်တွင် ကီရီလန်ကို ပိုင်ဆိုင်သော Nets အသင်းသည် နောက်တစ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ခြေစွမ်းဖျောက်ပြီး အရှုံးခံကစားခဲ့ရာ လိဂ်တစ်ခုလုံးတွင် အောက်ဆုံးမှ ဒုတိယအဆင့် သို့ ရောက်ရှိနေခဲ့သည်။ သို့သော် ကီရီလန်ကို၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်ရိပ် တစ်စွန်းတစ်စမျှ မတွေ့ရပေ။ ပုံမှန်ဆိုလျှင် Nets အသင်း၏ လက်ရှိအင်အားသည် Playoff ဝင်ဖို့ ခက်ခဲနိုင်သော်လည်း ယခုကဲ့သို့ အောက်ဆုံးအဆင့် ရောက်သွားလောက်သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။
ရှင်းရှင်းပြောရလျှင် ဒီနှစ် လူသစ်တန်းဝင်မည့် ကစားသမား များ၏ အရည်အသွေးက ကောင်းမွန်သည်ဟု သတင်းထွက်နေသောကြောင့်ပင်။ ကီရီလန်ကိုသည် နံပါတ် (၁) လူရွေးချယ်ခွင့်ကို လိုချင်နေသည်။ မနှစ်က နံပါတ် (၁) နေရာ ရခဲ့သူက သိပ်ပြီး သုံးစားမရ၊ ပြောရရင် မနှစ်က လူသစ်တန်း တစ်ခုလုံး အရည်အသွေး သိပ်မမီခဲ့ပေ။ ဒီနှစ်သာ ထိပ်တန်းအဆင့် လူသစ်နှစ်ယောက်လောက် ရလိုက်ပြီး ဂျေဆန်ကစ်နဲ့ တွဲပေးလိုက်လျှင် နောက်နှစ် Playoff ဝင်ဖို့က သေချာသလောက် ရှိသွားပြီ မဟုတ်ပါလား။
ယခင်ဘဝ အတိတ်ဟောင်း၌ ဂျေဆန်ကစ်၏ ကစားသမားဘဝကို ထိုးကျသွားစေခဲ့သည့် ဒူးဒဏ်ရာသည် ဒီဘဝမှာတော့ ဖြစ်မလာခဲ့ပေ။ အသင်းက ရည်ရွယ်ချက်ရှိရှိ လျော့ကစားခိုင်းထားသောကြောင့် ကစ်သည် အဝေးကွင်းပွဲစဉ် အများစုတွင် ဒဏ်ရာရလူစာရင်း၌ အမည်သွင်းကာ အားလပ်ရက် ယူနေရသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က ဒဏ်ရာကင်းစင်ပြီး ထိုးဖောက်ဝင်ရောက် ကစားသည့် ခြေစွမ်းများလည်း ကောင်းမွန်နေဆဲ ဖြစ်သည်။
ဒီနှစ်သာ ထိပ်တန်း လူသစ်ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက် ရွေးချယ်နိုင်ခဲ့လျှင် Nets အသင်းသည် ကောင်းကင်သို့ ပျံတက်မည့် နဂါးတစ်ကောင် ဖြစ်လာပေလိမ့်မည်။
ကီရီလန်ကိုသည်လည်း ဘတ်စကက်ဘောကို နှစ်သက်သူဖြစ်သည်။ မိမိအသင်းက ပြိုင်ပွဲမဝင်ရတော့သည့်အတွက် သူငယ်ချင်းဖြစ်သူ ဖုန်းယွီ၏ အသင်းကို လာရောက်အားပေးနေခြင်း ဖြစ်သည်။
“မင်းက ဖုန်းယွီအသင်း နိုင်မယ်လို့ လောင်းမယ်ပေါ့... ကောင်းပြီလေ။ ဒီတစ်ခေါက် လောင်းကြေးကို နည်းနည်းလောက် မြှင့်လိုက်ကြမလား”
ပေါလ်အယ်လန်သည် ယုံကြည်မှု အပြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်။ ဒီတစ်ခေါက်မှ ထပ်ရှုံးနေဦးမည် ဆိုလျှင်တော့ Trail Blazers အသင်း၏ နည်းပြရော၊ မန်နေဂျာပါ အကုန်ထုတ်ပစ်လိုက်တာကမှ ကောင်းဦးမည်။
“အမေရိကန်ဒေါ်လာ ၁၀ သန်း... ဖုန်းယွီအသင်း နိုင်တဲ့ဖက်က ငါလောင်းတယ်”
ကီရီလန်ကိုက ချက်လက်မှတ်စာအုပ်ကို ထုတ်ကာ ဂဏန်းများကို တဖြတ်ဖြတ် ရေးချလိုက်ပြီး ပေါလ်အယ်လန် ရှေ့သို့ ထိုးပေးလိုက်လေသည်။
ပေါလ်အယ်လန်သည် ကီရီလန်ကို၏ အထင်သေးမှုကို မခံနိုင်သူ ဖြစ်သည်။ သူသည်လည်း ချက်ချင်းပင် ဒေါ်လာ ၁၀ သန်းတန် ချက်လက်မှတ်ကို ရေးကာ ကီရီလန်ကိုလက်ထဲ ထည့်ပေးလိုက်သည်။ သူနိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်ထားသည် မဟုတ်လား။ သူများက လာပေးသည့် ပိုက်ဆံကို ငြင်းစရာ အကြောင်းမရှိပေ။
ထိုစဉ် ဖုန်းယွီကလည်း ဒေါ်လာ ၁၀ သန်းတန် ချက်လက်မှတ် တစ်စောင်ကို ရေးလိုက်ပြီး ပေါလ်အယ်လန်ထံသို့ ကမ်းပေးလိုက်သည်။
“ကျွန်တော့် လောင်းကြေးကိုရော ခင်ဗျား လက်ခံရဲလား။ တစ်ခါတည်းနဲ့ ဒေါ်လာ သန်း ၂၀ လောက် ရှုံးသွားရင် ခံသာပါ့မလားဗျာ”
ပေါလ်အယ်လန်၏ မျက်နှာတွင် ဒေါသရိပ်များ ယှက်သန်းသွားသည်။ ဒေါ်လာ သန်း ၂၀ ဆိုသည်မှာ သူ့အတွက်လည်း နည်းပါးသော ပမာဏတော့ မဟုတ်။ သူက ကြွယ်ဝချမ်းသာသည် ဆိုသော်ငြား ပုံမှန်အားဖြင့် သူ့ကိုယ်ပိုင် ငွေစာရင်းထဲတွင် ငွေသား ၁၀ သန်းဝန်းကျင်သာ ထားလေ့ရှိသည်။ တကယ်လို့ ရှုံးသွားခဲ့လျှင် ရှယ်ယာအချို့ကို ထုတ်ရောင်းရမည့် ကိန်းဆိုက်ပေလိမ့်မည်။ သို့သော် ဖုန်းယွီ၏ လှောင်ပြောင်မှုကိုတော့ သူ ဘယ်လိုမှ သည်းမခံနိုင်ပေ။ သူလို ပေါလ်အယ်လန်က စာဖွဲ့လောက်စရာမရှိသည့် ဒေါ်လာ သန်း ၂၀ လောက်အတွက်နဲ့ စိတ်ညစ်နေရမှာတဲ့လား။
“ကောင်းပြီ... ငါ လက်ခံတယ်။ လူတစ်ယောက်က ငါ့ကို ပိုက်ဆံလာပေးနေမှတော့ ငါက ဝမ်းသာအားရ လက်ခံရမှာပေါ့”
သုံးဦးသား ချက်လက်မှတ်များကို အပြန်အလှန် လဲလှယ်လိုက်ကြသည်။ နိုင်တဲ့သူက ချက်လက်မှတ်ကို ဘဏ်မှာ ငွေသွားထုတ်ရုံပင်။ ရှုံးတဲ့သူလက်ထဲက ချက်လက်မှတ်ကတော့ အလိုလို ပျက်ပြယ်သွားမည် ဖြစ်သည်။ သူတို့လို သူဌေးတွေ အနေဖြင့် ဒေါ်လာ ၁၀ သန်းလောက်ကို လိမ်လည်နေကြမည့် လူစားမျိုးတွေ မဟုတ်ပေ။
ဖုန်းယွီသည် 'ဖုန်းယွီ' အသင်းသားများ ရှိရာဖက်သို့ လျှောက်သွားလိုက်ပြီး
“ဒီ Playoff စီးရီးကို ငါတို့ မဖြစ်မနေ နိုင်ရမယ်။ အားလုံးပဲ အစွမ်းကုန် ကြိုးစားပေးကြပါ။ ဒုတိယအဆင့် ရောက်မှ ရှုံးချင်ရှုံး၊ ဒီပထမအဆင့်မှာတော့ နိုင်ကို နိုင်ရမယ်။ နိုင်ခဲ့ရင် အားလုံးရဲ့ Playoff ဆုကြေးငွေကို နှစ်ဆပေးမယ်၊ ငါ့အိတ်ကပ်ထဲက စိုက်ပြီး ပေးမှာ”
ဗင့်စ်ကာတာနှင့် ပေါလ်ပီယာ့စ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး စိတ်ထဲမှာ တူညီသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိကြသည်။ သူဌေး ကျေနပ်မည့် ပွဲမျိုး ဖြစ်လာအောင် မဖြစ်မနေ ကစားရပေမည်။ သူဌေးက သူတို့ကို ကြော်ငြာစာချုပ်တွေ အများကြီး ရှာပေးထားတာကြောင့် ဝင်ငွေတွေ မနည်းမနော ရထားကြသည် မဟုတ်လား။ အသင်းခေါင်းဆောင် ဘယ်သူဖြစ်မလဲ ဆိုတဲ့ ပြိုင်ဆိုင်မှုကို ခဏလောက် ဘေးဖယ်ထားလိုက်ကြစို့။
ရော့ဒ်မန်း၊ လူးဝစ်၊ ဘေလူးပစ်၊ မိုဘလီ၊ အဲလ်စတွန်၊ တဇီ အစရှိသူတို့လည်း အသီးသီး ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ဒီနှစ်တော့ ချန်ပီယံဆုကို မျှော်မှန်းလို့ မရတော့သည့် အတူတူ ပိုက်ဆံများများ ရတာက ပိုကောင်းသည် မဟုတ်လား။ ပြီးတော့ သူဌေးသာ ကျေနပ်သွားရင် စာချုပ်သက်တမ်းတိုးတဲ့အခါ သူတို့ကို လုံးဝ နစ်နာအောင် လုပ်မည့်သူ မဟုတ်ပေ။
ပွဲစသည်နှင့် နည်းပြ ကားလ်သည် Small Ball tactic ကို ခင်းကျင်းလိုက်သည်။ ရော့ဒ်မန်းကို စင်တာနေရာတွင် ထားလိုက်ရာ ခုန်ဘော ယှဉ်လုသည့်အခါ Trail Blazers ၏ မူလ စင်တာကစားသမားကြီးကို အနိုင်ရသွားလေသည်။ Trail Blazers အသင်းသားများ အံ့အားသင့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာပင် ဘေလူးပစ်က ဘောလုံးရသည်နှင့် ရှေ့သို့ ပစ်တင်ပေးလိုက်ရာ၊ ကာတာက လေပေါ်ဝဲပျံပြီး ယူကာ တပြိုင်နက်တည်း ခြင်းထဲသို့ ဒုန်းခနဲ စွက္ခနဲ သွင်းယူလိုက်လေတော့သည်။
ဒါက Playoff ပွဲစဉ်ကြီးလေ။ ဒီလိုပွဲကြီးမျိုးမှာ ဒီလို စတန့်ထွင် ကစားရဲကြသလား။ Trail Blazers ၏ နည်းပြဖြစ်သူမှာ ဂျော့ချ်ကားလ်ကို မကြည့်ဘဲ မနေနိုင်တော့။ ဒီအဖိုးကြီး တော်တော် မိုက်ပါလား။ မနှစ်က အကောင်းဆုံး နည်းပြဆု ရခဲ့တာ အလကားတော့ မဟုတ်ပေ။
နောက်တစ်လုံးတွင် ပီယာ့စ်က စွန့်စွန့်စားစား လက်လှမ်းပြီး ပေါ့ဆနေသော ပစ်ပန်ဆီမှ ဘောလုံးကို ဖြတ်ယူလိုက်သည်။ ဘောလုံးဆွဲပြီး နှစ်လှမ်းလောက် ပြေးကာ ရှေ့သို့ မြှောက်တင်ပေးလိုက်ပြန်သည်။ ကာတာက နောက်တစ်ကြိမ် လေပေါ်ဝဲပြီး ခြင်းသွင်းယူလိုက်ပြန်သည်။
Playoff ပွဲကြီးမှာ သူတို့က အမြန်ကစားကွက်တွေ သုံးနေကြတာလား။ ပြီးတော့ Foul အပေးခံရမှာ မကြောက်ဘဲ စွန့်စားပြီး ဘောလုံးဖြတ်လုနေကြတာလား။ Trail Blazers နည်းပြ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်ကြီးတစ်ခု ဝင်ရောက်လာခဲ့သည်။
ပထမပိုင်း ပြီးဆုံးသွားသည့်အခါ Trail Blazers သည် ပုံမှန်အတိုင်း တိုက်စစ်စွမ်းရည် ပြသနိုင်ခဲ့ပြီး တစ်ပိုင်းတည်းတွင် ၂၅ မှတ် ရယူနိုင်ခဲ့သည်။ Playoff ပွဲစဉ် တစ်ခုအတွက် သိပ်မကောင်းလှသော်လည်း လက်ခံနိုင်သော အနေအထားပင်။ သို့သော် တစ်ဖက်က 'ဖုန်းယွီ' အသင်း၏ မျက်စိကျိန်းလောက်စရာ ၃၇ မှတ်ကြီးကို မကြည့်မိရင်ပေါ့။
ပထမပိုင်းလေးမှာတင် တစ်ဖက်အသင်းကို ၁၂ မှတ်ဖြတ်ပြီး ဦးဆောင်ထားသည်။ အဲဒီအထဲမှာ ဝမ်ကျစ်ကျစ်ရဲ့ ပွဲချိန်ပြည့်ခရာ မမှုတ်ခင်လေး ပစ်သွင်းလိုက်တဲ့ သုံးမှတ်တန်လည်း ပါဝင်သည်။ ပြီးတော့ ဟို လူးဝစ် ဆိုတဲ့ကောင်။ အရပ်က မိုးမျှော်လောက် ရှိပြီး အတွင်းစည်းထဲ မဝင်ဘဲ အပြင်တန်းမှာပဲ နေပြီး သုံးမှတ်တွေ လှမ်းပစ်နေတာ ဘယ်လိုကောင်လဲ။ ဒါ ဘယ်သူသင်ပေးထားတဲ့ ကစားနည်းလဲ။
'ဖုန်းယွီ' အသင်း တစ်သင်းလုံးက လူထူးလူဆန်းတွေချည်းပါလား။
ဖုန်းယွီနှင့် ကီရီလန်ကိုတို့ကတော့ ပြုံးပြုံးရွှင်ရွှင်ပင် စကားပြောနေကြသည်။
“ဖုန်း... မင်းအသင်းကတော့ တကယ့်ကို အောင်မြင်တာပါပဲကွာ။ Luxury taxလည်း ပိုပေးစရာမလို၊ ချန်ပီယံဆုလည်း ရထားသေးတယ်”
“သိပ်မလောပါနဲ့။ မင်းလည်း ဒီနှစ် လူရွေးချယ်ခွင့် သုံးနေရာတောင် စုဆောင်းထားတယ် မဟုတ်လား။ မဲနှိုက်တဲ့အခါ ကောင်းကောင်းလေး တစ်ယောက်လောက်တော့ ပါလာမှာပါ။ ဒီနှစ် လူသစ်တွေထဲမှာ အတွင်းစည်း ကစားသမားကောင်းတွေ များတယ်။ ငါ့အမြင်တော့ မင်း အတွင်းစည်း ကစားသမား နှစ်ယောက်လောက် ရွေးလိုက်တာ ကောင်းမယ်”
“တကယ်တမ်း ငါသဘောကျတဲ့ အတွင်းစည်း ကစားသမား တစ်ယောက်တော့ ရှိတယ်။ Lakers အသင်းက ဝက်ပုတ်ကြီးလေ။ သောက်ကျိုးနည်း ဂျယ်ရီဘတ်စ်က လုံးဝ မရောင်းဘူးကွ။ ငါက ဂျေဆန်ကစ်ကလွဲရင် ကြိုက်တဲ့လူယူ၊ အပြင်မှာလည်း နစ်နာကြေး ပိုက်ဆံထပ်ပေးမယ်လို့ ပြောတာတောင် သူက လက်မခံဘူး”
ကီရီလန်ကိုက ဒေါသတကြီး ပြောလိုက်သည်။
ဒီကောင်တော့... ငါ့မှာသာ ရှက်ခ်ရှိရင် ငါလည်း ဘယ်ရောင်းမလဲ။ ဖုန်းယွီက ကီရီလန်ကိုကို မျက်စောင်းထိုးလိုက်ပြီး
“ဒါဆိုရင်လည်း ကိုယ့်ဘာသာ အတွင်းစည်း ကစားသမားကောင်း နှစ်ယောက်လောက် ရှာပြီး မွေးထုတ်လိုက်ပေါ့။ အိုနီးလ်က အရမ်းတော်တာ မှန်ပေမဲ့ မနှစ်က ရှုံးသွားတာပဲ မဟုတ်လား”
“အင်း... ဟုတ်တော့ ဟုတ်တယ်။ ဘတ်စကက်ဘော လောကရဲ့ ဘုရားသခင်လို့ တင်စားကြတဲ့ ဂျော်ဒန်တောင်မှ အစပိုင်းတုန်းက သုံးမရပါဘူး။ နောက်ပိုင်းကျမှ All-Star အဆင့် အသင်းကြီး ဖွဲ့နိုင်ပြီး ချန်ပီယံ ဖြစ်သွားတာပဲ... ဟာ... ကန်ချက်က လှလိုက်တာကွာ”
ကီရီလန်ကိုသည် ဖုန်းယွီနှင့် စကားပြောရင်း ပွဲကိုလည်း မျက်တောင်မခတ် ကြည့်နေလေသည်။
ဂျော်ဒန်က တကယ်ပဲ လူတွေ တင်စားသလောက် တော်လား၊ မတော်လားတော့ ဖုန်းယွီ မသိ။ လူတော်တော်များများက ဂျော်ဒန်ကို အမှတ်ထုတ်စက်ကြီးဟု ပြောကြသည်။ ဖုန်းယွီက ထိုအချက်ကို သဘောတူသည်။ သို့သော် ဂျော်ဒန်မှာ ကြီးမားသော အားနည်းချက် တစ်ခုရှိသည်။ သုံးမှတ်ပစ် မကောင်းတာကို ပြောတာမဟုတ်။ သူ့ရဲ့အအေးပေးစနစ် မကောင်းတာကို ပြောတာ။ ဘာလို့ဆို လူက အမြဲတမ်း လျှာကြီးထုတ်ထုတ် နေတတ်တယ်လေ…
ဒုတိယပိုင်း ပြီးဆုံးချိန်တွင် Trail Blazers အသင်းသည် အမှတ်ကွာဟချက်ကို မချုံ့နိုင်ခဲ့သည့်အပြင် ၁၈ မှတ်အထိပင် ပိုမို ပြတ်ကျန်ရစ်ခဲ့သည်။ ဒီနေ့ 'ဖုန်းယွီ' အသင်းက သွေးဆာနေပြီး အလွန်တရာ တိုက်စစ်ဆင် ကစားနေသည်ကို တွေ့ရသည်။
ပထမပွဲစဉ် ပြီးဆုံးသွားသည့်အခါ 'ဖုန်းယွီ' အသင်းက ၂၁ မှတ်အကွာဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့သည်။ ပေါလ်အယ်လန်သည် တစ်ခွန်းမှ မပြောဘဲ ထွက်ခွာသွားပြီး၊ နောက်ကွယ်ရောက်မှ အသင်းနည်းပြကို ဆဲဆိုကြိမ်းမောင်းတော့သည်။ ဖုန်းယွီအသင်းကို အမှတ် ၂၀ ပြတ်နဲ့ နိုင်စေရမယ် ဆိုပြီးတော့ အခုတော့ တကယ်ပဲ အမှတ် ၂၀ ကျော် ပြတ်သွားပြီ၊ ဒါပေမဲ့ ကိုယ်က ရှုံးတာလေ…
ဒုတိယပွဲစဉ်တွင်လည်း 'ဖုန်းယွီ' အသင်းက ထပ်မံ အနိုင်ရသွားပြန်သည်။ အပြင်တန်း ကစားသမားများ၏ စွမ်းဆောင်ရည်ဖြင့်ပင် အနိုင်ယူသွားခြင်း ဖြစ်သည်။ ကာတာနှင့် ပီယာ့စ်တို့ နှစ်ယောက်ပေါင်း ရမှတ် ၃၀ ကျော်စီ ရယူခဲ့ကြပြီး၊ ဘေလူးပစ်နှင့် မိုဘလီတို့က ၁၅ မှတ်စီ၊ လူးဝစ်နှင့် ဝမ်ကျစ်ကျစ်တို့က ၁၀ မှတ်ကျော်စီ ရရှိခဲ့ကြသည်။ ကစားသမား ၆ ယောက်လုံး ဂဏန်းနှစ်လုံး ရမှတ်ရရှိသွားခြင်းမှာ Playoff သမိုင်းတွင် မြင်ရခဲသော ဖြစ်ရပ်မျိုး ဖြစ်သည်။
နောက်ဆုံးတော့ Trail Blazers အသင်း၏ အိမ်ကွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပေါလ်အယ်လန် ရောက်လာပြန်သည်။ ဒီတစ်ခေါက်တော့ အရှက်ပြန်ဆယ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ရလဒ်က ပေါလ်အယ်လန်ကို ကိုယ်တိုင် ကွင်းထဲဆင်းကန်ချင်စိတ် ပေါက်သွားစေသည်။ Trail Blazers အသင်းသည် ထပ်မံ ရှုံးနိမ့်သွားပြီး ပြိုင်ဘက်ကင်း ရှင်းထုတ်ခံလိုက်ရသည် (Swept)။
ရှုံးနိမ့်ရသော အကြောင်းရင်းမှာ ယခင်ပွဲများနှင့် အတူတူပင်။ 'ဖုန်းယွီ' အသင်း၏ အပြင်တန်း ကစားသမားများသည် နေရာစုံမှ ပစ်ခတ် အမှတ်ယူနေကြပြီး၊ လူတိုင်း အမှတ်ရနေကြရာ Trail Blazers တို့ ဘယ်လိုမှ လိုက်မထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သူ ယုံပင် မယုံနိုင်အောင် ဖြစ်နေမိသည်။ ငွေတွေ သောက်လောက်ပုံအောပြီး တည်ဆောက်ထားသော သူ့အသင်းကြီးက Playoff ပထမအဆင့်မှာတင် လှည့်ပြန်ခဲ့ရပြီတဲ့လား။
ဖုန်းယွီသည် ကီရီလန်ကိုနှင့်အတူ ပေါလ်အယ်လန်၏ ရှေ့သို့ လျှောက်သွားလိုက်ပြီး -
“အို... ပေါလ်ရေ... ငါတို့ နိုင်သွားပြန်ပြီ”
...
******
အခန်း (၁၁၇၃) နောက်နှစ်တော့ Nets အသင်း အလှည့်
ပေါလ်အယ်လန်၏ မျက်လုံးများတွင် ဒေါသနှင့် နာကြည်းမှုတို့ ရောယှက်နေလျက် ဖုန်းယွီတို့ နှစ်ယောက်ကို စိုက်ကြည့်နေသည်။ ပိုက်ဆံရှုံးသွားလို့ နှမြောနေခြင်းတော့ မဟုတ်။ ဒေါ်လာ သန်း ၂၀ ဆိုသည်မှာ သူ့အတွက် မနည်းလှသော်လည်း၊ ပိုပြီး ရင်နာစရာ ကောင်းသည်က ဖုန်းယွီနှင့် ကီရီလန်ကိုတို့၏ မျက်နှာပေးများပင်။ ထိုးကြိတ်ပစ်ချင်စရာကောင်းသော ထိုမျက်နှာထားများကို ကြည့်ပြီး သူ ပို၍ ဒေါသထွက်နေရခြင်း ဖြစ်သည်။
“ဟွန်း... ဒီတစ်ခေါက်တော့ မင်းတို့ ကံကောင်းလို့ နိုင်သွားတယ်ပဲ ထားလိုက်ပါတော့။ ပြီးတော့ မင်း... မင်းရဲ့ Nets အသင်းက တကယ့် အမှိုက်ပဲ၊ နောက်နှစ်ကျရင် မင်းတို့အသင်း တစ်ပွဲမှ နိုင်မှာ မဟုတ်ဘူး!”
ပေါလ်အယ်လန်သည် ဖုန်းယွီကို မနိုင်သဖြင့် ကီရီလန်ကို ဘက်သို့ လှည့်ကာ ဒေါသပုံချလိုက်သည်။ ဒီနှစ် ပုံမှန်ပွဲစဉ်များတွင် Trail Blazers အသင်းက Nets အသင်းကို အပြတ်အသတ် အနိုင်ယူခဲ့သည် မဟုတ်ပါလား။
“လောင်းမလား... ဘယ်သူက ဘယ်သူ့ကို ပြိုင်ဘက်ကင်း အနိုင်ယူမလဲဆိုတာ လောင်းရဲလား”
ကီရီလန်ကို ဒေါသထွက်သွားသည်။ မိုက်ခရိုဆော့ဖ် ရှယ်ယာဈေးတွေ ထိုးကျသွားလို့ ငါ့ပိုင်ဆိုင်မှုတွေက မင်းထက်တောင် များနေပြီ၊ မင်းကများ ဘာတွေ လာပြီး ဘဝင်မြင့်နေတာလဲ။
“ကောင်းပြီလေ... ထပ်လောင်းကြတာပေါ့။ ဒီတစ်ခေါက် ပိုက်ဆံကြေး မဟုတ်ဘူး။ ရှုံးတဲ့လူက တီဗီ အစီအစဉ်ကနေ တိုက်ရိုက်လွှင့်ပြီး တစ်ဖက်လူလောက် ငါမတော်ပါဘူးလို့ လူသိရှင်ကြား ဝန်ခံရမယ်။ မင်း ရဲလား”
ပိုက်ဆံဆိုတာ ပေါလ်အယ်လန်အတွက် သိပ်ပြီး စိန်ခေါ်မှု မဖြစ်တော့။ သူလိုချင်တာက သိက္ခာ၊ သူလိုချင်တာက မျက်နှာပန်းလှဖို့။
“လောင်းတာပေါ့။ ရှုံးတဲ့လူက ခါးကိုင်းပြီးတော့ကို ဦးညွှတ်ရမယ်!”
ကီရီလန်ကိုက လောင်းကြေးကို ထပ်မြှင့်လိုက်သည်။
ပေါလ်အယ်လန်သည် ဖုန်းယွီနှင့် ကီရီလန်ကိုတို့ ရှေ့မှာတင် သူတို့ပေးထားသော ချက်လက်မှတ်များကို ဆွဲဆုတ်ပစ်လိုက်ပြီး၊ နှာခေါင်းတစ်ချက်ရှုံ့ကာ ထွက်ခွာသွားလေသည်။ သူဆုံးဖြတ်လိုက်ပြီ၊ ဒီနေ့ပဲ အသင်းမန်နေဂျာနဲ့ နည်းပြကို အလုပ်ဖြုတ်ပစ်မယ်။
ပေါလ်အယ်လန် ထွက်သွားပြီးနောက် ကီရီလန်ကို၏ ထောင်ထောင်မောင်းမောင်း ပုံစံများ ပျောက်ကွယ်သွားပြီး မျက်နှာငယ်လေးဖြင့် ဖုန်းယွီကို မေးလာသည်။
“ဖုန်း... မင်းပြောသလို ကစားသမားကောင်း နှစ်ယောက်လောက် ခေါ်လိုက်ရုံနဲ့ တကယ်ပဲ Trail Blazers အသင်းကို အပြတ်အသတ် နိုင်ပါ့မလား”
“နှစ်ပွဲတည်း လောင်းထားတာပဲဟာ၊ အပြောင်းအလဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီနှစ် Draft စာရင်းမှာ စပိန်နိုင်ငံက အတွင်းစည်း ကစားသမားတစ်ယောက် ပါတယ် မဟုတ်လား။ ပြီးတော့ လူကောင်ထွားပြီး သွက်လက်ချက်ချာတဲ့ လူမည်းကစားသမား တစ်ယောက်လည်း ပါတယ်။ အဲဒီနှစ်ယောက်ကို မင်းရအောင် ယူနိုင်ရင် အိုနီးလ်ကိုတောင် ယှဉ်နိုင်သွားလိမ့်မယ်”
“ဒါပေမဲ့ ငါတို့မှာ ကောင်းမွန်တဲ့ Shooting Guard မှ မရှိတာကွာ။ Small Forward ကလည်း မကောင်းဘူး”
ပြောရင်းဆိုရင်းနှင့် ကီရီလန်ကို၏ မျက်လုံးများက ကွင်းထဲတွင် အင်တာဗျူး ဖြေကြားနေသော ဗင့်စ်ကာတာဆီသို့ ရောက်သွားလေသည်။ မျှော်လင့်တကြီး ကြည့်နေသော သူ့မျက်လုံးများကို ကြည့်ရုံနှင့် ဘာလိုချင်နေသည် ဆိုတာ ရှင်းနေပြီ ဖြစ်သည်။
ကျွတ်...
ဖုန်းယွီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကာတာ မရှိရင် သူ့အသင်းရဲ့ အပြင်တန်း အားက အများကြီး လျော့နည်းသွားမည်။ ဒါပေမဲ့လည်း ကာတာ ရှိနေရင်တောင် Lakers အသင်းကို ကျော်နိုင်ဖို့က မလွယ်ကူ။ ဒီတော့လည်း ကိုယ့်သူငယ်ချင်းကိုပဲ လိုအင်ဆန္ဒ ဖြည့်ဆည်းပေးလိုက်တာ ကောင်းပါတယ်။
“မင်း... ကာတာကို လိုချင်လို့လား”
“ပီယာ့စ်ဆိုလည်း ရတာပါပဲ”
ဖုန်းယွီ မျက်စောင်းထိုးလိုက်မိသည်။ ဒီကောင် ရွေးတတ်သားပဲ။ လက်ရှိအချိန်မှာ ဒီနှစ်ယောက်ရဲ့ စွမ်းဆောင်ရည်က သိပ်မကွာလှပေ။ ပီယာ့စ်က သူ့ရဲ့ ခြေစွမ်းကို ပိုပြီး ထိန်းသိမ်းနိုင်စွမ်းရှိသည်။ အသင်းတစ်သင်းကို တည်ဆောက်မည့် ပင်မထောက်တိုင်အနေဖြင့် ဆိုလျှင် ပီယာ့စ်က ပို၍ သင့်တော်သည်။ သူက ဓားချက်ပေါင်းများစွာ အထိုးခံရတာတောင် မသေဘဲ ပြန်လာပြီး MVP ဆု ယူပြနိုင်ခဲ့တဲ့ စူပါမန်း မဟုတ်ပါလား။
သူ့ကစားပုံက မြေပြင်ကပ်ပြီး ကစားတဲ့ ပုံစံဖြစ်ပေမဲ့၊ ဒီလိုကစားပုံက ဒဏ်ရာရဖို့ အခွင့်အလမ်း နည်းပါးစေသည်။
“ကောင်းပြီလေ... ဒီနှစ် Draft ပြီးသွားရင် ငါတို့ အရောင်းအဝယ် လုပ်ကြတာပေါ့။ တကယ်လို့ မင်းသာ အတွင်းစည်း ကစားသမား နှစ်ယောက် ရွေးနိုင်ခဲ့ရင် ငါ့ကို မာတင်နဲ့ ပြန်လဲပေး”
ကီရီလန်ကိုက ဖုန်းယွီကို ဝမ်းသာအားရ ပွေ့ဖက်လိုက်သည်။
“ဖုန်း... မင်းက တကယ့် သူငယ်ချင်းကောင်းပါကွာ။ ဂျေဆန်ကစ်က ပြောတယ်၊ ကာတာသာ ပါလာမယ်၊ ပြီးတော့ အတွင်းစည်း ကစားသမားကောင်း တစ်ယောက်လောက်သာ ရှိမယ်ဆိုရင် အရှေ့ပိုင်း ကွန်ဖရင့်ကို ဖြတ်ကျော်ပြီး ဗိုလ်လုပွဲ တက်နိုင်မယ်တဲ့”
ဪ... ဒီအကြံက ဂျေဆန်ကစ် ပေးတာကိုး။ ကီရီလန်ကိုက ကာတာ ကစားတာ ကြည့်ကောင်းလို့ ကြိုက်နေတယ်ပဲ ထင်နေတာ။
“နောက်နှစ် မင်းသာ ချန်ပီယံ ဖြစ်သွားရင် ပိုကောင်းတာပေါ့။ နောက်ပိုင်းကျရင် NBA ချန်ပီယံဆုကို ငါတို့ ညီအစ်ကိုနှစ်ယောက်ပဲ တစ်လှည့်စီ ယူကြမယ်လေ။ တခြားကောင်တွေကတော့ ပွဲကြည့်ပရိသတ်ပဲ လုပ်ခိုင်းလိုက်”
ဖုန်းယွီလည်း ရှားရှားပါးပါး လေကြီးမိုးကြီး ပြောလိုက်မိသည်။
တကယ်တော့ ဖုန်းယွီသာ ဝင်မပြောခဲ့ရင် ဒီနှစ် Nets အသင်း Playoff ဝင်နိုင်မှာ သေချာသည်။ ကီရီလန်ကို၏ မူလ အစီအစဉ်က ငွေအလုံးအရင်း ပုံအောသုံးပြီး All-Star အသင်းတစ်သင်း တည်ဆောက်ကာ ချန်ပီယံဆု ယူဖို့ဖြစ်သည်။
သူ့အမြင်မှာတော့ ဘတ်စကက်ဘော ကစားနည်းဆိုတာ နာမည်ကြီး ကစားသမားတွေကို စုဆောင်းတဲ့ ဂိမ်းတစ်ခုသာ ဖြစ်သည်။ သူက ပိုက်ဆံရှားတဲ့ကောင်မှ မဟုတ်တာ။ အမေရိကန်တွေကို သူ သိစေချင်သည်မှာ သူတို့ ဂုဏ်ယူနေတဲ့ အမေရိကန် ကြေးစား ဘတ်စကက်ဘော လိဂ်ကြီးကို ရုရှားတစ်ယောက်က ကြိုးကိုင် ကစားနေတယ် ဆိုတာပင်။
...
Playoff ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ။ နောက်ဆုံးတော့ Lakers အသင်းက မျှော်လင့်ထားသည့်အတိုင်း ချန်ပီယံ ဖြစ်သွားခဲ့သည်။ ဝက်ပုတ်ကြီးက MVP ဆု ရသွားပြီး၊ ဒီမြို့တော်ကို မင်းဆက်တစ်ခု ဆောင်ကြဉ်းပေးမည့်အကြောင်း ကြွေးကြော်လေသည်။
ဒီနှစ်အတွက် လူသစ်ရွေးချယ်ပွဲသို့ ရောက်ရှိလာပြန်ပြီ။ ဝမ်းနည်းစရာ ကောင်းသည်မှာ Nets အသင်းသည် ရှုံးပွဲများ ဖန်တီးထားသော်လည်း၊ Wizards အသင်းလောက်တော့ အရှုံးမများခဲ့ပေ။ ထို့ကြောင့် နံပါတ် (၂) နေရာသာ ရရှိခဲ့သည်။
သို့သော် ဂျော်ဒန်ကိုယ်တိုင် ရွေးချယ်မှုဖြင့် Wizards အသင်းက သုံးစားမရသည့် “အချာဆုံး နံပါတ် ၁” Kwame Brown ကို ခေါ်ယူသွားခဲ့သည်။ Nets အသင်းကတော့ ဖုန်းယွီ၏ အကြံပေးချက်ဖြင့် ပေါလ်ဂါဆောကို ရွေးချယ်လိုက်သည်။ ဒါက အံ့သြစရာတော့ မဟုတ်ပေ။ ဂါဆောသည် ထိပ်ဆုံး ၄ ယောက်စာရင်းဝင်မည့်သူ ဖြစ်ကြောင်း သေချာနေပြီးသား။ ၂၀၀၀ ခုနှစ် အိုလံပစ်ပွဲတော်မှာ သူ့အစွမ်းအစကို လူအများ မြင်တွေ့ခဲ့ကြပြီးပြီ မဟုတ်လား။
ကီရီလန်ကိုကတော့ ဒီနာမည်ကို ကြားလိုက်ရုံနှင့် ကျေနပ်နေပြီ ဖြစ်သည်။ ဒီကောင်လေး နာမည်ကလည်း 'ပေါလ်' ပဲလား။ 'ပေါလ်' ဆိုတဲ့ကောင်က ငါ့အသင်းမှာ ငါ့အတွက် ကစားပေးရမယ်ပေါ့။ ပေါလ်အယ်လန်သာ သိရင် ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းမလဲ။
ဒီနာမည် တစ်ခုတည်းနဲ့တင် နံပါတ် (၂) နေရာနဲ့ ရွေးရကျိုး နပ်နေပြီ။
အဆင့် (၁၈) နေရာတွင် Nets အသင်းသည် ဇက်ခ် ရန်းဒေါ့ဖ်ကို ရွေးချယ်လိုက်သည်။ တိုက်စစ်ပိုင်း ကျွမ်းကျင်မှု စုံလင်သည့် Power Forward တစ်ဦးဖြစ်သော်လည်း ခံစစ်ပိုင်းက အားနည်းချက် ရှိသည်။ သို့သော် အရန်ကစားသမား အနေဖြင့် သုံးမည်ဆိုလျှင်တော့ အဆင်ပြေသည်။
အဆင့် (၂၇) နေရာတွင် တိုနီပါကာကို ရွေးလိုက်ပြန်သည်။ နောက်ထပ် အမေရိကန် ပြည်ပ ကစားသမားတစ်ဦး ဖြစ်သည်။ ဂျေဆန်ကစ်အတွက် အရန်ကစားသမား အဖြစ် ရွေးချယ်ခြင်း ဖြစ်သည်။ ထိုးဖောက်မှု ကောင်းသည်၊ မြန်နှုန်းမြင့်သည်၊ အလယ်အလတ်တန်း ပစ်ခတ်မှု ကောင်းသည်၊ ကစားကွက် ဖန်တီးမှုလည်း မဆိုး။ အရန်တစ်ယောက် အနေဖြင့် အရည်အချင်းမီသည်။
ရုရှားလိဂ်တွင် စာချုပ်ပြည့်သွား၍ NBA သို့ လာရောက်တော့မည့် အန်ဒရေကီရီလန်ကိုပါ ပေါင်းလိုက်လျှင် သူတို့၏ လူစာရင်းသည် အတော်လေး တောင့်တင်းသွားပြီဟု ဆိုရမည်။ မူလကတည်းက ရှိနေပြီးသား အရည်အချင်းရှိ ကစားသမားများလည်း ပါဝင်နေသေးသည် မဟုတ်လား။ မနှစ်က ရည်ရွယ်ချက်ရှိရှိ လျော့ကစားခဲ့ကြလို့သာ။
ဖုန်းယွီ၏ အသင်းကတော့ ဒုတိယအကျော့မှ စတင်ရွေးချယ်ခွင့် ရရှိပြီး၊ ဂေဘတ် အရီနပ်စ်ဆိုသော ကစားသမားကို ရွေးချယ်လိုက်သည်။ ကာတာ ထွက်သွားပြီးနောက် မိုဘလီကို ပွဲထွက်လူစာရင်း တင်လိုက်မည် ဖြစ်ပြီး၊ အရီနပ်စ်ကို ဒုတိယလူစာရင်းကို ဦးဆောင်စေမည်။ သူက Point Guard ရော Shooting Guard ပါ ကစားနိုင်သည့် Combo Guard ဖြစ်သည်။ ပစ်ခတ်မှု ကောင်းသည်၊ ထိုးဖောက်မှု ထက်မြက်သည်၊ ခံစစ်ပိုင်းလည်း မဆိုးလှ။ နည်းပြ ကားလ် သဘောကျမည့် ပုံစံမျိုးပင်။
အရေးအကြီးဆုံး အချက်ကတော့ ဒီကစားသမားကို သူဌေးကိုယ်တိုင် သဘောကျလို့ ရွေးခိုင်းထားခြင်း ဖြစ်သည်။ ဒုတိယအကျော့ (Second Round)မှ ရွေးရတဲ့ ကစားသမားပဲ၊ သူဌေး ရွေးခိုင်းတဲ့လူ ရွေးလိုက်ရုံပေါ့။ မူလက ဂျော့ချ်ကားလ်၏ ဆန္ဒအရဆိုလျှင် သမားရိုးကျ စင်တာ ကစားသမားတစ်ဦးကို ရွေးချင်ခဲ့သော်လည်း၊ ယခုခေတ်တွင် စင်တာကောင်းကောင်း ရှာရခက်သည် မဟုတ်လား။
ထိုကစားသမား အရွေးခံလိုက်ရပြီးနောက် Golden State Warriors အသင်းမှ နည်းပြကြီး ဒွန်နယ်လ်ဆင် တစ်ယောက် အကြီးအကျယ် စိတ်ပျက်သွားရသည်။ သူ မျက်စိကျထားသော ကစားသမားတိုင်း သူများ ဖြတ်ခေါ်တာ ခံလိုက်ရသည်ချည်း။ အထူးသဖြင့် ဒီကောင်လေး အရီနပ်စ်... တစ်ဆင့်တည်း၊ တစ်ဆင့်လေးတည်း လွဲသွားရတာ။
...
“သူဌေး... ဘာပြောလိုက်တာလဲ။ ကာတာကို မာတင်နဲ့ လဲမယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ အတွင်းစည်း လိုအပ်နေတာ မှန်ပေမဲ့ မာတင် နှစ်ယောက်ပေါင်းရင်တောင် ကာတာကို မမီဘူးလေ။ ပြီးတော့ ကာတာရဲ့ဂျာစီအင်္ကျီ ရောင်းအားက တစ်လိဂ်လုံးမှာ နံပါတ်တစ် ဖြစ်နေတာနော်”
နည်းပြ ကားလ် အလွန်အမင်း အံ့အားသင့်သွားသည်။ သူဌေးက ကာတာကို သဘောမကျတော့ဘူးလား။
ဒါပေမဲ့ မဖြစ်နိုင်တာ။ ကာတာက သူဌေးပိုင်တဲ့ ကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်း အများအပြားမှာ Brand Ambassador လုပ်ပေးနေရတာလေ။ ကားတွေ၊ ဖုန်းတွေ၊ DVD စက်တွေ အစုံပဲ။
“ကားလ်... ပုံမှန်ဆိုရင်တော့ အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းကို ငါ ဝင်မပါသင့်ဘူး။ မင်းနဲ့ အယ်လ်ဂျင် တိုင်ပင်ပြီး လုပ်ရမဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ Playoff ဒုတိယအဆင့် ပွဲတွေကို မင်းလည်း ကြည့်ခဲ့တာပဲ။ ကာတာနဲ့ ပီယာ့စ်က ဘောလုံးကို လုနေကြတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်တော့ ထွက်သွားမှ ရမယ်။ ပီယာ့စ်က ပစ်ခတ်မှု ပိုကောင်းတယ်၊ ထိုးဖောက်မှု အပိုင်းမှာလည်း ကာတာထက် မညံ့ဘူး။ ပြီးတော့ သူ့ကစားပုံက ဒဏ်ရာရနိုင်ခြေ ပိုနည်းတယ်”
“နောက်တစ်ချက်က... နောက်နှစ် NBA ချန်ပီယံဆုကို ငါက Nets အသင်း ရစေချင်တယ်”
ကားလ် ဘာမှ ပြန်မပြောတော့။ သူဌေး၏ သဘောထားက ရှင်းလင်းပြတ်သားနေပြီ ဖြစ်သည်။ ဆုံးဖြတ်ချက် ချပြီးသား ဆိုတာ သေချာသည်။ သူဌေးနှင့် Nets အသင်းပိုင်ရှင် ရုရှားသူဌေးတို့ ဘယ်လောက် ရင်းနှီးသလဲ ဆိုတာ NBA ကြည့်တဲ့လူတိုင်း သိကြသည်။ ဟိုတစ်ယောက်ဆိုရင် သူဌေးဘက်ကနေ ကူပြီး ပေါလ်အယ်လန်ကိုတောင် လှောင်ပြောင်ပေးခဲ့သည့် လူစွမ်းကောင်း မဟုတ်ပါလား။ သူကလည်း အရှေ့ဥရောပရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ပဲလေ။
ပြီးတော့ သူဌေးက သူ့အပေါ်လည်း ကောင်းရှာပါသည်။ အသင်းက ချန်ပီယံကာကွယ်မှု မအောင်မြင်ခဲ့သည့်အပြင် ဒုတိယအဆင့်မှာတင် ထွက်ခဲ့ရတာတောင်၊ သူဌေးက သူ့ကို အပြစ်မတင်ဘဲ ကစားသမား အားလုံးကို ဆုကြေးငွေ ထပ်ဆောင်း ပေးခဲ့သေးသည်။
သူက ဒီစာချုပ်သက်တမ်း ကုန်ရင်တောင် အသင်းနဲ့ ၅ နှစ်လောက် ထပ်ပြီး သက်တမ်းတိုးဖို့ စိတ်ကူးထားတာ။ သူဌေးက ဘာပြောပြောပေါ့။ မာတင် ရောက်လာရင်လည်း ကောင်းတာပါပဲ၊ ဘေလူးပစ်နဲ့ တွဲပြီး ကစားကွက်ကောင်းတွေ ဖန်တီးနိုင်လောက်ပါတယ်။
“ကောင်းပါပြီ သူဌေး။ ကျွန်တော် သဘောပေါက်ပါပြီ”
မာတင်နှင့် ကာတာ အရောင်းအဝယ် ဖြစ်မြောက်သွားသည့်အခါ NBA လောကတစ်ခုလုံး တုန်လှုပ်သွားကြသည်။ အားလုံးက 'ဖုန်းယွီ' အသင်းသည် အလွန်ညံ့ဖျင်းသော အရောင်းအဝယ်တစ်ခုကို လုပ်လိုက်သည်ဟု ဝေဖန်ကြသည်။ ကြိုတင်သတင်းရထားသော ကာတာကတော့ ဝမ်းနည်းကြေကွဲခြင်း မရှိပေ။ Nets အသင်းကို ရောက်သွားရင် သူ ဘောလုံးကို ပိုပြီး ကိုင်ကစားခွင့် ရတော့မည်။ ပြီးတော့ Nets အသင်းပိုင်ရှင်ကလည်း ရက်ရောသူ တစ်ယောက် ဖြစ်သည် မဟုတ်လား။
နှမြောစရာ တစ်ခုတည်း ရှိသည်မှာ သူ Team Leader နေရာ ရတော့မည် မဟုတ်ခြင်းပင်။ Nets အသင်းက ဂျေဆန်ကစ်ရဲ့ အသင်းလေ။ တကယ်တမ်းကျတော့ 'ဖုန်းယွီ' အသင်းမှာတုန်းကလည်း သူနဲ့ ပီယာ့စ်က ခေါင်းဆောင်နေရာကို ယာယီပဲ ယူထားခဲ့ရတာပါ။ အိုလာဂျူဝမ် ဆိုတဲ့ Hall of Famer ကြီး ရှိနေတာကိုး။
ကီရီလန်ကိုသည် တီဗီဖန်သားပြင်ရှေ့တွင် ရပ်ကာ ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လိုက်သည်။
“နောက်နှစ် ငါတို့ရဲ့ ရည်မှန်းချက်က ချန်ပီယံဆုပဲ!”
မနှစ်ကမှ အောက်ဆုံးက ဒုတိယ ရထားသည့် အသင်းက ဒီနှစ် ချန်ပီယံ ဖြစ်ရမယ်လို့ အသံကောင်းဟစ်လိုက်ရာ၊ ပေါလ်အယ်လန်က ပထမဆုံး ထွက်ပြီး လှောင်ပြောင်လေသည်။
သို့သော် ကီရီလန်ကိုက ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းတည်းဖြင့် ပေါလ်အယ်လန်ကို ပြန်ပိတ်လိုက်သည်။
“ဇိမ်ခံခွန်တွေ အများကြီး ဆောင်ထားပြီး Playoff ပထမအဆင့်တောင် မကျော်နိုင်တဲ့ အသင်းပိုင်ရှင်တွေနဲ့ ကျွန်တော် စကားမပြောချင်ပါဘူး”
ဖုန်းယွီကလည်း ဝင်ရောက် တုံ့ပြန်လိုက်သည်။
“ခင်ဗျားက Lakers အသင်းလို ဇိမ်ခံခွန် ဆောင်ထားရင် Lakers လို ချန်ပီယံ ဖြစ်အောင် လုပ်လေ။ Lakers လို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ 'ထောင်သားအသင်း'(Jail Blazers) ဖြစ်အောင် လုပ်မနေနဲ့။ ခင်ဗျားတို့ အသင်းရဲ့ ယဉ်ကျေးမှုက ဆေးခြောက်ရှူတာနဲ့ ရန်ဖြစ်တာကို အားကိုးပြီး နိုင်ပွဲရှာတာလား။ ကွင်းထဲက သတင်းထက် ကွင်းပြင်ပ ရာဇဝတ်မှု သတင်းတွေက ပိုများနေပါရောလား”
ပေါလ်အယ်လန် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ သူ အသင်းမန်နေဂျာနဲ့ နည်းပြကို ထုတ်ပစ်ပြီးပြီ။ ထပ်ထုတ်စရာ ဆိုလို့ ကစားသမားတွေပဲ ကျန်တော့သည်။
ဒီကောင်နှစ်ကောင် ပြောတဲ့စကားတွေက တကယ့်ကို ရင်ဝကို စောင့်ကန်သလို နာစရာ ကောင်းလွန်းသည်။
ကောင်းပြီလေ... မင်းတို့က Nets အသင်း ချန်ပီယံ ဖြစ်မယ်လို့ ပြောတယ်ပေါ့လေ။ ဒီရာသီမှာ Nets အသင်းကို ငါ့ရဲ့ Trail Blazers အသင်းက အပြတ်အသတ် ရှင်းထုတ်ပြမယ်။ အဲဒီကျမှ မင်းကို တီဗီရှေ့မှာ မတ်တတ်ရပ်ခိုင်းပြီး၊ ငါ့ကို ဦးညွှတ်ခိုင်းမယ်၊ ငါ့လောက် မတော်ပါဘူးလို့ ဝန်ခံခိုင်းမယ်။
...
******