← Chapters

အခန်း (၁၁၇၄-၁၁၇၆)

Vol. 80 Ch. 1174-1176

အခန်း (၁၁၇၄-၁၁၇၆)

Vol. 80 Ch. 1174-1176

အခန်း (၁၁၇၄) IBM နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

“သူဌေး... ဒီရက်ပိုင်း ရှယ်ယာဈေးကိန်းညွှန်းတွေ ပြန်တက်လာတယ်၊ ကျွန်တော်တို့ စာချုပ်တချို့ကို လက်စသတ်ပြီး ရောင်းလိုက်ကြမလား”

ဟယ်ကျောင်းကျီက တယ်လီဖုန်းဆက်၍ အကြံဉာဏ်တောင်းခံ မေးမြန်းလာလေသည်။

“မလုပ်နဲ့... ဆက်ပြီး Short လုပ်ထား။ မှတ်ထားနော်... Leverage မယူနဲ့၊ Hedge လုပ်ပြီး သေချာစိတ်ချရတဲ့ လမ်းကိုပဲ ရွေးကစား”(Short=ဈေးကျမယ်အထင်နဲ့ ကြိုရောင်းခြင်း) (Leverage= အဆမတန် အရင်းအနှီးမြှင့်တင်ခြင်း) (Hedge= အကာအကွယ်ယူခြင်း)

ဖုန်းယွီက ပြတ်သားစွာပင် လမ်းညွှန်လိုက်သည်။

ဖုန်းယွီ၏ လမ်းညွှန်ချက်ကို ရလိုက်ပြီးနောက် ဟယ်ကျောင်းကျီ၏ စိတ်ထဲတွင် ယုံကြည်မှုတို့ ပိုမို ခိုင်မာသွားခဲ့သည်။ အမေရိကန် ကုမ္ပဏီကြီးများ၏ ဘဏ္ဍာရေး အရှုပ်တော်ပုံများ ဆက်တိုက် ပေါက်ကွဲထွက်လာမှုကြောင့် ပြီးခဲ့သည့် ကာလများတွင် ရှယ်ယာဈေးကိန်းညွှန်းများ တောက်လျှောက် ထိုးကျခဲ့သော်လည်း၊ ယခုအခါ ပြုပြင်ပြောင်းလဲမှု အချို့ ပြုလုပ်ပြီးနောက် ဈေးကွက်က ပြန်လည် ဦးမော့လာမည့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။

လက်ရှိအချိန်သည် အတက်အကျကြမ်းသော ကာလဖြစ်ပြီး၊ ရှယ်ယာ အရောင်းအဝယ် လက်ပြောင်းလက်လွှဲ ပြုလုပ်မှုနှုန်းမှာ အလွန်မြင့်မားနေသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် စတော့ကစားရခြင်းသည် အခက်ခဲဆုံးနှင့် လူကို အပင်ပန်းဆုံး ဖြစ်စေသည်။ အထူးသဖြင့် 'ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီ'မှ ရင်းနှီးမြှုပ်နှံထားသော ငွေပမာဏမှာ အလွန်တရာ ကြီးမားလှသောကြောင့် ဟယ်ကျောင်းကျီတစ်ယောက် စိုးရိမ်ပူပန်နေမိခြင်း ဖြစ်သည်။

သူစိုးရိမ်သည်မှာ ပိုက်ဆံရှုံးသွားမည်ကို မဟုတ်၊ လက်ထဲရောက်ပြီးသား အမြတ်အစွန်းများ ပြန်လည် ပါသွားမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ တကယ်တမ်းကျတော့ ဒီလအတွင်း ရှယ်ယာဈေးကိန်းညွှန်း ၁၀ ရာခိုင်နှုန်းလောက် ထပ်တက်သွားရင်တောင် ဖုန်းယွီတို့ ကုမ္ပဏီက အမြတ်ရနေဦးမှာ ဖြစ်သည်။

ဖုန်းယွီသည် စားပွဲပေါ်ရှိ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်သည်။ အချိန်နီးကပ်လာပြီ။ သူ သိထားသည့် ထို 'ကိစ္စကြီး' တကယ်ပဲ ဖြစ်လာဦးမလား ဆိုသည်ကိုတော့ သူ မသိပေ။

ထိုအချိန်တွင် ဖုန်းယွီသည် လျူချွမ်းကျစ် (Liu Chuanzhi) နှင့်အတူ ရှိနေပြီး၊ IBM ကုမ္ပဏီ၏ ဥက္ကဋ္ဌ နှင့် CEO ဖြစ်သူ လူးဝစ် ဂါ့စ်နာနှင့် တွေ့ဆုံကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။

Lenovo ကုမ္ပဏီ အနေဖြင့် အမေရိကန် ဈေးကွက်သို့ ဝင်ရောက်ရာတွင် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အခြားကုမ္ပဏီများ၏ ဝိုင်းဝန်းပိတ်ဆို့မှုသာမက ကမ္ဘာ့ PC လောက၏ အရှင်သခင်ဖြစ်သော IBM ၏ တားဆီးမှုသည် အခက်ခဲဆုံး ဖြစ်နေသည်။ အထူးသဖြင့် IBM သည် အမေရိကန် အစိုးရနှင့် ကုမ္ပဏီကြီးများထံမှ ကွန်ပျူတာ အမှာစာ အများဆုံး ရရှိထားပြီး၊ အဓိက ဖောက်သည်ကြီးများကို လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လျူချွမ်းကျစ်သည် အခြားနည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်။ ထိုနည်းလမ်းမှာ 'ပူးပေါင်းဆောင်ရွက်ခြင်း' ပင်။ နည်းပညာပိုင်းအရ IBM သည် Lenovo ထက် သာလွန်နေသေးသော်လည်း၊ ယခင်ကကဲ့သို့ မိုးနှင့်မြေလို ကွာခြားနေခြင်းမျိုး မဟုတ်တော့ပေ။ တီထွင်ဆန်းသစ်မှု အပိုင်းတွင် IBM သည် နောက်ကျကျန်ရစ်နေပြီ ဖြစ်သည်။ ထို့အပြင် Lenovo သည် အာရှဈေးကွက်၏ နံပါတ်တစ် ဆိုသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားခြင်းကလည်း သူတို့အတွက် အားသာချက် တစ်ခု ဖြစ်စေသည်။

တရုတ်ပြည်တွင်း ဈေးကွက်မှ IBM ကို ဖယ်ထုတ်ပစ်ခဲ့သည်မှာ Lenovo ပင် ဖြစ်သည်။ ထိုအချက်ကြောင့် IBM ၏ PC ဌာနခွဲသည် အမြတ်ငွေများ ကျဆင်းလာခဲ့ရသည်။ IBM သည် နည်းပညာ သုတေသနအတွက် ငွေအမြောက်အမြား သုံးစွဲနေရသဖြင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကုမ္ပဏီ၏ အမြတ်ငွေ တိုးတက်မှုနှုန်းမှာ အနုတ်လက္ခဏာ ပြနေခဲ့ပြီး၊ ၁၉၉၂ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော ဒုက္ခများနှင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

၁၉၉၂ ခုနှစ်တုန်းက IBM သည် ကမ္ဘာ့ကုမ္ပဏီ သမိုင်းတွင် အကြီးမားဆုံးသော အရှုံးပြမှုအဖြစ် ဒေါ်လာ ၅ ဘီလီယံနီးပါး ရှုံးနိမ့်ခဲ့ဖူးသည်။ ထိုအချိန်တုန်းက IBM သည် ကမ္ဘာ့ PC လောက၏ ဧကရာဇ်ဘုရင် ဖြစ်နေဆဲအချိန် ဖြစ်သည်။

ထိုအရှုံးကြီး ပေါ်ပြီးနောက်ပိုင်း IBM သည် ဆော့ဖ်ဝဲလ် လောကသို့ ခြေလှမ်းသစ် စတင်ခဲ့ပြီး၊ ကုမ္ပဏီ၏ အဓိက ဦးတည်ချက်ကို ဟာ့ဒ်ဝဲဘက်မှ ဆော့ဖ်ဝဲ နှင့် ဝန်ဆောင်မှုဘက်သို့ ပြောင်းလဲခဲ့ရာ ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲ အုပ်စုကြီး ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ် နောက်ပိုင်းရောက်မှသာ မိုက်ခရိုဆော့ဖ်၏ အတိုင်းအတာ ပမာဏသည် IBM ဆော့ဖ်ဝဲ အုပ်စုကို ကျော်တက်သွားခဲ့ပြီး၊ IBM ကို ဒုတိယနေရာသို့ ပို့ဆောင်လိုက်နိုင်ခြင်း ဖြစ်သည်။

တိုက်ဆိုင်သည်မှာ ယခုအချိန်တွင် 'Lenovo-Kingsoft' (လျန်ရှန်-ရင်ရှမ်း) သည် ကမ္ဘာ့ ပဉ္စမမြောက် အကြီးဆုံး ဆော့ဖ်ဝဲအုပ်စု ဖြစ်နေပြီး၊ တိုးတက်မှုနှုန်းမှာလည်း အရှိန်အဟုန် ကောင်းမွန်နေဆဲ ဖြစ်သည်။ Lenovo အနေဖြင့် နှစ်နှစ်အတွင်း အိန္ဒိယ၏ Tata ကုမ္ပဏီကို ကျော်တက်ကာ အဆင့် ၄ နေရာကို ယူမည်ဖြစ်ပြီး၊ ငါးနှစ်အတွင်း ဂျာမနီ၏ SAP ကုမ္ပဏီကို ကျော်တက်ကာ ကမ္ဘာ့ တတိယနေရာကို ရယူမည်ဟု ကြွေးကြော်ထားသည်။

ဆိုလိုသည်မှာ Lenovo သည် IBM လျှောက်ခဲ့သော လမ်းဟောင်းအတိုင်း လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေပြီး၊ ကြီးမားသော အာရှဈေးကွက်ကို ပိုင်ဆိုင်ထားသလို ထုတ်လုပ်မှုစရိတ် သက်သာခြင်းကြောင့်လည်း ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလှသည်။

လျူချွမ်းကျစ်က IBM နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းလာသည့်အခါ ဂါ့စ်နာသည် တွေဝေခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူလက်ခံခဲ့သည်။

ယခုအခါ အခန်းထဲတွင် လူလေးယောက် ထိုင်နေကြသည်။ ဖုန်းယွီ၊ လျူချွမ်းကျစ်၊ ဂါ့စ်နာ နှင့် ပယ်လ်မီဆာနိုတို့ ဖြစ်ကြသည်။ ပယ်လ်မီဆာနိုသည် IBM မှ ရွေးချယ်ထားသော ဂါ့စ်နာ၏ ဆက်ခံသူဖြစ်ပြီး၊ လက်ရှိတွင် ဘုတ်အဖွဲ့ ဒု-ဥက္ကဋ္ဌ နှင့် ကုမ္ပဏီ ဥက္ကဋ္ဌ ရာထူးကို ရယူထားသူ၊ တစ်နည်းအားဖြင့် IBM ၏ ဒုတိယ အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

ဂါ့စ်နာ၏ စာချုပ်သက်တမ်းသည် နောက်နှစ်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ဂါ့စ်နာ ကိုယ်တိုင်က အမေရိကန်၏ အကြီးဆုံး ဆေးရွက်ကြီး ကုမ္ပဏီ (RJR Nabisco) ၏ သူဌေးဟောင်းဖြစ်ပြီး၊ IBM တွင် ဆက်နေရန် ဆန္ဒမရှိဘဲ သူ့လုပ်ငန်းဟောင်းသို့ ပြန်လည် ဦးစီးရန် စိတ်ကူးရှိနေသည်။

ဂါ့စ်နာသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ IBM ကုမ္ပဏီကြီး အကြီးအကျယ် ရှုံးနိမ့်ပြီး ပြိုလဲလုနီးပါး ဖြစ်နေချိန်တွင် သူက ဝင်ရောက်ကယ်တင်ခဲ့သူ ဖြစ်သည်။ ဒေါ်လာ ၅ ဘီလီယံ အရှုံးပေါ်နေသော အခြေအနေမှ ဒေါ်လာ ၃ ဘီလီယံ အမြတ်ရသည့် အခြေအနေသို့ ရောက်ရှိအောင် နှစ်နှစ်မပြည့်သော အချိန်ကာလအတွင်း စွမ်းဆောင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ IBM သည် အမြတ်အစွန်းများ ဆက်တိုက် ရရှိခဲ့သည်။ မနှစ်က IBM ၏ အသားတင် အမြတ်ငွေသည် ဒေါ်လာ ၆ ဘီလီယံကျော် ရှိခဲ့ပြီး၊ ဒီနှစ်တွင် စံချိန်သစ် တင်နိုင်ရန် မျှော်မှန်းထားသည်။

ဂါ့စ်နာသည် ရာထူးမှ မထွက်ခွာမီ IBM ကုမ္ပဏီကို နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးတက်သွားစေရန် တွန်းအားပေးချင်နေသည်။ သို့မှသာ သူပိုင်ဆိုင်ထားသော IBM ရှယ်ယာများမှ အမြတ်ငွေ ပိုမို ရရှိနိုင်မည် မဟုတ်ပါလား။ ဆယ်နှစ်တာ သက်တမ်းနှစ်ခုအတွင်း သူရရှိထားသော IBM ရှယ်ယာ အရေအတွက်သည် သုံးသန်းကျော် ရှိနေသည်။ လွန်ခဲ့သော ကာလများက ထိုရှယ်ယာတန်ဖိုးသည် ဒေါ်လာ သန်း ၃၀၀ ကျော် ရှိခဲ့သော်လည်း၊ ယခုအခါ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်သာ ရှိတော့သည်။ IBM ၏ အမြတ်ငွေ တိုးတက်နေသော်လည်း ဈေးကွက် အခြေအနေအရ ရှယ်ယာဈေး ကျဆင်းမှုကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။

ထို့ကြောင့် ရှယ်ယာဈေး ပြန်တက်လာစေရန် IBM အနေဖြင့် တွန်းအားအသစ် တစ်ခု လိုအပ်နေသည်။ ဥပမာအားဖြင့်...တရုတ်ဈေးကွက်ထဲသို့ ပြန်လည် ဝင်ရောက်ခြင်းမျိုးပေါ့။

ဒီပူးပေါင်းဆောင်ရွက်မှုက နည်းပညာ ဖလှယ်ခြင်း သက်သက် မဟုတ်ဘဲ၊ ဈေးကွက် ဖလှယ်ခြင်းလည်း ပါဝင်သည်။

IBM သည် မြောက်အမေရိက ဈေးကွက်အတွက် Lenovo ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ပြီး၊ Lenovo အုပ်စုသည် IBM အတွက် တရုတ်ပြည်တွင်း ကိုယ်စားလှယ် သို့မဟုတ် အာရှဒေသ တစ်ခုလုံး၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်သည်။

လောလောဆယ်တွင်တော့ ဒီပူးပေါင်းမှုသည် PC(ကွန်ပျူတာ) အပိုင်းအတွက်သာ ဖြစ်ပြီး ဆော့ဖ်ဝဲလ် အပိုင်း မပါဝင်သေးပေ။ ဆော့ဖ်ဝဲလ် အပိုင်းတွင်တော့ Lenovo နှင့် IBM တို့၏ အဆင့်အတန်း ကွာခြားချက်က ကြီးမားနေသေးသည်။

တခြား မပြောနဲ့၊ ဂျာမနီက နာမည်ကြီး SAP ကုမ္ပဏီ ဆိုတာတောင် IBM ဝန်ထမ်းဟောင်း ၄ ယောက် ထွက်ပြီး တည်ထောင်ခဲ့တာ ဖြစ်သည်။ ဒါကိုကြည့်ရင် 'IBM အင်ဂျင်နီယာ' ဆိုတာ ဘယ်လောက် အဆင့်အတန်း မြင့်မားသလဲ ဆိုတာ သိသာနေသည်။ သူတို့က တကယ် တော်ကြတာပင်။

“ဖုန်း... လျူ... ခင်ဗျားတို့နှစ်ယောက် IBM ကို လာရောက်လည်ပတ်တဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းကို စိတ်ချမ်းသာစရာ ကောင်းမှာပါ။ ဒါဟာ နှစ်ဖက်စလုံးရဲ့ PC လုပ်ငန်းပိုင်းအတွက် အကြီးမားဆုံး တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်”

ဂါ့စ်နာက ပြုံးရွှင်စွာ ပြောလိုက်သည်။

“ဒါပေါ့ဗျာ... အနာဂတ်မှာ IBM ရဲ့ PC တွေက ကမ္ဘာ့ဒုတိယ ရောင်းအားအကောင်းဆုံး နေရာကို ပြန်ရောက်လာနိုင်ပါတယ်”

လျူချွမ်းကျစ်က ရယ်မောရင်း ပြောလိုက်သည်။

ကမ္ဘာ့နံပါတ် (၁) နေရာက ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ သူ့မျက်နှာပေးက အတိအလင်း ပြောပြနေသယောင် ရှိသည်။

“လျူ... ကျွန်တော်တို့ IBM ရဲ့ PC အရည်အသွေးက အရမ်းကောင်းတယ်၊ သက်တမ်းဆိုရင်လည်း အကြာကြီး ခံတာ...”

ပယ်လ်မီဆာနို တစ်ယောက် IBM တစ်ကိုယ်ရေသုံး ကွန်ပျူတာ (PC) များ၏ အားသာချက်များကို ရေပက်မဝင်အောင် ရှင်းပြလေတော့သည်။ တကယ်တော့ 'Personal Computer' (PC) ဆိုသော ဝေါဟာရကို စတင်သုံးစွဲခဲ့သည်မှာ IBM ပင် ဖြစ်သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ရှေ့ဆောင်လမ်းပြများ အဖြစ် အမြဲ ဂုဏ်ယူနေကြသူများ ဖြစ်သည်။

ဝမ်းနည်းစရာ တစ်ခုကတော့ ရှေ့ဆောင်လမ်းပြ လုပ်သူတိုင်း နောက်ဆုံးမှာ ပြုံးပျော်နိုင်ကြသည်တော့ မဟုတ်။ ဥပမာ အပြေးပြိုင်ပွဲလိုပေါ့။ စထွက်တုန်းက အမြန်ဆုံး ပြေးနိုင်သူတိုင်း ပန်းဝင်တဲ့အထိ ထိပ်ဆုံးက ရောက်မယ်လို့ ပြောလို့မရဘူး။ တချို့က ချက်ချင်း အကျော်ခံလိုက်ရသလို၊ တချို့ကလည်း လမ်းတစ်ဝက်ကျမှ နောက်ကလူ ကျော်တာကို ခံလိုက်ရတတ်သည်။

လျူချွမ်းကျစ် နှင့်ဖုန်းယွီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ ထင်တဲ့အတိုင်းပါပဲ... IBMက မှားယွင်းတဲ့ အတွေးအခေါ် တစ်ခုထဲမှာ ပိတ်မိနေတုန်းပဲ။ အဲဒါကတော့ 'ကွန်ပျူတာ ဆိုတာ သက်တမ်းပိုရှည်လေ ပိုကောင်းလေ' ဆိုတဲ့ အတွေးပါပဲ။

ကွန်ပျူတာ နည်းပညာတွေက ဒီလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးမှာ၊ IBM ကွန်ပျူတာတွေ (အထူးသဖြင့် လက်ပ်တော့ပ်တွေ) ရဲ့ အကြီးမားဆုံး အားနည်းချက်က 'အရမ်း အကြမ်းခံလွန်းတာ' ဖြစ်နေသည်။ အသစ်လဲချင်ပေမဲ့ အဟောင်းက မပျက်သေးဘူး ဖြစ်နေတတ်သည်။ မလဲဘဲ ဆက်သုံးပြန်တော့လည်း အဟောင်းက နှေးကွေးပြီး ခေတ်မမီတော့ဘူး ဖြစ်နေပြန်သည်။ ဒါက သုံးစွဲသူကို အတော်လေး ဒွိဟ ဖြစ်စေသည်။

ပြီးတော့ IBM ရဲ့ ဈေးနှုန်းက မိုးခါးရေ သောက်ထားသလို မြင့်မားနေဆဲ။ လက်ပ်တော့ပ် ဈေးကွက်မှာ ဈေးအကြီးဆုံး အတန်းအစားထဲမှာ အမြဲ ရှိနေသည်။

စွမ်းဆောင်ရည် တူညီသည့် လက်ပ်တော့ပ်ချင်း အတူတူကို IBM ၏ ရောင်းဈေးက Lenovo ထက် နှစ်ဆလောက် ပိုကြီးနေသည်။ ဒီလိုဈေးမျိုးနဲ့ တရုတ်ပြည်မှာ ဘယ်လိုလုပ် ရောင်းလို့ ထွက်ပါ့မလဲ။

Lenovo က အစကတည်းက ရည်မှန်းထားသည်မှာ ဈေးနှုန်းသက်သာသော ကွန်ပျူတာများကို ဖန်တီးပြီး လူတိုင်း ကွန်ပျူတာ သုံးစွဲနိုင်စေရန် ဖြစ်သည်။ ကွန်ပျူတာ ဆိုသည်မှာ တန်ဖိုးကြီး ဇိမ်ခံပစ္စည်း (High-end product) မဖြစ်သင့်၊ လူတိုင်း၏ နေ့စဉ်ဘဝတွင် တွေ့မြင်ရသော သာမန်ပစ္စည်းမျိုး ဖြစ်လာသင့်သည်။ မိုဘိုင်းဖုန်းများလိုပေါ့... နောင်တစ်ချိန်မှာ လူမှုဘဝအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာရမည်။

“မဟုတ်ဘူး မစ္စတာ ပယ်လ်မီဆာနို... တကယ်လို့ IBM အနေနဲ့ ဒီအတွေးအခေါ်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ တရုတ်ဈေးကွက်မှာ မပြောနဲ့၊ အာရှဈေးကွက် တစ်ခုလုံးမှာ နေရာရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါက ကျွန်တော် ပြင်ဆင်လာတဲ့ စွမ်းဆောင်ရည် နှိုင်းယှဉ်ချက် ဇယားပါ။ အောက်ဆုံးစာကြောင်းက လက်လီရောင်းဈေး ဖြစ်ပါတယ်။ ဒီဇယားကို ကြည့်လိုက်ရင် IBM ရဲ့ PC တွေ ဘာလို့ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာရသလဲ ဆိုတာ ခင်ဗျားတို့ သဘောပေါက်သွားပါလိမ့်မယ်”

လျူချွမ်းကျစ်သည် ဖိုင်နှစ်ဖိုင်ကို ဂါ့စ်နာနှင့် ပယ်လ်မီဆာနိုတို့ ရှေ့သို့ ထိုးပေးလိုက်သည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဖိုင်ကို အသီးသီး ကောက်ကိုင်လိုက်ကြသည်။ ဈေးနှုန်း နှိုင်းယှဉ်ချက်ကို မြင်လိုက်ရသည့် ခဏမှာပင် သူတို့နှစ်ယောက်လုံး၏ မျက်မှောင်များ ကျုံ့ဝင်သွားကြလေတော့သည်။

...

******

အခန်း (၁၁၇၅) Lenovo ၏ ယှဉ်ပြိုင်နိုင်စွမ်း

ယခင်ကတော့ သူတို့သည် ဒီအချက်အလက် အသေးစိတ်များကို သတိမထားမိခဲ့ကြပေ။ ယခု သေချာနှိုင်းယှဉ် ကြည့်လိုက်သည့်အခါမှ IBM နှင့် Lenovo တို့၏ ကွာခြားချက်သည် ယှဉ်ပြိုင်နိုင်စွမ်း တစ်ခုတည်း မကတော့ကြောင်း တွေ့ရှိလိုက်ရသည်။ နောက်ကွယ်မှ အပေးအယူ ညှိနှိုင်းမှုများသာ မရှိလျှင် မည်သည့် တင်ဒါခေါ်ယူမှုမျိုးတွင်မဆို IBM အနေဖြင့် အနိုင်ရနိုင်စရာ အကြောင်းမရှိတော့။

Lenovo ၏ စွမ်းဆောင်ရည်တူ လက်ပ်တော့ပ် တစ်လုံးကို ယွမ်ငွေ ၈,၈၀၀ သာ ကျသင့်ချိန်တွင် IBM က ယွမ်ငွေ ၂၃,၀၀၀ အထိ ပေးရသည်။ ဈေးနှုန်းက နှစ်ဆမက ကွာဟနေသည်။ ဒီလောက်ဈေးကြီးနေမှတော့ ဘယ်လောက်တောင် ငတုံးလုပ်ချင်တဲ့လူက IBM ကို ဝယ်မှာလဲ။

မှန်ပါသည်။ ဒါက တရုတ်ပြည်တွင်း ဈေးကွက်ကို နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။ တရုတ်ပြည်တွင် ပြည်တွင်းဖြစ်ကို အကာအကွယ်ပေးထားမှု၊ အခွန်အခ မြင့်မားမှုတို့ကြောင့် IBM ၏ လက်လီရောင်းဈေး အဆမတန် မြင့်တက်သွားရခြင်း ဖြစ်သည်။

သို့သော် အမေရိကန် ပြည်တွင်းဈေးကွက်တွင်လည်း အခြေအနေက သိပ်မထူးခြားလှ။ IBM က ဒေါ်လာ ၂၀၀၀ ရောင်းချနေချိန်တွင် စွမ်းဆောင်ရည်တူ Lenovo လက်ပ်တော့ပ်က ၁၄၉၉ ဒေါ်လာသာ ရှိသည်။ Lenovo သည် ပြည်ပမှ တင်သွင်းရသော ကုန်ပစ္စည်း ဖြစ်သည့်အတွက် သယ်ယူပို့ဆောင်ခ၊ အခွန်အခများ ပေါင်းထည့်ထားရသည့်တိုင်အောင် ဈေးနှုန်းက လေးပုံတစ်ပုံခန့် သက်သာနေသေးသည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးသည် စိတ်ထဲတွင် အမြန် တွက်ချက်ကြည့်လိုက်ကြသည်။ Lenovo လက်ပ်တော့ပ် တစ်လုံး၏ ကုန်ကျစရိတ်သည် ဒေါ်လာ ၁၀၀၀ အောက်တွင်သာ ရှိမည်ဖြစ်ပြီး၊ IBM ၏ ကုန်ကျစရိတ်မှာမူ ဒေါ်လာ ၁၂၀၀ ကျော်နေသည်။ ကုန်ကျစရိတ် ထိန်းချုပ်မှုအပိုင်းတွင် IBM နှင့် Lenovo သည် ဤမျှလောက်တောင် ကွာဟနေပြီလား။

ဂါ့စ်နာ ရာထူးတက်လာပြီးနောက်ပိုင်း IBM ၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် ဝန်ထမ်းအများအပြားကို လျှော့ချပစ်ခဲ့သည်။ သို့သော် ရလဒ်ကတော့ ရှေ့ဆောင်လမ်းပြ ဖြစ်ပါလျက်နှင့် နောက်မှလိုက်လာသည့် တရုတ်ကုမ္ပဏီကို မမီနိုင်ဖြစ်နေရသည်။

မနှစ်က Forbes မဂ္ဂဇင်းက Lenovo အုပ်စုကို တိုးတက်မှု အမြန်ဆုံး PC ထုတ်လုပ်ရောင်းချသူအဖြစ် သတ်မှတ်ခဲ့သည်မှာ မမှားပေ။ ကုန်ကျစရိတ် ထိန်းချုပ်မှု အပိုင်းမှာတင် ကမ္ဘာကို ဦးဆောင်နေပြီ ဖြစ်သည်။

လုပ်သားခ သက်သာရုံ တစ်ခုတည်းနှင့်တော့ ဒီလောက်ထိ ကုန်ကျစရိတ် နည်းပါးဖို့ မဖြစ်နိုင်။ သေချာသည်မှာ အခြားသော ကုန်ကျစရိတ်များ၊ ဥပမာ အစိတ်အပိုင်း တန်ဖိုးများလည်း သက်သာနေ၍သာ ဖြစ်မည်။

တရုတ်ပြည်တွင် ကမ္ဘာ့အကြီးဆုံး ဆီလီကွန် သန့်စင်စက်ရုံကြီးကို တည်ဆောက်နေပြီး၊ အနာဂတ်တွင် ကမ္ဘာ့ ဆီလီကွန် ထုတ်လုပ်မှု၏ ထက်ဝက်ကို ချုပ်ကိုင်ရန် စီစဉ်နေသည်ဟု ကြားသိရသည်။

ထိုသတင်း စထွက်လာတုန်းက လူတော်တော်များများက လှောင်ပြောင်ရယ်မောခဲ့ကြသည်။ ဆီလီကွန် နည်းပညာပိုင်းတွင် တရုတ်ပြည်သည် ကမ္ဘာ့အလယ်အလတ်အဆင့် အောက်တွင်သာ ရှိသေးသည် မဟုတ်လား။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏကလည်း နည်းမှ မဟုတ်တာ။ ကမ္ဘာ့ထုတ်လုပ်မှု၏ ထက်ဝက်ကို ယူမည်ဆိုလျှင် ထုတ်လုပ်ရမည့် ပမာဏက ဘယ်လောက်များမလဲ ဆိုတာ သူတို့ သိရောသိရဲ့လား။

အိမ်နီးချင်း ဂျပန်နှင့် ထိုင်ဝမ်တို့က သူတို့ကို သင်ခန်းစာ ပေးလိုက်ကြပါလိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်... ထို ဆီလီကွန် စက်ရုံစီမံကိန်း၏ အဓိက ရင်းနှီးမြှုပ်နှံသူမှာ ဖုန်းယွီ ဖြစ်ပြီး၊ Philips နှင့် ကီရီလန်ကိုတို့၏ ရှယ်ယာများလည်း ပါဝင်သည်ဟု သိလိုက်ရသောအခါ လူအများ၏ အမြင်များ ပြောင်းလဲသွားခဲ့သည်။ ဒီကိစ္စက မဖြစ်နိုင်တော့ဘူးဟု ပြောမရတော့။

ဖုန်းယွီသည် မိုက်ခရိုဆော့ဖ် ရှယ်ယာများကို ရောင်းချလိုက်သဖြင့် ငွေသား အမြောက်အမြား လက်ထဲ ရှိနေသည်။ Philips နှင့် ကီရီလန်ကိုတို့ ထပ်ပေါင်းလိုက်လျှင် ငွေကြေးအရ လုံးဝပြဿနာ မရှိနိုင်။ သူတို့ တစ်ယောက်ချင်းစီကပင် သီးခြား ရင်းနှီးမြှုပ်နှံနိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။

နည်းပညာပိုင်းတွင် Philips က Siemens ၏ မွမ်းမံထားသော နည်းပညာများကို ပံ့ပိုးပေးထားပြီး၊ ကီရီလန်ကိုက ရုရှားဘက်မှ လျှို့ဝှက်နည်းပညာ အချို့ကို ယူဆောင်ပေးခဲ့သည်။ (ထိုနည်းပညာများ ဘယ်လိုရလာသလဲ ဆိုတာကိုတော့ ဖုန်းယွီ မမေးခဲ့ပါ)။

ဒီလိုဆိုတော့ နည်းပညာ အခက်အခဲလည်း မရှိတော့။

ဈေးကွက် ဖြန့်ချိရေး အပိုင်းတွင်လည်း ဂျပန်နှင့် ထိုင်ဝမ်တို့က ဖုန်းယွီ၏ ကုမ္ပဏီကို ဝိုင်းဝန်းပိတ်ဆို့ဖို့ ဆိုသည်မှာ ယုံတမ်းစကားမျှသာ ဖြစ်သည်။ တရုတ်ပြည်တွင်း အကာအကွယ်ပေးထားမှု တံတိုင်းတစ်ခုတည်းနှင့်တင် သူတို့ကို တားဆီးထားပြီး ဖြစ်သည်။ အခြားကုမ္ပဏီများ ဆိုလျှင်တော့ နိုင်ငံရေးအရ ဖိအားပေးခံရနိုင်သော်လည်း၊ ဖုန်းယွီကဲ့သို့ လူမျိုးမှာ အထက်ပိုင်း အဆက်အသွယ် မရှိဘူးဟု ပြောလာလျှင် ဘယ်သူက ယုံမှာလဲ။

ပြောင်းပြန် တွေးကြည့်လျှင် အနာဂတ်တွင် ဖုန်းယွီ၏ ဆီလီကွန် စက်ရုံသည် ကုန်ကျစရိတ် သက်သာမှု၊ စွမ်းရည်မြင့်မားမှုတို့ဖြင့် ပြိုင်ဘက်များကို ပြန်လည် ဖိနှိပ်သွားမှာကိုပင် စိုးရိမ်ရမည့် အခြေအနေ ဖြစ်သည်။

ဂါ့စ်နာနှင့် ပယ်လ်မီဆာနိုတို့၏ အမြင်တွင်တော့ တရုတ်ပြည်တွင်း အီလက်ထရောနစ် ပစ္စည်းများ ဈေးသက်သာနေရခြင်းမှာ ထိုဆီလီကွန် စက်ရုံ စတင်လည်ပတ်နေပြီ ဖြစ်သောကြောင့်ဟု ယူဆလိုက်ကြသည်။

“ဖုန်း... ခင်ဗျားရဲ့ တရုတ်ပြည်က ဆီလီကွန် စက်ရုံက ထုတ်လုပ်မှု အပိုင်း အဆင်ပြေရဲ့လား”

ဂါ့စ်နာက မေးလိုက်သည်။

“မဆိုးပါဘူး... အခုထိတော့ အကုန် မပြီးသေးပါဘူး၊ ပထမအဆင့်ပဲ ရှိပါသေးတယ်”

ဖုန်းယွီက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ စက်ရုံတည်ဆောက်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များသည် ဖုန်းယွီ၏ ညွှန်ကြားချက်အတိုင်း အချိန်မီ ပြီးစီးနေသည်။

အခုအချိန်မှာ အရှိန်အဟုန်ကို ထိန်းထားနိုင်ရုံဖြင့် ကမ္ဘာ့ထုတ်လုပ်မှု စွမ်းရည်၏ ထက်ဝက်ကို ရယူနိုင်တော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဈေးကွက်ပေါက်ဈေးကို သူတို့ စိတ်ကြိုက် ထိန်းချုပ်နိုင်တော့မည်။ လောလောဆယ် တစ်ပြိုင်နက်တည်း အကုန်ထုတ်လုပ်လိုက်လျှင် ငွေကြေးအရ တွက်ခြေမကိုက်သလို၊ ဝယ်လက်မရှိလျှင်လည်း အလကား ဖြစ်သွားပေမည်။

နောက်နှစ်အနည်းငယ်ကြာလျှင် နေရောင်ခြည်စွမ်းအင်သုံး လုပ်ငန်း ခေတ်စားလာတော့မည်။ ထိုအချိန်ကျလျှင် ဆိုလာပြား ထုတ်လုပ်မှုသည် အလွန်ကောင်းမွန်သော ဈေးကွက်တစ်ခု ဖြစ်လာလိမ့်မည်။ ဒီကိစ္စကို ဖုန်းယွီက 'ထိုက်ဟွာ ဘက်ထရီ' ဘက်ကို မှာကြားထားပြီး ဖြစ်သည်။ ဆိုလာပြား သုတေသန ဌာနတစ်ခုကို ဖွဲ့စည်းခိုင်းထားရာ၊ အနာဂတ်တွင် ဒီကိတ်မုန့်ကြီးထဲက အပိုင်းအစကြီးကြီး တစ်ခုကို သူတို့ သေချာပေါက် ရရှိပေလိမ့်မည်။

“ဖုန်း... ပြီးတော့ လျူ... ခင်ဗျားတို့ ပေးတဲ့ ဖိုင်တွေကို ကျွန်တော် ကြည့်ပြီးပြီ။ ကျွန်တော် အရမ်း သိချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။ ခင်ဗျားတို့ ကုန်ကျစရိတ်ကို ဘယ်လိုနည်းလမ်းနဲ့ လျှော့ချထားတာလဲ။ ကျွန်တော် ဆိုလိုတာက... ဒီလောက် ပမာဏအထိ လျှော့ချနိုင်တဲ့ နည်းလမ်းကို ပြောတာပါ”

ဂါ့စ်နာသည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

လျူချွမ်းကျစ်သည် ဖုန်းယွီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဖုန်းယွီက ခေါင်းငြိမ့်ပြလိုက်မှ သူက စကားဆက်လိုက်သည်။

“ရှင်းရှင်းလေးပါပဲ... အဓိက အစိတ်အပိုင်းတွေကို ကျွန်တော်တို့ ကိုယ်တိုင် ထုတ်လုပ်တယ်၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ မိတ်ဖက် စာချုပ်ချုပ်ထားတဲ့ နေရာတွေကနေ ယူပါတယ်”

“အဓိက အစိတ်အပိုင်းတွေကို ကိုယ်တိုင် ထုတ်လုပ်တယ် ဟုတ်လား။ ဘာကို ဆိုလိုတာလဲ”

“ Optical Drive (အလင်းသုံး ဓာတ်ပြားဖတ်စက်) အကြောင်းတော့ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ ခင်ဗျားတို့ IBM ကိုယ်တိုင်လည်း 'ဖုန်းယွီ အီလက်ထရောနစ်'ရဲ့ နည်းပညာကို သုံးထားတာပဲ၊ စံနှုန်းကတော့ Feng Yu Philips Standard ပေါ့။ ဂရပ်ဖစ်ကဒ် (Graphics Card) အတွက် ကျွန်တော်တို့ NVIDIA ကို သုံးတယ်။ NVIDIA ရဲ့ စက်ရုံက တရုတ်ပြည်မှာ ရှိပြီးသားဆိုတော့ ကျွန်တော်တို့ ရတဲ့ဈေးက လုပ်ငန်းခွင်ထဲမှာ အနိမ့်ဆုံးဈေးပဲ။ မောက်စ်နဲ့ ကီးဘုတ်ကို ကိုယ်တိုင် ထုတ်တယ်။ LCD မော်နီတာ ဆိုရင်လည်း ဖုန်းယွီ အီလက်ထရောနစ်ရဲ့ နည်းပညာက ကမ္ဘာ့ထိပ်တန်း ဖြစ်နေတော့ ကျွန်တော်တို့ ရတဲ့ဈေးက အသက်သာဆုံးပဲ”

လျူချွမ်းကျစ်က ဆက်လက် ရှင်းပြသည်။

“ဘက်ထရီ ဆိုရင် 'ထိုက်ဟွာ' ဆီက ယူတယ်၊ ဈေးအနိမ့်ဆုံးပဲ။ ဟာ့ဒ်ဒစ် (Hard disk) ဆိုရင် ဖုန်းယွီ အီလက်ထရောနစ်၊ Aiwa တို့နဲ့ ပူးပေါင်းပြီး ထုတ်ထားတာ၊ ဒါလည်း ဈေးအနိမ့်ဆုံးပဲ ရတယ်။ Sound Card ဆိုရင်လည်း Aiwa နဲ့ ပူးပေါင်းထားတယ်၊ အသံအရည်အသွေး ကောင်းပြီး ဈေးက အရမ်းသက်သာတယ်။ RAM ဆိုရင် Kingston ကို သုံးတယ်၊ သူတို့စက်ရုံကလည်း တရုတ်ပြည်မှာ ရှိတော့ ကျွန်တော်တို့က အနိမ့်ဆုံးဈေးနဲ့ ရတယ်...”

ဂါ့စ်နာ တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ Lenovo ကွန်ပျူတာမှာ ပါဝင်တဲ့ ပစ္စည်းအားလုံးနီးပါးက လုပ်ငန်းခွင် အနိမ့်ဆုံးဈေးတွေချည်းပဲ ဖြစ်နေတာလား။ Motherboard တစ်ခုကလွဲရင် ကျန်တာ အကုန် ကိုယ့်လူတွေချည်း ဖြစ်နေသည့် သဘောပင်။ ပြီးတော့ Intel နှင့် AMD တို့နှင့်လည်း ပူးပေါင်းထားသေးရာ နောက်တစ်ဆင့်တွင် ဈေးပိုသက်သာပြီး စွမ်းရည်မြင့်မားသည့် လက်ပ်တော့ပ်များ ထွက်လာဦးမည်ဟု သတင်းကြားထားသည်။

“ဖုန်း... လျူ... ကျွန်တော် သိပ်ပြီး စဉ်းစားလို့ မရတဲ့ အချက်တစ်ခု ရှိတယ်။ ဟာ့ဒ်ဝဲ ကုမ္ပဏီတွေက ခင်ဗျားတို့ကို လုပ်ငန်းခွင် အနိမ့်ဆုံးဈေး ပေးတယ် ဆိုပါစို့... ဘာကြောင့် သူတို့က အဲဒီလို ပေးရတာလဲ”

ဂါ့စ်နာ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ IBM တောင်မှ ဒီလို အထူးအခွင့်အရေးမျိုး မရခဲ့ပေ။

“ရိုးရှင်းပါတယ်... ကျွန်တော်တို့ရဲ့ ရောင်းအားက အကောင်းဆုံး ဖြစ်နေလို့လေ။ သူတို့ရဲ့ ဈေးကွက် ဝေစုကို ချဲ့ထွင်ဖို့အတွက် ကျွန်တော်တို့က အကူအညီ အပေးနိုင်ဆုံး မဟုတ်လား”

လျူချွမ်းကျစ်က သံတမန်ဆန်ဆန်ပင် ဖြေလိုက်သည်။

တကယ့် အကြောင်းရင်းမှန်ကိုတော့ လျူချွမ်းကျစ် ကောင်းကောင်းကြီး သိသည်။ အဲဒီ ကုမ္ပဏီတွေ အားလုံးက ဖုန်းယွီ ပိုင်ဆိုင် သို့မဟုတ် ရှယ်ယာအများစု ပါဝင်ထားသည့် ကုမ္ပဏီတွေ ဖြစ်နေလို့ပါပဲ။

ဖုန်းယွီ၏ အကူအညီဖြင့် ထိုကုမ္ပဏီများသည် တရုတ်ပြည်တွင် စက်ရုံများ လာရောက်တည်ဆောက်ကြသည်။ သို့မဟုတ် တရုတ်စက်ရုံများနှင့် ဖက်စပ်လုပ်ကိုင်ကြသည်။ ထို့ကြောင့် ကုန်ကျစရိတ် သက်သာရုံသာမက Lenovo အုပ်စု၏ နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းကိုပါ မြှင့်တင်ပေးရာ ရောက်လေသည်။

နိုင်ငံတော် ခေါင်းဆောင်ပိုင်းကလည်း ဖုန်းယွီ၏ ဤလုပ်ရပ်အပေါ် အလွန် သဘောကျ နှစ်ခြိုက်ကြပြီး၊ နိုင်ငံနှင့် လူမျိုးကို မမေ့သော စီးပွားရေး လုပ်ငန်းရှင်ကြီး ဟုပင် ချီးကျူးထားကြသည်။

ဖုန်းယွီ၏ ရည်မှန်းချက်မှာ Lenovo အုပ်စုကို အနာဂတ်တွင် IBM ထက် ကျော်လွန်သွားစေရန် ဖြစ်သည်။ PC၊ ဆော့ဖ်ဝဲလ်၊ ဝန်ဆောင်မှု ကဏ္ဍစုံတွင် အိုင်တီလောက၏ ဧကရာဇ် ဖြစ်လာစေချင်သည်။ ထို့အတူ 'ဖုန်းယွီ' ထိန်းချုပ်ထားသော ကွန်ပျူတာ အစိတ်အပိုင်း ထုတ်လုပ်ရေး ကုမ္ပဏီများကိုလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ထိပ်သီးများ ဖြစ်လာစေချင်သည်။

ဒီစီမံကိန်းကြီး တစ်ခုလုံးကို လျူချွမ်းကျစ် သိထားပြီး ဖြစ်သည်။ သို့သော် ဖုန်းယွီ၏ ခြေလှမ်းများက ဤမျှ မြန်ဆန်ပြီး ကွန်ပျူတာနှင့် ဆက်စပ်သမျှ ကုမ္ပဏီအားလုံးကို လိုက်လံ ရင်းနှီးမြှုပ်နှံထားလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

Lenovo သည် နိုင်ငံတကာ အဆင့်မီ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့ပြီ။ ဒီဇိုင်းပိုင်းတွင် ကမ္ဘာ့ထိပ်တန်း ဖြစ်သလို၊ ဈေးနှုန်းပိုင်းတွင်လည်း အားသာချက် ရှိနေသည်။ အမှတ်တံဆိပ်မှာလည်း တဖြည်းဖြည်း နာမည်ရလာပြီ ဖြစ်သည်။

တစ်ခုပဲ လိုတော့သည်။ IBM နှင့် အခြားကုမ္ပဏီများကို မမီသေးသည့် အချက်မှာ မူပိုင်ခွင့် နည်းပညာများပင် ဖြစ်သည်။ IBM တို့က မူပိုင်ခွင့် လိုင်စင်ကြေး တစ်ခုတည်းနှင့်ပင် နှစ်စဉ် အမြတ်ငွေ အမြောက်အမြား ရရှိနေကြသည်။ ဤအချက်ကိုတော့ Lenovo အနေဖြင့် ဆက်လက် ကြိုးစားရဦးမည်။

လျူချွမ်းကျစ်၏ ဖြေကြားချက်ကို ဂါ့စ်နာ သိပ်ဘဝင်မကျလှသော်လည်း၊ တစ်ဖက်ကုမ္ပဏီ၏ စီးပွားရေး လျှို့ဝှက်ချက်များ ဖြစ်နေသဖြင့် ဆက်မေးနေ၍လည်း မကောင်းပေ။

သို့သော် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍တော့ သေချာ ညှိနှိုင်းရဦးမည်။ PC ရောင်းချမှုအပိုင်းကို Lenovo လက်ထဲ ထည့်ပေးလိုက်ရမည် ဆိုပါလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ငါတို့က IBM ကွ... ဘယ်ကိစ္စမဆို ငါတို့ကပဲ ဦးဆောင်ရမှာပေါ့…

...

******

အခန်း (၁၁၇၆) ဘယ်သူက ခေါင်းဆောင်၊ ဘယ်သူက နောက်လိုက်

“ဖုန်း... လျူ... ခင်ဗျားတို့ အချက်တစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ PC လောကမှာ အကောင်းဆုံးက IBM ပဲ”

ဂါ့စ်နာက လေးနက်စွာ ပြောကြားလိုက်သည်။

ဒါက ဘယ်ခေတ်က ပြက္ခဒိန်ဟောင်းကို လာရွတ်ပြနေတာလဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင်တော့ IBM က ပြိုင်ဘက်ကင်း အရှင်သခင် ဆိုတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ IBM က ဆော့ဖ်ဝဲလ်ဖက်ကို ခြေဦးလှည့်သွားပြီးကတည်းက PC လောကရဲ့ ကြီးစိုးသူနေရာက တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ပြီလေ။ အခုချိန်မှာ Dell၊ HP နဲ့ Lenovo တို့ရဲ့ နောက်ကောက်ချတာကို ခံနေရပြီ။ အမေရိကန် အစိုးရနဲ့ ကုမ္ပဏီကြီးတွေရဲ့ ကာလရှည် စာချုပ်ကြီးတွေသာ မရှိရင် IBM က ထိပ်ဆုံး ၅ နေရာ စာရင်းကနေတောင် ပြုတ်ကျလောက်ပြီ။

ဥပမာအားဖြင့် ယခင်ဘဝ အတိတ်ကာလတုန်းက Lenovo က IBM ရဲ့ PC ဌာနခွဲကို ဝယ်ယူလိုက်ချိန်တွင် IBM ၏ PC ရောင်းအားသည် အကြီးအကျယ် ထိုးကျနေပြီ ဖြစ်သည်။ အကြောင်းရင်းမှာ အမေရိကန် အစိုးရဘက်က Lenovo ကွန်ပျူတာများတွင် Backdoor ပါလာမည်ကို စိုးရိမ်ပြီး အမှာစာများကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဖြစ်သည်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် တရုတ်ပြည် အနေဖြင့် ကွန်ပျူတာ နည်းပညာကို ဘာကြောင့် ကိုယ်ပိုင် သုတေသနပြုပြီး ထုတ်လုပ်ချင်ရသလဲ ဆိုတာ သိသာထင်ရှားနေသည်။ (“Backdoor ဆိုသည်မှာ ကွန်ပျူတာစနစ် သို့မဟုတ် ဆော့ဖ်ဝဲလ်တစ်ခုအတွင်းသို့ ပုံမှန်လုံခြုံရေးအဆင့်များ (ဥပမာ-Password ရိုက်ခြင်း)ကို ကျော်ဖြတ်ပြီး ဝင်ရောက်နိုင်ရန် ဖန်တီးထားသော “လျှို့ဝှက်လမ်းကြောင်း” ကို ဆိုလိုပါသည်။)

“ခင်ဗျားက 'အကောင်းဆုံး' ဆိုတဲ့ ခေါင်းစဉ်ကို ဘယ်လို စံနှုန်းနဲ့ သတ်မှတ်သလဲတော့ မသိဘူး။ ဒါပေမဲ့ ထုတ်ကုန် ဒီဇိုင်းပိုင်း၊ တန်ဖိုးနဲ့ စွမ်းဆောင်ရည် မျှတမှု၊ ပြီးတော့ ရောင်းအား... ဒီအချက်တွေ အားလုံးမှာ IBMက အကောင်းဆုံး မဟုတ်တော့ဘူး။ ဟုတ်တာပေါ့... IBM ဆိုတဲ့ အမှတ်တံဆိပ် နာမည်တစ်ခုကလွဲရင် ကျန်တာ အားလုံး ရှုံးနေပြီ။ ခင်ဗျားတို့လည်း ဝန်ခံရမှာပဲလေ။ မြောက်အမေရိက ဈေးကွက်မှာ ခင်ဗျားတို့ Dell နဲ့ HP ကို မကျော်နိုင်တော့ဘူး။ ဥရောပမှာဆိုရင်လည်း အကျော်ခံလိုက်ရပြီ။ အလားအလာ အကောင်းဆုံး ဖြစ်တဲ့ အာရှဈေးကွက်မှာဆိုရင်တော့ ကျွန်တော်တို့ Lenovo က ဆရာတစ်ဆူ ဖြစ်နေပြီ”

လျူချွမ်းကျစ်က ဆက်လက်၍

“နည်းပညာ အချို့မှာ IBM က ကမ္ဘာကို ဦးဆောင်နေတုန်းပဲ ဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ PC တစ်လုံးဆိုတာ နည်းပညာ တစ်ခုတည်းနဲ့ ပြီးပြည့်စုံနေလို့ မရဘူးလေ။ ကွန်ပျူတာ ဝယ်မဲ့သူတိုင်းက အဖက်ဖက်က ထည့်သွင်းစဉ်းစားကြတာပဲ။ IBM က သူ့ကိုယ်သူ 'တန်ဖိုးကြီး လူတန်းစားသုံး'လို့ သတ်မှတ်ထားပေမဲ့၊ စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်နေရာက High-end ဖြစ်နေလဲ ဆိုတာ ကျွန်တော်တော့ မမြင်ဘူး။ အမှတ်တံဆိပ် တန်ဖိုးတစ်ခုတည်းကို ကိုးကွယ်ပြီး မျက်ကန်းဝယ်ယူခိုင်းတာက သိပ်ပြီး မိုက်မဲရာကျတဲ့ လုပ်ရပ်ပဲ”

လျူချွမ်းကျစ်၏စကားများက အားနာမှုကင်းမဲ့ပြီး ဓားသွားကဲ့သို့ ထက်ရှနေသည်။ သူက IBM ၏ ကွန်ပျူတာ ရောင်းချမှု ပုံစံသည် အမှတ်တံဆိပ် ဂုဏ်ပုဒ်ဟောင်းကို စားသုံးနေခြင်းသာ ဖြစ်ကြောင်း တဲ့တိုး ဝေဖန်လိုက်ခြင်း ဖြစ်သည်။ IBM ၏ အမှတ်တံဆိပ် အရှိန်အဝါ ကြီးမားသော်လည်း ထုတ်ကုန်များ၏ အရည်အသွေးက လိုက်မမီတော့သည့်အခါ ရောင်းအား ကျဆင်းလာသည်မှာ ဓမ္မတာပင်။

လျူချွမ်းကျစ် ပြောတာတွေက အမှန်တရားတွေ ဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူအများက IBM ထုတ်ကုန်များသည် ဆန်းသစ်မှု မရှိဘဲ ဈေးကြီးလွန်းသည်ဟု ဝေဖန်နေကြသည်။ တကယ့် 'High-end' PC ဆိုတာ စွမ်းဆောင်ရည်ပိုင်းမှာ အခြား PC တွေကို အပြတ်အသတ် သာလွန်နေမှ ဖြစ်မှာပေါ့။ အခုတော့ သာလွန်ဖို့ နေနေသာသာ IBM ထက် ဈေးသက်သာတဲ့ တံဆိပ်တွေရဲ့ စွမ်းဆောင်ရည်ကတောင် IBM ကို ကျော်တက်နေပြီ မဟုတ်လား။

“ဒါပေမဲ့ မြောက်အမေရိက ဈေးကွက်မှာ Lenovoက IBM ကို ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့... မြောက်အမေရိက ရောင်းချမှု အပိုင်းကို IBM က ဦးဆောင်မယ်၊ တရုတ်ပြည်နဲ့ အာရှဒေသ တစ်ခုလုံးကို Lenovo က ဦးဆောင်မယ်။ ဒါမှသာ ဈေးကွက် လမ်းကြောင်းအရ အပြန်အလှန် အကျိုးပြုဖြစ်မှာပါ”

ဂါ့စ်နာက အလျှော့မပေးဘဲ ပြန်လည် တုံ့ပြန်သည်။

ဒီအချိန်မှာတော့ ဖုန်းယွီ ဝင်မပြောဘဲ မနေနိုင်တော့။

“ခင်ဗျား တကယ်ပဲ အဲဒီလို ထင်နေတာလား။ IBM ရဲ့ အကူအညီ မပါရင် Lenovo က မြောက်အမေရိကမှာ မရောင်းရတော့ဘူးလို့ ထင်နေတာလား။ အခု မြောက်အမေရိကမှာ ရှိတဲ့ ကုမ္ပဏီကြီး အများအပြား Lenovo ကွန်ပျူတာတွေကို သုံးနေကြပြီ။ eBay တို့၊ Amazon တို့လို ထိပ်တန်း ကုမ္ပဏီတွေ ပါတယ်။ ပြီးတော့ NVIDIA တို့၊ Kingston တို့၊ အလားအလာ အရမ်းကောင်းတဲ့ Google လို ကုမ္ပဏီမျိုးတွေတောင် Lenovo ကို သုံးနေကြတာ။ ကြော်ငြာအား ကောင်းကောင်းနဲ့ ဈေးနှုန်းသာမှုကို ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ ဈေးကွက်ကို လုယူလို့ ရတယ်”

“ဥရောပမှာဆိုရင်လည်း ကျွန်တော်တို့မှာ အင်အားကြီးမားတဲ့ မိတ်ဖက်တွေ ရှိတယ်။ Philips နဲ့ Thomson တို့လို ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ပစ္စည်း ကုမ္ပဏီတွေ ရှိနေတော့ Lenovo ရဲ့ ရောင်းအားက တစ်ရှိန်ထိုး တက်နေတာ။ အရှေ့ဥရောပ ဈေးကွက်မှာဆို ကျွန်တော်တို့က နံပါတ် (၁) ဖြစ်နေပြီ”

“ဖုန်း... ခင်ဗျား အမှတ်တံဆိပ် အရှိန်အဝါကို လျှော့တွက်လွန်းနေပြီ။ ဒီနေရာက မြောက်အမေရိက... အာရှလည်း မဟုတ်သလို ဥရောပလည်း မဟုတ်ဘူး။ IBM မှာ သစ္စာရှိတဲ့ စားသုံးသူတွေ အများကြီး ရှိတယ်”

ဂါ့စ်နာက လေးလေးနက်နက် ပြန်ပြောသည်။

“ပြီးတော့ ကျွန်တော်တို့မှာ အရောင်းဆိုင်ခွဲတွေ အများကြီး ရှိတယ်။ ဒါတွေက ခင်ဗျားတို့မှာ မရှိတဲ့ အားသာချက်တွေပဲ”

ဖုန်းယွီက မျက်လုံးလေး မှေးစင်းကာ ပြုံးလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“တကယ်လို့များ ကျွန်တော် ကိုယ်တိုင်သာ Lenovo အတွက် Presenter လုပ်ပေးမယ် ဆိုရင်ရော... ရလဒ်က ဘယ်လို ဖြစ်လာမလဲ”

တကယ်တမ်းတော့ ဖုန်းယွီက ပါးစပ်က ပြောကြည့်လိုက်ရုံပါ။ ကိုယ်တိုင် ကြော်ငြာရိုက်ဖို့ ဆိုတာ သူ စိတ်မှ မဝင်စားတာ။

ဂါ့စ်နာ ကြောင်အမ်းသွားသည်။ ဖုန်းယွီက ဘာပြောလိုက်တာလဲ။ Lenovo အတွက် ကိုယ်တိုင် ကြော်ငြာဝင်ရိုက်ပေးမယ် ဟုတ်လား။ ဖုန်းယွီက မီဒီယာတွေ ရှေ့ထွက်ရတာ မကြိုက်ဘူး မဟုတ်လား။

တကယ်လို့များ ဖုန်းယွီသာ ကိုယ်တိုင် ကြော်ငြာဝင်ရိုက်ပေးမယ် ဆိုရင်တော့ စားသုံးသူတွေက တကယ် ဝယ်ကြမည့် အနေအထား ရှိသည်။ သူတို့လို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အနေနဲ့ သိကြသည်မှာ သာမန်ပြည်သူတွေ၏ မျက်လုံးထဲတွင် ဖုန်းယွီဆိုသည်မှာ ရုပ်ရှင်မင်းသားများထက် ပို၍ တောက်ပသော စူပါစတား တစ်ယောက် ဖြစ်သည်။ ထိပ်တန်း ကြယ်ပွင့်တစ်ယောက်က ထုတ်ကုန်တစ်ခုကို ဘယ်လောက်အထိ ရောင်းအားတက်စေသလဲ ဆိုတာ သူတို့ အသိဆုံးပင်။ IBM ကိုယ်တိုင်လည်း ကြော်ငြာအတွက် စူပါစတားတွေကို ငှားသုံးနေရသည် မဟုတ်လား။

ထိုအချိန်တွင် လျူချွမ်းကျစ်က ဖြည့်စွက် ပြောကြားလိုက်သည်။

“လူကြီးမင်းတို့... တကယ်လို့သာ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး အရောင်းပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့် အပြည့်အဝကို Lenovo ဆီ လွှဲပေးမယ်ဆိုရင် IBM ရဲ့ အမြတ်ငွေ တိုးတက်လာစေရမယ်လို့ ကျွန်တော် အာမခံပါတယ်။ ကျွန်တော်က IBM ကို Lenovo လိုပဲ သဘောထားပြီး ခွဲခြားမှုမရှိဘဲ ရောင်းချပေးမှာပါ”

ဂါ့စ်နာနှင့် ပယ်လ်မီဆာနိုတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် သူတို့ဘက်က အသာစီး မရတော့ဘဲ တစ်ဖက်သတ် အဖိနှိပ်ခံနေရပြီ ဆိုတာ သတိထားမိလိုက်ကြသည်။ IBM က သူများနဲ့ ဆွေးနွေးတိုင်း ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးခဲ့။

လျူချွမ်းကျစ်၏ ဆိုလိုရင်းမှာ IBM ၏ PC ရောင်းချခွင့် အာဏာအားလုံးကို Lenovo ထံ အပ်နှင်းစေချင်ခြင်း ဖြစ်သည်။ မြောက်အမေရိက ဈေးကွက် အပါအဝင် IBM ၏ မူလ အရောင်း လမ်းကြောင်းများကိုပါ လွှဲပြောင်းရယူလိုခြင်း ဖြစ်သည်။

ဒီလမ်းကြောင်းတွေရဲ့ တန်ဖိုးက ဖြတ်လို့မရနိုင်အောင် ကြီးမားလှသည်။

ပိုပြီး အရေးကြီးတာက ဒီလိုသာ လုပ်လိုက်မယ် ဆိုရင် နောက်ပိုင်း IBM ရဲ့ PC ရောင်းအား တက်မတက် ဆိုတာက Lenovo ရဲ့ မျက်နှာကို ကြည့်နေရတော့မည့် သဘောပင်။ IBM သည် လက်ရှိတွင် ဆော့ဖ်ဝဲလ်နှင့် ဝန်ဆောင်မှု ဘက်ကို အာရုံစိုက်နေပြီး၊ နည်းပညာ သုတေသနဖက်ကို ငွေပိုသုံးနေသည် မှန်သော်လည်း၊ PC ရောင်းရငွေက ကုမ္ပဏီအတွက် အမြတ်ရနေဆဲ ဖြစ်သည်။ ဒီလို အပိုင်းကဏ္ဍကို Lenovo လက်ထဲ ထည့်ပေးလိုက်တာက Lenovo ကို IBM PC ဌာနခွဲအား ဝါးမျိုပါတော့လို့ ဖိတ်ခေါ်လိုက်သလို မဖြစ်ပေဘူးလား။

IBM ကို Lenovo နဲ့ တန်းတူထားပြီး ရောင်းပေးမယ်ဆိုတဲ့ လျူချွမ်းကျစ်ရဲ့ စကားက မဖြစ်နိုင်ပါဘူး။ တကယ်လို့သာ တန်းတူ ရောင်းပေးမယ် ဆိုရင်တောင် Lenovo ရဲ့ ဈေးနှုန်း သက်သာမှုနဲ့ ကြော်ငြာအားကောင်းမှုအောက်မှာ IBM ရဲ့ ရောင်းအားက တက်လာစရာ အကြောင်းမရှိ။

ပယ်လ်မီဆာနို၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ Lenovo အုပ်စုက IBM ရဲ့ PC လုပ်ငန်းကြီး တစ်ခုလုံးကို ဝါးမျိုချင်နေတာပဲ။

သူ ချက်ချင်းပင် ထိုကြောက်စရာကောင်းသော အတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်ကုမ္ပဏီကများ IBM ရဲ့ PC လုပ်ငန်းကို ဝါးမျိုရဲမှာလဲ။ ငါတို့က IBM ကွ... PC ဆိုတဲ့ အရာကို စတင် ဖန်တီးခဲ့တဲ့ သူတွေ။

ဒါပေမဲ့... တကယ်လို့သာ PC အရောင်းပိုင်းကို Lenovo လက်ထဲ အပ်လိုက်ရင် ကိုယ့်ရဲ့ အသက်သွေးကြော တစ်ဝက်ကို သူများလက်ထဲ ထည့်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။

PC ဒီဇိုင်းနဲ့ သုတေသန ပိုင်းမှာတော့ လက်ရှိအချိန်မှာ Lenovo ထက် သာတဲ့သူ မရှိတော့တာ အမှန်ပဲ။ Desktop ပဲ ဖြစ်ဖြစ်၊ Laptop ပဲ ဖြစ်ဖြစ် Lenovo က အစွမ်းကုန် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ ဈေးနှုန်း၊ ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ အမှတ်တံဆိပ်... အားလုံး ကောင်းမွန်နေသည်။

ပယ်လ်မီဆာနို ခေါင်းမော့ပြီး လျူချွမ်းကျစ်ကို ကြည့်လိုက်သည်။ လျူချွမ်းကျစ်၏ မျက်လုံးထဲတွင် IBM PC လုပ်ငန်းကို ဝါးမျိုပစ်ချင်သည့် ဆန္ဒပြင်းပြမှုမျိုးကို သူ တကယ်ပဲ မြင်လိုက်ရသလို ခံစားလိုက်ရသည်။

တကယ်လို့... PC လုပ်ငန်းကို Lenovo ဆီ ရောင်းလိုက်မယ် ဆိုရင်ရော... နေဦး... ရောင်းတာ မဟုတ်ဘူး၊ Lenovo အုပ်စုထဲကို ပေါင်းစည်းလိုက်မယ် ဆိုရင်ရော...။ ဒါဆိုရင် IBM အနေနဲ့ Lenovo အုပ်စုရဲ့ ရှယ်ယာတချို့ကို ပိုင်ဆိုင်ခွင့် ရမယ်။ ပြီးတော့ ဆော့ဖ်ဝဲလ်နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ပိုပြီး အာရုံစိုက်လာနိုင်မယ်။ နည်းပညာ သုတေသနဖက်ကို ပိုလုပ်နိုင်မယ်။ ဒီလိုစဉ်းစားကြည့်တော့လည်း မဆိုးဘူးပဲ။

အရင်တုန်းက Microsoft ဒီနေ့လို ကြီးပွားလာတာ IBM ရဲ့ ပံ့ပိုးမှုကြောင့်ပဲ မဟုတ်လား။ လူတွေ ပြောကြတယ်... အဲဒီတုန်းကသာ IBM က Microsoft ကို တိုက်ရိုက် ဝယ်ယူသိမ်းပိုက်လိုက်ရင် ဒီနေ့ အိုင်တီလောကရဲ့ အရှင်သခင်က IBM ဖြစ်နေမှာတဲ့။ အခုတော့ IBM က Microsoft ရဲ့ ကျော်တက်တာ ခံလိုက်ရပြီ။ တကယ်လို့ ကိုယ်အားသန်တဲ့ ဖက်ကိုပဲ သေချာ အာရုံစိုက် လုပ်ကိုင်လိုက်ရင် လုပ်ငန်းနယ်ပယ်ရဲ့ ခေါင်းဆောင်နေရာကို ပြန်ရဖို့ ပိုလွယ်ကူမလားပဲ။

“ဆုံးဖြတ်ချက် ချလိုက်ကြပါတော့။ ဘယ်လိုလုပ်ရင် IBM အတွက် ပိုအကျိုးရှိမလဲ ဆိုတာ ခင်ဗျားတို့ ရင်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေမှာပါ”

ဖုန်းယွီက တိုက်တွန်းလိုက်သည်။

“ဖုန်း... ကုမ္ပဏီရဲ့ အရေးပါတဲ့ ထုတ်ကုန်တစ်ခုရဲ့ ရောင်းချခွင့်ကို အခြားကုမ္ပဏီတစ်ခုဆီ လွှဲပေးဖို့ ဆိုတာ ချက်ချင်း ဆုံးဖြတ်လို့ ရတဲ့ ကိစ္စမဟုတ်ဘူး။ ဒီကိစ္စကို ဘုတ်အဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးရပါဦးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို အမြန်ဆုံး အကြောင်းပြန်ပေးပါမယ်”

ဂါ့စ်နာက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဖုန်းယွီ အနေဖြင့်လည်း စကားနည်းနည်း ပြောရုံဖြင့် IBM လို ကုမ္ပဏီကြီးက အလျှော့ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် ဂါ့စ်နာရော၊ ပယ်လ်မီဆာနိုပါ တွေဝေသွားကြပြီ ဆိုတာ မြင်လိုက်ရရုံနှင့် သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။

ကျန်တဲ့ အလုပ်တွေကိုတော့ လျူချွမ်းကျစ် ကောင်းကောင်း လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

“ကောင်းပါပြီ... သတင်းကောင်း ကြားရဖို့ စောင့်နေပါမယ်”

...

******

All Chapters