အခန်း (၁၁၈၀-၁၁၈၂)
Vol. 80 Ch. 1180-1182
အခန်း (၁၁၈၀) မီးခိုးကွင်း မှုတ်ထုတ်ပြိုင်ပွဲ
ဂါ့စ်နာသည် သူ့လက်ထောက် တင်ပြလာသော အစီရင်ခံစာကို နားထောင်နေသည်။ အစီရင်ခံစာမှာ လွန်ခဲ့သော ရက်ပိုင်းကမှ စတင်ရောင်းချခဲ့သော ထုတ်ကုန်သစ် အီလက်ထရောနစ် စီးကရက်၏ ရောင်းအား စာရင်းအင်းများ ဖြစ်သည်။
ဝန်ခံရမည် ဆိုလျှင် ထုတ်ကုန်အသစ် တစ်ခု၊ အထူးသဖြင့် လုံးဝ မပေါ်ပေါက်ဖူးသေးသော ပစ္စည်းတစ်ခုကို ဈေးကွက်တင်သည့်အခါ လူအများ ချက်ချင်း လက်ခံလာအောင် လုပ်ဆောင်ဖို့မှာ အတော်လေး ခက်ခဲသော ကိစ္စဖြစ်သည်။
ဂါ့စ်နာသည် မီဒီယာများပေါ်တွင် အငြင်းပွားမှုများ ဖန်တီးပြီး၊ လူအများကို ထိုအငြင်းပွားမှုထဲ ပါဝင်လာစေကာ အီလက်ထရောနစ် စီးကရက်အပေါ် အာရုံစိုက်မှု တိုးလာအောင် လုပ်ဆောင်ခဲ့သည်။ ဒီလှည့်ကွက်က အတော်လေး ပါးနပ်ပြီး၊ အမှန်တကယ်လည်း သုံးစွဲသူ အသစ်များ တိုးပွားလာစေခဲ့သည်။ ထိုသုံးစွဲသူ အများစုမှာ သိချင်စိတ်ကြောင့် ဖြစ်စေ၊ ဝေဖန်ဆန်းစစ်ချင်သော စိတ်ကြောင့် ဖြစ်စေ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဒီနည်းလမ်း၏ အရှိန်အဝါသည် မကြာမီ လျော့ကျသွားတော့မည်။ ဒီနည်းလမ်းကို သုံးခြင်းဖြင့် အီလက်ထရောနစ် စီးကရက်၏ အားနည်းချက် အချို့လည်း ပေါ်ထွက်လာနိုင်သည် မဟုတ်လား။ မည်သည့် ထုတ်ကုန်မဆို အပြစ်ရှာမယ် ဆိုရင်တော့ တွေ့နိုင်တာချည်းပါပဲ။
ဂါ့စ်နာက သူ့ရဲ့ ဈေးကွက်မြှင့်တင်ရေး နည်းလမ်းက လုံလောက်ပြီဟု ထင်ခဲ့သော်လည်း၊ ဖုန်းယွီက သူ့ကို နောက်ထပ် နည်းလမ်းတစ်ခု ထပ်ပြောပြခဲ့သည်။ ထိုနည်းလမ်းမှာ သူ သာမန်ဆေးရွက်ကြီးများ ရောင်းချစဉ်က တစ်ခါမှ မသုံးဖူးခဲ့သော နည်းလမ်းမျိုး ဖြစ်သည်။
“မီးခိုးကွင်း မှုတ်ထုတ်ပြိုင်ပွဲ” တဲ့။
နာမည်ကို ကြားလိုက်ရုံနှင့် ဘာလုပ်ရမလဲ ဆိုတာ သိသာနေပြီ ဖြစ်သည်။ ဘယ်သူက မီးခိုးကွင်း အများဆုံး မှုတ်ထုတ်နိုင်မလဲ၊ ဘယ်သူ့ရဲ့ မီးခိုးကွင်းက အဆန်းသစ်ဆုံး ဖြစ်မလဲ၊ ဘယ်သူ့ မီးခိုးကွင်းက အကြီးဆုံးလဲ၊ အသေးဆုံးလဲ စသဖြင့် ယှဉ်ပြိုင်ကြမည့် ပွဲဖြစ်သည်။
အရင်တုန်းကတော့ ဘားဆိုင် အသေးစားလေးတွေမှာ ဒီလိုပြိုင်ပွဲမျိုး လုပ်ဖူးသည်ဟု ကြားဖူးသော်လည်း၊ အခုလို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာပြီး ဆုကြေးငွေ အများအပြား ပေးမည့် ပြိုင်ပွဲမျိုးကတော့ ဒါ ပထမဆုံးပင်။
ဒီပြိုင်ပွဲမှာ မီးခိုးကွင်း အများဆုံး မှုတ်ထုတ်နိုင်သူကို “ဂင်းနစ် ကမ္ဘာ့စံချိန်” စာအုပ်ထဲတွင် မှတ်တမ်းတင်ပေးသွားမည် ဟု ဆိုသည်။
ဂင်းနစ် ဆိုတာ သိပ်ပြီး လေးနက်တည်ကြည်တဲ့ အဖွဲ့အစည်းကြီးလို့ မထင်လိုက်ပါနဲ့။ အထဲမှာ ထူးဆန်းထွေလာ စံချိန်ပေါင်းစုံ ပါဝင်နေတတ်သည်။ တချို့စံချိန်တွေကို ကြည့်လိုက်ရင် ကိုယ့်မျက်လုံးကို ကိုယ်ပြန်ဖောက်ထုတ်ပစ်ချင်စိတ် ပေါက်သွားလောက်သည်။
ဥပမာ ကန်ကန်အက ကတဲ့အခါ ခြေထောက်ကို အမြင့်ဆုံး မြှောက်နိုင်သူ စံချိန်၊ ကမ္ဘာ့ ပါးစပ်အကြီးဆုံး လူ၊ လျှာအရှည်ဆုံး လူ၊ သွားအကြီးဆုံး လူ၊ မျက်နှာအကြီးဆုံး လူ၊ ကိုယ်အလေးချိန် အများဆုံး လူ စသည်ဖြင့်ပေါ့။
ဒါတွေက တော်ပါသေးသည်။ လူအများစု ကြည့်ချင်ကြပါသေးသည်။ သို့သော် ဖိနပ်အကြီးဆုံး စံချိန်၊ နားဖာချေး အလေးချိန် အများဆုံး စံချိန်၊ အကြာကြီး ဝမ်းမသွားဘဲ နေနိုင်သူ၊ ရေမချိုးဘဲ အကြာကြီး နေနိုင်သူ စသည့် စံချိန်များကိုတော့ ဖုန်းယွီ လုံးဝ စိတ်မဝင်စားသလို၊ စံချိန်တင်တဲ့သူက ဘယ်သူလဲ ဆိုတာလည်း မသိချင်ပါ။
သို့သော် ငြင်းလို့မရသည့် အချက်မှာ ကမ္ဘာပေါ်တွင် ဂင်းနစ် ကမ္ဘာ့စံချိန် ဆိုသည့်အရာကို အလွန်အမင်း စိတ်ဝင်စားသူများ ရှိနေခြင်းပင်။ တချို့က ဒါကို အရမ်းမိုက်တဲ့ ကိစ္စလို့ မြင်ကြသည်။ ပိုများတဲ့ လူအုပ်စုကတော့ ဒါကို နာမည်ကြီးဖို့အတွက် ဖြတ်လမ်းတစ်ခုလို့ မြင်ကြသည်။ သမိုင်းမှာ ကိုယ့်နာမည် ကျန်ခဲ့စေချင်ကြသည်။
သမိုင်းမှာ နာမည်ကျန်ခဲ့လို့ ဘယ်နှယောက်ကများ လိုက်ဖတ်ကြည့်ကြမလဲ ဆိုတာကတော့ မသိနိုင်ပါ။
တကယ်တမ်းကျတော့ ဂင်းနစ် ဆိုတာ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း မဟုတ်ပါ။ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တစ်ခုသာ ဖြစ်သည်။ Forbes တို့လို စာအုပ်ထုတ်ဝေသူ တစ်ဦးလို့ မြင်ကြည့်လိုက်လျှင် ပိုရှင်းပါလိမ့်မည်။ အမြတ်အစွန်း ရဖို့အတွက် စာအုပ်ရောင်းအား ကောင်းဖို့ လိုသည် မဟုတ်လား။
စာအုပ်ရောင်းအား ကောင်းဖို့အတွက် စံချိန်သစ်တွေ အဆက်မပြတ် ထုတ်ပေးနေဖို့ လိုသည်။ ကမ္ဘာ့စံချိန် ရသွားတဲ့ လူတွေအနေနဲ့ ဆုကြေးငွေ အများကြီး ရမယ်မထင်ပါနဲ့။ သင်္ကေတ သဘောမျိုး နည်းနည်းပါးပါးသာ ပေးပြီး၊ သူတို့နာမည်ကို စာအုပ်ထဲ ထည့်ပေးမယ်၊ စီးပွားရေး လုပ်ငန်းတွေမှာ ဒီနာမည်ကို သုံးခွင့်ပေးမယ် ဆိုတဲ့ အပေးအယူမျိုးသာ လုပ်ကြတာပါ။
ရှင်းရှင်းပြောရရင် ခင်ဗျား ဘယ်လောက်ပဲ အသက်အန္တရာယ်နဲ့ ရင်းပြီး ကြိုးစားပါစေ၊ ပိုက်ဆံက နည်းနည်းပဲ ရပါလိမ့်မယ်။ ပိုက်ဆံ အများကြီးကိုတော့ ဂင်းနစ် ကုမ္ပဏီကပဲ ယူသွားမှာပါ။
နောက်ပိုင်းနှစ်များတွင် ဂင်းနစ် ကုမ္ပဏီသည် စံချိန်တင်ပွဲ ညချမ်းများကိုပါ ကျင်းပပြီး ပိုက်ဆံရှာလာသည်။ ဂင်းနစ်ကို ဘယ်သူမှ ယှဉ်ပြိုင်လို့ မရတဲ့ စူပါအမှတ်တံဆိပ်ကြီး တစ်ခု ဖြစ်အောင် တည်ဆောက်ထားကြသည်။
ဖုန်းယွီကတော့ ဒီကိစ္စကို သိပ်အထင်မကြီးလှ။ ကမ္ဘာ့အကြီးဆုံး ဖိနပ်ကြီး လုပ်ပြလို့ ဘာအကျိုးထူးမှာလဲ။ ဖိနပ်ဆိုတာ လူစီးဖို့လေ။ ကားတစ်စီးလောက် ရှိတဲ့ ဖိနပ်ကြီးကို ဘယ်သူက စီးမှာလဲ။
ကမ္ဘာ့အကြီးဆုံး ပီဇာတို့၊ ကိတ်မုန့်တို့ ဆိုတာလည်း အစားအသောက် ဖြုန်းတီးတာပဲ မဟုတ်လား။ စံချိန်တင်တဲ့ လူတွေကတော့ ကြော်ငြာချင်လို့၊ နာမည်ကြီးချင်လို့ လုပ်ကြတာပေါ့လေ။
ဒါပေမဲ့ ဂင်းနစ်စံချိန်ကို ခုတုံးလုပ်ပြီး ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တဲ့ လူတွေလည်း ရှိပါတယ်။ ဥပမာ အတိတ်ဘဝတုန်းက တရုတ်ပြည်က 'Gionee' မိုဘိုင်းဖုန်း ဆိုရင် ကမ္ဘာ့အပါးလွှာဆုံး ဖုန်း ဆိုပြီး ဂင်းနစ်စံချိန် တင်ခဲ့လို့ ရောင်းအား တော်တော်တက်ခဲ့ဖူးသည်။ ကမ္ဘာ့အပါးလွှာဆုံး ကွန်ဒုံးတို့၊ ကမ္ဘာ့အကြီးဆုံး ကစားကွင်းတို့ ဆိုရင်လည်း ပိုင်ရှင်တွေကို အကျိုးအမြတ်တွေ အများကြီး ပေးခဲ့တာပဲ။
ဒီတစ်ခေါက် ဖုန်းယွီ၏ စီမံကိန်းကတော့ “မီးခိုးကွင်း မှုတ်ထုတ်ပြိုင်ပွဲ” ကို အသုံးချပြီး အီလက်ထရောနစ် စီးကရက်အပေါ် လူတွေ ပိုအာရုံစိုက်လာအောင် လုပ်ခြင်း ဖြစ်သည်။ အကြောင်းမှာ သာမန် ဆေးလိပ်များနှင့် ယှဉ်လျှင် အီလက်ထရောနစ် စီးကရက်က မီးခိုးကွင်း (ရေငွေ့ကွင်း) ပိုများများ ထုတ်ပေးနိုင်သောကြောင့် ဖြစ်သည်။
ဒီပြိုင်ပွဲမှာ အီလက်ထရောနစ် စီးကရက်ကို တရားဝင် သုံးခွင့်ပေးထားသည်။ တရားဝင် ဆေးလိပ်မှန်သမျှ သုံးခွင့်ရှိသည်။ ဒါပေမဲ့ ဆေးခြောက်လို ဟာမျိုး ယူလာမယ် ဆိုရင်တော့ ရဲတွေ ဖမ်းခေါ်သွားတာ ခံရဖို့သာ ပြင်ထားလိုက်ပေတော့။
ဒီပြိုင်ပွဲမှာ ကဏ္ဍအလိုက် ပထမဆု ရသူတိုင်း ဒေါ်လာ တစ်သိန်းစီ ရရှိမည် ဖြစ်သည်။ ဆုကြေးငွေ မြင့်မားလွန်းသဖြင့် အင်တာနက်မှတဆင့် လာရောက် စာရင်းပေးသူ အများအပြား ရှိလာသည်။ တချို့ဆို လေယာဉ်စီးပြီး လာပြိုင်ဖို့တောင် ဝန်မလေးကြ။ နိုင်ခဲ့ရင် စရိတ်စက နှုတ်ပြီးတောင် လက်ကျန်ငွေနဲ့ အတော်ကြာကြာ ပျော်ပါးနိုင်ဦးမည် မဟုတ်လား။
အရေးအကြီးဆုံးက ဒီပြိုင်ပွဲရဲ့ ဝင်ခွင့် သတ်မှတ်ချက်က နိမ့်လွန်းသည်။ ဆေးလိပ်သောက်ခွင့် ပြုထားတဲ့ အသက်အရွယ် ရှိသူတိုင်း ဝင်ပြိုင်လို့ ရသည်။ ပထမဆုကလည်း တစ်မျိုးတည်း မဟုတ်ဘူးလေ။ ဒါက ထီထိုးတာထက် ပိုသေချာတယ်လို့ လူတွေက တွေးကြသည်။
ဒီပြိုင်ပွဲကို ကျင်းပဖို့ ကုန်ကျစရိတ်က မနည်းလှပေ။ ဆုကြေးငွေအပြင် နေရာထိုင်ခင်း၊ လုံခြုံရေး စတာတွေ ပေါင်းလိုက်ရင် ဒေါ်လာ သန်းချီ ကုန်ကျနိုင်သည်။ ကံကောင်းသည်မှာ ပြိုင်ပွဲ စကေးကြီးလာသည့်အခါ ရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို လာရောက် ဝယ်ယူကြခြင်း ဖြစ်သည်။ ဒါကြောင့် ဒီပွဲက ရှုံးဖို့ မရှိဘဲ အမြတ်တောင် ထွက်ဦးမည်။ ဒါကြောင့် ဂါ့စ်နာက ငြင်းပယ်ခြင်း မရှိခဲ့တာ။
တစ်ပတ်အကြာတွင် ပြိုင်ပွဲ စတင်လေသည်။ ဖုန်းယွီသည် တီဗီဖန်သားပြင်ရှေ့တွင် ထိုင်ကာ တိုက်ရိုက်လွှင့်နေသည်ကို ကြည့်ရှုနေသည်။ ပြိုင်ပွဲကျင်းပရာ အားကစားကွင်းကြီးထဲတွင် လူတွေ ပြည့်နှက်နေသည်။ အများစုကတော့ ပါဝင်ဆင်နွှဲချင်လို့၊ ပျော်ချင်လို့ ရောက်လာကြခြင်း ဖြစ်သည်။
အခုမှပဲ သိတော့တယ်... မီးခိုးကွင်း မှုတ်ထုတ်ရတာကို ဝါသနာပါတဲ့လူတွေ ဒီလောက်တောင် များပါလား။ အင်တာနက်က ဗီဒီယိုဖိုင်တွေ ကြည့်ရသလိုပဲ၊ နည်းလမ်းပေါင်းစုံ သုံးပြီး မှုတ်ထုတ်ပြနေကြတာ ကြည့်လို့ အတော်ကောင်းသည်။
ပြိုင်ပွဲဝင် တစ်ယောက်က မီးခိုးတွေကို အားရပါးရ ရှိုက်သွင်းလိုက်ပြီး၊ ပါးစပ်ကို 'O' ပုံစံ လုပ်ကာ ပါးကို လက်ချောင်းဖြင့် စည်းချက်ကျကျ ပုတ်လိုက်သည့်အခါ မီးခိုးကွင်းလေးတွေက ငါးအုပ်ကလေးတွေလို တန်းစီပြီး ထွက်လာကြသည်။
တချို့က မီးခိုးကို လူပုံသဏ္ဍာန် ဖြစ်အောင် မှုတ်ထုတ်ပြသည်။
တချို့က မီးခိုးကွင်းတွေကို အိုလံပစ် အမှတ်တံဆိပ် ကွင်း ၅ ကွင်း ဖြစ်အောင် ဆက်ပြသည်။
အံ့မခန်း နည်းပညာတွေပါပဲ။
ခဏကြာတော့ ဖုန်းယွီ တီဗီပိတ်လိုက်သည်။ ဆက်ကြည့်စရာ မလိုတော့။ ဈေးကွက်မြှင့်တင်ရေး အောင်မြင်သွားပြီ ဆိုတာ သူ သိလိုက်ပြီ။ ဘာလို့လဲဆိုတော့ ဟို ဆရာကြီးတွေ အကုန်လုံးက အီလက်ထရောနစ် စီးကရက်ကိုပဲ သုံးနေကြလို့ပါပဲ။ တကယ်တမ်းကျတော့ သူတို့တွေက ငှားလာတဲ့ Shills တွေ ဖြစ်ကောင်း ဖြစ်နိုင်သလို၊ မီးခိုးကွင်းမှုတ်တဲ့ ပညာရှင်တွေလည်း ဖြစ်နိုင်သည်။(Shills ဆိုသည်မှာ လူအများ အထင်မှားအောင် ဟန်ဆောင်ပြီး မြှောက်ထိုးပင့်ကော် လုပ်ပေးသူများ သို့မဟုတ် အလိုတူအလိုပါများကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။)
သူတို့ ကိုယ်တိုင်လည်း တွေ့ရှိသွားကြသည်။ အီလက်ထရောနစ် စီးကရက်က သာမန် ဆေးလိပ်ထက် စွမ်းဆောင်ရည်ပြဖို့ ပိုလွယ်ကူသည် ဆိုတာကိုပေါ့။
ပြိုင်ပွဲမှာ ထင်ပေါ်ကျော်ကြားသူ အများစုက အီလက်ထရောနစ် စီးကရက်ကို သုံးစွဲကြသည့်အခါ၊ လူတွေရဲ့ စိတ်ထဲမှာ 'အီလက်ထရောနစ် စီးကရက်က ပိုမိုက်တယ်' ဆိုတဲ့အသိ ဝင်သွားကြသည်။ မူလက ဆေးလိပ်မသောက်သူများပင်လျှင် အီလက်ထရောနစ် စီးကရက်ကို စမ်းသောက်ကြည့်ချင်လာကြသည်။ ဒါမှမဟုတ် မီးခိုးကွင်း မှုတ်တမ်း ကစားချင်လာကြသည်။
ပြိုင်ပွဲပြီးဆုံး၍ ဆုပေးပွဲ ရောက်သောအခါ... ဆုရသူ အများစုသည် E-cigaretteသုံးစွဲသူများ ဖြစ်နေကြသည်ကို တွေ့ရသည်။ ရိုးရိုးဆေးလိပ် သုံးသူ တစ်ယောက်နှင့် Hookah သုံးသူ တစ်ယောက်သာ ဆုရခဲ့သည်။ 'ထိုက်ဟွာ E-cigarette' သည် ကင်မရာ မျက်နှာစာတွင် အကြိမ်ကြိမ် ပေါ်လာပြီး လူအများ၏ သတိထားမိမှုကို ရယူနိုင်ခဲ့သည်။ (Hookahဆိုသည်မှာ အနံ့အရသာ ပါဝင်သော ဆေးရွက်ကြီးကို ရေဖြင့် အအေးခံပြီး ပိုက်မှတစ်ဆင့် ရှူရှိုက်ရသည့် ဆေးရှူကိရိယာ တစ်မျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသအချို့တွင် ၎င်းကို ရှီရှား ဟု လူသိများကြသည်။)
ဂါ့စ်နာ တစ်ယောက် ဖုန်းယွီကို မလေးစားဘဲ မနေနိုင်တော့။ အီလက်ထရောနစ် စီးကရက်ကို ဒီလိုနည်းနဲ့လည်း ဈေးကွက် ဖောက်လို့ ရပါလား။
...
******
အခန်း ၁၁၈၁ သံသယ
ခါမီဒါ မာဆာအိုနှင့် ရဲလ်ဖ်တို့ အလုပ်ရှုပ်နေချိန်တွင် ဖုန်းယွီသည်လည်း နယူးယောက်လေဆိပ်တွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေသည်။ သူ လီနကို လာကြိုခြင်း ဖြစ်သည်။
လီန ကျောင်းပြီးသွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဖုန်းယွီသည် လီနအား ကျောင်းတွင် ဆက်နေပြီး အလုပ်မလုပ်ရန် တိုက်တွန်းနိုင်ခဲ့သည်။ အလုပ်ဆိုသည်မှာ ဘယ်တော့မှ ပြီးဆုံးမည် မဟုတ်ပေ။
ထို့ကြောင့် လီနသည် ဖုန်းယွီ၏ တိုက်တွန်းမှုကို လက်ခံပြီး နယူးယောက်သို့ လိုက်လာခဲ့သည်။ ကောင်းကင်ဘုံဟုလည်း တင်စားကြသလို ငရဲဟုလည်း ခေါ်ဆိုကြသော အမေရိကန်ကို လာရောက် လေ့လာခြင်း ဖြစ်သည်။
လေယာဉ် ဆင်းသက်ပြီး တံခါးပွင့်လာသောအခါ ဖုန်းယွီသည် လီနကို တွေ့လိုက်ရသည်။ သူမကို အမျိုးသမီး သက်တော်စောင့် နှစ်ဦးက ရှေ့နောက် ဝန်းရံကာ ဆင်းလာစေသည်။ ဤသက်တော်စောင့်များကို ဖုန်းယွီက စီစဉ်ပေးထားခြင်း ဖြစ်သည်။ ပုံမှန် အချိန်များတွင် ယာဉ်မောင်းအဖြစ် ဆောင်ရွက်နိုင်သလို ခရီးသွားလျှင် အိတ်သယ်ပေးသူအဖြစ်လည်း ဆောင်ရွက်နိုင်သည်။
ဖုန်းယွီကို တွေ့သောအခါ လီနသည် ဝမ်းသာအားရဖြင့် ဖုန်းယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူတို့နှစ်ဦး မတွေ့ရသည်မှာ နှစ်လခန့် ရှိပြီဖြစ်သည်။
ကားပေါ်တွင် ထိုင်နေစဉ် ဖုန်းယွီသည် လီန၏ လက်ကို ဆုပ်ကိုင်ထားသည်။
"လေယာဉ်စီးရတာ ပင်ပန်းလား။ ဒီလေကြောင်းလိုင်းရဲ့ ပထမတန်းစားက သာမန်ပါပဲ။ နောက်ကျရင် Boeing ကနေ မှာထားတဲ့ ကိုယ်ပိုင်လေယာဉ် ရောက်လာလိမ့်မယ်။ အဲဒီကျရင် ပိုအဆင်ပြေပြီး ပိုသက်သောင့်သက်သာ ရှိမှာပါ"
"ကိုယ်ပိုင်လေယာဉ် ဟုတ်လား။ အဲဒါ နိုင်ငံခေါင်းဆောင်တွေပဲ စီးကြတာ မဟုတ်ဘူးလား"
"နိုင်ငံခြားက သူဌေးတွေ အများကြီးမှာ ရှိကြပါတယ်။ ပြည်တွင်းမှာတော့ လေကြောင်းထိန်းသိမ်းရေး စည်းမျဉ်းတွေ ရှုပ်ထွေးလို့ပါ။ ဒါပေမဲ့ တဖြည်းဖြည်း ဖြေလျှော့ပေးနေပါပြီ။ ပင်းဖေး စက်ရုံက မှာထားတဲ့ ရဟတ်ယာဉ်လည်း ရောက်တော့မယ်။ နောက်ကျရင် ရဟတ်ယာဉ်စီးပြီး မြို့ကို အပေါ်စီးကနေ ကြည့်လို့ ရပြီ။ ဒီဘက်မှာတော့ ကိုယ်ပိုင် ရဟတ်ယာဉ် ရှိပြီးသား။ မနက်ဖြန်ကျရင် သွားကြည့်ကြမယ်"
လီနကို တွေ့ရသဖြင့် ဖုန်းယွီ စကားများ မကုန်နိုင်အောင် ဖြစ်နေသည်။
"ရှင့် သဘောပါပဲ" လီနက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။
"ကြည့်ပါဦး၊ ဒါက ဖုန်းယွီ-အင်ပါယာ အဆောက်အအုံပဲ။ တစ်ချိန်တုန်းက နယူးယောက်ရဲ့ အထင်ကရ အဆောက်အအုံ၊ အမေရိကန်ရဲ့ အထင်ကရ တစ်ခု ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ကိုယ်တို့ ပိုင်ဆိုင်နေပြီ။ ကီရီလန်ကိုလည်း ရှယ်ယာ နည်းနည်း ပါတယ်"
ဖုန်းယွီသည် လီနကို ခေါ်ဆောင်၍ ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်ရင်း ပြောပြလိုက်သည်။
"ဟိုဘက်က အမေရိကန်ရဲ့ အမြင့်ဆုံး ကမ္ဘာ့ကုန်သွယ်ရေး စင်တာ အမြွှာအဆောက်အအုံမဟုတ်လား" လီနသည် ပြတင်းပေါက်မှတဆင့် ထိုအဆောက်အအုံ နှစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
"လောလောဆယ်တော့ ဟုတ်တယ်။ ဒါပေမဲ့ မကြာခင် မဟုတ်တော့ဘူး" ဖုန်းယွီ ပြောပြီးမှ မှားသွားမှန်း သိလိုက်သည်။
"တစ်ယောက်ယောက်က ပိုမြင့်တဲ့ အဆောက်အအုံ ဆောက်တော့မလို့လား။ မင်းလား"
"ကိုယ်က အဲဒီ အပေါ်ယံ ဂုဏ်ပကာသနတွေကို ဂရုမစိုက်ပါဘူး။ အဲဒီလောက် မြင့်တဲ့ အဆောက်အအုံက အရမ်း ထင်ရှားလွန်းတယ်။ တော်ကြာ လေတိုက်လို့ ပြိုကျသွားရင် ဒုက္ခ"
လေပြင်း မုန်တိုင်း တိုက်ခတ်လာလျှင် ဤအဆောက်အအုံ နှစ်ခု ပြိုကျသွားမည် မဟုတ်ပါလော။
လီနသည် ဖုန်းယွီကို မျက်စောင်းထိုးလိုက်သည်။
"လျှောက်ပြောနေပြန်ပြီ။ အဲဒီ အဆောက်အအုံတွေ ဆောက်ထားတာ ကြာလှပြီ။ လေတိုက်ရုံနဲ့ ပြိုကျပါ့မလား"
"နန၊ ဘာသောက်မလဲ။ လက်ဖက်ရည် ဖျော်တိုက်မယ်လေ။ ကိုယ် အသစ် သင်ထားတာ" ဖုန်းယွီ ကြွားလိုက်သည်။
"ရှင် လက်ဖက်ရည် ဖျော်နည်း သင်ထားတယ် ဟုတ်လား။ အဲဒါ အဘိုးကြီးတွေမှ သောက်ကြတာ မဟုတ်ဘူးလား"
"..."
ဖုန်းယွီ စကားမပြောနိုင် ဖြစ်သွားသည်။ လက်ဖက်ရည် ကြိုက်တဲ့ အဘိုးကြီးတွေ များတာ မှန်ပေမဲ့ လက်ဖက်ရည်သောက်တဲ့ သူတိုင်း အဘိုးကြီး မဟုတ်ပါဘူး။ သူ့ကို သင်ပေးတဲ့ ဆရာဆိုရင် အမျိုးသမီးကြီး တစ်ယောက်ပါ။
ဖုန်းယွီ လက်ဖက်ရည် ဖျော်ပြီး လီနနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်ကာ သောက်သုံးလိုက်ကြသည်။
"ရှင့် ရုံးခန်းက အရမ်း ကျယ်တာပဲ။ ရှင်တစ်ယောက်တည်း သုံးတာလား"
လီနသည် ဖုန်းယွီ၏ ရုံးခန်းကို ကြည့်ပြီး အံ့အားသင့်နေသည်။ ပြည်တွင်းက ရုံးခန်းထက် အများကြီး ပိုကျယ်သည်။
"အမေရိကန်တွေက နည်းနည်း ကြွားဝါတတ်ကြတယ်။ ရုံးခန်း သေးရင် မင်းမှာ အရည်အချင်း မရှိဘူးလို့ ထင်ကြတယ်။ ပြီးတော့ ကိုယ်က တခြားသူတွေနဲ့ ရုံးခန်း အတူသုံးရတာ မကြိုက်ဘူးလေ။ နည်းနည်း ကျယ်ပေမဲ့ အဆင်ပြေပါတယ်။ လေယာဉ်စီးရတာ ပင်ပန်းနေပြီလား။ ရေချိုးလိုက်ပါလား။ ရုံးခန်းထဲမှာ အနားယူလို့ရတဲ့ အခန်း သီးသန့် ပါတယ်"
ဖုန်းယွီသည် လီနကို ပြုံးစိစိဖြင့် ကြည့်ရင်း လီန၏ခြေထောက်ကို ဖွဖွလေး ပွတ်သပ်ပေးနေသည်။
လီနသည် ဖုန်းယွီကို ပြုံးစိစိဖြင့် ပြန်ကြည့်လိုက်ပြီး အတွင်းခန်းသို့ ဝင်သွားသည်။ ရေချိုးခန်းထဲ ဝင်ပြီး တံခါးမပိတ်မီ ဖုန်းယွီ ဝင်လာခဲ့သည်။
"ရာသီဥတု ပူလွန်းလို့ ကိုယ်လည်း ချွေးထွက်နေပြီ။ အတူတူ ချိုးရင် ပိုမြန်တာပေါ့"
"ဘယ်သူက ရှင်နဲ့ အတူတူ ချိုးချင်လို့လဲ... အွန်း…"
ရေချိုးခန်းမှ ခုတင်ပေါ်သို့ ရောက်ရှိသွားသည်။ တစ်နာရီကျော် ကြာပြီးနောက် လီနသည် ဖုန်းယွီ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသည်။ ခဏတာ ခွဲခွာခြင်းသည် မင်္ဂလာဦးညကဲ့သို့ပင် ချိုမြိန်လှသည်။ နှစ်ဦးစလုံး အချစ်စိတ် မကုန်နိုင်ဘဲ ဒုတိယအကြိမ် ဆက်လက် ချစ်ရည်လူးခဲ့ကြသည်။
"ရှင် ဘယ်တော့ ပြည်တွင်းမှာ အတည်တကျ နေမှာလဲ" လီနက တိုးတိုးလေး မေးလိုက်သည်။
"မကြာတော့ပါဘူး။ အမြန်ဆုံး တစ်နှစ် နှစ်နှစ်၊ အကြာဆုံး ငါးနှစ် ခြောက်နှစ်လောက်ပေါ့။ နိုင်ငံခြားက စီးပွားရေးတွေ အဆင်ပြေသွားရင် ပြန်လာမှာပါ"
ဖုန်းယွီ၏ အစီအစဉ်အရ တစ်နှစ် နှစ်နှစ်အတွင်း Sina၊Sohu စသည့် ကုမ္ပဏီများကို စတော့ဈေးကွက်မှ ထွက်ခွာစေပြီးနောက် သူ၏ အလုပ်များကို ပြည်တွင်းသို့ ပြန်လည် ပြောင်းရွှေ့မည် ဖြစ်သည်။
Silicon လုပ်ငန်းကို အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်စေမည်။ IT၊ အီလက်ထရွန်နစ်၊ ကား စသည့် လုပ်ငန်းများကို အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့မည်။ နိုင်ငံခြား လုပ်ငန်းများကို ခါမီဒါ မာဆာအို၊ ရဲလ်ဖ်တို့အား လွှဲပြောင်းပေးထားလိုက်မည်။
နိုင်ငံခြားတွင် ငွေမည်မျှ ရှာနိုင်ပါစေ၊ နိုင်ငံခြားစကား ပြောနေရသည်။ ဖုန်းယွီသည် ကိုယ့်တိုင်းပြည်တွင် နေထိုင်ရသည်ကို ပိုနှစ်သက်သည်။
လီန ခဏစောင့်သော်လည်း သူမ ကြားချင်သော စကားကို မကြားရပေ။
သူမနှင့် ဖုန်းယွီ အသက် မငယ်တော့ပေ။ ဖုန်းယွီ၏ ဝမ်းကွဲအစ်ကို မင်္ဂလာမဆောင်ရသေးသော်လည်း သူတို့ အရင် လက်ထပ်လျှင် ဖုန်းယွီ၏ အဘိုးက ကန့်ကွက်မည် မဟုတ်ပေ။ လူကြီးများက မြစ်ချီချင်နေကြပြီ ဖြစ်သည်။
သို့သော် ဖုန်းယွီက ဘာဖြစ်လို့ လက်ထပ်မည့် ကိစ္စကို မပြောရသနည်း။
သူမ ဘွဲ့ကြိုတန်းမှ ဒေါက်တာဘွဲ့အထိ တက်ရောက်စဉ် ဖုန်းယွီ အမြဲတမ်း ထောက်ခံခဲ့သည်။ ဖုန်းယွီက သူမ စာဖတ်ဝါသနာပါသည်ကို ထောက်ခံပေးသည့်အတွက် ဝမ်းသာသော်လည်း သူမ မိဘများက မေးကြသည်။ စာဖတ်ခြင်းနှင့် လက်ထပ်ခြင်းသည် မဆန့်ကျင်ဘဲ ဖုန်းယွီက လက်ထပ်မည့် ကိစ္စ ပြောဖူးသလား ဟူ၍ ဖြစ်သည်။
လီန ပြန်စဉ်းစားကြည့်တော့ ဖုန်းယွီ တကယ် မပြောဖူးပေ။
ဖုန်းယွီ သူမအပေါ် ကောင်းမကောင်း မေးလျှင် လီန လုံးဝ သံသယ မရှိပေ။ သူမ အန္တရာယ် ကြုံတွေ့ပါက ဖုန်းယွီသည် သူမအတွက် အသက်စွန့် ကာကွယ်ပေးမည်ကိုလည်း ယုံကြည်သည်။
သို့သော် မည်သည့်အချိန်က စတင်ခဲ့သည်မသိ၊ ဖုန်းယွီ၏ မျက်လုံးများထဲတွင် တွေဝေမှုများ ပေါ်လာသည်ကို သတိထားမိသည်။
ဘာကြောင့် ဖုန်းယွီ တွေဝေနေရသနည်းဟု လီန စဉ်းစားမရ ဖြစ်နေသည်။
သူမ ကျောင်းမှ အခြား ဆရာမများကို မေးမြန်းကြည့်သောအခါ ဆရာမများက ယောက်ျားတစ်ယောက် ဤသို့ဖြစ်လျှင် အပြင်မှာ တခြားမိန်းမ ရှိနေလို့ ဖြစ်နိုင်ကြောင်း ပြောကြသည်။
ဆရာမများက အပြင်မှာ တခြားမိန်းမ ရှိနေသော ယောက်ျားများ၏ လက္ခဏာများကို ပြောပြကြသည်။
ကံမကောင်းစွာဖြင့် ထိုလက္ခဏာ အများစုသည် ဖုန်းယွီနှင့် မကိုက်ညီပေ။
ဥပမာ အိမ်ပြန်ရောက်လျှင် ပင်ပန်းသည်ဟု ပြောတတ်ခြင်း။ ဖုန်းယွီက ရုံးမတက်ဘဲ စီးပွားရေး ကိစ္စများဖြင့် ခရီးသွားနေရသော်လည်း သူမနှင့် အတူရှိချိန်တွင် ပင်ပန်းသည်ဟု တစ်ခါမှ မပြောဖူးပေ။ အမြဲတမ်း တက်ကြွနေသည်။ ခုနကပင် နှစ်ကြိမ်တောင် ဆက်တိုက် ချစ်ရည်လူးခဲ့သည် မဟုတ်ပါလော။
အဆက်အသွယ် မလုပ်ဘဲ အလုပ်များကြောင်း အကြောင်းပြခြင်း။ ဖုန်းယွီသည် သူမကို နေ့တိုင်း ဖုန်းဆက်သည်။ စကားပြောလျှင်လည်း စိတ်မရှည်သည့် လေသံမျိုး တစ်ခါမှ မကြားဖူးပေ။
မိန်းမအတွက် ငွေမသုံးချင်ခြင်း။ ဒါက ပိုပြီး မဟုတ်သေး။ ဖုန်းယွီက လီနကို ငွေအတင်း သုံးခိုင်းနေသည်။ ငွေမသုံးလျှင် စိတ်ဆိုးတတ်သေးသည်။
သို့သော် အချက်တစ်ချက်ကတော့ ကိုက်ညီနေသည်။ ဖုန်းယွီ သူမကို လျှို့ဝှက်ထားသော ကိစ္စတစ်ခု ရှိနေသည်။ ယခင်က ဖုန်းယွီသည် သူမကို ဘာမှ ဖုံးကွယ်ထားလေ့ မရှိပေ။ စီးပွားရေး အကြောင်းများကို လီန စိတ်မဝင်စားသော်လည်း ပြောပြတတ်သည်။
သူမ စီးပွားရေး အကြောင်း စိတ်မဝင်စားသောကြောင့် ဖုန်းယွီ မပြောပြတော့တာလား။ သို့မဟုတ် ဖုန်းယွီ တကယ်ပဲ တခြားတစ်ယောက်ကို ချစ်နေပြီလား။
ပထမ အချက်ဆိုလျှင် တော်သေးသည်။ ပြဿနာ မရှိနိုင်ပေ။
ဒုတိယ အချက်ဆိုလျှင် ဘယ်လိုလုပ်မလဲ။
ဖုန်းယွီသည် လီန စကားမပြောဘဲ နေနေသည်ကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်သည်။
"နန၊ ဘာတွေ တွေးနေတာလဲ"
"အာ… ဘာမှ မတွေးပါဘူး"
ဖုန်းယွီသည် အရူးမဟုတ်ပေ။ လီန တစ်ခုခု ပြောချင်နေသော်လည်း ထိန်းထားသည်ကို သိသာစွာ မြင်နေရသည်။
******
အခန်း ၁၁၈၂ ပုံပြင်တစ်ပုဒ်
နေ့လယ်တွင် ဖုန်းယွီသည် လီနအား အမေရိကန် အနောက်တိုင်း အစားအစာများ ကျွေးမွေးခဲ့ပြီး ညနေပိုင်းတွင် နယူးယောက်မြို့၌ လျှောက်လည်ခဲ့ကြသည်။ သို့သော် လီနသည် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများ၊ လက်ကိုင်အိတ်များနှင့် အဆင်တန်ဆာများကို စိတ်ဝင်စားခြင်း မရှိပေ။
မိန်းမသားတိုင်းသည် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြယ်သရသည်ကို နှစ်သက်ကြသည် မဟုတ်ပေ။
ညစာစားပြီးနောက် ဖုန်းယွီသည် လီနကို နယူးယောက်ရှိ သူ၏နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ ဤနေအိမ်သည် နယူးယောက်မြို့၏ သူဌေးရပ်ကွက်တွင် တည်ရှိသော သီးသန့် အိမ်ကြီးတစ်လုံးဖြစ်ပြီး လုံခြုံရေး အလွန်ကောင်းမွန်သည်။
နှစ်ဦးသား ဆိုဖာပေါ်တွင် မှီလျက် GBOX ဂိမ်းစက် အတူကစားနေကြသည်။ သို့သော် နှစ်ဦးစလုံးတွင် စိတ်ထဲ၌ အပူအပင်များ ရှိနေသဖြင့် မည်သူမျှ ကောင်းစွာ မကစားနိုင်ကြပေ။
ဖုန်းယွီသည် လီန တစ်ခုခု ပြောချင်နေသော်လည်း မပြောဘဲ ထိန်းထားသည်ကို တွေ့ရသဖြင့် ဂိမ်းလက်ကိုင်ကို ချလိုက်ပြီး မေးလိုက်သည်။
"နန၊ မင်း ကိုယ့်ကို မေးစရာ ရှိနေတယ် မဟုတ်လား"
လီနသည် ဖုန်းယွီကို ကြည့်လိုက်ပြီး ဂိမ်းလက်ကိုင်ကို ချလိုက်သည်။
" ရှင် ပြောချင်တာရှိရင် ပြောပါ။ ရှင် မပြောရင် ကျွန်မလည်း မမေးပါဘူး။ ကျွန်မ ရှင့်ကို ယုံတယ်"
"နန၊ ကိုယ် မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ကိုယ့်မိဘတွေတောင် မသိတဲ့ ပုံပြင်တစ်ပုဒ်ပေါ့"
ဖုန်းယွီ သက်ပြင်းချလိုက်သည်။ အချို့ကိစ္စများကို နောက်ဆုံးတွင် ရင်ဆိုင်ရမည်သာ ဖြစ်သည်။
ဂိမ်းစက်ကို ပိတ်လိုက်ပြီးနောက် ဖုန်းယွီသည် လီနဘေးတွင် ဝင်ထိုင်ကာ သူမကို ပွေ့ဖက်ထားလိုက်သည်။
"မင်း ထင်လား၊ ကလေးတစ်ယောက်က နိုင်ငံတော် ကိစ္စတွေ၊ နိုင်ငံတကာ ကိစ္စတွေကို အများကြီး သိနိုင်ပါ့မလား"
လီနသည် ဖုန်းယွီကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ဒါ ဘာသဘောလဲ။
"လူတစ်ယောက်ကို လူတွေအများကြီးက ရင်းနှီးမြှုပ်နှံမှု ပါရမီရှင်၊ စီးပွားရေး ပါရမီရှင်၊ ရာစုနှစ် တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းသူ စသဖြင့် တင်စား ခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ မင်း သိချင်လား၊ သူ့ရဲ့ အမှန်တကယ် ပုံစံက ဘယ်လိုလဲဆိုတာ"
သူက သူ့အကြောင်း ပြောနေတာလား။ အစစ်အမှန် ဖုန်းယွီလား။ လီနသည် ဖုန်းယွီ၏ ပါးပြင်ကို လက်ဖြင့် အသာအယာ ထိတွေ့လိုက်သည်။ သူမ ရှေ့မှလူက အတု ဖြစ်နိုင်ပါ့မလား။ ကိုယ့်ချစ်သူ အစစ်၊ အတုကိုတောင် မခွဲခြားနိုင်ဘူးဆိုရင် သူမ တော်တော် ညံ့ဖျင်းရာ ကျနေပြီ။
"သာမန် တက္ကသိုလ်ကျောင်းသား တစ်ယောက်၊ အသက် ၃၀ မှ အိမ်ထောင်ပြုဖြစ်တယ်။ ငွေကြေး အကျိုးဆောင် ကုမ္ပဏီ သေးသေးလေးမှာ ငွေကြေး အကျိုးဆောင်အဖြစ် အလုပ်လုပ်တယ်။ အိမ်ထောင်ကျပြီးနောက် အိမ်ဖိုး၊ ကားဖိုး ဆပ်ဖို့ ရုန်းကန်ရတယ်။ ဖခင်က စောစောစီးစီး ဆုံးပါးသွားလို့ မိခင်က ပင်ပင်ပန်းပန်းနဲ့ သူ့ကို ပြုစုပျိုးထောင်ခဲ့ရတယ်။ မူလက အရာအားလုံး အဆင်ပြေနေခဲ့တယ်။ စတော့ဈေးကွက် ကောင်းမွန်တဲ့ အချိန်နဲ့ ကြုံလို့ ငွေလည်း အတော်အတန် ရှာနိုင်ခဲ့တယ်။ လူလတ်တန်းစား မိသားစုလို့ ပြောလို့ ရတာပေါ့"
"ကံမကောင်းစွာနဲ့ပဲ ဇနီးသည်က ရောဂါဖြစ်ပြီး ကလေးမရနိုင်ဘူး။ နှစ်ယောက်သား ပေါင်းစုပြီး အမေရိကန်မှာ ဆေးကုဖို့ ပိုက်ဆံ စုပေမဲ့ မလောက်ဘူး။ ဒါနဲ့ အဲဒီ ငွေကြေး အကျိုးဆောင်က စတော့ဈေးကွက်ထဲ ကိုယ်တိုင် ဝင်ရောက် ရင်းနှီးမြှုပ်နှံပြီး ဈေးကွက် ကောင်းတုန်း ငွေအများကြီး ရှာဖို့ ကြိုးစားခဲ့တယ်"
"ဒါပေမဲ့ ကံတရားက မျက်နှာသာ မပေးခဲ့ဘူး။ ဒါမှမဟုတ် သူ လောဘကြီးလွန်းလို့ ဖြစ်မယ်။ ငွေကြေးရှေ့မှာ အသိတရား လွတ်သွားပြီး နောက်ဆုံးမှာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့တယ်။ အမြတ်ငွေတွေ ကုန်သွားရုံတင် မကဘူး၊ အရင်းပါ ပြုတ်သွားခဲ့တယ်"
"သူ သေချင်စိတ် ပေါက်သွားတယ်။ အသက်အာမခံကြေး လိမ်ယူပြီး မိသားစုကို ထောက်ပံ့ချင်ခဲ့တယ်။ ဒါပေမဲ့ သူ မသေတဲ့အပြင် နိုးလာတဲ့အခါ အလယ်တန်း ကျောင်းသားဘဝကို ပြန်ရောက်နေတာ တွေ့လိုက်ရတယ်။ အရင်က ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးဟာ အိပ်မက် တစ်ခုလို ဖြစ်သွားတယ်"
"ဒါပေမဲ့ လူတစ်ယောက်က ဒီလောက် ရှည်လျားတဲ့ အိပ်မက် မက်နိုင်ပါ့မလား။ မှတ်ဉာဏ်တွေက စွဲမြဲနေပြီး သံသယ ဝင်စရာ မရှိလောက်အောင် အစစ်အမှန် ဆန်နေတယ်။ မှတ်ဉာဏ်ထဲက အသေးအဖွဲ ကိစ္စလေးတွေက သူ့ကို သက်သေပြနေတယ်။ သူ့အိပ်မက်က အိပ်မက် မဟုတ်ဘူး၊ သူ တကယ် ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်ပိုင်းတစ်စ ဆိုတာကိုပေါ့"
"ဒါနဲ့ သူ စိတ်ဓာတ်ပြန်လည် တည်ဆောက်ပြီး ဘဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ သူ စီးပွားရေး စလုပ်တယ်။ ဖခင် နာမည်ကို အသုံးပြုတယ်၊ ဆရာ နာမည်ကို အသုံးပြုတယ်။ မထင်မှတ်ဘဲ စီးပွားရေးက အောင်မြင်ခဲ့တယ်။ ကမ္ဘာပေါ်က အဖြစ်အပျက် ကြီးကြီးမားမားတွေကို သူက တခြား ဘယ်သူထက်မဆို ပိုပြီး တိတိကျကျ ခန့်မှန်းနိုင်တယ်။ ဘာလို့လဲဆိုတော့ သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးလို့ပဲ"
"သူ့စီးပွားရေးက အဆင်ပြေ ချောမွေ့နေတယ်။ လယ်ယာစခန်း သေးသေးလေးကနေ စတင်ပြီး မြို့အဆင့်၊ ပြည်နယ်အဆင့်၊ နောက်ဆုံး တစ်နိုင်ငံလုံး အဆင့်အထိ တိုးချဲ့နိုင်ခဲ့တယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကလည်း လယ်ယာစခန်း အချမ်းသာဆုံးကနေ ပင်းချန် အချမ်းသာဆုံး၊ လုံကျန်း အချမ်းသာဆုံး၊ နောက်ဆုံး တရုတ်ပြည် အချမ်းသာဆုံး ဖြစ်လာခဲ့တယ်။ ပြီးတော့ သူ ပြည်ပကို မျှော်ကြည့်ပြီး နိုင်ငံအတွက် တစ်ခုခု လုပ်ပေးချင်ခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီအချိန်မှာ သူ့ပိုက်ဆံတွေက တစ်ဘဝလုံး သုံးမကုန်နိုင်အောင် များပြားနေပြီ"
"ဒါနဲ့ သူ နိုင်ငံတကာမှာ စတင် ထင်ရှားလာတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငွေကြေး ဈေးကွက်မှာ ငွေအများကြီး ရှာနိုင်ခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း သူဌေးကြီးတွေ စာရင်းဝင်လာတယ်။ အခု သူ ဖြစ်ချင်ရင် အချိန်မရွေး ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်လာနိုင်တယ်"
ဖုန်းယွီ ဖြည်းဖြည်းချင်း ပြောပြနေသည်ကို နားထောင်ရင်း လီန၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ပိုမို များပြားလာသည်။ ဖုန်းယွီ ဘာဆိုလိုတာလဲ။ သူက ပြန်လည်မွေးဖွားလာသူလို့ ပြောချင်တာလား။
ဒါ ဖြစ်နိုင်ပါ့မလား။ လူမှာ တကယ် ဝိညာဉ် ရှိသလား။ လောကကြီးမှာ ကောင်းကင်ဘုံနဲ့ ငရဲဆိုတာ တကယ် ရှိသလား။
"သူ ပြန်လည်မွေးဖွားလာတဲ့အချိန်မှာ ဖခင်က သူ့ကို စီးပွားရေး လုပ်ခွင့်ပြုအောင် စာကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီခေတ်တုန်းက စာကြိုးစားတာက အကောင်းဆုံး ထွက်ပေါက် တစ်ခုလို ဖြစ်နေတာကိုး။ စာတော်မှ ဖခင်က သူ့ကို တချို့ကိစ္စတွေ ခွင့်ပြုမှာလေ။ ဒါနဲ့ သူက အတန်းထဲမှာ၊ မဟုတ်ဘူး၊ လယ်ယာစခန်းမှာ အလှဆုံး ကျောင်းသူလေး တစ်ယောက်ဆီကနေ စာသင်ပြပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီ ကျောင်းသူလေးက ယခင်ဘဝတုန်းက သူ့ရဲ့အိပ်မက်ချစ်သူ ဖြစ်ခဲ့ဖူးတယ်"
"မသိလိုက်မသိဘာသာနဲ့ သူ အဲဒီ ကျောင်းသူလေးကို စိတ်ဝင်စားလာတယ်။ ဖြည်းဖြည်းချင်း ကြိုက်မိသွားတယ်။ သူမ ပျော်ရင် သူလည်း လိုက်ပျော်တယ်။ သူမ မပျော်ရင် သူက ပျော်အောင် လုပ်ပေးဖို့ နည်းလမ်းရှာတယ်။ အသက် ၂၀ ကျော် ဘဝအတွေ့အကြုံ ပိုရှိနေတဲ့အတွက် သူမ တစ်ခါမှ မကြားဖူးတဲ့ ဟာသတွေကို သူ ပြောပြနိုင်တယ်"
"မူလက သူ ထင်ထားတာက ဘဝဆိုတာ ဒီလိုပဲ၊ ဒီတစ်သက်မှာ သူ အလွန် အောင်မြင်မယ်၊ အလွန် ပျော်ရွှင်ရမယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ ယခင်ဘဝက မှတ်ဉာဏ်တွေက သူ့ကို ယခင်ဘဝက ဇနီးသည် ဘယ်လို နေထိုင်နေလဲဆိုတာ သိချင်စိတ် ဖြစ်ပေါ်စေခဲ့တယ်"
"ဒါနဲ့ သူ စာတစ်စောင် ရေးလိုက်တယ်။ ယခင်ဘဝက မှတ်ဉာဏ်အတိုင်း ယခင်ဘဝက ဇနီးသည်ဆီ ရေးလိုက်တာ။ မထင်မှတ်ဘဲ စာပြန်လာခဲ့တယ်။ ဒါက သူ့မှတ်ဉာဏ် မမှားဘူးဆိုတာကို ထပ်မံ သက်သေပြလိုက်တာပဲ"
"မူလက သူဟာ အလယ်တန်း ကျောင်းသားဘဝကတည်းက အတူရှိခဲ့တဲ့ ဒီကောင်မလေးကို ကတိပေးသင့်တယ်။ တစ်သက်လုံး သူမ တစ်ယောက်တည်းကိုပဲ ချစ်ပါမယ်လို့။ ဒါပေမဲ့ အိပ်မက်ထဲမှာ သူဟာ ယခင်ဘဝက ဇနီးသည်ကို အမြဲသတိရနေတတ်တယ်။ အချစ်ရေးမှာ အတိတ်ကို လွမ်းဆွတ်တာဟာ ကောင်းမွန်တဲ့ အကျင့် မဟုတ်ဘူး။ ဒါပေမဲ့ လုံးဝ မေ့ပျောက်ဖို့ ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးလေ"
"သူက လက်ရှိ ချစ်သူကို လက်ထပ်ချင်ပေမဲ့ ယခင်ဘဝက ဇနီးသည်ကိုလည်း မမေ့နိုင်ဘူး။ ဒါကြောင့် အကျပ်ရိုက်နေတယ်။ ဒီပုံပြင်ကို မင်း နားလည်လား"
ဖုန်းယွီ ပြောပြီးသည်နှင့် လီနကို ကြည့်လိုက်သည်။
လီန အကြာကြီး ကြောင်အနေပြီးမှ မေးလိုက်သည်။
"မင်း ဆိုလိုတာက... မင်းက အဲဒီလူလား။ မင်းက ပြန်လည်မွေးဖွားလာတာလား"
"..."
ဖုန်းယွီ စကားမပြောနိုင် ဖြစ်သွားသည်။ ဒါ အဓိက အချက် မဟုတ်ဘူးလေ။ ငါ ဒီလောက် အများကြီး ပြောပြတာတောင် သူမ ဘာမှ မတုံ့ပြန်ဘူးလား။ အနည်းဆုံးတော့ ယခင်ဘဝက ဇနီးသည်နဲ့ ဘယ်အဆင့်ထိ ရောက်နေပြီလဲလို့ မေးသင့်တယ် မဟုတ်လား။ အဲဒီကျမှ ငါက စည်းကျော်တဲ့ ကိစ္စ ဘာမှ မလုပ်ဖူးပါဘူးလို့ ပြောပြီး မျက်နှာကောင်း ရယူလို့ ရမှာပေါ့။
နေ့လယ်ခင်းကတည်းက ဖုန်းယွီသည် ညကျရင် ဒီစကားတွေ ပြောဖို့ စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ ရလဒ်က သူ ထင်ထားတာနဲ့ တခြားစီ ဖြစ်နေသည်။
ဖုန်းယွီ အားငယ်စွာ ခေါင်းညိတ်လိုက်သည်။
"ငါ တကယ်ပါ။ မဟုတ်ရင် ဘာမှ မတတ်တဲ့ ညံ့ဖျင်းတဲ့ ကျောင်းသားကနေ အင်္ဂလိပ်စာ၊ ရုရှားစာ ကျွမ်းကျင်တဲ့ ထူးချွန်ကျောင်းသား တစ်ယောက် ရုတ်တရက် ဘယ်လို ဖြစ်လာမလဲ။ အဲဒါတွေက ယခင်ဘဝက မှတ်ဉာဏ်တွေက ငါ့ကို ပေးထားတဲ့ စွမ်းရည်တွေပဲ"
လီန သက်ပြင်းချလိုက်သလို ခံစားရသည်။
"ကျွန်မ ပြောသားပဲ၊ ရှင်ဘယ်လိုလုပ် ရုတ်တရက် ပါရမီရှင် ဖြစ်လာလဲလို့။ ဒီလိုကိုး။ ဒါဆို ကျွန်မတို့ ယခင်ဘဝတုန်းက ဘာမှ မပတ်သက်ခဲ့ဘူးပေါ့"
"အဲ... ငါတို့ ယခင်ဘဝတုန်းက အထက်တန်း အတန်းဖော်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အခန်းမတူဘူး။ ရိုးရိုး အထက်တန်းကျောင်းမှာ တက်ခဲ့ကြတာ။ နောက်ပိုင်း တက္ကသိုလ်တွေ ကွဲသွားကြတယ်"
"ဒါဆို ကျွန်မ ဘယ်သူနဲ့ အိမ်ထောင်ကျခဲ့လဲ"
ဖုန်းယွီ လန့်သွားသည်။ ဘာသဘောလဲ။ လီနက ယခင်ဘဝက ခင်ပွန်းသည်ကို လိုက်ရှာချင်နေတာလား။ ဖုန်းယွီ လုံးဝ မသိသလို၊ သိရင်လည်း လုံးဝ ပြောပြမည် မဟုတ်ပေ။
သူသည် သူတော်စင် မဟုတ်ပေ။ သူ့မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ အပိုင်း ရှိသည်။ အနည်းဆုံးတော့ အချစ်ရေးနဲ့ ပတ်သက်ရင် ဖုန်းယွီက အလွန် တစ်ကိုယ်ကောင်းဆန်သည်။
"ငါ တကယ် မသိဘူးလို့ ပြောရင် မင်း ယုံမလား။ ငါတို့ တက္ကသိုလ် မတူဘူးလေ။ နောက်ပိုင်း ငါတို့ မိသားစု လယ်ယာစခန်းကနေ ပြောင်းသွားပြီး ဘယ်တော့မှ ပြန်မလာဖြစ်တော့ဘူး"
လီနသည် ဖုန်းယွီ၏ ပါးကို ပုတ်လိုက်သည်။
"ပုံပြင်က သိပ်နားထောင်လို့ မကောင်းဘူး။ ကျွန်မ သိပ်မကြိုက်ဘူး။ ဒါနဲ့ ရှင် ကျွန်မကို ဒီပုံပြင် ပြောပြတာ ဘာလုပ်ဖို့လဲ"
ဖုန်းယွီ ကြောင်အသွားသည်။ ကိစ္စတွေက သူ မှန်းဆထားတာနဲ့ လုံးဝ လွဲချော်ကုန်ပြီဟု ခံစားလိုက်ရသည်။
******