ဘယ်သူမှ သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး
Vol. 1 Ch. 340
ဗုန်း...ဗုန်း...ဗုန်း
တောင်စဉ်သုံးထောင်၏ တောနက်ပိုင်းတွင် နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်သည် လျင်မြန်စွာ ရွေ့လျားနေကြသည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် စွပ်ကြောင်းကြီးတစ်ခု ကျန်ရစ်၍ အနီးရှိ နတ်ဆိုးသားရဲများမှာ မြေပြင်ပေါ်တွင် ဝပ်ဆင်းနေကြရသည်။ မြင်ကွင်းမှာ ကောင်းကင်ကြီး ပြိုကျတော့မည့်အလားပင်။
"ကျီ...ကျီ"
မြေခွေးလေးမှာ သွေးရောင်နီရဲနေသည့် ဝက်ဝံကြီး၏ ပုခုံးထက်တွင် ရှိနေပြီး နတ်ဆိုးသားရဲဘုရင် အုပ်လိုက်ကြီးအား ပို၍မြန်မြန် သွားပါရန် လောဆော်နေသည့်အလား ဆက်တိုက်အော်ဟစ်လျက်ရှိသည်။ အနီရောင်နတ်ဆိုးသားရဲကြီးသည် ဘာမှမတတ်နိုင်ဘဲ ပြေးနှုန်းအား ပိုမိုမြှင့်တင်လိုက်ရသည်။ လူတစ်ကိုယ်စာမျှရှိသော ၎င်း၏ ခြေချောင်းကြီးများသည် တစ်တောင်မှတစ်တောင် ဆက်တိုက်ခုန်ကူးလျက်ရှိသည်။
ရက်ပေါင်းများစွာ ခရီးပြင်းနှင်ခဲ့ပြီးနောက် နတ်သမီးတောင်ထွတ်အား လှမ်းမြင်နေရသည့် အကွာအဝေးသို့ ၎င်းတို့ ရောက်လာခဲ့ကြသည်။ နတ်ဆိုးသားရဲဘုရင် ဆယ့်ခုနှစ်ကောင်မှာ အပေါ်သို့ လိုက်မတက်ရဲကြဘဲ တောင်ခြေတွင်သာ ကျန်ရစ်ကြသည်။ သွေးနီရောင်နတ်ဆိုးသားရဲကြီးသည် မြေခွေးလေးကို ခေါ်ဆောင်၍ ခုန်တက်လိုက်သည်။ ၎င်း၏ ခြေသည်းကြီးများသည် နတ်သမီးတောင်ထွတ်၏ ကမ်းပါးယံကို အသာကုပ်တွယ်လိုက်ပြီး တောင်ထွတ်မြေပြန့်ပေါ်သို့ လေးလံစွာ သက်ဆင်းလိုက်သည်။
ဝှစ်...
မြေခွေးလေးသည် ရှောင်ဟုန်၏ ကျောထက်မှ ခုန်ချလိုက်ပြီး မရပ်မနား အော်ဟစ်ရင်း နန်းတော်ရှိရာသို့ ပြေးသွားခဲ့သည်။ သွေးနီရောင် နတ်ဆိုးသားရဲ ဘုရင်ကြီးမှာမူ အေးစက်စက် မျက်လုံးတစ်စုံနှင့် ခံစားချက်မရှိစွာ နောက်မှ လိုက်ပါသွားခဲ့သည်။
မြေခွေးလေး နန်းတော်အတွင်းသို့ မဝင်ရသေးခင်တွင် လှပပြီး ဆွဲဆောင်မှု ရှိလှသော ပုံရိပ်တစ်ခုသည် နန်းတော်အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့ပြီး မရေရာစွာ မေးလာခဲ့သည်။
"ရှောင်ဖေး...ဘာဖြစ်ခဲ့လို့လဲ"
"ကျီ...ကျီ"
မြေခွေးလေးသည် နတ်ဆိုးဧကရီ၏ ရင်ခွင်ထဲသို့ ပြေးသွားလိုက်ပြီး မရပ်မနား အော်ဟစ်နေခဲ့သည်။ ၎င်း၏ မျက်နှာသေးသေးလေးသည် စိတ်ပူပန်မှုများ ဖုံးလွှမ်းနေပြီး ကျောက်မျက်သဖွယ် မျက်လုံးလေးများမှာ မျက်ရည်များ ပြည့်လို့နေသည်။ ၎င်း၏ ပုံစံလေးမှာ အလွန်သနားစဖွယ် ကောင်းနေလေသည်။
"ကျန်းရီက စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲကို ဝင်သွားတယ်ပေါ့"
နတ်ဆိုးဧကရီနှင့် နတ်ဆိုးသားရဲဘုရင်ကြီးမှာ မြေခွေးလေး ဘာပြောနေသည်အား ရှင်းရှင်းလင်းလင်း နားလည်ကြလေသည်။ နတ်ဆိုးဧကရီသည် မျက်နှာသည် ပျက်ယွင်းသွားခဲ့ပြီး သက်ပြင်းချ၍ စဉ်းစားနေခဲ့သည်။ သူမသည် ခေါင်းရမ်းလိုက်ပြီး ပြောလာခဲ့လေ၏။
"ရှောင်ဖေး...ဧကရီမယ်တော်က သူ့ကို မကယ်ချင်တာ မဟုတ်ဘူး...မကယ်နိုင်တာ"
"ကျီ...ကျီ"
မြေခွေးလေးသည် မကျေမနပ် ရေရွတ်နေခဲ့ပြီး သွေးနီရောင် နတ်ဆိုးသားရဲဘုရင်ကြီးက မယုံနိုင်စွာ မေးလာခဲ့သည်။
"ဧကရီ...စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေက အဲ့လောက်တောင် အန္တရာယ် များတာလား၊ ဧကရီရဲ့ စွမ်းအားနဲ့တောင် ဝင်လို့မရဘူးပေါ့"
"အင်း...အဲ့ဒီ စုန်းနတ်ဘုရားက သူမတူတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်ပဲ"
နတ်ဆိုးဧကရီသည် သူမ၏ လက်ကိုဆန့်၍ မြေခွေးလေး၏ နဖူးအား ပွတ်သပ်လိုက်ကာ စိတ်မလှုပ်ရှားရန် အရိပ်အကဲပြလိုက်သည်။ သူမသည် တစ်ခဏ ငြိမ်နေပြီးနောက် ရှင်းပြလိုက်သည်။
"ငါ အထဲကို မဝင်နိုင်တာက အဲ့ဒါကြောင့် မဟုတ်ဘူး၊ စုန်းနတ်ဘုရားက တားမြစ်နယ်မြေမှာ အစီအရင်တစ်ခု လုပ်ထားခဲ့တယ်။ တားမြစ်နယ်မြေထဲ ဗာဂျရာ ပဉ္စမအဆင့်အထက် သိုင်းပညာရှင်တစ်ယောက် ဝင်ရင် အလိုလို ပျက်စီးသွားမယ့် အစီအရင်က အသက်ဝင်သွားလိမ့်မယ်။ တားမြစ်နယ်မြေ တစ်ခုလုံး တစ်စစီ ပေါက်ကွဲသွားမှာ...ငါဝင်သွားရင် ကျန်းရီကို မကယ်နိုင်ရုံတင် မကဘူး၊ သူ့အတွက် ပိုခက်ခဲအောင် လုပ်သလို ဖြစ်သွားလိမ့်မယ်"
"စုန်းနတ်ဘုရားက သူမသေခင်မှာ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်သွားခဲ့သေးတယ်။ သူရဲ့ မှော်စွမ်းအားနဲ့ တားမြစ်အစီအရင်တွေကလည်း အတော်လေး အစွမ်းထက်တယ်။ ဗာဂျရာ ပဉ္စမအဆင့်အောက် လူတစ်ယောက် ဝင်သွားမယ်ဆိုရင် အဲ့လူက သေချာပေါက် သေမှာ...ရှောင်ဟုန်...မင်းဝင်သွားရင် မင်းလည်း အဲ့ဒီမှာ သေသွားမှာပဲ။ အဲ့တော့ ဒီမိုးမြေတစ်ခွင်မှာ ဘယ်သူမှ သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး"
"ကျီ...ကျီ"
မြေခွေးလေး၏ ကျောက်မျက်သဖွယ် မျက်လုံးလေးများတွင် ဆောက်တည်ရာမရမှုများ ပေါ်လွင်နေခဲ့သည်။ နတ်ဆိုးဧကရီတောင် ကျန်းရီကို မကယ်နိုင်ပါက ဤကောင်းကင်ကြယ်တာရာနယ်မြေတွင် မည်သူကများ ကျန်းရီကို ကယ်တင်နိုင်ပါမည်နည်း။
သွေးနီရောင် နတ်ဆိုးသားရဲဘုရင်ကြီးသည် ခေါင်းရမ်း၍ သက်ပြင်းချကာ ဆိတ်ဆိတ်နေလိုက်သည်။ သို့သော် နတ်ဆိုးဧကရီသည် လှစ်ခနဲ ပြုံးလိုက်ကာ ရုတ်တရက် စကားဆက်ပြောလာခဲ့သည်။
"ရှောင်ဖေး...စိတ်မပျက်ပါနဲ့ကွယ်။ သမိုင်းမှာ စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေကနေ ဘယ်သူမှ ပြန်မလာနိုင်ခဲ့ဘူး ဆိုပေမယ့် ကျန်းရီ ပြန်မလာနိုင်ဘူးလို့ မဆိုလိုဘူးလေ"
"အမ်...ဧကရီက အဲ့ကောင်လေးအပေါ် ဘာလို့ ဒီလောက် ယုံကြည်ချက်ထားနေတာလဲ"
မြေခွေးလေး၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ သွေးနီရောင်နတ်ဆိုးသားရဲဘုရင်ကြီးသည် ထူးဆန်းသည်ဟု ခံစားရ၍ ခေါင်းမော့ကာ အသံသြသြကြီးဖြင့် မေးကြည့်လိုက်သည်။
"ဧကရီက အဲ့ဒီလူသားကောင်လေးကို အမြဲ အလေးထားပြီး ဆက်ဆံခဲ့တယ်...သူနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုများ ရှိနေလို့လား"
နတ်ဆိုးဧကရီသည် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
"အဲ့ကောင်လေးက တကယ်ပဲ တခြားသူတွေနဲ့ မတူဘူး။ သူ့ရဲ့ ဒန်တျန်းကလည်း ထူးဆန်းပြီး ဒီအရွယ်လေးနဲ့ အတွင်းအားစစ်ကိုတောင် ကျင့်ကြံနိုင်နေပြီ။ သူက တာအိုအနှစ်သာရတွေကိုလည်း နားလည်နေသေးတယ်။ သူ့ရဲ့ ကျင့်စဉ်က ကောင်းကင်ကြယ်တာရာနယ်မြေက မဟုတ်ဘူးလို့ ငါသံသယ ဝင်နေမိတယ်။ သူ့အမေက ထူးခြားတဲ့ နောက်ခံတစ်ခုရှိပြီး သူ့ကိုယ်ဖွဲ့စည်းပုံက သူ့အမေဘက်ကို ဆက်ခံတာပဲ ဖြစ်လိမ့်မယ်။ ဒီကောင်လေးမှာ ခန့်မှန်းမရတဲ့ အလားအလာတွေလည်း အများကြီးရှိတယ်။ သူ စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေကနေ အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်လိမ့်မယ်လို့ ငါထင်တယ်။ ဒါပေါ့ သူပြန်မလာနိုင်ရင် ငါ့လူကဲခတ် မှားယွင်းသွားတယ်ပဲပေါ့...ဒါဆိုရင်တော့ သုံးနှစ်ကြာတဲ့အခါ ရှောင်ဖေးကိုပါ ငါနဲ့တစ်ခါတည်း ခေါ်သွားရတော့မယ်...ဟူး..."
နတ်ဆိုးသားရဲ ဘုရင်ကြီးသည် စိတ်ပူပန်မှုကို ထိန်းချုပ်ကာ လေးလေးနက်နက် မေးလိုက်သည်။
"ဧကရီ...ကျွန်တော်တို့ကိုပါ ခေါ်သွားလို့ မရဘူးလား။ ကျွန်တော်တို့ အသက်ကို ရင်းပြီး မင်းသမီးလေးကို ကာကွယ်ပေးပါ့မယ်။ ကျွန်တော်တို့က အစွမ်းအစသိပ်မရှိပေမယ့် သေရေးရှင်ရေး အခြေအနေမှာဆိုရင် မင်းသမီးလေးကို ခေါ်ပြီး ထွက်ပြေးနိုင်ပါသေးတယ်"
"အသုံးမဝင်ဘူး"
နတ်ဆိုးဧကရီသည် ခေါင်းရမ်း၍ စိတ်ပျက်စွာ ပြုံးလိုက်သည်။
"ငါ့ရန်သူက အရမ်းအင်အားကြီးတယ်။ မင်းရဲ့ အင်အားလောက်နဲ့ တစ်ချက်တောင် ခုခံနိုင်မှာ မဟုတ်ဘူး"
"တော်လောက်ပြီ"
မြေခွေးလေးနှင့် နတ်ဆိုးသားရဲဘုရင်သည် တစ်ခုခု ပြောရန် ပြင်နေကြသည်ကိုမြင်လျှင် နတ်ဆိုးဧကရီသည် လက်ကာပြ၍ ပြောလိုက်သည်။
"ပေါက်ကရတွေတော်ပြီ။ ရှောင်ဖေး...မင်း အပြင်မထွက်ဘဲ တောင်ပေါ်မှာပဲ နေရမယ်။ ရှောင်ဟုန်...သူမကို စောင့်ကြည့်ထား၊ ကျန်းရီ ပြန်ထွက်လာရင် မင်းသူ့ကို သွားရှာနိုင်တယ်။ သူထွက်မလာနိုင်ရင် ဒါက သူ့ကံပဲ... ငါ့အင်အားကို မြှင့်တင်ဖို့ တာအိုအနှစ်သာရတွေ ပိုနားလည်နိုင်အောင် တံခါးပိတ် ကျင့်ကြံတော့မယ်"
ဝှစ်...
နတ်ဆိုးဧကရီသည် ရှောင်ဖေးအား ရှောင်ဟုန်ထံ ပစ်ပေးလိုက်ပြီး မကျေမနပ်ဖြစ်နေသော ရှောင်ဖေးနှင့် ခေါင်းတယမ်းယမ်း ဖြစ်နေသော နတ်ဆိုးသားရဲတစ်ကောင်ကို ချန်ရစ်ကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
***
"နတ်ဆိုးဧကရီဆီက ဘာသတင်းမှ မရဘူးလား"
ရှားနိုင်ငံ မြောက်ဘက်ပိုင်းရှိ မြို့ငယ်လေးတစ်မြို့၏ ခြံဝန်းတစ်ခုထဲတွင် ချမ်ဝမ်ကွမ်သည် သူ့လူအား မျက်နှာပျက်ပျက်နှင့် မေးခွန်းထုတ်လျက် ရှိသည်။ ကျန့်ဝူရွှမ်းကလည်း ထိုသူအား လေးလံသည့် မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။ ထိုသူ ခေါင်းရမ်းလိုက်သည်ကို မြင်သောအခါ နှစ်ယောက်လုံးမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
မြေခွေးလေးသည် တောင်စဉ်သုံးထောင်သို့ ပြန်သွားခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ နတ်ဆိုးဧကရီအား တွေ့ပြီးဖြစ်လောက်သည်။ နတ်ဆိုးဧကရီ ကူညီမည်ဆိုပါက နတ်ဆိုးသားရဲ ဘုရင်က သတင်းပို့လာလိမ့်မည်။ ယခုအချိန်ထိ မည်သည့်သတင်းမှ မကြားရရာ နတ်ဆိုးဧကရီ မကူညီခြင်း ဖြစ်နိုင်လေသည်။
"လူလွှတ်...မြေခွေးလေးကို ရှာဖို့ လူလွှတ်လိုက်"
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် အံကြိတ်၍ သူ့တို့ဂိုဏ်းအသီးသီးမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တစ်ယောက်စီအား တောင်စဉ်သုံးထောင်တွင် မြေခွေးလေးနှင့် နတ်ဆိုးသားရဲဘုရင်အား ရှာဖွေကြရန် အမိန့်ပေးလိုက်သည်။
သူတို့နှစ်ယောက်သည် တိကျရေရာသော သတင်းမရသေးဘဲ ရှားယွိမြို့တွင် ကျန်းရှောင်နူနှင့် စုလောရွှယ်အား သွားရှာကြရန် ရှက်ရွံ့နေကြသည်။ ကျန်းရီသည် သူတို့ဂိုဏ်းနှစ်ဂိုဏ်း၏ ကိစ္စတွင် ဝင်ပါရာမှ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်းသို့ မှားယွင်းစွာ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ ရှားနိုင်ငံသည် ဤပြဿနာကြောင့်ပင် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် အခြေအနေတွင် ရှိနေလေသည်။ ကျန်းရီကို ရှာမတွေ့သေးရာ သူတို့နှစ်ယောက် မည်မျှ စိတ်ဓာတ်ကျ၍ နေမထိထိုင်မသာ ဖြစ်နေမည်မှန်း တွေးကြည့်နိုင်ပါသည်။ သူတို့သည် နေ့စဉ်နေ့တိုင်း ငရဲတွင် နှိပ်စက်ခံနေသည့်အလား ခံစားနေကြရသည်။
"တင်ပြပါတယ်"
နှစ်ရက်ကြာပြီးနောက် ကင်းထောက်တစ်ယောက်သည် သူတို့ထံ စိတ်မချမ်းမြေ့ဖွယ် သတင်းကို ယူဆောင်လာခဲ့၏။ သွေးနီရောင် နတ်ဆိုးသားရဲဘုရင်ကြီးသည် နတ်ဆိုးဧကရီ၏ မည်သူမှ ကျန်းရီကို ကယ်နိုင်မည် မဟုတ်ဟူသော စကားကို တိတိကျကျ အသိပေးလာခဲ့ခြင်းဖြစ်သည်။ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်းသို့ ဗာဂျရာပဉ္စမအဆင့်ထက် မြင့်သူများ မဝင်ရောက်နိုင်၊ ဝင်ရောက်ပါက အလိုအလျောက် ပျက်စီးနိုင်သည့် အစီအရင် အသက်ဝင်သွားလိမ့်မည်။ ထိုအခြေအနေ ရောက်သည်နှင့် တားမြစ်နယ်မြေ ပေါက်ကွဲသွားလိမ့်မည်ဖြစ်ပြီး အတွင်းရှိ သက်ရှိမှန်သမျှ အကုန်သေဆုံးကြလိမ့်မည်။
နတ်ဆိုးသားရဲဘုရင်သည် သူတို့ ကူကယ်ရာမရ ဖြစ်နေခြင်းတွင် မျှော်လင့်ချက် အလင်းစလေးတစ်ခု ထွန်းညှိပေးသည့်အနေဖြင့် အခြားသော စကားကိုလည်း ပြောလိုက်ပါ၏။ ကျန်းရီသည် နှစ်ပေါင်းသုံးထောင်အတွင်း စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေထဲမှ အသက်ရှင်လျက် ထွက်လာနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်သည်ဟု နတ်ဆိုးဧကရီက ဆိုခဲ့သည်ဟူလေတည့်။
သတင်းသည် အနည်းငယ် ရက်စက်လှသော်လည်း ကျန့်ဝူရွှမ်းက စုလောရွှယ်အား အသိပေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်သည် စုလောရွှယ်အား တွေ့ဆုံ၍ သူတို့၏ အမှားကို တောင်းပန်ရန် ရှားယွိမြို့ဆီ ထွက်ခွာလာခဲ့ကြသည်။
စုလောရွှယ်သည် ထိုကာလများအတွင်း အတော်ခံစားနေခဲ့ရပြီး အိပ်ရန်ပင် မဝံံ့ရဲခဲ့ပါချေ။ သူမသည် အနားမယူဘဲ အုပ်ချုပ်ရေးကိုသာ စိတ်နှစ်ထားကာ အလွန်အမင်း ပင်ပန်းနေသော အခါမှ အိပ်ပျော်သွားလေ့ရှိသည်။ သူမသည် 'ခမည်းတော်'၊ 'ကျန်းလန်' ဟူ၍ အော်ခေါ်ရင်း အိပ်မက်မှ လန့်နိုးလာလေ့ရှိပြီး ခေါင်းအုံးတွင်လည်း မျက်ရည်များ ရွှဲနစ်နေတတ်သည်။
ထိုအချိန်အတောအတွင်း သူမ၏ကိုယ်အလေးချိန်မှာ လေးကီလိုဂရမ်ခန့် လျော့ကျသွားခဲ့ပြီး အဝတ်အစားများ ပွယောင်းလာ၍ မျက်နှာမှာလည်း ချောင်ကျသွားခဲ့သည်။ မှူးမတ်များနှင့် တွေ့ဆုံသည့်အခါတွင်လည်း သူမသည် တည်ငြိမ်ဟန်ဆောင်နေရပြီး စိတ်ပူပန်မှုတို့ကို အရိပ်အယောင်လေးတောင် မထင်ဟပ်ရအောင် ထိန်းသိမ်းနေရသေးသည်။ သူမ၏ လက်ထောက် အဘွားအိုသာလျှင် သူမမည်မျှ ခံစားနေရမှန်း သိလေ၏။
ကံကောင်းသည်မှာ သူမသည် ဉာဏ်ရည်ထက်မြက်၍ အရာရာအား ဟာကွက်မရှိအောင် စီစဉ်ထားနိုင်ခဲ့သည်။ သူမသည် ကျန်းရီနှင့် ခန္ဓာကိုယ် အချိုးအစား တူညီသည့် လူတစ်ယောက်ကိုရှာကာ ကျန်းရီ၏မျက်နှာနှင့် မျက်နှာဖုံးအား ဝတ်ဆင်စေ၍ ကျန်းရီအဖြစ် ဟန်ဆောင်စေခဲ့သည်။ ထိုသူသည် စစ်တပ်နှင့် မြို့သူမြို့သားတို့ ကျန်းရီအား သံသယ မဝင်ကြလေအောင် တစ်ခါတစ်ရံတွင် မြို့ထဲ၌ လူလုံးထွက်ပြရလေ၏။
ရှန်မိနိုင်ငံသည် ယွင်ဖေးနှင့် သူမ၏မောင်မှာ ဘာမှမလုပ်သလို နိုင်ငံအတွင်းရှိ ဂိုဏ်းကြီးများကလည်း ဘာမှမလုပ်မှန်း တွေ့ရှိသွားခဲ့သည်။ ယွင်လုအား လုပ်ကြံသည့်သူများမှာ အခြားနိုင်ငံများမှဖြစ်ကြောင်း သေချာသွားလေ၏။ သံသယရှိသူအဖြစ် အထင်ခံရဆုံးမှာ ကျန်းရီဖြစ်သည်။ သူသည် ယွင်လုအား ညီလာခံခန်းမအတွင်း သတ်မိလုနီးပါး ဖြစ်ခဲ့သေးသည် မဟုတ်ပါလော။
စုလောရွှယ်၏ စီစဉ်မှုများမှာ ကျန်းရီအပေါ် သံသယအဝင်ခံရမှုအား ယာယီတားဆီးလိုက်နိုင်သည်။ ဗာဂျရာအဆင့် သိုင်းပညာရှင်များတောင် တမလွန်တောအုပ်မှ ရှားယွိမြို့ထံ တစ်ရက်အတွင်း အရောက်ပြန်နိုင်မည် မဟုတ်ပေ။
သို့သော် ဤသည်မှာ ယာယီသာဖြစ်သည်။ ကျန်းရီ ပျောက်ဆုံးနေခြင်း သို့မဟုတ် ပြန်မလာနိုင်တော့ခြင်း ဆက်ဖြစ်နေပါက ဤပြဿနာ သေချာပေါက် ပေါ်သွားတော့မည်ဖြစ်သည်။ ရှန်မိနိုင်ငံသည် ကျန်းရီမှာ တရားခံဖြစ်သည်ဟု သတ်မှတ်လိုက်နိုင်ပါက စစ်တပ်တစ်ခုသည် ရှားနိုင်ငံထံ ထပ်မံရောက်လာပေလိမ့်ဦးမည်။
***