အားနည်းချက် မရှိ
Vol. 38 Ch. 557
ဘေးကင်းရေး သတိပေး ဆိုင်းဘုတ်များ ဝန်းရံထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်ရှုပ်နေခဲ့သည်။ လေးထောင့်ကျင်း တစ်ခုထဲတွင် အလုပ်သမား ထောင်ပေါင်း များစွာ ရှိနေပြီး သူတို့ထဲမှ အများစုမှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ ဖြစ်ကြ၏။ စစ်သည်တော် များစွာမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ တန်းစီဇယားတွင် စောင့်ဆိုင်း နေကြသည်။
အဝါရောင် ဘေးကင်းရေး သံခမောက် ဝတ်ဆင်ထားသော ဧရာမ ဝတုတ်ဟမ်းစတား တစ်ကောင်က ကျင်းအလယ်ရှိ ထိပ်တွင် အသံချဲ့စက်များ တပ်ဆင် ထားသည့် ကင်းမျှော်စင်ဆီသို့ လျှောက်သွားသည်။ ၎င်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တိုင်းတွင် တွေ့ရသော သာမန် အဆောက်အအုံ တစ်ခု ဖြစ်၏။
အချိန်ပို အလုပ်,လုပ်ရသည့် အခါတိုင်း အလုပ်သမား ခေါင်းဆောင်က ကင်းမျှော်စင်မှ အလုပ်သမားများကို အားပေးစကား ပြောပေလိမ့်မည်။
အလုပ်သမား ခေါင်းဆောင်မှာ ပုံမှန်အားဖြင့် ဧရာမ ဟမ်းစတား တစ်ကောင် ဖြစ်၏။ ဤဟမ်းစတားမှာ သူ့ဘေးမှ ဖြတ်လျှောက်သွားသော ကိုယ်ပျောက် အထက်တန်းစား နတ်ဆိုးကို သတိမပြုမိပေ။ အထက်တန်းစား နတ်ဆိုး၏ ပခုံးများ ပေါ်တွင်တော့ ကြောင်နက် တစ်ကောင်နှင့် ကြက်တူရွေး တစ်ကောင် ရှိနေသည်။
"အာ—။"
ဟမ်းစတား၏ အော်သံဗြဲကြီးက အသံချဲ့စက် အစွမ်းဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ နေရာအနှံ့ ပျံ့သွားသည်။ အော်သံမှာ နက်ရှိုင်းသော ကျင်းအတွင်းတွင်ပင် ပဲ့တင်ထပ် နေသည်။
"ခေတ်တွေ မတူတော့ဘူး။ အရင်တုန်းက အချိန်ပို ဆင်းရမယ်ဆို ကြာပွတ်နဲ့ စကားပြောရတာပဲ။ အခုတော့ ငါတို့ အဲ့ဒီအသုံးမကျတဲ့ ကိရိယာတွေကို သုံးနေရပြီ။"
ပိုလီယိုက ရှားလော့ခ်၏ ပခုံးပေါ်တွင် ရပ်ကာ လက်ဖဝါးများကို လျက်ရင်း မှတ်ချက် ပြုလိုက်သည်။ သူက ဟမ်းစတား၏ အသံစူးစူးကို သဘောမကျပေ။
"အရှင်ရှားလော့ခ်က မင်းကို ထိုင်ညည်းနေဖို့ ဒီခေါ်လာတာမို့လား။ အလုပ် သေချာလုပ်စမ်းပါ။" အရှင်ရှားလော့ခ်၏ မျက်နှာအမူအရာကို ဂရုတစိုက် အကဲခတ်ရင်း ဖီးနစ်က ပိုလီယိုအား ခပ်မာမာ ပြောလိုက်သည်။
ရှားလော့ခ်မှာတော့ မည်သည့် မျက်နှာအမူအရာမျှ မဖော်ပြပေ။ ပိုလီယိုက မကျေမနပ် မြည်တွန်ကာ ရှားလော့ခ်၏ ပခုံးပေါ်မှ ခုန်ချလိုက်သည်။ ကြောင်မှာ ခဏမျှ ဝေဝါးသွားပြီး အနက်ရောင် မြူခိုး အဖြစ် ပြောင်းကာ အနက်ရောင် တိမ်တိုက် တစ်ခု ကဲ့သို့ ပျံ့သွားသည်။ ရှားလော့ခ် ကိုယ်ဖျောက်ထားသည့် အကွာအဝေးမှ ထွက်သွားသည့် အခါမှာပင် ပိုလီယို၏ ထိုအနက်ရောင် တိမ်တိုက်မှာ အာရုံစိုက်မှု များများစားစား မခံရပေ။
အနက်ရောင် မြူခိုးက လူအုပ်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားသည်။
ဖီးနစ်ကလည်း အတောင်ပံ ခတ်ကာ ရှားလော့ခ်၏ ပခုံးပေါ်မှ ပျံထွက်သွားသည်။ ရှားလော့ခ်က သူ၏ အိမ်မွေးတိရစ္ဆာန်များ ထွက်ခွာသွားခြင်းကို စိတ်မဝင်စားပေ။ သူက ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ ဖြတ်သွားသည်။ ကိုယ်ပျောက်အစွမ်းကြောင့် မည်သူမျှ သူ့ကို သတိမထားမိကြပေ။ အမျိုးမျိုးသော ဆူညံသံများ သူ့ ပတ်ဝန်းကျင်တွင် ကြားလိုက် ရသည်။
"တူးဖော်ပြီးရင် ငါ နေ့စဉ် မစ်ရှင် လုပ်ဖို့ ပြန်တော့မယ်..."
"ရှားလီက ခန့်ညားတယ်..."
"အဲ့ဒီ ခွေးအာသာက ဒီလယ်ယာကို ဘယ်လို သိမ်းပိုက်ရမလဲ ဆိုတာ စဉ်းစားနေတာ ဖြစ်မယ်..."
"မနက်ဖြန် ငါ ငါ့ရဲ့ အွန်လိုင်းချစ်သူနဲ့ တွေ့ဆုံ တော့မယ်..."
"ငါ အဲ့ဒီ လူယုတ်မာကို အသေဆိုးနဲ့ သေပါစေလို့ ကျိန်ပါတယ်တော်..."
"ကြားဖြတ်စာမေးပွဲက မနက်ဖြန် ကျင်းပတော့မှာကို။ ဘာဖြစ်လို့ မင်း ဂိမ်းလာကစားနေတာလဲ။"
"အရှင်မမ်မွန်ရဲ့ အမိန့်က အမှန်ပဲလား။"
ရှားလော့ခ် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ အသံ ရင်းမြစ်ကို ရှာဖွေလိုက်သည်။ သူ၏ စိတ်ထဲမှ ဆူညံသံများ ပျောက်ကွယ်သွားပြီး သူကြားလိုက်သော ထိုအသံကသာ ပိုမို ရှင်းလင်းပြတ်သား လာသည်။
"အဲ့ဒီ အထက်တန်းစား နတ်ဆိုးရှားလော့ခ်က ဘယ်သူလဲ။ ငါ စုံစမ်းပြီးပြီ၊ ဒီဂိုဘလင်တွေက ထာဝရတိုင်းပြည်က သူ့ နေထိုင်သူတွေပဲ။ သူက မြောက်ပိုင်း မြေအောက်လောကမှာ နာမည်ကြီးတယ်။"
"ငါ သူ့ အကြောင်း အရင်က ကြားဖူးတယ်၊ ဒါပေမဲ့ ငါ့ မှတ်မှတ်ရရတော့ မရှိဘူး။ သူက တိုက်ပွဲ တော်တော်မျာများ ဆင်နွှဲခဲ့ပြီး ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီး ပစ်ခဲ့တယ်။ ငါတို့ သခင်နဲ့ ယှဉ်ရင်တော့ သူ့အစွမ်းက နိမ့်ကျနေတုန်းပဲ။"
"အရှင်မမ်မွန်က ဘာရှာနေတာတဲ့လဲ။ ငါတို့ တူးဖော်နေတာ ရက်တော်တော် ကြာပြီကို ဘာမှလည်း မတွေ့မိဘူး။"
"အရှင်မမ်မွန်က အပန်းဖြေဥယျာဉ် တစ်ခု တည်ဆောက်နေတာ မဟုတ်ဘူးလား။"
"မင်းက ဒါကို အပန်းဖြေဥယျာဉ် တစ်ခု ဆောက်နေတာလို့ ထင်နေတာလား။ ဘာဖြစ်လို့ အရှင်မမ်မွန်က အပန်းဖြေဥယျာဉ် ဆောက်ဖို့ကို ငွေအများကြီး ဖြုန်းနေရမှာလဲ။"
"ဖြစ်နိုင်တာက လယ်ယာအောက်မှာ ရတနာ ရှိနေတာလား။"
"ရှူး။ တိုးတိုးပြောဟ။ နံရံတိုင်းမှာ နားရှိတယ်။"
"ဟို၊ ဟို။"
ရှားလော့ခ် အသံရင်းမြစ်နား ရောက်သည့် အခါ စကားသံများ ရပ်တန့် သွားသည် - ၎င်းက အခန်းတစ်ခုပါ သယ်ဆောင်ရ လွယ်ကူသော အိမ်သာ တစ်ခုပင်။
အိမ်သာတံခါး ပွင့်သွားပြီး ဂနိုမ်း နှစ်ဦး ထွက်လာကာ ပတ်ပတ်လည် အကဲခတ် လိုက်သည်။ ထို့နောက် သူတို့က ဘောင်းဘီများကို ညှိကာ ခါးပတ်များကို ပြန်ကျပ်လိုက်သည်။ ပတ်ဝန်းကျင်မှ ဂိမ်းမာများ၏ ထူးထူးဆန်းဆန်း အကြည့်များနှင့် လက်ညှိုးထိုးခြင်းများ အောက်တွင် သူတို့ ဒေါသတကြီးဖြင့် ပြန်ထွက်သွားကြသည်။
"အရှင်ရှားလော့ခ်၊ ဒါက အရေးကြီးတဲ့ သတင်းတစ်ခုပဲ။"
ဘရုက ပြောလိုက်သည်။ "ဒီဂနိုမ်း နှစ်ယောက်က ယုံရပါ့မလား။ ဘာဖြစ်လို့ နတ်ဆိုးဘုရင် မမ်မွန်က သူ့ လျှို့ဝှက် အစီအစဉ်ကို ဂနိုမ်းတွေကို ပြောပြထားမှာလဲ။"
"မသေချာဘူး၊ ဒါပေမဲ့ ဂနိုမ်းတွေ ပြောသွားတာက သဘာဝကျတယ်။ နတ်ဆိုးဘုရင် မမ်မွန်က အပန်းဖြေဥယျာဉ် တစ်ခု တည်ဆောက်ဖို့ အတွက်နဲ့ ဒီလောက် အပင်ပန်းခံနေမှာ မဟုတ်ဘူး။ မမ်မွန် ဘာလုပ်နေလဲ ဆိုတာ ငါ သိချင်မိတယ်။" ရှားလော့ခ်က ဂနိုမ်း နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ပြောလိုက်သည်။
"အမှန်ပဲ၊ ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သံသယဝင်လောက်စရာ ဘာမှ မရှိနေဘူး။ မဟုတ်မှလွဲရော ဒီနေရာက အာရုံလွှဲမှု တစ်ခုသက်သက်လား။"
ဘရုက မှတ်ချက်ပေး လိုက်သော်လည်း ရှားလော့ခ် သူ့ကို ပြန်မဖြေပေ။
ဘရု ပြောခဲ့သည့် အတိုင်းပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ တရားဝင် လုပ်ဆောင်မှုများကို သင့်တော်စွာ ကိုင်တွယ် ထားခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ထာဝရတိုင်းပြည်မှ ဂိမ်းမာများကိုပင် အလုပ်ခန့် ခဲ့သေးသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရတနာ တူးဖော်နေခြင်း သို့မဟုတ် မရိုးမသား ပရိယာယ်အချို့ ပြုလုပ်နေခြင်း ဟုတ်၊ မဟုတ်ကို ဂိမ်းမာများ သိသွားနိုင်၏။
ရက်ပေါင်း များစွာ အလုပ်,လုပ်ခဲ့သော ဂိမ်းမာ ထောင်ပေါင်း များစွာက မည်သည့် ထူးဆန်းသော အရာကိုမျှ သတိမပြုမိခဲ့ကြပေ။
မမ်မွန်မှာ ဆိုးသွမ်းသောကိစ္စ တစ်ခုခု ပြုလုပ်နေသော်လည်း သူ ဘာလုပ်နေသည်ကို မည်သူမျှ မသိနိုင်ကြသလိုပင်။ ထိုသို့သော လျှို့ဝှက် ဆန်းကြယ်မှုကို သည်းခံရန် ခက်ခဲလှ၏။
"မဟုတ်မှလွဲရော နတ်ဆိုးဘုရင် မမ်မွန်က မြေအောက်လောက ကောင်းကျိုးအတွက် အဓိပ္ပာယ် ရှိတဲ့ ကိစ္စ တစ်ခုခု လုပ်ပေးချင်နေတာလား။ သူ့ ငယ်မူပြန်လာတာများလား။"
ဘရု မှတ်ချက်ပေး လိုက်သော်လည်း ရှားလော့ခ်မှာ ဘရု ကိုယ်တိုင်ပင်လျှင် ၎င်းကို မယုံကြည်သောကြောင့် ပြန်မဖြေနေတော့ပေ။
"ပူးပေါင်းကြံစည်မှု တစ်ခုခုတော့ ရှိနေရမယ်။ ဒါပေမဲ့ အဲ့ဒီပူးပေါင်းကြံစည်မှုက တိတိကျကျ ဘာကြီးလဲ။"
...
ရွှေရောင် ဆံပင် ဂျော့ခ်ျက သူ့ကုတင်ပေါ်တွင် အလန့်တကြား နိုးလာသည်။
နေရောင်ခြည်က ဘေးမှ ပြတင်းပေါက်မှ ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်အပေါ် ဖြာကျနေသည်။ ဘေးတွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော် များစွာ ရှိနေသည်။ ဂျော့ခ်ျ ကဲ့သို့သော သူကောင်းမျိုးသာလျှင် ကုတင်ဖြင့် အိပ်စက်ခွင့် ရပေလိမ့်မည်။
လွတ်မြောက်လာသော နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များ အရေအတွက် အလွန်များသဖြင့် ဗစ်တိုးရီးယားမြို့မှာ လူဦးရေ ထူထပ် နေသည်။ အကျဉ်းသားများ တည်းခိုနိုင်ရန် နေရာ စီစဉ်ပေးခြင်း ခံရသည်ကပင် ကောင်းချီး တစ်ခု ဖြစ်နေလေပြီ။
ဂျော့ခ်ျ ထထိုင်ကာ စိတ်ကို ရှင်းလင်းလိုက်သည်။ ထို့နောက် သူက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ အံ့ဩ သွားသည်။
အပြင်ဘက်တွင် အက်လ်ဖ်များ၊ ဖယ်ရီများနှင့် လူသား များစွာ ရှိနေကြသည်။