ပိုလီယို၏ တိုင်ကြားချက်
Vol. 38 Ch. 560
ဂိမ်းမာများမှာ ဖိုရမ်ပေါ်တွင် နယ်မြေ ဖွံ့ဖြိုးတိုးတက်မှု အကြောင်း နေ့စဉ် ဆွေးနွေးနေကြသည်။ နဂါးမျိုးနွယ်သားမှာလည်း သူတို့၏ နယ်မြေ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပုံမှန်အတိုင်း စိုးရိမ် နေသည်သာ။
"ဒီနေရာက ငါတို့ရဲ့ ရဲတိုက် ဖြစ်လာလိမ့်မယ်၊ ပြီးတော့ ငါတို့ အဲ့ဒီ ပတ်ပတ်လည်မှာ ကျုံး တစ်ခု တူးမယ်။ ရဲတိုက်ထဲကို ဆွဲတံတား ကနေပဲ ဝင်နိုင်လိမ့်မယ်။ အမ်ပီစီတွေကို ရဲတိုက် နောက်ဘက်မှာ နေရာချမယ်၊ ဒါကြောင့် ငါတို့ လူနေအိမ်တွေအတွက် နေရာတစ်ခု သီးသန့် ရွေးနိုင်တယ်။" လှံထိုးခံရသူ မြေပုံ တစ်ခုကို ညွှန်ပြရင်း လေးနက်စွာ ပြောလိုက်သည်။
မြေပုံမှာ သူတို့၏ နယ်မြေအသစ်ကို စီစဉ်ရန် အသုံးပြုခြင်း ဖြစ်၏။ မြေပုံမှာ ပရော်ဖက်ရှင်နယ် ဆန်စွာ ရေးဆွဲထားသောကြောင့် အလွန် တိကျ၏။
မြေပုံမှာ အလွန် အသက်ဝင်ပြီး အနီးအနားတွင် သုံးဖက်မြင် သဲမြေပုံ တစ်ခုလည်း ရှိသည်။ ဂိမ်းမာများမှာ သုံးဖက်မြင် သဲမြေပုံကို ဖန်တီးနိုင်ရန် တော်တော် ကြိုးစားခဲ့ရသည်။
သုံးဖက်မြင် သဲမြေပုံက နယ်မြေဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည်တော့ မဟုတ်ပေ။
သို့သော် ဂိမ်းမာများ အတွက်မူ အလှအပတန်ဖိုးက ၎င်း၏ လုပ်ဆောင်ချက် တန်ဖိုးထက် ပိုအရေးကြီးသည်။
"နေဦး၊ အဲ့မှာ လူနေဧရိယာတွေကို စတည်မှာလား။ အဲ့ဒါက စိုက်ပျိုးရေး အတွက် အသုံးချနိုင်တဲ့ လွင်ပြင်လေ။ အိမ်တွေကို ရှေ့ဘက်က သစ်တောတွေဆီကို ရွှေ့ပြောင်း နေရာချရင်ကော။ ဒါမှမဟုတ် အဲ့ဒီမှာ ရှိတဲ့ တောကုန်းဆိုရင်ကော ဘယ်လိုနေလဲ။"
တစ်စုံတစ်ယောက်က အကြံဝင် ဝင်ပေးသော်လည်း လှံထိုးခံရသူက ပြန်ပြောလိုက်သည်။ "ငါလည်း အစက အဲ့လို စဉ်းစားထားတာပဲ။ ဒါပေမဲ့ ဂိုးလ်ရှိုင်းယားမြို့က အမ်ပီစီတွေနဲ့ တိုင်ပင်ကြည့်တော့ သူတို့က အိမ်တွေကို မြေမညီတဲ့နေရာ၊ မြေမြင့် ဒါမှမဟုတ် ဘေးမကင်းတဲ့ သစ်တောတွေမှာ ဆောက်ထားရင် နေရပ်ပြောင်းရွှေ့ဖို့ ဆန္ဒ မရှိဘူးလို့ ပြောကြတယ်။ ငါတို့အတွက်တော့ အဲ့ဒါတွေက အရေးမကြီးဘူး၊ ဒါပေမဲ့ ငါတို့ နယ်မြေကို ပြောင်းရွှေ့လာမယ့် အမ်ပီစီတွေ မရှိရင် ဘယ်က ဘယ်လို အခွန် ကောက်ကြမလဲ။ ငါတို့ ကိုယ့်ကိုယ်ကို အခွန်ကောက်ကြမှာမို့လား။"
ဂိမ်းမာ များစွာ သဘောတူညီစွာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ဤဂိမ်းတွင် ဂိမ်းမာများက အမ်ပီစီများ၏ နေ့စဉ် အပြုအမူမှာ လက်တွေ့ဘဝနှင့် အတူတူပင် ဖြစ်ကြောင်း သိခဲ့ရသည်။ သူတို့က စားသောက်၊ အိပ်စက် အိမ်သာအသုံးပြု ကြပေလိမ့်မည်။ သူတို့က နယ်ပိုင်ရှင်ထံသို့ အခွန်များလည်း ပေးကြလိမ့်မည်။
ယော့ခ်နယ်မြေက ဗစ်တိုးရီးယားမြို့၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက် အခွန်အရာရှိ မရှိတော့သဖြင့် အခွန်စနစ်မှာ ခဏလေးနှင့် ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ယော့ခ်နယ်မြေမှ နေထိုင်သူများမှာ သက်တောင့်သက်သာနှင့် နေထိုင် နေခဲ့ကြသည်။ သို့သော် ဘုရင်မ ဗစ်တိုးရီးယားက အခွန်စနစ်ကို များမကြာမှီ ပြန်တည်ဆောက် ပေလိမ့်မည်။
ဂိမ်းမာများက အခွန် ကောက်ခံခြင်းကို တာဝန်ယူ ကြပေလိမ့်မည်။
သူတို့အတွက် ကိုယ်ပိုင်နယ်မြေကို စီမံထိန်းချုပ်ရန်မှာ မလွယ်ကူနေပေ။ အခွန်များပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ကောက်ရသည်။
အစည်းအရုံးဝင်များမှာ နယ်မြေ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း အကြိမ် များစွာ ဆွေးနွေး ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
နောက်တစ်ဆင့်မှာ လက်တွေ့ ဆောက်လုပ်ရေး ဖြစ်ပြီး ဂိမ်းမာ များစွာ၏ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်သည်။ အိမ်တစ်လုံး တည်ဆောက်ရန်မှာ တခြား ဂိမ်းများတွင်ကဲ့သို့ ခလုတ်နှိပ်ရုံဖြင့် မပြီးသွားပေ။ ဂိမ်းမာများမှာ အုတ်ခဲများကအစ တစ်လုံးချင်းစီ ကိုယ်တိုင် စီယူရသည်။ လအနည်းငယ်ကြာ ဂိမ်းကစားပြီး နောက်တွင် ဂိမ်းမာများမှာ ဆောက်လုပ်ရေး ကျွမ်းကျင်သူများ ဖြစ်နေကြလေပြီ။
သူတို့ကို လက်တွေ့ဘဝရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုထဲ အလုပ်ခန့်ထား လိုက်လျှင်ပင် သူတို့က ဝါရင့် ဆောက်လုပ်ရေး လုပ်သားများ ဖြစ်လာကြ ပေလိမ့်မည်။
အချို့ဂိမ်းမာများက အပြင်ဘက်တွင် ဆောက်လုပ်ရေးအလုပ် ရှာနိုင်ခဲ့ပြီး ဂိမ်းမာတစ်ဦးမှာ ဆိုလျှင် အလုပ်သမား ခေါင်းဆောင်ပင် ဖြစ်သွားသည်။ ထိုသတင်းက ဖိုရမ်ပေါ်တွင် ဟိုးလေးတကြော်ကြော်ပင်။
ဂိမ်းမာများ အားလုံးက အရည်အချင်း ရှိပြီး လအနည်းငယ် အတွင်း အလုပ်သမားခေါင်းဆောင် ဖြစ်လာလိမ့်မည်မျိုးတော့ မဟုတ်ပေ။ ဂိမ်းမာများတွင် စွမ်းဆောင်ရည် အလုံအလောက် ရှိသဖြင့် အိမ်တစ်လုံး ဆောက်လုပ်ရန်မှာ အသေးအဖွဲ့ ကိစ္စမျှသာ။ ဆောက်လုပ်ရေး ပစ္စည်းများ ဝယ်ယူခြင်း ကိစ္စကို စီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် ချမ်းသာသော ဂိမ်းမာများမှ ကိုင်တွယ်ခဲ့ကြသည်။
၎င်းမှာ ဆော့ဖ်တီ ဖြစ်၏။
ချမ်းသာသော ဂိမ်းမာများမှာ ငွေပမာဏ နည်းနည်းလောက်ဖြင့် အလွဲသုံစား လုပ်မည် မဟုတ်သောကြောင့် ဆောက်လုပ်ရေးရံပုံငွေ ငွေကိုင်ခိုင်းရန် စိတ်ချရသည်။ အခြား အစည်းအရုံးဝင်များသာ ငွေကိုင်လျှင် အလွဲသုံစား လုပ်ကောင်း လုပ်သွားနိုင်ပေသည်။
ဤဂိမ်းတွင် စံသတ်မှတ် ပေးထားသော ဈေးနှုန်းဟူ၍ မရှိပေ။ ယင်းက ဈေးနှုန်းအရှင် ဖြစ်သဖြင့် ရောင်းသူ ဝယ်သူ ဈေးဆစ်နိုင်ကြသည်။
ဗစ်တိုးရီးယားမြို့တွင် နဂါးမျိုးနွယ်သား၏ အစည်းအရုံး ကဲ့သို့သော ဆင်တူ ဖြစ်ရပ်များစွာ ရှိကြသည်။ သို့သော် ထာဝရတိုင်းပြည်ဘက်ရှိ အခြေအနေကတော့ အကောင်းမြင်နိုင်ဖွယ် မရှိပေ။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ သူတို့၏ ပထမဆုံး နယ်မြေကို ရရှိရန် ရုန်းကန် နေရဆဲပင်။ သူတို့ စိုးရိမ်နေခဲ့ ကြသော်လည်း ပျော်နေကြရဆဲပင်။
သူတို့ စိုးရိမ်နေရသည်က သူတို့ မစ်ရှင်တွင် တိုးတက်မှု တစ်စုံတစ်ရာ မရှိနေလို့ပင်။ ပျော်နေသည်ကတော့ သူတို့ တစ်ရက်လျှင် မှော်ကျောက်တုံး နှစ်တုံး ရနေလို့ပင်။ ထိုပျော်ရွှင်နေသော ဂိမ်းမာများမှာ အလုပ်,လုပ်ရန် အရွေးခံခဲ့ရသော ထာဝရတိုင်းပြည်မှ ဂိမ်းမာ ၁,၀၀၀ ဖြစ်ကြ၏။
ရှားလော့ခ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန် စိုးရိမ် နေသည်။
ပိုလီယိုနှင့် ဖီးနစ်တို့မှာလည်း နေ့စဉ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရှိနေကြသည်။
အရှင်ရှားလော့ခ်က သူတို့ နှစ်ဦးလုံးအား ပြောထားသည်။ "သူတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို မဖော်ထုတ်နိုင်မီအထိ မင်းတို့ နှစ်ယောက်လုံး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာပဲ နေရမယ်။"
ဖြစ်နိုင်ပါက ကြောင်နက် ပိုလီယိုမှာ အထက်တန်းစား နတ်ဆိုးအား တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု တိုင်ချက်တစ်ခု တိုင်ပေလိမ့်မည်။
"သူတို့ တကယ်ပဲ အပန်းဖြေဥယျာဉ် တည်ဆောက်နေကြတာ ဖြစ်မှာ။ ဘာဖြစ်လို့ လူတိုင်းက လျှို့ဝှက် အကြံအစည် တစ်ခုခု ရှိနေတယ်လို့ ထင်နေကြတာလဲ မသိ။ ထာဝရတိုင်းပြည်မှာတင် လျှို့ဝှက် အကြံအစည် အရမ်း များနေပြီ။ ငါတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေက အပြစ်ကင်းတယ်လို့ ထင်တယ်။"
ပိုလီယိုက ဆောက်လုပ်ရေး လုပ်ငန်းခွင် ဘေးတွင် ထိုင်ကာ ဖီးနစ်အား ညည်းတွား နေသည်။ ၎င်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရောက် တတိယမြောက်နေ့ ဖြစ်၏။ သူက နွေးထွေးပြီး သက်တောင့်သက်သာ ရှိသော ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ပြန်လိုသည်။ ထိုနေရာတွင် အနည်းဆုံးတော့ သူ ကြက်ဥခေါင်း ကွန်ပျူတာ ဂိမ်းများ ကစားနေသည်ကို စောင့်ကြည့်နိုင်ပြီး ကွန်ပျူတာမှ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို ခိုးကြည့်နိုင်ပေသည်။
သို့သော် ယခုတွင်တော့ သူ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်,လုပ် နေသည်ကိုသာ ကြည့်နိုင်တော့သည်။ ၎င်းမှာ အလွန် ပျင်းဖို့ ကောင်း၏။
ပိုလီယိုမှာ နေ့စဉ်နေ့တိုင်း ဤသို့ ပျင်းရိနေခြင်းတော့ မဟုတ်ပေ။ ပြီးခဲ့သည့် ရက်များက ဆိုလျှင် သူက အရှင်ရှားလော့ခ် ပေးထားသော မစ်ရှင်ကို လုံ့လဝီရိယ ရှိရှိဖြင့် လုပ်နေခဲ့သည်။ သူက အနက်ရောင် မြူခိုး အဖြစ် ပြောင်းကာ သံသယရှိဖွယ် လှုပ်ရှားမှုများအား ရှာဖွေရန် ဆောက်လုပ်ရေး လုပ်ငန်းခွင် ပတ်ပတ်လည်တွင် စောင့်ကြည့် နေပေလိမ့်မည်။
ရိုးရိုးသားသား ပြောရလျှင် ပိုလီယိုမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ပုန်ကန်မှုရန် စီစဉ်နေသည့် အဖြစ်အပျက်တချို့ ရှာတွေ့ခဲ့ပြီး ယင်းအကြောင်းကိုလည်း အရှင်ရှားလော့ခ်အား သတင်းပို့ခဲ့သည်။ ဂိမ်းမာများ အပြစ်ပေးခြင်း ခံရ၊ မခံရမှာ သူ့ကိစ္စ မဟုတ်ပေ။
သူက ကြီးကြီးမားမား ကူညီပေးခဲ့သည်ဟု ခံစားခဲ့ရသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ လျှို့ဝှက်ချက်ကိုတော့ မဖော်ထုတ် နိုင်သေးပေ။
"ငါတို့ရဲ့ မစ်ရှင်က အမှန်တရားကို စုံစမ်း စစ်ဆေးဖို့ပဲ။ မင်း ထာဝရတိုင်းပြည်ကို ပြန်ချင်ရင် အလုပ်မြန်မြန် လုပ်ပေါ့။"
ဖီးနစ်မှာလည်း မကျေမနပ် ဖြစ်နေပုံ ရ၏။ သူက အတောင်ပံ ခတ်ကာ စုံစမ်း စစ်ဆေးရန် ပျံသန်းထွက်သွားသည်။
ပိုလီယိုက တစ်ကိုယ်တည်း ပွစိပွစ ရွတ်ရင်း လက်ဖဝါးများကို လျက်ရန် ပြင်သည်။ သို့သော် သူ ရုတ်ချည်း ရပ်ကာ ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။