← Chapters

ဗိုလ်ချုပ် ချောကလက်

Vol. 38 Ch. 565

ဗိုလ်ချုပ် ချောကလက်

Vol. 38 Ch. 565

ချောကလက်မှာ ငရဲဘုံမှ နတ်ဆိုး တစ်ပါး ဖြစ်၏။

ချောကလက်က သူ၏ ရာထူးမှာ အထက်တန်းစား နတ်ဆိုး တစ်ပါးလောက် မမြင့်သော်လည်း စွမ်းဆောင်ရည်မှာတော့ တခြားသော အထက်တန်းစား နတ်ဆိုးများနှင့် တန်းတူပင် ဖြစ်သည်ဟု ယူဆထားသည်။

သို့သော် ငရဲဘုံတွင် မျိုးဆက်ခံ ရာထူးစနစ် ရှိသောကြောင့် သူ ထိုက်တန်သော ဆက်ဆံမှုတော့ မရပေ။

အစွမ်းထက် နတ်ဆိုးတပ်မှူး တစ်ဦး ဖြစ်သည့်တိုင် သူက ရှေ့တန်းတွင် တိုက်ခိုက်ရန် ရှေ့ပြေး တပ်ဖွဲ့ငယ်လေး တစ်ခုကိုသာ ဦးဆောင်ခဲ့ရသည်။

သူ၏ နတ်ဆိုးတပ်ဖွဲ့ကပင် ဤသာမန် မြေအောက်လောက သတ္တဝါများကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုသဖြင့် သူ မကျေမနပ် ဖြစ်နေခဲ့သည်။

သူ၏ စွမ်းဆောင်ရည်ဖြင့် ဆိုလျှင် ရှေ့ပြေးတပ်ဖွဲ့ တစ်ခု သက်သက်သာ မဟုတ်ဘဲ စစ်တပ် တစ်ခုကိုပင် ဦးဆောင်နိုင်သည်။

မမ်မွန်၏ စစ်တပ်ရှိ အထက်တန်းစား နတ်ဆိုးများက သူ့ကို အထင်သေးကြသည်။

သူ ပြန်ရောက်သည့်အခါ ထိုဗိုလ်ချုပ်များကို သင်ခန်းစာ ပေးပေလိမ့်မည်။

ထာဝရတိုင်းပြည်က ဆောက်လုပ်ရေး လုပ်ငန်းခွင် အပြင်ရှိ နေရာရွှေ့ပြောင်း ဝင်ပေါက်၏ မာနာရင်းမြစ်ကို ဖြတ်တောက် ထားလိမ့်မည်ဟု ထင်ထားသော်လည်း ထိုသို့ မဖြစ်ခဲ့ပေ။ ယင်းအစား နေရာရွှေ့ပြောင်း ဝင်ပေါက်အား ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပြီး ၎င်းထဲမှ အဆုံး မရှိဟန် ရသော ဂိုဘလင် အုပ်စုတစ်ခု ထွက်လာနေသည်။

အမှန်ပင်၊ ဂိုဘလင်များသာ။

ထာဝရတိုင်းပြည်က ဂိုဘလင်များကို အဓိက အင်အားစုအဖြစ် အများဆုံး အသုံးပြုသည့် ဒန်ဂျင်ဖြစ်၏။

ဘာလဲ။ ချောကလက်က သူ့တပ်ဖွဲ့များကို ထိုအောက်တန်းကျသော ဂိုဘလင်များနှင့် တိုက်ခိုက်ရန် ဦးဆောင် နေရသလော။

ချောကလက်မှာ ရန်သူများက ဂိုဘလင်များသာ ဖြစ်ကြောင်း သိသွားသည်နှင့် ဒေါသထွက် သွားသည်။

သူက လက်အောက်ငယ်သားများအား အမိန့် ပေးလိုက်သည်။ "ငါ မင်းတို့ကို ဒီဂိုဘလင်တွေကို အပိုင်းပိုင်း ခုတ်ပစ်ဖို့ အချိန် တစ်နာရီ ပေးမယ်။ မင်းတို့ နောက်နေ့ မနက်ရောက်တာနဲ့ ထာဝရတိုင်းပြည်ကို ကျူးကျော်ပြီး အရှင်မမ်မွန်ရဲ့ ရတနာကို ပြန်ယူနိုင်ရမယ်။"

ဗိုလ်ချုပ် ချောကလက် ထိုအမိန့် ပေးလိုက်သည်မှာ တစ်နာရီ ကြာသွားလေပြီ။

"ဗိုလ်ချုပ် ချောကလက်၊ ကျွန်တော်တို့ နတ်ဆိုး တစ်ပါး ဒဏ်ရာရသွားပြီ။"

ဘာလဲ။ တစ်နာရီကျော် ကြာပြီးသည့်တိုင် ထိုဂိုဘလင်များက ရှုံးနိမ့်သွားခြင်း မရှိပေ။ ယင်းအစား နတ်ဆိုး တစ်ပါးပင်လျှင် ဒဏ်ရာ ရသွားခဲ့သည်လော။

ဗိုလ်ချုပ် ချောကလက်မှာ နားမလည်နိုင်ခဲ့ပေ။ နတ်ဆိုး တစ်ပါး နေရာတွင် မတ်မတ်ရပ်ပြီး ဂိုဘလင်များအား သူ့ကို ပေးတိုက်ခိုက် ထားလျှင်ပင် သူ ဒဏ်ရာ ရလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ ဂိုဘလင်များတွင် မှော်အမြောက်များ ရှိနေသလော။

ဂိုဘလင်များ၏ နိမ့်ပါးသော ဉာဏ်ရည်ဖြင့် သူတို့က ရှုပ်ထွေးသော မှော်အမြောက်များကို အသုံးပြု လည်ပတ် နိုင်လိမ့်မည်လော။ သူတို့ ပစ်ခတ်မှုများ ပြုလုပ်ရန် မာနာစွမ်းအင် ရှိလိမ့်မည်လော။

ဗိုလ်ချုပ် ချောကလက်မှာ ဒေါသထွက်သွားသည်။

သူ၏ တပ်သားများအား ဥပမာပေးသည့် အနေဖြင့် ထိုဒဏ်ရာရ နတ်ဆိုးကို ကွပ်မျက်ပစ်ရန် ဆုံးဖြတ်ပြီး သူ ထရပ်လိုက်သည်။ သူက သူ့တပ်ဖွဲ့များ ဂိုဘလင်များကြောင့် ဒဏ်ရာရနေခြင်းကို လက်မခံ ပေးနိုင်ပေ။

ဒဏ်ရာရနတ်ဆိုးကို ရှာဖွေရန်မှာ မခက်ပေ။ အကြောင်းမှာ သူက ရှေ့တန်းမှ ဖယ်ရှားခြင်း ခံလိုက်ရပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အထူးနေရာ တစ်ခုတွင် ကုသခြင်း ခံယူနေရသောကြောင့်ပင်။

သူက သေလုမျောပါး ဒဏ်ရာရထားသည့် နတ်ဆိုးကို မြင်သည့်အခါ ထိတ်လန့် သွားသည်။ ဒဏ်ရာများမှာ ကြောက်မက်ဖွယ် ကောင်းလှသည်...

ယင်းဒဏ်ရာတို့က မြင့်မြတ်သော အလင်းတန်းစွမ်းအားကြောင့် ထိခိုက်ထားခြင်း ဖြစ်၏။

စေတန်၏ ကျေးဇူးတော်အားဖြင့်... ထာဝရတိုင်းပြည်မှ ဂိုဘလင်များတွင် အဘယ်ကြောင့် မြင့်မြတ်သော အလင်းတန်းစွမ်းအား ရှိနေသနည်း။ မည်သူက သူ့ လက်အောက်ငယ်သားကို ထိခိုက်စေရန် မြင့်မြတ်သော အလင်းတန်း စွမ်းအားကို အသုံးပြု ခဲ့သနည်း။

ချောကလက်တွင် အဖြေမရှိသော်လည်း ထာဝရတိုင်းပြည်တွင် မြင့်မြတ်သော အလင်းတန်းစွမ်းအား အသုံးပြုနိုင်သော မဟာမှော်အရှင်များ ရှိ၊ မရှိကို သူ ဂရုမစိုက်ပေ။ သူက ထာဝရတိုင်းပြည်ကို ကျူးကျော်ပြီး မမ်မွန်၏ လက်ထောက်ကို သတ်ခဲ့သော ရဲတင်းသည့် ထိုရှားလော့ခ်ကို ဖမ်းဆီးလိုသည်။ ထို့နောက် သူက ရှားလော့ခ်ကို သင့်တော်သလို စစ်ဆေးမေးမြန်း ပေလိမ့်မည်။

အဆင့်အတန်းမြင့် လူကုံထံမျိုးနွယ် ဖြစ်ပြီးသား အထက်တန်းစား နတ်ဆိုး ရှားလော့ခ်က အဘယ်ကြောင့် မမ်မွန်ကို ဆန့်ကျင်လိုသည်ကို ဗိုလ်ချုပ် ချောကလက် မသိပေ။

ဘာပဲ ဖြစ်ဖြစ် ရှားလော့ခ်မှာ သေဆုံးရတော့မည်။

"ငါ မင်းတို့ကို နေရာရွှေ့ပြောင်း ဝင်ပေါက်ကို သိမ်းပိုက်ပြီး ထာဝရတိုင်းပြည်ကို ကျူးကျော်ဖို့ သုံးနာရီ အချိန်ထပ်ပေးမယ်။ မနက်ဖြန် မနက်ဆိုတာနဲ့ ငါ့ ရှေ့မှာ ဒူးထောက်နေတဲ့ ရှားလော့ခ်ကို မြင်ချင်တယ်။"

သူ၏ လက်အောက်ငယ်သားများမှာ နောက်တစ်ကြိမ် တိုက်စစ်ဆင်ရန် ဆွေးနွေးကြသည်။

ဗိုလ်ချုပ် ချောကလက်တွင် နတ်ဆိုး စစ်သည်တော် အယောက် ၁,၀၀၀ သာ ရှိနေသည့်တိုင် ယင်းက ထာဝရတိုင်းပြည် ကဲ့သို့သော ဒန်ဂျင်ငယ်လေး တစ်ခုကို ကျူးကျော်ရန် လုံလောက်သည်ထက် ပိုသည်။

အထူးသဖြင့် ထာဝရတိုင်းပြည်ကဲ့သို့သော ဂိုဘလင်များ အများဆုံးရှိသည့် ဒန်ဂျင်ဖြစ်နေသည့် အခါတွင်ပင်။ နောက်သုံးနာရီ အကြာတွင်...

"ဗိုလ်ချုပ်၊ ကျွန်တော်တို့ ... ကျွန်တော်တို့ ဂိုဘလင်တွေရဲ့ အဝိုင်းခံထားရတယ်။"

"ဘာလဲ။ အဝိုင်းခံထားရတာလား။"

ဗိုလ်ချုပ် ချောကလက် ထရပ် လိုက်သည်။ ထာဝရတိုင်းပြည်တွင် ဝံပုလွေလူသား စစ်တပ် သို့မဟုတ် သွေးစုပ်ဖုတ်ကောင် စစ်တပ် ကဲ့သို့သော အားကောင်းသော စစ်တပ် တစ်ခု ရှိနေသည်လော။

ဗိုလ်ချုပ် ချောကလက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ နယ်စပ်သို့ သွားပြီး မြင့်မားသော ဆောက်လုပ်ရေး ငြမ်းများပေါ် တက်ကာ တိုက်ပွဲကို အပေါ်စီးမှ အကဲခတ် လိုက်သည်။

ပုရွက်ဆိတ်များကဲ့သို့ ထူထပ်များပြားလှသည့် ဂိုဘလင် အုပ်စုများက ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ နယ်စပ်ကို ဝိုင်းထားကြသည်။ အကယ်၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ပတ်ပတ်လည် ကာပေးထားသည့် အတားအဆီးများနှင့် ခိုင်ခံ့သော တံတိုင်းများသာ မရှိနေပါက ထိုဂိုဘလင်များမှာ ပြေးဝင် တိုက်ခိုက်ကြ ပေလောက်သည်။ ဂိုဘလင်များမှာ မာနာပေါက်ကွဲမှု လှိုင်းကြောင့် ဖြစ်လာသော တံတိုင်းရှိ အပေါက်တစ်ခု ရှေ့တွင် စုရုံး နေကြသည်။

သူ့ နတ်ဆိုး စစ်သည်တော်များမှာ အဆက်မပြတ် ဖောက်ခွဲခံနေရသော ထိုအပေါက်ဝတွင် ရပ်ကာ ဒိုင်းကြီးများဖြင့် မိမိကိုယ်ကို ကာကွယ် နေကြရသည်။ ကျောက်တုံးများကိုမူ အဝေးမှ ပစ်လွှတ်စက်များဖြင့် ပစ်လွှတ် နေကြသည်။ ရန်သူမှာ ထိုပေါက်ကွဲမှုများနှင့် ကျောက်တုံးများက သူတို့မိတ်ဆွေ ဂိုဘလင်များကို ထိခိုက်စေမည်၊ မထိခိုက်စေမည်ကို ထည့်စဉ်းစားခြင်း မရှိပေ။ ပစ်နိုင်သမျှ အရာရာတိုင်းကို မျက်စိမှိတ် ပစ်လွှတ် နေကြသည်။

ကြီးမားသော မြို့ရိုးဖြို လက်နက်ကြီးများကို အနီးရှိ နေရာ တစ်ခုတွင် ဖြန့်ကျက် ထားသည်။

"ဘာဖြစ်လို့ ငါတို့ဘက်က မြို့ရိုးဖြို လက်နက်ကြီးတွေကို ဖျက်ဆီးဖို့ တပ်ဖွဲ့ မလွှတ်တာလဲ။"

ဗိုလ်ချုပ် ချောကလက်မှာ ဒေါသတကြီးဖြင့် အနားမှ လက်ထောက် တစ်ဦးကို ဖမ်းဆွဲကာ မာမာထန်ထန် မေးလိုက်သည်။

သူက ထိုဂိုဘလင်များ သူ၏ နတ်ဆိုး စစ်သည်တော်များကို အနိုင် ယူနိုင်မည်ဟု မထင်ပေ။ သို့သော် မြို့ရိုးဖြို လက်နက်ကြီးများက သူ၏ စစ်သည်တော်များအား နေရာရွှေ့ပြောင်း ဝင်ပေါက်ဆီ ချီတက် မသိမ်းပိုက်နိုင်ရန် တားထား နိုင်သည်။

မကျေမနပ် ဖြစ်နေသော လက်ထောက်က ဗိုလ်ချုပ် ချောကလက်အား ပြောလိုက်သည်။ "ဗိုလ်ချုပ်၊ ကျွန်တော်တို့ တိုက်ခိုက်ရေး တပ်ဖွဲ့ တစ်ခု လွှတ်ခဲ့သေးတယ်၊ ဒါပေမဲ့ အဆုံးမရှိတဲ့ ဂိုဘလင် အုပ်စုကြီးက ခွေးသန်းတွေလို ပြန်ပြန် ထွက်လာတာ။ ကျွန်တော်တို့ လူအရေအတွက် နည်းလို့ သူတို့ အားလုံးကို မသတ်ပစ်နိုင်ဘူး။"

"ကျွန်တော်တို့ ချီတက် တိုက်ခိုက်တုန်းက မြို့ရိုးဖြို လက်နက်ကြီးတွေက မိတ်ဆွေ ရန်သူ မခွဲဘဲ မဲမဲမြင်ရာ အကုန် လျှောက်ပစ်တာဗျ။ တိုက်ခိုက်ခံရတဲ့ ဂိုဘလင်တွေကလည်း အရှင်ထွက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ သူတို့က ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် ပုံစံနဲ့ ပြေးဝင် တိုက်ခိုက်ကြတာ။"

ဂိုဘလင်များက နတ်ဆိုးများကို ထိခိုက်မှု မပေးနိုင်သော်လည်း မြို့ရိုးဖြို လက်နက်ကြီးများကတော့ မတူပေ။ လောက်လွှဲကြီးများဖြင့် ပစ်လွှတ်သော ကျောက်တုံးများမှာ အလွန် အားပြင်းလှ၏။ သို့သော် ဆီးအိတ်ဗုံး ပေါက်ကွဲမှုများက ပိုကြောက်ဖို့ ကောင်း၏။ ဂိုဘလင်များတွင် ထိုထူးဆန်းသော ဗုံးများ ရှိနေ၊ မရှိနေကို ဘယ်သူမှ ခွဲခြား မသိနိုင်ပေ။

ဗိုလ်ချုပ် ချောကလက်က မျက်မှောင် ကြုတ်ကာ သူ့ ခါးမှ လက်နက်ကြီးကို ထုတ်လိုက်သည်။

သူက တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် တော့မည်။

All Chapters