← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁) နတ်ဆိုးစွမ်းအင်ပုံစံအတတ်။ နတ်ဆိုးတစ်ပိုင်းကျန်းရှန့်။ (၃)

“အနက်ရောင်ဘောလုံးထဲက စွမ်းအင်က အားနည်းနေပြီ။ အများဆုံး ရှစ်ခါ ကိုးခါလောက်ပဲ သုံးလို့ရတော့မယ်လို့ ထင်တယ်” စူးချန်ခုန်းက တွေးလိုက်သည်။ “နတ်ဆိုးစွမ်းအင်ပုံစံအတတ်ရဲ့ နတ်ဘုရားစွမ်းအင် ပန်းချီကားကို သေသေချာချာ နားလည်နိုင်အောင် ငါ့ရဲ့ တောက်ယင်နည်းပညာကို အရင်အဆင့်တက်အောင်လုပ်ပြီး ငါ့သက်တမ်းတိုးလာတဲ့အထိ ငါ့စွမ်းရည်တန်ဖိုး နောက်တစ်ဆင့်ကိုရောက်တဲ့အထိ စောင့်သင့်တယ်။”

ခဏတာစဉ်းစားပြီးနောက် စူးချန်ခုန်း ဆက်မလေ့လာတော့ပေ။

အနက်ရောင်ဘောလုံးထဲက စွမ်းအင်က အကန့်အသတ်ရှိပြီး ကျင့်ကြံနည်းလမ်း တိတိကျကျမရှိဘဲ နားလည်ဖို့ခက်ခဲသည်။ ဧရာမဝေလငါးနည်းပညာထက် အဆင့်များစွာ ပိုမိုမြင့်သည်။ စူးချန်ခုန်း၏ လက်ရှိနားလည်မှုအဆင့်ဖြင့် အကန့်အသတ်ရှိသော အကြိမ်ရေအတွင်း အနှစ်သာရကို သူနားလည်နိုင်မလားဆိုတာ မသေချာပါ။

သို့သော် စူးချန်ခုန်း၏ တောက်ယင်နည်းပညာသည် အဆင့်ခုနစ်တွင်သာရှိပြီး အဆင့်ရှစ်သို့ ထိုးဖောက်ဝင်ရောက်ရန်မှာ သူ့အတွက် အချိန်တစ်ခုသာလိုသည်။ ထို့ကြောင့် စူးချန်ခုန်းသည် သူ ထိုပန်းချီကားကို နားလည်သဘောပေါက်ဖို့ အခွင့်အရေးကို အလဟဿ မဖြစ်စေဘဲ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီး သူ၏ စွမ်းရည်တန်ဖိုးများ ပိုမိုမြင့်တက်လာမှသာ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် စူးချန်ခုန်းသည် ခါတိုင်းလိုပင် သူ၏နေ့စဉ် လေ့ကျင့်မှု လုပ်ရိုးလုပ်စဉ်ကို စတင်ခဲ့ပြီး မနက်နှင့် ညနေများတွင် တောက်ယင်နည်းပညာကို အဓိကထား၍ လေ့ကျင့်ခဲ့သည်။

“စစ်သူကြီးဟုန် ဘယ်လိုနေသေးလဲ။”

ဤကာလအတွင်း တိဟန်သည် စူးချန်ခုန်းထံ လာရောက်လည်ပတ်ခဲ့ပြီး စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်၏ အခြေအနေအကြောင်း မေးလိုက်သည်။

တိဟန်သည် ဟုန်ကျန်းရှန့်နှင့် အနီးကပ်နေပြီးနှင့် ယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦးဖြစ်သည်။ သူက ခဏတာ တွန့်ဆုတ်နေပြီး စူးချန်ခုန်း၏ အထောက်အထားနှင့် လုပ်ရပ်များကို ပြန်အမှတ်ရပြီးနောက် အမှန်တရားကို ဖုံးကွယ်ထားဖို့ မလိုအပ်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် တိဟန်က “စစ်သူကြီးဟုန်… သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သူရဲ့အဓိက စွမ်းအင်လမ်းကြောင်း ပြတ်တောက်သွားပြီ… အခုကစပြီး နေ့စဉ် လှုပ်ရှားသွားလာဖို့ အကူအညီ လိုအပ်လာတော့မှာ” ဟု ပြောပြသည်။

တိဟန်သည် သူ၏ ဝမ်းနည်းမှုနှင့် ဒေါသတရားကို ဖုံးမထားနိုင်ခဲ့။ ဒါက ဟုန်ကျန်းရှန့်ကို သတ်လိုသော မိစ္ဆာလူသားနှင့် တစ်ခုခု ဆက်စပ်နေကြောင်း သူသိသည်။ အသေးစိတ် အချက်အလက်တွေကို မသိပေမယ့် ဟုန်ကျန်းရှန့်ကို သွားရောက်ကြည့်ရှုပြီး ပြုစုစောင့်ရှောက်စဉ်အတွင်း တိဟန်ဟာ တစ်ချိန်က သံမဏိလို မာကျောတဲ့လူတစ်ယောက်ဟာ အခုအချိန်မှာ အစာစားဖို့တောင် အကူအညီလိုအပ်နေတယ်ဆိုတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

“ဒါက…” ကြိုတွေးထားပေမယ့် စူးချန်ခုန်းဟာ စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ခဲ့။ သူဟာ ဟုန်ကျန်းရှန့်နဲ့ ရင်းနှီးခဲ့ပေမယ့် အခုတော့ အနှီလူဟာ ဒီလောက်ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပြီး မသန်စွမ်းသူနီးပါး ဖြစ်နေလေပြီ။

တိဟန် ထွက်သွားပြီးနောက် စူးချန်ခုန်းက သက်ပြင်းချလိုက်သည် “မွေးရာပါနယ်ပယ်… ငါတကယ်ပဲ မွေးရာပါချီကို သန့်စင်ဖို့ လိုအပ်တာပါလား”

မွေးရာပါနယ်ပယ်ကို ရောက်ဖို့အတွက် မွေးရာပါချီကို အသုံးပြုပြီး မွေးရာပါခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းရမည်။ ကောင်းကင်ဘုံရဲ့ ဝိညာဉ်စွမ်းအင်ကို ဖွင့်ရမည်။ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို သန့်စင်ရမည်။ ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင်လုပ်ရမည်။ ကောင်းကင်၊ မြေကြီးနဲ့ လူသားဆိုတဲ့ ပန်းသုံးပွင့်ကို စုစည်းရမည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်တောင်မှ ဝိညာဉ်စွမ်းအင်ကို သန့်စင်ပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့ ကောင်းကင်ဘုံရဲ့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရသည်။ ဒါပေမယ့် အဲဒီအရေးပေါ်အခြေအနေတုန်းက ဟုန်ကျန်းရှန့်ဟာ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ဆွဲသွင်းခဲ့သည်။ ဒါက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့အတူတူပင်။

သူ အသက်ရှင်နေတာက ကံကောင်းလို့သာဖြစ်သည်။ သို့ပေမယ့် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်က သူ့ရဲ့ အဓိက စွမ်းအင်လမ်းကြောင်းကို ဆုတ်ဖြဲပစ်လိုက်တာကြောင့် သူ့ကို မသန်မစွမ်းဖြစ်သွားစေခဲ့သည်။

ဟုန်ကျန်းရှန့်ကို သနားမိပြီး သူ့အတွက် ဝမ်းနည်းရပေမယ့် စူးချန်ခုန်းမှာ သူ့ကို ကူညီနိုင်စွမ်းမရှိပါ။ သူက စစ်သူကြီးဟုန်ဆီ သွားလည်ချင်ပေမယ့် သူ့ရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားကြည့်ရင် ဟုန်ကျန်းရှန့်က အပြင်လူတွေ သူ့ကို ဒီလိုမြင်စေချင်မှာ မဟုတ်သောကြောင့် စူးချန်ခုန်းက တွေ့ချင်စိတ်ကို ထိန်းချုပ်ထားရုံသာ။

“မွေးရာပါချီမရှိရင် မွေးရာပါခန္ဓာကိုယ်ဖြစ်လာဖို့… ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအင်ကို အတင်းဆွဲထည့်တာက သေလမ်းရှာတာပဲ။” ဟုန်ကျန်းရှန့်နှင့်ပတ်သက်သည့်ဖြစ်ရပ်သည် မွေးရာပါခန္ဓာကိုယ်မဟုတ်ဘဲ မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန် ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ကို ဆွဲသွင်းဖို့ကြိုးစားခြင်းသည် သေဆုံးနိုင်ခြေရှိရုံသာမက မသန်မစွမ်းပါဖြစ်စေနိုင်ကြောင်း စူးချန်ခုန်းအား သတိပေးနေခြင်းပင်။ ဒါကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါ။

မျက်စိတစ်မှိတ်အတွင်း မော့ယင်နှင့်တိုက်ပွဲဖြစ်ပြီး တစ်လခွဲနီးပါး ကုန်ဆုံးသွားခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်ပြီး ကျက်သရေရှိလှသည့် အိမ်တော်ကြီးထဲတွင် ဟုန်ကျန်းရှန့် ပြန်လည်ကောင်းမွန်လာသည့်နေရာဖြစ်သည်။

ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော တိဟန်သည် စစ်သူကြီးဟုန်ထံ လာရောက်လည်ပတ်ပြီး တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာရပ်ကာ တံခါးခေါက်ရမလား မခေါက်ရမလား တွန့်ဆုတ်နေလေ၏။

ဟုန်ကျန်းရှန့်သည် အခုအချိန်တွင် မသန်စွမ်းဖြစ်နေသည်ဖြစ်ရာ အပြင်လူများက သူ့ကို ဤမျှအားနည်းနေသောအခြေအနေကို မမြင်တွေ့စေလိုကြောင်း တိဟန်လည်း နားလည်ပါသည်။ အခြားသူများ၏ စိုးရိမ်ပူပန်မှုနှင့် အာရုံစိုက်မှုက သူ့အား ပို၍စိတ်ဆင်းရဲစေမည်ဖြစ်သည်။

“တိဟန်လား။ ဝင်လာခဲ့။”

ဒါပေမယ့် တိဟန် အံ့အားသင့်သွားရတာက တံခါးခေါက်ဖို့ တွန့်ဆုတ်နေတုန်းမှာပဲ အထဲကနေ တည်ငြိမ်တဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။

“အမ်.. စစ်သူကြီးဟုန်.. ကျွန်တော် ဝင်ခဲ့မယ်နော်။”

တိဟန်က ပြန်ဖြေပြီးနောက် တွန့်ဆုတ်မနေဘဲ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။

ဒါပေမယ့် အခန်းထဲဝင်လာတဲ့အခါ တိဟန်ရဲ့ ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။ အခန်းထဲမှာ ဖယောင်းတိုင်မီးရောင်ရဲ့ မှိန်ပျပျ အလင်းရောင်သာရှိပြီး မှုန်မှိုင်းနေသလို ခံစားရသည်။ မှောင်မိုက်တဲ့ထောင့်တစ်နေရာမှာ အသံတိတ်ထိုင်နေတဲ့ အရိပ်ကြီးတစ်ခုက သူ့ကို စိုက်ကြည့်နေပြီး သူမျက်လုံးတွေက သွေးရောင်တလက်လက်နှင့် တောက်ပနေရာ အကြောက်တရားကို အလိုလို နှိုးဆွပေးနေသည့်နှယ်။

လေထုထဲမှာ အန္တရာယ်များတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေပြီး တိဟန် အသက်ရှူကြပ်သွားသည်။

ထိုသွေးသံရဲရဲ မျက်လုံးတွေက သူ့ကို သားကောင်တစ်ကောင်လို စိုက်ကြည့်နေသလိုမျိုး သူ့ရင်ဘတ်ကို စူးစိုက်ကြည့်နေကာ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ့ကိုယ်ကို ခွဲပြီး ဖောက်ထုတ်တော့မည်နှယ်။

“စစ်သူကြီးဟုန်၊ ကျွန်တော်ပါ”

သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ တိဟန် အော်ပြောလိုက်သည်။

ထောင့်မှာထိုင်နေတဲ့ လူထွားကြီးက အနည်းငယ်တုန်သွားပြီး မျက်လုံးထဲက သွေးရောင်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ထိုထောင့်မှာထိုင်နေတဲ့ သူက ဟုန်ကျန်းရှန့်ပင်ဖြစ်သည်။ သူက သူ့မျက်နှာကိုဖုံးထားတဲ့ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးတွေကိုပဲ ဖော်ထားသည်။

တိဟန်က အံ့ဩတကြီးနှင့် “စစ်သူကြီးဟုန်… ဘာလိုလုပ်ပြီး… ထလာတာလဲ” ဟုမေးလိုက်သည်။

ရက်အနည်းငယ်က တိဟန်သည် စစ်သူကြီးဟုန်ကို လာကြည့်ခဲ့သည်။ စစ်သူကြီးဟုန်က ဒဏ်ရာရထားတာဖြစ်လို့ အိပ်ရာကနေထဖို့တောင် ရုန်းကန်နေရသည်။ ဒါပေမယ့် အခုတော့ သူဟာ ဘာထိခိုက်ဒဏ်ရာမှ မရှိတော့သလိုပင်။ ကြွက်က ကြောင်ကိုရင်ဆိုင်နေရသည့်နှယ် သူ့မှာ အလိုလို ကြောက်စိတ်ထွက်ပေါ်လာသည်။

“အမ်… တိဟန်၊ မင်းရောက်လာတာ အတော်ပဲ။ ငါမင်းကို နှုတ်ဆက်ဖို့ ထွက်လာတော့မလို့” စစ်သူကြီးဟုန်က ရှုပ်ထွေးတဲ့အမူအရာနဲ့ ပြန်ဖြေ၏။

“နှုတ်ဆက်မယ်?” တိဟန်က ဇဝေဇဝါဖြစ်နေပြီး စစ်သူကြီးဟုန် ဘာပြောနေလဲဆိုတာ နားမလည်နိုင်သေး။ ဒီနေ့စစ်သူကြီးဟုန်က သူ့အတွက် အရမ်းကြောက်စရာကောင်းပြီး မရင်းနှီးသလို ခံစားရသည်။

နောက်ထပ်စကားတစ်ခွန်းမှ မဆိုဘဲ ဟုန်ကျန်းရှန့်က သူ့ခြေထောက်ပေါ် ထရပ်လိုက်ပြီး ဖျတ်ကနဲနှင့် ခြံဝင်းထဲကနေ တစ္ဆေတစ်ကောင်လို ပျောက်ကွယ်သွားတော့သည်။

…

အိုက်ဝေ့အိမ်တော် ညဉ့်နက်သန်းခေါင်ယံအချိန်၌ ကုတင်ပေါ်မှာ ငြိမ်သက်စွာ အသက်ရှူသွင်းရှူထုတ်လုပ်နေတဲ့ စူးချန်ခုန်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ကုတင်ဘေးမှာ ထားထားတဲ့ သံဖြတ်ဓားကို မြန်မြန်ဆန်ဆန် ဆွဲယူလိုက်ပြီး အခန်းထဲကနေ ဖျတ်ကနဲ ပြေးထွက်လာသည်။

အိမ်ဝင်းထဲမှာ အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ အရပ်ရှည်ရှည်နှင့် အရိပ်ကြီးတစ်ခုက တိတ်တဆိတ် ရပ်နေ၏။

“ဘယ်သူလဲ”

အော်ပြောလိုက်ရင်း စူးချန်ခုန်းရဲ့ မျက်နှာဟာ မကြုံစဖူး တည်ကြည်နေသည်။

စူးချန်ခုန်းရဲ့အမြင်မှာ အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့ ဒီပုဂ္ဂိုလ်ဟာ အလွန်အန္တရာယ်များပြီး တော်တော်လေး ခြိမ်းခြောက်မှုများကာ မော့ယင်နဲ့ အနီရောင်ဝတ်ထားတဲ့ ဟုန်ယင်တို့ရဲ့ ပေါင်းစပ်အင်အားထက်တောင် ပိုကြောက်စရာကောင်းလေသည်။

အခန်း (၃၆၂) တောက်ယင်နည်းပညာနှင့် ဝိညာဉ်စွမ်းအင်။ တာ့ဖုန်း၏ ခေါင်းဆောင်အသစ်။ (၁)

“ညီလေးစူး၊ အစ်ကိုပါ။”

အနက်ရောင်ဝတ်ရုံဝတ်ထားသော ထိုပုဂ္ဂိုလ်သည် စူးချန်ခုန်းကို ကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး ခေါင်းဆောင်းအောက်တွင် သိသာထင်ရှားသည့် အသွင်အပြင်ရှိသော မျက်နှာတစ်ခုကို ဖော်ထုတ်လိုက်သည်။ သူက ဟုန်ကျန်းရှန့်ပင်ဖြစ်သည်။

“စစ်သူကြီးဟုန်… ဒဏ်ရာရထား…”

စူးချန်ခုန်းသည်လည်း သူ့ရှေ့က ဟုန်ကျန်းရှန့်ကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။ ဟုန်ကျန်းရှန့်က သူ့ရဲ့ဒဏ်ရာတွေကြောင့် မသန်မစွမ်းဖြစ်နေတာမဟုတ်ဘူးလား။

ထို့အပြင် စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်ထံမှ မော့ယင်နှင့် အနီရောင်ဝတ်စုံနှင့် ဆင်တူသော အသက်ရှူနှုန်းကို ခံစားလိုက်ရသော်လည်း ဟုန်ကျန်းရှန့်ရဲ့ အသက်ရှူနှုန်းက ပို၍အစွမ်းထက်လေသည်။

“စစ်သူကြီးဟုန်… နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်လိုက်ပြီလား။” စူးချန်ခုန်းက မသိနားမလည်သူမဟုတ်ပါ။ သူရုတ်တရက် တစ်ခုခုကို တွေးမိပြီး ပြောလိုက်သည်။

ဟုန်ကျန်းရှန့်ရဲ့ အဓိကစွမ်းအင်လမ်းကြောင်းတွေ ပျက်စီးသွားခဲ့ပြီး ဒါက သာမန်သိုင်းပညာရှင်တစ်ယောက်အတွက် ပျောက်ကင်းဖို့ မလွယ်တဲ့ ဒဏ်ရာတစ်ခုလိုပင်။ ဒါပေမယ့် ဟုန်ကျန်းရှန့်ကတော့ အဲဒီမှာ ရပ်နေပြီး ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘဲ အရင်ကထက် ပိုအားကောင်းနေသည်။ စူးချန်ခုန်းက အကြောင်းရင်းကို ဘယ်လိုလုပ် မခန့်မှန်းမိဘဲ နေမည်နည်း။

ပျက်စီးသွားတဲ့ အဓိက စွမ်းအင်လမ်းကြောင်းတွေဟာ ကုသရခက်တာကြောင့် သိုင်းပညာရှင်တစ်ယောက်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်သည်။ ဒါပေမယ့် မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိတဲ့ မိစ္ဆာနတ်ဆိုးတစ်ကောင်အတွက်တော့ ဒီလိုဒဏ်ရာတွေဟာ လက်ချောင်းပေါ်က ရှရာလောက်တောင် အရေးမကြီးပါ။

မသန်မစွမ်းဖြစ်နေတဲ့ ဟုန်ကျန်းရှန့်ဟာ တခြားသူတွေ ကျွေးမွေးစောင့်ရှောက်ဖို့ လိုအပ်နေတဲ့သူတစ်ယောက် ဖြစ်လာမှာကို မခံစားနိုင်တာကြောင့် သူ့နှလုံးသားထဲမှာ နတ်ဆိုးအမြုတေတစ်ခုကို ထည့်သွင်းဖို့ ရွေးချယ်ခဲ့သည်။

ဒါက အလွန်အမင်း အန္တရာယ်များလှသည်။ မအောင်မြင်ရင် သေဆုံးနိုင်ပေမယ့် ဟုန်ကျန်းရှန့်ကတော့ အောင်မြင်သွားခဲ့သည်။

“ဟုတ်တယ်… ငါက မသန်မစွမ်းအဖြစ် နေထိုင်မယ့်အစား တိုက်ပွဲမှာပဲဖြစ်ဖြစ် အသက်ကြီးမှပဲဖြစ်ဖြစ် သေချင်တာ။ အခု ငါ ပြန်လည်မွေးဖွားလာပြီ။ မွေးရာပါနယ်ပယ်ကို ရောက်ဖို့ ဒီလောက်လွယ်လွယ်နဲ့ ရလိမ့်မယ်လို့ တစ်ခါမှ ငါမတွေးဖူးဘူး။”

ဟုန်ကျန်းရှန့်သည် အမှောင်ထဲတွင် မျက်လုံးများက ခပ်ဖျော့ဖျော့နီကာ တလက်လက် တောက်ပနေလျက် အတိတ်ကို ပြန်တွေးရင်း ဝန်ခံခဲ့သည်။

ဟုန်ကျန်းရှန့်က အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်သည်။ ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ့်နှစ်ပြီးနောက် သူသည် သဘာဝတရား၏ ဝိညာဉ်ရေးစွမ်းအင်ကို ခံစားနိုင်သော်လည်း သူ့မှာမွေးရာပါခန္ဓာကိုယ်မရှိသလို ကောင်းကင်ဘုံ၏ သွေးကြောကိုလည်း မဖွင့်နိုင်သောကြောင့် ထိုဝိညာဉ်စွမ်းအင်ကို သန့်စင်နိုင်ခြင်းမရှိပေ။ သူက ဤအတားအဆီးတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။

ဟုန်ယင်နှင့်တိုက်သည့် တိုက်ပွဲတစ်ခုကြောင့် သူသည် ဝိညာဉ်ရေးစွမ်းအင်ကို အတင်းစုပ်ယူခဲ့ရာ ထိုအရာက သူ့ကို မသန်မစွမ်းအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

စိတ်ပိုင်းဖြတ်လျက် ဟုန်ကျန်းရှန့်သည် နတ်ဆိုးအမြုတေနှင့် ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ပြီး ပြောပြလို့မရနိုင်လောက်သည်အထိ ပြင်းထန်သော ဝေဒနာကို သည်းခံကာ ထိုဝေဒနာက သေခြင်းတရားထက်ပင် ပိုဆိုးသော်လည်း နောက်ဆုံးတွင် သူ အောင်မြင်ခဲ့သည်။

သူ့ရဲ့ဒဏ်ရာက အလွယ်တကူ ပျောက်ကင်းသွားရုံသာမက သဘာဝတရား၏ ဝိညာဉ်ရေးစွမ်းအင်ကို အတင်းအကျပ် သန့်စင်နိုင်ခဲ့ပြီး မွေးရာပါခန္ဓာကိုယ် မလိုအပ်ဘဲ မွေးရာပါနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။

ဟုန်ကျန်းရှန့်ဟာ သူ့ဘဝအတွက် အခွင့်အလမ်းအသစ်တစ်ခု ရရှိခဲ့သလိုပဲ အရင်က သူဟာ အရေးမပါလွန်းပြီး အားနည်းလွန်းသလို ခံစားရသည်။

စူးချန်ခုန်း တိတ်ဆိတ်သွားခဲ့သည်။ သူတို့ရဲ့အခြေအနေတွေသာ ပြောင်းပြန်ဖြစ်သွားခဲ့ရင် သူလည်း အဲဒီလိုပဲ ရွေးချယ်မှာလား။

တစ်သက်လုံး မသန်မစွမ်းတစ်ယောက်အဖြစ်နဲ့ နေမှာလား။ ဒါမှမဟုတ် ပိုပြီး အဆင့်မြင့်တဲ့ဘဝမှာ နေထိုင်နိုင်ဖို့ အခွင့်အရေးနဲ့ အရာအားလုံးကို လောင်းကြေးထပ်မှာလား။ အဲ့တာက လူတစ်ဝက်၊ မိစ္ဆာတစ်ဝက် ဖြစ်လာရမယ်ဆိုရင်တောင်မှပေါ့။

“နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ပြီးတော့… ငါ အများကြီး ပြောင်းလဲသွားတယ်” ဟုန်ကျန်းရှန့်က ခပ်တိုးတိုးဆို၏။ “ငါ ပိုအေးစက်လာပြီး သွေးဆာလာသလို ခံစားရတယ်။ ငါ့ရဲ့ ညီအစ်ကိုဟောင်းတွေနဲ့ တွေ့တဲ့အခါ သူတို့ကို ဆွဲဖြဲပြီး သူတို့ရဲ့သွေးကို မြည်းစမ်းကြည့်ချင်လာတယ်…”

ပြောနေရင်းနှင့် နောင်တရခြင်းနှင့် ဝမ်းနည်းခြင်း မျက်ရည်များသည် ဟုန်ကျန်းရှန့်၏ မျက်လုံးထောင့်များတစ်လျှောက် စီးကျလာခဲ့သည်။ သူ့ရဲ့ရွေးချယ်မှု မှန်မမှန် သူမသိပါ။ သူသည် နတ်ဆိုးအမြုတေနှင့် ပေါင်းစည်းခဲ့ပြီး ကျန်းမာသောခန္ဓာကိုယ်ကို ပြန်လည်ရရှိခဲ့ကာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း မရောက်နိုင်သော အခြေအနေကို ရောက်ခဲ့သော်လည်း တကယ်ကို ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။

သူ့၏စိတ်နေစိတ်ထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။ ယခုအခါတွင် သူငယ်ချင်းဟောင်းများ၊ ညီအစ်ကိုများနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ သွေးဆာနေသော ဗီဇအသစ်ကို မလွှတ်တမ်း ထိန်းချုပ်ထားရသည်။ ထို့အပြင် သူတစ်ချိန်က ကာကွယ်လိုခဲ့သည့်အရာများသည် ယခုအခါ အရေးမကြီးတော့သလို ခံစားရပြီး အရာရာဟာ အရင်လိုမဟုတ်တော့ပေ။

ဟုန်ကျန်းရှန့်ကိုယ်တိုင်တောင် သူက အရင်ကလိုလူ ဖြစ်နေတုန်းပဲလား ဒါမှမဟုတ် အခြားလူတစ်ယောက် ဖြစ်လာပြီလား လုံးဝအခြားတစ်ယောက် ဖြစ်သွားပြီလား မသိတော့ပေ။

စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်၏ ဝေဒနာကို ခံစားနိုင်သော်လည်း သူဘယ်လိုနှစ်သိမ့်ပေးရမလဲမသိပေ။ သူပေးနိုင်သော နှစ်သိမ့်မှုတိုင်းကလည်း အသုံးမဝင်ကြောင်း သူကောင်းကောင်းသိသည်။

အသက်ကို ပြင်းပြင်းရှူပြီး ဟုန်ကျန်းရှန့်က သူ့ခံစားချက်တွေကို တည်ငြိမ်အောင်ထိန်းကာ စူးချန်ခုန်းကို ပြော လိုက်သည်။ "ညီငယ်စု၊ ငါနှုတ်ဆက်ဖို့ရောက်လာတာ။ မင်းရဲ့ အရည်အချင်းနဲ့ အလားအလာက ငါ့ထက်သာတယ်။ မင်းရဲ့လမ်းကြောင်းကို ဆက်လျှောက်ပြီး ငါ့လို မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်..."

နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ပြီးနောက် ဟုန်ကျန်းရှန့်က တာ့ဖုန်းပြည်နယ်မြို့တော်မှာ ဆက်ပြီး မနေနိုင်တော့တာ သိသာပါသည်။ သူ့စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ညီအစ်ကိုဟောင်းများနှင့် သူငယ်ချင်းများကို ထိခိုက်စေမည်စိုးသောကြောင့် သူထွက်သွားရမည်ဖြစ်သည်။

ဘယ်ကိုသွားရမလဲဆိုတာကတော့ ဟုန်ကျန်းရှန့်ကိုယ်တိုင်လည်း ဦးတည်ရာကို မစဉ်းစားရသေးပေ။

စူးချန်ခုန်းဆီ လာလည်တာကလည်း နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်ဖို့ဖြစ်သည်။ ထွက်မသွားခင် ဟုန်ကျန်းရှန့်က စူးချန်ခုန်းကို သူ့လိုမဖြစ်စေဖို့ သတိပေးခဲ့သည်။ ဟုန်ကျန်းရှန့်က သူ့ရွေးချယ်မှုကို နောင်တရလား မရလားဆိုတာတော့ သူသေချာမသိတော့ပါ။

"လမ်းခရီးမှာ ဂရုစိုက်ပါ။"

နောက်ဆုံးမှာ စူးချန်ခုန်း လုပ်နိုင်တာက ဟုန်ကျန်းရှန့်တစ်ယောက် အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြတ်သန်းနိုင်ပါစေဟု မျှော်လင့်ပြီး ဆုတောင်းပေးနိုင်ရုံသာ။

ဒါပေမယ့် အခုဆိုရင် မိစ္ဆာတစ်ဝက် ဒါမှမဟုတ် မိစ္ဆာစစ်သည်တော်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ဟုန်ကျန်းရှန့်ဟာ အမြဲတမ်း ပုန်းအောင်းနေရမှာဖြစ်ပြီး သူ့နာမည်ကိုတောင် ထုတ်မပြောနိုင်တော့ဘဲ အမဲလိုက်ခံရပြီး ဒုက္ခပေးခံရမယ့်အန္တရာယ်ကို အမြဲဆွဲဆောင်မိနိုင်တယ်ဆိုတာ စူးချန်ခုန်း သိပါသည်။

ဒါ့အပြင် နတ်ဆိုးအမြုတေရဲ့ လွှမ်းမိုးမှုအောက်မှာ သူဟာ လူသားလို့ မခေါ်နိုင်တော့တဲ့ နှလုံးသားမဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးမိစ္ဆာတစ်ကောင် ဖြစ်လာနိုင်သည်။

ဒါတွေအားလုံးက ဟုန်ကျန်းရှန့်ရဲ့ ရွေးချယ်မှုပင်ဖြစ်သည်။

“ဂရုစိုက်ပါ။”

ဟုန်ကျန်းရှန့်ဟာ ဒီစကားတွေကို ပြောပြီးနောက် စူးချန်ခုန်းနဲ့ စကားထပ်ပြောဖို့ အချိန်ဆွဲ မနေတော့ပါ။ သူ့ရဲ့အသွင်ဟာ လေပြင်းတစ်ခုနှယ် ဖြစ်လာပြီး အိမ်ဝင်းထဲကနေ ပျောက်ကွယ်သွားတော့သည်။

“နတ်ဆိုးအမြုတေ… တကယ်ကို သေစေနိုင်လောက်တဲ့ ဆွဲဆောင်မှုရှိတာပဲ။”

ဟုန်ကျန်းရှန့် ထွက်သွားပြီး တာ့ဖုန်းပြည်နယ်မြို့တော်ကို စွန့်ခွာသွားတဲ့အခါ စူးချန်ခုန်းဟာ မော့ယင်ဆီကနေ ရခဲ့တဲ့ နတ်ဆိုးအမြုတေကို ယူထုတ်ရင်း အတော်လေး စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

နတ်ဆိုးအမြုတေနှင့် အောင်မြင်စွာပေါင်းစည်းပြီးနောက် နတ်ဆိုးမိစ္ဆာတစ်ကောင်၏စွမ်းအား၊ ပြန်လည်မွေးဖွားခြင်း၊ မသေနိုင်သောခန္ဓာကိုယ်၊ အသက်ရှည်ခြင်းနှင့် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းများကို ပေးစွမ်းနိုင်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား ရွေးချယ်ရတဲ့အခါ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်ကများ ဒီလိုသွေးဆောင်မှုမျိုးကို ခံနိုင်ရည်ရှိမှာတဲ့လဲ။

အခန်း (၃၆၃) တောက်ယင်နည်းပညာနှင့် ဝိညာဉ်စွမ်းအင်။ တာ့ဖုန်း၏ ခေါင်းဆောင်အသစ်။ (၂)

ဟုန်ကျန်းရှန့်ကဲ့သို့ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူအများစုဟာ နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ဖို့ စိတ်အားထက်သန်စွာ ရွေးချယ်ခဲ့ကြသည်။ မွေးရာပါနယ်ပယ်က သိုင်းပညာရှင်တချို့လည်း ဒီလိုပဲ လုပ်ကြလိမ့်မယ်လို့ ယူဆရသည်။

သို့သော် စူးချန်ခုန်းကတော့ သူရွေးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်မှာဖြစ်ပြီး စွမ်းအား ဒါမှမဟုတ် ထာဝရအသက်ရှင်ဖို့နောက်ကိုလိုက်ရင်း နတ်ဆိုးတစ်ကောင်အဖြစ် မပြောင်းလဲသွားချင်တာတော့ သေချာပါသည်။ အဲ့လိုသာဖြစ်သွားခဲ့ရင် 'သူ့ကိုယ်သူ' လို့တောင် ခေါ်လို့ရတော့မှာ မဟုတ်ပါ။

တာ့ဖုန်းပြည်နယ်မြို့တော်မှာ ဟုန်ကျန်းရှန့်ရဲ့ ကိစ္စတွေကို လူအနည်းငယ်သာ သိကြပြီး ဟုန်ကျန်းရှန့် တစ်ယောက် လျော့သွားပေမယ့် တာ့ဖုန်းပြည်နယ်မြို့တော်ဟာ ပုံမှန်အတိုင်း လည်ပတ်နေဆဲပင်။

စူးချန်ခုန်းက ခါတိုင်းလို သူ့ရဲ့သိုင်းပညာကို လေ့ကျင့်နေဖလ၏။

ဝှူး ဝှူး ဝှူး

ခြံဝင်းထဲမှာ စူးချန်ခုန်းဟာ သူ့ရဲ့ အသက်ရှူနှုန်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ အတွေးတွေကို တစ်သားတည်း ပေါင်းစပ်ပြီး တောက်ယင်နည်းပညာကို လေ့ကျင့်နေသည်။ သူအသက်ရှူလိုက်တိုင်း ခြံဝင်းထဲမှာ မြူခိုးတွေနဲ့ ဖုံးလွှမ်းနေပြီး နတ်ဘုံနတ်နန်းတစ်ခုလိုပင်။

ဤအလွန်တရာ ရှေးကျလှတဲ့ တောက်ယင်နည်းပညာကို စူးချန်ခုန်းက သတ္တမနယ်ပယ်အထိ ကျင့်ကြံခဲ့ပြီးဖြစ်တာကြောင့် သူအခုလုပ်ရမှာက အဌမနယ်ပယ်အထိ ကျင့်ကြံဖို့ပင်။ သူ့ရဲ့သက်တမ်းနဲ့ စွမ်းရည်တွေ ပြန်တိုးတဲ့အခါ အနက်ရောင်ဘောလုံးလေးထဲက နတ်ဘုရားစွမ်းအင်ပန်းချီကားရဲ့ အနှစ်သာရကနေ ကြီးမားတဲ့ ထိုးထွင်းသိမြင်မှုတွေ ရနိုင်ပါသည်။

“ဒါ… ကောင်းကင်နဲ့ မြေကြီးကြားက နေရာတိုင်းမှာ ရှိနေတဲ့ စွမ်းအင်တစ်ခုကို ငါ မှုန်ဝါးဝါး ခံစားနိုင်ပြီ။ ဒီခံစားမှုက သိပ်မရှင်းလင်းပေမယ့် သေချာပေါက် ရှိနေတယ်။”

စူးချန်ခုန်းသည် တောက်ယင်နည်းပညာကို လေ့ကျင့်နေစဉ်တွင် အဆင့်တစ်ခုသို့ ရောက်ရှိသောအခါ သူ့ခန္ဓာကိုယ်သည် ပူနွေးလာပြီး အံ့အားသင့်မှုတစ်ခု သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

ပုံမှန်အခြေအနေတွင် ဝိညာဉ်စွမ်းအင်ကို မွေးရာပါချီကို သန့်စင်ပြီးနောက် ရရှိထားသော မွေးရာပါအခြေအနေကို ပြန်ရောက်ပြီး မွေးရာပါခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲပြီးနောက် ဖွင့်ပြီးသော ကောင်းကင်ဘုံ သွေးကြောဖြင့် သန့်စင်ပြီးနောက်မှသာ ခံစားနိုင်သည်။

မွေးရာပါခန္ဓာကိုယ် မဟုတ်သော်လည်း သဘာဝတရား၏ ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်သော ဟုန်ကျန်းရှန့်ကဲ့သို့သောသူကတော့ ငယ်ငယ်တုန်းက အခွင့်အရေးတစ်ခုရခဲ့ပြီး ထိုသို့ပြုလုပ်နိုင်စေသည့် ထူးခြားသော ပါရမီတစ်ခုရှိသောကြောင့်ဖြစ်သည်။ မဟုတ်ပါက အဆင့်နိမ့်နတ်ဆိုးတစ်ကောင်ပင် သဘာဝတရား၏ ဝိညာဉ်စွမ်းအင်တည်ရှိမှုကို မသိနိုင်ပါ။

စူးချန်ခုန်းသည်လည်း သဘာဝတရား၏ ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်ခြင်းမရှိသော်လည်း သူ၏တောက်ယင်နည်းပညာသည် သတ္တမအဆင့်သို့ ရောက်ရှိပြီး ပိုမိုနက်ရှိုင်းလာတာကြောင့် တောက်ယင်နည်းပညာကို လေ့ကျင့်နေစဉ်တွင် သဘာဝတရား၏ ဝိညာဉ်စွမ်းအင်တည်ရှိမှုကို ဝိုးတဝါး ခံစားမိတာဖြစ်သည်။

“ငါ့ရဲ့တောက်ယင်နည်းပညာသာ အဆင့်ရှစ်ကို ရောက်သွားခဲ့ရင် သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တည်ရှိမှုကို အပြည့်အဝ ခံစားနိုင်မယ်လို့ ထင်တယ်။ ဖြစ်နိုင်ရင် အဲဒါကို စုပ်ယူနိုင်လောက်တယ်။”

စူးချန်ခုန်း မအံ့သြဘဲ မနေနိုင်ခဲ့။

ဤတောက်ယင်နည်းပညာသည် ရှေးခေတ်ကတည်းက ကျန်းမာရေးထိန်းသိမ်းသည့် နည်းစနစ်တစ်ခုဖြစ်ပြီး ထိုနည်းစနစ်ကို လေ့ကျင့်ရန် အရည်အချင်းမြင့်မားဖို့ လိုအပ်ကာ ကျွမ်းကျင်ပြီးနောက်တွင် အကျိုးကျေးဇူးအနည်းငယ်သာ ရရှိစေသောကြောင့် သမိုင်းတွင် ပျောက်ကွယ်သွားခဲ့တာဖြစ်သည်။

သို့သော် တောက်ယင်နည်းပညာတွင် အံ့ဖွယ်လက္ခဏာများ ရှိပါသည်။ အလွန်မြင့်မားသော နယ်ပယ်အထိ လေ့ကျင့်နိုင်ပါက သဘာဝတရား၏ ဝိညာဉ်စွမ်းအင်ကို ခံစားမိနိုင်ပါသည်။ ဒါက အလွန်တရာ အစွမ်းထက်လှသည်။

မိစ္ဆာသိုင်းပညာရှင်တစ်ယောက်သာ ဒီတောက်ယင်နည်းပညာကို လေ့ကျင့်မယ်ဆိုရင် သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားမိတဲ့အထိ ဟုန်ကျန်းရှန့်လိုပဲ သဘာဝတရားရဲ့ ချီစွမ်းအင်ကို မှီခိုစရာမလိုဘဲ မွေးရာပါနယ်ပယ်ထဲကို ဝင်ရောက်နိုင်ပါသည်။

တကယ်တော့ မိစ္ဆာနတ်ဆိုးမှာ မသေနိုင်တဲ့ ခန္ဓာကိုယ်ရှိတာကြောင့် သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို သန့်စင်ဖို့ ကောင်းကင်ဘုံ သွေးခုန်နှုန်း မရှိမှာကို စိတ်ပူစရာမလိုပါ။ ခန္ဓာကိုယ်နဲ့ သွေးကြောတွေကို ပေါက်ကွဲသွားစေမှာကိုလည်း စိုးရိမ်စရာမလိုပါ။

“ငါ့အတွက် သိပ်အသုံးမဝင်သေးပေမယ့်… ရှိတာက မရှိတာထက်စာရင် ပိုကောင်းတယ်” စူးချန်ခုန်း တွေးနေမိသည်။ ဟုန်ကျန်းရှန့်က သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲကို အတင်းဆွဲသွင်းခဲ့တဲ့ အကျိုးဆက်တွေကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီဖြစ်လို့ သူ့ခြေရာအတိုင်း မလိုက်ချင်ပါ။

စူးချန်ခုန်းက တိတ်တဆိတ် ဆက်လက် လေ့ကျင့်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လတာ ကုန်ဆုံးသွားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်အတွင်း ဖေယန်သည် သူ့ရှေ့က စာရွက်စာတမ်းပေါ်ရှိ ထောက်လှမ်းရေးအစီရင်ခံစာကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ “ဝံပုလွေရိုင်းမျိုးနွယ်စုက အဖွဲ့ဝင်တွေအများကြီးက ဆည်းဆာလွင်ပြင်ကိုဖြတ်ပြီး တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာကြပြီ။ အခု သူတို့ရဲ့တည်နေရာကို မသိရသေးဘူး။ သူတို့က စောင့်နေကြတာ။ ဒါက စစ်ပွဲအတွက် အချက်ပြနေတာပဲ။”

ဆည်းဆာလွင်ပြင်ဖြင့် တာ့ဖုန်းပြည်နယ်မြို့တော်ကို ပိုင်းခြားထားသော ဝံပုလွေရိုင်းမျိုးနွယ်စုသည် မကြာခဏဆိုသလို သွေးထွက်သံယိုပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။ နောက်ဆုံးအဓိကတိုက်ပွဲကြီးဖြစ်ပွားပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ယခုအခါ ဝံပုလွေရိုင်းမျိုးနွယ်စုက စစ်ပွဲအတွက် ထပ်မံပြင်ဆင်နေပုံရသည်။

“ကျန်းရှန့်… သူထွက်သွားပြီ။ ထပ်ပြီး စစ်ဖြစ်ခဲ့ရင် ငါတို့ ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် လုပ်နိုင်ပါ့မလား။”

ဖေယန်သည် သက်ပြင်းချလိုက်လေ၏။

ဟုန်ကျန်းရှန့်သည် နတ်ဆိုးအမြုတေနှင့် အောင်မြင်စွာပေါင်းစပ်ပြီးနောက် တာ့ဖုန်းပြည်နယ်မြို့တော်မှ ထွက်သွားခဲ့သည်။ ဖေယန်က ဒီအကြောင်းကို သိပြီး အမှန်တကယ်တွင် ဖေယန်၏ တိတ်တဆိတ် သဘောတူညီချက်ဖြင့် ဟုန်ကျန်းရှန့်က နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ခဲ့ခြင်းဖြစ်သည်။ မဟုတ်ရင် ဟုန်ကျန်းရှန့်ရဲ့အခြေအနေနှင့် အမြုတေကို သူ့နှလုံးသားထဲ ပေါင်းစပ်နိုင်မှာ မဟုတ်ပါ။

ဒီလိုလုပ်ခြင်းအားဖြင့် ဖေယန်ဟာ သူတို့နှစ်ဦးကြားက ရင်းနှီးမှုကြောင့် သူ့ရဲ့ရွေးချယ်မှုကို လေးစားခဲ့တာဖြစ်သည်။ ဟုန်ကျန်းရှန့်ဟာ သူ့အတွက်နဲ့ ချိန်းဆိုထားတဲ့ အနက်ရောင်ရွှံ့တောကို မတွန့်မဆုတ် ရောက်လာခဲ့သည်ဖြစ်ရာ ဖေယန်ကလည်း ဟုန်ကျန်းရှန့် မသန်မစွမ်းဖြစ်လာတာကို ကြည့်မနေနိုင်ပါ။

ဟုန်ကျန်းရှန့်ဟာ ဖေယန်က များစွာ အကုန်ကျခံ မြှင့်တင်ပေးခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့သူဖြစ်သည်။ သူတို့ဟာ အထက်တန်းလွှာနဲ့ လက်အောက်ခံတွေဖြစ်ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးဟာ ညီအစ်ကိုတွေလို ရင်းနှီးပါသည်။ မဟုတ်ရင် ဟုန်ကျန်းရှန့်က ဖေယန်အတွက် စိတ်လိုလက်ရနဲ့ အလုပ်လုပ်ပေးမှာ မဟုတ်ပါ။

ဒါပေမယ့် အခုအချိန်မှာတော့ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အထက်အဆင့်နဲ့ အောက်အဆင့် နှစ်ခုစလုံး လေးစားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟုန်ကျန်းရှန့် မပါရင် ဝံပုလွေရိုင်းမျိုးနွယ်စုနဲ့ စစ်ပွဲရဲ့ရလဒ်က မသေချာပေ။

နောက်ဆုံးတစ်ခေါက်တိုက်ပွဲတုန်းက ဝံပုလွေရိုင်းမျိုးနွယ်စုကို တွန်းလှန်နိုင်ခဲ့ပေမယ့် နှစ်ဖက်စလုံးရဲ့ ထိခိုက်ကျဆုံးမှုတွေဟာ အလားတူဖြစ်ပြီး တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ ဆုံးရှုံးမှုတွေက ပိုကြီးမားသည်။ ဝံပုလွေရိုင်းမျိုးနွယ်စု၏ စစ်သားများအားလုံးဟာ ရဲရင့်ပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြကာ ပါမွှားရန်သူများ မဟုတ်ကြ။

“တကယ်လို့များ… စူးထိုက်လိုင်ကို အကူအညီတောင်းကြည့်ရင် ရလောက်မလား။”

ရုတ်တရက် ဖေယန်၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပြီး တစ်ယောက်ယောက်ကို တွေးလိုက်မိသည်။

‘စူးထိုက်လိုင်’

လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းနေသော ဤလူငယ်လေးသည် ဟုန်ကျန်းရှန့်ထက် မနည်းသော ခွန်အားရှိပြီး မိစ္ဆာလူသားနှစ်ဦးအနက် တစ်ဦးကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။ သူသာကူညီပေးဖို့ ဆန္ဒရှိပါက လာမည့်တိုက်ပွဲတွင် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်မည်ဖြစ်သည်။

ဖေယန်သည် စူးချန်ခုန်း၏ အကူအညီကို ရဖို့ မလွယ်ကူကြောင်း နားလည်သော်လည်း မည်သို့ပင်ဖြစ်စေ သူကြိုးစားရမည်ဖြစ်သည်။

ညအချိန်ရောက်နေပြီဖြစ်ပြီး ညမှောင်လာသည်နှင့်အမျှ လမ်းမများတွင် လူသွားလူလာနည်းလာသည်။ အိုက်ဝေ့အိမ်တော်အပြင်ဘက်သို့ အမျိုးသားနှစ်ဦး ရောက်လာခဲ့သည်။

တစ်ဦးမှာ တိဟန်ဖြစ်ပြီး နောက်တစ်ဦးမှာ ဖေယန်ကိုယ်တိုင်ဖြစ်သည်။

“စစ်သူကြီးဟုန်က ထွက်သွားပြီ… ပြည်နယ်အုပ်ချုပ်ရေးမှူးဖေက ဆရာစူးကို စစ်သူကြီးဟုန်နေရာမှာ အစားထိုးဖို့ တောင်းဆိုမလို့လား။ သူ့မှာ အဲ့လိုအရည်အချင်းမျိုး တကယ်ရှိတာလား။”

တိဟန် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့။ သူသည် စူးချန်ခုန်းနှင့် မှန်မှန်ဆက်သွယ်ရန် တာဝန်ရှိသော်လည်း စူးချန်ခုန်းနှင့် များများစားစား ဆက်ဆံခြင်း မရှိခဲ့ပါ။ ဖေယန်နှင့် ဟုန်ကျန်းရှန့်တို့၏ အာရုံစိုက်မှုကို ရထားတဲ့သူက သာမန်လူ မဟုတ်ဘူးဆိုတာကိုတော့ သူသိပါသည်။

All Chapters