အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 372-375
အခန်း (၃၇၃) နေဝင်ချိန်သွေးချောင်းစီးတိုက်ပွဲ။ လွတ်လွတ်လပ်လပ် ဒုန်းစိုင်းပြေးလွှားခြင်း။ (၁)
စူးချန်ခုန်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသော စစ်သည်တော်တစ်ဦး၏ ပစ်မှတ်ထားခံနေရပြီကို လုံးဝမသိခဲ့ပါ။
‘ဟုန်ကျန်းရှန့်’ အဖြစ် စူးချန်ခုန်းသည် တာ့ဖုန်းသံမဏိမြင်းတပ်နှင့်အတူ ဆည်းဆာလွင်ပြင်သို့ အပြေးအလွှားသွားခဲ့သည်။
သုံးရက်အကြာတွင် ဆည်းဆာလွင်ပြင်၌။
ဝေးလံသောနေရာသို့ ဖြန့်ကျက်ထားသော ဆည်းဆာလွင်ပြင်သည် လုံးဝညီညာပြန့်ပြူးနေပြီး သစ်ပင်ပန်းမန်များသာ ရှိသည်။ အချို့မှာ ချုံပုတ်များကဲ့သို့ ပုပြီး အချို့မှာ လူတစ်ယောက်၏ဒူးခေါင်းအထိ မြင့်သည်။ လွင်ပြင်များကိုဖြတ်၍ တိုက်ခတ်လာသော လေများသည် တိတ်ဆိတ်ငြိမ်သက်မှုကို ပေးစွမ်းပြီး လေထုထဲတွင် လတ်ဆတ်သော မြက်ပင်ရနံ့များ ပါရှိသည်။
ဤသည်မှာ ဆည်းဆာလွင်ပြင်ဖြစ်ပြီး ၎င်း၏အဆုံးတွင် ဝံပုလွေရိုင်းမျိုးနွယ်စု၏ နယ်မြေရှိသည်။ ဝံပုလွေရိုင်းမျိုးနွယ်စုကို ခုခံရန်အတွက် ဆည်းဆာလွင်ပြင်၏ အစွန်အဖျားတွင် ဆည်းဆာခံတပ်ရှိပြီး တာ့ဖုန်းသံမဏိမြင်းတပ်အများစုသည် တစ်နှစ်ပတ်လုံး တပ်စွဲထားသည်။
“ဒါက ဆည်းဆာခံတပ်လား။”
စူးချန်ခုန်းသည် ဝေးလံသော ဆည်းဆာခံတပ်ကို ငေးကြည့်နေ၏။ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် မြင့်မားသော နံရံများသည် ဆယ်ကျန်းကျော် မြင့်သည်။ ထိုနံရံတွင် အနက်ရောင်တိုက်ပွဲဝင်သံချပ်ကာများ ဝတ်ဆင်ထားသော စစ်သားများ ရှိနေသည်။
(T/N တစ်ကျန်း=၃.၃မီတာ)
ဆည်းဆာခံတပ်တစ်ခုလုံးသည် ခရိုင်အချို့၏ မြို့တော်များထက် မသေးငယ်ပါ။ တာ့ဖုန်းသံမဏိမြင်းတပ်နှင့် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့ဝင် သုံးသိန်းမှ လေးသိန်းအထိရှိပြီး စုစုပေါင်း လူငါးသိန်းကျော်ရှိသည်။
“စစ်သူကြီးဟုန်၊ အုပ်ချုပ်ရေးမှူးဖေနဲ့ အခြားသူတွေပဲ။ တံခါးဖွင့်လိုက်”
ဆည်းဆာခံတပ်၏ နံရံများပေါ်မှ ကင်းသမားတစ်ဦးက စူးချန်ခုန်း၊ ဖေယန်နှင့် အခြားသူများကို ရှေ့တန်း၌ မြင်တွေ့လိုက်ရသောကြောင့် စစ်သားများကို တံခါးဖွင့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဝုန်း”
ခန္ဓာကိုယ်သန့်စင်ခြင်းမဟာအောင်မြင်မှုအဆင့် စစ်သားများစွာက လေးလံကြီးမားသော တံခါးကို ဖွင့်လှစ်ပေးခဲ့ပြီး ကျယ်လောင်သော အသံဟိန်းထွက်ပေါ်လာလေ၏။
စူးချန်ခုန်းနှင့် အခြားသူများသည် ဂိတ်တံခါးမှတစ်ဆင့် ဆည်းဆာခံတပ်ထဲသို့ ဝင်ရောက်လာကြသည်။
“ဒီငယ်သား မာချိုက်ကျွင့်က အုပ်ချုပ်ရေးမှူးဖေကို ဂါရဝပြုပါတယ်။”
ဆည်းဆာခံတပ်၏ တပ်မှူးတဲအတွင်းတွင် ဖေယန်သည် အဓိကထိုင်ခုံတွင် ထိုင်နေပြီး စူးချန်ခုန်းသည် သူ့ဘေးတွင် နေရာယူလိုက်သည်။ ကြေးဝါရောင် တိုက်ပွဲသံချပ်ကာဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် လူတစ်ဦးက ဖေယန်ကို လေးစားစွာ ဂါရဝပြုလိုက်သည်။
မာချိုက်ကျွင့်သည် တာ့ဖုန်းသံမဏိမြင်းတပ်၏ ဗိုလ်ချုပ်ကြီးလေးဦးအနက် တစ်ဦးဖြစ်သည်။ ဟုန်ကျန်းရှန့်နှင့် ကျင်းပုဟန်တို့အပြင် ကျန်နှစ်ဦးမှာ မာချိုက်ကျွင့်နှင့် ဖေယွဲ့ရှန်တို့ဖြစ်သည်။ အခုတော့ စူးချန်ခုန်းသည် မာချိုက်ကျွင့်နှင့် ဖေယွဲ့ရှန်တို့ နှစ်ဦးစလုံးကို မြင်တွေ့နေရသည်။
ဖေယွဲ့ရှန်သည် ဖေယန်၏ တတိယမြောက်ညီမဖြစ်သည်။ သူ၏အသက်အရွယ်အရ အသက်သုံးဆယ်ကျော်ရှိသော်လည်း အသက်နှစ်ဆယ်ကျော်ထက် မပိုပါ။ မျက်နှာထား ခပ်တင်းတင်းနှင့် ထင်ရှားသော အလှတရားဖြင့် သူမ၏ဆံပင်ကို တိုတိုနှင့် သန့်ရှင်းသပ်ရပ်စွာ ညှပ်ထားခြင်းကြောင့် သူရဲကောင်းအမျိုးသမီးတစ်ဦး၏ အသွင်အပြင်ကို ပေါ်လွင်စေသည်။
“စစ်သူကြီးမာ၊ ဝံပုလွေရိုင်းမျိုးနွယ်စုဘက်က သတင်းရလား”
ဖေယန်သည် ခေါင်းညိတ်ပြီး ဝံပုလွေရိုင်းမျိုးနွယ်စုနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများကို မေးမြန်းခဲ့သည်။
မာချိုက်ကျွင့်က လေးလေးနက်နက်ပြောသည်။ “ဝံပုလွေရိုင်းမျိုးနွယ်စုဟာ ထိပ်တန်းတပ်သား သိန်းနဲ့ချီပြီး စုဆောင်းထားပြီးပါပြီ။ နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့က ကျွန်တော်တို့ဆီကို အင်အားအပြည့်နဲ့ ချီတက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”
"ကောင်းပြီ။ အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ပြီး ရန်သူနဲ့ အချိန်မရွေး ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြပါ။" ဖေယန်က ခေါင်းညိတ်ပြသည်။ သူသည်လည်း အရင်တစ်ခေါက်က တိုက်ပွဲကိုလည်း ကြုံတွေ့ခဲ့ရပြီး နှစ်ဖက်ကြားက ကြီးမားသော တိုက်ပွဲကြီးသည် မလွဲမသွေ ဖြစ်ပွားမည်ကို သူသိသည်။ ဒီတိုက်ပွဲကြီးက နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှု များစွာရှိမှသာ ရပ်တန့်သွားမည်ဖြစ်သည်။
"ထူးဆန်းတယ်... ဘာလို့ စစ်သူကြီးဟုန်က ဒီလောက် တည်ငြိမ်နေတာလဲ။"
ဘေးတွင်ထိုင်နေသော ဖေယွဲ့ရှန်က စူးချန်ခုန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ဖေယွဲ့ရှန် သိသလောက်တော့ ဟုန်ကျန်းရှန့်သည် စစ်ပွဲကို ရင်ဆိုင်ရာတွင် အလွန်စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်သူ ဖြစ်သော်လည်း လက်ရှိ 'ဟုန်ကျန်းရှန့်' က အလွန်တည်ငြိမ်ပြီး တိတ်ဆိတ်နေသည်။
ဒီ'ဟုန်ကျန်းရှန့်' က အယောင်ဆောင်သူ ဖြစ်ကြောင်း လူသိနည်းလေ ပိုကောင်းလေဖြစ်သည်။ ဖေယန်နှင့် တိဟန် အပါအဝင် ရွေးချယ်ထားသော လူအနည်းငယ်သာ သိရှိကြသည်။
စူးချန်ခုန်း လုပ်ရမည့်အရာမှာ တိုက်ပွဲထဲသို့ ဝင်ရောက်တိုက်ခိုက်ပြီး စစ်မြေပြင်ရှိ သူတို့စစ်သားများ၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးရန်ဖြစ်သည်။ သူက အခြားကိစ္စရပ်များကို ဂရုမစိုက်ပါ။
ဖေယန်သည် ဆည်းဆာလွင်ပြင်နှင့်ပတ်သက်သည့် မကြာသေးမီက ကိစ္စရပ်များကို မာချိုက်ကျွင့်နှင့် အခြားသူများထံမှ သိခဲ့ရသည်။ သူက သူတို့ကို ဘယ်အကြောင်းကိုမဆို သူ့ထံ ချက်ချင်းသတင်းပို့ရန်နှင့် သူတို့၏ကိုယ်ပိုင်တာဝန်များကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။
“စစ်သူကြီးဟုန်၊ ဒီဘက်ကိုကြွပါ။”
စူးချန်ခုန်း၏လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသော တိဟန်သည် သူ၏နေရာထိုင်ခင်းကို စီစဉ်ပေးပြီး သတင်းအချက်အလက်အမျိုးမျိုးကို သူ့ထံ တင်ပြခဲ့သည်။
စူးချန်ခုန်းသည် ဆည်းဆာခံတပ်၏တံခါးအနီးရှိ နေအိမ်တစ်ခုတွင် အခြေချနေထိုင်ခဲ့သည်။
စူးချန်ခုန်းသည် တပ်များချထားရာတွင် ကျွမ်းကျင်ခြင်းမရှိသော်လည်း ထိုကဲ့သို့သောကိစ္စရပ်များတွင် ကိုယ်တိုင်ပါဝင်ပတ်သက်ရန် မလိုအပ်သောကြောင့် အချိန်အများစုတွင် အတော်လေး သက်တောင့်သက်သာရှိသည်။
“သိုင်းပညာလေ့ကျင့်ဖို့ အချိန်ကို အကောင်းဆုံးအသုံးချမှပဲ။”
အချိန်မဖြုန်းတီးဘဲ စူးချန်ခုန်းသည် သူ၏သိုင်းပညာကို နေအိမ်အတွင်း စတင်လေ့ကျင့်ခဲ့ပြီး တိုးတက်ဖို့အများကြီးလိုသေးသည့် တောက်ယင်နည်းပညာကို အဓိကထားခဲ့သည်။ ဤတောက်ယင်နည်းပညာသည် ရှေးခေတ်ကတည်းက ကျန်းမာရေးကို ထိန်းသိမ်းသည့်နည်းစနစ်တစ်ခုဖြစ်သည်။
ဒါက တိုက်ခိုက်နိုင်စွမ်း မြှင့်တင်ရာမှာ အသုံးမဝင်ပေမယ့် မြင့်မားတဲ့အဆင့်အထိ လေ့ကျင့်ခြင်းအားဖြင့် စူးချန်ခုန်းဟာ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင် ရှိနေတာကို ခံစားမိပြီး အဲဒါက ၎င်းရဲ့ ထူးခြားမှုကို သက်သေပြနေပါသည်။ သက်တမ်းနဲ့ စွမ်းရည်တန်ဖိုးတိုးလာခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ပေါင်းစပ်ပြီး စူးချန်ခုန်းဟာ ဒီအတွက် သိသိသာသာ ကြိုးစားအားထုတ်ခဲ့သည်။
ဝှူးရှ် ဝှူးရှ် ဝှူးရှ်
စိတ်၊ အသက်ရှူနှုန်းနဲ့ ခန္ဓာကိုယ်တို့ သဟဇာတဖြစ်အောင် စူးချန်ခုန်းဟာ တောက်ယင်နည်းစနစ်ကို လေ့ကျင့်ခဲ့ပြီး အဆင့်ရှစ်ကို ရောက်ရှိသွားခဲ့သည်။ ဖောက်ထွင်းဝင်ရောက်ဖို့က အချိန်တစ်ခုသာ ဖြစ်ပေမယ့် မြန်မြန်ဆန်ဆန် ဖြစ်လာမယ်လို့ မမျှော်လင့်ထားပါ။
“ဒေါင် ဒေါင်”
သို့သော် ဆည်းဆာခံတပ်က စူးချန်ခုန်းကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဆက်လက်လေ့ကျင့်ခွင့် မပေးခဲ့ပါ။ သူရောက်လာပြီး သုံးရက်အကြာ နေ့လယ်တစ်ခုတွင် ခံတပ်အတွင်း၌ သာယာလှသော ခေါင်းလောင်းသံ မြည်ဟီးလာခဲ့သည်။
“ဝံပုလွေရိုင်းမျိုးနွယ်စုက စတိုက်လာပြီလား။”
ခေါင်းလောင်းက သတိပေးချက်တစ်ခုကို အချက်ပြနေတယ်ဆိုတာ သိတာကြောင့် စူးချန်ခုန်းဟာ သူ့ရဲ့လေ့ကျင့်မှုကို ရပ်လိုက်သည်။
ခေါင်းလောင်းသံမြည်ပြီး မကြာခင်မှာပဲ တိဟန်ဟာ စူးချန်ခုန်းရဲ့အိမ်ထဲမှာ ပေါ်လာပြီး သူ့ကို အကြောင်းကြားဖို့ အပြေးအလွှားရောက်လာသည်။ “စစ်သူကြီးဟုန်၊ ကင်းထောက်တွေက ဝံပုလွေရိုင်းမျိုးနွယ်စုက တပ်တွေ ချဉ်းကပ်လာတာကို တွေ့လိုက်ရပ်တယ်။ ပြင်ဆင်ပြီးရင် အရှေ့မြို့တံခါးကို ကျွန်တော်နဲ့အတူ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။”
“အင်း”
စူးချန်ခုန်း ခေါင်းညိတ်ပြီး သူ့ရဲ့တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ကာ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်လျက် ကျောပေါ်မှာ လေးကြီးတစ်ချောင်းကို ပစ်တင်၍ အရှေ့ဘက်မြို့တံခါးကို လိုက်သွားခဲ့သည်။
“စစ်သူကြီးဟုန်”
အရှေ့ဘက်မြို့တံခါးအထက်မှာ မာချိုက်ကျွင့်၊ ကျင်းပုဟန်၊ ဖေယွဲ့ရှန်နဲ့ တခြားစစ်သူကြီးတွေလည်း ရောက်နေကြသည်ဖြစ်ရာ စူးချန်ခုန်းက ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။
“ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ တပ်မတော်လား”
စူးချန်ခုန်းဟာ နံရံပေါ်မှာ ရပ်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ ဆည်းဆာခံတပ်ကနေ လီအတော်များများအကွာကနေ လွင်ပြင်ပေါ်မှာ စစ်သားတွေ အများကြီး ရှိနေသည်။ ဒီတပ်တွေဟာ ဓား၊ လှံနဲ့ ဒိုင်းတွေကိုင်ဆောင်ပြီး စနစ်တကျ စီတန်းလှည့်လည်နေကြသည်။ သူတို့ထဲတွင် အလံများက လေထဲမှာ လွင့်မျောနေပြီး တစ်ခုချင်းစီတွင် အနက်ရောင်မီးလျှံနှင့် ရက်စက်ကြမ်းကြုတ်လှသော ဝံပုလွေဦးခေါင်းတို့ဖြင့် အလှဆင်ထားသည်။
အခန်း (၃၇၄) နေဝင်ချိန်သွေးချောင်းစီးတိုက်ပွဲ။ လွတ်လွတ်လပ်လပ် ဒုန်းစိုင်းပြေးလွှားခြင်း။ (၂)
“ဒါက ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ ဝံပုလွေနက်မြို့က ဝံပုလွေနက်တပ်မတော်ပါ။”
တိဟန်က သူ့ဘေးနားက စူးချန်ခုန်းကို တိုးတိုးလေး ပြောလိုက်သည်။
ဆည်းဆာလွင်ပြင်အနီးမှာရှိသည့် တာ့ဖုန်းပြည်နယ်မြို့တော်ကဲ့သို့ ဆည်းဆာလွင်ပြင်၏ တစ်ဖက်က ဝံပုလွေရိုင်းမျိုးနွယ်စုမြို့တော်က ဝံပုလွေနက်မြို့ဖြစ်သည်။ ဝံပုလွေနက်မြို့မှ ဝံပုလွေနက်တပ်မတော်ဟာ တာ့ဖုန်းသံမဏိမြင်းတပ်ထက် လုံးဝ မနိမ့်ကျတဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်သည်။
စူးချန်ခုန်းက အဝေးကို လှမ်းကြည့်လေ၏။ ဝံပုလွေနက်တပ်မတော်ရဲ့ အဖွဲ့ဝင်တိုင်းဟာ အရပ်ရှည်ပြီး သန်မာကြသည်။ ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ လူဦးရေစုစုပေါင်းဟာ မဟာမီးလျှံအင်ပါယာထက် နည်းသော်ငြား သူတို့ရဲ့ထူးခြားတဲ့ဖွဲ့စည်းပုံကြောင့် လူတိုင်းက သိုင်းပညာကို လေးစားကြကာ လူတစ်ဦးချင်းစီဟာ အလွန်အစွမ်းထက်တာကြောင့် မဟာမီးလျှံအင်ပါယာနဲ့ တန်းတူရပ်တည်နိုင်ကြလေသည်။
“သူတို့က ငါတို့ကို တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်နေတာပဲ”
ဝံပုလွေနက်တပ်မတော်မှ စစ်သားထောင်ပေါင်းများစွာသည် မိုင်ပေါင်းများစွာအကွာတွင် နီးကပ်လာဖို့ ရည်ရွယ်ချက်မရှိဘဲ စောင့်ဆိုင်းနေကြသော်လည်း ဒါက စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ဆည်းဆာခံတပ်ကို တိုက်ရိုက်တိုက်ခိုက်ဖို့ကတော့ မြေအနေအထားကို ကာကွယ်ရန် အားသာချက်ရှိသောကြောင့် လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ ထို့ကြောင့် နှစ်ဖက်ကြား အဓိကတိုက်ပွဲများသည် မြေပြင်ပေါ်တွင် ဖြစ်ပွားလေ့ရှိပြီး တကယ့်ဓားတွေ လှံတွေနှင့် ထိပ်တိုက်ရင်ဆိုင်ကြရသည်။
“လေအလံစခန်းက လက်ရွေးစင်တပ်သားတွေကို မြို့ပြင်က ရန်သူတွေနဲ့ရင်ဆိုင်ဖို့ လွှတ်လိုက်”
ဖေယန်ကလည်း ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
“ငါ ဝင်ပါဖို့ မလိုသေးဘူးလား” စူးချန်ခုန်းက တိတ်တဆိတ် တွေးလိုက်မိသည်။
စူးချန်ခုန်း၏ သံသယကို သတိပြုမိသောအခါ တိဟန်က သူ့အသံတိုးတိုးလေးနှင့် ချီစွမ်းအင်မှတစ်ဆင့် သူ၏စကားများကို ပို့ဆောင်လိုက်သည်။ “ဒါက ရန်သူရဲ့ အင်အားနဲ့ အခြေအနေကို စစ်ဆေးဖို့ တိုက်ပွဲတစ်ခုပါပဲ။ ပြင်းထန်တဲ့ တိုက်ပွဲက အချိန် မကျသေးပါဘူး”
စူးချန်ခုန်းက ဒါကိုကြားတော့ ခေါင်းညိတ်ပြလိုက်သည်။ ဝံပုလွေနက်တပ်မတော်နှင့် တာ့ဖုန်းသံမဏိမြင်းတပ်၏ အင်အားသည် တူညီလုနီးပါးဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားသောအခါတွင် တစ်စတစ်စ အားယုတ်လာလေ့ရှိသည်။ နှစ်ဖက်စလုံးမှ ထိပ်တန်းကျွမ်းကျင်သူများ တိုက်ပွဲထဲသို့ ဝင်ရောက်လာမှသာ တိုက်ပွဲသည် အပြင်းထန်ဆုံးနှင့် အရေးပါဆုံး အခြေအနေသို့ ရောက်ရှိနေပြီဟု ပြောနိုင်မည်ဖြစ်သည်။
ယခုအချိန်က စူးချန်ခုန်း တိုက်ပွဲသို့ ဝင်ရောက်ဖို့ အချိန်မဟုတ်သေးပါ။
“ကျွီ ကျွီ ကျွီ”
မြို့တံခါးများ ပွင့်သွားလေပြီ။ အရှေ့ဘက်မြို့တံခါးဝမှ ကျယ်လောင်လှသော တကျွီကျွီမြည်သံများကြားတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော တာ့ဖုန်းသံမဏိမြင်းတပ်သည် ပွင့်နေသောတံခါးများမှ သံမဏိရေစီးကြောင်းကဲ့သို့ ထွက်ပေါ်လာပြီး ဆည်းဆာခံတပ်အပြင်ဘက်တွင် ပုံစံဖွဲ့ကာ စုဝေးလိုက်ကြသည်။
တပ်ဖြန့်ခြင်းနှင့် ပုံစံဖွဲ့စည်းခြင်းတို့နှင့်ပင် နာရီဝက်နီးပါး ကြာခဲ့သည်။
လူလေးသောင်းခန့်သည် ကြီးမားသော လေးထောင့်ပုံစံတပ်လေးခုနှင့် သေးငယ်သော လေးဆယ်စုတပ်လေးခုအဖြစ် ပိုင်းခြားထားပြီး အဝေးက ကွင်းပြင်ကျယ်ကြီးတွင် စောင့်ဆိုင်းနေသော ဝံပုလွေနက်တပ်မတော်ဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ ချီတက်လာကြသည်။
“ဒုန်း ဒုန်း ဒုန်း”
လူထောင်ပေါင်းများစွာချီတက်လာသော မြင်ကွင်းက မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်သည်။ မြင်းခွာသံများ တစ်သားတည်း ပေါင်းစပ်သွားသော အနက်ရောင်ပင်လယ်ပြင် တစ်စင်းနှယ်။ မြေပြင်ကြီး တုန်ဟီးနေသံကို မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ခံစားနိုင်သည်။
“သတ်”
တာ့ဖုန်းသံမဏိမြင်းတပ်အတွင်းတွင် ချီသွေးနယ်ပယ် သိုင်းပညာရှင်များသည် သူတို့၏ ချီနှင့်သွေးကို လှုံ့ဆော်ပေးသည်နှင့် တိုက်ပွဲအော်သံများ ထွက်ပေါ်လာခဲ့သည်။ နေ့စဉ်လေ့ကျင့်ထားသော ဖွဲ့စည်းပုံများကို အသုံးချ၍ အချင်းချင်း ချိတ်ဆက်ကာ ရဲဘော်ရဲဘက်များ၏ ချီနှင့်သွေးကို လှုံ့ဆော်ပေးပြီး ထောင်ပေါင်းများစွာသော လူများက တစ်သွေးတစ်သားတည်း ဖြစ်လာလေ၏။
အဝေးမှ တာ့ဖုန်းသံမဏိမြင်းတပ်၏ တပ်များအထက်တွင် စုဝေးနေသော ချီနှင့်သွေးတို့သည် သွေးရောင်မြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ ထောင်ပေါင်းများစွာသော မြင်းတပ်များနှင့်အတူ ရွေ့လျားလာနေလေ၏။
တာ့ဖုန်းသံမဏိမြင်းတပ်ဟာ အုပ်စုလိုက်တိုက်ခိုက်ရေးအတွက် ပုံစံဖွဲ့စည်းခြင်းကို ကျွမ်းကျင်စွာ ပိုင်နိုင်ကြသည်။ သူတို့ရဲ့ ချီနဲ့သွေးတွေ ပေါင်းစည်းလိုက်တဲ့အခါ ပေါင်းစပ်တပ်ဖွဲ့ဟာ ပိုပြီး ကြောက်စရာကောင်းလာသည်။
သံမဏိမြင်းစစ်သည် ထောင်ပေါင်းများစွာရဲ့ ချီတက်လာမှုကြောင့် သူတို့ရဲ့လမ်းကြောင်းမှာရှိတဲ့ မည်သည့်အရာကိုမဆို ကြေမွသွားစေမှာဖြစ်သည်။
“ဝူး… ဝူး… ဝူး”
သို့ပေမယ့် ဝံပုလွေရိုင်းမျိုးနွယ်စုရဲ့ ဝံပုလွေနက်မြို့က ဝံပုလွေနက်တပ်ဖွဲ့ဟာလည်း တာ့ဖုန်းသံမဏိမြင်းတပ်ထက် မနည်းတဲ့ အထူးတပ်ဖွဲ့တစ်ခု ဖြစ်သည်။ အနက်ရောင်ဝံပုလွေတပ်ရဲ့ တပ်ဖွဲ့တွေထဲမှာ ရှေးကျပြီး နက်ရှိုင်းလှတဲ့ ခရာသံကြီး ထွက်ပေါ်လာသည်။ ဤခရာသံ၏ သက်ရောက်မှုကြောင့် အနက်ရောင်ဝံပုလွေတပ်သားတိုင်းရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ဟာ မြင့်တက်လာပြီး သူတို့ရဲ့မျက်လုံးတွေဟာ သွေးချင်းရဲရဲနီလျက် သူတို့ရဲ့ကြွက်သားတွေ ဖောင်းကားလာကာ ပေါက်ကွဲထွက်လာသည့်နှယ် ပြင်းထန်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာလေ၏။
“သတ်”
တိုက်ပွဲအော်သံတွေနဲ့ ဗုံသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးက စစ်သား တစ်သိန်းနီးပါးဟာ သူတို့ရဲ့ အနီးကပ်လက်နက်တွေနဲ့ ကျယ်ပြောလှတဲ့ လွင်ပြင်ပေါ်မှာ ထိပ်တိုက်ရင်ဆိုင်ကြပြီး တပ်ဖွဲ့တွေ တိုက်ကြခိုက်ကြလေတော့သည်။ အနက်ရောင်သံချပ်ကာဝတ်ထားသော တာ့ဖုန်းသံမဏိမြင်းတပ်နှင့် ကြေးဝါရောင်တိုက်ပွဲဝတ်စုံဝတ်ထားသော အနက်ရောင်ဝံပုလွေတပ်မတော်တို့သည် ကွဲပြားကြသော်လည်း ရေကန်နှစ်ခု ပေါင်းစည်းသွားသကဲ့သို့ ရောနှောနေလေ၏။
“ဒီအရိုင်းအစိုင်းတွေအားလုံးကို သတ်ပစ်”
သတ်ဖြတ်လိုစိတ်အပြည့်ရှိသော ချီသွေးနယ်ပယ် မြင်းတပ်သားတစ်ဦးက လက်ထဲတွင် လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ဒေါသတကြီး ထိုးချလိုက်ရာ မျက်နှာချင်းဆိုင်က ဝံပုလွေနက်စစ်သားတစ်ဦး၏ သံချပ်ကာများနှင့် အခြားအရာအားလုံးကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
“သူ့ကိုသတ်..အပိုင်းပိုင်းဆွဲဖြဲပစ်။”
ရင်ဘတ်ကို ထိုးဖောက်ခံရသော အနက်ရောင်ဝံပုလွေစစ်သားသည် ပါးစပ်မှ သွေးထွက်နေသော်လည်း နာကျင်မှုကို မခံစားရပေ။ သူ၏မျက်လုံးများသည် ဒေါသတကြီး ရူးသွပ်နေပြီး သူသည် လှံတံကို ဆုပ်ကိုင်လျက် ထိုမြင်းတပ်သားအား လှံကိုဆွဲမထုတ်နိုင်အောင် မြင်းပေါ်မှ ဆွဲချကာ အရူးအမူး အော်ဟစ်လိုက်သည်။
“ဒုန်း”
အနက်ရောင်ဝံပုလွေ စစ်သားအချို့သည် ပြေးလာသော သံမဏိမြင်းစစ်သည်များ ဝင်တိုက်လာတာကြောင့် လဲကျသွားပြီး သံခွာများအောက်တွင် နင်းခြေခံလိုက်ရသည်။ တာ့ဖုန်းသံမဏိမြင်းတပ်သားအချို့ကတော့ ဒိုင်းနံရံကြီးနှင့် ဝင်တိုက်မိရာ မြင်းခေါင်းများ ကြေမွလျက် မြင်းစီးသမားများသည် မြင်းကျောပေါ်မှ လိမ့်ကျကုန်ကြသည်။
တိုက်ခိုက်မှု တစ်လှိုင်းပြီးနောက် နှစ်ဖက်စလုံးသည် ခြေလျင်ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။
“ဒီမျောက်တွေအားလုံးကို သတ်ပစ်”
ရက်စက်ကြမ်းကြုတ်သော တောရိုင်းတိရစ္ဆာန်များကဲ့သို့ လေးလံသောသံချပ်ကာများ ဝတ်ဆင်ထားပြီး လေးလံသောလက်နက်များနှင့် ဒိုင်းများကိုင်ဆောင်ထားသော ဝံပုလွေနက်တပ်မတော်၏ စစ်သားများသည် မောပန်းနွမ်းနယ်မှုလက္ခဏာမပြခဲ့ကြ။
သွေးများက နေရာအနှံ့ ကျဲပြန့်နေလျက် တိုက်ခိုက်မှုတိုင်းက အသက်အန္တရာယ်ရှိသည်။ နှစ်ဖက်စလုံး၏ စစ်သားများသည် သတ်မလား အသတ်ခံမလားဟူသည့် တိုက်ပွဲတွင် ပိတ်မိနေကြပြီး သေမင်းတံခါးဝသို့ ရောက်နေကြသည်။
တာ့ဖုန်းသံမဏိမြင်းတပ်နှင့် ဝံပုလွေနက်တပ်မတော်တို့သည် အချင်းချင်း မုန်းတီးကြသည်ဟု ဆိုနိုင်ပါသည်။ နှစ်ပေါင်းများစွာ သွေးထွက်သံယိုတိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး အချိန်တိုင်းတွင် တစ်ဖက်လူလက်ချက်ဖြင့် သေဆုံးခဲ့ရသော နိုင်ငံသားများစွာ ရှိခဲ့သည်။ ဤစုပုံလာသော အမုန်းတရားတို့က ကမ္ဘာ့ရန်သူများ ဖြစ်လာခဲ့သည်။
အချင်းချင်းတွေ့ဆုံသောအခါတွင် အပိုစကားပြောစရာ မလိုတော့ဘဲ သေသည်အထိ အပြင်းအထန် တိုက်ခိုက်ကြသည်။
မြို့ရိုးပေါ်တွင် ရပ်နေသော စူးချန်ခုန်းသည် အဝေးက လွင်ပြင်ပေါ်တွင် တိုက်ခိုက်နေသော နှစ်ဖက်စလုံးမှ စစ်သားများကို လှမ်းကြည့်လိုက်သည်။ သူ၏စိတ်သည်လည်း ရှုပ်ထွေးနေလေ၏။ သူဟာ အသက်လုတိုက်ပွဲတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့ခဲ့ရပေမယ့် လူတစ်သိန်းနီးပါး တိုက်ခိုက်နေတဲ့ ဒီလောက်ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခုကတော့ သူ့ကို တုန်လှုပ်စေတာ အမှန်ပင်။
ဘယ်သူကမှ ခြေတစ်လှမ်းပင် မဆုတ်ခွာခဲ့ကြပါ။ လူတိုင်းရဲ့ မျက်လုံးထဲမှာ ရန်သူကို သတ်လိုဖြတ်စိတ်ပဲ ရှိနေသည်။ ရှေးယခင်ကတည်းက.. သွေးချောင်းစီးလာခဲ့သည့်တိုက်ပွဲတစ်ခု။
စစ်မြေပြင်အထက်က ကောင်းကင်ယံမှ ကြည်လင်လှတဲ့ အပြာရောင်ကောင်းကင်တောင်မှ တိုက်ပွဲအော်သံတွေ အော်ဟစ်သံတွေနဲ့ သေဆုံးနေသူတွေရဲ့ အော်ဟစ်သံတွေ ဖုံးလွှမ်းနေလေ၏။
ဒီလို ကြီးကျယ်ခမ်းနားတဲ့ စစ်ပွဲကြီးတစ်ခုမှာ လူတစ်ယောက်ရဲ့ ခွန်အားဟာ အလွန်တရာနည်းပါးသွားသလိုပါပင်။
အခန်း (၃၇၅) နေဝင်ချိန်သွေးချောင်းစီးတိုက်ပွဲ။ လွတ်လွတ်လပ်လပ် ဒုန်းစိုင်းပြေးလွှားခြင်း။ (၃)
စက္ကန့်တိုင်းလိုလိုမှာ တစ်ယောက်ယောက် သေသည်။
ဤတိုက်ပွဲကို တစ်နာရီတင်းတင်း ဆင်နွှဲခဲ့ကြသည်။
“ဝူး…..ဝူး….ဝူး”
ဝံပုလွေနက်တပ်မတော်ရဲ့အနောက်မှ ခရာသံတွေ ထွက်ပေါ်လာသည်။
“ဒုန်း ဒုန်း ဒုန်း”
တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့နောက်ကွယ်မှာ ပြင်းထန်တဲ့ဗုံသံတွေလည်း ပဲ့တင်ထပ်နေ၏။
ဒါက ဆုတ်ခွာဖို့ အချက်ပြတာပင်။
အမိန့်ကို နာခံလျက် ဝံပုလွေနက်တပ်မတော်က နောက်ဆုတ်လာပြီး မောပန်းနေတဲ့ တာ့ဖုန်းသံမဏိမြင်းတပ်ကလည်း ဆက်မလိုက်ဘဲ ဆုတ်ခွာသွားကြသည်။
ပင်ပန်းနွမ်းနယ်မှုတွေက လူတိုင်းရဲ့မျက်နှာမှာ အထင်းသား ပေါ်လွင်နေလေ၏။ ဒုက္ခသုက္ခတွေကို ကျော်လွှားနိုင်ခဲ့လို့ စိတ်သက်သာရာရနေကြပြီး ရန်သူတွေကို ထပ်ပြီး မသတ်နိုင်တော့လို့ မကျေနပ်ဖြစ်နေကြသည်။
နှစ်ဖက်စလုံး ဆုတ်ခွာသွားတဲ့အခါ နောက်ထပ်တိုက်ပွဲက ရက်အနည်းငယ်အတွင်း ပြန်လည်ဖြစ်ပွားမည်ဖြစ်ပြီး လွင်ပြင်တွေမှာ ထပ်ပြီး အလောင်းတွေ ပြန့်ကျဲနေမှာဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသည်။
ညနေခင်းတွင် တာ့ဖုန်းသံမဏိမြင်းတပ်နှင့် ဝံပုလွေနက်တပ်မတော်နှစ်ခုလုံးမှ အလောင်းကောက်သူများသည် ကျဆုံးသွားသော ရဲဘော်ရဲဘက်များ၏ အလောင်းများကို ကောက်ယူရန် စစ်မြေပြင်တွင် ပေါ်လာပြီး အလောင်းများကို သယ်ဆောင်ရန် အလောင်းထည့်သည့်အိတ်များထဲသို့ ထည့်လိုက်ကြသည်။ အလောင်းကောက်သူများသည် အချင်းချင်း မုန်းတီးသောမျက်လုံးများဖြင့် ကြည့်နေကြသော်လည်း မည်သူမျှ အရေးယူဆောင်ရွက်ခြင်း မပြုကြ။
ဤကျဆုံးသွားသော စစ်သားများ၏ အလောင်းများစွာသည် ပုံပျက်နေပြီး လက် သို့မဟုတ် ခြေထောက်များ ပျောက်ဆုံးနေကာ အချို့မှာ ပြုပြင်ရန် လိုအပ်ပြီး အချို့မှာ ပျက်စီးသွားသောကြောင့် သူတို့၏ ရုပ်ကြွင်းများက မမှတ်မိနိုင်လောက်အောင် ကြေမွကုန်လေပြီ။
ဤကျဆုံးသွားသော စစ်သားများ၏ အလောင်းများကို ၎င်းတို့၏ ဇာတိမြို့များသို့ ပြန်ပို့ခြင်း သို့မဟုတ် ဂူဗိမာန်ဥယျာဉ်များတွင် မြှုပ်နှံခြင်း ခံရမည်ဖြစ်သည်။
“ဒီတိုက်ပွဲကြောင့် နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရသူ ငါးထောင်ကျော် ရှိခဲ့တယ်။” မြို့ရိုးများမှ တိုက်ပွဲတစ်ခုလုံးကို မြင်တွေ့ခဲ့ရသည့် စူးချန်ခုန်းက ဝမ်းနည်းစွာ ဆိုလေ၏။
တိုက်ပွဲလေးတစ်ခုတည်းမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး တစ်ဦးစီသည် စစ်သားတစ်ရာလျှင် လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး အများစုမှာ နတ်ဘုရားခွန်အားနယ်ပယ်တွင် ရှိနေပြီး ဤနေရာတွင် အမြောက်စာအဖြစ် ကျဆုံးသွားခဲ့သည်။
သို့သော် ဒါက အစပဲရှိပါသေးသည်။ နောက်ဆုံးတစ်ခေါက်တုန်းက အသေအကြေတိုက်ပွဲမှာ ရန်ပွဲများ မရပ်တန့်မီ သေဆုံးသူနှင့် ဒဏ်ရာရသူ စုစုပေါင်း တစ်သိန်း ရှိခဲ့သည်။
“ကြီးကျယ်မြင့်မြတ်တဲ့ တာအိုလမ်းစဉ်က မျက်နှာမလိုက်ဘူးပဲ” ဟု စူးချန်ခုန်းက သက်ပြင်းချလိုက်သည်။ အိုခြင်း၊ နာခြင်း သို့မဟုတ် စစ်ပွဲ၏ ရှုပ်ထွေးမှုများတွင် သေဆုံးခြင်းသည် ဤလောကတွင် အလွန်အဖြစ်များသည်ဟု ထင်ရသည်။ သေခြင်းတရားသည် လူတိုင်းအတွက် နောက်ဆုံးလမ်းဖြစ်သည်။ သေဆုံးသည့်ပုံစံသာ ကွာခြားကြသည်။
စူးချန်ခုန်းက မသေချင်ပါ။ သူက ပိုမိုကြီးမားကျယ်ပြန့်သော လောကကြီးကို မြင်တွေ့လိုသည်။
“လေ့ကျင့်ရမယ်”
ဆည်းဆာခံတပ်အတွင်းရှိ နေအိမ်ထဲတွင် စူးချန်ခုန်းသည် အာရုံပျံ့လွင့်စေသော အရာအားလုံးကို ဘေးဖယ်ထားပြီး ဂရုတစိုက် လေ့ကျင့်နေသည်။ မကြာမီ သူ့ကို စစ်မြေပြင်သို့ ခေါ်ဆောင်မည်ဖြစ်ကြောင်း သိသည်။
ဤအတွေးကို စိတ်ထဲထား၍ စူးချန်ခုန်းသည် တောက်ယင်နည်းပညာကို လေ့ကျင့်တာက သဘာဝနှင့် ပိုမိုလိုက်လျောညီထွေဖြစ်လာပြီး ယခင်ကထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာကာ ကမ္ဘာကြီးတစ်လျှောက် စီးဆင်းနေသော ဝိညာဉ်စွမ်းအင်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ကြောင်း တွေ့ရှိခဲ့သည်။
“ဒီနှုန်းနဲ့ဆိုရင် အများဆုံး နှစ်လအတွင်း ငါ့ရဲ့တောက်ယင်နည်းပညာက အဆင့်ရှစ်ကို ရောက်လောက်ပြီ” စူးချန်ခုန်းက တိတ်တိတ်လေး ဝမ်းသာနေခဲ့သည်။
စူးချန်ခုန်း မျှော်လင့်ထားသည့်အတိုင်း လဝက်ကြာကုန်ဆုံးသွားခဲ့ပြီး တာ့ဖုန်းသံမဏိမြင်းတပ်သည် ဆည်းဆာလွင်ပြင်တွင် ဝံပုလွေနက်တပ်မတော်နှင့် လေးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက်အကြား ထိခိုက်ကျဆုံးမှု နှစ်သောင်းနီးပါးရှိခဲ့သည်။
“ဒေါင် ဒေါင် ဒေါင်”
နေ့လည်ခင်းတွင် ဆည်းဆာခံတပ်မှ ခေါင်းလောင်းသံများ ထပ်မံထွက်ပေါ်လာခဲ့သည်။ စူးချန်ခုန်းသည် ဝံပုလွေရိုင်းမျိုးနွယ်စုက ထပ်မံတိုက်ခိုက်လာပြီဖြစ်ကြောင်း သိသောကြောင့် သူ၏တောက်ယင်နည်းပညာ လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။
တိဟန်သည် စူးချန်ခုန်းကို အရင်ဆုံးလာတွေ့ခဲ့ပြီး “ကင်းထောက်တွေက ဝံပုလွေနက်တပ်မတော်က တပ်ဖွဲ့ဝင် တစ်သိန်းကျော် စုဝေးနေကြောင်း သတင်းပို့ခဲ့ပါတယ်။ သူတို့လွှင့်ထူထားတဲ့ အလံတွေအရ ဒီတစ်ကြိမ်မှာ ထိပ်တန်းစစ်သည်တော်တစ်ဦး ပါဝင်ပါတယ်။” ဟု အသိပေးခဲ့သည်။
“ထိပ်တန်း စစ်သည်တော်တစ်ယောက်လား။" ဒါကိုကြားတော့ စူးချန်ခုန်းရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ဝံပုလွေရိုင်းမျိုးနွယ်စုမှာ “ထိပ်တန်းစစ်သည်တော်” လို့ ခေါ်ခံရတာဟာ ဂုဏ်သိက္ခာနဲ့ ခွန်အားရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ဝံပုလွေဘုရင်နန်းတော်က စွမ်းအားအကြီးဆုံးသူတွေကိုသာ ဒီလိုဘွဲ့ချီးမြှင့်တာဖြစ်သည်။
“ဒီတိုက်ပွဲ… စစ်သူကြီးဟုန်က တိုက်ပွဲဝင်ဖို့ လိုပါလိမ့်မယ်” ဟု တိဟန်က ဆိုသည်။
“နားလည်ပါပြီ” စူးချန်ခုန်းက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ စစ်သည်တော်အချင်းချင်း၊ ဘုရင်အချင်းချင်း တိုက်ခိုက်ရမည်။ အနက်ရောင်ဝံပုလွေတပ်မတော်မှာ ထိပ်တန်းစစ်သည်တော်တစ်ဦး ပါရှိနေတာကြောင့် သူတို့ဘက်က တိုက်ပွဲဝင်ရာမှာ ‘ဟုန်ကျန်းရှန့်’ ကို လိုပါလိမ့်မည်။ ဒီတိုက်ပွဲရဲ့ ရလဒ်က လက်ရှိစစ်ပွဲကို သိသိသာသာ လွှမ်းမိုးနိုင်သည်။
စူးချန်ခုန်းက သန့်စင်တဲ့ ကြယ်ပုံစံရွှေနဲ့ ပြုလုပ်ထားတဲ့ ရတနာသံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီး မိစ္ဆာငိုကြွေးဓားကို ခါးမှာချိတ်ကာ တိဟန်နဲ့အတူ ထွက်ခွာလာခဲ့သည်။
“စစ်သူကြီးဟုန်၊ ဒါက မင်းအတွက် ခက်ခဲတဲ့တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်” ဖေယန်က သူနဲ့တွေ့တဲ့အခါ လေးနက်စွာပြောလိုက်သည်။
ဖေယန် စိုးရိမ်နေမိသည်။ စူးချန်ခုန်းက ခွန်အားကြီးမားပေမယ့် ဟုန်ကျန်းရှန့်အဖြစ်နဲ့ တာ့ဖုန်းသံမြင်းတပ်ကို တကယ်လှုံ့ဆော်ပေးနိုင်မလားလို့ သူတွေးမိသည်။
ဝံပုလွေရိုင်းဘုရင်နန်းတော်မှ ခန့်အပ်ထားသော ထိပ်တန်းစစ်သည်တော်တစ်ဦးနှင့်အတူ တပ်သားတစ်သိန်းကို ဖြန့်ကျက်ထားသည့် ဤတိုက်ပွဲတွင် အောင်ပွဲဆင်နိုင်ခဲ့ပါက အနက်ရောင်ဝံပုလွေတပ်မတော်ကို စိတ်ဓာတ်ကျစေနိုင်သော်လည်း ရှုံးနိမ့်ခဲ့ပါက သူတို့အတွက် ကြီးမားသောဆုံးရှုံးမှုကို ဆိုလိုသည်။
“စိတ်ချပါ” ဟု စူးချန်ခုန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် ဖေယန်ထံမှ အကျိုးကျေးဇူးများကို လက်ခံခဲ့ပြီး အာမခံချက်မပေးနိုင်သော်လည်း သူ အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။
ဆည်းဆာခံတပ်တစ်ခုလုံးကို စုစည်းကာ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့နှင့် အနောက်ဘက်ရှိ တံခါးများကို ဖွင့်လှစ်ထားပြီး မြင်းတပ်ကြီးများသည် ခံတပ်အပြင်ဘက်သို့ ချီတက်ကာ စုရုံးထွက်ခွာသွားကြသည်။
“ဝူး ဝူး ဝူး”
နေ့လည်ခင်းတွင် မိုးကုပ်စက်ဝိုင်းအစွန်းမှ အရိပ်မည်းကြီးများ ပေါ်လာပြီး အဝေးမှ ခရာသံများကို ကြားရလေသည်။
စူးချန်ခုန်းသည် သံချပ်ကာဝတ်ဆင်ထားသော ကြီးမြတ်လှသည့် အနက်ရောင်စစ်မြင်းပေါ် စီးနင်းကာ ဘေးမှ ငွေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော တိဟန်က စူးချန်ခုန်းအား ကြည့်လိုက်သည်။ ဒါက သတိပေးချက်တစ်ခုဖြစ်သည်။
“ငါ့ဦးဆောင်မှုနောက်ကနေ ချီတက်ကြ”
စူးချန်ခုန်းရဲ့ ဟိန်းဟောက်သံဟာ ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေတဲ့ ပေါက်ကွဲသံကြီးကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ချီတက်ကြ။”
“ချီတက်ကြ။”
အခြား သောင်းစုမှူး၊ ရာစုမှူးများသည်လည်း အော်ဟစ်ကာ သံမဏိမြင်းစီးသူရဲ တစ်သိန်းနှစ်သောင်းကို ဦးဆောင်ချီတက်လာလျက် မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားစေခဲ့သည်။
“ဒုန်း ဒုန်း ဒုန်း”
စူးချန်ခုန်းသည် မြင်းဇက်ကြိုးများကို ဆွဲလိုက်ရာ သူ၏ အားကောင်းလှသော အနက်ရောင်မြင်းသည် သတ္တုဦးထုပ်ဆောင်းလျက်ဖြင့် လေးညွှတ်မှ လွှတ်လိုက်သော မြားတစ်စင်းနှယ် ရှေ့သို့ ပြေးထွက်သွားလေ၏။
သူ့နောက်တွင် မြင်းခွာထောင်ပေါင်းများစွာ၏ မြည်ဟီးသံက လေထုထဲတွင် ပြည့်နှက်နေပြီး စူးချန်ခုန်း၏ သွေးများပင် ဆူပွက်လာသည်။
နာရီဝက်အကြာတွင် သူတို့ ရှေ့သို့ချီတက်လာသည်နှင့် စူးချန်ခုန်းသည် အနက်ရောင်မီးလျှံများ စီခြယ်ထားသော ကြေးဝါသံချပ်ကာများကို ဝတ်ဆင်ကာ ဓားများ၊ လှံများနှင့် လေးလံသောဒိုင်းများကို ကိုင်ဆောင်ထားသော ခြေလျင်တပ်သားများကို မြင်လိုက်ရလေတော့သည်။