← Chapters

ငါက သရဲဂိမ်းတွေ ကစားရတာကျွမ်းတယ်

Vol. 32 Ch. 466

ငါက သရဲဂိမ်းတွေ ကစားရတာကျွမ်းတယ်

Vol. 32 Ch. 466

“ငါ အလုပ်ပြန်လုပ်သင့်တယ်”

သို့သော်လည်း ကောင်းမင်သည် သူ့လက်တော့ပ်ကို စစ်ဆေးကြည့်ပြီးနောက် သူသည် ပညာရေးနယ်ပယ်ထဲတွင် အလုပ်လုပ်ရန် မသင့်လျော်တော့ကြောင်း သဘောပေါက်လိုက်သည်။ သူသည် သူ့လက်ရှိအခြေအနေဖြင့် သူ့ကျောင်းသားများ ရူးသွပ်သွားစေမည်ကို စိုးရိမ်သည်။

“စာသင်တာကလွဲပြီး ငါဘာလုပ်နိုင်သေးလဲ ၊ အိမ်မက်ဆိုးထဲမှာတော့ ငါက ဆရာမဟုတ်ဘူးဆိုတာ မှတ်မိတယ်၊ အိမ်မက်ဆိုးထဲမှာ ငါလုပ်ခဲ့တဲ့နယ်ပယ်ကိုပဲ ပြန်လုပ်တာက တချို့အရာတွေကို ပြန်မှတ်မိနိုင်စေမယ်ထင်တယ်”

ကောင်းမင်နိုးလာပြီးနောက်ပိုင်း သူသည် လက်တွေ့ဘဝရှိ လူများနှင့်ပိုပိုဆုံတွေ့ခဲ့ရပြီး သူ့မှတ်ဉာဏ်များနှင့် ဝေးရာသို့ ပို၍ပို၍ လွင့်ပါနေကြောင်း သတိပြုမိသည်။တစ်နေ့တွင် ထိုအိမ်မက်ဆိုးကြီးကို သူတကယ်မမှတ်မိတော့မည်ကို စိုးရိမ်မိသည်။

ယင်းသည် ထူးဆန်းသည့်ခံစားချက်တစ်ခုဖြစ်သည်။ အိမ်မက်ဆိုးသည် သေခြင်းတရားများ၊ခြောက်ခြားဖွယ်ရာမျာဖြင့် ပြည့်နှက်နေသော်လည်း ကောင်းမင်သည် ယင်းကိုမဆုံးရှုံးလိုပေ။

“ကြည့်ရတာ အဲ့ဒီအိမ်မက်ဆိုးထဲမှာ ငါ ပိုက်ဆံပြတ်တာ တစ်ခါမှ မကြုံခဲ့ရလို့များလား”

ကောင်းမင် ဧည့်ခန်းဆီသို့ပြန်သွားလိုက်သည်။ ဧည့်ခန်းသည် အိပ်ခန်းနှင့်တွဲရက် ရှိနေခြင်းဖြစ်သည်။ သူတို့အိပ်စက်သည့်အခါ လျိုယီသည် အိပ်ခန်းနှင့်ထမင်းစားပွဲကြားလိုက်ကာကို ပြန်ဆွဲချလေ့ရှိသည်။

ကောင်းမင် လက်တော့ပ်ကို အလွန်ရှုပ်ထွေးလှသော အဆုံးမဲ့သင်ကြားရေးသင်ခန်းစာများနှင့် ကြုံတွေ့လိုက်ရသည်။ သူမည်သည့်နေရာမှ စတင်ရမှန်းမသိပေ။ထို့အစား သူ့ဖုန်းကို ဖွင့်လိုက်ရာ လုပ်လက်စ မီနီဂိမ်းလေးတစ်ခုကို ရှာတွေ့လိုက်သဖြင့် ၎င်း၏ပရိုဂရမ်ပိုင်းကို အပြီးသတ်လိုက်လေသည်။သူသည် ပရိုဂရမ်များကို ကျွမ်းကျင်စွာထိန်းချုပ်နေခဲ့သည်။

လျိုယီသည် အလုပ်တာဝန်များ လစ်ဟင်းနေသောကောင်းမင်အား ဘာတစ်ခွန်းမှ အပြစ်မဆိုချေ။သူမသည် သူ့အား ချစ်ရည်လဲ့နေသောမျက်ဝန်းများဖြင့်သာ ကြည့်ရှုနေခဲ့သည်။

“သူက ခုမှပြန်ကောင်းလာတာလေ ၊ သူ ဘာပဲလုပ်ချင် လုပ်ချင် ငါခွင့်ပြုပေးသင့်တယ်”

ဂိမ်းကို အပြီးသတ်လိုက်ပြီးနောက် သူသည် အစမ်းဗားရှင်းကို အက်ပ်စတိုးပေါ် တင်လိုက်သည်။သူသည် ဒေတာများကို စိုက်ကြည့်နေသော်လည်း အချိန်အတော်ကြာပြီးနောက်တွင်ပင် ဒေါင်းလုဒ်အရေအတွက်မှာ သုညဖြစ်နေဆဲဖြစ်သည်။ နောက်ဆုံးတွင် ဒေါင်းလုပ်နံပါတ်က တစ်ဟု တက်သွား၏။ထိုလူက ကောင်းမင်အား ရီဗျူးကောင်းတစ်ခုပင်ပေးခဲ့သေးသည်။

“ဒါက ငါကစားခဲ့ဖူးတဲ့ဂိမ်းတွေထဲမှာ အကောင်းဆုံးဂိမ်းပဲ ၊ ဒါက အိမ်ဆိုတဲ့နွေးထွေးမှုကို မတူညီတဲ့ခံစားချက်တစ်ခုပေးတယ် ၊ကျေးဇူးပဲနော်”

ကောင်းမင်အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ယင်းကို လျိုယီနှင့်ဝေမျှရန် ပြင်လိုက်စဉ်တွင် အက်ပ်စတိုးမှထွက်လိုက်သော လျိုယီကို သူမြင်လိုက်ရသည်။ သူ လျိုယီ့အကောင့်ကို မြင်လိုက်ပြီး သူ့ပုခုံးများပြန်ကျသွားသည်။

“နောက်အကောင့်တစ်ခုကို ပြောင်းနေစရာမလိုပါဘူး ၊ ငါအားလုံးမြင်လိုက်တယ်နော်”

“အရှုံးမပေးပါနဲ့ရှင်”

လျိုယီကပြုံးလျက် ကောင်းမင်ဘေးတွင် ထိုင်လိုက်သည်။

“နောက်ကျနေပြီလေ ၊ ရှင် ရေမချိုးသေးဘူးလား ၊ ရှင်ဘာလို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ ၊ ကျွန်မက လူနာတစ်ယောက်ကို အနိုင့်ကျင့်မယ်လို့ထင်နေတာလား ၊ ထားလိုက်ပါတော့ ၊ ကျွန်မ အရင်သွားလိုက်မယ်”

လျိုယီက ရေချိုးခန်းလေးထဲသို့ ဝင်သွားလိုက်သည်။ထိုနောက် မကြာမီ ရေစက်လေးများပြေးလွှားနေသံကို ကြားလိုက်ရသည်။

ကောင်းမင်သည် အနည်းငယ်တုန့်ဆိုင်းနေပြီး လျိုယီ၏ဖုန်းကို ကောက်ကိုင်လိုက်သည်။သူက စခရင်အလင်းကို အနည်းငယ်ချိန်ညှိလိုက်ပြီး စခရင်ပေါ်ရှိ လက်ဗွေရာကို ရှာလိုက်သည်။ နှစ်ကြိမ်၊သုံးကြိမ်လောက်ကြိုးစားပြီးနောက် သူမ၏ဖုန်းကို အောင်မြင်စွာလော့ခ်ဖွင့်နိုင်သွားသည်။ ဖုန်းထဲတွင် ဘဏ္ဏာရေးစီမံချက်ပလန်များနှင့် ချေးငွေအကြောင်းဖိုင်များ ရှိနေသည်။ ကောင်းမင်သတိမေ့နေစဉ်အခါက လျိုယီသည် ဖိအားအများအပြားကို တိတ်တဆိတ်ကြိတ်ခံစားနေခဲ့ရခြင်းဖြစ်သည်။ ကောင်းမင် ဖုန်းကို ပြန်ထားလိုက်သည်။ သူ့ခံစားချက်များ ရှုပ်ထွေးနေလေသည်။ တစ်ဖက်တွင် သူလွတ်မချနိုင်သော ထူးဆန်းသည့်အိမ်မက်ဆိုးတစ်ခုနှင့် အခြားတစ်ဖက်တွင် သူ့လက်တွေ့ဘဝရှိ မိသားစုနှင့်မိတ်ဆွေများ ရှိနေသည်။သူသည် အလယ်တွင် ကြားညှပ်နေရသည်။ ဆန်းကြယ်သည့်အားတစ်ခုက သူ့အားရွေးချယ်မှု ပြုလုပ်ခိုင်းနေခဲ့သည်။

“ငါ့မှတ်ဉာဏ်တွေ မရှိပဲနဲ့ ငါစာမသင်နိုင်ဘူး ၊ ငါ့မှတ်ဉာဏ်တွေကိုပြန်ရအောင် ကူညီပေးနိုင်ပြီး ဝင်ငွေရနိုင်မယ့် အလုပ်တစ်ခုကို ငါရှာဖို့လိုတယ်”

ကောင်းမင်သည် လျိုယီ၏ဝန်ထုပ်ဝန်ပိုးများကို ကူညီပေးချင်သည်။သူ တယ်လီဗေးရှင်းကို ဖွင့်လိုက်သည်။ တယ်လီဗေးရှင်းတွင် ရှင်းလု၏အကောင်းဆုံးမင်းသားဖြစ်သူ ပိုင်ရှန်း၏ သရဲကားတစ်ကားကို ပြသနေလေသည်။ အစစ်အမှန်ဆန်သော သရဲများနှင့် အသက်ရှူကြပ်ဖွယ်မြင်ကွင်းများက ကောင်းမင်အား အိမ်တွင်ရှိနေသလို ခံစားစေရသည်။

“ငါ့ရဲ့အလှအပခံစားချက်ကို သူတို့ဘာလုပ်ခဲ့ကြတာလဲ”

လျိုယီသည် အလွန်လှပသော်လည်း လျိုယီက သူ့ပုခုံးပေါ်တွင် ငိုကြွေးနေသောအခါ သူအပြစ်ရှိစိတ်ကိုသာ ခံစားခဲ့ရသည်။သို့သော်လည်း ဇာတ်ကားထဲရှိ သရဲများကို သူမြင်သောအခါ သူတို့သည် လှပသည်ဟု သူတွေးမိသည်။

“အိမ်မက်က အရမ်းအစစ်အမှန် ခံစားရတယ် ၊ သရဲတွေနဲ့ ဆက်စပ်တဲ့ အလုပ်တစ်ခုခုရှိရင် ငါ့ရဲ့ယူဆချက်တချို့ကို စစ်ဆေးနိုင်မလားမသိဘူး”

ကောင်းမင် သူ့နားထင်ကို နှိပ်နယ်လိုက်သည်။သူသည် သူအကြိုက်ဆုံးအလုပ်အတွက် လိုအပ်သည့်အချက်အလက်အနည်းငယ်ကို ရိုက်ထည့်လိုက်သည်။

“Deep Space Tech, GUI Game Arts. ဂိမ်းဒီဇိုင်းလိုဂိုတွေနဲ့ အိုင်ကွန်တွေပေါ် ဒီဇိုင်းဆွဲရန် ၊ ကောင်းမွန်သောဂိမ်းအတွေ့အကြုံများနှင့်သုံးစွဲသူများအပေါ် နားလည်မှုရှိ။

“Motu Tech Company, modelling programmer…”

ယင်းသည် သူ့စိတ်ကူးဟုတ်မဟုတ် ကောင်းမင်မပြောနိုင်ပေ။ သူဆွဲချနေသော စခရင်တစ်ခုလုံး မဲမှောင်သွား၏။ သူ့နားထဲတွင် တီဟု သံရှည်ဆွဲမြည်သံတစ်ခုထွက်ပေါ်လာသည်။ သူ လက်တော့ပ်ကိုမ၍ စစ်ဆေးလိုက်သည်။ သူဘာပြဿနာမှ ရှာမတွေ့ပေ။သို့သော်လည်း အင်တာနက်သည် ယာယီပြတ်တောက်သွားခဲ့သည်။ သူ စခရင်ကို ပြန်စတင်လိုက်ရာ သူလိုချင်နေသော ကြော်ငြာများအများအပြား ထွက်ပေါ်လာတော့သည်။

“ဟန်ရှန်းစိတ်ကျန်းမာရေးဆေးရုံ ဆေးဝါးစမ်းသပ်ခံ အလိုရှိသည်။ လူတွေ့ အင်တာဗျူးရမည်။ စိတ်ကျန်းမာရေးရာဇဝင်ရှိသော လူနာများကို ဦးစားပေးမည်”

“ကျို့ကျန်းရာစုသစ်ပန်းခြံတွင် အလုပ်သမားသစ်များငှားရမ်းနေသည်။နေ့ဘက်လုပ်သားများအတွက် အခြေခံလစာ ယွမ် ၃၀၀၀ ၊ ညဘက်လုပ်သားများအတွက် ယွမ် ၁၅၀၀၀ပေးမည်။ လျှောက်ထားသူများသည် အခြေခံရှေးဦးသူနာပြုနည်းလမ်းကို တတ်ကျွမ်းရမည်ဖြစ်ပြီး ဒီကမ္ဘာကြီးတွင် သရဲများမရှိကြောင်း ယုံကြည်သူဖြစ်ရမည်”

“နာနာဘာဝလောကထုတ်လွှင့်မှုအတွက် စထရင်မာများကို ရှာဖွေနေပါသည်။သင်ဟာ အာရုံစိုက်စရာတွေရဲ့ ဗဟိုဖြစ်ချင်ပါသလား ၊ အကြောင်းအရာဖန်တီးသူတစ်ယောက်အဖြစ် ကျွန်ုပ်တို့နဲ့ စာချုပ်ချုပ်ဆိုလိုက်ပါ ၊ သင့် ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ပါ ၊ သင့်အိမ်မက်တွေအားလုံး အမှန်တကယ်ဖြစ်လာအောင် သင့်အိမ်မှာပဲ သက်တောင့်သက်သာအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်”

ကောင်းမင် စခရင်ကို ပွတ်ဆွဲလိုက်သည်။ကြော်ငြာများသည် ထူးဆန်းသထက် ထူးဆန်းလာနေသည်။ သူ အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် ကြော်ငြာတစ်ခုက သူ့အာရုံအားဆွဲဆောင်လိုက်သည်။

“မသေဆေးဦးနှောက်လောက ဂိမ်းအတွက် ဘီတာတက်စ်(အစမ်းစမ်းသပ်သူ)များ စုဆောင်းနေသည်။ ငွေသားဆုကြေးများကို ဘီတာတက်စ်ထဲက လုပ်ဆောင်ချက်ပြီးမြောက်မှုများအပေါ်မူတည်၍ ၁၀၀၀၀၀အထိ ချီးမြင့်သွားမှာဖြစ်တယ်…”

ကောင်းမင် အသေးစိတ်အချက်အလက်များကို မစစ်ဆေးတော့ပေ။သူ့အကြည့်များက ဂဏန်းများတွင်သာ ကပ်ငြိနေလေသည်။

“ဘီတာတက်စ်ထဲမှာ ပါရုံလေးနဲ့ ဒီလောက်ငွေအများကြီးရနိုင်တယ်ပေါ့လေ”

ကောင်းမင်သည် အင်တာနက်ပေါ်တွင် ဆက်စပ်သတင်းများကို သွားရှာကြည့်လိုက်သည်။သတင်းအနည်းငယ်သာ တွေ့ရသည်။ယင်းတို့သည် ထိုဂိမ်းနှင့်ပတ်သက်၍ တစ်ခုခုမှားနေကြောင်း ပြောခဲ့ကြသည်။အချို့စမ်းသပ်သူများသည် ဂိမ်းထဲမှ ထွက်ဖို့ကြိုးစားရင်း နက်နက်ရှိုင်းရှိုင်းအိပ်ပျော်သွားကြသည်။အခြားသူများမှာ ဂိမ်းထဲကထွက်လာပြီးနောက် စိတ်လွတ်သွားကြသည်ဟူ၏။

ကောင်းမင်သည် သတင်းများကို ပိုဖတ်ချင်နေသော်လည်း ယင်းတို့မှာ အင်တာနက်မှ ဖျက်ချခံထားရသည်။

“မသေဆေးဆိုတာက ရှင်းလုက နည်းပညာဘီလူးကြီးတစ်ကောင်ပဲ ၊ သူတို့က တရားတော့ဝင်မှာပါ”

ပြီးခဲ့သည့်လအနည်းငယ်က သူ့အတွေ့အကြုံများအပါအဝင် ကောင်းမင်သည် ထိုအလုပ်နှင့်တော်တော်လေး ကိုက်ညီသည်ဟု ခံစားရသည်။

“ငါ အဲ့ဒါကို မှတ်ထားသင့်တယ်”

ကောင်းမင်သည် သူ့အိမ်မက်ဆိုးထဲတွင် Deep Space Tech နှင့် မသေဆေးကို ကြားဖူးသည်။၎င်းတို့သည် တားမြစ်ဂိမ်းတစ်ခုနှင့်ဆက်စပ်နေကြခြင်းဖြစ်သည်။သို့သော်လည်း ကောင်းမင်သည် ထိုဂိမ်းနာမည်ကို အစဖော်မရချေ။

ရေကျသံများ ရပ်တန့်သွားပြီး ရေချိုးခန်းတံခါးပွင့်လာသည်။ လျိုယီက ရေချိုးဝတ်စုံနှင့်ထွက်လာလေသည်။ သူမ၏အသားအရေသည် နို့ရောင်ကဲ့သို့ ဖြူဖွေးနေလေသည်။

“နောက်ကျနေပြီနော် ၊ ရှင် ရေချိုးသင့်တယ် ၊ ရှင့်ရေချိုးအဝတ်တွေက ရေချိုခန်းထဲမှာ ရှိတယ်”

ကောင်းမင်မှာ ရှက်နေပုံရသည်။သူ ရေချိုးခန်းထဲ အမြန်ပြေးဝင်လိုက်သည်။သူ လျိုယီကို ဖြတ်ကျော်သွားသောအခါ လျိုယီက ကောင်းမင်၏တင်ပါးကို လှမ်းရိုက်လိုက်သည်။

သူမသည် စနောက်နေသည်ဖြစ်သော်လည်း ကောင်းမင်အထိတ်တလန့်အကြည့်ကို မြင်သောအခါ သူမ၏လက်ကို လျင်မြန်စွာပြန်ရုပ်လိုက်လေသည်။

သို့သော်လည်း ထိုပုံရိပ်လေးသည် သူမနှင့်ကောင်းမင်တို့ မည်မျှရင်းနှီးကြောင်းပြသနေခဲ့သည်။ သူတို့သည် တစ်ချိန်က အလွန်ပျော်ရွှင်ဖွယ်ကောင်းသော စုံတွဲတစ်တွဲဖြစ်ခဲ့ကြခြင်းပင်။

All Chapters