အင်တာဗျူး
Vol. 32 Ch. 467
ကောင်းမင် ရေချိုးခန်းတံခါးကို ပိတ်လိုက်ပြီး ရေပန်းကို ဖွင့်လိုက်သည်။ ရေငွေ့များက မှန်ကို ဝေဝါးသွားစေသည်။ သူ့ခန္ဓာကိုယ်သည် ရေငွေ့များကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နွေးနေသောရေက သူ့အရေပြားပေါ်မှ အညစ်အကြေးများကို ဆေးကြောပေးလိုက်သည်။ သူသည် ထိုခံစားမှုကို ခံစားလိုက်ပြီး သူ့စိတ်ကို ရှင်းလင်းလိုက်သည်။
“အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားပဲ ၊ လူသားတွေအနေနဲ့ ဒါကိုပြောင်းလဲဖို့ ဘာမှမလုပ်နိုင်ဘူး”
သူ၏အသိစိတ်က သူ့ဗီဇစိတ်ကို ဖိနှိပ်မှုမရှိတော့သောအခါ ကောင်းမင်သည် လေပြည်ကဲ့သို့ တိုးညှင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။ ၎င်းသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေခြင်းမဟုတ်ဘဲ သူ့အရိုးများထဲ ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။
“ကောင်းမင် ၊ ငါတို့ မင်းကို ဒီနာမည်ပေးခဲ့တာ ထူးခြားတဲ့အကြောင်းပြချက်တစ်ခု ရှိတယ်... မင်းမိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့ကြတယ် ၊ မင်းအဘွား သေဆုံးပါးသွားပြီးရင် မင်းတစ်ယောက်တည်း ဖြစ်တော့မှာ ၊ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ် ၊ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုတယ်နော်”
နာကျင်မှုတစ်ခုက သူ့နှလုံးသားထဲ ဖြတ်စီးသွားသည်။ ကောင်းမင်က ဝေဝါးနေသော မှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မှန်ထဲမှတစ်ဆင့် သူ့ပုံရိပ်သည် ပြောင်းလဲသွား၏။ သူသည် ပိန်လှီပြီး အထီးကျန်နေပုံရသည်။ သူ့အရေပြား၏ တစ်လက်မတိုင်းစီတွင် အနက်ရောင်စာလုံးများ ဖုံးလွှမ်းနေသည်။ယင်းတို့တွင် ကောင်းချီးများနှင့်ကျိန်စာများ ရှိနေသည်။ ကောင်းမင်သည် ၎င်းတို့ကို မေ့မသွားချင်သောကြောင့် ထိုစာလုံးများကို သူ့အရေပြားထဲသို့ နက်ရှိုင်းစွာထွင်းထုထားခဲ့ခြင်း ဖြစ်ပေသည်။ ကောင်းမင်သည် ၎င်းတို့ကိုဖတ်ရှုရန် အစွမ်းကုန်ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။
သူ့အသက်ရှူသံများ ပြင်းထန်လာသည်။ ရေငွေ့များသည် ထိတွေ့ရနိုင်လောက်သော ဖိအားတစ်ခု ဖြစ်လာလေသည်။ ကောင်းမင်၏ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ သူ တဖြည်းဖြည်းအသက်ရှူကျပ်လာပြီး မထိန်းချုပ်နိုင်တော့ဘဲ မှန်ဆီသို့ယိုင်ကျသွားသည်။
ဘုန်း။
“ကောင်းမင် ၊ ကောင်းမင်!”
လျိုယီက တံခါးကို အကြိမ်ကြိမ်ခေါက်လိုက်ပြီးနောက် လျော့ရဲနေသော တံခါးကိုကန်ဖွင့်လိုက်သည်။ သူမသည် ကောင်းမင်အဝတ်မပါသည်ကို လျစ်လျူရှု၍ သူ့ကိုတွဲထူလိုက်သည်။
“ဒီမှာ အရမ်းပူနေလို့လား”
“ငါ အဆင်ပြေပါတယ်”
ကောင်းမင်၏မျက်နှာမှာ ဖြူဖျော့နေလေသည်။ မှန်ကွဲစများသည် ဘေစင်အသေးလေးပေါ်တွင် ပြန့်ကျဲနေသည်။ ထူထပ်နေသော ရေငွေ့များသည် တစ်ချိန်က သူ့အားလုံးဝဝါးမြိုခဲ့ဖူးသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲတွင် အကြောက်တရားကို ဖြစ်ပေါ်စေသည်။ လျိုယီသည် ကောင်းမင်အား မျက်နှာသုတ်ပုဝါဖြင့် ပတ်ပေးလိုက်ပြီး ကုတင်ဆီသို့ တွဲပို့ပေးလိုက်သည်။ သူမသည် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရန် ရေချိုးခန်းထဲ ပြန်မဝင်ခင် သူ့မျက်နှာနှင့်ဆံပင်များကို ခြောက်အောင် သုတ်ပေးလိုက်သည်။
“ရှင် ရှင့်ရဲ့ ညအိပ်ဝတ်စုံ လဲလိုက်သင့်တယ် ၊ မဟုတ်ရင် အအေးမိလိမ့်မယ်”
လျိုယီသည် ရေချိုးခန်းထဲမှ ခေါင်းပြူကြည့်လာသည်။ သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေလေသည်။ သူမချစ်ရသူသည် သေမင်းလက်မှ လွတ်မြောက်လာခဲ့ရုံရှိသေးသော်လည်း သူအိမ်ပြန်ရောက်လာသောအခါ သူမအတွက် သူစိမ်းတစ်ယောက်လို ခံစားနေရသည်။
ကောင်းမင်၏တုန်ယင်နေသော လက်ချောင်းများက တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ရေငွေ့(မြူ)ကို သူဘာကြောင့် ထိုမျှကြောက်နေရမှန်း ကောင်းမင်နားမလည်နိုင်ပေ။ သူသည် မှန်ထဲမှ သူ့ပုံရိပ်ကို ပြန်တွေးကြည့်ရန် ကြိုးစားလိုက်သည်။
“ငါ့အသားပေါ်မှာ အဲဒါတွေကို ထွင်းထုဖို့ ကြိုးစားခဲ့ဖူးတာလား”
လျိုယီသည် အမှိုက်သွားပစ်ရာမှ ပြန်ရောက်လာသည်။ သူမမှာ ပင်ပန်းနေပုံရသည်။
“ရှင့်ကို အများကြီးမကူညီနိုင်လို့ တောင်းပန်ပါတယ်”
အမျိုးသားဝတ် ညအိပ်ဝတ်စုံတွင် ဆပ်ပြာမှုန့်နံ့ ရနေသည်။ လျိုယီသည် ကောင်းမင်ပြန်လာမည်ကို စောင့်မျှော်နေခဲ့သည်ဖြစ်ရာ ယင်းက ကောင်းမင်ကို သူမအတွက် တစ်ခုခုလုပ်ပေးရန် ဖိအားဖြစ်စေသည်။
“ရှင် ပြန်ရောက်လာတာတင် ကျွန်မအတွက် အကြီးမားဆုံး လက်ဆောင်ပါပဲ”
လျိုယီသည် ဆံပင်အခြောက်ခံစက်ကို ယူလိုက်ပြီး ကောင်းမင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
ကောင်းမင် ထိုကိစ္စကို သိပ်တွေးမနေတော့ပေ။ သူ ဆံပင်အခြောက်ခံစက်ကို ယူလိုက်ပြီး လျိုယီ၏ဆံပင်များကို ခြောက်သွေ့အောင် ကူညီပေးလိုက်သည်။
လျိုယီက မျက်လုံးများ မှိတ်ထားလိုက်သည်။ ယင်းသည် သာမန်ကိစ္စလေးတစ်ခုဖြစ်သော်လည်း သူမ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။
“ဒါလည်း မဆိုးပါဘူး မဟုတ်လား”
ညအမှောင်ထုက ပိုနက်ရှိုင်းလာသည်။ နှစ်ယောက်သား ကုတင်ပေါ်တွင် လှဲလိုက်ကြသည်။ လျိုယီသည် ကောင်းမင်၏စိတ်ရှုပ်ထွေးနေသော မျက်နှာကို ကြည့်၍ပြုံးလိုက်သည်။
“ကျွန်မ စောင်ကို အလယ်မှာထားလိုက်မယ် ၊ ကျွန်မတို့နှစ်ယောက်လုံး အိပ်ပျော်အောင် အိပ်သင့်တယ် ၊ သိပ်အရေးမကြီးတဲ့ ကိစ္စတွေကို အာရုံစိုက်မနေပါနဲ့”
“ကောင်းပြီ”
အခန်း ၄၀၁ရှိ မီးများ ပိတ်သွားသည်။ ကောင်းမင်သည် လုံးဝအိပ်မပျော်နိုင်သော်လည်း လျိုယီအတွက်မူ ဆန့်ကျင်ဘက်ပင်။ ၎င်းသည် သူမအတွက် အချိန်အတော်ကြာပြီးမှ ရရှိလာသော အကောင်းဆုံး အိပ်စက်ခြင်းဖြစ်သည်။
နာရီလက်တံသည် တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေလေသည်။ ကောင်းမင်သည် ယောင်ပြီးစကားပြောသံကို ကြားလိုက်ရသည်။ လျိုယီသည် သူမ၏ပတ်ဝန်းကျင်ကို လုံးဝသတိမထားမိဘဲ သူ့ဘေးတွင် အိပ်ပျော်နေသည်။ သူမ၏မျက်နှာမှာ ကလေးတစ်ယောက်လို အပြစ်ကင်းစင်နေလေသည်။
“ဒါက သူ့ရဲ့ အစစ်အမှန်ပုံစံလား”
...
မနက် ၆ နာရီ ၅၀ မိနစ်တွင် နှိုးစက်မြည်လာသည်။ လျိုယီနိုးလာသောအခါ သူမ၏ခြေထောက်တစ်ဖက်က ကောင်းမင်၏တင်းမာနေသော ကျောပေါ် ရှိနေသည်ကို သတိထားမိလိုက်သည်။ သူတို့ကြားရှိ စောင်ကား သူမ၏ကန်ထုတ်ခြင်းကို ခံလိုက်ရသည်မှာ ကြာလှပြီဖြစ်သည်။ ကောင်းမင်မှာ ကုတင်ထောင့်သို့ ကပ်နေရသည်။
ကောင်းမင် မည်မျှ‘အိပ်ပျော်’ နေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ လျိုယီသည် မျက်နှာသစ် သွားတိုက်ရန် ဖြည်းညှင်းစွာ ထလိုက်သည်။ ထို့နောက် မနက်စာပြင်ဆင်ရန် ထသွားလိုက်သည်။ သူမ၏ အစီအစဉ်မှာ မနက် ၇ နာရီ ၃၀ မိနစ်မတိုင်မီ အရာအားလုံးပြီးစီးရန်ဖြစ်သည်။ ပေါ့ပါးသည့် ဝတ်စုံကို ဝတ်ဆင်ထားသော သူမသည် ကောင်းမင်ကို ညင်သာစွာလှုပ်နှိုးလိုက်သည်။
“ထမင်းပေါင်းအိုးထဲမှာ ထမင်းရှိတယ်နော် ၊ ထမင်းစားဖို့ မမေ့နဲ့နော် ၊ မသက်သာခင် အပင်ပန်း မခံနဲ့”
တံခါးပိတ်သွားသည်။ ကောင်းမင်၏မျက်လုံးများက ကြည်လင်သွားသည်။ သူ ချက်ချင်း ထထိုင်လိုက်ပြီး သူ့လက်တော့ပ်ကို ဖွင့်လိုက်သည်။ ကိုယ်လက်သန့်စင်ခြင်းကို အလျင်အမြန် လုပ်ဆောင်လိုက်သည်။ သူသည် အွန်လိုင်းအင်တာဗျူး အနည်းငယ်ကို လုပ်ရမည်ဖြစ်သည်။ သူ့ရည်မှန်းချက်များကို အတည်ပြုပြီး အင်တာဗျူးအစမ်းလေ့ကျင့်မှုတချို့ ပြုလုပ်ပြီးနောက် ကောင်းမင်က မနက် ၉ နာရီအထိ စောင့်လိုက်သည်။ ဗီဒီယိုက ချိတ်ဆက်သွား၏။ ကောင်းမင်၏ ပထမဆုံးရွေးချယ်မှုမှာ မိုတုနည်းပညာ ဖြစ်သည်။ ကုမ္ပဏီသည် ပုံမှန်ခံစားခွင့်များ ပေးထားသော်လည်း ကောင်းမင်သည် အိပ်မက်ဆိုးထဲတွင် သူတို့နှင့် တွေ့ဆုံခဲ့ဖူးပုံရသည်။
သူ့အသုတ်တွင် အခြားအင်တာဗျူးဖြေဆိုသူ အနည်းငယ်ရှိသည်။ လူတိုင်းကို ငါးမိနစ် အချိန်ပေးထားသည်။ ကောင်းမင်သည် ခြောက်ခြားဂိမ်းများ၏ဦးတည်ချက်ကို အာရုံစိုက်ထားသည်။ သူ့အလှည့်ရောက်သောအခါ သူက ယုံကြည်မှုရှိရှိဖြင့် စပြောလိုက်သည်။
“ကစားသမားတွေက အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုမှာ ရှိနေတဲ့အခါ ပြီးတော့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အရင်းအမြစ်နဲ့ စွမ်းရည်တွေမရှိတဲ့အခါ စိုးရိမ်ပူပန်မှုနဲ့အကူအညီမဲ့မှုတို့က သူတို့ကို တဖြည်းဖြည်း ဖျက်ဆီးပစ်လိမ့်မယ်”
“ကြောက်ရွံ့ခြင်းဆိုတာ သူ့အလိုလိုကြီးထွားလာနိုင်တဲ့ စိတ်ခံစားချက်တစ်ခုပဲ ၊ ကျွန်တော်တို့ဟာ ကစားသမားတွေရဲ့ စိတ်ကူးယဉ်မှုကို လှုံ့ဆော်ပေးလိုက်ဖို့ပဲလိုတယ် ပြီးတာနဲ့ ကျွန်တော်တို့ဟာ သူတို့ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြောက်ရွံ့လာအောင် အမှန်တရားကို တဖြည်းဖြည်း သွေဖယ်နိုင်လိမ့်မယ်”
ကောင်းမင် ကင်မရာရှေ့တွင် ခါးကို မတ်လိုက်သည်။ အင်တာဗျူးသူသုံးဦးကို ကြည့်လိုက်ရာ သူတို့ထဲမှ နှစ်ဦးသည် အခြားသူများ၏ကိုယ်ရေးရာဇဝင်များကို စတင်လှန်လှောကြည့်ရှုနေပြီဖြစ်ကြောင်း သူသတိထားမိလိုက်သည်။ တတိယမြောက်လူမှာ ကော်ဖီသောက်နေသည်။
“ထိပ်တန်းခြောက်ခြားဂိမ်းတွေ ဖန်တီးဖို့ ကျွန်တော်ဟာ စိတ်ရောဂါကုသမှုဆိုင်ရာ ကျွမ်းကျင်ဘွဲ့ ရရှိထားပြီး လူတွေရဲ့စိတ်နှလုံးအားနည်းချက်တွေကို နက်နက်ရှိုင်းရှိုင်း သုတေသနပြုခဲ့ပါတယ်”
မည်သူမျှ မတုံ့ပြန်သောကြောင့် ကောင်းမင်သည် သူ့ဖုန်းကို ထုတ်လိုက်ပြီး ရိုးရှင်းသော ဂိမ်းအိုင်ကွန်တစ်ခုကို နှိပ်လိုက်သည်။
“ဒါက ကျွန်တော်ဖန်တီးထားတဲ့ ခြောက်ခြားဂိမ်းပရိုဂရမ်တစ်ခုပါ ၊ မတူညီတဲ့ ခြောက်ခြားမှုနဲ့ သဘာဝလွန်ဖြစ်ရပ်များစွာကို ပေါင်းစပ်ထားပါတယ် ၊ ကျွန်တော် ခင်ဗျားတို့ဆီ ပို့ပေးလို့ရပါတယ်”
အင်တာဗျူးသူက ကော်ဖီခွက်ကိုချလိုက်ပြီး ကောင်းမင်ကို ကြည့်လိုက်သည်။
“ခြောက်ခြားဇာတ်လမ်းတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ အဖြေတွေ ရှိပါတယ် ၊ ဂိမ်းက မွန်းကြပ်ဖွယ်အငှားအိမ်လေးကနေ စတင်ပြီး သရဲမြို့တော်ကြီးအထိ တဖြည်းဖြည်းတိုးတက်သွားမှာပါ ၊ ပထမဆုံးအခန်းအတွက် ကျွန်တော် သရဲအမေတစ်ကောင်ကို ဒီဇိုင်းဆွဲထားပါတယ် ၊ ကိုယ်နဲ့ အရင်းနှီးဆုံးလူက ရင်းနှီးမှုမရှိတော့တဲ့အခါ...”
ကောင်းမင်သည် အင်တာဗျူးသူက သူ့ဖိုင်များကို လက်မခံသည်ကို မြင်လိုက်ရသောကြောင့် ဆက်မပြောတော့ပေ။ ထိုအစား ထိုသူက လက်သည်းညှပ်ကို ကောက်ကိုင်လိုက်သည်။
“ခြောက်ခြားဂိမ်းတွေအပေါ်ထားရှိတဲ့ ခင်ဗျားရဲ့စိတ်အားထက်သန်မှုကို ကျွန်တော်သိပါတယ် ၊ ဒါပေမဲ့ ဒီဂိမ်းကနေ ကျွန်တော်တို့ ငွေဘယ်လိုရှာနိုင်မလဲဆိုတာ ပြောပြလို့ရမလား”
အင်တာဗျူးသူတစ်ဦးက လေးနက်စွာ မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ ကြော်ငြာရှင်တွေက သူတို့ကြော်ငြာတွေကို ဘယ်နေရာမှာ ထည့်လို့ရမလဲ ၊ ဂိမ်းရဲ့ ငွေပေးချေမှုပုံစံက ဘယ်လိုမျိုးလဲ ၊ ကစားသမားတွေ ဒီဂိမ်းထဲမှာ ပိုက်ဆံသုံးချင်လာအောင် ဆွဲဆောင်မယ့်စနစ်က ဘာလဲ”
“ခြောက်ခြားဂိမ်းတစ်ခုမှာ ငွေပေးချေရတဲ့ဆိုင်က တကယ်ကြီး လိုအပ်လို့လား”
ကောင်းမင်သည် ဇာတ်လမ်းတစ်ပုဒ်ကိုရောင်းချရန် အစွမ်းကုန် ကြိုးစားနေသော်လည်း တစ်ဖက်လူကမူ ငွေအကြောင်းကိုသာ တွေးတောနေလေသည်။
“မီးသင်္ဂြိုဟ်စက်က အလောင်းတွေကို အလကားမီးရှို့ပေးလို့လား ၊ တစ်ယောက်ယောက်က အသုဘကို ကြိုက်လို့ဆိုပြီး သင်္ချိုင်းကမြေကွက်တွေကို အလကားပေးလို့လား ၊ အိပ်မက် မက်မနေနဲ့ ၊ ဆာလောင်တစ္ဆေပွဲတော်မှာတောင် ပိုက်ဆံစက္ကူတွေ မီးရှို့ပေးဖို့လိုသေးတယ်လေ”