အင်တာဗျူးအစစ်
Vol. 32 Ch. 468
မိုတုမှ အင်တာဗျူးသူများမှာ အလွန်တိုက်ရိုက်ဆန်သည်။ သူတို့က အင်တာဗျူးဖြေသူများ၏ ဖိအားခံနိုင်ရည်ကို စမ်းသပ်နေခြင်းလည်း ဖြစ်နိုင်သည်။ယင်းသည် ကောင်းမင်အတွက် ထိုကဲ့သို့အခြေအနေမျိုးမှာ ပထမဆုံးအကြိမ်ကြုံတွေ့ရခြင်းဖြစ်သည်။ကောင်းမင် ချက်ချင်းပါးစပ်ပိတ်သွားသည်။ သူသည် လူတစ်ယောက်အား စကားလုံးများဖြင့် ပြန်လည်တိုက်ခိုက်တတ်သည့်သူ မဟုတ်ပေ။ သူ့အိမ်မက်ဆိုးထဲတွင် သူသည် သူ့လက်သီးကိုသာ မကြာခဏသုံးလေ့ရှိသည်။
“ခင်ဗျားမှာ ခြောက်ခြားဂိမ်းတွေဖန်တီးနိုင်မယ့် အလားအလာရှိပါတယ် ၊ ခင်ဗျားရဲ့ စိတ်အားထက်သန်မှုက ခင်ဗျားကို အောင်မြင်မှုရစေမှာပါ ၊ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ကုမ္ပဏီက ခင်ဗျားလို အရည်အချင်းရှိသူမျိုးကို လောလောဆယ်မလိုအပ်သေးပါဘူး ၊ စိတ်မကောင်းပါဘူးခင်ဗျာ”
အခြားအင်တာဗျူးသူက ပြောလိုက်သည်။ အဓိပ္ပါယ်ကတော့ ရှင်းသည်။ ကောင်းမင်၏ပထမဆုံး အင်တာဗျူးမှာ ကျရှုံးမှုဖြင့်အဆုံးသတ်သွားခြင်းဖြစ်သည်။
“ငါက ငါ့အိပ်မက်ဆိုးထဲက အပိုင်းအစတွေကို ပြန်ဖန်တီးချင်တာ ၊ ကြည့်ရတာ ဒီဂိမ်းကုမ္ပဏီက ငါ့ကို ကူညီနိုင်မှာမဟုတ်ဘူး”
ကောင်းမင် လက်မလျှော့ခဲ့ပေ။ သူသည် ထိုမနက်ခင်းတွင် အင်တာဗျူးများစွာ ဖြေဆိုခဲ့သော်လည်း အားလုံးထံမှ အငြင်းခံခဲ့ရသည်။ ကောင်းမင်က သူ့အရံရွေးချယ်မှုများဘက်သို့ လှည့်လိုက်သည်။ အရင်က သူတစ်ခါမှပင် မကြားဖူးသော အလုပ်အကိုင်များစွာ ရှိနေသည်။
“ဒီသရဲအိမ်အလုပ်သမားအတွက် လစာက အရမ်းမြင့်တယ် ၊ ညဘက်ဆို အလုပ်သိပ်မများဘူးလို့ အက်ဒမင်က ပြောတယ် ၊ အဲဒီအချိန်ကိုသုံးပြီး ကိုယ်ပိုင်ပရိုဂရမ်တွေ ရေးလို့ရနိုင်တယ်”
ကောင်းမင်သည် ဝက်ဘ်ဆိုက်အတိုင်း လိုက်သွားပြီး ကျို့ကျန်းရာစုသစ်ပန်းခြံ တည်နေရာကို ရှာဖွေလိုက်သည်။ အချက်အလက်များ ဖြည့်စွက်ပြီးနောက် ကောင်းမင်သည် ဗီဒီယိုကောအခန်းတစ်ခုထဲသို့ ဖိတ်ခေါ်ခံလိုက်ရသည်။ အိုဟောင်းနေသည့် သစ်သားစားပွဲအိုကြီးရှိသော အခန်းသည် ခြောက်ခြားဖွယ်ကောင်းနေလေသည်။ ပုံပျက်ပန်းပျက်ဖြစ်နေသော အရုပ်အကျိုးအပဲ့များကို ထောင့်တစ်နေရာတွင် စုပုံထားသည်။ ၎င်းတို့ဘေးတွင် မဖွင့်ရသေးသော ဆေးပုံးများရှိနေသည်။
“ဟဲလို ၊ လူရှိလားခင်ဗျာ”
ကောင်းမင်က စပီကာကို ပြောလိုက်သည်။ စားပွဲထောင့်တွင် တွဲလောင်းကျနေသော အရုပ်တစ်ရုပ်ကို သူမြင်လိုက်ရသည်။ ထိုအရုပ်သေးလေးသည် စားပွဲပေါ်တက်ရန် အစွမ်းကုန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော်လည်း ကောင်းမင်၏အကြည့်ကြောင့် ၎င်းက သေချင်ယောင်ဆောင်လိုက်သည်။
“ထူးဆန်းတယ် ၊ အဝတ်ရုပ်တစ်ရုပ်က သေချင်ယောင်ဆောင်နေတယ်လို့ ငါဘာလို့ ထင်မိနေတာလဲ”
ကောင်းမင်က ဗီဒီယိုကို ချဲ့ကြည့်လိုက်သည်။ အရုပ်လေးမှာ ချွေးပြန်နေသည်ဟု သူ ခံစားနေရသည်။
စက္ကန့်အနည်းငယ်ကြာသောအခါ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး အခန်းထဲ ဝင်လာလေသည်။ ပွင့်နေသောမော်နီတာကို မြင်လိုက်ရသောအခါ သူက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
“မင်း လူတွေကိုအင်တာဗျူးဖို့ ထပ်ကြိုးစားနေပြန်ပြီလား”
ယင်းက ဘယ်သူ့ကို ပြောနေမှန်း မရှင်းလင်းပေ။ သူက အရုပ်ကိုကောက်ယူပြီး ရင်ခွင်ထဲ ထည့်လိုက်သည်။
“မင်္ဂလာပါ ၊ ငါက ဒီသရဲအိမ်ရဲ့ အလုပ်သမားခေါင်းဆောင်ပါ ၊ ငါ့ကို အစ်ကိုကျိုးလို့ ခေါ်လို့ရပါတယ်”
ကုမ္ပဏီ အင်တာဗျူးသူများနှင့် နှိုင်းယှဉ်လျှင် အစ်ကိုကျိုးသည် အလွန်ကြင်နာတတ်ပြီး ဖော်ရွေသည်။
“အစ်ကိုကျိုး ၊ မင်္ဂလာပါ ၊ ကျွန်တော် ညဆိုင်းရာထူးအတွက် အင်တာဗျူးချင်လို့ပါ...”
“ညဆိုင်း ဟုတ်လား”
အစ်ကိုကျိုးက အံ့အားသင့်သွားသည်။
“ကိစ္စမရှိဘူး ၊ကျေးဇူးပြုပြီး ဆက်ပြောပါဦး”
“ကျွန်တော် ကျွန်တော့်ရဲ့ အခြေခံအချက်အလက်တွေကို ပို့ပေးထားပါတယ် ၊ သရဲအကြောင်းကိုလည်း ကျွန်တော် နည်းနည်းပါးပါး နားလည်ထားပါတယ်”
ကောင်းမင်က သူ့အတွေးများကို စတင်ပြောပြလိုက်သည်။
“မင်းရဲ့ အချက်အလက်တွေက ငါတို့နဲ့ အရမ်းလိုက်ဖက်တာပဲ ၊ မင်း ငါတို့ဆီ ဝင်ရောက်လာဖို့လည်း မျှော်လင့်မိပါတယ် ၊ ဒါပေမဲ့ ငါအရင်အတည်ပြုရမယ့် အချက်နှစ်ချက်တော့ ရှိတယ်”
အစ်ကိုကျိုးက စားပွဲပေါ် လက်ထောက်လိုက်ပြီး ကင်မရာနားကပ်လိုက်သည်။
“ပထမတစ်ချက်က ၊ မင်းခန္ဓာကိုယ်က ဘယ်လိုခြောက်ခြားမှုအဆင့်မျိုးအထိ ခံနိုင်ရည်ရှိမယ်လို့ ထင်သလဲ”
သူကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးကို ထည့်သွင်းစဉ်းစားပြီး ကောင်းမင်က ယုံကြည်မှုရှိရှိ ဖြေလိုက်သည်။
“ဘယ်လိုအဆင့်မျိုးမဆိုပါ”
“အိုး ၊ ငါတို့မှာ ယုံကြည်ချက်ရှိတဲ့ လူငယ်လေးတစ်ယောက် ရှိနေတာပဲ”
အစ်ကိုကျိုးသည် အလွန်ကျေနပ်သွားသည်။
“ဒုတိယမေးခွန်းက အဓိကပဲ ၊ ရိုးရိုးသားသား ဖြေရမယ်နော် ၊ ဒီကမ္ဘာပေါ်မှာ သရဲတွေရှိတယ်လို့ မင်းယုံသလား”
ကောင်းမင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ နောက်ဆုံးတွင် သူ ခေါင်းငြိမ့်လိုက်သည်။
“ယုံတယ်”
“နှမြောစရာပဲကွာ ၊ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ သရဲဆိုတာ မရှိလို့ပဲ”
အစ်ကိုကျိုးက ဝမ်းနည်းသွားပုံရသည်။
“ငါတို့ရဲ့သရဲအိမ်က လက်တွေ့ဆန်တဲ့သရဲတွေနဲ့ လေထုကို ဖန်တီးဖို့ နောက်ဆုံးပေါ်နည်းပညာကို သုံးထားတာကွ ၊ ဒါကြောင့် သရဲရှိတယ်လို့ မင်းယုံကြည်နေရင် မင်းအဲဒီအထဲမှာ မျောပါသွားနိုင်တယ် ၊ ငါတို့က အဲဒါမျိုး မဖြစ်စေချင်ဘူး”
ကောင်းမင်၏အချက်အလက်များကို ဖတ်ရှုပြီးနောက် အစ်ကိုကျိုးက တွေဝေနေပုံရသည်။
“မင်းက ရှားရှားပါးပါးအရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ ၊ ဒါပေမဲ့ မင်းအတွက်နဲ့ စည်းမျဉ်းတွေကိုတော့ ငါမဖောက်ဖျက်ပေးနိုင်ဘူး ၊ ဒီလိုလုပ်ကွာ ၊ မင်းဖုန်းကို ဂရုစိုက်ထားလိုက် ၊ သူဌေးပြန်လာရင် ငါမေးပေးမယ် ၊ သူသဘောတူရင် ငါတို့ ဆက်သွယ်လိုက်မယ်လေ”
“ခင်ဗျားရဲ့ သူဌေးလား”
“သူ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာ”
ဖုန်းခေါ်ဆိုမှုသည် အလွယ်တကူလုပ်လို့ရသည်ဖြစ်ရာ အစ်ကိုကျိုးက သူ့ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ကောင်းမင် ယုံကြည်လိုက်သည်။
“ကောင်းပါပြီ”
ကောင်းမင်က တစ်ဖက်လူ၏ စိုးရိမ်မှုကို နားလည်လိုက်သည်။ သူ့လက်ရှိအခြေအနေနှင့်ဆိုလျှင် သရဲအိမ်တွင် သူ မေ့လဲသွားနိုင်သည်။ ယင်းက သူတို့ကို များစွာဒုက္ခများစေလိမ့်မည်။
“မင်းဖုန်းကို အမြဲတမ်းဖွင့်ထားနော် ၊ ငါတို့သူဌေးက မင်းကို ဆက်သွယ်လို့မရရင် မင်းဆီ ကိုယ်တိုင်တောင် လာရှာနိုင်တယ် ၊ သူက အရမ်းဇွဲကောင်းတာနော်”
ကောင်းမင် ဗီဒီယိုထဲက ထွက်လိုက်ချိန်တွင် ယင်းကို မှတ်သားမထားခဲ့ပေ။ သူ အခြားအင်တာဗျူး အနည်းငယ်ကို ထပ်ကြိုးစားကြည့်လိုက်သည်။ အချို့က သူ့စိတ်ကျန်းမာရေးအခြေအနေအကြောင်း ထောက်ခံစာ တောင်းကြသည်။ အချို့မှာ အင်တာဗျူးအတွက် သန်းခေါင်ယံအချိန် စွန့်ပစ်လမ်းကြားတစ်ခုထဲကို လာခိုင်းကြသည်။ ကောင်းမင်သည် ဤလုပ်ငန်းစဉ်ကို ဖြတ်သန်းလေလေ ပိုပင်ပန်းလေလေ ဖြစ်လာတော့သည်။
“အလုပ်အကိုင်ဈေးကွက်က အဲဒီလောက်တောင် ဆိုးနေပြီလားဟ”
ကောင်းမင်၏ မှတ်စုစာအုပ်ထဲတွင် ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။မသေဆေးဦးနှောက်လောကဂိမ်းပတွက် ဘီတာတက်စ်သမားဖြစ်သည်။
ထိုအလုပ်အတွက် အင်တာဗျူးရန် မလိုပေ။ ဝက်ဘ်ဆိုက်ပေါ်ရှိ ဖောင်တစ်ခုကို ဖြည့်ရုံသာဖြစ်သည်။ ရွေးချယ်ခံရပါက မသေဆေးသို့ အော့ဖ်လိုင်းအင်တာဗျူး လာရောက်ရန် အကြောင်းကြားမည်ဖြစ်သည်။
“အင်တာနက်ပေါ်မှာတော့ ဘာသတင်းအချက်အလက်မှ ရှာမတွေ့ဘူး ၊ လူတိုင်းကြုံရတဲ့ စမ်းသပ်မှုက မတူညီကြဘူးလို့ ပြောကြတယ်”
ကောင်းမင်သည် စိတ်ရှည်လက်ရှည်ဖြင့် ဖောင်ဖြည့်လိုက်သည်။ ဤသည်မှာ သူ့နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် သူအလွန်အလေးအနက်ထားနေသည်။
“အခု စောင့်ဖို့ပဲ ကျန်တော့မယ် ၊ ဘီတာတက်စ်မှာ ငါပါဝင်ခွင့်ရရင် ဒီဦးနှောက်ပျက်ကြီးနဲ့ ပိုက်ဆံတွေအများကြီး ရှာနိုင်မှာသေချာတယ်”
ညနေ ၅ နာရီတွင် ကောင်းမင်သည် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။ ယခုလိုအချိန်မျိုး၌ လူများ သူ့ဆီလာရှာလိမ့်မည်ဟု သူမထင်ပေ။ ကြောက်မက်ဖွယ်ရာ ပုံရိပ်များစွာက သူ့စိတ်ထဲ ဝင်ရောက်လာသည်။ အကြောက်တရားက သူ့အာရုံကြောများကို လှုံ့ဆော်လိုက်သည်။ သူသည် သစ်သီးလှီးဓားကို ကောက်ကိုင်လိုက်ပြီး ကြွက်သားများကို တင်းထားလိုက်သည်။ သူ တံခါးနားသို့ တိုးသွားလိုက်သည်။
“ဘယ်သူလဲ”
ပြန်ဖြေသံမကြားရသောအခါ ကောင်းမင်က ပိုစိတ်လှုပ်ရှားသွားသည်။ သူ ဓားကို ကျောနောက်တွင် ဝှက်ထားလိုက်ပြီး တံခါးလက်ကိုင်ဘုကို ဖြည်းညှင်းစွာလှည့်လိုက်သည်။
တံခါးဟလေးကြားမှတဆင့် အမွှေးပွကြောင်လေးတစ်ကောင် အော်မြည်နေသည်ကို ကောင်းမင် မြင်လိုက်ရသည်။ ၎င်းသည် ခြေတံတိုတိုလေးများဖြင့် ဟိုပြေးဒီပြေးလုပ်နေလေသည်။
“ကြောင်တစ်ကောင်လား”
ကြောင်လေးသည် ကောင်းမင်ကို ကြောက်နေပုံရသည်။ ၎င်းသည် သူ့ဆီမှ ထွက်ပြေးသွားပြီး ပုန်းနေသော လျိုယီထံ ပြေးသွားလိုက်သည်။ သူမတွင် ဈေးဝယ်အိတ်နှစ်အိတ် ပါလာသည်။
“ဒီနေ့ အလုပ်စောစောဆင်းလာတာလေ”
ကြောင်လေးက သူမကိုဖော်ထုတ်လိုက်သည်ကို မြင်သောအခါ လျိုယီက ပြုံးလိုက်သည်။
“ကျွန်မတို့ အိမ်ပြောင်းပြီးရင် ကြောင်တစ်ကောင်မွေးမယ်လို့ ရှင်ပြောဖူးတယ်လေ ၊ ဒါပေမဲ့ အိမ်မပြောင်းရသေးရင်လည်း ကြောင်မွေးလို့ရမယ်လို့ ကျွန်မထင်တယ် ၊ ကျွန်မသူငယ်ချင်းက ဒီကြောင်လေးကို ပေးလိုက်တာ”
လျိုယီသည် ကောင်းမင်ကို စိတ်ပူနေသောကြောင့် စောစောပြန်လာခဲ့ခြင်းဖြစ်သည်။ ကြောင်လေးက သူ့ကို အဖော်ပြုပေးရန်ဖြစ်သည်။
“သူ့ကို နာမည်ပေးလိုက်ရအောင်”
လျိုယီက တံခါးနား လျှောက်လာသည်။ ကြောင်လေးသည် သူမဖိနပ်နားတွင် ပြေးလွှားနေလေသည်။
“ဖချိုင်ဆိုရင်ရော ဘယ်လိုလဲ”
ကောင်းမင် ရေရွတ်လိုက်ရာ သူ့နှလုံးက ခုန်ပေါက်သွားသည်။
“အိပ်မက်ဆိုးထဲမှာ ငါ့မှာ အရမ်းစွမ်းအားကြီးတဲ့မိတ်ဆွေနှစ်ယောက်ရှိတယ် ၊ တစ်ယောက်ရဲ့ နာမည်က ဖချိုင် တဲ့ ၊ နောက်တစ်ယောက်ကိုတော့ ငါ မမှတ်မိတော့ဘူး”
(မှတ်ချက် - ရှေ့ခန်းတွေမှာတုန်းက ဖချိုင်ကို ဖကိုင်လို့ မှားသုံးခဲ့ပါတယ် ၊ နာမည်အမှန်က ဖချိုင်ပါ)