စတင်ခြင်း
Vol. 32 Ch. 469
“ကောင်းပြီ ၊ ခုချိန်ကစပြီး ဖချိုင်က ရှင့်ကို ကာကွယ်ပေးလိမ့်မယ် “
လျိုယီက ကြောင်လေးကို ကောင်းမင်၏လက်ပေါ် တင်ပေးလိုက်သည်။
“ရှင့်ရဲ့ အိမ်မက်ဆိုးတွေအားလုံးကို သူ့ကို မောင်းထုတ်ခိုင်းလိုက်ကြစို့”
“သူက ကြွက်တစ်ကောင်တောင် မောင်းထုတ်နိုင်မယ် မထင်ဘူးနော်”
သူထိုသို့ပြောလိုက်သော်ငြား သူက သူ့လက်ကိုဆန့်၍ ကြောင်လေး၏ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်သည်။
“ကျွန်မ ဟင်းချက်စရာတွေ အများကြီးဝယ်လာတယ် ၊ ဒီည ရှင့်အတွက် ဟင်းတွေ အများကြီးချက်ပေးမယ် “
လျိုယီက လက်ဆေးလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားတော့သည်။ ကောင်းမင်သည် မီးဖိုချောင်ထဲရှိ လျိုယီအား သွားကူညီမပေးမီ ကြောင်လေးအတွက် အိမ်ထဲရှိ စက္ကူဟောင်းများဖြင့် ရိုးရှင်းသောကြောင်အိပ်ရာလေးတစ်ခု လုပ်ပေးလိုက်သည်။ကောင်းမင်သည် ဆေးရုံတွင် မျက်လုံးဖွင့်ခဲ့ချိန်က သူ့တွင် ထိုဘဝမျိုးရှိမည်ဟု တွေးမထားမိချေ။ လျိုယီ၏ထွက်ပေါ်လာမှုကြောင့် ထိုအရှိတရားအပေါ် သူ့ခုခံမှုက လျော့ပါးလာခဲ့သည်။ သူသည် ဖြည်းညင်းစွာပင် ထိုအိမ်မက်ဆိုး၏လွှမ်းမိုးမှုမှ အဝေးသို့ လျှောက်လှမ်းနေခဲ့ပြီဖြစ်သည်။
ထမင်းစားပွဲတွင် ကောင်းမင်သည် ယခင်ကထက် သိသိသာသာပိုကောင်းလာတော့သည်။ လျိုယီက သူတို့နှစ်ယောက်ကြားရှိ ဇာတ်လမ်းများကို ပြောပြသည်။လျိုယီ၏အကူအညီဖြင့် ကောင်းမင်၏အထီးကျန်လှသော ကမ္ဘာကြီးသည် အချစ်များ၊ပျော်ရွှင်မှုများဖြင့် အရောင်အသွေးစုံလင်လာသည်။ယင်းသည် ကမ်းခြေတစ်ခုကို ရှာဖွေနေသည့် လှေတစ်စင်းနှင့်တူသည်။ သူတို့သည် အထီးကျန်သော်လည်း တစ်ဦးနှင့်တစ်ဦးအတူရှိပေးကြသည်။
ညစာစားပြီးနောက် လျိုယီက ကောင်းမင်အား ရပ်ကွက်ထဲသို့ လမ်းလျှောက်ခေါ်သွားသည်။သူတို့သည် အိုဟောင်းနေသော အဆောက်အဦးများကို ဖြတ်၍လမ်းလျှောက်လာခဲ့ကြပြီး ဘာအကြောင်းမှ မပြောဆိုကြပေ။ထို့နောက် သူတို့သည် ဖချိုင်အတွက် အိမ်မွေးတိရိစ္ဆာန်ပစ္စည်းတစ်ချို့ဝယ်ရန် စူပါမားကပ်ထဲသို့ ပြေးဝင်လိုက်ကြသည်။ သူတို့ အိမ်ပြန်ရောက်လာသောအခါ ည၁၀နာရီ ထိုးနေပြီဖြစ်သည်။ လျိုယီက ဖချိုင်ကို ရေချိုးပေးပြီး ကောင်းမင်သည် ဖချိုင်အား ကြောင်အိမ်ကို သုံးတတ်စေရန် လေ့ကျင့်ပေးနေသည်။ထိုစဉ် ကောင်းမင်၏ဖုန်းက တုန်ခါလာသည်။
ကောင်းမင် ဖုန်းကိုဖွင့်ကြည့်လိုက်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ယင်းသည် မသေဆေးမှ မက်ဆေ့ပို့လာခြင်းဖြစ်သည်။သူ လူရွေးပွဲအောင်သွားပြီ ဖြစ်သည်။ သူ့အား မနက်ဖြန်ညနေ ၃နာရီတွင် မသေဆေး၏တတိယမြောက် သုတေသနဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ ဆက်လက်စစ်ဆေးနိုင်ရန် တောင်းဆိုလာခြင်းဖြစ်သည်။
“နောက်ဆုံးတော့ သတင်းကောင်းကြားရပြီ”
ကောင်းမင်၏စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသဖြင့် ဖချိုင်နှင့် ကစားနေလိုက်သည်။မနက်ဖြန် စမ်းသပ်မှုအတွက် စာတချို့ကိုလည်း ဖတ်ရှုထားလိုက်သည်။
“ကောင်းမင် ၊ ကျွန်မရဲ့ ညအိပ်ဝတ်စုံလေး ယူပေးပါဦး ၊ ဘယ်ဘက်ဗီရိုထဲက အနက်ရောင်လေး”
လျိုယီ၏အသံကိုကြားလိုက်ရသဖြင့် ကောင်းမင်က ဗီရိုကို ဖွင့်လိုက်သည်။ သူသည် အဝတ်များကို ကြည့်ရှုပြီးမှ ‘ရိုးရှင်း’ သော အနက်ရောင် ညအိပ်ဝတ်စုံလေးကို တွေ့လိုက်သည်။
သူ့ပါးများ နီမြန်းလာပြီး ၎င်းကို ထိတွေ့ရန် လက်လှမ်းလိုက်သည်။ အသားက ပိုးသားကဲ့သို့ ချောမွေ့နေသည်။ ညအိပ်ဝတ်စုံအားလုံးထဲတွင် ၎င်းသည် အထည်သား အနည်းဆုံးဖြစ်သည်။ ၎င်းအား ဗီရို၏အနက်ရှိုင်းဆုံးနေရာတွင် ဖုံးကွယ်ထားခြင်းဖြစ်သည်။
“တွေ့ပြီလား”
ကောင်းမင် ၎င်းကို ကောက်ယူလိုက်ပြီး ရေချိုးခန်းတံခါးဆီသို့ အပြေးသွားလိုက်သည်။ သူ ညအိပ်ဝတ်စုံကို မြှောက်ပြပြီး နောက်လှည့်လိုက်သည်။
“ဒါလေးလား”
ကောင်းမင် အဖြေမကြားရမီ သူ့လက်မောင်းကို ဆွဲလိုက်သည့်ခံစားမှုတစ်ခုကြောင့် ရေချိုးခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
ကောင်းမင်၏ ဆံပင်များ ထောင်ထသွားသည်။ သူ ခေါင်းကို ဝှေ့ကြည့်လိုက်ရာ လျိုယီသည် သူမ၏ စနောက်မှု အောင်မြင်သွားသဖြင့် ပြုံးစိစိလုပ်နေသည်ကို မြင်လိုက်ရသည်။
“မင်း... အအေးမမိအောင် အဝတ်မြန်မြန်ဝတ်လိုက်ဦး”
ကောင်းမင်သည် ညအိပ်ဝတ်စုံကို လျိုယီဆီ ပစ်ပေးလိုက်ပြီး ပြတင်းပေါက်ဆီ ပြေးသွားကာ ညရှုခင်းကို ငေးကြည့်နေလိုက်သည်။ သူ့သွေးများ ဆူပွက်နေသည်။ ကောင်းမင် အသက်ပြင်းပြင်း အနည်းငယ် ရှူသွင်းလိုက်ပြီး အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။
“ရှင့်က ခုမှ အပြင်ကပြန်လာတာလေ ၊ ရေမချိုးခင် အိပ်ခွင့်မပြုဘူးနော်”
လျိုယီသည် ကောင်းမင်ကို ရေချိုးစေရန်အတွက်သာ လမ်းလျှောက်ထွက်ဖို့ အကြံပြုခဲ့ပုံရသည်။
ကောင်းမင် လှည့်ကြည့်လိုက်သည်။ လျိုယီသည် ရိုးရှင်းသော အနက်ရောင် ညအိပ်ဝတ်စုံဖြင့် ရှိနေလေသည်။ သူ ချက်ချင်းပင် ရေချိုးခန်းထဲသို့ ထွက်ပြေးသွားရာ လျိုယီဆွံ့အသွားသည်။
ကောင်းမင် စိတ်တည်ငြိမ်စေရန် ရေအေးဖြင့် ရေချိုးလိုက်သည်။ သူသည် လျိုယီနှင့်အတူ ရှိနေချိန်တွင် အိပ်မက်ဆိုးအကြောင်း သူ၏မှတ်ဉာဏ်အား လောကကြီး၏ပျော်ရွှင်မှုများက ဖုံးလွှမ်းသွားတတ်သည်။ လက်တွေ့ဘဝက သူ့ကို ကုစားရန် ကြိုးစားနေခဲ့သည်။ လျိုယီ၏လုပ်ရပ်တိုင်းသည် သူမ၏ စိတ်နှလုံးထဲရှိ ကြင်နာမှုကြောင့် ဖြစ်သော်လည်း ကောင်းမင်သည် အပြည့်အဝ ကုစားချင်ပုံမရပေ။ သူ့ကို မည်သူက အလွန်ဆိုးဝါးစွာ နာကျင်အောင်လုပ်ခဲ့ကြောင်းကို သူ ဆက်လက်သိချင်နေသေးသည်။ ၎င်းသည် သူ့အတွက် အလွန်အရေးကြီးသည်။
ကောင်းမင် ရေချိုးပြီးနောက် သူ့ထောင့်လေးဆီ ပြန်လာခဲ့သည်။ သူသည် နံရံဘက်သို့ မျက်နှာမူပြီး ကိစ္စများကို တွေးတောနေခဲ့သည်။ နေထွက်လာမှသာ သူ အိပ်ပျော်သွားခဲ့သည်။
နေ့လယ်တွင် ကောင်းမင်သည် ဖချိုင်ကို အစာကျွေးပြီးနောက် တစ်ခုခုစား၍ မသေဆေး၏ တတိယဓာတ်ခွဲခန်းသို့ ထွက်လာခဲ့သည်။
ရှင်းလု၏နေရောင်သည် မျက်စိကျိန်းစရာ ကောင်းလှသည်။ အချိန်အကြာကြီး သတိမေ့နေပြီးနောက် ကောင်းမင်သည် နေရောင်ခြည်နှင့် အကျွမ်းတဝင်မဖြစ်သေးပေ။ သူသည် အဆောက်အဦးများ၏ အရိပ်ထဲတွင် လမ်းလျှောက်လာခဲ့သည်။ သူသည် သူ့ဖုန်းပေါ်ရှိ မြေပုံအတိုင်း လိုက်လာရာ ရှင်းလု ကျေးလက်ဒေသရှိ ဂိုဒေါင်ကြီးတစ်ခု၏နောက်ဖေးတံခါးဆီသို့ ရောက်လာခဲ့သည်။ ဤနေရာသည် မသေဆေးနှင့် သက်ဆိုင်ကြောင်း ဖော်ပြရန် ပတ်ဝန်းကျင်တွင် ဆိုင်းဘုတ်တစ်ခုပင် ရှိမနေပေ။
“ငါ အလိမ်ခံလိုက်ရတာလား”
သူသည် သူ့အိပ်မက်ဆိုးများထဲတွင် မကြာခဏ လှည့်စားခံရခြင်းနှင့် လိမ်ညာခြင်းတို့ကို ခံခဲ့ရသည်။ယင်းမှာ သူ အားနည်းလွန်းသောကြောင့်ဖြစ်သည်ဟု သူ ယုံကြည်ထားသည်။ သူက အိတ်ကပ်ထဲမှ ဓားကို ကိုင်ကြည့်လိုက်သည်။ သူသည် မည်သူ့ကိုမှ မနာကျင်စေလိုပေ။ ဓားက သူ့ကို ပိုဘေးကင်းစေသည်။ သူ နောက်ဖေးတံခါးကို ရှာတွေ့လိုက်ပြီး သူ့အား ပေးထားသော လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်သည်။ တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်ဟသွားသည်။ အေးစိမ့်မှုတစ်ခုက သူ့ကို ထိမှန်လာ၏။ ဂိုဒေါင်အဟောင်းထဲတွင် များစွာသော ခေတ်မီစက်များရှိနေလေသည်။
“ကျေးဇူးပြုပြီး စားပွဲပေါ်က ဆက်သွယ်ရေးကိရိယာနဲ့ စမ်းသပ်ကိရိယာအားလုံးကို ဝတ်ဆင်ပါ”
ဂိုဒေါင်သည် အလွတ်ကြီးဖြစ်သည်။ အသံသည် ဓာတ်ခွဲခန်းစားပွဲအလယ်ရှိ ဧရာမ အနက်ရောင်သေတ္တာကြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကောင်းမင်က အနက်ရောင်သေတ္တာဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်ရှိ အနက်ရောင်ဆက်သွယ်ရေးလက်ပတ်ကို မြင်လိုက်ရသောအခါ သူသည် အလွန်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ညွှန်ကြားချက်မပါဘဲ ယင်းကို ဝတ်ဆင်လိုက်သည်။ သူ လက်ပတ်ကို စမ်းသပ်လိုက်ချိန်တွင် ဂိုဒေါင်တံခါးက ပြန်ပွင့်လာ၏။ ပထမအဆင့်ရွေးချယ်မှုတွင် အောင်မြင်ခဲ့ကြသော အခြားစမ်းသပ်သူများ ဝင်လာကြသည်။ ကောင်းမင် အပါအဝင် ၁၃ ဦးရှိပြီး ယောက်ကျား၊ မိန်းမ အသက်အရွယ်မျိုးစုံ ရှိသည်။
“စည်းကမ်းတွေကို ဖတ်ရှုပြီး အချင်းချင်း ရင်းနှီးဖို့အတွက် မိနစ် ၂၀ အချိန်ရပါမယ် ၊ ပြီးရင် စမ်းသပ်ရာနေရာဆီကို ယာဉ်နဲ့ သွားရပါမယ် ၊ မှတ်ထားကြပါ ၊ ခင်ဗျားတို့ ကြာကြာခံနိုင်လေလေ ၊ ဆုလာဘ်က ပိုကြီးလေလေပါပဲ”
သေတ္တာထဲမှ အသံသည် ကျားမမခွဲခြားနိုင်ပေ။ သေတ္တာတွင် ထူးဆန်းသော ပုံစံကွက်များ ဖုံးလွှမ်းနေ၏။၎င်းသည် ယဇ်ပလ္လင်တစ်ခုလို ဖြစ်နေလေသည်။
“မင်္ဂလာပါရှင် ၊ ကျွန်မ နာမည်က ရှုရာကျင့် ပါ ၊ အယ်လ်တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းက ဂိမ်းအစီအစဉ်တင်ဆက်သူတစ်ယောက်ပါ ၊ ကျွန်မ ခြောက်ခြားဂိမ်းတွေ အများကြီး ကစားဖူးပါတယ် ၊ အဆင်မပြေတာရှိရင် ကျွန်မကို မေးလို့ရပါတယ်နော်”
ထိုကောင်မလေးသည် ချစ်စရာကောင်းသော မျက်နှာလေးရှိသည်။ သူမသည် အလွန်အတွေ့အကြုံရှိပုံရသည်။
“ဒါက ကျွန်မ လျှောက်ခဲ့တဲ့လေးကြိမ်မြောက်ပါ ၊ သူတို့ နောက်ဆုံးတော့ ကျွန်မကို ခွင့်ပြုလိုက်ရပြီလေ ၊ စမ်းသပ်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေက အင်တာနက်ပေါ်မှာ အရမ်းနည်းတယ် ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်မတို့ဟာ လူ့သဘာဝနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေ အများကြီး ရင်ဆိုင်ရပါလိမ့်မယ် ၊ ကျွန်မတို့အားလုံး အဆုံးသတ်အထိ လက်တွဲပြီး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ကောင်းပြီလေ”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အနက်ရောင် ဆက်သွယ်ရေးလက်ပတ်ကို ထိလိုက်ပြီး ဖြေလိုက်သည်။ သူသည် အနက်ရောင်ဘောင်ပါသော မျက်မှန်တစ်လက်ကို တပ်ဆင်ထားသည်။သူသည် ပညာရှင်တစ်ဦးနှင့်တူနေသည်။
“ခန့်ချောဦးလေးကြီး ၊ရှင် ဘာလို့ ဒီစမ်းသပ်မှုကို ဖြေဆိုရတာလဲ ၊ရှင့် ပိုက်ဆံမရှိမယ့်ပုံ မပေါ်ပါဘူး”
ရှုရာကျင့်သည် အလွန်ဖော်ရွေသည်။
“ငါကလေးက ပါချင်လို့ပါ ၊ သူ့အတွက် စိတ်ပူလို့ ငါလည်း စာရင်းသွင်းလိုက်တာပါ ၊ ဒါပေမဲ့ ငါရွေးချယ်ခံလိုက်ရပြီး သူကတော့ ရွေးချယ်မခံခဲ့ရဘူးလေ”
ထိုအမျိုးသားက သူ့လက်ချောင်းရှိ မင်္ဂလာလက်စွပ်ကို ပြသလိုက်သည်။
“ငါ့နာမည်က ထန်ချင်းပါ ၊ ဟန်ရှန်းအကျဉ်းထောင်က အကျဉ်းဦးစီးတစ်ယောက်ပေါ့”