ရက်လုပ်ခြင်း
Vol. 32 Ch. 470
“ဟန်ရှန်း အကျဉ်းထောင်လား”
ကောင်းမင်၏ဦးနှောက်ထဲတွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်။ သူ ထန်ကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ တိုက်ဆိုင်စွာပင် ထန်ချင်းကလည်း သူ့ကို ကြည့်ရန် လှည့်လာ၏။ သူတို့ အကြည့်များ ဆုံမိသွားသည်။ ထန်ကျင်းက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
“ဒီသူငယ်ချင်းလေးက ဟန်ရှန်းအကျဉ်းထောင်နဲ့ ရင်းနှီးပုံရတယ်”
လူနှစ်မျိုးသာ ထောင်နှင့် ရင်းနှီးလိမ့်မည်ဖြစ်သည်။ သူတို့သည် အဲဒီထဲတွင် အလုပ်လုပ်ဖူးသူ သို့မဟုတ် ထောင်ကျဖူးသူများ ဖြစ်ကြသည်။ သို့သော်လည်း ထန်ကျင်းသည် ထောင်ဝန်ထမ်းအများစုကို သိပေသည်။
“နေရာက ကျွန်တော့်အတွက် အရမ်းအရေးပါသလို ခံစားရတယ်”
ကောင်းမင်က လေသံဖြင့် ပြောလိုက်သော်လည်း လူအများစုက သူ့ကို ကြားလိုက်ရသည်။ သူတို့သည် သူ့ဆီမှ အလိုအလျောက် ဝေးရာသို့ရွေ့သွားကြသည်။
သူတို့၏တုံ့ပြန်မှုကို မြင်သောအခါ ကောင်းမင်က ဝမ်းနည်းစွာပြုံးလိုက်သည်။
“ကျွန်တော်က ရှင်းလု ပထမအထက်တန်းကျောင်းက ဆရာတစ်ယောက်ပါ ၊ ခင်ဗျားတို့ ကျွန်တော့်ကို ကောင်းမင်လို့ ခေါ်လို့ရပါတယ်”
“ဘယ်လိုထူးဆန်းတဲ့ နာမည်ပါလိမ့်”
ကောင်းမင်အား တချက်လှမ်းကြည့်လိုက်သော အငြိမ်းစားအဒေါ်ကြီးတစ်ယောက် ရှိသည်။ သူမသည် သက်လတ်ပိုင်းလူများထဲတွင် အသက်အကြီးဆုံးဖြစ်သည်။
မိနစ်နှစ်ဆယ်က မကြာမီ ကုန်ဆုံးသွားသည်။ ဂိုဒေါင်၏ ဘေးဘက်ရှိ ကားဂိုဒေါင်တံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။ ကားဂိုဒေါင်ထဲတွင် ပြုပြင်မွမ်းမံထားသော ကားတစ်စီး ရှိနေသည်။
“အားလုံး ကားပေါ်တက်ပြီး ကိုယ့်လက်ပတ်ပေါ်က နံပါတ်အတိုင်း နေရာယူကြပါ ၊ ခါးပတ်ပတ်ထားကြပါ ၊ မကြာခင် ထွက်ခွာပါမယ်”
လူတိုင်း စတင်လှုပ်ရှားလိုက်ကြသည်။ ကောင်းမင်တစ်ယောက်သာ ကားအပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူ့မျက်ဆံများ ကျဉ်းမြောင်းသွားပြီး အသက်ရှူသံက မြန်ဆန်လာသည်။ သူသည် ကြောက်ရွံ့တုန်လှုပ်မှု ခံစားနေရသကဲ့သို့ ဖြစ်နေသည်။
“အဆင်ပြေရဲ့လား ညီကို”
ဆံပင်အညိုရောင်ဆိုးထားသော လူငယ်တစ်ဦးက ကောင်းမင်၏ပခုံးကို ပုတ်လိုက်သည်။
“ငါ့နာမည် ရှုတိရီပါ ၊ ငါအရင်က သဲပင်လယ်မှာ သွားလာလေ့ရှိတယ် ၊ ငါတို့ သူဌေးက ဟန်ရှန်း အကျဉ်းထောင်မှာ ဆေးထိုးခံရပြီး သေသွားခဲ့တာလေ”
“ခင်ဗျား ဘာလို့ ကျွန်တော့်ကို ဒါတွေ ပြောပြနေတာလဲ ၊ ကျွန်တော်က တကယ်ဆရာအစစ်ပါ”
ကောင်းမင် ခေါင်းခါလိုက်သည်။ သူ ကားပေါ်တက်လိုက်ပြီး သူ့နေရာသို့ သွားလိုက်သည်။ တံခါး ပိတ်သွား၏။ သူတို့ သတိထားရမည့် အရာများကို အသံက စတင်ရှင်းပြနေသည်။ အနက်ရောင်သေတ္တာ၏အသံက သူတို့အား ထိုင်ခုံကိုမှီထားရန် ပြောသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ကောင်းမင်သည် သူ့လည်ပင်းနောက်ဘက်တွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ထို့နောက် သူ့မျက်လုံးများ အမှောင်ကျသွား၏။ ခဏအကြာတွင် သူ ပြန်ကောင်းလာသည်။ သူ သူ့လည်ပင်းကို ထိတွေ့လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အခြားမည်သူမျှ သတိထားမိပုံမရပေ။
“ခင်ဗျားတို့ ရောက်တဲ့နေရာမှာ လူတစ်ယောက် စောင့်နေပါလိမ့်မယ် ၊ စမ်းသပ်မှုအားလုံးကို အောင်မြင်ပြီးသွားတဲ့အခါကျရင် ခင်ဗျားတို့တွေ ဦးနှောက်လောကဂိမ်းအစစ်ထဲ ဝင်ရပါလိမ့်မယ်” စက်ရုပ်သံက လူတိုင်း၏ ထိုင်ခုံများမှ ထွက်ပေါ်လာ၏။ ကောင်းမင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ တစ်ခုခု မှားယွင်းနေသည်ဟု သူခံစားနေရသည်။
မောင်းသူမဲ့ကားသည် ကားဂိုဒေါင်ထဲမှ ထွက်ခွာသွားသည်။ ကားက လျင်မြန်စွာရွေ့လျားနေသည်။ အဖွဲ့သည် ရှင်းလုမြို့ပြင်၊ လူနေကင်းမဲ့သော နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည်။ လူ ၁၃ ဦးမှာ ကားထဲတွင် ထိုင်လျက်သားပါလာကြသည်။ အစပိုင်းတွင် ပျော်ရွှင်စွာ စကားပြောနေသော ရှုရာကျင့်ပင်လျှင် နှစ်နာရီကြာမောင်းနှင်လာပြီးနောက် တိတ်ဆိတ်သွားသည်။
“ငါ လျိုယီကို အကြောင်းကြားထားသင့်တယ် ၊ သူ ငါ့ကို အိမ်မှာ မတွေ့ရင် စိတ်ပူနေလိမ့်မယ်”
ကောင်းမင်သည် လျိုယီကို ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သော်လည်း ဖုန်းပြန်မဖြေခဲ့ပေ။ သူ မက်ဆေ့ချ်အချို့ ပို့လိုက်သော်လည်း အကြောင်းပြန်ခြင်း မရှိပေ။
“လိုင်းတော့ ရှိသားပဲ ၊ ဒါပေမဲ့ သူ့ကို ဆက်သွယ်လို့မရဘူး ၊ ဘာလို့လဲ”
ပြတင်းပေါက်များအပြင်ဘက်တွင် အလင်းရောင်များ မှေးမှိန်လာသည်။ နေသည် မိုးကုတ်စက်ဝိုင်းအောက် နိမ့်ဆင်းနေခဲ့သည်။ လုံးဝမှောင်သွားမှသာ ကားက ရပ်တန့်သွား၏။
“ခင်ဗျားတို့ အပြင်ဘက်က အဆောက်အအုံထဲဝင်သွားပြီး အဲဒီမှာ စောင့်နေတဲ့ ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေကို ပြီးမြောက်အောင် လုပ်ရပါမယ် ၊ ကိုယ့်ရဲ့ ဘေးကင်းရေးကို ဂရုစိုက်ကြပါ”
စက်ရုပ်သံက ဆုံးသွားသည်။ ကားတံခါးမှာ ဖြည်းညှင်းစွာ ပွင့်သွားသည်။ ကျေးလက်ဒေသ၏ လေသည် မြို့တော်ထက် ပိုအေးစက်ပုံရသည်။
“အခုမှောင်နေပြီလေ ၊ ငါတို့ ဘယ်ရောက်နေတာလဲ”
အငြိမ်းစား အဒေါ်ကြီး၏နာမည်မှာ ဝမ်ရှစ်မေ့ဖြစ်သည်။ သူမသည် စမ်းသပ်မှုအပေါ် စိတ်ဝင်စားပုံမရပေ။ လမ်းတစ်လျှောက်လုံး သူမသည် သူမ၏မြေးမလေးကို ကျောင်းသွားကြိုရမည့်အကြောင်းအား ဆက်တိုက်ညည်းညူနေသော်လည်း မည်သူကမျှ သူမကို တုံ့ပြန်ခြင်း မရှိပေ။
“အန်တီဝမ် ၊ ကျွန်မတို့ ဒီကိုရောက်နေပြီဆိုတော့ စမ်းသပ်မှုတွေ ဖြေကြည့်ရအောင်လေ ၊ ဂိမ်းထဲ ဝင်သွားရင် ကျွန်မတို့ ပိုက်ဆံတွေအများကြီး ရှာနိုင်ပြီး အချိန်လည်း အရမ်းပြောင်းလွယ်ပြင်လွယ် ဖြစ်ပါလိမ့်မယ်”
ရှုရာကျင့်က ကားထဲမှ ဆင်းလာပြီး အန်တီဝမ်ကို နှစ်သိမ့်လိုက်သည်။
“ဒီနေရာက ရှင်းလုမြေပုံပေါ်မှာတောင် ရှိသေးရဲ့လား”
ထန်ချင်း တံခါးကို ဆွဲကိုင်လိုက်ရာ သူ၏နှာခေါင်းပေါက်များ တရှုံ့ရှုံ့ဖြစ်သွားသည်။
“လေထဲမှာ မီးလောင်နံ့ရနေတယ် ၊ အနီးအနားက အဆောက်အအုံမှာ လူတွေ တစ်ခုခု မီးရှို့နေကြတာပဲ”
အားလုံး ကားထဲမှ ထွက်လာပြီးနောက် ကားတံခါးက ဆောင့်ပိတ်သွားသည်။ ကားထဲမှ မီးရောင်သည်လည်း ငြိမ်းသေသွားသည်။ တစ်ခုတည်းသော အလင်းရင်းမြစ်သည် သူတို့ရှေ့ရှိ အဆောက်အဦးမှ လာနေခြင်းဖြစ်သည်။ အဆောက်အဦးတွင် အထပ်သုံးထပ်ရှိပြီး အပြင်နံရံသည် အကွက်အပြောက်များ ရှိနေသည်။ နံရံများပေါ်တွင် နွယ်ပင်များ တွယ်တက်နေကြသည်။ လေထဲတွင် ယိမ်းထိုးနေသော အရွက်များသည် ကလေးငယ်များ၏ မျက်နှာများနှင့်တူနေသည်။ ကြမ်းပြင်နှင့် နံရံများတွင် မီးလောင်ထားသည့် အမှတ်အသားများ ရှိနေသည်။ အဆောက်အဦးကို ပြန်လည်ပြုပြင်ထားသော်လည်း အလုပ်သမားများသည် အလွန်ကျွမ်းကျင်မှုမရှိသောကြောင့် မီးလောင်ထားသည့် ခြေရာလက်ရာများစွာကို ကျန်ထားရစ်ခဲ့ကြသည်။
“ဒီမှာ လူရှိပါသလား”
အန်တီဝမ်က တံခါးကို လှုပ်ခါလိုက်ရာ သော့ခလောက်မှာမတော်တဆ ကျိုးသွားလေသည်။ သူမ တံခါးကို ဆွဲဖွင့်လိုက်သည်။
“မသေဆေးက ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးတစ်ခုလေ ၊ ဘာလို့ ဒီလောက် မကျွမ်းကျင်ရတာလဲ ၊ ကျွန်မ ရှင်းလုကို ပြန်ရောက်ရင် ကျွန်မသားကို တိုင်ခိုင်းလိုက်မယ်”
“သတိထားဦး”
ထန်ချင်းသည် အန်တီဝမ်ကို ဆွဲထားရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ကျုပ်တို့ အခုသူတို့နယ်မြေထဲမှာ ရှိနေပြီ”
“ဘာဖြစ်လဲ”
“မသေဆေးက နောက်ကွယ်မှာ တရားမဝင်သုတေသနတွေ အများကြီး လုပ်ခဲ့တယ်လို့ ကျုပ်ကြားဖူးတယ် ၊ သူတို့တွေက များသောအားဖြင့် လူ့ခန္ဓာကိုယ်နဲ့ ဆက်နွယ်နေကြတယ် ၊ သူတို့ရဲ့ ဇီဝနည်းပညာက ဘယ်လောက်အဆင့်မြင့်နေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
ထန်ချင်းသည် အန်တီဝမ်ကို ကြောက်ရွံ့အောင် လုပ်နေခြင်း မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရှင်းလုတွင် ဖြစ်ပွားခဲ့သော ကြီးမားသည့်မတော်တဆမှု၏ တရားခံမှာ မသေဆေးကုမ္ပဏီဖြစ်ကြောင်း သူသိသည်။
“ဒီက ဝန်ထမ်းတွေကို အရင်ရှာကြရအောင်”
စကားပြောလိုက်သူသည် ကျောင်းသားတစ်ဦး ဖြစ်သည်။ သူသည် အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်နိုင်သည်။ သူသည် အလွန်ငယ်ရွယ်ပုံရသော်လည်း ကြမ်းကြမ်းတမ်းတမ်းပြုမူရန် ကြိုးစားနေလေသည်။
“ဒါပေမဲ့ သူတို့ ဘယ်မှာလဲ”
ရှုတိရီက တုတ်တစ်ချောင်းကို ရှာတွေ့သွားပြီး လက်ထဲတွင်ကိုင်ထားလိုက်သည်။ ၎င်းက သူ့အား ပိုနေလို့ကောင်းသွားစေသည်။
“အလင်းရောင်နောက်ကို လိုက်သွားရအောင်”
ကောင်းမင်က အပေါ်ကို လှမ်းကြည့်လိုက်သည်။ တစ်ခုတည်းသော အလင်းရောင်သည် ဒုတိယထပ်မှ လာနေခြင်းဖြစ်သည်။
“ခဏလေး”
ထန်ချင်းက တစ်စုံတစ်ခုကို တွေ့လိုက်ရခြင်းဖြစ်သည်။ သူ မြေပြင်ပေါ် ဒူးထောက်လိုက်ပြီး မြေကြီးပေါ် လဲကျနေသော ဆိုင်ဗီနိုင်းတစ်ခုကို ပြန်မတ်လိုက်သည်။
“တရားဝင် ကျို့ကျန်း အသားခေါက်ဆွဲလား”
“ဆိုင်ဗီနိုင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ”
ရှုရာကျင့်က ပြဿနာကို လိမ္မာပါးနပ်စွာ ထောက်ပြလိုက်သည်။
“ကျို့ကျန်း အသားခေါက်ဆွဲ ၊ မီး...”
ထန်ချင်းသည် တစ်စုံတစ်ခုကို သတိရလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟန်ရှန်းကိုရောက်လာတဲ့ သေဒဏ်ကျခံရမယ့် အကျဉ်းသားတစ်ယောက် ရှိတယ် ၊ သူက ကျို့ကျန်းက လာတာ ၊ သူက ရှင်းလု ကျေးလက်ဒေသက စက်ရုံတွေနားမှာ အသားခေါက်ဆွဲဆိုင် ဖွင့်ထားတယ် ၊ သူ့ရဲ့ မျှတတဲ့ဈေးနှုန်းကြောင့် သူ့ဆိုင်ကို အလုပ်သမားတွေက အရမ်းကြိုက်ကြတယ် ၊ ဒါပေမဲ့ တစ်နေ့ကျတော့ သူက သူ့အိမ်နီးချင်းတွေကို သတ်ပစ်လိုက်တယ် ၊ သူအဖမ်းခံရပြီးတဲ့နောက် သူက မြန်မြန်သေချင်တဲ့ ဆန္ဒတစ်ခုပဲ ရှိခဲ့တယ်”
“သူ့မှာ မိသားစု မရှိဘူးလား”
ရှုရာကျင့်မှာ စပ်စုချင်စိတ် ဖြစ်လာလေသည်။
“မရှိဘူး ၊ သူက အလုပ်ကြိုးစားသလို ရိုးသားတယ် ၊ ထောင်ထဲမှာ ဘယ်သူနဲ့မှ သူငယ်ချင်းမဖွဲ့ဘူး ၊ သူက နံရံမှာ တစ်ခုခုရှိနေသလိုမျိုး မကြာခဏ ထိနေလေ့ရှိတယ်”
ထန်ချင်းသည် ထိုအကျဉ်းသားက သူ့အား မတူညီသည့် ခံစားမှုပေးခဲ့သောကြောင့် လေးနက်သော အထင်အမြင်ရှိနေခဲ့သည်။
“ဆိုင်ဆိုင်းဘုတ်က ဒီမှာရှိနေတာဆိုတော့ ဒီကလူတွေက သူနဲ့ ပတ်သက်နေတာလား”
ရှုတိရီသည် ကြောက်စရာကောင်းသော အရာတစ်ခုကို တွေးမိသွားသည်။
“သူ့မှာ ကြံရာပါတစ်ယောက် ရှိလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ လူတစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ လူတွေကို သတ်ဖို့ ခက်လို့ပဲ”
“ငါတို့ကို မခြောက်ပါနဲ့”
အန်တီဝမ်မှာ တော်တော်လေး ကြောက်ရွံ့နေလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဝန်ထမ်းတွေကို အရင်ရှာသင့်တယ်”
သူတို့အဖွဲ့သည် အမှိုက်ပုံကြီးကို ကျော်ဖြတ်ကာ လှေကားအဟောင်းကို အသုံးပြု၍ ဒုတိယထပ်သို့ တက်လာခဲ့ကြသည်။ ခပ်မှိန်မှိန်အလင်းရောင်လေးသည် အခန်းနံပါတ် ၄ ၏ တံခါးအောက်ခြေရှိ အဟလေးမှ လာနေခြင်းဖြစ်သည်။
“ဒီမှာ လူရှိလား ၊ ကျွန်မတို့က ဦးနှောက်လောကဂိမ်းကို စမ်းသပ်ဖို့ ရောက်လာတာပါ”
အန်တီဝမ်က တံခါးကို ခေါက်လိုက်သည်။ အခန်းထဲမှ လေးလံစွာရွေ့လျားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် စိတ်လှုပ်ရှားနေသော အသံတစ်ခုက စပြောလိုက်လာသည်။
“ညီမလေးလား ၊ ညီမလေး အိမ်ပြန်ရောက်လာပြီလား”
အသံသည် အလွန်ကြမ်းရှနေလေသည်။ယင်းသည် လည်ချောင်းမီးကျွမ်းထားသကဲ့သို့ ဖြစ်နေလေသည်။