သစ်သားရုပ်လုပ်ခြင်း
Vol. 32 Ch. 471
“သူ ဘာတွေ ပြောနေတာလဲ ၊ ငါ့ လေသံအရ ငါက မင်းအဘွားတောင် ဖြစ်နေနိုင်တယ်နော်”
အန်တီဝမ်သည် ထိုစမ်းသပ်မှုတွင် သူမပါဝင်ခဲ့ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း စတင်ခံစားလာရသည်။ သူမသည် ငယ်ရွယ်သည့်လူများ ဘာကိုစိတ်ဝင်စားကြသလဲကို နားမလည်နိုင်ပေ။
လေးလံသည့် ခြေသံများက အန်တီဝမ်ကို တိတ်ဆိတ်သွားစေ၏။သူမရှေ့က တံခါးက ပွင့်လာ၏။ပစ္စည်းအဟောင်းအစုတ်များဖြင့် ပြည့်နှက်နေသည့် အခန်းထဲတွင် အလွန်ကြွက်သားတောင့်တင်းသော လူငယ်တစ်ဦး မတ်တပ်ရပ်နေလေသည်။ သူ၏ပြောင်လက်နေသော ဦးခေါင်းတစ်လျှောက်တွင် အရုပ်ဆိုးလှသောအမာရွတ်တစ်ခု ဖြတ်လျက်ရှိနေသည်။ မီးလောင်မှုက သူ့မျက်နှာတစ်ခြမ်းကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။ သူသည် စုတ်ပြဲနေသည့်ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး ကျိုးပဲ့နေသော ရေဒီယိုတစ်လုံးကို ပွေ့ပိုက်ထားသည်။ သူ့ဘယ်ဘက်မျက်လုံးအိမ်တွင် ဖန်ဘောလုံးတစ်လုံး ရှိနေပြီး ညာဘက်မျက်လုံးတစ်လုံးတည်းသာ အလုပ်လုပ်သည်။ လူငယ်သည် အရပ်အလွန်ရှည်ပြီး ရူးကြောင်ကြောင်အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ သူသည် ရုပ်ရည်ချောမောပုံရသော်လည်း မီးလောင်ခံပြီးနောက်တွင် သူပြုံးလိုက်တိုင်း သူ့မျက်နှာပေါ်ရှိအမာရွတ်များ လှုပ်ရှားသွားသဖြင့် အရုပ်ဆိုးသောအသွင်ကို ဖြစ်ပေါ်စေသည်။
“ညီမလေး၊ နင်ပြန်လာပြီလား ၊ ငါတို့ ဂိမ်းကစားကြရအောင်”
ထိုလူသည် အန်တီဝမ်ဆီသို့ ယိုင်နဲ့ယိုင်နဲ့ လျှောက်လာလေသည်။ လူငယ်သည် ခါးကိုင်းလိုက်ရာ သူ့မျက်နှာက အန်တီဝမ်၏ နှာခေါင်းကို ထိလုနီးပါးဖြစ်သွားသည်။ အန်တီဝမ်သည် အလွန်ကြောက်လန့်သွားသဖြင့် နောက်သို့ ယိုင်လဲကျသွားသည်။
“သူက မသေဆေးကလား”
ရှုတိရီ တုတ်ကို ဆုပ်ကိုင်လိုက်သည်။
“သူက သိပ်ဉာဏ်မကောင်းသလိုပဲ”
“ဒီဟာက အဆောက်အအုံထဲက တစ်ခုတည်းသော အလင်းရင်းမြစ်ပဲ ၊ သူက မသေဆေးက လွှတ်လိုက်တဲ့သူ ဖြစ်ဖို့များတယ်”
ရှုရာကျင့်က သူမ၏အတွေ့အကြုံကို မျှဝေလိုက်သည်။
“သူ ပြောနေတာတွေကို ဂရုစိုက်နားထောင်ပါ ၊ စမ်းသပ်မှု စနေလောက်ပြီ”
“ညီမလေး ၊ မင်းလား”
ရှုရာကျင့်၏အသံကို ကြားသောအခါ လူငယ်သည် ကော်ရစ်ဒါဘက်သို့ ခေါင်းပြူကြည့်လိုက်သည်။ သူသည် သူ့သွားဖြူဖြူများကို ထုတ်ဖော်ပြရန် ပြုံးလိုက်၏။ သူ့မျက်လုံးတစ်လုံးက ကော်ရစ်ဒါထဲရှိ လူတိုင်းကို စစ်ဆေးလိုက်သည်။ သူ့မျက်လုံးထဲတွင် သွေးများ ပြည့်နေလေသည်။ လူငယ်၏ မျက်နှာအမူအရာမှာ မည်းမှောင်သွား၏။ သူသည် သူ့ညီမလေးကို မတွေ့လိုက်ရပေ။
“ကျေးဇူးပြုပြီး ငါ့ဆီကနေ ပုန်းမနေပါနဲ့ ၊ မင်းရဲ့အစ်ကိုက အမြင်အာရုံမကောင်းတော့ မင်းကို မမြင်နိုင်ဘူးကွယ်”
သူ့မျက်နှာပေါ်ရှိ အမာရွတ်များ တွန့်လိမ်သွားသည်။ သူ့အသက်ရှူသံက ပြင်းထန်လာလေသည်။ သူသည် သူ၏ဆင်ခြင်တုံတရား နောက်ဆုံးအမျှင်အတန်းလေးကို ထိန်းသိမ်းရန် ကြိုးစားနေသော စိတ်ရောဂါသည်တစ်ဦးနှင့်တူနေတော့သည်။
အန်တီဝမ်နှင့် အခြားလူများသည် ထိုလူငယ်၏အန္တရာယ်ပြုခြင်းခံရမည်ကို ကြောက်သဖြင့် နောက်ဆုတ်သွားကြသည်။ ထန်ချင်းနှင့် ရှုတိရီတို့က ထိုလူငယ်ကို အင်အားသုံးဖမ်းဆီးရန် အသင့်ပြင်ထားသည်။ ရှုရာကျင့်မှာ သူ့အတွက် စိတ်မကောင်းဖြစ်မိနေသည်။ သို့သော် သူ့ကိုယ်ပေါ်ရှိ မီးလောင်နံ့ကို ရှူလိုက်ရပြီးနောက် သူမ၏နှစ်သိမ့်စကားများက သူမနှုတ်ခမ်းပေါ်တွင်သာ ကျန်နေရစ်ခဲ့သည်။
“မင်းရဲ့ ညီမလေးနာမည်က ဘယ်သူတဲ့လဲ ၊ ငါတို့ သူ့ကို ရှာပေးနိုင်ရင်ရှာပေးနိုင်မှာပေါ့”
ကောင်းမင်သည် လူငယ်ဘေးသို့ ရွေ့သွားလိုက်သည်။ သူသည် သူ့ကျောကို ပုတ်ပေးလိုက်ပြီး တုန်ယင်နေသောသူ့ခန္ဓာကိုယ်ကို သူ့ပေါ်မှီစေရန် ခွင့်ပြုလိုက်သည်။ သူသည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဟု မထင်သော်လည်း ခဏတဖြုတ်တော့ ထိုလူငယ်အဖြစ် သူ့ကိုယ်သူမြင်နေမိသည်။
“ဒါနဲ့ စကားမစပ်”
ကောင်းမင်သည် ထန်ချင်း အစောပိုင်းက ပြောခဲ့သည်ကို သတိရလိုက်သည်။
“မင်း ကျို့ကျန်း အသားခေါက်ဆွဲကို ကြိုက်လား ၊ ငါ ဆိုင်ဖွင့်ထားတဲ့တစ်ယောက်ကို သိတယ်...”
ရုတ်တရက် ဧည့်ခန်းမီးများ ပျက်သွား၏။ အအေးဓာတ်က အဆောက်အဦးထဲ ဝင်ရောက်လာတော့သည်။ နံရံများပေါ်ရှိ ကြော်ငြာစက္ကူများ ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားသည်။ ကျိုးပဲ့နေသော ရေဒီယိုမှ တဂျစ်ဂျစ်အသံထွက်ပေါ်လာလေသည်။ အောက်ထပ်ရှိ လေတိုက်ခေါင်းလောင်းမှ တချွင်ချွင်မြည်လာသည်။ သစ်သားလှေကားဟောင်းကလည်း တကျွီကျွီမြည်လာသည်။ တစ်စုံတစ်ခုက တတိယထပ်ရှိ တံခါးကို ဖွင့်လိုက်သည်။
“ဒါ ညီမလေးပဲ ၊ သူ အိမ်ပြန်ရောက်လာပြီ”
လူငယ်က ကောင်းမင်ကို တွန်းထုတ်လိုက်သည်။ သူက မှောင်မဲနေသော ကော်ရစ်ဒါကို ကြည့်လိုက်သည်။ သူ ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ရူးသွပ်စွာ လက်ဝှေ့ယမ်းလိုက်သည်။
“မင်းက အစ်ကိုကြီးနဲ့ ကစားဖို့ ရောက်လာတာလား”
ကော်ရစ်ဒါအောက်တွင် တစ်စုံတစ်ယောက် အမှန်တကယ်ရှိနေသကဲ့သို့ ခံစားရသည်။
“ဟားဟား! မင်း နောက်ဆုံးတော့ သူ့ကို ရှာဖို့ ရောက်လာပြီပေါ့ ၊ ငါတို့ ဂိမ်းတစ်ခုကစားရအောင် ၊ မင်း အကြိုက်ဆုံး သစ်သားရုပ်ကလေးဂိမ်းကို ကစားရအောင် ၊ ဒီတစ်ခါတော့ မင်း စည်းကမ်းတွေကို လိုက်နာရမယ်နော် ၊ မင်း ထပ်မလှုပ်ရဘူး ပြီးတော့ ထပ်မပြေးရဘူး”
လူငယ်သည် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေလေသည်။ သူ့လေယူလေသိမ်းသည် ၅ နှစ်သားလေးတစ်ဦး၏ ပုံစံ ဖြစ်နေခဲ့သည်။
လူငယ်က ဧည့်ခန်းထဲသို့ ပြေးဝင်သွားသည်။ သူသည် စားပွဲတင်မီးကို ဖွင့်ရန် ကြိုးစားသော်လည်း မီးပွင့်မလာပေ။ ရုတ်တရက် သူဒေါသတကြီး ဖြစ်သွားသည်။ သူ မီးလုံးကို ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ် ရိုက်ခွဲလိုက်သည်။
“ညီမလေး အိမ်ပြန်လာတာ ရှားတယ်ကွ ၊ မင်း ဘာလို့ အလုပ်မလုပ်ရတာလဲ”
ကျိုးပဲ့နေသော ဖန်ကွဲစများကို နင်းရင်း လူငယ်သည် ဒူးထောက်လိုက်ပြီး ကုတင်အောက်မှ သစ်သားသေတ္တာကြီးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ သူတို့သည် အမှောင်ထဲတွင် မည်သည်ကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သွေးနံ့က သိသာထင်ရှားလာသည်။
သေတ္တာပွင့်သွားသည်။ ကောင်းမင်သည် သတ္တုများ တိုက်မိသံကို ကြားလိုက်ရသည်။ ထို့နောက် အခန်းထဲတွင် အလင်းရောင် ပြန်ပေါ်လာခဲ့သည်။ လူငယ်သည် ဓာတ်မီးတစ်ခုဖြင့် ဧည့်ခန်းထဲတွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ သူ၏မသန်စွမ်းဖြစ်နေသော ဘယ်ခြေထောက်က သစ်သားသေတ္တာပေါ် နင်းထား၏။
“ညီမလေး ၊ မလှုပ်နဲ့နော် ၊ ငါတို့ ကောင်းကောင်းလုပ်နိုင်ရင် သူတို့ ငါတို့ကို အနိုင်ကျင့်တော့မှာ မဟုတ်ဘူး”
ထန်ချင်းနှင့် ကောင်းမင်တို့ အဓိကအချက်ကို ဖမ်းမိသွားသည်။ သူတို့ ဂိမ်းတွင် ကောင်းကောင်း မလုပ်ဆောင်နိုင်ပါက တစ်စုံတစ်ယောက်က သူတို့ကို အနိုင်ကျင့်မှာလား။
ဓာတ်မီးမှ အလင်းတန်းသည် ယိမ်းထိုးနေလေသည်။ လူငယ်သည် ဧည့်ခန်းထဲရှိ စာကြည့်စားပွဲဆီသို့ လျှောက်သွားရန် နောက်လှည့်လိုက်သည်။
“သူ့စာကြည့်စားပွဲပေါ်မှာ ပစ္စည်းတွေ ရှိတယ် ၊ သေသေချာချာဖတ်ထားတဲ့ စာအုပ်ထဲမှာ စာတွေ ရှိတယ် ၊ သူ ဓာတ်မီးထားတဲ့နေရာဘေးမှာ ဓာတ်ပုံဘောင်တစ်ခု ရှိတယ် ၊ အဲဒီထဲမှာ အဖွဲ့လိုက်ဓာတ်ပုံတစ်ပုံ ပါတယ်”
ကောင်းမင်က ညင်သာစွာ ပြောလိုက်သည်။
“တခြားပစ္စည်းတွေကတော့ ညစ်ပတ်ပြီး သပ်သပ်ရပ်ရပ်မရှိဘူး ၊ ဒါပေမဲ့ ဓာတ်ပုံကတော့ ကြည်လင်ပြီး သန့်ရှင်းနေတယ် ၊ ဒါက သူ့အတွက် အရမ်းအရေးပါမှာပဲ”
ကောင်းမင်၏ လျင်မြန်လှသော ခွဲခြမ်းစိတ်ဖြာမှုက သူ့ပတ်ဝန်းကျင်ရှိ လူများကို အံ့အားသင့်သွားစေသည်။ အလင်းရောင်သည် တခဏမျှသာ ပေါ်လာသော်လည်း ကောင်းမင်သည် ရှာဖွေတွေ့ရှိချက်များစွာ ပြုလုပ်နိုင်ခဲ့သည်။
“ဒါဆို အခု ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ”
ရှုတိရီက ကောင်းမင်ဆီ လျှောက်လာ၏။
“ဒီနေရာမှာ မီးလောင်ထားတာ သေချာတယ် ၊ ဒါပေမဲ့ ဒီလူက ငါတို့ကို သစ်သားရုပ်သေးဂိမ်း ကစားခိုင်းချင်နေတယ် ၊ သူက ငါတို့ကို မီးရှို့ချင်နေတာလား ၊ ငါတို့ ဂိမ်းကစားပြီး သူ့နားကို ချဉ်းကပ်ဖို့ အခွင့်အရေးယူမယ် ၊ အဲဒီစာတွေကို လုလို့ရမလား ကြည့်ကြမယ်”
ကောင်းမင် အခန်းထဲ ဝင်သွားလိုက်သော်လည်း အခြားလူများက ထိုဂိမ်းကို မကစားချင်ကြပေ။ ၁၃ ယောက်အဖွဲ့သည် စတင်ကွဲအက်လာတော့သည်။
အဖွဲ့သည် မစည်းလုံးသော်လည်း လူငယ်က ဂရုမစိုက်ပေ။ သူ ပြုံးလိုက်ပြီး ဓာတ်မီးကို ရုတ်တရက် ပိတ်ချလိုက်သည်။
“တစ် ၊ နှစ် ၊ သုံး...”
သူ့အသံသည် သံချေးတက်နေသော ဂီယာများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေသကဲ့သို့ ဖြစ်နေလေသည်။ သူတို့သည် အမှောင်ထဲတွင် ဘာကိုမှ မမြင်နိုင်ပေ။ မည်သူမျှ လှုပ်ရှားဝံ့ခြင်း မရှိပေ။
“သစ်သားရုပ်ကလေးတွေ”
မီး ပွင့်လာပြန်သည်။ လူငယ်က စိတ်လှုပ်ရှားစွာ လှည့်ပတ်လိုက်ကြသည်။
“မင်းတို့ထဲက တစ်ယောက်မှ မလှုပ်ရှားကြဘူး ၊ ညီမလေးလည်း မလှုပ်ဘူး”
ဓာတ်မီးအလင်းရောင်၏အကူအညီဖြင့် စမ်းသပ်သူ ၁၃ ဦးသည် အချင်းချင်း ကြည့်လိုက်ကြသည်။ နောက်ဘက်ရှိ အမျိုးသားက သူ့ကျောပေါ်တွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။ သူ အောက်သို့ ကြည့်လိုက်ရာ သူ့ပခုံးပေါ်တွင် ကွေးနေသောလက်ချောင်းငါးချောင်း ရှိသည်ကို သတိထားမိလိုက်သည်။
သူ မတုံ့ပြန်နိုင်မီ သူ့ရှေ့ရှိ ကောင်မလေး၏မျက်နှာမှ အရောင်များ ပျောက်ကွယ်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရစွာ တုန်ယင်နေလေသည်။
“မင်း ဘာတွေ မြင်လိုက်ရတာလဲ”
ထိုအမျိုးသား ကြောက်ရွံ့သွားသည်။ သူ နောက်လှည့်ကြည့်ရန် ကြိုးစားလိုက်ချိန်တွင် ဓာတ်မီး ပျက်သွားပြန်သည်။ တစ်ချိန်တည်းမှာပင် ထိုကောင်မလေးက အော်ဟစ်လိုက်သည်။
“သရဲ ၊ ရှင့်နောက်မှာ သရဲတစ်ကောင်ရှိတယ်”
နောက်ဘက်ရှိ လူများက အချင်းချင်း တိုးဝှေ့ကြတော့သည်။ ကော်ရစ်ဒါထဲတွင် မည်သူမျှ မနေရဲကြတော့ပေ။ သူတို့အများစုသည် ဧည့်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်လိုက်ကြသည်။
“တစ် ၊ နှစ် ၊ သုံး! သစ်သားရုပ်ကလေးတွေ”
မီး ပြန်ပွင့်လာသည်။ ဧည့်ခန်းထဲတွင် လူကိုးဦး ရှိနေသည်။ ကျန်လေးဦးမှာ အခြားအခန်းများသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။