ရင်းနှီးသော ခံစားမှု
Vol. 32 Ch. 472
နောက်တွင် ပုန်းနေသော အန်တီဝမ်နှင့် ရှုရာကျင့်တို့က ရှေ့သို့ အတင်းတိုးနေကြသည်။ လူတိုင်းကြောက်ရွံ့နေကြသော်လည်း သူတို့ မလှုပ်ရှားရဲပေ။မျက်လုံးတစ်ဖက်တည်းရှိသော လူငယ်က ဖိအားများစွာပေးနေလေသည်။ ဓာတ်မီးအလင်းတန်းက သူတို့အပေါ်ဖြာကျလာသည်။လူငယ်သည် အလွန်ပျော်ရွှင်နေလေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ့တွင် သူနှင့်အတူ ကစားလိုသောလူများ ရှိလာပြီဖြစ်သည်။
“မလှုပ်ကြနဲ့နော် ၊ သူတို့ မင်းတို့ကို ဘာလုပ်လုပ် မလှုပ်ကြနဲ့”
လူငယ်၏ စကားလုံးတိုင်းသည် သဲလွန်စတစ်ခု ဖြစ်နေပုံရသည်။ သူ့မျက်လုံးတစ်လုံးက ပတ်ပတ်လည်သို့ လှည့်ပတ်နေလေသည်။တခြားအခန်းများတွင် ပုန်းအောင်းနေကြသော စမ်းသပ်သူများသည် အသက်ပင် ရဲရဲမရှူဝံ့ကြပေ။
လူငယ်သည် ဖြည်းညှင်းစွာ နောက်လှည့်လိုက်ပြီး ဓာတ်မီးကို ပိတ်လိုက်သည်။ အခန်းသည် အမှောင်ထုထဲ နစ်မြုပ်သွားပြီးနောက် ကောင်းမင် စိတ်တည်ငြိမ်သွားသည်။ သူသည် လူငယ်၏အခြေအနေကို ပိုနားလည်နိုင်ရန် စားပွဲနားသွားဖို့ စီစဉ်လိုက်သည်။ လူငယ်၏ လုပ်ရပ်နောက်ကွယ်မှ စိတ်ဒဏ်ရာကို သူရှာတွေ့ပါက ကူညီပေးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။
“တစ်၊ နှစ်၊ သုံး...”
ဘာတွေဖြစ်ပျက်နေမှန်း ဘယ်သူမှ မသိကြပေ။ သရဲတစ်ကောင် ရှိနေကြောင်း မိန်းကလေးတစ်ယောက် အော်ဟစ်သံကိုသာ သူတို့ ကြားခဲ့ရသည်။ နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို သူတို့ ခန့်မှန်းမရနိုင်သလို အမှောင်ထဲတွင် သူတို့ဆီ ချဉ်းကပ်လာနေသည်က ဘာလဲဆိုတာကိုလည်း သူတို့ မသိပေ။ နောက်ဘက်ရှိ စမ်းသပ်သူများက ရှေ့သို့တိုးလာကြပြီး ရှေ့ဘက်ရှိ စမ်းသပ်သူများက နောက်သို့ ဆုတ်နေကြသည်။ လူတိုင်းသည် အဖွဲ့၏အလယ်တွင် နေချင်နေကြသည်။
“မတွန်းကြနဲ့တော့ဟဲ့”
အန်တီဝမ်အသံက အမှောင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူမသည် အသက်ကြီးနေပြီဖြစ်ပြီး လူငယ်များကဲ့သို့ အားမရှိပေ။ သူမသည် မူလက အလယ်ဗဟိုနှင့် နီးကပ်သော်လည်း အတင်းတွန်းခြင်း ခံလိုက်ရသောကြောင့် ကောင်းမင်ထက်ပင် လူငယ်နှင့် ပိုနီးကပ်သွားလေသည်။
“သစ်သားရုပ်ကလေးတွေ”
ဓာတ်မီးက ပတ်ပတ်လည် လှည့်ပတ်လိုက်သည်။ နောက်ဘက်ရှိ လူများသည် ကော်ရစ်ဒါနှင့် ဝေးဝေးနေချင်ကြသောကြောင့် အန်တီဝမ်၊ ကောင်းမင်နှင့် ရှုတိရီတို့ကို လူငယ်ရှိရာအိပ်ခန်းဆီသို့ ပိုမိုနီးကပ်စေရန် တွန်းလိုက်ကြသည်။ အလင်းရောင်က မျက်စိကျိန်းသွားစေသည်။ အန်တီဝမ်၏ အရေးအကြောင်းများ တွန့်သွားသည်။ သူမသည် အလင်းရောင်ကို ကာရန် မသိစိတ်ဖြင့် သူမလက်ကို မြှောက်ကာလိုက်သည်။
“သစ်သားရုပ်ကလေး လှုပ်ရှားသွားတာလား”
လူငယ်သည် အန်တီဝမ်လက်မြှောက်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ သူ၏ ကုန်းနေသောကျောက တဖြည်းဖြည်း မတ်လာလေသည်။ သူ ဓာတ်မီးကို ယူလိုက်ပြီး အန်တီဝမ်၏ မျက်နှာသို့ ချိန်လိုက်သည်။ သွားများ တဂတ်ဂတ်တုန်ယင်နေရင်း အန်တီဝမ်သည် သူမ၏ လက်ချောင်းများကြားမှ လူငယ်၏မျက်နှာကို ချောင်းကြည့်လိုက်သည်။ သူမ သူ့ဆီမှ အကြည့်လွှဲချင်နေသည်။ သူမ အကြည့်လွှဲလိုက်သည့်အခိုက်အတန့်တွင် လူငယ် အစောပိုင်းက ဖွင့်ထားသော သစ်သားသေတ္တာထဲမှ အရာများကို မြင်လိုက်ရလေသည်။
သွေးနံ့က သေတ္တာထဲမှ ပေါ်လျှိုးလာလေသည်။ သေတ္တာထဲတွင် သံချေးတက်နေသော တူများ၊ လွှများနှင့် အခြားသော လက်သမားကိရိယာများ ပြည့်နှက်နေသည်။ ၎င်းတို့အားလုံးတွင် သွေးစွန်းထင်းနေလေသည်။ အန်တီဝမ်သည် သူမ၏မျက်လုံးများကို မယုံနိုင်ပေ။ သစ်သားသေတ္တာ၏ အစွန်းများတွင် ဆံပင်များ ကပ်ညှိနေသည်။ ထိန်းသိမ်းထားပြီး ပွတ်တိုက်ထားသော လက်ချောင်းများလည်း ရှိနေလေသည်။ အန်တီဝမ်၏ဦးနှောက်သည် ကြောက်ရွံ့မှုနှင့် ရွံရှာမှုတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။ စိတ်ခံစားမှုများ ရုတ်တရက် ပေါက်ကွဲလာခြင်းကြောင့် သူမအော်ဟစ်လိုက်ရင်း နောက်သို့ ဆုတ်သွားသည်။
“လှုပ်သွားပြီ ၊ သစ်သားရုပ်ကလေး လှုပ်သွားပြီ”
လူငယ်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူသည် သစ်သားသေတ္တာထဲမှ သံတူကို ဆွဲယူလိုက်ပြီး အန်တီဝမ်၏ ဦးခေါင်းကို သတိပေးခြင်းမရှိဘဲ ဝေ့ရမ်းလိုက်သည်။
ဦးခေါင်းကွဲအက်သွားပြီး သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။ အမှောင်ထဲတွင် သွေးပန်းတစ်ပွင့် ပွင့်လန်းလာလေသည်။
ယင်းသည် စမ်းသပ်သူများ၏ စိတ်ကူးထဲမှ အရာများ မဟုတ်တော့ပေ။ သူတို့သည် စမ်းသပ်မှုတစ်ခုအတွက် လာခဲ့ကြခြင်းဖြစ်သည်။ သူတို့ထဲက တစ်ယောက်က အသတ်ခံရလိမ့်မည်ကို ဘယ်သူမှ မသိနိုင်ခဲ့ကြချေ။
ပူနွေးနေသော သွေးများသည် သူတိုထဲမှ တချို့အပေါ် ပက်ကျဲသွားသည်။ ၎င်းသည် အလွန် အစစ်အမှန်ဖြစ်သည်။ သေခြင်းတရားက သူတို့ရှေ့တည့်တည့်တွင် ရှိနေလေသည်။
ထိတ်လန့်မှုသည် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွား၏။ သူတို့၏ အမူအရာများ အလွန်လျင်မြန်စွာ ပြောင်းလဲသွားသည်။ စူးရှသောအော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။ စမ်းသပ်သူအားလုံး ခေါင်းမဲ့ကြက်များကဲ့သို့ ရှုပ်ထွေးစွာ ပြေးလွှားကြတော့သည်။
“သစ်သားရုပ်ကလေးတွေ အားလုံး လှုပ်နေကြပြီ”
တူများနှင့် ပုဆိန်များ ကိုင်ဆောင်ထားသော လူငယ်သည် လက်နက်များကို ဝှေ့ယမ်းလိုက်သည်။ ရှုတိရီသည် ခုခံရန် ကြိုးစားလိုက်သော်လည်း သစ်သားတုတ်က အလွယ်တကူ ကွဲအက်သွားသည်။ သူ နောက်လှည့်၍ တခြားသူများထက် ပိုမြန်အောင် ပြေးလွှားလိုက်သည်။
အန်တီဝမ်သည် ကြမ်းပြင်ပေါ်တွင် ညည်းတွားနေဆဲဖြစ်သော်လည်း မည်သူမျှ သူမကို ဂရုမစိုက်ကြပေ။ သူတို့ ဧည့်ခန်းထဲမှ ဖရိုဖရဲထွက်ပြေးသွားကြသည်။ လူငယ်သည် လက်နက်များ ဝေ့ရမ်း၍ သူတို့နောက်သို့ ပြေးလိုက်သွားသည်။ အခန်းသည် စက္ကန့်ပိုင်းအတွင်း ဗလာဖြစ်သွားသည်။ လျင်မြန်သော ခြေသံများနှင့် ကြောက်မက်အော်ဟစ်သံများ ကော်ရစ်ဒါမှ ထွက်ပေါ်လာသည်။
ဧည့်ခန်းသည် တဖန်မှောင်မဲသွားသည်။ သေလုနီးပါး အန်တီဝမ်မှလွဲ၍ တစ်လက်မမှ မလှုပ်ရှားခဲ့သော ကောင်းမင်တစ်ယောက်သာ ကျန်ရှိနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖြစ်စေ ကောင်းမင်သည် စည်းမျဉ်းများကို မချိုးဖောက်ခဲ့ပေ။ သူသည် ချွေးအေးများဖြင့် ဖုံးလွှမ်းနေလေသည်။ သူ အစောပိုင်းက တုန်လှုပ်သွားခဲ့ပါက သူသည် အန်တီဝမ်နှင့်အတူ ကြမ်းပြင်ပေါ် ရောက်နေလောက်ပြီဖြစ်သည်။
“စည်းမျဉ်းတွေကို လိုက်နာပါတဲ့ ၊ ထူးဆန်းတယ် ၊ ငါ့ခေါင်းထဲမှာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပြောနေတဲ့အသံက ဘာလို့ ရှိနေရတာလဲ”
ကောင်းမင် အန်တီဝမ်ကို တချက်ကြည့်လိုက်သည်။ သူ အင်္ကျီကို ဆုတ်ဖြဲလိုက်ပြီး အန်တီဝမ်ကို ရိုးရှင်းသော အဝတ်ပတ်တီးတစ်ခု ပတ်ပေးလိုက်သည်။
“ငါ့လို စိတ်ရောဂါအထူးကုဆရာဝန်က ဘာလို့ရှေးဦးသူနာပြုစုနည်းကို သိနေရတာလဲ”
ကောင်းမင် သူ့ကျွမ်းကျင်မှုကြောင့် အံ့အားသင့်သွားသည်။ သူသည် သူ့လက်ပေါ်ရှိ သွေးများကို ကြည့်လိုက်သည်။ သူသည် ယင်းနှင့် အလွန်အကျွမ်းတဝင်ရှိနေသကဲ့သို့ ကြောက်ရွံ့ခြင်း သို့မဟုတ် ရွံရှာခြင်းကို မခံစားရပေ။
လူငယ် သံတူကို ဝှေ့ယမ်းလိုက်ကတည်းက ကောင်းမင် ပြဿနာကို သဘောပေါက်သွားပြီဖြစ်သည်။ သူ့နှလုံးသားက များစွာလှုပ်ရှားခဲ့ခြင်းမရှိပေ။ ထိုအခြေအနေမျိုးတွင် တည်တည်ငြိမ်ငြိမ် နေဝံ့သူသည် သူတစ်ယောက်တည်းသာ ဖြစ်သည်။
ပွင့်နေသော ပြတင်းပေါက်မှ လေများ တိုက်ခတ်လာသည်။ လေသည် အလွန်အေးမြသည်။ ကောင်းမင်သည် ညကောင်းကင်ကို ကြည့်လိုက်ပြီး လက်ဖဝါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဒီနေရာက ငါ့ကို အိပ်မက်ဆိုးကို သတိရစေတယ် ၊ ငါ လွတ်လပ်တယ်လို့ ခံစားရတယ် ၊ ငါ့အသက်ရှူတာတောင် ပိုချောမွေ့နေတယ် ၊ ဒီနေရာက ဘယ်နေရာလဲ”
ကောင်းမင်သည် စိတ်ရှုပ်ထွေးပြီး စိတ်ဝင်တစား ရှိနေပုံရသည်။ ကောင်းမင်၏တုံ့ပြန်မှုကို မြင်သောအခါ အန်တီဝမ်၏နှလုံးသားက ငြိမ်သက်သွားသည်။ သူမ၏အဝတ်ပတ်တီးမှ သွေးများ စီးကျနေသည်။ သူမသည် အကူအညီတောင်းဖို့ပင် အင်အားမရှိတော့ပေ။
ကောင်းမင် စားပွဲဆီ လျှောက်သွားလိုက်ပြီး ဓာတ်ပုံဘောင်ကို ကောက်ယူလိုက်သည်။ ၎င်းတွင် အတွန့်အခေါက်များရှိနေသော ဓာတ်ပုံအဟောင်းတစ်ခု ရှိနေသည်။
ဓာတ်ပုံအား တရားဝင်ကျို့ကျန်းအသားခေါက်ဆွဲဆိုင် ဟုခေါ်သော ဆိုင်အတွင်းတွင် ရိုက်ထားခြင်းဖြစ်သည်။ ပါးစပ်တွင် စီးကရက်တစ်လိပ်ခဲ၍ သက်လတ်ပိုင်းအမျိုးသားတစ်ဦး စားပွဲတွင် အနားယူနေသည်။ ကလေးနှစ်ယောက်က သူ့ဘေးတွင် ခေါက်ဆွဲများကို အသံမြည်အောင် စားသောက်နေသည်။ ကောင်လေးတွင် မျက်လုံးတစ်လုံးသာ ရှိသည်။ သူ့ခန္ဓာကိုယ်သည် ညစ်ပတ်နေပြီး ကြောင်တောင်တောင်အပြုံးကို ဆင်မြန်းထားနေသည်။ ကောင်မလေးသည် သန့်ရှင်းသောအဝတ်များ ဝတ်ဆင်ထားသော်လည်း အဝတ်များအောက်တွင် အမာရွတ်များစွာ ရှိသည်။ သူမသည် ပျော်ရွှင်ချင်ယောင်ဆောင်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။
ကောင်းမင် ဓာတ်ပုံကို ဖယ်လိုက်ပြီး စာအုပ်များကို ကြည့်လိုက်သည်။ မှတ်တမ်းများစွာ ရှိသည်။ ယင်းတို့သည် ကလေးတစ်ယောက် ရေးထားသကဲ့သို့ ဖြစ်နေသည်။
“စာလုံးတိုင်းကို သေသေချာချာ ရေးထားတယ် ၊ လက်ရေးက ချစ်စရာကောင်းတယ် ၊ ဒါတွေက ကောင်မလေးတစ်ယောက်ရဲ့ လက်ရေးနဲ့တူတယ်”
ကောင်းမင်သည် စာအုပ်နောက်ဘက်တွင် စာအိတ်အချို့ တွေ့လိုက်ရသည်။ သူ ၎င်းတို့ကို ဖွင့်ကြည့်လိုက်ရာ အများစုသည် ဗလာဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။
“စာတွေက အခိုးခံလိုက်ရတာလား”
စာအိတ်များကို ကျို့ကျန်းမိဘမဲ့ဂေဟာမှ ပို့လိုက်ခြင်းဖြစ်သည်။ လက်ခံသူမှာ ကျန်းမြောင်မြောင် ဖြစ်သည်။
“ကျန်းမြောင်မြောင်က အဲဒီလူငယ် စောင့်နေတဲ့ ညီမလေးလား ၊ သူက မွေးစားခံလိုက်ရတာလား”
ကောင်းမင် တွေးတောနေစဉ် ပြတင်းပေါက်အပြင်ဘက်သို့ ပြန်ကြည့်လိုက်သည်။ သူ့နှလုံးသားက နစ်မြုပ်နေခဲ့သည်။ အပြင်ဘက်တွင် ရပ်ထားသော ကားက ပျောက်သွားပြီဖြစ်သည်။ ကားသည် သူတို့ကို ထားခဲ့ပြီးနောက် မောင်းထွက်သွားခဲ့ချေပြီ။
“မသေဆေးက ငါတို့ကို ဒီမှာသေအောင် တမင်ပို့လိုက်တာလား ၊ မဟုတ်ဘူး ၊ ငါတို့ စမ်းသပ်မှုထဲမှာပဲ ရှိနေသင့်သေးတယ် ၊ ဒီနေရာက ငါ့ကို အိပ်မက်ဆိုးအကြောင်း အများကြီး သတိရစေတယ်”