မင်းဘယ်လို ထွက်ပြေးဦးမလဲ ကြည့်ကြတာပေါ့
Vol. 1 Ch. 341
"ဟဲလောင်...ငါလွန်လွန်ကဲကဲ တောင်းဆိုပါရစေ၊ ငါ အဲ့ဒီ တာအိုတိုက်ကွက်အကြောင်းကို သင်လို့ရမလား။ ငါနားလည်ထားတဲ့ တာအိုတိုက်ကွက်ကို ပြန်သင်ပေးမယ်လေ...အဲ့ဒါလည်း လေဓာတ်အထူးပြုတာအိုပဲ"
မီးနတ်ဆိုးသစ်နက်သည် တတိယအဆင့် အဆင့်နိမ့် နတ်ဆိုးသားရဲတစ်ကောင်သာ ဖြစ်သည့်အတွက် ဟဲလောင်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု မဟုတ်ပေ။ ဟဲလောင်သည် တာအိုတိုက်ကွက်ကို အသုံးပြုကာ လွယ်လွယ်ကူကူ သတ်ဖြတ်လိုက်ပြီးနောက် ကျန်းရီသည် စိတ်လှုပ်ရှားစွာ ချက်ချင်း တောင်းဆိုလိုက်သည်။
ကျန်းရီသည် တားမြစ်နယ်မြေအတွင်းမှ ထွက်သွားနိုင်ရန် မသေချာလှသော်လည်း ပိုမိုသန်မာချင်သေးသည်။ အတိတ်က သူသည် သန်မာလာစေရန် အဘက်ဘက်မှ ဖိအားပေးခံခဲ့ရသည်။ နတ်ဆိုးဧကရီက သိုင်းတာအို၏ ပြတင်းတံခါးကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် သူ့တွင် သိုင်းသမားအစစ်အမှန် ဖြစ်လာရန်ဟူသော အပြင်းထန်ဆုံး ဆန္ဒ ရှိနေခဲ့ပြီဖြစ်သည်။
ဟဲလောင်သည် ထိုတောင်းဆိုချက်ကို ကြားသည့်အခါ ဆွံ့အသွားခဲ့သည်။ ကျန်းရီ အတည်ပြောခြင်းမှန်း မြင်သောအခါ ဟဲလောင်တစ်ယောက် မပီမပြင်ပြုံး၍ ပြန်ဖြေလိုက်ရသည်။
"သခင်လေးရီ...သခင်လေးကို ဘယ်သူကမှ တာအိုတွေအကြောင်း ရှင်းမပြခဲ့တာလား"
"နတ်ဆိုးဧကရီက နည်းနည်းတော့ ပြောခဲ့ဖူးတယ်။ ဘာလို့လဲ"
ကျန်းရီသည် ကြောင်အစွာ ပြန်မေးလိုက်သည်။
ဟဲလောင်သည် ကျန်းရီအား အထူးအဆန်း သတ္တဝါတစ်ကောင်နှယ် ကြည့်လိုက်မိသည်။ သို့သော် ကျန်းရီသည် ငယ်ရွယ်သေးပြီး ဂိုဏ်းငယ်တစ်ခုတွင်သာ ကြီးပြင်းခဲ့၍ ဝိဉာဉ်သားရဲသင်တန်းကျောင်းတွင် ခဏလေးသာ နေခဲ့ရသေးမှန်း တွေးမိသွားသောအခါ ထူးဆန်းသည်ဟု သူမခံစားရတော့ပေ။
သူသည် တစ်ခဏ တွေးတောပြီးနောက် ရှင်းပြလိုက်သည်။
"သခင်လေးရီ...တာအိုအနှစ်သာရတွေက သင်ပေးလို့မရဘူး။ အဲ့ဒီကနေ ဖန်တီးထားတဲ့ သိုင်းကျင့်စဉ်တွေကတော့ သင်ပေးလို့ရပေမယ့် တာအိုအနှစ်သာရကိုတော့ သင်ပေးလို့မရဘူး။ တာအိုရဲ့ တကယ့်အနှစ်သာရကို စကားနဲ့ ဖော်ပြလို့ မရနိုင်ဘူး...လွယ်လွယ်ကူကူ နားလည်မှု လွဲသွားတာနိုင်တာကြောင့်ပဲ။ လူတွေ နားလည်မှုလွဲပြီး လမ်းကြောင်းမှားသွားရင် အဲ့ဒီတာအိုအနှစ်သာရကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် သမိုင်းအစတည်းက ဘယ်သူကမှ တာအိုအနှစ်သာရကို တိုက်ရိုက်သင်ပေးတာမျိုး မလုပ်ကြဘူး။ ကိုယ်တိုင်နားလည်ဆင်ခြင်နိုင်အောင် အခြေခံ အသိပညာတွေလောက်ကိုပဲ သင်ပေးကြတယ်"
"ဒီလိုကိုး..."
ကျန်းရီသည် ငြိမ်သက်စွာ ခေါင်းငြိမ့်လိုက်သည်။ သူ့မျက်လုံးများထဲတွင်တော့ စိတ်ပျက်မှုများ တွေ့နိုင်ပါ၏။ အနှီတာအို အနှစ်သာရဟူသည်မှာ နားလည်ရန် ခက်ခဲလှပြီး မည်သူမှ လမ်းကြောင်းမှန်ရောက်အောင် လမ်းညွှန်မပေးနိုင်ချေ။ ၎င်းတို့အား နားလည်သဘောပေါက်နိုင်ရန် သူ့ကိုယ်သူသာ အားကိုးရမည်။
ထိုအကြောင်းအား ခဏတွေးကြည့်ပြီးနောက် သူသဘောပေါက်သွားခဲ့သည်။ တာအိုအနှစ်သာရတို့သာ နားလည်ရန် လွယ်ကူနေပါက ဤလောကတွင် ဗာဂျရာအဆင့်များ ရိုက်သတ်၍တောင် ကုန်မည်မဟုတ်ပေ။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်များ အမြောက်အများ ရှိသော်လည်း ဗာဂျရာအဆင့်များမှာ ဆယ်ဂဏန်းခန့်သာ ရှိမှန်း လူတိုင်းသိကြသည် မဟုတ်ပါလော။
"သခင်လေးရီ"
ဟဲလောင်သည် ထပ်မံ စကားဆက်လာခဲ့သည်။
"ဒီလေဓာတ်အထူးပြု တာအိုတိုက်ကွက်ကို နားလည်ချင်တယ်ဆိုရင် သခင်လေး လေ့လာလို့ရအောင် ကျွန်တော် အကြိမ်ရေခပ်များများ ပြန်သုံးပြပါ့မယ်။ နားလည်မလည်ကတော့ သခင်လေးရဲ့ ကံပါပဲ။ သခင်လေးရဲ့ အရည်အချင်းက ထူးခြားနေတယ်ဆိုပေမယ့် လောကမှာ ထူးချွန်တဲ့သူတွေ အများကြီးရှိပါတယ်...တာအိုတစ်ခုကို နားလည်နိုင်ဖို့က ကံကြမ္မာပေါ်ပဲ မူတည်တယ် "
"ကောင်းပြီ"
ကျန်းရီ ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါဆို ငါတိုက်ခိုက်ရင် ငါ့ရဲ့ တာအိုတိုက်ကွက်ကို သုံးပေးမယ်...ဟဲလောင်...မင်းနားလည်အောင် ကြည့်ထားနိုင်တယ်"
"မလိုပါဘူး...မလိုပါဘူး"
ဟဲလောင်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။
"သခင်လေးရီ...သိုင်းသမားတစ်ယောက်ရဲ့ စူးစိုက်နိုင်စွမ်းက ငယ်တဲ့အရွယ်မှာ အကောင်းဆုံးပဲ။ အသက်လေးဆယ်ကျော်သွားလို့ သူက လုံလောက်တဲ့အထိ မသန်မာဘူးဆိုရင် သူ့ကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အလိုလို လျော့ကျလာတယ်၊ အာရုံစူးစိုက်နိုင်စွမ်းတွေရောပဲ။ ကျန့်ဂိုဏ်းမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်တွေ အများကြီးရှိလာပေမယ့် နှစ်တွေ အများကြီး ကြာသွားတာတောင် ကျွန်တော်က ဒီအဆင့်မှာ ဖြစ်နေတယ်။ ကျွန်တော်က ဗာဂျရာအဆင့်ကို မဖြတ်ကျော်နိုင်တော့ဘူး...မသေခင်အချိန်အထိ ဒီအဆင့်မှာပဲ ရှိနေလောက်တယ်"
"ဗာဂျရာအဆင့်"
ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူသည် ထိုကိစ္စများကို သိချင်နေသည့်အပြင် ဟဲလောင်အား မေးနိုင်ရန် အချိန်လည်း ရနေခဲ့သည်။ သူသည် အလျင်အမြန် ထပ်မေးလိုက်သည်။
"ဟဲလောင်...ဗာဂျရာအဆင့်ဆိုတာ ဘာလဲ၊ ဗာဂျရာအဆင့်ကို ဘယ်လိုရောက်နိုင်လဲ"
"ရှင်းပါတယ်"
ဟဲလောင်သည် လမ်းလျှောက်ရင်း ရှင်းပြနေခဲ့သည်။
"အတွင်းအား ကျင့်ကြံတာ အကန့်အသတ်ကို ရောက်သွားရင် ခရမ်းရောင်နန်းတော်က ပုံစံပြောင်းလာလိမ့်မယ်။ လူတစ်ယောက်က အဲ့အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ပြီဆိုရင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ။ နောက်တစ်ဆင့်က တာအိုအနှစ်သာရတွေကို နားလည်ဖို့ပဲ။ ဗာဂျရာအဆင့်ကို ရောက်ဖို့အတွက် အဆင့်နိမ့် တာအိုသုံးခု ဒါမှမဟုတ် အလယ်အဆင့် တာအိုတစ်ခုကို နားလည်ဖို့လိုတယ်။ အဲ့ဒီနောက်တော့ ပိုးတုံးလုံးအဖြစ်ကနေ လိပ်ပြာအဖြစ်ကို ပြောင်းလဲပြီး တကယ့်သိုင်းသမားအစစ်လို့ ပြောနိုင်တဲ့ ဗာဂျရာအဆင့်ကို ရောက်သွားလိမ့်မယ်"
"ငါနားလည်ပြီ"
ကျန်းရီ ခေါင်းငြိမ့်လိုက်သည်။ သူသည် ရှေ့ဆက် လျှောက်နေရင်း မေးခွန်းထုတ်လိုက်သည်။
"တာအို အမျိုးအစား စုစုပေါင်း ဘယ်လောက်ရှိလဲ။ အလယ်အလတ်အဆင့် တာအိုတစ်ခုကို တိုက်ရိုက်နားလည်သွားနိုင်လား"
"ဒါက..."
ဟဲလောင်သည် ကျန်းရီ၏ မေးခွန်းကြောင့် အကြပ်ရိုက်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ကမ္ဘာပေါ်မှာ ကောင်းကင်နဲ့မြေကြီးရဲ့ ဥပဒေသတွေနဲ့ ဆက်နွယ်နေတဲ့ တာအိုတွေ အများကြီးရှိတယ်။ ဒါကြောင့် တာအိုအမျိုးအစားလည်း အများကြီးပဲ...ကျန့်ဂိုဏ်းမှာရှိတဲ့ အချက်အလက်တွေအရ လေဓာတ်အထူးပြုတာအိုမှာတောင် အဆင့်နိမ့်တာအို ကိုးခု၊ အလယ်အလတ်အဆင့်တာအို ခြောက်ခုနဲ့ အဆင့်မြင့်တာအို သုံးခုရှိတယ်။ မီးဓာတ်၊ ရေဓာတ်၊ မြေဓာတ်နဲ့ သတ္ထုဓာတ် အထူးပြုတာအိုတွေလည်း အတူတူပဲ...အလင်းဓာတ်နဲ့ အမှောင်ဓာတ် အထူးပြုတာအိုတွေလည်း ရှိသေးတယ်။ ဒါကြောင့် အတိအကျ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ဗာဂျရာအဆင့်နဲ့ ကောင်းကင်ဧကရာဇ်အဆင့်တွေပဲ သိလိမ့်မယ်"
"လူတစ်ယောက်က အလယ်အလတ်အဆင့် တာအိုတစ်ခုကို တိုက်ရိုက်နားလည်သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒီလူက ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်လောက်တဲ့ ပါရမီရှိမှပဲရတယ်...အဲ့ဒါကိုတော့ ကျွန်တော်လည်း သေချာမပြောနိုင်ဘူး"
"တာအိုတွေ အများကြီးရှိတာပဲ"
ကျန်းရီ၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ နေရာတိုင်းသည် ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နေသည်ဟု သူခံစားလာရသည်။ အဆင့်နိမ့်တာအိုတိုက်ကွက်လေး တစ်ခုကတောင် ထိုမျှသော စွမ်းရည်တို့ ရှိနေလျှင် အလယ်အလတ်နှင့် အဆင့်မြင့် တာအိုများဆို မည်သို့နေမည်နည်း။ ဒဏ္ဍာရီလာ အနှိုင်းမဲ့တာအို ဆိုပါလျှင်ရော။ ဓားသွားတစ်ချက်ဖြင့် ကောင်းကင်ကြီး စုတ်ပြဲသွားလေမည်လော။
"သခင်လေးရီ...သတိထား"
ကျန်းရီ အတွေးထဲ နစ်မျောနေချိန်တွင် ဟဲလောင်၏ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများသည် ရှေ့ဘက်သို့ အကြည့်ရောက်သွားခဲ့သည်။ သူ့မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ထအော်လိုက်သည်။
"ထပ်ပြီး ဒီမှော်ပညာပဲလား"
နေရာတိုင်းတွင် အစိမ်းရောင်အလင်းများ တောက်ပနေခဲ့ပြီး သစ်ပင်များ စတင်အသွင်ပြောင်းနေကြသည်။ သစ်ကိုင်းများသည် အဆိပ်ရှိ မြွေကြီးများပမာ ရှည်ထွက်လာကြပြီး လှောင်အိမ်တစ်ခုအား ဖန်တီးနေလေသည်။ အောက်ဘက်ရှိ မြက်ပင်များမှာလည်း ရူးလောက်သော အရှိန်ဖြင့် ကြီးထွားလာနေကြပြီး သူတို့နှစ်ယောက်အား ရစ်ပတ်လာလေ၏။
"အနီးအနားမှာ တစ်ယောက်ယောက် ရှိနေတာများလား၊ ဒါမှမဟုတ် ဒီအစီအရင်က အလိုလို အသက်ဝင်လာပြီး ဖြတ်သွားတဲ့ လူတွေကို တိုက်ခိုက်တာလား"
ကျန်းရီသည် သံသယဝင်နေသော်လည်း ထိုအကြောင်းကို မတွေးနိုင်သေးပေ။ သူသည် ချက်ချင်းကမ္ဘာ့မီးလျှံများကို ထုတ်လွှတ်ကာ သူ့ထံ တိုးဝင်လာသော မြက်ပင်များနှင့် သစ်မြစ်များအား မီးရှို့လိုက်သည်။ ထို့နောက် သူသည် ဟဲလောင်ထံသို့ကြည့်ကာ အော်ဟစ်လိုက်သည်။
"ဟဲလောင်...အဲ့ဒီ သစ်ကိုင်းတွေ၊ မြက်ပင်တွေကို မထိနဲ့။ အပေါ်ယံက အစိမ်းရောင်တွေက အသားတွေကို တိုက်စားနိုင်တယ်"
ဟဲလောင်သည် တုန်လှုပ်သွားခဲ့သည်။ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသုံးယောက်မှာ အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့သည်ကို သူမျက်မြင် တွေ့ခဲ့ရသည် မဟုတ်ပါလော။ သူ့လက်ထဲမှ ကောင်းကင်အဆင့် လက်နက်သည် လျင်မြန်စွာ လှုပ်ရှားသွားခဲ့ပြီး မြက်ပင်များ၊ သစ်မြစ်များအား ခုတ်ပိုင်းနေတော့သည်။
"အားးး..."
သို့သော်လည်း သစ်ကိုင်းများ၊ မြက်ပင်များမှာ ရှင်းလင်းရန် များပြားလွန်းလှသည်။ ဟဲလောင် အနည်းငယ် သတိလွတ်သွားရာ သစ်ကိုင်းတစ်ခုသည် သူ့ကျောပြင်အား လာရောက်ရိုက်ခတ်လေ၏။ သူ့နောက်ကျောမှ အရေပြားသည် ချက်ချင်းသွေးများ စိုရွှဲလာခဲ့သည်။
"ဟဲလောင်...မခုခံနဲ့။ ငါမင်းကို မြစိမ်းကြည်လင်ပန်းအိုးထဲ ထည့်သိမ်းထားပေးမယ်...မဟုတ်ရင် မင်းသေသွားလိမ့်မယ်"
ကျန်းရီ၏ ဘေးပတ်လည်မှ ကမ္ဘာ့မီးလျှံများ ကွယ်ပျောက်သွားခဲ့ပြီး အစိမ်းရောင် ပန်းအိုးတစ်လုံး ထွက်ပေါ်လာခဲ့သည်။ သူသည် အတွင်းအားအချို့အား ထည့်သွင်းလိုက်သော် ပန်းအိုးနှုတ်ခမ်းဝမှ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။
ကျန်းရီသည် ထိုပန်းအိုးအား စိတ်ဝိဉာဉ်ဖြင့် ပေါင်းစပ်ထားပြီးသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း မည်သို့ အသုံးပြုရမည်ကို မသိခဲ့ပေ။ ယခု သူသည် မသိစိတ်အတိုင်း ပန်းအိုးအဝကို ဟဲလောင်ရှိရာသို့ လှည့်လိုက်သည်။ ဟဲလောင်သည် ပန်းအိုး၏ အစိမ်းရောင်အလင်းများ လွှမ်းခြုံသွားခဲ့ပြီး ထူးဆန်းစွာ ကွယ်ပျောက်သွားခဲ့လေ၏။ ကျန်းရီသည် စိတ်အာရုံဖြင့် ကြည့်လိုက်ပြီး အထဲတွင် ဟဲလောင်ရှိနေမှန်း တွေ့လိုက်သောအခါမှ စိတ်သက်သာရာရသွားခဲ့သည်။
ကျန်းရီ ကမ္ဘာ့မီးလျှံများအား သိမ်းလိုက်သောအခါ သစ်ကိုင်းများ၊ နွယ်ရှင်များမှာ အဘက်ဘက်မှ တိုးဝင်လာကြသည်။ သူ့ကိုယ်အား ရစ်ပတ်ခံရတော့မည့်ဆဲဆဲတွင် ကျန်းရီသည် ကမ္ဘာ့မီးလျှံများကို ထုတ်ဖော်၍ ရှေ့သို့ ပြေးသွားလိုက်သည်။
"အမ်...ဒီသစ်ပင်တွေက အရင်တစ်ခါကလောက် မမာကျောဘူး"
ကျန်းရီသည် ကမ္ဘာ့မီးလျှံများ သစ်ပင်များကို လျင်မြန်စွာ လောင်ကျွမ်းနေသည်အား ကြည့်နေရင်း အံ့အားသင့်မိသွားသော်လည်း ထိုအကြောင်းအား မတွေးနိုင်သေးပေ။ သူသည် လွတ်မြောက်ရန်သာ အရင်ကြိုးစားလိုက်သည်။ ဆယ့်ငါးမိနစ်အတွင်း သစ်ပင်လှောင်အိမ်ထံမှ သူလွတ်မြောက်သွားခဲ့သည်။
"အာ..."
သစ်ပင်လှောင်အိမ်ထံမှ သူပြေးထွက်လာသည့် အခိုက်အတန့်တွင် အသံတစ်သံသည် ကျန်းရီ၏ အာရုံအား စွဲဆောင်သွားခဲ့သည်။
သူသည် လျှပ်စီးအလျင်နှင့် လှမ်းကြည့်လိုက်သော် သစ်ကိုင်းများအကြား မျောက်ဝံတစ်ကောင်အလား ခုန်ကူးပျောက်ကွယ်သွားသော ပုံရိပ်တစ်ခုအား မြင်လိုက်ရလေသည်။ သူ့ကိုယ်မှ လူသတ်ငွေ့များ ချက်ချင်းပေါ်ထွက်လာခဲ့ပြီး နှုတ်ခမ်းထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်တည်လာကာ အော်ဟစ်လိုက်သည်။
"ယွင်လု...မင်း အသက်ရှင်နေဦးမယ်လို့ ငါထင်မထားခဲ့ဘူးဟမ်...ဟားဟားဟား...ဒီတစ်ခါ မင်းဘယ်လို ထွက်ပြေးဦးမလဲ ကြည့်ကြသေးတာပေါ့"
***