အခန်း (၄၇၅)
Vol. 32 Ch. 475
သူသည် သူ့လက်ဖြင့် ချိန်းဆောစက်ကို ပွတ်သပ်ရေရွတ်ရင်း သူ့ကိုယ်သူ ပြုံးရယ်ကာ အလောင်းများပေါ်မှ ကျော်ဖြတ်သွားလိုက်သည်။ ၎င်းသည် အခြားစမ်းသပ်သူများထံ ကောင်းမင် ထွက်ပေါ်လာပုံဖြစ်သည်။
ရှင်းလု အထက်တန်းကျောင်းမှ တိတ်တဆိတ်နေတတ်သော ကျောင်းဆရာလေးသည် သရဲကားတစ်ကားထဲမှ ဇာတ်ကောင်တစ်ဦး ဖြစ်လာတော့သည်။ ရှုရာကျင့်မှာ ကြောက်ရွံ့နေလေသည်။ သူမသည် ကားထဲတွင် ကောင်းမင်နှင့် စကားပြောရန် ကြိုးစားခဲ့သည်။ သူသည် သူ့ကျောင်းသားများအကြောင်း ပြောဆိုရာတွင် အထစ်ထစ်အငေါ့ငေါ့ဖြစ်လေ့ရှိသည်။ သို့သော်လည်း သူသည် ချိန်းဆောစက်ဖြင့် မှောင်မိုက်နေသော ကော်ရစ်ဒါတစ်လျှောက် နောက်ယောင်ခံလိုက်နေချိန်တွင် သူ့ယုံကြည်မှု ပြန်လည်ရရှိလာတော့သည်။
ဒါက ဘာကို ကိုယ်စားပြုတာလဲ။ ရှုရာကျင့်သည် ယင်း၏အဓိပ္ပာယ်ကို မစဉ်းစားဝံ့ချေ။ သူမသည် အရှိလျှော့လိုက်ပြီး ထန်ချင်းဘေးတွင် လျှောက်လိုက်သည်။
“ဟန်ရှန်း အကျဉ်းထောင်က လူတိုင်းက သူ့လိုပဲလား”
ထန်ချင်း၏မျက်နှာအမူအရာမှ ရှုပ်ထွေးနေလေသည်။ သူသည် ကောင်းမင်အား အမှန်တကယ် မမှတ်မိခြင်းဖြစ်သည်။
“ဟန်ရှန်းကို ပို့ခံရတဲ့သူတွေက တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ် ကျခံရသူတွေပဲ ၊ ထွက်လာဖို့က မဖြစ်နိုင်ဘူး”
“ကျွန်တော် ဒါကို အတည်ပြုနိုင်တယ်”
ရှုတိရီက ညည်းညူလိုက်သည်။ “ကျွန်တော်တို့ သူဌေးက သူတစ်သက်လုံး စုဆောင်းထားတဲ့ငွေတွေနဲ့ သူ့အဆက်အသွယ်အားလုံးကို သုံးခဲ့ပေမဲ့ အဲဒီထောင်ထဲမှာပဲ သေဆုံးခဲ့ရတာ ၊ ဟန်ရှန်းဆိုတာ မြေကြီးပေါ်က ငရဲပဲ ၊ အဲဒီထဲ ရောက်နေရင် ထွက်သွားဖို့ လမ်းမရှိဘူး”
“ဒါဆို သူ့အခြေအနေက ဘာကြီးလဲ”
သူတို့အဖွဲ့သည် တစ်ယောက်တည်းဖြင့် တတိယထပ်သို့ ရောက်နှင့်နေပြီဖြစ်သော ကောင်းမင်ကို ကြည့်လိုက်ကြသည်။ သူသည် နောက်ဆက်တွဲ ဖြစ်လာမည့်အရာကို ကြိုတင်မျှော်လင့်နေခဲ့သည်။
နံရံများ၊ မျက်နှာကျက်နှင့် ကြမ်းပြင်ပေါ်တွင် မီးလောင်ကျွမ်းထားသည့် အမှတ်အသားများ ရှင်းရှင်းလင်းလင်း ရှိနေသည်။ မီးတောက်သည် အခန်းတိုင်းမှ ထွက်ပေါ်လာပုံရသည်။ ကောင်းမင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ လေထုသည် အလောင်းမီးရှို့ခြင်း လုပ်နေသကဲ့သို့ မီးခိုးနံ့များဖြင့် ပြည့်နှက်နေလေသည်။
ကော်ရစ်ဒါထဲတွင် စုတ်ပြဲနေသော စက္ကူများ လွင့်မျောနေသည်။ ကောင်းမင် အမှောင်ထုထဲသို့ စိုက်ကြည့်လိုက်သည်။ အခြားသူများသည် တိုးညှင်းလှသောခြေသံတစ်ခုကို ကြားလိုက်ရသည်။ သို့သော်လည်း ကောင်းမင်သည် ဖက်တီးအဖိုးကြီး၏ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။ ထိုလူက ဖြည်းညှင်းစွာဖြင့် နောက်လှည့်လာသည်။ သူ့လက်ခြေများက ကွေးကောက်နေလေသည်။ သူ့မျက်နှာပေါ်ရှိ အသားများမှာ ဖူးယောင်ဖောင်းကြွနေသည်။ သူ့ခန္ဓာကိုယ်တွင် သစ်သားဆူးချွန်များစွာ ထိုးဖောက်ခံထားရသည်။ အဖိုးကြီးသည် ကောင်းမင်အား ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ့မျက်လုံးများက လောဘဖြင့် တဖျတ်ဖျတ်ဖြစ်နေလေသည်။ ဖူးယောင်ဖောင်းကြွနေသော ပါးစပ်သည် ဖြည်းညှင်းစွာ ပွင့်လာ၏။ သူ့ပုံပန်းသဏ္ဌာန်နှင့် မလိုက်ဖက်သော မိန်းမဆန်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“တစ်၊ နှစ်၊ သုံး။ သစ်သားရုပ်ကလေးတွေ...”
ကောင်းမင်သည် ထိုလူ၏အကြည့်ကို ပြန်စိုက်ကြည့်လိုက်သည်။ သူ မလှုပ်ရှားပေ။ သူ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာကို ကြည့်ချင်နေသည်။
ကြီးမားသော ခန္ဓာကိုယ်ကြီးက အမှောင်ထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားလာသည်။ ခုတ်ခွဲခံထားသော ခေါင်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူသည် ကောင်းမင် လှုပ်ရှားလာမည်ကို စောင့်ဆိုင်းနေပုံရသည်။ သစ်သားအစိတ်အပိုင်းများဖြင့် တန်ဆာဆင်ထားသော လက်သည် ကောင်းမင်၏မျက်နှာရှေ့တွင် ခဏရပ်တန့်သွားသည်။ စက္ကန့်များစွာကြာပြီးနောက် သူသည် နောက်လှည့်လိုက်ပြီး အခန်းများထဲမှ တစ်ခန်းထဲသို့ ပျောက်ကွယ်သွားလေသည်။
“ဒါက သရဲလား ၊ ငါ သူ့ကို မြင်လိုက်ရတယ်”
သရဲက ထွက်သွားရန် ရွေးချယ်လိုက်သည်။ ကောင်းမင်က သရဲနောက် လိုက်ရန် ရွေးချယ်သည်။ သူသည် သရဲပျောက်ကွယ်သွားသော အခန်းဆီသို့ အပြေးသွားလိုက်သည်။
အခြားအခန်းများတွင် အခြေခံ အပြင်အဆင် ရှိနေသေးသော်လည်း ဤအခန်းသည် လုံးဝဖျက်ဆီးခံထားရသည်။ အရာအားလုံးကို ပုံစံအသစ်အဖြစ် ပြောင်းလဲထားသည်။
ထန်ချင်းတို့အဖွဲ့သည် ကောင်းမင် လှုပ်ရှားမှု ရပ်တန့်သွားသည်ကို သတိထားမိလိုက်သောအခါ သရဲ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့သည် လှေကားထစ်များပေါ်တွင် ခဏရပ်လိုက်ကြသည်။ ကောင်းမင် စတင်ပြေးတော့မှသာ သူတို့ လှုပ်ရှားဝံ့ကြသည်။
“ညီကို ၊ ငါတို့ ပြတင်းပေါက်ကို ရိုက်ခွဲပြီး ရဲခေါ်ဖို့ လိုင်းရတဲ့ နေရာတစ်ခု ရှာသင့်လား”
ပတ်ဝန်းကျင်က လူတစ်ဦးကို ပြောင်းလဲစေနိုင်ပေသည်။ ဂိုဏ်းသားရှုတိရီသည် ရဲခေါ်ရန် ပထမဆုံး လိုလားသူဖြစ်လာတော့သည်။
“ရှူး”
ကောင်းမင် ဘာမှ ထပ်မပြောခဲ့ပေ။ သူ တံခါးကို တွန်းဖွင့်လိုက်စဉ်အတွင်း ရှောင်ရှားရန် ဘေးဘက်သို့ ခုန်ထွက်လိုက်သည်။ သူ့ရှေ့ရှိ တံခါး ဖွင့်ဟသွားသည်နှင့် သူ့နောက်က တံခါးလည်း ပွင့်ထွက်သွားသည်။ မျက်လုံးတစ်လုံးတည်းရှိသော ဉာဏ်မကောင်းသူသည် တူဖြင့် အားရပါးရ တိုက်ခိုက်လိုက်သည်။ သူသည် အစောပိုင်း ကောင်းမင် ရပ်နေခဲ့သော နေရာကို ရိုက်ထည့်လိုက်ခြင်းဖြစ်သည်။
ပြင်းထန်သော လှုံ့ဆော်မှုက ထိုလူကို စိတ်လွတ်သွားစေခဲ့သည်။ သူသည် သံတူကြီးကို ပတ်ချာလည် ဝှေ့ယမ်းလိုက်သည်။ ချိန်းဆောစက်၏ ညည်းသံက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်တော့သည်။ ကောင်းမင် နောက်ဆုတ်မသွားပေ။ သူသည် ခြေစုံရပ်လိုက်ပြီး ချိန်းဆောစက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ချိန်းဆောက တူကြီးနှင့် ထိတွေ့သွားရာ မီးပွားများ ပတ်ပတ်လည် ပန်းထွက်သွားသည်။ ကောင်းမင်သည် ချိန်းဆောသို့ သူ့ခန္ဓာကိုယ်အလေးချိန်ထည့်၍ တွန်းလိုက်ရာ စက်ထဲမှ ချိန်းကြိုးများ ပျံထွက်လာသည်။
ချိန်းကြိုးက ကောင်းမင်၏မျက်နှာဘေးမှ ပျံသန်းသွားသည်။ ဉာဏ်မကောင်းသူ၏ လက်များသည် တိုက်ခိုက်မှုကြောင့် ထုံကျင်သွားသည်။ တူကြီးက သုံးမရလောက်အောင် ကျိုးသွားပြီဖြစ်သည်။
“ငါ့ကို လာဖမ်းကြည့်လေ”
ကောင်းမင် ချိန်းဆောစက်ကို ပစ်ချလိုက်ပြီး ရှေ့သို့ ခုန်အုပ်လိုက်သည်။ သူ အမှောင်ထဲရှိ ပုဆိန်အတွက် ဉာဏ်မကောင်းသူနှင့် တိုက်ခိုက်လိုက်တော့သည်။
“ဘာ ရပ်လုပ်နေကြတာလဲ ၊ တစ်ခုခု လုပ်ကြဦးလေ”
ကောင်းမင်၏အသံကို ကြားလိုက်သဖြင့် အခြားစမ်းသပ်သူများမှာ နောက်ဆုံးတွင် လှုပ်ရှားလာကြတော့သည်။ ခဏတာမျှတော့ ဘယ်သူက ရန်သူလဲဆိုတာ သူတို့ မပြောနိုင်ကြပေ။
ရှုတိရီနှင့် ထန်ချင်းတို့သည် ဉာဏ်မကောင်းသူ၏ လက်များကို ချုပ်လိုက်ကြသည်။ ကောင်းမင်သည် သူ့အပေါ် ခွစီးလိုက်ပြီး သူ့ခေါင်းကို ထိုလူ၏ ဦးခေါင်းနှင့် တိုက်ချလိုက်သည်။ ထိုကဲ့သို့ နှစ်ကြိမ် လုပ်ပြီးနောက် ဉာဏ်မကောင်းသူ၏ ဦးခေါင်းသည် ဘေးဘက်သို့ စောင်းကျသွားတော့သည်။ သွေးများ သူ့မျက်နှာကို ဖုံးလွှမ်းသွားပြီး နောက်ဆုံးတွင် သူတည်ငြိမ်သွားသည်။
“တော်လောက်ပြီ ညီကို ၊ သူ့ကို မရိုက်နဲ့တော့”
ထန်ချင်းက ကောင်းမင်ကို သတိပေးလိုက်သည်။
“ခင်ဗျား ဘာလို့ သူ့ကို ကူညီနေတာလဲ”
ကောင်းမင်၏ မျက်နှာတွင်လည်း သွေးများ ပေကျံလျက်ရှိသည်။
“မင်း သူ့ကို သတ်လိုက်မှာ စိုးလို့ပါ”
ထန်ချင်းက ပြောလိုက်သည်။
ကောင်းမင် ပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ မီးလောင်ထားသော အိပ်ခန်းဆီသို့ သူလျှောက်သွားလိုက်သည်။
“ညီမလေး ၊ ပြေးတော့”
ဉာဏ်မကောင်းသူက ရုန်းကန်တော့သည်။ သူ မျက်ရည်များဖြင့် ပြောလိုက်သည်။ သူတို့သည် ယင်းအခြေအနေမျိုးကို အရင်က ကြုံတွေ့ဖူးကြသည်။ သူတို့သည် အနိုင်ကျင့်ခံခဲ့ရသော်လည်း ဘာမှ မတတ်နိုင်လောက်အောင် အကူအညီမဲ့ခဲ့ကြသည်။
တံခါးက လုံးလုံးပွင့်သွားသည်။ ကောင်းမင်သည် ဤကမ္ဘာပေါ်တွင် သရဲများ ရှိနေခြင်းကို အတည်ပြုရန် အခန်းထဲသို့ ဝင်သွားလိုက်သည်။
ကောင်းမင် မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ သူသည် မီးလောင်ထားသော ကုတင်ဘောင်ပေါ်တွင် ပန်းရောင်စောင်နှင့်မွေ့ရာရှိသော ကုတင်တစ်လုံးကို တွေ့လိုက်ရသည်။ကုတင်ပေါ်တွင် ချစ်စရာကောင်းသော ကောင်မလေးတစ်ဦး အိပ်ပျော်နေလေသည်။ သူမသည် ပုံပြင်ထဲမှ ကလေးတစ်ယောက်နှင့်တူသည်။
“သူက ဓာတ်ပုံထဲက ကောင်မလေးနဲ့ တူတူပဲ ၊ ဉာဏ်မကောင်းတဲ့ အစ်ကိုက အရွယ်ရောက်နေပြီဆိုရင် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ဒီကောင်မလေးက သရဲများလား”
ကောင်းမင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့နှလုံးသားသည် တစ်စုံတစ်ခုကို တမ်းတနေသကဲ့သို့ ခုန်ပေါက်နေသည်ကို သူခံစားရသည်။ ကောင်းမင် နောက်ထပ် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။
ဉာဏ်မကောင်းသည့်အစ်ကိုက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း သူသည် ကြမ်းပြင်တွင် ဖိချခံထားရသည်။ အရာအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကလိုပင်... ထိုအရုပ်ဆိုးသော အိမ်ရှိ ကြောက်မက်ဖွယ်ကောင်းသော မှတ်ဉာဏ်ဆီသို့ ပြန်ရောက်သွားသည်။
ဉာဏ်မကောင်းသည့်အစ်ကို၏ တောင်းပန်သံများနှင့် အော်ဟစ်သံများက ကောင်မလေး၏နားထဲ ဝင်ရောက်သွားသည်။ သူမ၏မျက်တောင်များ ဖြည်းညှင်းစွာ လှုပ်ရှားသွားသည်။ ကောင်းမင်က သူမကုတင်ဘေးသို့ ရွေ့သွားလိုက်သည်။
ကုတင်ဘောင်သည် သေခြင်းတရား၏ လှောင်အိမ်တစ်ခုနှင့်တူသည်။ အကူအညီမဲ့နေသော ကောင်မလေးသည် ဖမ်းဆီးခံထားရသော ငှက်တစ်ကောင် ဖြစ်သည်။ အဆိုးရွားဆုံး မှတ်ဉာဏ် ပေါ်လျှိုးလာသည်။ ကောင်းမင်သည် ကောင်မလေး၏နှလုံးသားမှ ထူထဲစေးကပ်သော အရိပ်တစ်ခု ယိုစိမ့်ထွက်လာသည်ကို မြင်လိုက်ရသည်။
ရင်းနှီးနေသော အရိပ်သည် မြွေတစ်ကောင်နှင့်တူ၏။ ၎င်း ထွက်ပေါ်လာသည်နှင့် စတင်ပြန့်နှံ့သွားသည်။ ၎င်း ထိတွေ့သောနေရာသည် အလင်းအားလုံး ဆုံးရှုံးသွားသည်။ ၎င်းသည် အခြားကမ္ဘာမှ ကျူးကျော်ဝင်ရောက်မှုတစ်ခုနှင့်တူလေသည်။
အော်ဟစ်ငိုကြွေးသံများ ပေါက်ကွဲလာသောအခါ ထန်ချင်းကိုင်ထားသည့် နောင်တရသည့်စာထဲမှ အေးစက်၍ ပုတ်အဲ့အဲ့သွေးများ ယိုစိမ့်ထွက်လာတော့သည်။ ကောင်မလေး၏ ဆံပင်များထဲမှ ခြောက်သွေ့နေသော လက်တစ်ချောင်း ထွက်လာခဲ့သည်။ လက်၏ လက်သည်းများသည် ရက်စက်စွာ အနုတ်ခံထားရသည်။
ကော်ရစ်ဒါအခြားတစ်ဖက်တွင် ဖက်တီးအဖိုးကြီး ပေါ်ထွက်လာသည်။ လူဦးခေါင်းများပါသော မကောင်းဆိုးဝါးခွေးနှစ်ကောင်သည် ကုတင်အောက်မှ တွားထွက်လာသည်။ သူတို့သည် ဂျူဒိုနည်းပြ၏ မိသားစုတစ်ခုလုံးကို ကိုယ်စားပြုကြသည်။