မင်းမှာ သတ္တိရှိရင် ငါ့ကိုလာသတ်
Vol. 1 Ch. 342
ယွင်လု၏ ကိုယ်ထဲတွင် ယွင်မိသားစု၏ သွေးများ စီးဆင်းနေသည်ဟု ဟဲလောင်ပြောခဲ့သည်။ စုန်းနတ်ဘုရားသည် ယွင်လုအား မျက်နှာသာပေးခဲ့ပုံ ရလေသည်။ ထို့ကြောင့် ကျန်းရီသည် ယွင်လု အသက်ရှင်နေလောက်သေးသည်ဟု သံသယဝင်ခဲ့သော်လည်း တတိယထပ်အထိပါရောက်၍ အဆင်ပြေနေဦးမည်ဟု မထင်ထားခဲ့ပေ။ အနှီမှော်ပညာသည် ယွင်လုမှ ထုတ်လွှတ်လိုက်ခြင်း သိုု့မဟုတ် ဤနေရာမှ အစီအရင်ကို သူထိန်းချုပ်နေခြင်းသာ ဖြစ်ရမည်။
မည်သည့်အခြေအနေတွင် ဖြစ်နေပါစေ၊ ယွင်လု၏ အစအနကို သူတွေ့နေရပြီဖြစ်ရာ ယွင်လုအား လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။ ကျန်းရီသည် မြစိမ်းကြည်လင်ပန်းအိုးကို ထုတ်လိုက်ပြီး ဟဲလောင်အား ချက်ချင်းအပြင်ထုတ်ပေးလိုက်သည်။ ထို့နောက် သူအော်ပြောလိုက်သည်။
"ဟဲလောင်...အရှေ့ကို ပြေးလိုက်တော့၊ ယွင်လု အဲ့ဘက်ကို ထွက်ပြေးသွားတယ်"
ဟဲလောင်၏ ပြေးနှုန်းသည် သူ့ထက်မြန်လေ၏။ ဤနေရာမှ မြေမျက်နှာသွင်ပြင်မှာ ကြမ်းတမ်း၍ ရှုပ်ထွေးသည်။ ကျန်းရီသည် ယွင်လုအား မျက်ခြေပြတ်သွားမည်စိုး၍ ဟဲလောင်အား ပြေးလိုက်စေခြင်းဖြစ်သည်။ သူ နေရာရွှေ့ပြောင်းကျင့်စဉ်အား သုံးလိုက်ပါက သူ့အင်အားသည် မည်သည့်ဘက်မှ ဟဲလောင်ထက် မနိမ့်ကျတော့ပေ။ သို့သော် ဤနေရာသည် အလွန်အန္တရာယ်များသည့်အတွက် မဖြစ်မနေမလိုအပ်ဘဲ နေရာရွှေ့ပြောင်းကျင့်စဉ်ကို သူမသုံးချင်။ ဆက်တိုက် နေရာရွှေ့ပြောင်းသည် သူ့စိတ်ဝိဉာဉ်ကို ပင်ပန်းနွမ်းနယ်စေပြီး စိတ်စွမ်းအင်အားများကို အလွန်အကျွံ သုံးစွဲမိပါက သူ့မှာ လည်စင်းပေးနေရသော ဘဲတစ်ကောင်သာသာ ဖြစ်သွားလိမ့်မည်။ ဟဲလောင်တောင် အမှီမလိုက်နိုင်ပါကလည်း သူ၏ နေရာရွှေ့ပြောင်းခြင်းသည် အင်အားကို ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။
"ယွင်လု"
ဟဲလောင်၏ မျက်လုံးများတွင် လူသတ်ငွေ့များ လျှံထွက်လာခဲ့သည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးလိုက်သွားခဲ့သည်။ တစ်ဖက်တွင်လည်း ကျန်းရီသည် ကျုံးဝူသားရဲကို ဆင့်ခေါ်၍ ပြေးလိုက်တော့သည်။
ရှပ်...ရှပ်...ရှပ်
တောအုပ်ထဲတွင် လေအေးများ ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး သစ်ရွက်ချင်း ပွတ်တိုက်သံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ပတ်ဝန်းကျင်ကို သံသယဖြစ်စွာ အကဲခတ်လိုက်ပြီး ထူးဆန်းသည်ဟု ခံစားလာရသည်။ သို့သော် သူသည် မရပ်တန့်ဘဲ ဟွမ်ကြီးကိုစီး၍ ဆက်ပြေးလိုက်သွားခဲ့သည်။
"ဝေါင်း...ဝေါင်း"
"ဝူး...ဝူး..."
"ချီ...ချီ..."
ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာခဲ့သည်။ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် သူတို့ရှိနေရာသို့ ဘက်ပေါင်းစုံမှ တိုးဝင်လာနေကြခြင်း ဖြစ်သည်။ ယွင်လုနှင့် အတော်နီးနီးသို့ ရောက်နေပြီဖြစ်သော ဟဲလောင်သည် ရပ်တန့်လိုက်ရသည်။ ကျန်းရီ သူ့အနီးသို့ ရောက်သွားသောအခါတွင် ဟဲလောင်မှာ နတ်ဆိုးသားရဲတစ်အုပ်နှင့် တိုက်ပွဲဝင်နေခဲ့ပြီ ဖြစ်သည်။
"သခင်လေးရီ...ယွင်လုက တတိယထပ်က တားမြစ်အစီအရင်တွေကို ထိန်းချုပ်နိုင်လောက်တယ်။ ဒီနတ်ဆိုးသားရဲတွေ အကုန်လုံးကို သူဆင့်ခေါ်ထားတာ...သခင်လေး ဂရုစိုက်မှရမယ်"
ဟဲလောင်၏ အသံသည် ကျန်းရီ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ သူသည် မျက်နှာပျက်ယွင်းစွာဖြင့် ဟွမ်ကြီးအား ပြန်လည်သိမ်းဆည်းလိုက်သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်းအင်အား၏ အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး အော်ပြောလိုက်သည်။
"ဟဲလောင်...မင်းလည်း ဂရုစိုက်၊ ဒီနတ်ဆိုးသားရဲတွေကို ငါရှင်းလိုက်မယ်"
ရောက်လာကြသော နတ်ဆိုးသားရဲများမှာ အတော်များလေ၏။ ရွှေဝါရောင် မြွေကြီးများ၊ သမင်ကိုယ် မိကျောင်းဦးခေါင်းနှင့် ထူးထူးဆန်းဆန်း သားရဲ၊ အဝေးမှ ရေခဲမြားချွန်များ မှုတ်ထုတ်နိုင်သည့် ဖားပြုပ်၊ လေအလျင် ပိုင်ဆိုင်ထားသည့် ငှက်ကြီး၊ အနက်ရောင်အဆိပ်ငွေ့များ မှုတ်ထုတ်နိုင်သည့် လင်းနို့သားရဲ စသည့် တတိယအဆင့်နှင့် ဒုတိယ ထိပ်ဆုံးအဆင့် ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများ အစုံအလင် ဖြစ်သည်။
ကျန်းရီ၏ သတ်ဖြတ်ခြင်းအင်အားမှာ တတိယအဆင့် နတ်ဆိုးသားရဲများ မဆိုထားနှင့်၊ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်များကိုတောင် ဖိနှိပ်ထားနိုင်ရာ ဤနတ်ဆိုးသားရဲများမှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ တတိယ ထိပ်ဆုံးအဆင့် နတ်ဆိုးသားရဲများတောင် ကျန်းရီ၏ သတ်ဖြတ်ခြင်းအား အလွယ်တကူ ခံနေရသည်။ သို့သော် လက်ရှိအချိန်တွင် စတုတ္ထအဆင့် နတ်ဆိုးသားရဲဘုရင် တစ်ကောင်ရောက်ပါလာက ကျန်းရီသည် ရွေးချယ်စရာမရှိဘဲ သူ့အသက်အား ပေးလိုက်ရမည်ဖြစ်သည်။
ဖိနှိပ်ခြင်းအတွက် သတ်ဖြတ်ခြင်းအင်အား၊ အကာအကွယ်အတွက် ကမ္ဘာ့မီးလျှံ၊ သတ်ဖြတ်ခြင်းအတွက် မီးနဂါးဓား၊ ရှောင်တိမ်းရန်အတွက် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်.....စသည်တို့ကို ကောင်းကောင်းအသုံးချရင်း ဘက်ပေါင်းစုံမှ တိုးဝင်လာနေသော နတ်ဆိုးသားရဲများကို ကျန်းရီတစ်ယောက် အေးအေးလူလူ ရင်ဆိုင်နေခဲ့သည်။ ကမ္ဘာ့မီးလျှံများ၏ အကာအကွယ်ကြောင့် သာမန်တိုက်ခိုက်မှုများမှာ သူ့အပေါ် မသက်ရောက်ချေ။ နတ်ဆိုးစွမ်းအားဖြင့် တိုက်ခိုက်လာပါလျှင်မူ သူသည် နေရာရွှေ့ပြောင်းကျင့်စဉ်ကိုသုံး၍ ရှောင်တိမ်းနေခဲ့သည်။
တိုက်ခိုက်နေကြသော နတ်ဆိုးသားရဲများမှာ အလွန်များရာ အကုန်လုံးအား သတ်ပစ်ရန် မဖြစ်နိုင်ချေ။ ကျန်းရီသည် အချိန်တစ်ခုကြာအောင် သတ်ဖြတ်ပြီးနောက် ဟဲလောင်ရှိရာဘက် သွားကာ ဟဲလောင်အား မြစိမ်းကြည်လင်ပန်းအိုးအတွင်း ထပ်မံ ထည့်လိုက်သည်။ ထို့နောက် သူသည် သတ်ဖြတ်ခြင်းအင်အားကို သုံး၍ နတ်ဆိုးသားရဲများကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ကာ သတ်ဖြတ်ရင်း ရှေ့ဆက်ပြေးသွားလိုက်သည်။
သူ့ဆုံးဖြတ်ချက်မှာ အတော်လေး အမျှော်အမြင်ရှိသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆယ်မိုင်ကျော် ပြေးလာခဲ့ပြီးသော်လည်း ရောက်လာကြသော နတ်ဆိုးသားရဲများမှာ မဆုံးနိုင်သေးသောကြောင့် ဖြစ်သည်။ သူသာ ယခင်နေရာတွင် ရပ်တန့်၍ တိုက်ခိုက်နေပါက ရက်ပေါင်းများစွာ ကြာပြီးမှသာ ထိုသတ္တဝါအားလုံးအား သတ်ဖြတ်ပြီးလိမ့်မည်။ ထို့နောက်တွင်တော့ သူသေလုနီးပါး ပင်ပန်းသွားမည် ဖြစ်သည်။
တတိယထပ်က တားမြစ်အစီအရင်တွေက ယွင်လု ထိန်းချုပ်နိုင်တယ်ပေါ့...သူက ငါတို့ကို တိုက်ခိုက်ဖို့ နတ်ဆိုးသားရဲတွေကိုတောင် သုံးနိုင်သေးတယ်
အကန့်အသတ်မရှိ ရောက်လာနေကြသော နတ်ဆိုးသားရဲများကို ကြည့်ရင်း ဟဲလောင်ပြောခဲ့သည်အား ပြန်တွေးမိသော် ကျန်းရီ၏ စိတ်နှလုံးမှာ မွန်းကြပ်လာခဲ့သည်။ တတိယထပ်တွင် နတ်ဆိုးသားရဲ ဘုရင်တစ်ကောင် ရှိနေပြီး ယွင်လုသာ ၎င်းအား လာရောက်ရန် အမိန့်ပေးလိုက်ပါက သူနှင့်ဟဲလောင်မှာ ဤနေရာတွင် သေသွားကြလိမ့်မည်။
ဝှစ်...ဝှစ်...
မီးနဂါးနှစ်ကောင်မှာ ခွေ့သတ္တဝါကြီးများအား(ခြေတစ်ဖက်နှင့် နတ်ဆိုးသားရဲ) သတ်ဖြတ်ရင်း ရှေ့ရှိ အရာရာကို ဝါးမျိုသွားသည်။ ကျန်းရီသည် ခဏလေးတောင် မရပ်တန့်ရဲဘဲ ရှေ့ဆက်ပြေးသွားလိုက်သည်။ သူသည် အမြန်ဆုံးနှုန်းနှင့် နတ်ဆိုးသားရဲများအား မျက်ခြေဖြတ်ကာ တောအုပ်ထဲမှ ထွက်သွားရမည်။ သို့မဟုတ်ပါက သူသေလောက်အောင် ပင်ပန်းရလိမ့်မည်။
"ဟူး...ဟူး.."
ဘယ်ဘက်ခြမ်းတွင် ပါးစပ်ကြီးကိုဖြဲ၍ အနံ့အသက်ဆိုးလှသည့် အနက်ရောင်အငွေ့များကို မှုတ်ထုတ်နေသော ကြောင်ကြီးတစ်ကောင် ရှိနေခဲ့သည်။ အနက်ရောင်အငွေ့များ သူ့အနီး မရောက်လာခင်တည်းကပင် ကျန်းရီမှာ ရွံရှာလွန်း၍ အန်ချင်လာခဲ့သည်။ သူသည် အံကိုကြိတ်၍ နေရာရွှေ့ပြောင်းလိုက်သည်။ ထိုအနက်ရောင်အငွေ့များသည် အဆိုပါသားရဲ၏ နတ်ဆိုးစွမ်းအင်များဖြစ်သည်မှာ အသေအချာ။ ထို့ကြောင့် သူဝေးဝေးက ရှောင်ရမည်။ မရှောင်နိုင်ပါက ဒုက္ခရောက်ပေလိမ့်မည်။
"ဂရူး...ဂရူး..."
သုံးကီလိုမီတာကျော်သည်အထိ နေရာရွှေ့ပြောင်းရန် ပြင်လိုက်သောအခါတွင် ထူးထူးဆန်းဆန်း အော်သံကျယ်ကြီးတစ်ခုကို သူကြားလိုက်ရသည်။ ထိုအသံသည် သူ့စိတ်ဝိဉာဉ်ကို တုန်လှုပ်သွားစေခဲ့ပြီး သူ့နှလုံးမှာ အပြင်သို့ ထွက်ကျတော့မတတ် ခုန်လှုပ်လာသည်ကို သူခံစားလိုက်ရသည်။
"သေစမ်း..."
ကျန်းရီ ထိတ်လန့်နေခဲ့သည်။ စိတ်ဝိဉာဉ်ကို တိုက်ခိုက်နိုင်သော နတ်ဆိုးသားရဲများမှာ ကြောက်စရာအကောင်းဆုံး အမျိုးအစားများ ဖြစ်ကြသည်။ သူချက်ချင်း မသတ်နိုင်ပါက သူ့စိတ်ဝိဉာဉ် ထိခိုက်သွားပြီး ဤနေရာတွင်ပင် အလောင်းပင်မကျန်ဘဲ သေသွားလိမ့်မည်။
သူ့ကိုယ်သည် လှုပ်ရှားသွားခဲ့ပြီး အော်သံများ ထုတ်လွှတ်နေသော သတ္တဝါဆန်းကြီးဘေးသို့ နေရာရွှေ့ပြောင်းလိုက်သည်။ ထို့နောက် ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကိုသုံး၍ ၎င်းအား ဖိနှိပ်ကာ မီးနဂါးဓားဖြင့် အသားစများ ဖြစ်သွားအောင် ပိုင်းချလိုက်သည်။
"ချူး....ချူး..."
အနက်ရောင်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ပေါ်မှ ထိုးဆင်းလာခဲ့ပြန်သည်။ ၎င်း၏ တောင်ပံကြီးများမှာ ဆက်တိုက်လှုပ်ရှားနေခဲ့ပြီး တစ်ကိုယ်လုံးမှာ အနက်ရောင်အလင်းများဖြင့် လွှမ်းခြုံနေသည်။ ထို့နောက် သံမဏိငှက်မွှေးငှက်တောင်များမှာ မြားအစင်းပေါင်းတစ်သောင်းအလား ကျန်းရီရှိနေရာကို ဗဟိုပြု၍ ကီလိုမီတာများစွာ အကျယ်အဝန်းအထိ တစ်ပြိုင်တည်း ကျဆင်းလာခဲ့သည်။
"သေစမ်း...ကမ္ဘာ့မီးလျှံ"
ကျန်းရီသည် ခါးသီးစွာ ကျိန်ဆဲလိုက်ပြီး နေရာရွှေ့ပြောင်းခြင်းကို ရပ်တန့်လိုက်သည်။ ကမ္ဘာ့မီးလျှံများမှာ သူ့ကိုယ်ပေါ်မှ ဖြာထွက်လာခဲ့ပြီး အနှီငှက်မွှေးများကို ပိတ်ဆို့၍ လောင်ကျွမ်းသွားစေခဲ့သည်။
ဝှစ်...ဝှစ်...ဝှစ်...
သံမဏိငှက်မွှေးများ ကျဆင်းလာသော အခိုက်အတန့်တွင် သစ်ပင်များစွာ ပျက်စီးသွားကြပြီး ကျန်းရီ၏ ဖိနှိပ်ခံထားရသော နတ်ဆိုးသားရဲများမှာ အသတ်ခံလိုက်ကြရလေသည်။ ငှက်ကြီးသည် ကျန်းရီအတွက် အကူအညီ ကြီးကြီးမားမား ဖြစ်သွားခဲ့သည်။
"သွားစို့"
ကျန်းရီသည် မူလက လေပေါ်ခုန်၍ ငှက်ကြီးအား သတ်ဖြတ်ခြင်းအင်အားဖြင့် ဖိနှိပ်ကာ သတ်ပစ်ချင်ခဲ့သည်။ လက်ရှိအခြေအနေအား သူမြင်လိုက်သောအခါ စိတ်ပြောင်းသွားခဲ့ပြီး အရှေ့သို့ ဆက်ပြေးသွားလိုက်သည်။ သူထင်ထားသည့်အတိုင်း ငှက်ကြီးမှာ သူ့နောက်သို့ လိုက်လာခဲ့ပြီး မရေမတွက်နိုင်သော သံမဏိအမွှေးအတောင်များ ဆက်တိုက်ပစ်လွှတ်ကာ ကျန်းရီကို ကူညီ၍ အနီးအနားမှ နတ်ဆိုးသားရဲ မှန်သမျှကို သတ်ဖြတ်ပေးနေလေသည်။
"ကောင်းတယ်...ဆက်လုပ်ထား"
ကျန်းရီသည် ကောင်းကင်ပေါ်မှ ငှက်ကြီးအား လက်မထောင်ပြလိုက်သည်။ ငှက်တောင်များမှာ ကမ္ဘာ့မီးလျှံများ၏ တစ်မီတာခန့် အထိသာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး လောင်ကျွမ်းသွားကြသည်။ ၎င်းတို့သည် သူ့အား လုံးဝမထိခိုက်နိုင်ပေ။ ကျန်းရီမှာ အကူအညီကြီးကြီး ရနေ၍ အတော်လေး သက်သာသွားခဲ့သည်။
နတ်ဆိုးသားရဲများ၏ ဝန်းရံမှုမှ နေ့ဝက်ကြာ ထွက်ပြေးနေချိန်တွင် ကျန်းရီမှာ နတ်ဆိုးသားရဲမည်မျှအား သူသတ်ခဲ့မှန်းပင် မမှတ်မိချေ။ သူသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်လွှတ်ရင်း တိုက်ခိုက်ကာ ပြေးလွှားနေရသောကြောင့် အလွန်အမင်း မောဟိုက်နေခဲ့သည်။
နတ်ဆိုးသားရဲများမှာ တစ်သုတ်ပြီးတစ်သုတ် တိုးဝင်လာနေကြသည့်အပြင် နောက်တွင်လည်း ပြေးလိုက်လာနေကြသော နတ်ဆိုးသားရဲ အုပ်လိုက်ကြီး ရှိနေပြန်သည်။ ကျန်းရီသည် လေပေါ်ခုန်၍ ကြည့်လိုက်သော်လည်း မဆုံးနိုင်သော တောအုပ်ကြီးကိုသာ မြင်နေရ၍ မျက်နှာမှာ မည်းမှောင်လာခဲ့သည်။ မည်သည့်အချိန်မှ ဤကိစ္စ အဆုံးသတ်လေမည်နည်း။ သူသည် ဤတောအုပ်ထဲမှ မလွတ်မြောက်နိုင်သေးလျှင် ဆက်လက်တောင့်မခံနိုင်တော့မည်ကိုပင် စိုးရိမ်လာခဲ့သည်။
ဝှစ်...ဝှစ်...
ခြောက်နာရီခန့် ကြာပြီးနောက် ကျန်းရီ လဲကျလုဆဲဆဲ အခြေအနေတွင် ရှေ့မှအလင်းရောင်တစ်စကို သူမြင်လိုက်ရသည်။ တစ်ခဏဆက်လက်ပြေးလွှားပြီးနောက် မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားသည်အား သူသတိထားမိလိုက်သည်။
ရှေ့တွင် တောင်ကြားတစ်ခု ရှိနေခဲ့သည်။ သူ့အား ပျော်ရွှင်သွားစေသည်မှာ တောင်ကြား၏ အဆုံးတွင် နေရာရွှေ့ပြောင်းပို့ဆောင်သည့် အစီအရင်နှင့်တူသည့် အလင်းရောင်ရေးရေးကို သူမြင်နေရသောကြောင့် ဖြစ်သည်။
"ဟား...ဟား...ဟား"
ထိုခဏတွင် ရယ်သံကြီးတစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ အသံသည် ကောင်းကင်မှ ကျဆင်းလာသည့်ပမာ တိုးဖျော့လှသည်။ သို့သော် ထိုအသံသည် ကျန်းရီ၏ ပျော်ရွှင်မှုအား ဖျက်စီးလိုက်သည်။ မှန်ပေ၏၊ ထိုအသံမှာ ယွင်လု၏အသံ ဖြစ်လေသည်။
ယွင်လု၏အသံမှာ ဆက်လက်ထွက်ပေါ်လာခဲ့သည်။
"ကျန်းရီ...တတိယထပ်ရဲ့ ထွက်ပေါက်က ရှေ့မှာပဲ။ ဒါပေမယ့် မင်းရောက်နိုင်၊ မရောက်နိုင်ကတော့ မင်းအစွမ်းအစပေါ် မူတည်တယ်။ ဒီမင်းသားက မင်းကို စတုတ္ထထပ်မှာ စောင့်နေမယ်...မင်းမှာ သတ္တိရှိရင် ငါ့ကိုလာသတ်စမ်းပါ"
***