← Chapters

အခန်း (၆၂၅-၆၂၆)

Vol. 41 Ch. 625-626

အခန်း (၆၂၅-၆၂၆)

Vol. 41 Ch. 625-626

အပိုင်း (၆၂၅)

ရှမ့်လန် အိမ်၌ နားစည်စိမ်ခံစားနေချိန်မှာပဲ နင်ကျန်းကတော့ နန်းမြို့တော်တွင် ငရဲခန်းဘဝကို စတင် ရင်ဆိုင်နေရ၏။ သူက ၂၀ ကီလိုဂရမ် (၄၄ ပေါင်) ကျော် ပိန်ကျသွားခဲ့၏။ ယခုအခါမှာတော့ ကိုယ်အလေးချိန်က ၅၀ ကီလိုဂရမ် (၁၁၀ ပေါင်) ခန့်သာ ရှိတော့၏။ တစ်နေ့လျှင် သုံးနာရီ အိပ်ရခြင်းကပင် ဇိမ်ခံသည့် အရာတစ်ခုလို ဖြစ်လာ၏။

ယခုအခါမှာတော့ အရာရှိများက သူ့ကို အမြင်တစ်မျိုးအဖြစ် ပြောင်းလဲသတ်မှတ်သွားခဲ့၏။

နန်အို၏ စတေးခံ - သူက ဉာဏ်အမြော်အမြင် ရှိကြ၏။ ဝီရိယရှိ၏။ ညည်းညူခြင်းမရှိဘဲ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိ၏။ လောကကြီး၏ မကောင်းသည့် အရာအားလုံးကို ခေါင်းခံနေရသည့် လူတစ်ယောက်ကဲ့သို့ပဲ။ အရှင်မင်းကြီး၊ အမတ်များ၊ အိမ်ရှေ့စံနှင့် တတိယမင်းသားတို့၏ အပြစ်အားလုံးကို အနစ်နာခံကာ ခေါင်းခံပေးသည်။

သို့ပေမည့် သူက အလုပ်တကယ်လုပ်သည်။ မူလက စည်ကားနေသည့် နန်းမြို့တော်ကြီးက အေးစက်စက် မြို့ကြီးတစ်ခုအဖြစ် အတင်းအကြပ် ပြောင်းလဲခံထားရ၏။ ညမထွက်ရအမိန့်များ၊ လူဝင်မှုကို တားဆီးခြင်း၊ အစားအစာ ခွဲဝေမှုစနစ်၊ စစ်အတွင်း ကုန်ဈေးနှုန်းများ၊ စစ်အတွင်း မဖြစ်မနေ လုပ်အားပေး ခိုင်းစေခြင်းနှင့် စစ်အတွင်း တပ်သားအဖြစ်ခေါ်ယူခံရခြင်း စသဖြင့် အရာအားလုံးကို သူက စီမံ၏။

စစ်ပွဲအတွက် နိုင်ငံတော်၏ အင်အားကို ကြိုတင်စုဆောင်းထားရပေမည်။ မပြင်ဆင်ဘဲ တိုက်ခိုက်ပါက စစ်ပွဲ၏ ယန္တရားတစ်ခုလုံးက ပျက်စီးမှာဖြစ်၏။ လူတိုင်းက နင်ကျန်းကို တုံးအအ၊ တစ်လောကလုံးနှင့် ရန်ဖြစ်ထားသူဟု ပြောကြသော်လည်း အိမ်ရှေ့စံနှင့် တတိယမင်းသားတို့ကမူ အကျိုးအမြတ်များ ရရှိနေ၏။ မွေးရာပါ ဒုက္ခခံနေရသည့် ဤလူက အတော်ဆုံး မဟုတ်ပါလား။ သို့သော်ငြား သူတို့၏ရင်ထဲမှာတော့ နင်ကျန်း၏ အရည်အချင်းကို အသိအမှတ်ပြုမိကြသည်။

ယခုအချိန်မှာတော့ လူတိုင်းက တောင်ဘက်အရပ်သို့ မျှော်ကြည့်နေ၏။ “စစ်ပွဲ စလိုက်တော့.. မဟုတ်ရင် ငါတို့ သည်းမခံနိုင်တော့ဘူး။”

ရွှဲ့ပြည်နယ်၏ အရှင်မင်းကြီး နင်ယွမ်ရှန်း၊ အမတ်များ၊ ပြည်သူများနှင့် အရှေ့တိုင်းလောက တစ်ခုလုံးက မျက်လုံးအပြူးသားဖြင့် စောင့်ကြည့်နေကြ၏။ ပေါက်ကွဲဖြစ်တည်လာတော့မည့် စစ်ပွဲကြီးအချိန်ကို စောင့်မျှော်နေကြခြင်းပင်။

.................

အောက်တိုဘာ ၁၉ ရက်

ကျင်းမင်းသား၏ တပ်မဟာ တစ်သိန်းတို့က နန်းမြို့တော်ဆီသို့ တရားဝင် ရောက်ရှိလာခဲ့၏။ သူတို့က နန်အို နန်းမြို့တော်ကို ရေတစ်စက်ပင် မဝင်အောင် တင်းကျပ်စွာ ဝိုင်းရံထား၏။ ဤအချိန်မှာတော့ ရွှဲ့ပြည်နယ်၏ တပ်သားပေါင်း တစ်သိန်းကျော်က နန်အိုနန်းမြို့တော်တွင် ရှိနေ၏။

ကြီးကြပ်သူက စစ်သူကြီး ကျူးလင်းဖြစ်ပြီး မင်းသမီးနင်လော့က ဒုတိယ အကြီးဆုံးမြို့ဖြစ်သော သဲမြို့တော်ကို စောင့်ကြပ်၏။ နန်းကုန်းအိုက တတိယအကြီးဆုံးမြို့ဖြစ်သည့် လော့ရီမြို့ကို ကြီးကြပ်၏။ ဤမြို့သုံးမြို့က တြိဂံပုံစံရှိပြီး အချင်းချင်း ကူညီရန် အဆင်သင့်ရှိသည်။

စစ်သူကြီးကျူးလင်းက ပုံမှန်အတိုင်း ဆန်ပြုတ်ကို သောက်၏။ သူက နန်အိုကို ရောက်နေသည်မှာ နှစ်နှစ် ရှိပြီဖြစ်၏။ တကယ့်ကို ကြိုးစားအားထုတ်ခဲ့၏။ လွန်ခဲ့သည့် နှစ်နှစ်က သူက ခန့်ညားပြီး ဆံပင်နက်နက်များ ရှိသော်လည်း ယခုအခါမှာတော့ ဆံပင်များ ဖြူနေပြီး ဆယ်နှစ်ခန့် ပိုမိုကာ အိုစာသွား၏။ သောက်ကျိုးနည်း ဤနေရာက တကယ့်ကို နှိပ်စက်လွန်း၏။

ကံကောင်းထောက်မစွာဖြင့် ဤနှိပ်စက်မှုကြီးက ပြီးဆုံးပေတော့မည်။ တိုက်ပွဲကြီး စတင်တော့မည်။ လေလွင့် ခွေးတစ်ကောင်ဖြစ်သော ကျင်းမင်းသားက တောင်ပိုင်း၏ ဘုရင်တစ်ပါး ဖြစ်လာကာ စစ်သည်တစ်သိန်းဖြင့် ပြန်လည် တိုက်ခိုက်လာမည်ဟု သူ မထင်မှတ်ခဲ့ချေ။

ကျူးလင်းက မျက်နှာတွင် ခံစားချက်များ မရှိသယောင် ထင်ရသော်လည်း သူ၏ရင်ထဲမှာတော့ လှိုင်းထန်နေ၏။ ဤစစ်ပွဲက ရွှဲ့ပြည်နယ်၏ ကံကြမ္မာကိုသာမက ကျူးမိသားစုနှင့် ကျူးလင်း၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲဖြစ်သည်။

အကယ်၍ အနိုင်ရမည်ဆိုပါက အိမ်ရှေ့စံ၏နေရာက တောင်ကြီးတစ်ခုကဲ့သို့ ခိုင်မြဲသွားပေလိမ့်မည်။ သူ ကျုးလင်းကလည်း စစ်ရေးဗျူရိုဆီသို့ ဝင်ရောက်နိုင်ပြီး စစ်သူကြီးတစ်ယောက်၏ အထွတ်အထိပ် အခြေအနေ ဆီသို့ ရောက်ရှိမည်။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ကြောက်မက်ဖွယ်ရာ စစ်စည်ကြီးများ တီးခတ်သံ ပေါ်ပေါက်လာခဲ့၏။

ဒုန်း.. ဒုန်း.. ဒုန်း..

စစ်သူကြီးကျူးလင်းက လက်ထဲရှိ ဆန်ပြုတ်ပန်းကန်ကို ကုန်စင်အောင် သောက်၏။ ပြီးနောက် သူက မတ်တပ် ထရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်း၏။ အခြွေအရံများက သူ့ကို သံချပ်ကာများ လာရောက်ကာ ဝတ်ဆင်ပေးသည်။

ကောင်းကင်ပင်လယ်နန်းဆောင်မှရရှိထားသော ထိပ်တန်းသံချပ်ကာပင် ဖြစ်၏။ ဝတ်ဆင်ပြီးနောက် ကျူးလင်းက သူ၏ဓားမော့ကြီးကို ကိုင်မြှောက်ကာဖြင့် နန်အိုဘုရင့်အိမ်တော်ဆီမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာ၏။

မြင်းပေါ်သို့ ခုန်တက်ပြီးနောက် လက်ရွေးစင် မြင်းစီးသူရဲ ရာပေါင်းများစွာတို့က သပ်ရပ်ခန့်ညားစွာဖြင့် မြင်းကိုယ်စီဖြင့် သူ၏နောက်မှ လိုက်ပါလာခဲ့၏။ သူတို့က နောက်ဘက်မြို့ရိုးဆီသို့ မြင်းကို ဒုန်းစိုင်း မောင်းနှင်သွားခဲ့ကြပြီး မြို့ရိုးထိပ်သို့ တက်ရောက်လိုက်သည်။

မျက်စိဖွင့်ကာ ကြည့်လိုက်သည်နှင့် အပြင်ဖက်တွင် အဆုံးအစမရှိအောင် များပြားသည့် ကျင်းမင်းသား၏ စစ်သည်များကို မြင်ရ၏။ အဆုံးအစ မမြင်နိုင်လောက်အောင်ပင် စစ်သည်ပေါင်း တစ်သိန်းခန့် ရှိနေပြီး ကောင်းကင်၊ မြေပြင်နှင့် တသားတည်း ဖြစ်တည်နေသကဲ့သို့ပင် ထင်ရ၏။

ထိုသူက ကျင်းမင်းသား ဖြစ်သည်လား။ နှစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီး ဆိုသော်လည်း ဘာမှ ပြောင်းလဲ သွားခဲ့ပုံ မရချေ။ ထိုသူက အရင်အတိုင်း နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး အသားအရေက အနည်းငယ် ညိုမောင်းနေ၏။ သူက တောင်ပိုင်းနိုင်ငံ၏ ဘုရင်နှင့် သဲကန္တာရလူရိုင်း မျိုးနွယ်စု၏ အရှင်သခင် ဖြစ်လာ သော်ငြားလည်း ဘုရင်ဝတ်ရုံ ဝတ်ဆင်မထားဘဲ သဲကန္တာရလူရိုင်း ခေါင်းဆောင်တစ်ဦးကဲ့သို့ပင် နေထိုင်သည်။

သူ၏ ဝတ်စားဆင်ယင်မှုက အမှန်ပင် ရိုးရှင်းပြီး လက်မောင်းနှင့် ပခုံးများကို ဖော်ထား၏။ အနက်ရောင် ဝတ်ရုံကို ခြုံကာဖြင့် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထား၏။ ဦးခေါင်းထက်တွင် သရဖူ ရှိနေ၏။ ထိုသရဖူ က သာမန်သံနက်နှင့် ပြုလုပ်ထားသကဲ့သို့ပင် အလွန် ကြမ်းတမ်းပုံရ၏။ ပြီးနောက် သူ၏ စစ်သည်ပေါင်း တစ်သိန်း၊ ထိုသူတို့က ကောက်ကွေးရွှဲ့စောင်းကာဖြင့် ရပ်နေကြ၏။ စစ်သည်များက လုံးဝ သပ်ရပ်မှု မရှိကြချေ။

မြို့သိမ်းလက်နက်များက အဘယ်မှာ ရှိသနည်း။ ကျောက်ခဲပစ်သည့် လောက်လွှဲလက်နက်များပင် တစ်ခုမှ မရှိကြပေ။ ကောက်ကွေးတွန့်လိမ်နေသည့် မြို့ရိုးနံရံပေါ်ကို တွယ်တက်မည့် လှေကားများသာလျှင် ရှိ၏။ ဤသည်က ရိုးရှင်းသည့် လူရိုင်းမျိုးနွယ်စု စစ်တပ်တစ်ခု၏ လက်နက် ကရိယာများဖြစ်၏။

သို့သော်ငြား ကျူးလင်းက ထိုသူတို့ကို အထင်မသေးရဲချေ။ အဘယ်ကြောင့်ဆိုသော် ဤသဲကန္တာရလူရိုင်း မျိုးနွယ်စုများက အမှန်ပင် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသောကြောင့် ကြောက်လန့်ခြင်းဟူ၍ အလျဉ်းမရှိကြောင်း သူ သိထားသည်။

နန်အိုနိုင်ငံ၏ မြို့တော်က မြို့ကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး မြို့ရိုးက ၁၅ ပေ မြင့်ကာ ပေ ၂၀ ထူ၏။ သဲကန္တာရလူရိုင်း မျိုးနွယ်စုများ၏ ရှေ့တွင် ထိုအရာက ကြီးမားသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။ ဤမျှခိုင်မာသည့် မြို့ရိုးကို ရင်ဆိုင်ရခြင်းက မည်သည့်စစ်သည်များအတွက်မဆို အိမ်မက်ဆိုးတစ်ခု ဖြစ်ပေမည်။ ဆိုလိုသည်က ထိုသူတို့အနေဖြင့် တိုက်ခိုက်ရန် ဆတိုး ပေးဆပ်ရမည်။ ရေတွက်၍ မရအောင် များပြားသည့် ပေးဆပ်မှုများနှင့် သွေးမြေကျမှုများကို ကိုယ်စားပြုလို့နေ၏။

စစ်သူကြီး ကျူးလင်းနှင့် ကျင်းမင်းသားတို့က အကြည့်ချင်းဆုံ၏။ ကျင်းမင်းသားက ဓားကို ဆွဲထုတ်လိုက်သည်။

“တိုက်ကြစမ်း။။” သူက အမိန့်ပေးလိုက်၏။

သဲကန္တာရလူရိုင်းတပ်ကြီးက ဒီရေအလားပင် မြို့ရိုးဆီကို လှိမ့်ဝင်လာ၏။ သူတို့က လှောင်အိမ်မှ လွတ်မြောက် လာခဲ့သည့် သားရဲတိရစ္ဆာန်များကဲ့သို့ပင် ဟိန်းဟောက်ကြွေးကြော်နေကြ၏။ နန်အိုနိုင်ငံ၏ အဆုံးအဖြတ် စစ်ပွဲကြီးက တရားဝင် စတင်တော့မည်။

“နန်အိုနိုင်ငံ စစ်ပွဲ စပြီ။ နန်အိုနိုင်ငံမှာ စစ်ပွဲ စနေပြီ။။” သတင်းစကားပါးသူ ရာပေါင်းများစွာတို့က ပြေးထွက်လာကြ၏။

ရက်အနည်းငယ်အတွင်း သတင်းက ရွှဲ့ပြည်နယ်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားခဲ့၏။ စစ်ပွဲက နောက်ဆုံးတွင် စတင်ပြီ ဖြစ်သည်။

ရွှဲ့ပြည်နယ်၏ ပြည်သူများက အလိုအလျောက် မျက်လုံးပြူးနေကြကာ ဆံပင်များပင် ထောင်ထလာမိကြ၏။ စစ်ပွဲက သူတို့နှင့် ဝေးကွာသော်လည်း လူတိုင်းက အသက်ကိုပင် ရဲရဲ မရှူရဲကြချေ။ စစ်မြေပြင်ကို အဝေးမှ လှမ်းမျှော်ကာ မြင်နေရသကဲ့သို့ပင် ခံစားနေမိကြ၏။

.............

စစ်ပွဲက နောက်ဆုံးတွင် စတင်ပြီဖြစ်၏။ ထျန်းနန်မြို့၏ ခံစစ်စည်းတစ်ခုလုံးက အသင့်အနေအထား၌ ရှိ၏။ စစ်သည်ပေါင်း တစ်သိန်းက နေရာယူထားကြ၏။ စစ်သူကြီးအားလုံးက သံချပ်ကာများကို ဝတ်ဆင် ထားခဲ့ကြပြီး နန်အိုနိုင်ငံ၏ စစ်မြေပြင်သို့ စစ်ကူသွားရန် အမိန့်ကို စောင့်ဆိုင်းနေ၏။

နန်းမြို့တော်တွင် လူတိုင်းက စစ်ပွဲ၏ သတင်းကို ကြားသိ၏။ သူတို့က သက်ပြင်းရှည်ကြီးကို ချလိုက်၏။ မိုးကြိုးပစ်ချလိုက်ပြီ ဖြစ်သောကြောင့် ရလဒ်ကိုသာ စောင့်ဆိုင်းရပေတော့မည်။ မည်သို့ပင်ဖြစ်ဖြစ် ရလဒ် တစ်ခုက ထွက်ပေါ်လာပေလိမ့်မည်။

အိမ်ရှေ့စံ နင်ယီနှင့် ဝန်ကြီးချုပ် ကျူးဟုန်ကျူးတို့က အချိန်ပြည့် အလုပ်လုပ်လျက် ရှိနေ၏။ စစ်ပွဲရလဒ် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် အောင်ပွဲက သူတို့၏ လက်ထဲသို့ ရောက်ရှိရမည်။

အိမ်ရှေ့စံ နင်ယီက နန်အိုနိုင်ငံသို့ ချက်ချင်း ဆင်းသွားခဲ့ပြီး စစ်မြေပြင်တစ်ခုလုံးကို ကွပ်ကဲကာဖြင့် ဤစစ်ပွဲ၏ အောင်ပွဲ အသီးအပွင့်ကို ရိတ်သိမ်းပေတော့မည်။

...........

“စစ်ပွဲက နောက်ဆုံးတော့ စပြီပဲ။။” ရှမ့်လန်က သတင်း ရရှိပြီးနောက် သက်ပြင်းချလိုက်၏။ သူနှင့်မူလန်တို့၏ နတ်ဖက်သည့် စုံတွဲကဲ့သို့သော အေးချမ်းသည့် နေ့ရက်များ ကုန်ဆုံးသွားခဲ့၏။

“ယောက်ျား... ရှင်နဲ့ အတူ လိုက်ခဲ့ချင်တယ်။ ရှင်ဘေးက မခွာချင်ဘူး။။” မူလန်က ပြတ်ပြတ်သားသား ပြောသည်။

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။

နောက်တစ်နေ့မှာပဲ သူ၊ မူလန်နှင့် လီချင်းချိုးတို့က သင်္ဘောစီး၍ နိဗ္ဗာနကျွန်းဆီသို့ ဦးတည် ထွက်ခွာသွားခဲ့ကြ၏။

....................

နှစ်ရက်အကြာမှာတော့ ရှမ့်လန်က နိဗ္ဗာနကျွန်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာ၏။ ပြီးနောက် သူက ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ ရှေ့၌ ကြီးမားသည့် ချောက်ကမ်းပါးယံကြီးတစ်ခု ရှိပြီး လူများနှင့် ပြည့်နှက်နေသည်။

ဒုတိယမြောက် နိဗ္ဗာနတပ်တော်မှ စစ်သည်ပေါင်း ၃၀၀၀ ကျော်တို့က လက်ဗလာဖြင့် ချောက်ကမ်းပါးကို တွယ်တက်နေကြ၏။ ချောက်ကမ်းပါးက မည်မျှ မက်စောက်လိုက်သတည်း။ ပြုတ်ကျပါက အရိုး အားလုံး ကြေမွသွားမှာ သေချာ၏။

ထို့အပြင် ဤစစ်သည်များကို ကြိုးဖြင့် တွဲချည်ထားသေးသည်။ ဆိုလိုသည်က တစ်ဦး ပြုတ်ကျပါက ဒါဇင်နှင့်ချီ ပါသွားနိုင်၏။ သို့သော်ငြား တစ်ယောက် ပြုတ်ကျပါက ကျန်လူများက ပြန်ဆွဲတင်ပေးနိုင်ခြင်းလည်း ဖြစ်နိုင်သည်။

အဆုံးမှာတော့ သူတို့အားလုံး အပေါ်သို့ ရောက်ရှိလာကြောင်း ရှမ့်လန်က မြင်တွေ့ရ၏။ တစ်ယောက်မှ ပြုတ်မကျခဲ့ချေ။ ချောက်ကမ်းပါးကို လက်ဗလာဖြင့် တက်ရောက်ခြင်း။ ဤစွမ်းရည်က အလွန်ပင် အံ့မခန်းဖြစ်၏။ စစ်မြေပြင်ကို ရောက်သည့်အချိန်တွင် မည်သည့် မြေပြင်အနေအထားကမှ သူတို့ကို တားဆီးနိုင်တော့မည်နည်း။

ကျင်းမင်းသား၏ သဲကန္တာရလူရိုင်း စစ်သည်များက တောတောင်များကို မြေပြင်သဖွယ် ဖြတ်သန်းနိုင်စွမ်း ရှိနေသည့် စွမ်းအားကြီးမားသော တပ်သားများ ဖြစ်သည်ဆိုလျှင်တောင် ဤနိဗ္ဗာနတပ်တော်နှင့် နှိုင်းယှဉ်မည် ဆိုပါက အလွန်ပင် နိမ့်ကျနေသေး၏။

............................

နှစ်နာရီအကြာမှာတော့ ဒုတိယ နိဗ္ဗာနစစ်သည်ပေါင်း ၃၈၀၀ ကျော်တို့က စစ်ရေးပြကွင်းတွင် သပ်ရပ်စွာ ရပ်တန့်လျက်ရှိသည်။

“ဆရာကြီး... ဒီတပ်ဖွဲ့က ပြီးပြည့်စုံသွားပြီလား။။” ရှမ့်လန်က မေးမြန်းလိုက်၏။

ဆရာကြီး လန်တိုက မူလန်ကို မြင်သည့်အခါမှာတော့ အနည်းငယ် အံ့အားသင့်သွား၏။ ပြီးနောက် မျက်လုံးများလည်း ပြူးကျယ်သွားခဲ့သည်။

“ဘာလဲ။။”

ဆရာကြီး လန်တိုက ပြောလိုက်၏။ “ဒါ ရှေးဟောင်းကျမ်းစာထဲက ငါ မြင်ဖူးတဲ့လူနဲ့ တူလိုက်တာ။။”

အမှန်ပင် ဖြစ်၏။ ပြီးနောက် ထိုဆရာကြီးက မူလန်ကို ခေါင်းအစခြေဆုံး အရူးတစ်ယောက်လိုပဲ စူးစိုက်ကာ ကြည့်၏။ သေချာသည်က သူက ကာမစိတ်နှင့် ကြည့်ရှုနေခြင်း မဟုတ်ချေ။ သူ၏ မျက်လုံးထဲတွင် မူလန်က သူ၏ မြေးမလေးပင် ဖြစ်၏။ သူက အံ့အားသင့်လို့နေ၏။ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သိပ်ကို အားကောင်းလွန်း၏။ ဤလောကမှ လူအများစုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဆရာကြီး... ဒုတိယ နိဗ္ဗာနတပ်တော်က လေ့ကျင့်တာ ပြီးစီးသွားပြီလား။။”

“ဟုတ်တယ်။ လေကို စောင့်နေတာ။။” ထိုဆရာကြီးက ဂုဏ်ယူဝမ်းမြောက်စွာ ပြော၏။

တစ်နာရီကြာမှာပဲ လေတိုက်ခတ်လာ၏။ အဆင့် ၃ ဆင့်ခန့် ရှိ၏။ လေပြင်း မဟုတ်ချေ။ သို့သော်ငြား မြားပစ်ခြင်းအတွက်တော့ ဤကဲ့သို့ လေက သေစေလောက်သည်။

ဆရာကြီးက ထကာ အမိန့်ပေးလိုက်၏။ “ထကြစမ်း။။”

နိဗ္ဗာနတပ်သားပေါင်း ၃၈၀၀ တို့က လေးများကိုဆွဲ၏။ အားလုံးက ပေါင်ချိန် ၂၀၀ ရှိသည့် လေးများ ဖြစ်သည်။

“ပစ်ကြ၊ ပစ်ကြစမ်း။။”

အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ဒုတိယ နိဗ္ဗာနတပ်သားများက မရပ်မနား ပစ်ခတ်ကြ၏။ လေထဲတွင် မြားမိုးများ ရွာကျလာ၏။ ပေါင်ချိန် ၂၀၀ ရှိသည့် လေးများက အလွန် စွမ်းအားကြီးမားသောကြောင့် လေ၏ လွှမ်းမိုးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ခဲ့ကြ၏။ သို့သော်ငြား သူတို့က ပစ်မှတ်ကို ပစ်နေကြခြင်း မဟုတ်ချေ။ ပေ ၁၀၀ အကွာရှိ သစ်တောအုပ်မှ သစ်ကိုင်းများကို ချိန်ရွယ်ကာ ပစ်ခတ်နေကြခြင်း ဖြစ်၏။

လူတိုင်းက ချိန်ရွယ်ပြီး ပစ်ခတ်ကြသည်။

“ရွှီး ရွှီး ရွှီး”

မြားများက လျှပ်စီးများကဲ့သို့ပင်။ ရုတ်တရက် ရှေ့ရှိ သစ်တောအုပ်က ငှက်ပျောရွက်များပေါ် မိုးစက်များ ကျသကဲ့သို့ပင် ဖြစ်သွားခဲ့၏။ ရေတွက်၍ မရအောင် များပြားသည့် သစ်ကိုင်းများက ကျိုးပဲ့ကုန်၏။

“ရွှီး ရွှီး ရွှီး။။”

နိဗ္ဗာနတပ်သား ၃၀၀၀ ကျော်တို့က မြားများကို ဆက်တိုက် ပစ်ခတ်နေ၏။ ၃ မိနစ်ကြာတွင် သူတို့ တစ်ဦးချင်းစီက မြား ၅၀ ကျော်ကို ပစ်ခတ်ပြီးဖြစ်၏။ လူပေါင်း ၃၀၀၀ ကျော်တို့က မြားအစင်းရေ ၂ သိန်းနီးပါးကို ပစ်ခတ်ခဲ့၏။ ပြီးနောက် ပေ ၁၀၀ အကွာရှိ သစ်တောအုပ်ငယ်က တိုက်ရိုက်ပစ်ချခြင်းကို ခံလိုက်ရသကဲ့သို့ပင် သစ်ကိုင်းအားလုံး ကျိုးကျ၏။ ရာနှင့်ချီသည့် သစ်ပင်အရွက် အကိုင်းအခက်များ အားလုံး ပြောင်စင်သွားခဲ့သည်။

ရှမ့်လန်က လုံးဝ မင်တက်နေ၏။ မူလန်ကလည်း အံ့အားသင့်လို့နေ၏။ အရမ်းကို စွမ်းအားကြီးမားလွန်း၏။ ဤတပ်တော်က စစ်မြေပြင်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် လောကကြီးကို နောက်တစ်ကြိမ် တုန်လှုပ် စေပေလိမ့်မည်။ သူတို့၏ပစ်ခတ်မှု အကွာအဝေးအတွင်း ရောက်ရှိနေသည့် လူမှန်သမျှကို သတ်ဖြတ် ပေလိမ့်မည်။

ဆရာကြီး လန်တိုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ရှမ့်လန်... ဒုတိယ နိဗ္ဗာနတပ်သားတွေက အဆင်သင့် ဖြစ်ပြီ။ မင်း စစ်မြေပြင်ကိုသွားပြီး အံ့ဩဖွယ်ရာတစ်ခုကို ဖန်တီးလို့ရပြီ။ လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေလိုက်တော့။။”

....................

ရှမ့်ယီတစ်ယောက်တည်းကသာ မကောင်းဆိုးဝါးကဲ့သို့ ဘီလူးစီး၊ သရဲစီး ထူးခြားနေသည် မဟုတ်ချေ။ အာယုကျွမ်းကလည်း ထိုနည်းလည်းကောင်းပင်။ သူက အသက် တစ်နှစ် မပြည့်သေးသော်လည်း နွားပေါက်လေး တစ်ကောင်ကဲ့သို့ပင် သန်မာ၏။ အရပ်အမောင်းကလည်း တစ်မီတာနီးပါးခန့် ရောက်ရှိနေသည်။

အောက်တိုဘာလ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ချင်နိုင်ငံတွင် နှင်းမုန်တိုင်း နှစ်ကြိမ်တိုင်တိုင် ကျရောက်ခဲ့၏။ ရာသီဥတုက အလွန်ပင် အေးခဲနေ၏။ သို့သော်ငြား အာယုကျွမ်းက အဝတ်အစားကို ပါးလှစွာ ဝတ်ဆင်ထား၏။ သူက နှင်းပြင်ထက်တွင် ဖင်တုံးလုံးနှင့် လေးဘက်ထောက်ကာ ပျော်ရွှင်စွာ ဆော့ကစားနေ၏။

ဤသည်က ကလေးသူငယ်နှိပ်စက်နေခြင်းလည်း မဟုတ်ချေ။ သူက အဝတ်အစား လုံးဝ မဝတ်ဆင်နိုင်ခြင်းကြောင့်သာ ဖြစ်၏။ အကယ်၍ အဝတ် ဝတ်ပေးပါက အသံကုန်ဟစ်ကာဖြင့် စုတ်ဖြဲတတ်သောကြောင့်ပင်။

အပိုင်း (၆၂၆)

နှင်းပြင်ထက်မှာတော့ အရူးကြီးက သိုင်းကျင့်နေ၏။ သူက အလေးချိန် ၂၅၀ ကီလိုဂရမ်ကျော်ရှိသည့် အနက်ရောင် သံတုတ်ရှည်ကြီးကို ကိုင်ဆောင်ထား၏။ မည်သူမှ သူ၏ အနီးပတ်ဝန်းကျင်ဆီသို့ မကပ်နိုင်ကြချေ။ တုတ်ရှည်ဆီမှ ထွက်ပေါ်နေသည့် အတွင်းအားလှိုင်းများက အလွန်အမင်း ပြင်းထန်လွန်း သောကြောင့် မည်သူမှ မျက်စိဖွင့်၍ပင် မကြည့်နိုင်သည့် အခြေအနေ ဖြစ်နေ၏။ အမှန်စင်စစ်အားဖြင့် သူ၏ အနီးပတ်ဝန်းကျင် ဆယ်မီတာ အကွာအဝေးအတွင်း ရဟတ်ယာဉ်စီး ဖြတ်သန်း သွားသကဲ့သို့ပင် နှင်းများ လုံးဝ မရှိတော့ပေ။

ဓားဘုရင် လီချင်းချိုးက ချင်နိုင်ငံဆီမှ ထွက်ခွာခဲ့သော်လည်း အရူးကြီးက ဤနေရာတွင် ကျန်ရစ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏မိန်းမနှင့် ကလေးက ဤနေရာတွင် ရှိနေသောကြောင့်ပင်။ ဓားဘုရင် မရှိတော့သည့်အတွက် သူ့ကို တိုက်ခိုက်မည့်သူ မရှိတော့ချေ။ ထို့ကြောင့် သူက ခုခံကာကွယ်မှု လေ့ကျင့်ခန်းကို ခဏတာ ရပ်တန့်ထားခဲ့ရ၏။

သို့သော်ငြား ဓားဘုရင်က မထွက်ခွာမီ သူ့ကို တုတ်သိုင်းကွက်တစ်ခု သင်ပေးခဲ့၏။ ထိုအရာက လေခွင်းတုတ်သိုင်းဟုလည်း ခေါ်၏။ ရှေးဟောင်းလျှို့ဝှက် သိုင်းကျမ်းတစ်ခု မဟုတ်ပဲ သာမန် တုတ်သိုင်းတစ်ခုမျှသာ ဖြစ်၏။ အစက အဆုံးထိ ကိုးကွက်မျှသာ ရှိသည်။

အရူးကြီးက နေ့စဉ် အကြိမ် ၁၀၀၀ ကျော် လေ့ကျင့်ခဲ့၏။ ဤအချိန်မှာတော့ သူက အကြိမ်ပေါင်း ၂ သိန်းကျော် လေ့ကျင့်ခဲ့ပြီး ဖြစ်၏။ သူ၏ သိုင်းပညာ မည်မျှ စွမ်းအားကြီးမားသည်ကို မည်သူမှ မသိရှိကြတော့သော်လည်း ချင်နိုင်ငံမှ မိန်းမဆိုးအိုကြီးက မင်းသားတာ့ကျွမ်း၏ စွမ်းရည်က ယခင် ရှင်ဘုရင်ဟောင်း အာယုခန်၏ စွမ်းရည်ထက်ပင် ကျော်လွန်လျက် ရှိနေသည်ဟု ပြောဆို၏။ အနည်းဆုံးတော့ ဘုရင်မ အာယုနာနာပင်လျှင် အရူးကြီး၏ ပြိုင်ဘက် မဟုတ်တော့ချေ။

အမှန်စင်စစ်အားဖြင့် ချင်နိုင်ငံ၏ ခေါင်းဆောင်များနှင့် စစ်သူကြီးအားလုံးက အရူးကြီးကို လာရောက် စိန်ခေါ်ခဲ့ကြ၏။ ရလဒ်က စိတ်ပျက်ဖွယ်ရာပင်။ ထိုသူတို့က မျက်ရည်ထွက်အောင် ငိုယိုမိသည်အထိ ရိုက်နှက်ခံရ၏။ အစပိုင်းတွင် အသာစီးရနေသည် ထင်ရသော်လည်း နောက်ဆုံး အတွင်းအားများ ကုန်ခမ်းသွား၏။

အရူးကြီး၏ ခွန်အားက ဒီရေလှိုင်းကဲ့သို့ပင် အဆုံးအစ မရှိချေ။ တစ်နာရီ မပြည့်ခင်မှာဘဲ သူ၏ ပြိုင်ဘက်များ အားလုံး ရှုံးနိမ့်သွားခဲ့သည်။

ထိုအချိန်မှာတော့ ဘုရင်မ အာယုနာနာက တိုင်းပြည်ရေးရာ ကိစ္စများကို ဆောင်ရွက်နေ၏။ အရူးကြီးက သိုင်းကျင့်နေ၏။ ကလေးငယ် အာယုကျွမ်းကတော့ နှင်းပြင်ထက်တွင် ဖင်တုံးလုံးဖြင့် လှိမ့်လျက် ရှိနေပြီး မည်သူမှ သူ့ကို ဂရုမစိုက်ကြချေ။ ဤသည်က ချင်နိုင်ငံ၏ သားသမီးများ ဖြစ်ကြ၏။ မင်းသားကိုပင်လျှင် လွတ်လပ်စွာ ကြီးပြင်းစေ၏။

သူက နှင်းပြင်ထက်တွင် ထိုင်ချလိုက်ရာ နှင်းများက သူ၏ ဖွားဖက်တော်ကိုပင် ချက်ချင်း ဖုံးလွှမ်းသွား၏။ အေးစက်သောအထိအတွေ့ကြောင့် အာယုကျွမ်း၏ ဝှေးစေ့များ ကျုံ့သွားပြီး ရှူးပေါက်ချင်သလိုပင် ခံစားလိုက်ရ၏။ သူက ချက်ချင်း မတ်တပ်ထရပ်ပြီး သေးကော့ပန်းသည်။ ပူနွေးသည့် ကလေးငယ်၏ ဆီးကြောင့် နှင်းများက အရည်ပျော်ကျသွားသည်။

“ယား.... ကား ကား ကား။။” နယ်မြေအသစ်ကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ပင် အာယုကျွမ်းက အားကုန်ညှစ်ကာ ဆက်လက်၍ သေးကော့ပန်း၏။ နောက်ဆုံး သေးကုန်သွား၏။ သူက နှင်းများကို ဆေးကြောပစ်ချင်သော်လည်း သေးမရှိတော့သောကြောင့် အားကုန်ညှစ်ကာ အော်ဟစ်လိုက်၏။ ပြီးနောက် သူက လေလည်၏။ “ဘူ ဘူ ဘူ....။။”

ပြီးနောက် ပျော်ရွှင်စွာဖြင့် နှင်းတောထဲ လှိမ့်လျက်ရှိ၏။ အရူးကြီးနှင့် အာယုကျွမ်းတို့က တကယ်ပင် ပျော်ရွှင်လျက် ရှိနေကြ၏။

ချင်နိုင်ငံ၏ အတွင်းမှာတော့ အာယုနာနာက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေ၏။ ဤအရာက ချင် - ရွှဲ့နယ်စပ် ပဋိပက္ခပင် ဖြစ်၏။ မူလက ချင်နိုင်ငံနှင့် ရွှဲ့ပြည်နယ်တို့ အကြား ဆက်ဆံရေးက အလွန်ပင် ရင်းနှီးသောကြောင့် နယ်နိမိတ်ပင် မရှိသလောက် ဖြစ်ခဲ့၏။ ရွှဲ့ပြည်နယ်မှ မြင်းတပ်များကလည်း တစ်ခါတစ်ရံ လေ့ကျင့်ရန် ချင်နိုင်ငံနယ်ထဲသို့ ဝင်ရောက်လာတတ်သလို ချင်နိုင်ငံမှ မြင်းတပ်များကလည်း ရွှဲ့ပြည်နယ်ထဲသို့ ဝင်ရောက်လေ့ရှိသည်။

သို့သော်ငြား ကျန်းရှစ်စီရင်စုအား ကျန်းကျိရှု ရာထူးရယူ ကိုင်တွယ်လာချိန်မှစ၍ အရာအားလုံးက ပြောင်းလဲခဲ့၏။ သူက ပထမဦးဆုံး ကျန်းယွမ်နယ်စားကြီး၏ ခံတပ်ကို အားဖြည့်ခဲ့၏။ ပြီးနောက် ရွှဲ့ပြည်နယ်အတွင်းရှိ ချင်နိုင်ငံ၏ စစ်စခန်းအားလုံးကို ဖျက်သိမ်းခဲ့ပြီး နောက်ဆုံးမှာတော့ နယ်စပ်တစ်လျှောက် ခံစစ်စည်းတစ်ခုကိုပင် တည်ဆောက်ခဲ့၏။

သူ၏ သတိထားလွန်းသည့် အပြုအမူများက အာယုနာနာကို မကျေမနပ် ဖြစ်စေခဲ့သော်လည်း သူမက ဘာတစ်ခုမှတော့ မပြောခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ရွှဲ့ဘုရင် နင်ယွမ်ရှန်းက သူတို့ ချင်နိုင်ငံပေါ်တွင် တကယ်ပင် ဖော်ရွေကောင်းမွန်ခဲ့၏။ ပြီးနောက် ရှမ့်လန်က ရာထူးမှ နှုတ်ထွက်ခဲ့ပြီး အိမ်ပြန်ခဲ့၏။ ရှမ့်လန်၏ လျှို့ဝှက် ပေးစာတစ်ခုကို ရရှိခဲ့ပြီး ဖြစ်သောကြောင့် အာယုနာနာက အမျက်မထွက်ခဲ့ချေ။

ဤအချိန်မှာတော့ ချင်နိုင်ငံ၏ နန်းမြို့တော်ထဲတွင် ရွှဲ့ပြည်နယ်မှ သံတမန်များက စောင့်ဆိုင်းလျက် ရှိနေ၏။ ကျန်းကျိရှုက ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ပြုမူနေသောကြောင့် အာယုနာနာက ချင်နိုင်ငံမှ မြင်းသည်တော်များကို နယ်စပ်မဖြတ်ကျော်ရဟု အမိန့် ထုတ်ထား၏။

ချင်နိုင်ငံမှ စစ်သည်တော်များက မကျေနပ်ကြသော်လည်း သူတို့ ဘုရင်မ၏ အမိန့်ကိုတော့ နာခံကြသည်။

သို့သော်ငြား ချောင်ပြည်နယ်က ချင်နိုင်ငံကို သူလျှိုများ စေလွှတ်ခဲ့၏။ သူတို့က ချင်နိုင်ငံ စစ်သည်များ အဖြစ် ဟန်ဆောင်ပြီး ရွှဲ့ပြည်နယ်နယ်စပ်ခံတပ်များကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကြ၏။ သို့မဟုတ် ရွှဲ့စစ်သည်များ ဟန်ဆောင်ကာ ချင်နိုင်ငံ၏ သိုး၊ နွားများကို ခိုးယူခြင်း၊ လူသတ်မီးရှို့ခြင်းများကို ပြုလုပ်၏။

အကယ်၍ ချင်နိုင်ငံနှင့် ရွှဲ့ပြည်နယ်တို့ အကြား အပြန်အလှန် ယုံကြည်မှုသာ ရှိနေပါက ချောင်ပြည်နယ်၏ သူလျှိုများက အောင်မြင်ကြလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ကျန်းကျိရှု၏ လက်ရှိသဘောထားကြောင့် နိုင်ငံနှစ်ခုအကြား ယုံကြည်မှုက ထိုးကျလျက်ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ချောင်ပြည်နယ်၏ ခြေထိုးမှုများက တဖြည်းဖြည်းနှင့် ပိုမိုကာ အောင်မြင် လာခဲ့၏။ နိုင်ငံနှစ်ခုအကြား နယ်စပ်ဒေသတစ်ခုလုံးက စစ်ရေးအရ တင်းမာလာခဲ့ပြီး ပြင်းထန်သည့် ပဋိပက္ခ ၃ ကြိမ်ပင် ဖြစ်ပွားခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ချင်နိုင်ငံမှ မျိုးနွယ်စုငယ်တစ်ခု တိုက်ခိုက်ခံရ၏။ နွားနှင့် သိုးများ အားလုံး ခိုးယူခံရပြီး လူဒါဇင်ပေါင်းများစွာ သတ်ဖြတ်ခံရ၏။ ချင်နိုင်ငံ၏ အမျိုးသမီး ၁၀ ဦးထက်မနည်း စော်ကားခံရ၏။ အသက်ရှင်ကျန်ရစ်ခဲ့သူများက ရွှဲ့ပြည်နယ် စစ်သည်များ လုပ်ဆောင်ခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရကြောင်း ပြောသည်။

နယ်စပ်ရှိ မျိုးနွယ်စု ခေါင်းဆောင်က ဤကိစ္စကို သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သူက မြင်းစီးသူရဲပေါင်း ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး နယ်စပ်သို့ သွားရောက်၏။ ရွှဲ့ပြည်နယ်ဘက်မှ တရားခံကို လွှဲပြောင်း ပေးရန်၊ မဟုတ်ပါက အင်အားသုံးကာ တိုက်ခိုက်ရလိမ့်မည်ဟု တောင်းဆို၏။

ကျန်းကျိရှု၏ စစ်တပ်က ချင်နိုင်ငံပေါ်တွင် အစောကြီးတည်းက ရန်လိုမုန်းထားမှုများ ရှိနေသော်လည်း သတိကြီးစွာ ထားခဲ့ကြ၏။ ချင်မြင်းသည်တော်များ မည်မျှရန်စစေကာမူ သူတို့က ထွက်မလာခဲ့ချေ။

မျိုးနွယ်စု ခေါင်းဆောင်က ဤကိစ္စကို အာယုနာနာထံ တိုင်ကြားလေရာ ဘုရင်မကလည်း ခေါင်းကိုက်လျက် ရှိသည်။

သူမ၏ လက်အောက်ငယ်သား ခေါင်းဆောင်ကိုလည်း သူမ ကြိမ်းမောင်း၍ မရချေ။ အဘယ်ကြောင့်ဆိုသော် သူမက ချင်နိုင်ငံ၏ ဘုရင်မဖြစ်၍ မိမိ၏ လူမျိုးဘက်မှ ရပ်တည်ရပေမည်။ သို့သော်ငြား ဤသည်က ချောင်ပြည်နယ်၏ သူလျှိုများ ပြုလုပ်သည့် နောက်ထပ် ပဋိပက္ခတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေ၏။

ကျန်းကျိရှုက ချင်နိုင်ငံကို အလွန်သတိထားလျက်ရှိသော်လည်း ဘုရင်နင်ယွမ်ရှန်း၏ အမိန့်ကို ဆန့်ကျင်၍ မရချေ။ အပေါ်ယံ၌ သူက ချင်နှင့်ရွှဲ့ ချစ်ကြည်ရေး ရင်းနှီးမှုကို ချီးကျူးပြောဆိုနေပြီး ချင်နိုင်ငံ၏ မြို့တော်သို့ပင် ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲ့သေးသည်။

အာယုနာနာက သူ့ကို ပြစ်တင်ဝေဖန်ချင်သည် ဆိုသော်လည်း အကြောင်းပြချက် ရှာမရသလို ဖြစ်နေ၏။ သို့သော်ငြား ချင်နှင့်ရွှဲ့ နိုင်ငံအကြား ရေခဲမှတ်က အောက်ဆုံးသို့ ရောက်ရှိနေ၏။

အဓိက တရားခံက ကျန်းကျိရှု ဖြစ်သည်မှာတော့ အမှန်ပင်။ သူက အပေါ်ယံတွင် ချင်နိုင်ငံနှင့် ရင်းနှီးသလို ပြုမူဆောင်ရွက် နေသော်လည်း နောက်ကွယ်မှာတော့ နယ်စပ်စစ်သည်အင်အားကို ဖြည့်တင်းကာ နိုင်ငံနှစ်ခု အကြား ယုံကြည်မှုကို ဖျက်ဆီးနေသည်။

ကျန်းကျိရှုကလည်း သူ့အကြောင်းပြချက်နှင့် သူရှိ၏။ ပထမအချက်အားဖြင့် ချင်ဘုရင်မ အာယုနာနာက ရှမ့်လန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိ၏။ ရှမ့်လန်က အိမ်ရှေ့စံ၏ ရန်သူဖြစ်ပြီး အိမ်ရှေ့စံ၏ လူယုံဖြစ်သည့် ကျန်းကျိရှုက သဘာဝကျစွာ ချင်နိုင်ငံကို သတိထားရပေမည်။

ထို့ပြင် ချင်နိုင်ငံ၏အတွင်း၌ ကျင်းမင်းသားနှင့် ရင်းနှီးသည့် အင်အားစုကြီးတစ်ခု ရှိနေသေး၏။ ထိုအရာက လင်းယုန်ရမ် ဦးဆောင်သည့် ကြေးစားစစ်တပ်ကြီးပင်။ ထိုကြေးစားစစ်သည် အများစုက သဲကန္တာရလူရိုင်း မျိုးနွယ်စု စစ်သည်များ ဖြစ်ကြပြီး သူတို့ အားလုံးက ကျင်းမင်းသားကို သူတို့မျိုးနွယ်စု၏ သူရဲကောင်းနှင့် ကယ်တင်ရှင်အဖြစ် ရှုမြင်ကြ၏။ သူတို့က ချင်နိုင်ငံနှင့် မဟာမိတ်ပြုရန် အမြဲတမ်း ဆန္ဒရှိနေကြ၏။

ကျင်းမင်းသားက အာယုနာနာကို ရွှဲ့ပြည်နယ်၏နယ်မြေကို ခွဲဝေယူရန်နှင့် မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်သော သံတမန်အချို့ကိုပင် စေလွှတ်ခဲ့ပြီး ဖြစ်၏။ အာယုနာနာ သဘောတူညီပါက အနောက်ဘက် ကျန်းရှစ်စီရင်စု၏ တောင်ဘက်ခြမ်းတစ်ခုလုံးက ချင်နိုင်ငံ ပိုင်ဆိုင်သည့် အရာ ဖြစ်လာပေလိမ့်မည်။

.................

ယခင် ကျန်းယွမ်နယ်စားကြီး အိမ်တော်အတွင်းမှာတော့ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး ကျန်းကျိရှုက သူ၏ အချိန်များစွာကို ဤနေရာတွင် ကုန်ဆုံး၏။ လက်ရှိအချိန်တွင် သူ၏ ကွပ်ကဲမှုအောက်၌ စစ်သည်ပေါင်း ၃၀၀၀၀ နီးပါး ရှိပြီး အများစုက မူလက ကျန့်ထော်၏စစ်သည်များ ဖြစ်၏။

ကျန်းကျိရှုက ၁၀ နှစ်ကျော်ကြာ ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်ခဲ့ပြီး တကယ်ပင် ခန့်ညားသည့် ရုပ်ရည်ကို ပိုင်ဆိုင်၏။ ဤလူကို မည်သို့ ဖော်ပြရမည်နည်း။ ဤသူက စာပေနှင့် နိုင်ငံရေး နှစ်ခုလုံးတွင် ထူးချွန်သူ ဖြစ်၏။ သို့သော်ငြား အလွန်ပင် မာနကြီး၏။ သူက သူ၏အရည်အချင်းကြောင့် လောကကြီး တစ်ခုလုံးကို အထင်သေးနေတတ်သူမျိုး ဖြစ်သည်။

သူ၏မျက်လုံးထဲတွင် ရွှဲ့ပြည်နယ်၏ အရာရှိများထဲ၌ သူ အလေးထားရမည့် လူ ၂ ဦးသာ ရှိ၏။ တစ်ဦးက ကျူးဟုန်ကျူး ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ ပျံ့ရှောင်းတစ်ဝက် နှင့် ကျုံးယောင် တစ်ဝက်စီ ဖြစ်၏။

ကျန်လူများကိုတော့ သူက အသုံးမကျသည့်သူများ အဖြစ်သာ ရှုမြင်၏။ သူ၏အမြင်တွင် ကျန်းချုံးက အရည်အချင်းရှိသော်လည်း နိုင်ငံရေးအမျှော်အမြင် မရှိချေ။ ရှမ့်လန်က ဉာဏ်များသော်လည်း အရည်အချင်းရှိသူ မဟုတ်ချေ။ နိုင်ငံရေးအမျှော်အမြင်ဆိုလျှင် ကင်းမဲ့လွန်းသည်။

ကျူးဟုန်ကျူး ကွယ်လွန်ပြီးနောက် ကျူးကျွင်းက ရွှဲ့ပြည်နယ်၏ အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင် ဖြစ်လာမည်ဟု သူ ယုံကြည်ထား၏။ ကျူးကျွင်း ကွယ်လွန်ပြီးပါက ကျန်းကျိရှု၏ အလှည့် ဖြစ်လာပေလိမ့်မည်။

“စိတ်မပူနဲ့။ ဘုရင်မ အာယုနာနာက ရိုးရှင်း ဖြောင့်မတ်တဲ့လူပဲ။ သူက တကယ်ကြီး ရန်လိုမှာ မဟုတ်ဘူး။ ရွှဲ့ပြည်နယ် နယ်စပ်ကိုလည်း တကယ်တမ်း တပ်လွှတ်ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး။။”

ကျန်းကျိရှုက ပြောလိုက်၏။ “သူက ရိုးလွန်းလို့ မတရားဒုက္ခ ရောက်နေရတဲ့ လူမျိုးပဲ။ သူက ရွှဲ့ပြည်နယ်ကို မတိုက်ခိုက်နိုင်သလို သူ့လက်အောက်က ခေါင်းဆောင်တွေကိုလည်း အပြစ်မတင်ရဲဘူး။ အဲဒီတော့ ဗျာ များနေရုံပဲပေါ့။”

ကျန်းရှစ်အုပ်ချုပ်ရေးမှူးရုံး၏ အရာရှိငယ်တစ်ယောက်က ပြောသည်။ “အင်း... အရှင်ရဲ့ ဉာဏ်ပညာကတော့ ကြီးမားပါတယ်။ ဒါဆိုရင် ဘာလို့ ကျုပ်တို့ နယ်စပ်မှာ စစ်သည် ၃၀၀၀၀ ကို စုရုံးပြီး ချင်နိုင်ငံကို ကာကွယ် သလိုမျိုး လုပ်ဆောင်နေရတာလဲ။။”

ကျန်းကျိရှုက ပြောလိုက်၏။ “ကြိုတင်ပြင်ဆင်ထားတာ ပိုပြီး ကောင်းပါတယ်။ စစ်တပ်တစ်ခုမှာ ရန်သူ လိုအပ်တယ်။ စစ်သည်တို့ရဲ့စိတ်က အချိန်ပြည့် တက်ကြွနေဖို့ လိုအပ်တယ်။ ဒါမဟုတ်ရင် သူတို့က ဗရိုဗရဲတွေ ဖြစ်ကုန်မှာပေါ့။ အာယုနာနာက ရိုးသားဖြောင့်မတ်ပြီး ရွှဲ့ပြည်နယ်နဲ့ ရင်းနှီးနေလို့သာ ငါတို့ ဒီလောက်ထိ ဗိုလ်ကျနိုင်တာ။ တကယ်လို့ သူသာ အရင်မျိုးဆက်က ဘုရင်နှစ်ပါးလို ရက်စက် ကြမ်းကြုတ်မယ်ဆိုရင် ငါ ဒီလို မောက်မာရဲမှာ မဟုတ်ဘူး”

ထိုအရာရှိငယ်က ပြောသည်။ “လူကောင်းတွေက အနိုင်ကျင့်ခံရတာပဲ။”

“အင်း.. ဒါက နိုင်ငံရေးပဲလေ။”

ကျန်းကျိရှုက ပြုံးကာ ပြန်ပြောလိုက်၏။ “တစ်ယောက်က အလျော့ပေးရင် နောက်တစ်ယောက်က ရှေ့ကို လိုက်လာမှာပဲ။ ပြီးတော့ ကျုပ်လုပ်တာ မှားနေလို့လား။ စစ်ပွဲနီးလာတဲ့အချိန်မှာ နယ်စပ်ကို မကာကွယ်သင့်ဘူးလား။”

“ကာကွယ်သင့်တာပေါ့။ အရှင်ရဲ့ အမှားကို လောကကြီးမှာ ဘယ်သူမှ ထောက်ပြနိုင်မှာလည်း မဟုတ်ပါဘူး။။” အရာရှိငယ်က ရယ်မောလိုက်သည်။

သို့သော်ငြား ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး ကျန်းကျိရှုက ဤအခွင့်အရေးကို အသုံးချပြီး စစ်အာဏာ ရယူလိုနေကြောင်း သူ ကောင်းကောင်းသိ၏။ ပြောခဲ့သလိုပင် မည်သည့်စစ်တပ်မဆို ရန်သူလိုအပ်၏။ မဟုတ်ပါက စစ်သည်တို့၏ စိတ်ဓာတ်များ ပြိုကွဲသွားပေလိမ့်မည်။ ရန်သူမရှိလျှင် ရန်သူ ဖန်တီးရပေလိမ့်မည်။ ဤနည်းအားဖြင့် ကျန်းရှစ်စီရင်စု၏စစ်တပ်ကြီးက တစ်ဦးတည်း၏ ကွပ်ကဲမှုအောက်သို့ ရောက်ရှိသွားပေမည်။

ကျန်းကျိရှု၏ ခြေလမ်းကလည်း တကယ်ပင် အောင်မြင်၏။ ကျန်းရှစ်စီရင်စု၏ တောင်ပိုင်းစစ်တပ်တွင် မူလက ရန်သူမရှိခဲ့ချေ။ ချောင်ပြည်နယ်၏ စစ်တပ်နှင့် ကျင်းမင်းသား၏ စစ်တပ်က အလွန် အလှမ်း ဝေးကွာ၏။ ကျန်းကျိရှု ရောက်ရှိကာစက ဤစစ်သူကြီးများက အနည်းငယ် ဆိုးသွမ်းပြီး သူ၏စကားကို နားမထောင်လိုကြပေ။ ကျန်းကျိရှုက စစ်တပ်ကို ထိန်းချုပ်ရန် အလွန်ခက်ခဲခဲ့၏။

ထို့ကြောင့် သူက စိတ်ကူးယဉ်ရန်သူတစ်ဦးကို ဖန်တီးခဲ့၏။ ထိုစိတ်ကူးယဉ်ရန်သူ က မဟာမိတ်ဖြစ်သည့် ချင်နိုင်ငံပင်။ စိတ်ကူးယဉ်ရန်သူ၏ သက်ရောက်လာမှုကြောင့် နိုင်ငံနှစ်ခုအကြား ဆက်ဆံရေးက တင်းမာလာသည်။

ထိုအချိန်မှာတော့ ရွှဲ့ပြည်နယ်၏ စစ်သည်များက ကြောက်လန့်မှု၊ ရှုပ်ထွေးမှုများကြောင့် ကျန်းကျိရှု၏ ကွပ်ကဲမှုအောက်သို့ တဖြည်းဖြည်း စုရုံးရောက်ရှိလာ၏။ လွန်ခဲ့သည့်နှစ်ဝက်အတွင်း သူက ဤစစ်သည် ၃၀၀၀၀ ကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်၏။

ကျန်းကျိရှုက စွန့်စားနေရမှန်းသိ၏။ ဤသည်က မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး အာယုနာနာကဲ့သို့ ရိုးသားသူကို အနိုင်ကျင့်နေခြင်းလည်း ဖြစ်၏။ သို့သော်ငြား စစ်သူကြီးတစ်ယောက် အနေဖြင့် စစ်မြေပြင်သို့ ရောက်သည့်အချိန်တွင် အရှင်သခင်၏ အမိန့်ကို နာခံနေ၍ မရနိုင်ချေ။ မကြာသေးခင်တုန်းက ရှမ့်လန်ဆိုလျှင် သူ့ထက် ပိုမိုကာ မိုက်ရူးရဲဆန်ပြီး ပိုမိုကာ စွန့်စားကြမ်းတမ်း ရက်စက်ခဲ့သည်။

ထို့ပြင် ကျန်းကျိရှုက ဘုရင်၏ အမိန့်ကို လုံးဝ မဆန့်ကျင်ခဲ့ပေ။ တရားဝင် စာရွက်စာတမ်းများနှင့် အစီရင် ခံစာအားလုံးတွင် ရွှဲ့နှင့် ချင်နိုင်ငံ၏ ချစ်ကြည်ရေး ရင်းနှီးမှုအကြောင်းကို ပြောဆိုထား၏။ သူက ချင်နိုင်ငံ၏ မြို့တော်ဆီသို့ ၂ ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့ပြီး အာယုနာနာထံသို့ပင် လက်ဆောင် ပစ္စည်းများ ပေးပို့ခဲ့၏။

ကျန်းကျိရှုက သူ၏ ကစားကွက်နှင့် ပတ်သက်၍ အလွန်အမင်း ဂုဏ်ယူနေ၏။ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးရာထူးကို ရယူနိုင်လျှင် သူက ပိုမိုကာ ကျေနပ်လေပင်။

..................

“အင်း... နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိနေတာပဲ။။”

နင်ယွမ်ရှန်းက ရေနက်တပ်ဖွဲ့ဆီမှ လျှို့ဝှက်အစီရင်ခံစာကို ရရှိပြီးနောက် ဒေါသတကြီးဖြစ်သွား၏။ “ကျန်းကျိရှု... မင်းက ခွေးကောင်ပဲ။ ငါက ချင်ဘုရင်နဲ့ ရင်းနှီးချစ်ခင်မှုကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတယ်။ မင်းက ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာပဲ။ မင်းက ဟိုဘက်ဘုရင်မ ရိုးသားတာကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်နေတာပဲ။။”

ဒေါသထွက်ခဲ့ပြီးနောက် နင်ယွမ်ရှန်းက ပြန်လည်ကာ စိတ်တည်ငြိမ်သွား၏။ သူဘာလုပ်နိုင်မည်နည်း။ နယ်စပ်ခံစစ်စည်းကို ဖယ်ရှားဖို့ ကျန်းကျိရှုကို အမိန့်ပေးရမည်လား။ သို့မဟုတ် ကျန်းကျိရှုကို ရာထူးမှ ဖြုတ်ချရမည်လား။ နှစ်ခုလုံး မဖြစ်နိုင်ချေ။ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးရာထူးက အိမ်ရှေ့စံအုပ်စု ပိုင်ဆိုင်၏။

တခြားသူများ ဆိုလျှင်လည်း ထိုနည်းလည်းကောင်း ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်ဘုရင်မက ရှမ့်လန်၏ မဟာမိတ်ဖြစ်ပြီး ထိုအချက်က သူမကို အိမ်ရှေ့စံမင်းသားအုပ်စု၏ ရန်သူဖြစ်စေခဲ့သည်။

ထို့အပြင် ကျန်းကျိရှုက ကျားမြီးဆွဲနေသည်ဆိုသော်လည်း အာယုနာနာ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်အောင် မလုပ်ခဲ့သလို သူမကို ရန်သူဘက်ပါအောင်လည်း ဘယ်တော့မှ တွန်းပို့လိမ့်မည် မဟုတ်ချေ။

ဥပမာအားဖြင့် ချင်မြင်းတပ်များ နယ်စပ်ကို တိုက်ခိုက်သည့်အချိန်တွင် သူက စစ်တပ်ကို ဆုတ်ခွာပေးခဲ့ပြီး ပဋိပက္ခ မကြီးထွားအောင် တားဆီးပေးခဲ့၏။ သူက အရှက်ကွဲခဲ့သည်ကိုပင် သည်းခံနေပုံရ၏။ ဤလူက တကယ်ကို ဉာဏ်ကောင်း၏။ ရိုးသားသူကိုလည်း အနိုင်ကျင့်တတ်၏။

သို့သော်ငြား ရန်သူနှင့် စစ်ပွဲက ရှေ့မှာ ရှိနေသည့်အချိန်တွင် ကျန်းကျိရှုက မီးနှင့် ဆော့ကစားနေရသည်ကို မကြောက်လန့်ပေဘူးလား။ နင်ယွမ်ရှန်းက သူ၏စိတ်ထဲတွင် ကျန်းကျိရှုအပေါ်တွင် ကြက်ခြေခတ် ကြီးကြီးတစ်ခုကို ရေးမှတ်ထားလိုက်ပြီ ဖြစ်၏။ လွန်ခဲ့သည့်အချိန်က စစ်ရိက္ခာ အလွဲသုံးစားမှုနှင့် ပတ်သက် ခဲ့သော်လည်း နင်ယွမ်ရှန်းက သူ့ကို ဆက်လက်အသုံးပြုနိုင်သေးသည်ကို ခံစားခဲ့မိ၏။ သို့သော်ငြား ကျန်းကျိရှု၏ လုပ်ရပ်များက သူ့ကို စိတ်ပျက်စေခဲ့သည်။

မကြာခင်မှာပဲ နင်ယွမ်ရှန်းက သက်ပြင်းချလိုက်၏။ အကယ်၍ ဤတစ်ကြိမ်သာ ကျင်းမင်းသားကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပါက အိမ်ရှေ့စံနေရာက တောင်ကြီးတစ်ခုကဲ့သို့ ခိုင်မာသွားမှာ ဖြစ်၏။ ကျန်းကျိရှုက နင်ယွမ်ရှန်း၏ ရာထူးတိုးမြှင့်မှုကိုပင် လိုအပ်လိမ့်မည် မဟုတ်ချေ။

အကယ်၍ အိမ်ရှေ့စံသာ ရှုံးနိမ့်ခဲ့ပါက အိမ်ရှေ့စံ၏ လူယုံဖြစ်သော ကျန်းကျိရှု၏ အင်အားကလည်း ပြီးဆုံးသွားပေလိမ့်မည်။ နင်ယွမ်ရှန်းက သူ့ကို ကြက်ခြေခတ်သည်ဖြစ်စေ၊ မခတ်သည်ဖြစ်စေကလည်း အရေးမကြီးချေ။ အားလုံးက လူလည်တွေကြီးသာ ဖြစ်၏။ ဉာဏ်များလွန်လှချေ၏။

“ကျန်းကျိရှုကို ပြစ်တင်ဝေဖန်တဲ့ အမိန့်စာ ထုတ်လိုက်။ ဘာအပြစ်လဲဆိုတာ တိတိကျကျ မပြောနဲ့။ ပြီးတော့ ကွယ်လွန်သူဘုရင်ကြီး ပေးအပ်ခဲ့သည့် ကျန်းကျိရှုမိသားစုရဲ့ ဂုဏ်ပြုဆိုင်းဘုတ်ကို ပြန်ရုပ်သိမ်းလိုက်။။”

..................

All Chapters