အခန်း (၆၂၉-၆၃၀)
Vol. 41 Ch. 629-630
အပိုင်း (၆၂၉)
လွန်ခဲ့သည့် ၃ ရက်တည်းက သူတို့ အကူအညီတောင်းခံစာကို ရရှိခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် စစ်သည်များကို အစောကြီးတည်းက ပေးပို့ခဲ့ပြီးသား ဖြစ်၏။ သူတို့နှစ်ယောက် အနေနှင့် တပ်ကူ လုံလုံလောက်လောက် မရှိကြချေ။ နှစ်သောင်းခွဲလောက်သာလျှင် ရှိ၏။ သို့ပေမည့် ဤအရာက တိုက်ပွဲ၏ အခြေအနေ တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့၏။
မင်းသားကျင်းက ရွေးချယ်ခွင့် မရှိချေ။ လူ ၂ သောင်းကို ခွဲဖြန့်ကာဖြင့် နန်းကုန်းအိုနှင့် နင်လော့တို့၏ စစ်သည်များကို ပြန်လည်ကာ ခုခံရ၏။ ထို့ကြောင့် မြို့ကို အပိုင်သိမ်းစီးနိုင်မည့် စွမ်းဆောင်ရည်က တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
အားဖြည့်တပ်ကူများ ရောက်ရှိလာချိန်မှာတော့ ကျူးလင်းတို့၏ဘက်မှ စစ်တပ်ပိုင်းဆိုင်ရာက ပိုမို တိုးတက် လာ၏။ နောက်ဆုံး မယုံကြည်လောက်အောင် များပြားသည့် ပေးဆပ်မှုများကို ပေးအပ်ခဲ့ပြီးနောက် ကျူးလင်း၏ စစ်သည်များက သဲကန္တာရလူရိုင်းမျိုးနွယ်များကို မြို့၏အပြင်ဘက်ဆီသို့ ပြန်လည်ကာ တွန်းပို့နိုင်ခဲ့၏။ နန်အိုမြို့တော်ကြီးကို ကောင်းကောင်းမွန်မွန်နှင့် ကယ်တင်နိုင်ခဲ့ပြီ ဖြစ်၏။
ရုတ်တရက် စစ်သူကြီးကျူးလင်းက မြေပေါ်သို့ လဲပြိုလုမတတ် ဖြစ်နေ၏။ နန်းကုန်းအိုနှင့် နင်လော့တို့၏ စစ်သည်ပေါင်း နှစ်သောင်းခွဲက မင်းသားကျင်း၏ စစ်သည်များနှင့် တစ်နာရီနီးပါးကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။ နှစ်ဖက်လုံးက ကြီးမားသည့် ဘေးဒုက္ခကို ခံစားရသည်။
နေဝင်ချိန်သို့ ရောက်ရှိချိန်မှာတော့ နှစ်ဖက်သားက တိုက်ခိုက်ရာကို ရပ်တန့်၏။ နန်းကုန်းအိုနှင့် မင်းသမီးနင်လော့တို့က နန်အိုမြို့ထဲသို့ ဝင်ရောက်လာခဲ့၏။
တိုက်ပွဲက တကယ့်ကို အန္တရာယ် များလွန်းလှ၏။ သို့ပေမည့် နန်အိုမြို့ကတော့ အပိုင်သိမ်းစီးနင်းခြင်း မခံခဲ့ရချေ။ သို့သော်ငြား အခြေအနေတစ်ခုလုံးက အလုံးစုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မူလအားဖြင့် စစ်သူကြီး သုံးဦးတို့က နန်အိုနိုင်ငံ၏ မြို့ကြီး သုံးမြို့ကို စောင့်ကြပ်ထားရန် ပြင်ဆင်နေသည်။
အုပ်ချုပ်ရေးမှူး ကျူးကျွင်းကလည်း အနောက်ဘက်တွင် တည်ရှိနေ၏။ ထိုသူက ထျန်းနန်မြို့မှ ဦးစီးနေပေလိမ့်မည်။ အဆုံးသတ်မှာတော့ မင်းသားကျင်း၏ စစ်တပ်က တကယ့်ကို အားကောင်းလွန်းလှ၏။ စစ်သူကြီးပေါင်းသုံးယောက်တို့ စုစည်းပြီး နန်အိုမြို၌ အချိန်ကိုက် ပူးပေါင်းပြီးနောက် ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်ပေါ် စေခဲ့၏။
နန်းကုန်းအိုနှင့် နင်လော့တို့ ရောက်ရှိလာသည့်အချိန်မှာတော့ နန်အိုနိုင်ငံ၏ မြို့ကြီး ၂ ခုတို့က အလုံးစုံ ဗလာဟင်းလင်း ဖြစ်ခဲ့၏။ မင်းသားကျင်းကလည်း အခွင့်အရေးကို ယူပြီး အလစ်အငိုက် တိုက်ခိုက်လျှင် မည်သို့လုပ်ရမည်နည်း။
ဟုတ်ပေ၏။ သူတို့အနေနှင့် ဒုတိယ တိုက်ခိုက်ရေး တည်နေရာဆီသို့ စစ်သည်များကို ရွှေ့ပြောင်းရန်သာလျှင် ရှိတော့၏။ ထိုအရာက ထျန်းနန်ကာကွယ်ရေးစည်းမျဉ်းပင် ဖြစ်၏။ သို့ပေမည့် ဤနည်းလမ်းဖြင့် အနောက်ဘက် တည်နေရာ တစ်ခုလုံးက ဗလာဟင်းလင်း ဖြစ်လာပေမည်။
....................
နန်အိုနိုင်ငံ၏ နန်းတော်အတွင်းမှာတော့ ကျူးလင်း၊ နန်းကုန်းအိုနှင့် မင်းသမီးနင်လော့တို့က တိတ်ဆိတ် ငြိမ်သက်နေ၏။ ယနေ့ တိုက်ပွဲက တကယ့်ကို တုန်လှုပ်စရာကောင်း၏။ အနည်းငယ်လေးသာ နောက်ကျခဲ့ပါက မြို့ကြီးတစ်ခုလုံး တခြားသူ၏ လက်သို့ ပါသွားလောက်၏။
ကျူးလင်းက လက်ထဲရှိ ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “စကားလုံးတွေနဲ့တောင်မှ ကျုပ်ရဲ့ ကျေးဇူးတင်တရားကို ဖော်ညွှန်းလို့ မဖြစ်နိုင်တော့ပါဘူး။ ခင်ဗျားတို့ နှစ်ယောက်က ဒီနေ့ အခြေအနေကို ကယ်တင်ပေးခဲ့တာပဲ။”
သူတို့ သုံးယောက်က ခွက်တိုက်ကာ သောက်ကြ၏။ ဤအရာက အသီးဝိုင်များပင် ဖြစ်၏။ မူးယစ်စေသည့် အရာမျိုး မဟုတ်ချေ။ ပြီးနောက် သုံးယောက်သားက တိတ်ဆိတ်ငြိမ်သက်သွား၏။ ပုံမှန်အားဖြင့်ဆိုလျှင် မြို့ကို ခုခံကာကွယ်နိုင်ခဲ့သောကြောင့် သူတို့က ပျော်ရွှင်သင့်၏။ သို့ပေမည့် မပျော်ရွှင်ကြချေ။ အနည်းဆုံး သူတို့က တစ်ယောက်ချင်း တိုက်ခိုက်မှုတွင် ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့သောကြောင့်ပင်။
“မင်းသားကျင်းရဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက တကယ့်ကို အားကောင်းလွန်းတာပဲ။။”
ကျူးလင်းက သက်ပြင်းချလိုက်၏။ “ဒီလိုမျိုး စစ်သည်တွေနဲ့ တိုက်ခိုက်တယ်ဆိုတာ တကယ့်ကို အိပ်မက်ဆိုး တစ်ခုပဲ။ သူတို့အားလုံးက သားရဲတွေလိုပဲ။ အကြောက်အလန့်ကင်းမဲ့ကြတယ်။ စဦးတိုက်ခိုက်ဖို့လည်း အဆင်သင့် ရှိနေကြတယ်”
“နန်အိုနိုင်ငံရဲ့ စစ်သည်တွေက ဒီလိုမျိုး မဟုတ်ဘူး။ အခုပုန်ကန်သူတွေက သဲကန္တာရ လူရိုင်းမျိုးနွယ်တွေပဲ။”
မင်းသမီးနင်လော့က ပြောလိုက်သည်။ “နန်အိုနိုင်ငံရဲ လူတွေက ဒီမှာ အခြေချ နေထိုင်နေတဲ့လူတွေ။ ဒါကြောင့် ရွှဲ့ပြည်နယ်က လူတွေနဲ့ တူညီလုနီးပါး ဖြစ်နေပြီ။
မင်းသားကျင်းက တကယ့်ကို အသန့်စင်ဆုံး သဲကန္တာရ လူရိုင်း စစ်သည်တော်တွေကို ခေါ်ဆောင်လာခဲ့တယ်။ သူတို့က လေး၊ ငါး၊ ခြောက်နှစ် အရွယ်လောက်တည်းက တောအုပ်ထဲမှာ အမဲလိုက်နေကြတဲ့ လူတွေပဲ။ သူတို့အတွက် သေခြင်းရှင်ခြင်းဆိုတာ ဘာမှမဟုတ်ဘူး။ သေခြင်းတရား ဆိုတာမျိုးက အကြိမ်ပေါင်းများစွာ ကြုံဆုံခဲ့ရတဲ့ အရာမျိုးလိုပဲ။”
“ဒါက တကယ့်ကို ရူးသွပ်လောက်စရာပဲ။ ဒီလိုမျိုးနွယ်စုက လောကကြီးမှာတောင် မရှိသင့်ဘူး။” ကျူးလင်းက သက်ပြင်းချလိုက်၏။
မင်းသမီးနင်လော့က ပြောလိုက်သည်။ “အင်း... သဲကန္တာရ လူရိုင်းမျိုးနွယ် ဆယ်ယောက်မှာ သုံးယောက်က အသက် ၃၀ လောက်ထိပဲ အသက်ရှင်နေထိုင်နိုင်တယ်။ ဒီလို သေခြင်းတရားတွေ များပြားလွန်းတဲ့ ပတ်ဝန်းကျင် တည်နေရာကြောင့် သူတို့က သားရဲတွေလိုပဲ ပိုမိုကာ ရဲရင့်လာခဲ့ကြတယ်။ အရင်တုန်းက သူတို့က တောထဲမှာပဲ ပျော်မွေ့နေခဲ့ကြတာ။ အခု ကျင်းကျွင်းက ဒီလူတွေကို အပြင်ကို ခေါ်ထုတ်လာခဲ့ပြီး အတူတူ စုစည်းနိုင်ခဲ့ပြီ။”
နန်းကုန်းအိုက ပြောလိုက်၏။ “စစ်သူကြီးကျူးလင်း... ဒါဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဘယ်လောက် ထိခိုက်ဒဏ်ရာ ရခဲ့လဲ”
“၃ သောင်း ၇ ထောင်။” ကျူးလင်းက ပြောလိုက်သည်။
နန်းကုန်းအိုက ပြောလိုက်၏။ “ဒီလောက်တောင် များနေတာလား။။”
သူ့အနေနှင့် မယုံကြည်နိုင်ချေ။ မြို့ကို ခုခံ ကာကွယ်ခြင်းဖြင့် ဤမျှလောက် ထိခိုက်ဒဏ်ရာ ရရှိစေနိုင်သည်လား။
ကျူးလင်းက ပြောလိုက်သည်။ “ဟုတ်တယ်... တော်တော်ကို ဆိုးခဲ့တယ်။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ မြားက ထက်မြလွန်းပြီး သူတို့ရဲ့ ပစ်ခတ်မှုပုံစံတွေက အလှည့်အပြောင်း များတယ်။ သဲကန္တာရ လူရိုင်းမျိုးနွယ် တွေက မြို့ရိုးနံရံပေါ်ကို နှစ်ကြိမ်တိတိ တက်လာပြီး အပေါ်မှာရှိတဲ့လူတွေကို တိုက်ခိုက်သွားခဲ့သေးတယ်။”
နန်းကုန်းအိုက ပြောလိုက်၏။ “ဒါဆိုရင် မင်းသားကျင်း ဘက်ကရော”
“သူတို့ဘက်ကတော့ အနည်းဆုံး ၄ သောင်းလောက် ဖြစ်မယ်ထင်တယ်”
ကျူးလင်းက အကောင်းဆုံးတွက်ချက်နိုင်သူပင်။ အစစ်အမှန်ကို ပြောရမည်ဆိုလျှင် မင်းသားကျင်း၏ စစ်သည်များက ၄ သောင်းထက်ပင် ပိုမိုကာ ထိခိုက်ဒဏ်ရာ ရရှိနိုင်သည်။ သာမန် စစ်သည်များအတွက် ထိခိုက်ဒဏ်ရာရမှု တစ်ဝက်ကျော်သည်ဆိုပါက စိတ်ပိုင်းဆိုင်ရာက ပြိုလဲသွားပေလိမ့်မည်။ သို့ပေမည့် သဲကန္တာရ လူရိုင်းမျိုးနွယ်များမှာတော့ တကယ့်ကို ဆန်းကြယ်ပြီး အရှိန်အဝါ ကြီးမားလွန်းကြသည်။
“စစ်သည်တွေကို ထပ်ပို့ရအောင်။။” စစ်သူကြီးကျူးလင်းက ပြောလိုက်၏။
နင်လော့နှင့် နန်းကုန်းအိုတို့က တိတ်ဆိတ်ငြိမ်သက်သွား၏။ စစ်သည်များကို ထပ်မံ ပေးပို့ရမည်လား။ ဤအရာက အနောက်ဘက် စစ်မျက်နှာပြင် တစ်ခုလုံးကို ဗလာဟင်းလင်းဖြစ်အောင် ထားရှိသလို ဖြစ်ပေလိမ့်မည်။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ နန်အိုနိုင်ငံ၏ မြို့တော်ထက် အရေးကြီးသည့် အရာဟူ၍ မရှိတော့ချေ။
ထို့ကြောင့်ပင်လျှင် သူတို့ သုံးယောက်က ပူးပေါင်းစာတစ်စောင်ကို ရေးသားပြီး အုပ်ချုပ်ရေးမှူး ကျူးကျွင်း ဆီသို့ ပေးပို့၏။ သူတို့က ဘုရင်မင်းမြတ်ကို စစ်သည်များ ထပ်မံပေးပို့ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
...............
အုပ်ချုပ်ရေးမှူး ကျူးကျွင်းက တိုက်ပွဲသတင်းပို့ချက်ကို ရရှိချိန်မှာတော့ လောကကြီး တစ်ခုလုံး ပျက်စီး သွားသကဲ့သို့ပင် ခံစားနေမိ၏။ သို့ပေမည့် ၄ နာရီ ကြာသည့် အချိန်မှာတော့ နောက်ထပ် တိုက်ပွဲ သတင်း အချက်အလက်ကို ရရှိခဲ့ပြန်၏။ သူက ချက်ချင်းပင် စိတ်သက်သာရာ ရသလို သက်ပြင်းချမိ၏။
နန်းကုန်းအိုနှင့် မင်းသမီးနင်လော့တို့က အလျင်အမြန် ရောက်ရှိလာကာ ကယ်တင်ခဲ့၏။ နန်အို၏ မြို့တော်က နောက်ဆုံး၌ ခုခံ ကာကွယ်နိုင်ခဲ့သည်။ ထိုအချိန်မှာပဲ သူက အမိန့်ကို ဆက်တိုက်ဆိုသလို ပေးပို့ခဲ့၏။ စစ်သည်ပေါင်း ၃ သောင်းကျော်အား တောင်ဘက်ပိုင်းဆီသို့ ချီတက်ခြင်းပင်။
တစ်ရက်ကြာပြီးနောက် သူက မင်းသမီးနင်လော့၊ နန်းကုန်းအိုနှင့် ကျူးလင်းတို့ဆီမှ လျှို့ဝှက်စာလွှာများကို လက်ခံ ရရှိ၏။ တပ်ကူပေးရန် တောင်းဆိုခြင်းပင်။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက အံကို ကြိတ်ကာဖြင့် နောက်ထပ် စစ်သည်ပေါင်း ၄ သောင်းကို တောင်ဘက်ပိုင်းဆီသို့ စေလွှတ်ခဲ့သည်။
ထိုအချိန်မှာတော့ ထျန်းနန်၏ အကာအကွယ် စည်းမျဉ်းက စစ်သည်ပေါင်း ၃ သောင်းကျော် သာ ကျန်ရှိတော့၏။ သို့ပေမည့် ကိစ္စမရှိချေ။ နန်အိုနိုင်ငံ ကျရှုံးမှ ထျန်းနန်သို့ ကျင်းမင်းသား ရောက်ရှိလာနိုင်ပေမည်။
တပ်ကူပေးပို့ခြင်း ဆိုသည်မှာ ခက်ခဲသည့် အရာမျိုးပင်။ ကံကောင်းစွာဖြင့် ကျူးကလန်က အကောင်းဆုံး ပြုလုပ်လျက် ရှိနေ၏။ သူတို့က နိုင်ငံ့ရေးရာအရင်းအမြစ် အားလုံးကို ထုတ်ယူသုံးစွဲပြီး စစ်သည်ပေါင်း သောင်းချီကို ထပ်မံ စေလွှတ်၏။
ပြောရမည်ဆိုလျှင် ဤတိုက်ပွဲက တကယ့်ကို အန္တရာယ် များလှ၏။ မင်းသားကျင်း၏စစ်တပ်က အားလုံး ထင်မှတ်ထားသည်ထက် ပိုမိုကာ အားကောင်းနေခဲ့၏။ တိုက်ပွဲက အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်သကဲ့သို့ပင်။
.......
ရက်အနည်းငယ် ကြာပြီးသည့်နောက် ထျန်းနန်စီရင်စု၏ စစ်သည်ပေါင်း ၇ သောင်းကျော်တို့က နန်အိုနိုင်ငံ၏ စစ်မြေပြင်ဆီသို့ ဝင်ရောက်လာခဲ့၏။ သူတို့ ၅ သောင်းကျော်က နန်အိုနိုင်ငံ၏ မြို့တော်ဆီသို့ ဝင်ရောက် လာခဲ့ကြပြီး ကျန်သည့် ၂ သောင်းကျော်တို့က သဲမြို့နှင့် လောင်ရီမြို့ဆီသို့ အသီးသီး သွားကြ၏။
ထိုအချိန်မှာတော့ နန်အိုနိုင်ငံ၏ နန်းမြို့တော်တွင် ရှိနေသည့် ရွှဲ့ပြည်နယ်၏ စစ်တပ်များက လူဦးရေ ၁ သိန်းနဲ့ ၃ သောင်းနီးပါးသို့ ရောက်ရှိလာခဲ့၏။ နန်အိုနိုင်ငံတစ်ခုလုံး၏ စစ်မျက်နှာပြင်တွင် ရွှဲ့ပြည်နယ်၏ စစ်သည်များက အရှိန်အဟုန်ပြင်းပြင်းနှင့် ရောက်ရှိနေခဲ့သည်။
ဤအချိန် မင်းသားကျင်း၏ သဲကန္တာရ လူရိုင်းမျိုးနွယ်များမှာတော့ ၆၀၀၀၀ အောက်တွင်သာလျှင် ရှိ၏။ နှစ် ဖက်ခြမ်း၏ စစ်တပ်ရေးရာအားအင်အဆင့်က ၃ ချိုး ၊ ၁ ချိုး အခြေအနေဆီသို့ ရောက်ရှိနေ၏။
တိုက်ပွဲက ထပ်မံကာ ဖြစ်ပွားတော့မည်သကဲ့သို့ပင်။ နောက်ပိုင်းမှာတော့ မင်းသားကျင်း၏ စစ်သည်များက အရေအတွက် အနည်းငယ်ဖြင့် ရောက်ရှိလာခဲ့ပြီး မြို့ကို တိုက်ခိုက်၏။ သို့ပေမည့် နှစ်ဖက်ခြမ်း၏ တိုက်ခိုက်နိုင်မှု အားအင်အဆင့်က ကွာခြားလျက်ရှိသည်။
ထို့ကြောင့် အောင်မြင်မှု မရဘဲ မင်းသားကျင်း၏ စစ်သည်များက ပြန်လည် ဆုတ်ခွာသွားခဲ့ကြ၏။
နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ...
မင်းသားကျင်း၏ စစ်သည်များက ရုတ်တရက် တိုက်ခိုက်ရေး နေရာဆီမှ ထွက်ခွာပြီး မြောက်ဘက်ပိုင်းဆီသို့ လှည့်သွား၏။ သူတို့က သဲမြို့ကို တိုက်ခိုက်တော့မှာ ဖြစ်၏။ ရလဒ်အားဖြင့် သဲမြို့က အန္တရာယ် ရှိလာသည်။
သို့ပေမည့် ထိုအချိန်မှာပင် အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ရှေ့ဆီသို့လှမ်းတက်ပြီး စစ်သည်ပေါင်း ၂ သောင်းကျော်ကို ဦးစီးကာဖြင့် သဲမြို့ဆီသို့ သွား၏။ သူက သဲမြို့ကို အင်အား ဖြည့်ပေးခဲ့ခြင်းပင်။
မင်းသားကျင်းက သဲမြို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်၏။ ယခင်တုန်းက နန်အိုနိုင်ငံ၏ နန်းမြို့တော်ကို အလုံးစုံ အနိုင်ယူလုနီးပါး ဖြစ်ခဲ့၏။ သဲမြို့ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။ သို့သော်ငြား ကျင်းကျွင်းက မျှော်လင့်ထားသည်ထက် ပိုမိုကာ အားကောင်း၏။ အစပဲ ရှိသေး၏။ သူက ရှိရှိသမျှ အရာအားလုံးကို ထည့်သွင်းကာ တိုက်ခိုက်ခဲ့သည်။
ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုကြီးက ၈ နာရီကြာ ကြာမြင့်ခဲ့၏။ စစ်သူကြီးကျူးလင်းက နန်းမြို့တော်ပေါ်သို့ တက်ကာ တိုက်ခိုက်မှုကို ဦးဆောင်၍ ခုခံ၏။
နှစ်ဖက်ခြမ်းက ကြီးမားသည့် အရှိန်အဟုန်ဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်၏။ ထိခိုက်ဒဏ်ရာ ရရှိမှုများကလည်း များသည်။
တိုက်ပွဲအချိန်က တိုတောင်းသည်သော်လည်း တကယ့်ကို နာနာကျင်ကျင်နှင့် ဝမ်းနည်းလောက်စရာ အခြေအနေမျိုးပင်။ အနည်းငယ်လောက် နှောင့်နှေးသွားသည် ဆိုပါက သဲမြို့တစ်ခုလုံးက တစ်ပါးသူ၏ လက်ထဲသို့ ပါသွားနိုင်၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များက ထိုမျှလောက် အားကောင်းကြ၏။
ကျူးလင်းက တစ်စက္ကန့်တိုင်းက ငရဲပြည်တွင် နေထိုင်ရသကဲ့သို့ပင် ခံစားမိ၏။ နှလုံးသားထဲတွင် သေခြင်းတရား၏ အချိန်ကာလကိုပင် ရေတွက်နေမိခဲ့၏။ တပ်ကူများ မြန်မြန်ဆန်ဆန် ရောက်ရှိလာစေဖို့ ဆုတောင်းမိ၏။ မဟုတ်ပါက သဲမြို့က တစ်ခါတည်း ပါသွားပေတော့မည်။
ထိုအချိန်မှာပဲ နန်းကုန်းအိုက သူ၏မြင်းသည်တော်များကို ဦးဆောင်ကာ မြောက်ဘက်ပိုင်းဆီသို့ လှမ်းလာ၏။ နန်းကုန်းအိုနှင့် ကျူးလင်းတို့က အတွင်းအပြင် နှစ်ဖက်ညှပ်ကာ တိုက်ခိုက်၏။ နောက်ဆုံးမှာတော့ မင်းသားကျင်း၏ ရဲရင့်ပြီး ပြိုင်ဘက်ကင်းလှပါသည်ဆိုသော သဲကန္တာရ လူရိုင်းမျိုးနွယ်များက ကြီးကြီးမားမား ရှုံးနိမ့်ခဲ့၏။
စစ်သည်ပေါင်း ၆ သောင်းကျော်ထဲက ၂ သောင်းကျော်က သေဆုံးခဲ့၏။ ၄ သောင်းကျော် ထက်မနည်းက နောက်သို့ ပြန်ဆုတ်သွားခဲ့၏။ ဤကဲ့သို့သော ဆုတ်ခွာမှုက မိုင် ၆၀ နီးပါးခန့်ပင် ရောက်ရှိ၏။ သူတို့က ရေနက်ခံတပ်တည်နေရာနားသို့ပင် ရောက်ရှိသွားသည်။
ထိုအချိန်မှာတော့ နန်အိုနိုင်ငံ၏ ပထမဦးဆုံးသော စစ်မြေပြင်က ပြီးဆုံးသွားခဲ့၏။ ရွှဲ့ပြည်နယ်က ပထမဦးဆုံးသော တိုက်ပွဲကို အနိုင်ရရှိခဲ့၏။ မင်းသားကျင်းက နန်အိုနိုင်ငံ၏ နန်းမြို့တော်ကို တိုက်ခိုက်ခဲ့ပြီး သဲမြို့ကိုလည်း တိုက်ခိုက်၏။ သို့ပေမည့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိခဲ့၏။ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် မင်းသားကျင်းက တပ်လန်သွားခဲ့ပြီဖြစ်၏
........
သူတို့ အနိုင်ရရှိခဲ့၏။ နန်အိုနိုင်ငံ၏ ဘုရင်အိမ်တော်အတွင်းမှာတော့ ကျူးလင်း၊ နန်းကုန်းအို၊ မင်းသမီး နင်လော့တို့က မျက်လုံးထဲတွင် မျက်ရည်များပင် ဝိုင်းနေ၏။ ယခုအချိန်မှာတော့ သူတို့က မည်သည့် စိုးရိမ်ပူပန်မှုမှ မရှိဘဲ သောက်စားနိုင်ပြီ ဖြစ်၏။ ဤအရာက မလွယ်ကူခဲ့ချေ။ တိုက်ပွဲက အချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သည် ဆိုသော်လည်း တကယ့်ကို ဆိုးဝါးလွန်းခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသလို ခြောက်ခြားဖွယ်ရာလည်း ကောင်းလွန်းခဲ့၏။ နန်အိုနိုင်ငံ၏ နန်းမြို့တော်က တဖက်လူများ၏ လက်ထဲသို့ ပါသွားလုနီးပါးပင်။
ကံကောင်းစွာဖြင့် စစ်သူကြီးပေါင်းများစွာတို့က တူညီသည့် ဆုံးဖြတ်ချက်မျိုးကို ချနိုင်ခဲ့၏။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းပင်လျှင် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ပွဲ တည်နေရာဆီသို့ ရောက်ရှိကာ တိုက်ခိုက်ခဲ့၏။ မဟုတ်ပါက သဲမြို့လည်း ကျရှုံးသွားနိုင်၏။
မင်းသားကျင်း၏ ပြိုင်စံရှားသည့် စစ်သည်များကို ကြည့်ရှုပြီးနောက် သူတို့အနေနှင့် မြို့ကြီး ၃ မြို့ကို တခြားလူ၏ လက်ထဲသို့ မပါစေဘဲ ခုခံနိုင်ခဲ့ခြင်း ဆိုသည်က ကြီးမားသည့် အောင်မြင်မှုပင် ဖြစ်၏။ အထူးသဖြင့် နောက်ဆုံး တိုက်ပွဲပင်။ ထိုအရာက ၆ နာရီသာ ကြာမြင့်ခဲ့သော်လည်း ရွှဲ့ပြည်နယ်ဘက်မှ စစ်သည်ပေါင်း ၃ သောင်းကျော်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့၏။ သို့သော်ငြား သူတို့က နောက်ဆုံးတွင် အနိုင်ရရှိခဲ့သည်။
တစ်လအတွင်း မင်းသားကျင်း၏ စစ်သည်ပေါင်း ၁ သိန်းကျော်ထဲမှ ၆ သောင်းကျော် သေဆုံးသွားခဲ့၏။ ရွှဲ့ပြည်နယ်၏ စစ်သည်ပေါင်း ၈သောင်းကျော်ထဲမှ ၂သောင်းခွဲကျော် သေဆုံးခဲ့၏။
လက်ရှိ ရွှဲ့ပြည်နယ်၏စစ်သည် အရေအတွက်က တစ်သိန်း ခြောက်သောင်းလောက်ရှိပြီး မင်းသားကျင်း၏ စစ်သည် အရေအတွက်က သုံးသောင်းကျော်သာ ရှိတော့သည်။ နှစ်ဖက်ခြမ်း၏ စစ်သည် အရေအတွက်က မိုးနှင့်မြေလို ကြီးကြီးမားမား ကွာခြားလွန်းလှသည်။
“အင်း.. မင်းသားကျင်းရဲ့ စစ်တပ်က ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့ မြို့ကိုဝင်ပြီး တိုက်ခိုက်ဖို့ဆိုတာက အတွေ့အကြုံ အများကြီး လိုတယ်။ ပြီးတော့ နည်းဗျူဟာတွေလည်း အများကြီး လိုတယ်။ အခု သူတို့ဆီမှာ တိုက်ခိုက်ဖို့ အရှိန်အဟုန်လည်း မရှိတော့ဘူး။ ဒီတော့ သူတို့မှာ ဘာမှ မကျန်တော့ဘူးပေါ့”
“ဟုတ်တယ်။ ဟုတ်တယ်။ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေက လုံလောက်အောင် တော်တဲ့လူတွေတော့ မဟုတ်ပါဘူး။ သူတို့ဆီမှာ သတ္တိပဲ ရှိတယ်။ နည်းဗျူဟာ မရှိဘူး”
“အင်း..... မင်းသားကျင်းရဲ့ နိုင်ငံရေးရာနည်းလမ်းတွေက တကယ့်ကို အားကောင်းတယ်။ ဒါပေမဲ့ သူ့ရဲ့ စစ်ဘက်ဆိုင်ရာ စွမ်းရည်ကတော့ တကယ့်ကို နိမ့်ကျတာပဲ။ နန်းမြို့တော်ဆီကို အောင်ပွဲသတင်း ပေးပို့လိုက်။ ရွှဲ့ပြည်နယ်တစ်ခုလုံးကို အောင်ပွဲသတင်း ဖြန့်ဝေလိုက်”
အပိုင်း (၆၃၀)
ထိုအချိန်မှာပင် စစ်သူကြီးကျူးလင်းက ပြောလိုက်၏။ “အခု အိမ်ရှေ့စံမင်းသား အနေနဲ့ တောင်ဘက်ပိုင်းကို လာဖို့ အချိန်ရောက်ပြီ”
ပြောပြောပြီးချင်းမှာပင် မင်းသမီးနင်လော့က ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။
စစ်သူကြီးကျူးလင်းက နန်းကုန်းအိုကို လှမ်းကာ ကြည့်၏။ ထိုအချိန်မှာတော့ သူက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချရန် လိုအပ်လာခဲ့၏။
နန်းကုန်းအိုကလည်း စိုးရိမ်ပူပန်လျက် ရှိ၏။ အခြားသောဘက်ခြမ်းတွင် သူက ဘုရင်မင်းမြတ်ကို သစ္စာရှိ၏။ တခြားတဖက်ခြမ်းတွင် ဤတိုက်ပွဲကို နိုင်ရပေမည်။ အိမ်ရှေ့စံမင်းသား၏ဘက်ခြမ်းက ကောင်းကင်ယံ ထက်တွင် နေလုံးကဲ့သို့ပင် ထွန်းတောက်လာ၏။ သူ့အနေနှင့် ခုခံကာကွယ်၍ မဖြစ်နိုင်တော့ချေ။
ဘုရင်မင်းမြတ်က နေမဝင်သေးသော်လည်း အသက်အားဖြင့် ၅၀ နီးပါး ရှိနေ၏။ အိမ်ရှေ့စံ မင်းသားက တက်သစ်စ နေလုံးတစ်ခုကဲ့သို့ပင်။ ပိုမို၍အရေးကြီးမားသည်မှာ နန်းကုန်းကလန်၏ အားနည်းချက်က ကျူးကလန်၏ လက်ထဲတွင် ရှိနေသည်။
စစ်သူကြီးကျူးလင်းက ပြောလိုက်၏။ “နန်းအိုနိုင်ငံထဲမှာ ရှိနေတဲ့ စစ်ပွဲက အခြေအနေသစ် တစ်ခုဆီ ရောက်နေပြီ။ အိမ်ရှေ့စံမင်းသားအနေနဲ့ ရှေ့ကို လှမ်းတက်ပြီး တစ်ခါတည်း တိုက်ခိုက်ဖို့ လိုအပ်တယ်။ ဒါမှ လူတွေရဲ့ စိတ်ဆန္ဒကို အားဖြည့်ပေးနိုင်မှာ။
ပြီးတော့ ဒီအဘိုးကြီးက ခန္ဓာကိုယ်ရော စိတ်ရော မောပန်းနေခဲ့ပြီ။ ကျုပ် ထပ်ပြီး မခုခံနိုင်ခဲ့တော့ဘူး။ နန်အိုနန်းမြို့တော်ကို ကျန်းပေနယ်စားကြီးကဘာလို့ မယူရတာလဲ”
ကျူးလင်း၏ စကားက တကယ့်ကို ရှင်းလင်းပြတ်သားလွန်း၏။ “နန်းကုန်းအို... အိမ်ရှေ့စံမင်းသားက နန်အိုနိုင်ငံကို လာပြီး စစ်ပွဲကိုကွပ်ကဲမှာ ခင်ဗျား မလိုလားဘူးလား။ သူလာပြီး စစ်ပွဲ အောင်မြင်မှုတွေ အားလုံးကို သိမ်းပိုက်သွားမှာ စိုးရိမ်နေတာလား။ ဒါဆိုရင် အောင်မြင်မှုအားလုံး ခင်ဗျား ယူချင်နေတာလား”
ကျူးလင်းက တစ်ဖက်လှည့်ဖြင့် ခြိမ်းခြောက်ခဲ့သည်။
ရုတ်တရက် ဆိုသလိုပဲ နန်းကုန်းအိုက ရှောင်လွှဲစရာ လမ်းမရှိတော့ချေ။ သူက မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “စစ်သူကြီးကျူး... ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ခင်ဗျားတို့ နှစ်ယောက်လုံး ပြောတာ မှန်ပါတယ်။ အခြေအနေက အရေးကြီးလေ ကျုပ်တို့က ပိုပြီး ပေါ့ပေါ့ဆဆ မလုပ်သင့်လေပဲ။ ကျင်းမင်းသားရဲ့ အဓိကတပ်မကြီးက တစ်ကြိမ်တည်းနဲ့ အပြီးတိုင် သုတ်သင်ပစ်ရမယ်။ ဒီလို အခြေအနေမျိုးမှာ စစ်သည်တွေကို ကွပ်ကဲဖို့ အိမ်ရှေ့စံမင်းသားကို လိုအပ်ပါတယ်။ ဒါကို ကျုပ် သဘောတူပါတယ်”
စစ်သူကြီးကျူးလင်းက ရယ်မောလိုက်သည်။ “အင်း ကျန်းပေနယ်စားကြီး.... ခင်ဗျားက နိုင်ငံတော်ရဲ့ ကျောက်တိုင်ပဲ။ ကျုပ်တို့ ၃ ယောက်ပေါင်းပြီး အရှေ့မင်းကြီးဆီ လျှောက်တင်စာ ပို့လိုက်ကြမလား။”
နန်းကုန်းအိုက မည်သို့ ငြင်းဆန်နိုင်မည်နည်း။ ထို့ကြောင့် သူတို့ သုံးဦး ပူးပေါင်းကာ လျှောက်တင်လွှာကို ရေးသားခဲ့ကြ၏။ သူတို့က အရှေ့မင်းကြီးထံ အောင်ပွဲသတင်းကို ဆက်သ၏။ ထို့အပြင် ကျင်းမင်းသားကို အမြစ်ပြတ် သုတ်သင်မည့် စစ်ပွဲကို ကွပ်ကဲနိုင်ရန် အိမ်ရှေ့စံမင်းသားအား တောင်ဘက်အရပ်သို့ စေလွှတ်ပေးပါရန် အရှေ့မင်းကြီးထံ တောင်းဆိုလိုက်ကြ၏။
...........
စိတ်လှုပ်ရှားလွန်းသောကြောင့်ပင်ဖြစ်မည်။ အရှေ့မင်းကြီး၏ ပါကင်ဆန်ရောဂါက သိသိသာသာ ဆိုးရွားလာခဲ့၏။ သူက လက်ထဲတွင် ဘာမှ မရှိလျှင် မနေနိုင်မထိုင်နိုင် တုန်ယင်လာတတ်၏။ ဤအရာကို ဖုံးကွယ်ရန်အတွက် လက်ထဲတွင် တစ်စုံတစ်ခုကို အမြဲတမ်း ဆုပ်ကိုင်ထားရ၏။ သူ၏ စိတ်နှလုံးက အလွန်ပင် ပူပန်နေခဲ့သည်။
နန်အိုနိုင်ငံ၏ စစ်ပွဲက တစ်လမျှ ကြာမြင့်ခဲ့၏။ အထူးသဖြင့် စစ်ပွဲ၏ အစပိုင်း လဝက်ခန့် ဖြစ်သည်။ သတင်းဆိုးများကိုသာ အဆက်မပြတ် ကြားခဲ့ရ၏။ နင်ယွမ်ရှန်းက တစ်နေ့လျှင် ၃ ကြိမ်မျှ လန့်ဖျပ်နေ၏။ သူက မိမိကိုယ်ကိုယ်ရော၊ ရွှဲ့ပြည်နယ်ပေါ်တွင်ပါ ကြီးမားသည့် သံသယများ ဝင်လာခဲ့၏။
ကျင်းမင်းသားက ဤမျှလောက် စွမ်းအားကြီးမားသည်လား။ လူအင်အား ၁ သိန်းတည်းနှင့် နန်အိုနိုင်ငံ၏ မြို့တော်ကို သိမ်းပိုက်လိနီးပါး ဖြစ်ခဲ့သည်။
အထူးသဖြင့် ဤစစ်မြေပြင်သတင်း စာလွှာများအရ နန်အိုနိုင်ငံ၏ အနောက်ဘက်မြို့တံခါး ကျိုးပေါက်လုနီးပါး ဖြစ်ခဲ့၏။ ထိုအချိန်က နင်ယွမ်ရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်ခဲ့ရ၏။ သူက ရှင်းလင်းစွာ သိရှိနေ၏။ နန်အိုနိုင်ငံ၏မြို့တော်က စစ်မြေပြင်တစ်ခုလုံးတွင် အကြီးမားဆုံးသော ခံတပ်ကြီးလည်း ဖြစ်၏။ ထိုအရာကသာ ကျရှုံးသွားပါက စစ်ပွဲကြီးတစ်ခုလုံး ရှုံးနိမ့်သွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ကျူးလင်းနှင့် နန်းကုန်းအိုတို့က မြို့ကို ကာကွယ်နိုင်ခဲ့၏။ နောက်ပိုင်းတွင် ရှည်ကြာသည့် စောင့်ဆိုင်းမှုကြီး တစ်ခုပင် ဖြစ်၏။ ဤအချိန်၌ နန်းမြို့တော်ကြီး တစ်ခုလုံးတွင် ပျော်ပွဲရွှင်ပွဲများကို တားဆီးပိတ်ပင်ထား၏။
မယ်တော်ကြီးက တစ်နေ့လျှင် ဆန်ပြုတ် နှစ်ပန်းကန်ကိုသာ သုံးဆောင်၏။ သူတော်စင်ဘုံကျောင်းရှေ့တွင် တစ်နေကုန် စစ်ပွဲအတွက် တောင်းဆုပြုနေ၏။ မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်များက လမ်းလျှောက်သည့်အချိန်တွင်ပင် အသက်ကို ပြင်းပြင်း မရှူရဲကြချေ။ အထက်လူကြီးများကို အနှောင့်အယှက် ပေးမိပြီး အသက်အန္တရာယ် ကြုံတွေ့မည်ကို စိုးရိမ်သောကြောင့်ပင်။
နန်းမြို့တော် တစ်ခုလုံး၊ သို့မဟုတ် နန်းတော်တစ်ခုလုံး အလွန်မင်း စိတ်ဓာတ်ကျစရာ အခြေအနေ ဆီသို့ ရောက်ရှိနေ၏။ အမှောင်ထဲမှ ထွက်ပေါ်လာခဲ့သည့် ကောလာဟလသတင်းများကလည်း ပိုမိုကာ များပြားလာခဲ့ပြီ။ ထိုအရာများကို အမြစ်ပြတ် သုတ်သင်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
လူတိုင်းက သိရှိနေ၏။ အကယ်၍ နန်အိုနိုင်ငံသာ ဤစစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ချောင်ဘုရင်၏ တပ်မဟာပေါင်း ၂ သိန်း ၈ သောင်းက အနောက်ဘက် ကျန်းရှစ် စီရင်စုဆီသို့ ဝင်ရောက်ကာ တိုက်ခိုက်လာပေလိမ့်မည်။ ထိုအချိန်သို့ ရောက်ပါက ရွှဲ့ပြည်နယ်တစ်ခုလုံးအတွက် ကပ်ဘေးဆိုးကြီး ဖြစ်မည်။
နင်ယွမ်ရှန်းက ရှမ့်လန်ကို အလွန် လွမ်းဆွတ်မိနေပြီး ပြန်လာမည့် နေ့ရက်ကို မတွေးသည့်နေ့ဟူ၍ မရှိခဲ့ချေ။ အထူးသဖြင့် နင်ကျန်း၏ ထူးချွန်မှုကို မြင်ရလေ၊ ရှမ့်လန်ပြန်လာရေးကို ပိုမိုကာ သူက မျှော်လင့်ကြီး ဖြစ်မိလေပင်။ နန်အိုနိုင်ငံစစ်ပွဲသာ အနိုင်ရရှိပါက ရှမ့်လန် ပြန်လာမည့် လမ်းကြောင်းက အပြီးတိုင် ပိတ်ပင်သွားမည် ဖြစ်ကြောင်း သူသိ၏။
သို့ပေမည့် သူက ရွှဲ့ပြည်နယ်၏ ဘုရင်တစ်ပါး ဖြစ်၏။ ပုံမှန်အားဖြင့် သူက နိုင်ပွဲကိုလည်း အလွန်မင်း ဆာလောင် တောင်းတ၏။ ရှမ့်လန် ပြန်လာရေးနှင့် နှိုင်းယှဉ်မည် ဆိုလျှင် ရွှဲ့ပြည်နယ်၏ ရှင်သန်ရေးက ပိုမိုကာ အရေးကြီးသည်။
“ရှမ့်လန်... ဒီခွေးကောင်လေး ရွှမ်ဝူမြို့မှာ ပျော်ပျော်ကြီး နေ,နေမှာပေါ့။ ကောင်းကင်ဘုံက သူ့ကို ကောင်းချီး ပေးပါစေ။ ရွှဲ့ပြည်နယ်ကိုလည်း ဒီကပ်ဘေးက လွတ်မြောက်ခွင့်ပေးပါ။ နန်အိုနိုင်ငံကို စစ်နိုင်ခွင့်ပေးပါ။”
နင်ကျန်းကို အလွန်အမင်း ချစ်ခင်သည့် မိဖုရားကြီးပျံ့ကပင်လျှင် နန်အိုနိုင်ငံ စစ်နိုင်သည် ဆိုပါက အိမ်ရှေ့စံ၏ နေရာ ခိုင်မြဲသွားမည်ဖြစ်ပြီး နင်ကျန်း ထီးနန်းရနိုင်ခြေ အခွင့်အရေး နည်းပါးသွားမည်ဖြစ်ကြောင်း သိရှိသော်လည်း နန်အိုနိုင်ငံ စစ်နိုင်ရန် ဆုတောင်းနေ၏။
“နတ်ဘုရားများ ကောင်းချီးပေးပါ။ နန်အိုနိုင်ငံ စစ်နိုင်ပါစေ။။” မိဖုရားကြီး၏ အသံက နန်းဆောင် တစ်ခုလုံးတွင် ရှင်းလင်းစွာ ထွက်ပေါ်နေခဲ့ပြီး ပဲ့တင်ထပ်နေသကဲ့သို့ပင်။
ထိုအချိန်မှာတော့ လက်ရွေးစင် စစ်သည်တစ်ဖွဲ့က မြောက်ဘက်သို့ အရူးအမူး ဒုန်းစိုင်းခရီးနှင်လာသည်။ “အရေးပေါ် ... အရေးပေါ်... နန်အိုနိုင်ငံ စစ်နိုင်ပြီ။ စစ်နိုင်ပြီဟေ့”
ရွှမ်ဝူတံခါးကို စောင့်ကြပ်သည့် တပ်မှူးက လှမ်းအော်ပြော၏။ နာကျည်းမှုက မြို့စောင့်တပ်မှူး အဖြစ် ရာထူးတိုးမြှင့်ခံရပြီး လမ်းညီအစ်ကိုဆယ်ယောက်လုံးက ရာစုမှူးမှ တပ်ရင်းမှူးများ အဖြစ်သို့ ရာထူးတိုးခြင်း ခံရ၏။ သတင်းကြားချိန်မှာတော့ လန်တစ် ၏ နှလုံးသားများက တုန်လှုပ်သွား၏။ သူက ရုတ်တရက် ဝမ်းနည်းသလို ခံစားနေမိ၏။ သူ၏ကံကြမ္မာက နင်ကျန်းနှင့် တစ်ထပ်တည်း ချည်နှောင်ထားပြီးသား ဖြစ်၏။ နန်အိုနိုင်ငံစစ်နိုင်လျှင် မင်းသားနင်ကျန်း ထီးနန်း ရနိုင်ခြေ အလွန် နည်းပါးသွားမည်ဖြစ်ကြောင်း သူသိ၏။
“အရေးပေါ်... နန်အို စစ်နိုင်ပြီ”
သတင်းပို့ မြင်းစီး တပ်သားများက အဝေးဆီမှ ချဉ်းကပ်လာ၏။ လန်တစ် က ချက်ချင်း အော်ပြောသည်။ “တံခါးဖွင့်... မြို့တံခါးကို ဖွင့်ပေးလိုက်”
ရွှမ်ဝူဂိတ်တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်သွားခဲ့၏။ သတင်းပို့ မြင်းစီးတပ်သားများက နန်းမြို့တော်ဆီသို့ ဝင်ရောက်လာခဲ့၏။ “သတင်းကောင်း... သတင်းကောင်းပဲ။ ရွှဲ့ပြည်နယ်က နန်အိုစစ်ပွဲကို နိုင်ပြီ။ သတင်းကောင်းပဲ။”
ယုတိ္တဗေဒအရ ပြောရမည် ဆိုလျှင် ဤအရာကို လူပုံလယ်တွင် အော်ဟစ် မပြောသင့်ချေ။ ဤသတင်းပို့သမား မြင်းစီးတမန်တော်က နန်းမြို့တော်သို့ အရင်ဆုံး ဝင်ရောက်ပြီး တိုင်သူပြည်သားများ မသိရှိခင် အရှင်မင်းကြီးထံ အရင်ဆုံး သံတော်ဦး တင်သင့်၏။ သို့သော်ငြား တစ်စုံတစ်ဦးသော အကြောင်းအရာကြောင့် မြင်းစီးတမန်တော်က လမ်းတစ်လျှောက် ရူးသွပ်စွာဖြင့် အော်ဟစ်လာခဲ့သည်။
သွားသည့်နေရာတိုင်း နန်အိုနိုင်ငံ၏ အောင်ပွဲသတင်းကို ကြားရ၏။ တစ်နိုင်ငံလုံးက စိတ်လှုပ်ရှား တက်ကြွသွားခဲ့၏။ လပေါင်းများစွာ ဖိနှိပ်ခံထားရသည့် မြို့တော်ကြီးက ပျော်ရွှင်မှုလှိုင်းလုံးများဖြင့် ပြည့်နှက်သွားခဲ့၏။ လူပေါင်းများစွာတို့က နေအိမ်ထဲမှ ပြေးထွက်လာခဲ့၏။ သူတို့က ဦးတည်ချက် မရှိသော်လည်း အလွန်မင်း ပျော်ရွှင်ကြ၏။
“ရွှဲ့ပြည်နယ်ကြီး အဓွန့်ရှည်ပါစေ... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။။”
မြို့စောင့် တပ်သားများက စည်းကမ်း ထိန်းသိမ်းပြီး ထိုလူများကို အိမ်သို့ ပြန်လည်ကာ တွန်းထည့်ရ၏။ စစ်အတွင်း စည်းမျဉ်းစည်းကမ်းများအရ ခွင့်ပြုချက်မရှိဘဲ လူသုံးဆယ်ထက်ပိုသော စုဝေးမှုက တရားမဝင်ပေ။ သို့သော်ငြား ပျော်ရွှင်မြူးတူးလျက် ရှိနေသည့် လူအုပ်ကြီးကို ကြည့်ပြီး မြို့စောင့် တပ်သားများက ဘာမှ မလုပ်ဆောင်နိုင်တော့ချေ။
“အရှင်မင်းကြီး... သတင်းကောင်းပါ။ သတင်းကောင်းပါ။။”
နန်းတော်၏ တံခါးများက တစ်ခုပြီး တစ်ခု ပွင့်သွား၏။ သတင်းပို့ မြင်းစီး တမန်တော်က အတားအဆီးမရှိ ဝင်ရောက်လာခဲ့ပြီး ညီလာခံ ခန်းမဆောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။
“အရှင်မင်းကြီး... နန်အိုနိုင်ငံ စစ်နိုင်ခဲ့ပါပြီ။ ကျင်းမင်းသားရဲ့ စစ်သည်ပေါင်း ၁ သိန်းကျော်က လူအင်အား ၄ သောင်းလောက်သာ ကျန်တဲ့အထိ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားခဲ့ရပါတယ်”
ထိုအချိန်မှာတော့ ညီလာခံ အစည်းအဝေး၏ လေထုက လေးလံ ထိုင်းမှိုင်းလို့နေခဲ့၏။ အောင်သတင်း လာရောက် ပေးပို့သည့် စစ်သည်တော်၏အသံ ထွက်ပေါ်လာတော့ အားလုံးက တုန်လှုပ်သွားခဲ့၏။
မှူးမတ်များက အစပိုင်းတွင် ကြောင်အသွား၏။ နောက်ပိုင်းတွင် ဝမ်းသာအားရ ဖြစ်ကုန်သည်။
နောက်ဆုံးမှာတော့ နိုင်ပွဲသတင်း ရောက်ရှိလာခဲ့သည်။ အိမ်ရှေ့စံမင်းသား၏ နှလုံးသားသွေးများကလည်း ဆူပွက်လာခဲ့၏။ နောက်ဆုံးတော့ ဤနေ့ကို ရောက်ရှိလာခဲ့၏။ ဝန်ကြီးချုပ် ကျူးဟုန်ကျူး၏ မျက်နှာကလည်း နီမြန်းပြီး အသက်ရှူသံများ မြန်ဆန်လာခဲ့၏။
မလွယ်ကူခဲ့ပေ။ ကျူးမျိုးနွယ်က ဤမလွယ်ကူသည့် နိုင်ပွဲကို ရယူရန်အတွက် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ခဲ့ရ၏။ အခြေခံ အရင်းအမြစ်များကို ထုတ်ယူ သုံးစွဲခဲ့ရ၏။ သို့သော်ငြား အရာအားလုံးက ထိုက်တန်ခဲ့သည်။
အိမ်ရှေ့စံနင်ယီက ဒူးထောက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “ဂုဏ်ယူပါတယ် အဖေ။”
ကျူးဟုန်ကျူးကလည်း ဒူးထောက်လိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး”
ပြီးနောက် မှူးမတ်ပေါင်းများစွာတို့က ညီညာစွာဖြင့် ဒူးထောက်လိုက်ကြ၏။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး”
ဤလူများက အရှင်မင်းကြီးကို ဂုဏ်ပြုနေကြသည် ဆိုသော်လည်း သူတို့၏ စိတ်ထဲတွင် အိမ်ရှေ့စံမင်းသားကို ဂုဏ်ပြုနေကြခြင်းဖြစ်၏။ နန်အိုနိုင်ငံ စစ်နိုင်၏။ အိမ်ရှေ့စံ၏ နေရာက တောင်ကြီးတစ်လုံးပမာပင် ခိုင်ခန့် သွားခဲ့၏။
အရှင်မင်းကြီး နင်ယွမ်ရှန်းက နားထောင်နေ၏။ အစပိုင်းတုန်းက သူက ဝမ်းသာသွားသော်လည်း နောက်ပိုင်းတွင် တွေဝေငေးမောနေ၏။ နိုင်သွားသည်လား။ ဤကဲ့သို့ပင် နိုင်သွားသည်လား။ နိုင်တာတော့ ကောင်းသည်။
သို့နှင့် သူက အိမ်ရှေ့စံကို ကြည့်လိုက်၏။ အိမ်ရှေ့စံ၏ မျက်လုံးများဆီမှ နှိုင်းယှဉ်၍မရနိုင်သည့် မာန်မာန အလင်းရောင်များ ထွက်ပေါ်နေသည်ကို သူမြင်၏။ ‘ဒါ... ငါ့အတွက် နိုင်ပွဲ ဖြစ်ပေမယ့် အကြီးမားဆုံး အကျိုးအမြတ် ရတဲ့သူက အိမ်ရှေ့စံမင်းသား ပါလား။’
လွန်ခဲ့သည့် လအနည်းငယ်က သူက နင်ချီကို မြှောက်စားပြီး အိမ်ရှေ့စံကို ဖိနှိပ်ထားခဲ့၏။ အိမ်ရှေ့စံက နောက်ဆုံးမှာတော့ ခေါင်းမော့နိုင်တော့မည်လား။ နင်ယွမ်ရှန်းက နင်ကျန်းကို မကြည့်ဘဲ မနေနိုင်ပေ။ နင်ကျန်းက ယခင်က ပုကွကွ ဖြစ်သော်လည်း ယခု ပိန်ကျသွားပြီး ပုံပျက်ပန်းပျက် ဖြစ်လို့ နေသည်။ လူရုပ်ပင် မပေါက်ချေ။ သူ့ခဗျာ ပင်ပန်းရှာသည်။
သူက တကယ်တမ်း အလုပ်ကြိုးစားခဲ့သူ ဖြစ်၏။ အရှက်ကွဲမှုကို သည်းခံပြီး နိုင်ငံတော်နှင့် ဘုရင်မင်းမြတ်၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေကာ ထမ်းခဲ့သူပင်။ ပင်ပန်းဆင်းရဲသည်ဟူ၍ပင် တစ်ခါလေးမှ မညည်းညူခဲ့ချေ။ တကယ့်ကို သားကောင်းရတနာ ဖြစ်၏။
သို့သော်ငြား စစ်ရှုံးသည်ထက်စာလျှင် နိုင်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ရယ်မောလိုက်သည်။ “ကဲ... မှူးမတ်တို့ ထကြတော့။ ဒီသတင်းကောင်းကို မယ်တော်ကြီးဆီ သွားပြီး လျှောက်တင်လိုက်တော့။ တိုင်းပြည်တစ်ခုလုံး သိအောင် ကြေညာလိုက်၊ ပြည်သူတွေအကုန်လုံး ပျော်ရွှင်ကြအောင်။ ကျူးလင်း၊ နင်လော့နဲ့ နန်းကုန်းအို၊ ကျူးကျွင်း သူတို့ အားလုံး ပင်ပန်းခဲ့ကြပြီ။”
မှူးမတ်များ အားလုံးက ထပ်မံကာ ဦးညွတ်လိုက်ကြ၏။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး”
ပြီးနောက် စစ်သည်တော်ခေါင်းဆောင် တစ်ယောက်က လှမ်းကာ ပြောသည်။ အရှင်မင်းကြီး... မင်းသမီး နင်လော့၊ စစ်သူကြီးကျူးလင်းနဲ့ စစ်သူကြီး နန်းကုန်းအိုတို့က ပူးတွဲ သံတော်ဦးတင်စာ တစ်ခုကို တင်သွင်းလာပါတယ်။
အရှင်မင်းကြီး နင်ယွမ်ရှန်းက မျက်လုံးများ ကျဉ်းမြောင်းသွား၏။ လာပေပြီ။ သူတို့က ခဏလေးတောင် ရပ်တန့်ခဲ့ခြင်း မရှိခဲ့ချေ။ တောင်းဆိုစရာ ရှိတာကို တောင်းဆိုလာခဲ့ကြပြီ။ သို့ပေမည့် နင်ယွမ်ရှန်းက ပျော်ရွှင်နေဆဲပင်။ “ယူလာခဲ့”
စစ်သည်တော်က စာလွှာကို မိန်းမစိုးကြီး လီစွမ်းထံ ကမ်းပေး၏။ လီစွမ်းက သေချာစစ်ဆေးပြီးနောက် အရှင်မင်းကြီးထံ ဆက်သ၏။
နင်ယွမ်ရှန်းက ဖတ်လိုက်၏။ တကယ်တော့ စာလွှာထဲတွင် ပါဝင်မည့် အကြောင်းအရာကို သူက သိနှင့်ပြီးသား ဖြစ်၏။ နန်အိုစစ်မြေပြင်၌ ကြီးမားသည့်အောင်ပွဲကို အရယူဖို့ အိမ်ရှေ့စံ မင်းသားကို လွှတ်ပေးရန် တောင်းဆိုခြင်းပင်။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ကျုးလင်း၊ နင်လော့နဲ့ နန်းကုန်းအိုတို့က ပူးတွဲစာလွှာကို တင်သွင်းလိုက်တယ်။ နန်အိုစစ်ပွဲက အဆင့်တစ်ခုကို ရောက်ရှိနေတယ်။ ကာကွယ်တဲ့နေရာကနေ တိုက်စစ် ဆင်တဲ့နေရာကို ပြောင်းလဲရမယ်။ သူတို့က ကျင်းမင်းသားရဲ့ အဓိက တပ်တော်ကြီးကို အမြစ်ဖြတ် ချေမှုန်းပြီး နန်အိုနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ထာဝရ သေချာစေချင်တယ်။ ဒါကြောင့် နောက်တစ်ဆင့်က ဝန်းရံ ပိတ်ဆို့ ချေမှုန်းဖို့ပဲ။ မြေပုံ ယူခဲ့ကြ”
မိန်းမစိုးအနည်းငယ်က မြေပုံချပ်ကြီးကို ချိတ်ဆွဲလိုက်၏။ နင်ယွမ်ရှန်းက ပြောလိုက်၏။ “ကျင်းမင်းသားက သဲကန္တာရ လူရိုင်းစစ်သည် သုံးသောင်းနဲ့ အနောက်ဘက်ကို ဆုတ်ခွာသွားကြတယ်။ ရေနက်ခံတပ်၊ အဲဒီခံတပ်က နှစ်ပေါင်းနှစ်ဆယ်လောက်က စွန့်ပစ်ထားတဲ့ နေရာတစ်ခုပဲ။ နန်အိုရဲ့ အနောက်ဘက် အကျဆုံးအများဆုံးဖြစ်ခဲ့ဖူးတဲ့ နယ်မြေပဲ။ သူတို့က ပိတ်ဆို့ချေမှုန်းရေး စစ်ပွဲကို ဆင်နွှဲချင်နေကြတယ်။ ကျင်းမင်းသားနဲ့ တာ့နန် နိုင်ငံကို အမြစ်ဖြတ် ချေမှုန်းသုတ်သင်နေချင်ကြတယ်။ သူတို့တောင်းဆိုတာက နန်အိုစစ်ပွဲနဲ့ ရိက္ခာထောက်ပံ့ရေးကို ကွပ်ကဲဖို့ အိမ်ရှေ့စံမင်းသားကို လွှတ်ပေးဖို့ပဲ။ ဘယ်လိုသဘောရလဲ နင်ယီ ... သွားချင်လား”
အိမ်ရှေ့စံမင်းသား နင်ယီက လျှောက်တင်လိုက်သည်။ “အဖေ့ရဲ့ ဝန်ထုတ်ဝန်ပိုးကို မျှဝေထမ်းဆောင် ချင် ပါတယ်။ ကျုပ် ဘာတစ်ခုကိုမှ မစိုးရွံ့ဘဲ သွားပါ့မယ်”
.............
နေရာက ပိုမိုနီးကပ်သောကြောင့် ရှမ့်လန်က တိုက်ပွဲသတင်းကို အရှင်မင်းကြီးထက် ပိုမိုစောစွာ သိရှိ၏။ ထို့ကြောင့် သူက အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်၏။
ကျင်းမင်းသားက တကယ့်ကို အံ့မခန်းပင်။ ပထမ အကြိမ်က နန်အိုမြို့ကို တကယ်ပဲ သိမ်းပိုက်လုနီးပါး လုပ်ပြခဲ့၏။ ထိုအချိန်တုန်းက နန်အိုမြို့တော်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ခြင်းပင်။ ကြိုးစားခဲ့ပြီး မသိမ်းပိုက်နိုင်သည်ကို သိရှိချိန်၌ ချက်ချင်းပဲ လက်လျော့ပြီး သူ၏ မူလစီမံကိန်းကို ဆက်လက်ကာ အကောင်အထည်ဖော်ခဲ့သည်။
မြွေကို တွင်းထဲက ထွက်လာအောင် ဆွဲခေါ်ခြင်းပင်။ အစီအစဉ်က တကယ့်ကို ရိုးရှင်းသော်လည်း မလွယ်ကူခဲ့ချေ။ ကျင်းမင်းသားက ဤကိစ္စအတွက် တကယ့်ကို ကြီးမားသည့် ပေးဆပ်မျိုးမှုကို ပေးဆပ်ရခဲ့၏။ မလွယ်ကူခဲ့ချေ။ သူ့ကိုသူ ငါးစာအဖြစ် အသုံးချပြီး သေရေးရှင်ရေး အခြေအနေမျိုး ဖြစ်အောင် တကယ်ပင် လုပ်ပြခဲ့၏။
ရှမ့်လန်က မြေပုံရှေ့တွင်ရပ်ပြီး အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။ “တကယ်လို့ အိမ်ရှေ့စံနင်ယီသာ နန်အိုကို သွားမယ်ဆိုရင် သူ့ကို စောင့်ကြိုနေတာ ထာဝရ ငရဲခန်းပဲ ဖြစ်လိမ့်မယ်။ ကဲ.. ငါတို့အားလုံးလည်း အဆင်သင့် ပြင်ထားသင့်ပြီ။ မကြာခင်မှာ အားလုံး ကပြ အသုံးတော်ခံရမယ့်နေ့ကို ရောက်လာမှာပဲ။”