← Chapters

အခန်း (၆၃၁-၆၃၂)

Vol. 41 Ch. 631-632

အခန်း (၆၃၁-၆၃၂)

Vol. 41 Ch. 631-632

အပိုင်း (၆၃၁)

ထိုခဏမှာပဲ ရှမ့်လန်က ကျင်းမင်းသားရဲ့ စိတ်အကြံကို အတတ်သိသလို ခံစားလိုက်ရ၏။ သူက သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ အားသာချက်၊ အားနည်းချက်များကို ကောင်းကောင်း စာရင်းပြုစုထား၏။ ထို့ကြောင့် သေသေချာချာ နားလည်သဘောပေါက်၏။

ကျင်းမင်းသား၏ ကနဦး စစ်ရေးဗျူဟာ ရည်မှန်းချက်က ရွှဲ့ပြည်နယ်၏ တောင်ဘက်တည်နေရာတစ်ခုလုံးရှိ စစ်ရေးဖြန့်ကျက်မှုကို အလုံးစုံ ဖျက်ဆီးပစ်ရန်နှင့် ရွှဲ့ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိနေသော အာဏာလုပွဲကို အခွင့်ရေးယူပြီး သူက အမြင့်ဆုံးသော အောင်ပွဲကို ရယူရန် ဖြစ်သည်။

သို့သော်ငြား စစ်ပွဲစတင်သည့်အချိန်တွင် ကျင်းမင်းသားက သူ၏ စစ်သည်များ ပိုမိုကာ အားကောင်း လာကြောင်း သိရှိနားလည်မိ၏။ ထို့ကြောင့် သူက အနည်းငယ် စိတ်လွတ်သွားခဲ့၏။ နန်အိုနိုင်ငံ၏ မြို့တော်ကို ပြန်လည်သိမ်းပိုက်ချင်စိတ် ပေါက်ခဲ့၏။ ပြောရမည်ဆိုလျှင် ဤမြို့က သူ၏ အိမ်မက်မြို့တော် ဖြစ်သလို အနာဂတ် တာ့နန်နိုင်ငံ၏ မြို့တော်လည်း ဖြစ်ပေလိမ့်မည်။ ထိုသို့ သိမ်းပိုက်ရန် ကြိုးစားမှုက အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။ သို့သော်ငြား သူက ချက်ချင်းပဲ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိသွား၏။

“ကျင်းမင်းသားရဲ့ ရည်မှန်းချက်က ကြောက်ခမန်းလိလိပဲ” ရှမ့်လန်က ပြောလိုက်သည်။

ရွှမ်ဝူနယ်စားကြီး ကျင်းကျိုးက မေး၏။ “သူ ဘာလိုချင်တာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “သူက နန်အိုနိုင်ငံရဲ့ မြေတည်နေရာတွေကို ပြန်လည်ရယူချင်ရုံသာ မကဘူး။ ရွှဲ့ပြည်နယ်ရဲ့ အဓိကစစ်အင်အားကို ချေမှုန်းပြီး သူ့အဖေအတွက် ကလဲ့စားချေဖို့ပဲ။ ရွှဲ့ပြည်နယ်ကို ချောင်ပြည်နယ်နဲ့ ပူးပေါင်းပြီး အပိုင်းပိုင်း ဆွဲဆုတ်ပစ်ချင်တာပဲ”

ပြီးနောက် ရှမ့်လန်က မြေပုံပေါ်ရှိ တစ်စုံတစ်ခုကို စတင်ကာ ရှာဖွေ၏။

“ယောက်ျား... ဘာရှာနေတာလဲ” မူလန်က လှမ်းမေးသည်။

ရှမ့်လန်က ပြောဆိုလိုက်၏။ “အင်း... အခိုင်အမာ တပ်ဆွဲလို့ရမယ့် နေရာတစ်ခုကို ရှာနေတာ။ အခြေအနေတွေ လုံးဝ ပြိုလဲသွားတဲ့အချိန်ကျရင် ငါတို့ ဘယ်နေရာမှာ ခံစစ်ပြင်ကြမလဲ။ ဘယ်မြို့ကို အဟန့်အတား စခန်းတစ်ခု ချမှတ်မလဲဆိုတာ သတ်မှတ်ရမယ်”

ရှမ့်လန်က မြေပုံပေါ်တွင် ဆက်လက် ရှာဖွေနေဆဲပင်။ ဤမြို့က လိုအပ်ချက် နှစ်ခုနှင့် ကိုက်ညီရပေလိမ့်မည်။ ပထမအချက်က သိပ်မကြီးမားလွန်းသော မြို့ဖြစ်ရမည်။ ဒုတိယအချက်အားဖြင့် သဲကန္တာရ လူရိုင်းမျိုးနွယ်များ မြောက်ဘက်နှင့် အရှေ့ဘက်သို့ ချီတက်လာခြင်းကို တားဆီးရန် အရေးပါသည့်နေရာ လမ်းကြောင်းလည်း ဖြစ်ရပေမည်။

မကြာခင်မှာပဲ ရှမ့်လန်က ထိုမြို့ကို တွေ့ရှိသွား၏။ ထျန်းနန်ပြည်နယ်ရှိ ရန်ကော်မြို့ပင် ဖြစ်၏။ ဤမြို့က ရွှမ်ဝူမြို့နှင့် မိုင်ပေါင်း ၆၀၀၊ ထျန်းနန်မြို့တော်နှင့် မိုင်ပေါင်း ၃၀၀၊ နန်းမြို့တော်နှင့် မိုင်ပေါင်း ၁၀၀၀ လောက် ကွာဝေး၏။ ဤနေရာကို အဟန့်အတား စစ်စခန်းအဖြစ် အသုံးပြုနိုင်၏။

အကယ်၍ အခြေအနေက ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာပြီး အဆိုးဝါးဆုံးသော အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပါက ရှမ့်လန်က ဤနေရာ၌ အခြေချ၍ ဒီရေလှိုင်းကျဆင်းလာသကဲ့သို့ ရောက်ရှိလာမည့် ရန်သူစစ်သည်အားလုံးကို ဤနေရာတွင် ပြန်လည်တိုက်ခိုက်ပြီး ရွှဲ့ပြည်နယ်ကို ပြန်လည် ကယ်တင် ရပေလိမ့်မည်။

နန်းတွင်းညီလာခံမှာတော့ ....

အိမ်ရှေ့စံမင်းသားက တောင်ဘက်သို့ ကိုယ်တိုင် စစ်ချီ၍ နန်အိုစစ်မြေပြင်ကို ကွပ်ကဲလိုကြောင်း ဆန္ဒပြု၏။ အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှ အမတ်ကြီး နှစ်ဦးတို့ကလည်း ထောက်ခံကြ၏။ တကယ်ဟာသပင်။ စည်းဝါး အတိုင်အဖောက်က ညီမျှလွန်းနေသည်။

ကျူးမိသားစုက ဤမျှ ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြုလုပ်ခဲ့ခြင်းက အိမ်ရှေ့စံမင်းသားအား အောင်ပွဲ၏ အသီးအပွင့်ကို စားသုံးခံစားစေချင်သောကြောင့် ဖြစ်၏။ အိမ်ရှေ့စံ မသွား၍ အဘယ်သူ သွားမည်နည်း။

လူတိုင်းက အိမ်ရှေ့စံမင်းသား၏ စစ်ရထားပေါ်၌ အတူတူ လိုက်ပါစီးနင်းကြသူများ ဖြစ်သောကြောင့် အိမ်ရှေ့စံ မင်းသားအား စစ်ပွဲ၏အဆုံးအဖြတ် ဖန်တီးနိုင်သူ ဖြစ်လာစေရန် မျှော်လင့်နေကြသည်က အမှန်ပင်။

တတိယမင်းသား၏ ဘက်တော်သားများက ကန့်ကွက်လိုကြသော်လည်း သူတို့က တကယ်ပင် အင်အား ကင်းမဲ့နေ၏။ ယခုလိုအချိန်တွင် ထကာ ကန့်ကွက်လိုက်သည်ဆိုပါက အိမ်ရှေ့စံမင်းသား၏ တစ်သက်တာ မုန်းတီးခြင်းကို ခံရပေလိမ့်မည်။

လူတိုင်းက တတိယမင်းသား နင်ချီကို လှမ်းကာ ကြည့်မိကြ၏။

တတိယမင်းသား နင်ချီက လက်ရှိ ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး သူ၏ အထက် နောက်ကွယ်၌ ရွှယ်ချီရှိ၏။ သို့ပေမည့် ရွှယ်ချီက ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် ရှိနေကြ၏။ သူတို့က မည်သည့်စကားကိုမှ ဝင်ရောက် ပြောဆိုလိမ့်မည် မဟုတ်ကြောင်း ထင်ရှားနေသည်။

“ကျုပ် ထောက်ခံပါတယ်”

“ကျုပ်လည်း ထောက်ခံပါတယ်”

“ကျုပ်လည်း ထောက်ခံပါတယ်”

ရှိသမျှ မှူးမတ်အပေါင်းတို့က ရှေ့သို့ထွက်ပြီး အိမ်ရှေ့စံမင်းသား တောင်ဘက်သို့ စစ်ချီတက်မည့် ကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ထောက်ခံကြ၏။ တကယ့်ကို တစ်ဖက်သတ် ဆန်သည့် အခြေအနေမျိုးပင်။

ထိုအချိန်မှာပဲ ပဉ္စမမင်းသား နင်ကျန်းက လူအုပ်ထဲမှ တိုးထွက်လာခဲ့၏။

လူတိုင်းက အားအံ့တသင့် ဖြစ်သွား၏။ ဘယ်အချိန်တုန်းက စကားကောင်းကောင်း ပြောခဲ့ဖူးသနည်း။ ယခု ဆွေးနွေးပွဲကိစ္စက နင်ကျန်းနှင့် ဘာဆိုင်သနည်း။ ယခင်နင်ကျန်းက သူ့အလုပ်ကိုသာ သူလုပ်ပြီး ညီလာခံထဲတွင် စကားဝင်ပြောခဲသည်။

ယခု နန်အိုနိုင်ငံ၏စစ်ပွဲ အောင်မြင်သွားပြီဖြစ်၍ အပြစ်ဟူသမျှ ခေါင်းပေါ်တင်ခံခဲ့ရသည့် နင်ကျန်း ဆိုသည့် ကောင်က ဘေးဖယ်နေသင့်ပြီ မဟုတ်ပါလား။ နင်ကျန်း၏ တန်ဖိုးက ကုန်ခန်းသွားခဲ့ပြီ။

ယခုမှထွက်လာပြီး အိမ်ရှေ့စံမင်းသား နင်ယီကို ထောက်ခံပေးချင်နေသည်လား။ နောက်ကျသွားပြီ ဖြစ်၏။ အိမ်ရှေ့စံက လက်ခံလိမ့်မည် မဟုတ်ချေ။ လက်နက်ချအညံ့ခံမည် ဆိုလျှင်တောင်မှ ဤသို့ ပြုလုပ်ရန် အရည်အချင်းရှိသည့် လူက နင်ကျန်း မဟုတ်ချေ။

“ကျုပ် ကန့်ကွက်ပါတယ်” နင်ကျန်းက လျှောက်တင်လိုက်၏။

ဤစကားကိုကြားချိန်မှာတော့ လူတိုင်းက အံ့အားတသင့် ဖြစ်သွား၏။ နင်ကျန်းက တကယ်ကြီး ကန့်ကွက်လိုက်သည်လား။ ကိုယ့်ကိုယ်ကိုယ် မည်သူများ ထင်မှတ်နေသနည်း။ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ဝင်ရောက်ပြောဆိုရန် အဘယ်သို့ အခွင့်အရေး ရှိသနည်း။

ဤအခြေအနေထိ ရောက်နေသည်ကိုပင် လက်မလျှော့သေးပေဘူးလား။ ရုန်းကန် လှုပ်ရှား ချင်သေးသည်လား။ အိမ်ရှေ့စံ မင်းသား၏ အောင်မြင်မှု လမ်းကြောင်းကို တားဆီး ချင်သေးသည်လား။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကလည်း ကြောင်အသွားခဲ့သည်။ “အင်း... နင်ကျန်း၊ မင်း ဘာကို ကန့်ကွက်ချင်တာလဲ”

သ ူမှတ်မိသလောက် ဤတစ်ကြိမ်က နင်ကျန်းအနေနှင့် ညီလာခံထဲတွင် ပထမဦးဆုံးအကြိမ် စကားထွက်ပြောခြင်း ဖြစ်၏။

နင်ကျန်းက ပြောလိုက်သည်။ “ပထမဦးဆုံး အချက်အနေနဲ့ ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်က မြို့စောင့် စစ်ဆင်ရေးမှာ ကျွမ်းကျင်ပြီး တောတောင်တွေထဲမှာ တိုက်ခိုက်ဖို့ မသင့်တော်ပါဘူး။ ပြီးတော့ ကျင်းမင်းသားရဲ့တပ်တွေက ရေနက်တပ်ခံတပ်ဆီ ဆုတ်ခွာသွားခဲ့ကြပြီ။ တိုက်စစ်ကနေ ခံစစ်ဆီ အသွင်ပြောင်းသွားခဲ့ပါပြီ။ ဒါက ကျုပ်တို့ စစ်သည်တွေအတွက် အားနည်းချက် ဖြစ်လာလိမ့်မယ်”

“ပြောပါရစေ”

စစ်ဘက်ဆိုင်ရာ ဝန်ကြီးတစ်ယောက်က ရှေ့သို့ ထွက်လာ၏။ “ချန်းဖန်မြို့စားကြီး နင်ကျန်းက စစ်ရေးကိစ္စတွေ ဘာမှ နားမလည်တော့ ဒီလိုမျိုးတွေ ပြောတယ်ဆိုတာ မဆန်းပါဘူး။ အခု ကျင်းမင်းသားရဲ့ တပ်တွေက ရေနက်တပ်ခံတပ်ကို ဆုတ်ခွာသွားပြီဆိုတော့ အဲဒီရေနက်ခံတပ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။”

ထိုလက်ထောက်ဝန်ကြီးက ဦးညွှတ်လိုက်သည်။ “အရှင်မင်းကြီး... မြေပုံကို ခေတ္တခဏ အသုံးပြုခွင့်ပြုပါ”

နင်ယွမ်ရှန်းက ခေါင်းညိတ်ကာ ခွင့်ပြုလိုက်၏။

လက်ထောက်ဝန်ကြီးက ဆက်လက်ကာ ရှင်းပြသည်။ “ရွှဲ့ပြည်နယ်မှာ ဒီရေနက်ခံတပ် အကြောင်းကို ကျုပ်ထက် ပိုပြီး သိတဲ့လူ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီခံတပ်ကို တည်ဆောက်ဖို့ တာဝန်ယူခဲ့သူက ကျုပ် ဖြစ်နေလို့ပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ရွှဲ့ပြည်နယ်နဲ့ နန်အိုနိုင်ငံတို့ ပူးပေါင်းပြီး သဲကန္တာရ လူရိုင်း မျိုးနွယ်တွေကို တိုက်ခိုက်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်က နန်အိုမြို့တော်မှာ တပ်မစွဲနိုင်တဲ့အတွက် နန်အိုနယ်စပ်မှာ ရေနက်ခံတပ် တစ်ခုကို တည်ဆောက်ခဲ့တာပါ။ မူလရည်ရွယ်ချက်ကတော့ လူရိုင်းတွေရဲ့ ကျူးကျော်မှု လမ်းကြောင်းကို ပိတ်ဆို့ပြီး နန်အိုနိုင်ငံရဲ့ အနောက်တောင်ဘက် နယ်စပ်ကို ကာကွယ်ဖို့ သုံးတာပါ”

ထိုအရာကိုကြားတော့ လူတိုင်းက ခေါင်းညိတ်၏။ အမတ်ဟောင်းများစွာကလည်း ထိုအဖြစ်အပျက်ကို မှတ်မိနေသေး၏။

“စီမံကိန်းအရဆိုရင် ရေနက်ခံတပ်က ခိုင်မာတဲ့ ခံစစ်စည်းတစ်ခု ဖြစ်လာဖို့ ၅ နှစ်လောက် တည်ဆောက်ရမှာ။ ဒါပေမဲ့ မမျှော်လင့်တာတွေ ဖြစ်လာခဲ့ပါတယ်။ နန်အိုဘုရင်က စစ်မြေပြင်မှာ ကျရှုံးခဲ့တာကြောင့် အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး ရေနက်ခံတပ် တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်ရတယ်။

ဒါကြောင့် ရေနက်ခံတပ် တည်ဆောက်မှုက ၅ ပုံ ၁ ပုံလောက်ပဲ ပြီးစီးခဲ့ပြီး ခံစစ်စွမ်းရည် လုံးဝ မရှိတော့ပါဘူး။ ခိုင်မာတဲ့ ခံစစ်စည်းရိုးလည်း မရှိဘူး။ မြို့ရိုးတွေ၊ ခံတပ်တွေ မရှိဘဲ ရှေးအကျဆုံး သစ်သားတန်းလျား တွေနဲ့ ခြံစည်းရိုးတွေပဲ ရှိနေတာပါ။ ပြီးတော့ စွန့်ပစ်ထားခဲ့တာကလည်း ဆယ်စုနှစ်ကျော် ကြာနေပြီ။ အလုံးစုံ ပျက်စီးယိုယွင်းနေပါပြီ။ တစ်ချက် ဖြိုလဲလိုက်ရုံနဲ့ ပြိုလဲသွားမယ့် အနေအထားမျိုးပါ။ ကျင်းမင်းသားရဲ့တပ်တွေ အဲနေရာမှာ သွားနေတယ်ဆိုတာ ကိုယ့်သင်္ချိုင်း ကိုယ်တူးနေတာပါပဲ။

ဒုတိယအချက်အနေနဲ့ ရွှဲ့ပြည်နယ်ရဲ့ စစ်မြေပြင်မှာ ရွှဲ့စစ်သည်ပေါင်း ၁ သိန်း ၇ သောင်း ရှိတယ်။ ကျင်းမင်းသားဘက်မှာတော့ ၄ သောင်းအောက်ပဲ ရှိပါတော့တယ်။ အဲဒီလောက် အင်အားနဲ့ သဲကန္တာရ လူရိုင်းတပ်တွေကို မနိုင်ဘူးဆိုရင်တော့ ချန်းဖန်မြို့စားကြီးက ရွှဲ့ပြည်နယ်ရဲ့ တော်ဝင်စစ်သည်တွေကို အထင်သေးလွန်းရာ ရောက်နေပါပြီ။”

ထိုစကားကို ကြားတော့ အားလုံးက ခေါင်းညိတ်ကာ သဘောတူညီလိုက်၏။

နင်ယွမ်ရှန်းက မိန့်တော်မူသည်။ “နင်ကျန်း... မင်း ဘာထပ်ပြောစရာ ရှိလဲ။ တစ်ခါတည်း ပြော”

နင်ကျန်းက ပြော၏။ “ဒုတိယအချက်အနေနဲ့တော့ ဒါက ကျင်းမင်းသားရဲ့ ပရိယာယ် တစ်ခု ဖြစ်နေမလားလို့ စိုးရိမ်မိပါတယ်။”

ထိုအရာကိုကြားတော့ ကျန်လူများက နှာခေါင်းရှုံ့လိုက်၏။ လောကကြီးထဲတွင် မင်းတစ်ယောက်တည်း ဉာဏ်ကောင်းနေလေသည်လား။ ပရိယာယ် ဟုတ်လား။ ကျင်းမင်းသားက သရုပ်ဆောင်နေသည်ဟု ပြောချင်နေသည်လား။ စစ်သည်ပေါင်း ၆ သောင်းကျော် သေဆုံးသွားခဲ့ပြီး ၃ ပုံ ၂ ပုံလောက် ပြုတ်သွားသည့်တိုင်အောင်မှ သရုပ်ဆောင်နေသည်ဟု ဆိုလိုချင်နေသေးသည်လား။ ဤမျှ ကြီးမားသည့် ပေးဆပ်မှုမျိုးနှင့် သရုပ်ဆောင်ရအောင် တစ်ဖက်လူက ဘာများ ဖြစ်နေသနည်း။

နင်ကျန်းက စိတ်ကို တင်းကာဖြင့် ဆက်ပြောသည်။ “ဒါကြောင့် အိမ်ရှေ့စံမင်းသား အနေနဲ့ စွန့်စားမှု မလုပ်သင့်ဘူးလို့ ကျုပ်ထင်ပါတယ်”

စစ်ဘက်ဆိုင်ရာ လက်ထောက်ဝန်ကြီးက လှောင်ပြုံးပြုံးလိုက်၏။ “ချန်းဖန်မြို့စားကြီး... ခင်ဗျား ပြောသလိုသာဆိုရင် ကျင်းမင်းသားကို နတ်ဘုရားတစ်ပါးလို ကြောက်နေရတာမို့ သူ့ကို နန်အိုမြေပြင် ပေါ်မှာ ကြိုက်သလို သွားလာခွင့် ပေးရတော့မလို ဖြစ်နေပြီ။ သူ့မှာ စစ်သည်ပေါင်း ၃ သောင်းလောက်ပဲ ကျန်တော့ရင်တောင် ကျုပ်တို့က ထိတွေ့ မတိုက်ခိုက်ရဲသလို ဖြစ်နေတော့မှာပေါ့။ ဒါဆိုရင် မေးပါရစေ။ ကျင်းမင်းသားကို ဘယ်လိုများ စီစဉ်ချင်လဲ။”

နင်ကျန်းက ပြောသည်။ “ကျင်းမင်းသားက သာမန် သူပုန်တစ်ယောက် မဟုတ်တော့ဘူး။ သူက တာ့နန်နိုင်ငံတော်ရဲ့ အရှင်သခင်ပါ။ ကျုပ်တို့ ရင်ဆိုင်နေရတာ လူတစ်ယောက်တည်းကိုပဲ မဟုတ်ဘဲ သဲကန္တာရ လူရိုင်းမျိုးနွယ်စု တစ်ခုလုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့ အားသာချက်ကို ယူပြီး အားနည်းချက်ကို ရှောင်လွှဲရမယ်။ အချိန်ဆွဲ တိုက်ခိုက်ရတဲ့ စစ်ပွဲမျိုးကို ကျုပ်တို့ ရှောင်ကြဉ်သင့်တယ်။ ခံစစ်တိုက်ပွဲမျိုးကိုပဲ ဆင်နွှဲသင့်ပါတယ်။”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “မင်းဆိုလိုတာက နန်အိုနိုင်ငံနဲ့ တာ့နန်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ခံတပ်တွေ အများကြီး တည်ဆောက်ရမယ်ပေါ့။”

“အမှန်ပါပဲ။ ဒါ ကျုပ်တို့ ကျွမ်းကျင်တဲ့ အရာပါ။” နင်ကျန်းက ဖြေသည်။

ထိုအရာကို ကြားတော့ ညီလာခံတစ်ခုလုံးက ဆူညံသွားခဲ့၏။ ရူးသွပ်နေသည်လား။ နယ်စပ်မျဉ်း တစ်လျှောက်လုံး၌ ခံတပ်တွေ တည်ဆောက်ရမည် ဟုတ်လား။ မည်မျှ မိုက်မဲလိုက်သည့် အကြံဖြစ်သနည်း။ ယခု ကျင်းမင်းသားဆီ၌ စစ်သည်ပေါင်း ၃ သောင်းကျော်သာလျှင် ကျန်တော့၏။ အောင်ပွဲရဲ့ အရှိန်နှင့် လိုက်လံ ချေမှုန်းပြီး အမြစ်ပြတ် သုတ်သင်ရမည့်အစား အဘယ့်ကြောင့် အချိန်ဆွဲကာဖြင့် ခံစစ်စည်းမျဉ်း တစ်ခုကို တည်ဆောက်ချင်နေရသနည်း။

“ချန်းဖန်မြို့စားကြီး... ခင်ဗျားကို နိုင်ငံအတွက် အလုပ်ကြိုးစားတဲ့ သစ္စာရှိ အမတ်တစ်ယောက်လို့ ထင်ထားတာ။ အခုတော့ ကျုပ် စိတ်ပျက်မိပြီ”

ထိုလက်ထောက်ဝန်ကြီးက ပြော၏။ “အိမ်ရှေ့စံမင်းသားနဲ့ ခင်ဗျားရဲ့ ကြားထဲမှာ ပဋိပက္ခတွေ ရှိမှန်း ကျုပ်တို့ သိတယ်။ ကိုယ့်ရဲ့ အကျိုးစီးပွားအတွက်နဲ့ တိုင်းပြည်ရဲ့ အရေးကို မနှောင့်နှေးစေသင့်ဘူး။ ဒီလုပ်ရပ်က ခင်ဗျားအတွက် သိက္ခာကျစရာ ဖြစ်လာလိမ့်မယ်။”

ဤအရာက အရမ်းပဲ ပြင်းထန်လွန်းလှသည့် စွပ်စွဲချက်ပင်။ သို့သော်ငြား လူတိုင်းက အကျိုးသင့် အကြောင်းသင့် ရှိသည်ဟုလည်း ခံစားရ၏။ ကျင်းမင်းသား၏ အဓိက အင်အားစုကို ချေမှုန်းဖို့အတွက် ရွှေလောက် ရှားပါးသည့် အခွင့်အရေး ဆိုတာက သိသာနေလေ၏။

အောင်ပွဲ ရရှိနေတုန်း လိုက်မတိုက်ဘဲ ခံစစ်တည်ဆောက်ရမည်လား။ အိမ်ရှေ့စံ ကြီးမားသည့် အောင်မြင်မှုများ ရသွားမည်ကို ကြောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ထီးနန်းရဖို့ မျှော်လင့်ချက် မရှိတော့မှာကို စိုးရွံ့နေပေလိမ့်မည်။ ထို့ကြောင့် မျှော်လင့်ချက် မရှိဘူးဆိုလျှင် မိမိကိုယ်ကို ငြိမ်ငြိမ်သက်သက် နေထိုင်သင့်သည်။

“အရှင်မင်းကြီး၊ အမတ်ကြီးတို့... ခင်ဗျားတို့က ကျင်းမင်းသားမှာ စစ်သည် ၄ သောင်း အောက်ပဲ ကျန်ပြီး ခံစစ်မရှိတဲ့ ရေနက်ခံတပ်ကို ဆုတ်သွားတာ တစ်ခုတည်းကိုပဲ မြင်နေတယ်။ တကယ်လို့ သူက ထပ်ပြီး ဆုတ်ခွာပြီး တာ့နန်နိုင်ငံထဲက တောတောင်တွေထဲကို ပြန်ဝင်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတာ ဘာလို့ထပ်ပြီး မစဉ်းစားကြတာလဲ။ အဲဒီကို ရောက်ရင် ကျုပ်တို့ရဲ့ တပ်တွေက ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ပြီးတော့ ကျင်းမင်းသားမှာ စစ်ကူမရှိတော့ဘူးလို့ ဘယ်သူက သိလဲ။ သူ့မှာ သဲကန္တာရ လူရိုင်းမျိုးနွယ်စု တစ်ခုလုံး ရှိနေတာလေ” နင်ကျန်းက ချေပလိုက်၏။

ထိုလက်ထောက်ဝန်ကြီးက ပြောသည်။ “ချန်းဖန်မြို့စားကြီးက စိုးရိမ်လွန်နေပြီ။ နန်းကုန်းအိုနဲ့ စစ်သူကြီး ကျူးလင်းတို့ ဦးဆောင်တဲ့ စစ်သည်တွေက ရေနက်ခံတပ်ကို ဝိုင်းရံထားခဲ့ပြီ။ ကျင်းမင်းသားမှာ အတောင်ပံ တပ်ထားရင် ဆိုရင်တောင်မှ ပြေးမလွတ်ဘူး။ အခု စစ်သည်တွေက ရေနက်ခံတပ် ပတ်ဝန်းကျင်မှာ ယာယီ ခံတပ်တွေ ဆောက်ပြီး ပိတ်ဆို့မှုကို စတင်နေကြပြီ”

နင်ကျန်းက ပြောလိုက်၏။ “မြေပြန့်လွင်ပြင် ဆိုရင်တော့ ဒီလို ပိတ်ဆို့မှုမျိုးက အလုပ်ဖြစ်မှာပါ။ ဒါပေမဲ့ တောတောင်ထူထပ်တဲ့ နန်အိုနိုင်ငံထဲမှာတော့ သူတို့ကို အလုံးစုံ ပိတ်ရံထားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

နင်ယွမ်ရှန်းက ရုတ်တရက် ဖြတ်မေးလိုက်သည်။ “နင်ကျန်း... ဒါက မင်းရဲ့ သဘောထားလား။ ရှမ့်လန်ရဲ့ သဘောထားလား”

နင်ကျန်းက ပြောလိုက်၏။ “ဒါက ကျုပ်ရဲ့ သဘောထားဖြစ်သလို ရှမ့်လန်ရဲ့ သဘောထားလည်း ဖြစ်ပါတယ်”

ပြီးတော့ သူက စာတစ်စောင် ဆက်သလိုက်သည်။ “ဒါ အရှင်မင်းကြီးဆီ ရှမ့်လန် ပေးပို့လိုက်တဲ့ စာလွှာပါပဲ။”

နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းလိုက်၏။ လီစွမ်းက ရှမ့်လန်၏ စာကို ယူဆောင်လာ၏။

စာကို ဖွင့်ကြည့်သည့် အချိန်မှာတော့ ရှမ့်လန်က ရှင်းလင်းစွာ ရေးသားထားသည်ကို မြင်ရ၏။ ကျင်းမင်းသားနှင့် တာ့နန်နိုင်ငံတို့ ရင်ဆိုင်သည့်နေရာတွင် အချိန်ဆွဲတိုက်ပွဲကို ဆင်နွှဲပြီး နယ်စပ်တွင် ခံတပ်များကို တည်ဆောက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်၏။ တစ်ချက်တည်းဖြင့် အပြတ်ချေမှုန်းရန် စိတ်ကူးမယဉ်သင့်ချေ။

ဘုရင်မင်းမြတ်က မျက်မှောင် အနည်းငယ် ကုတ်လိုက်၏။ ပထမဦးဆုံး အနေနှင့် သူက ရှမ့်လန်ကို လုံးဝ ယုံကြည်မှု ရှိ၏။ သို့ပေမည့် ခံတပ်တည်ဆောက်ကာဖြင့် အချိန်ဆွဲခြင်း ဆိုသည်က သူ၏ စိတ်ဆန္ဒနှင့် မကိုက်ညီပေ။

အဘယ်ကြောင့်ဆိုသော် သူက အချိန်ဆွဲခြင်း ဆိုသည့်အရာကို အလုံးစုံ မုန်းတီးသောကြောင့်ပင်။ သူ အကြိုက်ဆုံးက စုနန်၏ ပုန်ကန်မှုကို ချေမှုန်းလိုက်သကဲ့သို့ စစ်ပွဲကို တစ်ခါတည်း အဆုံးသတ်လိုက်ခြင်း မျိုးပင်။

တကယ်တော့ ရှမ့်လန်နှင့် နင်ယွမ်ရှန်းတို့က တစ်ပုံစံတည်း ဖြစ်၏။ နှစ်ယောက်လုံးက စိတ်ရှည်သည်းခံ တတ်သည့် လူများ မဟုတ်ချေ။ သို့သော်ငြား ရှမ့်လန်က ရှင်းရှင်းလင်းလင်း သိ၏။ ကျင်းမင်းသားကို စစ်မြေပြင်တွင် အနိုင်ယူ၍ ရနိုင်၏။ သို့သော်ငြား တာ့နန်နိုင်ငံကို တစ်ခါတည်းနှင့် ဖျက်ဆီးပစ်မည် မဟုတ်ပါလား။ သဲကန္တာရ လူရိုင်းမျိုးနွယ်များကို စစ်ရေးနည်းလမ်းများဖြင့် ချေမှုန်းပစ်မည် မဟုတ်ပါလား။

တာ့နန်နိုင်ငံ၏ နယ်မြေက ရွှဲ့ပြည်နယ်ထက် ပိုမိုကာ ကြီးမား၏။ နေရာတိုင်းတွင် တောင်တန်းများနှင့် ရှေးသစ်တောကြီးများ ရှိ၏။ တာ့နန်နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့သည့် မည်သည့် စစ်တပ်ကမဆို ရုန်းမထွက်နိုင်ဘဲ ဆုံးစမြှုပ်စ နစ်မြုပ်သွားပေလိမ့်မည်။

ဆိုဗီယက်ယူနီယံက အာဖဂန်နစ္စတန်ကို မဖျက်ဆီးနိုင်ခဲ့သကဲ့သို့ အမေရိကန် စစ်တပ်ကလည်း ဗီယက်နမ်ကို မဖျက်ဆီးနိုင်ခဲ့ချေ။ ရွှဲ့ပြည်နယ်ကလည်း တာ့နန်နိုင်ငံကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။

အပိုင်း (၆၃၂)

“နိုင်တာနဲ့ ကျေနပ်ပါ အရှင်မင်းကြီး”

ဤအရာက ရှမ့်လန်၏ စာထဲတွင် နင်ယွမ်ရှန်းအား ပြောခဲ့သည့် နောက်ဆုံးစကား ဖြစ်၏။ စစ်ပွဲကို နိုင်လိုက်တာနှင့်တင် ကြီးမားသည့် အောင်မြင်မှု ဖြစ်နေ၏။ ပိုပြီး မမျှော်လင့်ပါနဲ့တော့။ မကျက်တကျက် အစာကို စားရတာ အရသာ မရှိသော်လည်း ငတ်သေသည်ထက်တော့ ပို၍ ကောင်း၏။

နင်ယွမ်ရှန်းက အခြေအနေကို သဘောကျသော်လည်း ရှမ့်လန်၏ ဆုံးဖြတ်ချက်ကို ယုံကြည်ရန် ဆန္ဒရှိ၏။ အသက်ကို ပြင်းပြင်းရှူရှိုက်ပြီး နင်ယွမ်ရှန်းက မိန့်ကြားလိုက်သည်။ “နောက်မှပဲ ဆွေးနွေးကြမယ်။”

ထိုအရာကိုကြားချိန်မှာတော့ ညီလာခံတစ်ခုလုံးက ပွက်လောရိုက်သွား၏။ နောက်မှ ဆွေးနွေးမည် ဟုတ်လား။ အရှင်မင်းကြီးက ဘာကို ဆိုလိုနေသနည်း။ အိမ်ရှေ့စံ၏အောင်မြင်မှုကို မနာလို ဖြစ်ပြီး အိမ်ရှေ့စံအား အောင်မြင်မှု အသီးအပွင့်တွေ မခံစားစေချင်သည်လား။

ဘုရင်မင်းမြတ် ကိုယ်တိုင်ပင်လျှင် ဝူရွှဲ့နယ်စပ်၏ စစ်စခန်း သို့မဟုတ် ပျံ့ရှောင်း၏ စစ်စခန်းဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့ဖူး၏။ ထိုစဉ်တုန်းက အရှင်မင်းကြီးက ကိုယ့်ကိုယ်ကိုယ် အန္တရာယ်များသည်ကို မခံစားခဲ့ချေ။ ယခု အိမ်ရှေ့စံ နန်အိုနိုင်ငံကို သွားပြီး စစ်တပ်ကို ကွပ်ကဲမည် ဆိုသည့်အချိန်တွင်တော့ ခွင့်မပြုရန် စဉ်းစားနေ၏။ ရယ်မောချင်စရာ ကောင်းလှပေစွ။

ထင်မှတ်ထားသည့်အတိုင်းပင် ညီလာခံမှသတင်း ပြန့်လာသည်နှင့် ထောင်ပေါင်းများစွာသော လူထုကြီးက ဒေါသတကြီးနှင့် ကျိန်ဆဲကြတော့၏။ နန်းမြို့တော်ရှိ လူထု၏ဒေါသက နင်ကျန်း၊ ရှမ့်လန်နှင့် နင်ယွမ်ရှန်း တို့အပေါ်သို့ ဦးတည်နေ၏။ “နင်ကျန်းက သစ္စာဖောက်၊ ရှမ့်လန်က သစ္စာဖောက်”

ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏အကျိုးစီးပွားကို လစ်လျူရှုကြ၏။ အိမ်ရှေ့စံမင်းသား အောင်မြင်မှု ရရှိနေသည်ကို တားဆီးချင်သောကြောင့် ကျင်းမင်းသားကို လွှတ်ပေးလိုက်၏။ အရှက်မရှိကြပေ။ အလွန်ပဲ အရှက်ကင်းမဲ့သူများ ဖြစ်သည်။

မရေမတွက်နိုင်သော စွပ်စွဲပစ်တင်သည့် စာလွှာများက နှင်းပွင့်များကဲ့သို့ပင် နန်းတော်ထဲသို့ ပျံဝဲ ကျဆင်းလာခဲ့၏။ လူတချို့၏ စည်းရုံးလှုံ့ဆော်မှုအောက်တွင် ရေတွက်၍မရအောင် များပြားသည့် ပြည်သူများက ထျန်းရွှဲ့ကာကွယ်ရေးတပ်မှူးနေအိမ် တစ်ဖြစ်လဲ ချန်းဖန်မြို့စားကြီး နေအိမ်ကို လာရောက်ကာ ဝန်းရံကြ၏။

နင်ကျန်း အပြင်ထွက်သည့် အခါတိုင်း လူအများအပြားက လက်ညှိုးထိုးကာ အော်ဟစ်ကြသည်။ “သစ္စာဖောက်.... သစ္စာဖောက်”

နင်ကျန်းက ရှမ့်လန် မဟုတ်ချေ။ ရှမ့်လန်ကို သွားထိ၍ မရပေ။ ရှမ့်လန်က စိတ်သဘောထား သေးသိမ်သူ ဖြစ်၏။ အရပ်သားတစ်ယောက် ဖြစ်နေစေကာမူ ထိုအရပ်သားတင်မက မိသားစုတစ်ခုလုံးကို သတ်ဖြတ်တတ်သူ ဖြစ်ပြီး တချို့သောလူများကို မိလ္လာကန်ထဲတွင် နှစ်သတ်ခဲ့သူ ဖြစ်၏။

သို့သော်ငြား နင်ကျန်းကတော့ သဘောထားကြီးသူပင်။ သူအား အခက်အခဲ အမျိုးမျိုးကို သင်ကြားပေးသည့် မြို့စောင့်တပ်မှ သူ၏လက်အောက်ငယ်သားများကိုပင် ဘာမှ မလုပ်ခဲ့ချေ။ လက်ညှိုးထိုး ဆဲဆိုနေသည့် ပြည်သူများ ဆိုလျှင် ဆိုဖွယ်ရာ မရှိပေ။

“သစ္စာဖောက်.... သစ္စာဖောက်”

ရလဒ်အနေဖြင့် တစ်ကြိမ် မီးရှို့ခံခဲ့ရသည့် ကျင်းမိသားစု၏ နေအိမ်က နောက်တစ်ကြိမ် မီးရှို့ခြင်းကို ခံခဲ့ရ၏။ မီးရှို့ပြီးနောက် မစင်ပိသာပေါင်းများစွာ လောင်းထည့်ပြီး အနံ့ဆိုးများဖြင့် ဖုံးလွှမ်းစေသည်။

ဤအချိန်မှာတော့ ကျင်းမိသားစု၏ နေအိမ်တွင် လူမရှိချေ။ ရှမ့်လန်က နန်းမြို့တော်တွင် မရှိသောကြောင့် ကျားမရှိတုန်း သရဲစီးသည့် သဘောသာလျှင် ဖြစ်၏။ ထိုသို့ဆိုလျှင် နန်းမြို့တော်ရှိ လူတို့၏ ဒေါသက တရားသည်လား။ တရား၏။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ သဘောထားက မှူးမတ်အပေါင်းနှင့် ပြည်သူအပေါင်းတို့၏ ဆန့်ကျင်ဘက်၌ ရပ်တည်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ယခု နန်အိုက အောင်ပွဲကြီးတစ်ခုကို ရရှိခဲ့၏။ ကျင်းမင်းသားကို တစ်ချက်တည်းနှင့် အမြစ်ဖြတ်ရန် အခွင့်ကောင်းပင်။ အဘယ့်ကြောင့် သရဲဘောကြောင်ပြီး ဆုတ်ခွာခဲ့ရမည်နည်း။ ကျင်းမင်းသားကို အဘယ့်ကြောင့် ထွက်ပြေးခွင့် ပေးရမည်နည်း။ ပြန်လည်ကာ တွေးကြည့်လျှင် နင်ကျန်းတို့က တကယ့်ကို သစ္စာဖောက်များပင် ဖြစ်၏။ အပိုင်း ထောင်ပေါင်းများစွာ ခုတ်ကာ သတ်ပစ်သင့်သည့် လူမျိုးပင်။

ရွှဲ့ပြည်နယ်၏ နန်းမြို့တော်က လူထုတင် မကချေ။ ယနေ့ခေတ်ကာလထိ လူများဆိုလျှင်လည်း ဤကဲ့သို့သော အခြေအနေကို မြင်ရသည်ဆိုပါက ပိုမို၍ ဒေါသထွက်ပေဦးမည်။ အဘယ့်ကြောင့်ဆိုသော် “Keyboard Fighter” များက များသောကြောင့်ပင်။

မကြာခင်မှာပဲ ညီလာခံက အုပ်စုနှစ်ခု ကွဲသွားသည်။ အိမ်ရှေ့စံမင်းသား၏ ဘက်တော်သားများက စစ်ကို လိုလားသူများဖြစ်ပြီး နင်ကျန်းနှင့်ရှမ့်လန်တို့ကတော့ အရှက်ရဖွယ်ရာ အလျော့ပေးသူများအဖြစ် သတ်မှတ်လိုက်ကြ၏။ ဤအချိန်မှာတော့ သူတို့က တကယ့်ကို လူအများ၏ ပြစ်တင် ရှုတ်ချခြင်းကို ခံနေရ၏။ မင်းမှုထမ်းများဖြစ်စေ၊ ပြည်သူများဖြစ်စေ သူတို့ကိုယ်သူတို့ တရားမျှတမှု၏ ဘက်မှာ ရပ်တည်နေသကဲ့သို့ပင် အခိုင်အမာ ယုံကြည်ထားကြ၏။

ရှမ့်လန်နှင့် နင်ကျန်းတို့က သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် အိမ်ရှေ့စံကို ဖိနှိပ်ထား၏။ ထိုသူတို့က သေချာပေါက် သစ္စာဖောက်တွေပင်။

ကောင်းကင်ပူဇော်ပွဲ အခမ်းအနားမှ နင်ကျန်း၏ အံ့မခန်း စွမ်းဆောင်ရည်များကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့၏။ ယခင်တုန်းက သူ၏ တင်းကျပ်သည့် စစ်တွင်းစည်းမျဉ်းများကြောင့် ကုန်သည်နှင့် အမတ်၊ သာမန် ပြည်သူတို့အား စိတ်အနှောင့်အယှက် ဖြစ်စေသောကြောင့် အဆဲခံရဖူး၏။ သို့ပေမည့် ထိုတုန်းက နန်းမြို့တော်ရှိလူများက နင်ကျန်း စည်းမျဉ်းများကို တင်းကျပ်သည်မှာ မှန်၏။ ထိုအရာက နိုင်ငံ၏ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း ကောင်းကောင်း သိရှိထားကြသောကြောင့်ပင်။

သို့ပေမည့် ဤတစ်ကြိမ်မှာတော့ နင်ကျန်းက သေချာပေါက် သစ္စာဖောက်ပင်။ ပြည်သူတွေကိုပင် မကချေ။ နင်ကျန်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိနေသည့် မြို့စောင့်တပ်ဖွဲ့ဝင်များပင်လျှင် နားမလည်သလို ဖြစ်နေကြ၏။

သူတို့၏နင်ကျန်းက ဤသို့ မဟုတ်ချေ။ ကိုယ်၏အကျိုးအတွက် နိုင်ငံ၏အကျိုးကို လျစ်လျူရှုမည့် သူမျိုး မဟုတ်ပေ။ အိမ်ရှေ့စံကို မနာလိုဖြစ်ပြီး တိုင်းပြည် ထိခိုက်အောင် လုပ်မည့် လူမျိုးလည်း မဟုတ်ပေ။ သို့ပေမည့် နင်ကျန်းနှင့် ရှမ့်လန်တို့၏ သရဲဘောကြောင်မှုက မြို့စောင့်တပ်သားတို့ကိုပင် အနည်းငယ် မကျေမနပ် ဖြစ်စေသည်။

အချိန်အခါကောင်း၊ နေရာကောင်း၊ မိတ်ဆွေကောင်း ဟူသည့် ဆိုရိုးစကားရှိ၏။ ထိုအချိန်မှာတော့ အိမ်ရှေ့စံ မင်းသား၏ ဘက်တော်တွင် အချိန်အခါကောင်းဖြင့် လူအင်အားက အသာစီး ရနေ၏။ ရွှဲ့ပြည်နယ်မှ ပြည်သူတွေက သူတို့၏ ဘက်တွင် ရှိနေကြသည်။ အိမ်ရှေ့စံမင်းသား တောင်ဘက်သို့ စစ်ချီကာဖြင့် ကျင်းမင်းသားကို တစ်ချက်တည်း ချေမှုန်းသည့် အရေးနှင့် ရွှဲ့ပြည်နယ်ကို ဆယ်စုနှစ်များစွာ ငြိမ်းချမ်းစေမည့် အရေးကို မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေ၏။

နင်ကျန်းနှင့် ရှမ့်လန်ကို စွပ်စွဲပြစ်တင် ပြောဆိုသည့် စာလွှာများက ပိုမို များပြားလာ၏။ ရွှမ်ဝူနယ်စားကြီး ကျင်းကျိုးကလည်း စွပ်စွဲပြစ်တင် ခံရ၏။ ယခင်တုန်းက ထျန်းနန်စီရင်စု အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ရေးဗျူရိုတို့က ကျင်းကျိုးကို တော်ဝင်မျိုးနွယ်များ၏ စံပြအဖြစ် ကိုယ်ပိုင် စစ်သည် နှစ်ထောင်ကို ဦးဆောင်ပြီး ဒုတိယစစ်မျက်နှာပြင်သို့ သွားရောက်ရန် အမိန့်ထုတ်ခဲ့ဖူး၏။ သို့သော်ငြား ကျင်းကျိုးက ငြင်းဆန်ခဲ့သည်။

ယခု ဤကိစ္စကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ပိုမိုကာ ရှက်ရွံ့စရာ ကောင်းနေ၏။ နိုင်ငံကြီး တစ်ခုလုံး အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် တော်ဝင်မျိုးနွယ်ငယ်လေးတွေတောင်မှ နန်အိုစစ်မြေပြင်သို့ တပ်တွေ စေလွှတ်ကြ၏။ ရွှဲ့ပြည်နယ်၏ နယ်စားကြီး ကျင်းကျိုးကတော့ စစ်သည် တစ်ယောက်ကိုတောင် မလွှတ်ခဲ့ချေ။ ထိုသူ၌ မျိုးချစ်စိတ်နှင့် နိုင်ငံအပေါ် သစ္စာရှိမှု ဆိုသည်က ရှိသေးရဲ့လား။ ပုန်ကန်ချင်သည့် ရည်ရွယ်ချက်က နေမင်းကြီးအလား ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်၏။

နောက်တော့ ပိုမို၍ ယုတ္တိမရှိသည့် ကောလာဟလ တစ်ခုက ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်က နန်းမြို့တော် ကနေ အဝေးသို့ အရောက်ပို့ခံရသည်ကို မကျေမနပ်ဖြစ်ပြီး ရွှဲ့ပြည်နယ်နှင့် ဘုရင်မင်းမြတ်ကို သစ္စာဖောက်လိုက်ပြီ ဆိုခြင်းပင်။ ကျင်းမိသားစုက တခြားနိုင်ငံ၏ စစ်သည်များနှင့် ပူးပေါင်းပြီး ထျန်းနန် ပြည်နယ်မှ ခွဲထွက်ဖို့ ကြိုးစားနေကြသည် ဟူ၍ပင်။

ရှမ့်လန်က ရည်ရွယ်ချက်ဆိုးများနှင့် တည်ရှိနေ၏။ ကျင်းမင်းသားကို လွှတ်ပေးလိုက်ခြင်းကလည်း သူ့အတွက် မိတ်ဆွေတစ်ယောက် ရရှိချင်၍သာ ဖြစ်၏။ ထို့ဖြင့် နင်ကျန်းက အရူးပင်။ ရှမ့်လန်၏ လက်ခုပ်ထဲက ရေလည်း ဖြစ်သည်။

လောက၏သဘောဆန္ဒက တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသည့်အချိန်တွင် မည်သူမျှ တားဆီး၍ မရနိုင်တော့ချေ။

နင်ကျန်း အပြင်ထွက်၍ မရတော့ပေ။ ထျန်းရွှဲ့အုပ်ချုပ်ရေးမှူးရုံးကို သွားလျှင်တောင် သူ ဘာမှ လုပ်၍ မရချေ။ သူပေးသည့် မည်သည့်အမိန့်ကိုမှ မည်သူကမှ မလိုက်နာကြချေ။ သူ၏တိုက်ရိုက် ကွပ်ကဲမှုအောက်မှ အရာရှိတွေကလွဲလျှင် ကျန်သည့်အရာရှိ၊ မြို့ထိန်းများနှင့် အရပ်သားတွေကပါ သူ၏အမိန့်မှန်သမျှကို ဆန့်ကျင်ကြ၏။

နောက်ပိုင်း ညီလာခံ အစည်းအဝေးတွင်တော့ ဖိအားတွေ ဘယ်လောက်များများ နင်ကျန်းက သူ၏ အမြင်ကို ဆက်ပြီး ဆုပ်ကိုင်ထားတုန်းပင်။ အိမ်ရှေ့စံ တောင်ဘက်ကို သွား၍ မဖြစ်ပေ။ စစ်တပ်နှင့် အလွယ်တကူ ထွက်သွား၍လည်း မဖြစ်ပေ။ ကျင်းမင်းသားနှင့် တိုက်ခိုက်သည့်နေရာတွင် ခံစစ်စစ်ပွဲတစ်ခုကိုသာ အချိန်ဆွဲ တိုက်ခိုက်ရပေလိမ့်မည်။

ထိုကဲ့သို့သော စကားကို သူ ပြောလိုက်တိုင်း ဝေဖန် တိုက်ခိုက်မှုများကို ခံရပြီး ဒဏ်ရာ ဗလပွနှင့် ကျန်ရစ်ခဲ့လေ၏။ နောက်ဆုံးမှာတော့ သူနှင့် ရှမ့်လန်တို့ နှစ်ယောက်က အလွယ်တကူနှင့် အညံ့ခံသည့် အရှက်မရှိသည့် လူစားများ အဖြစ်သို့ အလုံးစုံ ကင်ပွန်းတပ်ခံရ၏။

ရှမ့်လန်က နောက်ကွယ်တွင် ရည်ရွယ်ချက် ရှိသည်ဟု ဆိုနိုင်သော်လည်း နင်ကျန်းကတော့ တကယ့်ကို နိုင်ငံအတွက် နှစ်မြှုပ်ထားသူ တစ်ယောက်ပင်။ ကျင်းမင်းသား၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ပြီး ရွှဲ့ပြည်နယ်၏ အဓိက စစ်အင်အား ၂ သိန်းလုံးနီးပါး ဆုံးရှုံးသွားရမည်ကို နင်ကျန်းက အဘယ်သို့ စိတ်မပူဘဲ နေမည်နည်း။

ဤကဲ့သို့သာ ဖြစ်ခဲ့သည်ဆိုပါက နိုင်ငံအတွက် ကပ်ဆိုးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ သူတင်ပြသည့် ခံစစ် စစ်ဗျူဟာက ကုန်ကျစရိတ်များပြီး ရလဒ်ထွက်ဖို့ နှေးကွေးသည် ဆိုသော်လည်း တကယ်တမ်းကျတော့ ထိုအရာကသာလျှင် စိတ်ချရသည့် နည်းဗျူဟာ တစ်ခု ဖြစ်သည်။

သို့ပေမည့် လောကကြီးတွင် ရှိနေသည့် လူများက ထိုအရာကို ဂရုမစိုက်ကြချေ။ ကျင်းမင်းသားကို လက်လွှတ်ပေးချင်ရုံသာမက အိမ်ရှေ့စံတစ်ယောက် ကောင်းမှုရရှိသည်ကို မမြင်ချင်ရုံသက်သက်ဟု စွပ်စွဲလျက် ရှိ၏။ သစ္စာဖောက် တစ်ယောက်ဟု ကင်ပွန်းတပ်လျက် ရှိနေ၏။

သူတို့နှစ်ယောက်၏ ပုံတူကို နန်းမြို့တော်၏ နေရာအနှံ့တွင် ကပ်ထားကြ၏။ ပုံစံ အမျိုးမျိုး၊ ရုပ်ဆိုးပန်းဆိုး ဖြစ်အောင် ပြုလုပ်ထားခဲ့သည့် ပုံများပင်ဖြစ်၏။ မြို့စောင့်တပ်များက လိုက်လံခွာလျှင် ချက်ချင်းပဲ ပိုမို များပြားသည့် ပုံတူများကို လိုက်လံ ကပ်ကြပြန်သည်။

ရှမ့်လန်၏ ပုံတူများက ပိုမိုကာ ဆိုးဝါးလွန်းလှချေ၏။ ထိုကဲ့သို့သော ပုံတူများအား လူပေါင်းများစွာတို့က လာရောက်ကာ တံတွေးထွေး၏။ ထို့ပြင် ချေး၊ သေးများနှင့်လည်း ပစ်ပေါက်ကြ၏။ အမျိုးသမီးများ၏ လစဉ် ဓမ္မတာသွေးများနှင့်ပင် လာရောက်ကာ ပက်ဖြန်းကြ၏။

ပထမတုန်းက ပုံတူများသာလျှင် ဖြစ်၏။ နောက်ပိုင်းတွင်တော့ သစ်သားရုပ်တုများပါ ပါဝင်လာခဲ့၏။ သူတို့က ရှမ့်လန်နှင့် နင်ကျန်းတို့၏ ရုပ်တုများကို ပန်းပု ထု၏။ ဒူးထောက်လျက်ရှိနေသည့် တိုင်းပြည်သစ္စာဖောက် နှစ်ယောက်၏ ပန်းပုပုံများပင် ဖြစ်သည်။

ရှမ့်လန်က စာကို လက်ခံရရှိသည့်အချိန်တွင် ဒေါသထွက်မိသော်လည်း ခဏကြာတော့ အူလှိုက်သည်းလှိုက် ရယ်မောမိ၏။ “ဆက်လုပ်ကြ၊ ဆက်လုပ်ကြ။ ကျုပ်က လုံလောက်အောင် ဒုက္ခမပေးခဲ့ဘူး ဆိုတော့ ခင်ဗျားတို့က ဒီလိုခံစားနေကြရတာပေါ့။ ကျုပ် လူတွေရဲ့ မျက်နှာကို ပိတ်မရိုက်ခဲ့ရတာ အချိန်တော်ကြာပြီပဲ”

ယခင်တုန်းက သူက လူပေါင်း တစ်သောင်းကျော်တို့၏ မျက်နှာကိုသာ ပိတ်ရိုက်ခဲ့ရ၏။ ဤတစ်ကြိမ်မှာတော့ လူပေါင်း သန်းချီ သို့မဟုတ် လူပေါင်း သိန်းချီတို့၏ မျက်နှာကိုပင် ပိတ်ရိုက်ရပေလိမ့်မည်။ ပိုမို၍ စိတ်ကျေနပ်စရာ ကောင်းလာမှာ သေချာ၏။

ယခု လူပေါင်းများစွာတို့က ရှမ့်လန်နှင့် နင်ကျန်းတို့အား ပိုမို ကြမ်းတမ်းစွာဖြင့် ဆက်ဆံလာခဲ့ကြ၏။ အနာဂတ်တွင် နင်ကျန်းက ပိုမိုကာ ဆိုးဝါးစွာ ခံစားရမှာ သေချာသည်။

လောကကြီးတစ်ခုလုံးက မှားယွင်းနေ၏။ နင်ကျန်း တစ်ယောက်တည်းကသာ အမှန် ဖြစ်လို့နေ၏။ ထို့ပြင် သူက သူ၏ကိုယ်ပိုင်အမြင်ကို ညီလာခံထဲတွင် ထုတ်ဖော်ပြသခဲ့၏။ ထိုအရာက သူ၏ ဇွဲသတ္တိနှင့် ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည် မဟုတ်ပါလား။

အိမ်ရှေ့စံမင်းသားက ထိုအရာကို နှစ်သက်လိမ့်မည် မဟုတ်ချေ။ ယနေ့က ညီလာခံကို တက်ရောက်သည့် ဆယ်ရက်မြောက်နေ့ ဖြစ်သည်။

နင်ယွမ်ရှန်းက မောပန်းလို့နေခဲ့၏။ သူက အလုံးစုံ ကြီးမားသည့် ဖိအားအောက်သို့ ရောက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် လူပေါင်းများစွာတို့၏ ဝိုင်းဝန်းပြောဆိုမှုအောက်တွင် သူပင်လျှင် သစ္စာဖောက် တစ်ယောက်ဟု စွဲချက်တင်ခြင်းကို ခံနေရ၏။ ဤကဲ့သို့ လူပေါင်းများစွာတို့နှင့် သွေဖယ်ပြီး မိမိလုပ်ချင်ရာကို ပြုလုပ်ရခြင်းက ဘုရင်မင်းမြတ် တစ်ယောက်အတွက် ဆိုလျှင်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

လတ်တလော မင်းဆိုးမင်းညစ် ဟူသည့် ဝေါဟာရက တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့၏။ မှူးမတ်နှင့် ပြည်သူလူထု အားလုံးတို့၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ရခြင်းက ဘုရင်တစ်ပါး ဖြစ်သည် ဆိုလျှင်တောင်မှ တကယ်ကို ထိတ်လန့်ဖွယ်ရာပင်။

အဓိကအချက်အားဖြင့် နန်းကုန်းအို၊ စစ်သူကြီး ကျူးလင်းနှင့် မင်းသမီး နင်လော့တို့၏ သနားခံစာလွှာများက နေ့စဉ်နှင့်အမျှ အဆက်မပြတ် ရောက်ရှိလို့နေခဲ့ပြီး အိမ်ရှေ့စံမင်းသားအား တောင်ဘက်ပိုင်းသို့ စစ်ချီရန် တိုက်တွန်းနေကြ၏။

သူတို့၏ သဘောထားကို ဖော်ပြမှုက တစ်နေ့တခြား ပိုမိုကာ ပြင်းထန်လာ၏။ ဝိုင်းဝန်း ပိတ်ဆို့မှုကြီးက ပြီးပြည့်စုံပြီ ဖြစ်၏။ ကျင်းမင်းသားကို လုံးဝ လက်လွတ်ပေး၍ မဖြစ်တော့ချေ။ ဤဝန်းရံပိတ်ဆို့မှုကြီးက မကြုံစဖူး ကြီးမားကျယ်ပြန့်လွန်းလှချေသည်။

ထျန်းနန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ထျန်းနန်ပြည်နယ်အတွင်းမှ တပ်သားသစ်များကို ထပ်မံ စုဆောင်းပြန်၏။ သို့မဟုတ် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်၏။ မရေတွက်နိုင်သည့် တော်ဝင်မျိုးနွယ်များ နှင့် အရာရှိများက သူတို့၏ ကိုယ်ပိုင် စစ်သည်များကို စေလွှတ်ခဲ့ကြ၏။

နန်အိုစစ်မြေပြင်တွင် ရွှဲ့ပြည်နယ်၏ စစ်အင်အားက ၂ သိန်းကျော် သွားခဲ့၏။ စစ်သည် ၂ သိန်းနှင့် ကျင်းမင်းသား၏ စစ်သည် ၄ သောင်းအောက်... ထိုအရာက မတိုက်ခိုက်သင့်ပေဘူးလား။ ကျင်းမင်းသားကို ဤအတိုင်း လက်လွတ်ပေးရတော့မည်လား။ ပြီးနောက် ဤစစ်ပွဲ၏ အတိုင်းအတာ ပမာဏက မိုင်ပေါင်း ရာချီ ရှည်လျားပြီး အဆုံးစွန်သော အခြေအနေဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။

နင်ယွမ်ရှန်း၏ နှလုံးသားကလည်း တုန်လှုပ် ချောက်ချားနေ၏။

“နင်ကျန်း... ဒီစာလွှာကို ဖတ်ပြီးတာတောင် မင်းရဲ့ သဘောထားက မပြောင်းလဲသေးဘူးလား” နင်ယွမ်ရှန်းက အသာပင် မေးမြန်းလိုက်သည်။

နင်ကျန်းက စာကိုယူဖတ်ကြည့်သည်။ ရိုးရိုးသားသား ဝန်ခံရမည ဆိုလျှင် သူသည်လည်း ယခုအချိန်၌ အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေ၏။ မည်သို့ပင်ဆိုလျှင် သူက နန်အိုဒေသသို့ တစ်ခါမှ မရောက်ခဲ့ဖူးချေ။ မြေပုံကိုကြည့်ရုံမျှနှင့် အမှန်တရားကို သေသေချာချာ မမြင်နိုင်ပေ။

သူ့ဘာသာ ဆုံးဖြတ်ရမည် ဆိုပါက ဤစစ်ပွဲကို နိုင်နိုင်သည်ဟုသာ ထင်မြင်၏။ ကျင်းမင်းသား၏တပ်က ပျက်လျက် ရှိနေပြီး စစ်သည်ပေါင်း ၂ သိန်း ၃ သောင်းကျော်တို့၏ ဝန်းရံခြင်းကို ခံထားရ၏။ အဘယ်သို့ မနိုင်ဘဲ နေမည်နည်း။

သို့သော်ငြား ရှမ့်လန်၏ လျှို့ဝှက်အကြံပေးစာက တစ်စောင်ပြီး တစ်စောင် ရောက်ရှိနေ၏။ အကြောင်းအရာက တူတူပင်။ ကျင်းမင်းသား၌ ကြီးမားသည့် ပူးပေါင်း ကြံစည်မှုတစ်ခု ရှိနေ၏။ နင်ကျန်း အနေနှင့် မူလသဘောထားကိုသာ ဆုပ်ကိုင်ထားရပေမည်။ လုံးဝ ယိမ်းယိုင်သွား၍ မဖြစ်ချေ။ နင်ကျန်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရသေးသော်လည်း သူက ရှမ့်လန်ကို ယုံကြည်ရန်သာ ရွေးချယ်ထားသည်။

ယခုအချိန်မှာတော့ ညီလာခံ တစ်ခုလုံးရှိ မှူးမတ်အပေါင်းတို့က နင်ကျန်းကို စူးစိုက်ကြည့်ရှုနေ၏။ ဤလူက နောက်ဆုံး အတားအဆီး ဖြစ်၏။ ကျင်းမင်းသားကို တစ်ချက်တည်း ချေမှုန်းမည့်အရေး၏ အတားအဆီး၊ အိမ်ရှေ့စံမင်းသား အောင်မြင်မှုရယူမည့် အစီအစဉ်၏ အတားအဆီးကြီး ဖြစ်၏။

မှူးမတ်အားလုံးတို့က စူးစိုက်ကြည့်ရှုမှုကို ခံနေရသောကြောင့် နင်ကျန်းက ဦးခေါင်းခွံတစ်ခုလုံး ထုံကျင်နေသကဲ့သို့ပင် ခံစားနေရ၏။

“ကျုပ်က မူလသဘောထားအတိုင်းပဲ ရပ်တည်ပါ့မယ်။ အိမ်ရှေ့စံမင်းသား တောင်ဘက်ခြမ်းကို သွားလို့ မဖြစ်ပါဘူး။ ကျင်းမင်းသားကို ဝိုင်းထားခဲ့ပြီဆိုရင်တောင်မှ ဆက်ပြီး ဝိုင်းထားသင့်တယ်။ ရောက်တဲ့နေရာမှာ ခံတပ်တွေကို တည်ဆောက်ပြီးတော့ ဝန်းရံပိတ်ဆို့မှုကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်ရမယ်။ မဆင်မခြင်နဲ့ စစ်မျက်နှာ ဖွင့်လို့ မဖြစ်ပါဘူး” နင်ကျန်းက သူ့၏ သဘောထားကို ပြတ်ပြတ်သားသား ပြောသည်။

အမတ်တစ်ဦးက ရုတ်တရက် ပြေးထွက်လာ၏။ သူက နင်ကျန်း၏ မျက်နှာကို ချိန်ရွယ်ကာ လက်သီးနှင့် ထိုးချလိုက်တော့၏။ “နင်ကျန်းက သစ္စာဖောက်ပဲ။ ရှမ့်လန်က သစ္စာဖောက်ပဲ။ မင်းတို့က တိုင်းပြည်နဲ့ ပြည်သူလူထုကို ကပ်ဘေးသင့်အောင် လုပ်နေကြတဲ့ ကောင်တွေ။ မင်းတို့က ကျင်းမင်းသားနဲ့ ပူးပေါင်းပြီး တိုင်းပြည် တစ်ခုလုံးကို ဒုက္ခပေးနေတာ။ မင်းတို့ကို အစိတ်စိတ်၊ အပိုင်းပိုင်း ခုတ်ဖြတ်သင့်တယ်။ ကဲ အမတ်မင်းပေါင်းတို့... ရွှဲ့ပြည်သူပြည်သားတွေအတွက် ဒီသစ္စာဖောက်ကို သတ်ကြ”

ပြီးနောက် ဒါဇင်နှင့်ချီသည့်အမတ်များက ရှေ့သို့ ပြေးထွက်လာခဲ့ပြီး နင်ကျန်းကို ဝိုင်းကာ ထိုးကြိတ်ကြ၏။ သူတို့က ညီလာခံ၌ တကယ်ပင် ရိုက်သတ်မည့် အခြေအနေမျိုး ရောက်နေသည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အလုံးစုံ ကြောင်အသွားခဲ့လေ၏။ ဤကဲ့သို့သော မြင်ကွင်းမျိုး ထပ်မံ ဖြစ်ပြန်ပြီလား။

ညီလာခံသဘင်တွင် ရုန့်ယင်းဆန်ခတ် ဖြစ်ပွားခြင်းက တရုတ်သမိုင်းတွင် ရှားပါးသော်လည်း မရှိဖူးသည်တော့ မဟုတ်ချေ။ မင်မင်းဆက် တစ်ခုတည်းမှာပင် အကြိမ် အနည်းငယ် ဖြစ်ပွားခဲ့ဖူး၏။ ဘုရင့်အစောင့်တပ်မှူးက ညီလာခံအတွင်း ရိုက်သတ်ခံရဖူး၏။ တခြားသောနိုင်ငံများတွင် အဖြစ်များ၏။ အင်္ဂလန် ပါလီမန်ထဲတွင် ရုန့်ယင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းက နှစ်ပေါင်း ၈၀၀ ကျော်တည်းက ရှိခဲ့၏။

သို့သော်ငြား ရွှဲ့ပြည်နယ်၏သမိုင်းတွင်တော့ ဤအရာက ပထမတစ်ကြိမ်သာ ရှိသေး၏။ ဘုရင်မင်းမြတ်က အလုံးစုံ ထိတ်လန့်သွားခဲ့သည် ဆိုသော်လည်း ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားသည်။

“လီစွမ်း... သူတို့ကို ရိုက်စမ်း”

All Chapters