← Chapters

အခန်း (၆၃၃-၆၃၄)

Vol. 41 Ch. 633-634

အခန်း (၆၃၃-၆၃၄)

Vol. 41 Ch. 633-634

အပိုင်း (၆၃၃)

နင်ယွမ်ရှန်း၏ အမိန့်အတိုင်းပင် လီစွမ်းက အတွင်းစည်း ကိုယ်ရံတော် ဒါဇင်ချီတို့နှင့် ဦးဆောင်ကာ ပြေးဝင်၏။ သူတို့က သစ်သားတုတ်များကို ကိုင်မြှောက်ကာဖြင့် နင်ကျန်းကို ရိုက်နှက်နေသည့် အမတ်များကို ပြန်လည် ရိုက်နှက်ကြတော့၏။

ခဏအတွင်းမှာပဲ အမတ်ပေါင်းဒါဇင်ချီတို့က ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သူတို့က သရဲတစ္ဆေများကဲ့သို့ပင် ငြီးငြူအော်ဟစ်လျက် ရှိနေ၏။ ခန္ဓာကိုယ်မှာလည်း သွေးများ စိုရွှဲနေသညိ။

လီစွမ်းက နင်ကျန်းကို သွားရောက် ထူမပေး၏။ နင်ကျန်း၏ တစ်ကိုယ်လုံးက ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပြီး မျက်နှာမှ သွေးများစီးကျနေ၏။ နင်ကျန်း၏ သိုင်းပညာက အကောင်းဆုံး မဟုတ်သော်လည်း အတန်အသင့် ကောင်းမွန်သည့် အဆင့်တွင် ရှိ၏။ ဤစာပေပညာရှင် အမတ်များကို ပြန်လည် ရိုက်နှက်ရန်မှာ သူ့အတွက် လုံလောက်သည်ထက် ပိုလို့နေ၏။ သို့ပေမည့် ပြန်မလုပ်ခဲ့ချေ။ ထိုအမတ်များ၏ ဂုဏ်သိက္ခာ တရားကို ဂရုမစိုက်သော်လည်း သူကတော့ သူ၏ ဂုဏ်သိက္ခာတရားကို ထိန်းသိမ်းလို၏။

“ဒီပုန်ကန်တဲ့ သစ္စာဖောက်တွေကို ဖမ်းစမ်း။ အကုန်လုံးကိုဖမ်းပြီးတော့ တရားရေးရာ ဌာနကို ပို့လိုက်”

နင်ယွမ်ရှန်း၏ အမိန့်နှင့် အမတ်ပေါင်း ဒါဇင်ချီတို့က ဖမ်းဆီးခံလိုက်ရပြီး အထူးတရားရုံးဆီသို့ ပို့ဆောင်ခြင်းကို ခံရ၏။ သို့သော်ငြား အထူးတရားရုံးသို့သွားရာ လမ်းတစ်လျှောက်မှာ ထိုသူတို့က သူရဲကောင်းများသဖွယ် ဆက်ဆံခံရသည်။

“ကောင်းတယ်။ လုပ်တာ ကောင်းတယ်”

“တကယ်ကို သစ္စာရှိတဲ့ အမတ်တွေပဲ။ တိုင်းပြည်အတွက် သစ္စာဖောက်တွေကို ရိုက်နှက်ရဲတယ်”

“သစ္စာဖောက်တွေ သေပါစေ။ သစ္စာဖောက်တွေ သေပါစေ”

အမတ်ပေါင်း ဒါဇင်ချီတို့က ရုတ်တရက် နာမည်ကျော်ကြားသွားခဲ့ပြီး အချိန်တိုအတွင်း သူတို့၏ အမည်နာမက ရွှဲ့ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပညာရှင်ပေါင်းများစွာတို့က သူတို့ကို ချီးကျူးသည့် ကဗျာများကိုပင် စပ်ဆိုကြ၏။ ထိုသူတို့၏ မိသားစုများကလည်း ကြီးမားသည့် ဂုဏ်ကျက်သရေကို ခံစားရ၏။ ဒေသန္တရအရာရှိများကလည်း လာရောက် ဂါရဝပြုကြ၏။ သူတို့က ဘိုးဘေးဘီဘင်များကို ဂုဏ်တက်စေခဲ့သူများကဲ့သို့ပင်။

ထို့ပြင် အထူးတရားရုံး၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိပြီးနောက် ထိုသူတို့က ပထမတန်းစား ဆက်ဆံမှုကို ခံရ၏။ အထူးတရားရုံး၏ ထောင်မှူးများက မျက်နှာအလိုက်ဆုံး လူများ ဖြစ်၏။ ကျန်းချုံးပင်လျှင် သူတို့၏ နှိပ်စက်မှုကို ခံရပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ဖူး၏။ သို့သော်ငြား ယခုအချိန်မှာတော့ သူတို့က ထိုအမတ်များကို သူရဲကောင်းကြီးများဟု ခေါ်ကာ မိမိအိတ်ထဲမှ ငွေကိုစိုက်ကာဖြင့် အရက်ဝိုင်းများနှင့်ပင် တည်ခင်းဧည့်ခံလျက် ရှိ၏။ အမတ်များက ထောင်ကျနေခြင်းမဟုတ်ဘဲ သခင်ကြီးသဖွယ်ပင် လောကီစည်းစိမ် ကို ခံစားနေကြ၏။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စာလွှာတစ်စောင်က ရှိရင်းစွဲ အခြေအနေကို ဖြိုခွဲခဲ့၏။ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက နာမကျန်းဖြစ်၍ သေလုမျောပါး ဖြစ်နေ၏။ အခြေအနေကို ထိန်းချုပ်ကွပ်ကဲနိုင်ခြင်း မရှိတော့ချေ။ ဘုရင်မင်းမြတ် အနေနှင့် တောင်ဘက်သို့ အရာရှိများကို ချက်ချင်း စေလွှတ်ပေးရန်ပင်။

ကျူးမိသားစုက တကယ်ပင် ရက်စက်လွန်းလှချေ၏။ အိမ်ရှေ့စံမင်းသား တောင်ဘက်နိုင်ငံသို့ သွားလာရေး အတွက် ကျူးကျွင်းကို နာမကျန်း ဖြစ်စေခဲ့၏။ ထို့ပြင် ပြင်းထန်သည့် ရောဂါမျိုးပင်။ အရှင်မင်းကြီးက သမားတော်များကို သေချာပေါက် စေလွှတ်ပေးပေလိမ့်မည်။ ကျူးကျွင်းက မည်ကဲ့သို့ နေကောင်းသည်ပဲ ဖြစ်ဖြစ် လက်ရှိအချိန်တွင် နေမကောင်း ဖြစ်ရပေလိမ့်မည်။ ထို့ပြင် သေခါနီးဆဲဆဲ အခြေအနေသို့လည်း ရောက်ရပေလိမ့်မည်။

ပြီးနောက် ကျူးလင်းနှင့် နန်းကုန်းအိုတို့ဆီမှ စာလွှာများက ထပ်မံ ရောက်ရှိလာ၏။ ကျင်းမင်းသား၏ ရိက္ခာများက ကုန်လုနီးပါးဖြစ်ပြီး ကျန်းမာရေး အခြေအနေက ဆိုးဝါးနေသောကြောင့် ကပ်ရောဂါများ စတင် ဖြစ်ပွားနေ၏။ သဲကန္တာရ လူရိုင်းတပ်ဖွဲ့ဝင်များက တဖြည်းဖြည်း သေဆုံးနေကြ၏။ ကျင်းမင်းသားကို ချေမှုန်းရန် ရွှေထက်ပင် ရှားပါးသည့် အခြေအနေ အခွင့်အရေးမျိုးကို သူတို့ ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်းပင်။

နောက်ဆုံးမှာတော့ ဤကိစ္စကို တားဆီး၍ မရနိုင်တော့ချေ။

ကျူးကျွင်းက နေမကောင်း ဖြစ်နေ၏။ သူက စစ်ပွဲတစ်ခုလုံး၏ သေနာပတိချုပ်ကြီးလည်း ဖြစ်၏။ ယခု အခြေအနေကို ဦးဆောင်မည့်သူ မရှိတော့ချေ။ မည်သူ သွားမည်နည်း။ အိမ်ရှေ့စံမင်းသားမှလွဲ၍ မည်သူမှ သွားနိုင်စွမ်း မရှိတော့ပေ။

အရှင်မင်းကြီး နင်ယွမ်ရှန်းက သက်ပြင်းချလိုက်၏။

“နင်ယီ... မင်း နန်အိုနိုင်ငံကို သွားချင်နေမှန်း ငါသိတယ်။ ငါ မင်းကို တားခဲ့တာ မင်းအောင်မြင်မှု ရလာမှာကို ကြောက်လို့ မဟုတ်ဘူး။ မင်း အန္တရာယ်ဖြစ်မှာကို စိုးရိမ်လို့”

အိမ်ရှေ့စံမင်းသား နင်ယီက ဦးတိုက်လိုက်သည်။ “အဖေ့ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ရှမ့်လန်က မင်းရဲ့ ရန်သူဖြစ်တယ်ဆိုပေမဲ့ မင်း သူ့စကားကို နားထောင်ရမယ်။ သူက အခြေအနေ အရပ်ရပ်ပေါ်မှာ သစ္စာရှိတယ်။ မင်း နန်အိုနိုင်ငံကို ရောက်သွားတဲ့အခါမှာ သတိရှိရမယ်။ ဂရုစိုက်ရမယ်။ ပြီးတော့ အခြေအနေကို အရမ်းသတိထားရမယ်”

အိမ်ရှေ့စံ မင်းသားက ဦးတိုက်လိုက်သည်။ “ကျုပ် မှတ်သားထားပါ့မယ်”

နင်ယွမ်ရှန်းက ဆက်ပြော၏။ “ကျင်းမင်းသားကို ဝိုင်းထား။ တကယ်လို့ မင်း သူ့ကို အနိုင်ယူနိုင်တယ် ဆိုရင်တောင် အောင်ပွဲပါပဲ။ စစ်မျက်နှာပြင်ကို တာ့နန်နိုင်ငံထဲကို မဝင်စေနဲ့။ အသက်လု ထွက်ပြေးတဲ့ ရန်သူတွေကို လိုက်ပြီး မတိုက်နဲ့။”

“အဖေ့ရဲ့ ဆုံးမစကားကို ကျုပ် မှတ်ထားပါ့မယ်”

နင်ယွမ်ရှန်းက အချိန်ခဏ ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ “နင်ယီ... မင်း ငါ့ကို မုန်းနေမှာ ငါသိတယ်။ ဒါပေမဲ့ ငါ့ ရင်ထဲက စကားတစ်ခွန်းကို ပြောပြမယ်။ မင်း ကျင်းမင်းသားကို အမြစ်ပြတ် ချေမှုန်းစရာ မလိုဘူး။ သူ့ကို မောင်းထုတ်နိုင်ရုံနဲ့တင် အောင်ပွဲ ဖြစ်နေပြီ။ အိမ်ရှေ့စံဆိုတဲ့ မင်းရဲ့ နေရာက ခိုင်မြဲသွားပါလိမ့်မယ်။”

အိမ်ရှေ့စံမင်းသားက ဦးတိုက်လိုက်၏။ “ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ်”

နောက်တစ်နေ့မှာတော့ အိမ်ရှေ့စံမင်းသားက မြင်းတပ်သား ၅ ထောင်ကို ဦးဆောင်ပြီး တောင်ဘက် နန်အိုမြေပြင်ဆီသို့ ချီတက်သွားခဲ့၏။ ဘုရင်နှင့် မှူးမတ်များက လိုက်ပါ ပို့ဆောင်၏။ နန်းမြို့တော်ရှိ ပြည်သူများက လိုက်ပါ ပို့ဆောင်၏။ မြင်းခွာသံက တကယ်ကို စည်ကား သိုက်မြိုက်လွန်းလှသည်။

“ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။ အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ”

အိမ်ရှေ့စံက ထိုမြင်ကွင်းကို ကြည့်လိုက်၏။ ပြည်သူတစ်ရပ်လုံးက သူ့ကို ထောက်ခံ အားပေးနေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများက ဆူပွက်နေသကဲ့သို့ပင် ခံစားမိ၏။ သူက နင်ယွမ်ရှန်းကို လှမ်းကြည့်၏။ ယခု အချိန်မှာတော့ နင်ယွမ်ရှန်းက တမင်တကာ ကျောခိုင်းထား၏။ ခန္ဓာကိုယ်က အနည်းငယ် ကိုင်းသကဲ့သို့ ရှိ၏။ ဘုရင်မင်းမြတ်က လက်ရှိအချိန်တွေ စိတ်ပိုင်းဆိုင်ရာအရ အမှန်တကယ် မောပန်း နွမ်းနယ်နေပြီ ဖြစ်၏။

‘အင်း.. ခင်ဗျား အိုနေပါပြီ။ ကျုပ် ခင်ဗျားနေရာကို ယူမယ့်အချိန်ကို စောင့်နေလိုက်။’

အိမ်ရှေ့စံ နင်ယီက မဲ့ပြုံး ပြုံးလိုက်၏။ ‘ကျုပ် ကျင်းမင်းသားကို ချေမှုန်းပြီးတဲ့ အချိန်ကျရင် ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ အဖေအပါအဝင်ပေါ့။

ကျုပ် နန်အိုနိုင်ငံကို ရောက်သွားရင် ကျုပ် လက်ထဲမှာ စစ်သည်ပေါင်း ၂ သိန်းကျော် ရှိလိမ့်မယ်။ ဘယ်သူက ကျုပ်ကို တားနိုင်မှာလဲ။ ရှမ့်လန်.. အဲဒီကောင်က လူရွှင်တော်သာသာပဲ။ ကျုပ် နင်ယီ နန်အိုနိုင်ငံထဲကို ရောက်တာနဲ့ ပင်လယ်ထဲက နဂါးတစ်ကောင်လို ဖြစ်သွားပြီ။ ကျုပ် နင်ယီက ပြာပုံထဲက ပြန်လည် ထိုးထွက်လာမယ့် ဗာမေလီယံငှက်တစ်ကောင်လို ဖြစ်သွားပြီ။’

“သွားကြစို့” အိမ်ရှေ့စံ နင်ယီက အမိန့်ပေးလိုက်၏။

မြင်းတပ်သား ၅ ထောင်တို့က တောင်ဘက်သို့ ဦးတည်ကာ ချီတက်၏။ ဘုရင်မင်းမြတ်က မူလနေရာတွင် ရပ်လျက် ကျန်ရစ်ခဲ့၏။ နင်ယီ၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိပင်။ နင်ယွမ်ရှန်းက အရှေ့ဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ချေ။

“ရှမ့်လန်... ခွေးကောင်လေး၊ မင်း ပြောသမျှတွေ မမှန်ပါစေနဲ့လို့ ဒီတစ်ခါ ငါမျှော်လင့်ချင်တယ်။ ခွေးလေး.. ခွေးလေး”

နင်ယွမ်ရှန်းက ရထားလုံးပေါ်သို့ တက်လိုက်၏။ “ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့”

မိုးခြိမ်းတာပဲဖြစ်ဖြစ်၊ မိုးရွာတာပဲဖြစ်ဖြစ်၊ ကောင်းချီးမင်္ဂလာပဲဖြစ်ဖြစ်၊ ကောင်းကင်ကပ်ဘေးပဲဖြစ်ဖြစ် သူ အရာအားလုံးကို လက်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

.....................

ရွှမ်ဝူနယ်စားကြီးအိမ်တော်မှာတော့...

“သခင်လေး... အိမ်ရှေ့စံမင်းသားက တောင်ဘက်ကို ဆင်းသက်လာပါပြီ။ မှန်နက်ဌာနရဲ့ အဖွဲ့ဝင် တစ်ယောက်က သတင်းပေးပို့ပါတယ်”

ရှမ့်လန်က မျက်လုံးများကိုမှိတ်ပြီး ကြည်နူးစွာဖြင့် ခံစားနေမိ၏။ တကယ့်ကို ပွဲကြီးပွဲကောင်းကတော့ စတင်ပြီ ဖြစ်သည်။

“ဟား ဟား ဟား ဟား... နင်ယီ၊ မင်းရဲ့ စစ်တပ်ကြီးတစ်ခုလုံး ပြုန်းတီးသွားတဲ့ သတင်းကို ငါ စောင့်နေမယ်”

အိမ်ရှေ့စံမင်းသားက မြင်းစီးတပ်သား ၅၀၀၀ ကို ဦးဆောင်ပြီး တောင်ဘက်အရပ်ဆီသို့ ချီတက်သွား၏။ တစ်နေ့လျှင် လီပေါင်း ၂၀၀ ခရီး ပေါက်ရောက်နိုင်သည့်စံချိန်နှင့် အမြန် ချီတက်ခြင်းပင်။ ဤတပ်ဖွဲ့က လူတစ်ကိုယ် မြင်းနှစ်ကောင်ဖြင့် ဖွဲ့စည်းထားသည့် ထိပ်တန်း မြင်းစီးတပ်သားများ ဖြစ်၏။

အပြင်ဘက်က ကြည့်ရမည်ဆိုလျှင် သာမန်မျှသာ ထင်ရသော်လည်း လက်နက်ခဲယမ်းကို အားပြုသည့် ဤကဲ့သို့သောကာလတွင် အမြန်နှုန်းက တကယ့်ကို အံ့မခန်း ဖြစ်၏။ ထို့အပြင် မြင်းစီးတပ်ဖွဲ့က ရိက္ခာ သယ်ဆောင်သွားရန် မလိုပေ။ လမ်းခရီးတစ်လျှောက်လုံးတွင် ထောက်ပံ့မည့်သူများက အဆင်သင့် ရှိနေသောကြောင့်ပင်။

မိုင်ထောင်ချီဝေးသည့်ခရီးကို နှင်နေရသော်လည်း နောက်တစ်ထောက်နားမည့် စခန်းသို့ ရောက်သည်နှင့် ရိက္ခာခြောက်များသာမက ရေနွေးပူပူနှင့် အရသာရှိသည့် အစားအစာများပါ အဆင်သင့် ပြင်ဆင်ထား၏။ အိမ်ရှေ့စံမင်းသား နင်ယီက ခရီးတစ်ထောက် နား၍ အကောင်းဆုံး ပြုစုမှုကို ခံယူရုံသာ ရှိသည်။

သို့သော်လည်း ထိုမျှနှင့် မပြီးသေးချေ။ လမ်းတစ်လျှောက်တွင် တခြားသော ထိပ်တန်းမြင်းစီးတပ်သားများက လာရောက်ပူးပေါင်းကြ၏။ ထိုသူအားလုံးတို့က ရွှဲ့ပြည်နယ်မှ ငယ်ရွယ်သည့် တော်ဝင်မျိုးနွယ်များ ဖြစ်ကြ၏။ သူတို့က မိမိတို့၏အိမ်တော်မှ အတော်ဆုံး စစ်သည်များကို ခေါ်ဆောင်လာခဲ့ကြပြီး တချို့ဆိုလျှင် မိုင်ထောင်ချီ ဝေးသည့်ခရီးမှပင် လာရောက်ပူးပေါင်းကြခြင်း ဖြစ်၏။

တကယ့်ကို အားလုံး အရာရာ အဆင်သင့်ပင်။ ဤအခွင့်အရေးကြီးက တစ်သက်မှ တစ်ခါဆိုသလို ကြုံရနိုင်သည့် အခွင့်အရေးကြီး ဖြစ်၏။ ယခု အိမ်ရှေ့စံမင်းသားက ပြည်သူလူထု၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထား၏။ ကျန်သူများက အရံသင့် လိုက်ပါပြီး မျက်နှာလုပ်ရန်သာလျှင် ရှိ၏။ အိမ်ရှေ့စံမင်းသား၏ ရှေ့မှောက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး မျက်မှန်းတက်မိအောင် နေထိုင်ရုံနှင့် ရင်းနှီးမြှုပ်နှံမှု က ဆယ်ဆမက ပိုမိုကာ အကျိုးအမြတ် ပြန်ရနိုင်သည်။

နန်အိုစစ်မြေပြင်တွင် ရွှဲ့ပြည်နယ်၏ စစ်သည်အင်အား ၂ သိန်းကျော် ရှိနေသည်ကို လူတိုင်းသိရှိ၏။ ကျင်းမင်းသား၏ သဲကန္တာရ လူရိုင်းတပ်ဖွဲ့က အင်အား ၄ သောင်းအောက်သာ ရှိတော့ပြီး ရိက္ခာပြတ်လပ်မှုနှင့် ကပ်ရောဂါကိုလည်း ခံစားနေရ၏။ ဤစစ်ပွဲက တကယ့်ကို ကျိန်းသေပေါက် အနိုင်ရမည့် စစ်ပွဲပင်။

ထို့ကြောင့် အိမ်ရှေ့စံမင်းသားနင်ယီ ထျန်းနန်မြို့ဆီသို့ မရောက်မီမှာပဲ သူ၏ မြင်းစီးတပ်သား အင်အားက ၈၀၀၀ ထိ တိုးပွားလာခဲ့လေ၏။ ရွှဲ့ပြည်နယ်ရှိ တော်ဝင်မျိုးနွယ်ထက်ဝက်ကျော်တို့က လူများ စေလွှတ်ခဲ့၏။

ထိုမျှတင်မကသေးချေ။ အိမ်ရှေ့စံ၏စစ်သည်များ မြို့တစ်မြို့ကို ဖြတ်သန်းသွားတိုင်း မရေတွက်နိုင်သည့် ပညာရှင်များနှင့် သာမန်ပြည်သူများက လာရောက်ကြိုဆိုကြ၏။ ပညာရှင်များက အလိုလို လာရောက်ကြခြင်းဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံ၏အကျိုးစီးပွားက ရွှဲ့ပြည်နယ်၏ ပညာရှင်တို့၏ အကျိုးစီးပွား ဖြစ်သောကြောင့်ပင်။

အိမ်ရှေ့စံ၏ အမာခံအင်အားက နန်းတွင်းအရာရှိများဖြစ်၏။ အိမ်ရှေ့စံ နေရာမြဲရေးအတွက် နန်းတွင်း အရာရှိများက ဘုရင်ကိုပင် အာခံရဲကြ၏။ သို့ပေမည့် အနှစ်ချုပ်ရမည်ဆိုလျှင် အိမ်ရှေ့စံက ပြည်သူ့မေတ္တာကို ရရှိထား၏။

အိမ်ရှေ့စံ နန်းမြို့တော်မှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် နန်းမြို့တော်တစ်ခုလုံးရှိ အရာရှိပေါင်း များစွာတို့က ပြည်သူ့သဘောထားကို ပုံဖော်ရန် စတင်ကြိုးစားလှုပ်ရှားလာခဲ့၏။ နေ့စဉ်နေ့တိုင်း ထိုလှုပ်ရှားမှု က အရှိန်မြင့်တက်လာသည်။

နန်အိုစစ်ပွဲအား နှစ်တစ်ရာအတွင်း အကြီးကျယ်ဆုံး စစ်ပွဲတစ်ခုအဖြစ် ပုံဖော်ကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် ဝူ - ရွှဲ့စစ်ပွဲထက်ပင် ပိုမိုကာ အရေးကြီးကြောင်း ဝါဒဖြန့်ကြ၏။ ဤစစ်ပွဲကို အနိုင်ရပြီး ကျင်းမင်းသားကို ရှင်းလင်းနိုင်ပါက ရွှဲ့ပြည်နယ်က ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းသာယာမှုကို ရရှိမည်ဟု ဆိုကြ၏။

ဤစကားက မှန်သင့်သလောက်လည်း မှန်၏။ သို့သော်ငြား ထိုသူတို့၏ လုပ်ရပ်က လွန်ကဲလွန်း၏။ တကယ့်ကို နတ်တိုက်ပွဲကြီးတစ်ခုကဲ့သို့ပင် အသွင်သဏ္ဍာန်ဆောင်လို့နေ၏။ သို့ရာတွင် ပညာရှိတို့ မည်သည်က ဤသို့ပင် ဖြစ်၏။ သူတို့၏စကားလုံးများဖြင့် လူတို့ကို တုန်လှုပ်ခြောက်ခြားသွားအောင် မပြုလုပ်ရလျှင် နေသာထိုင်သာ ရှိသည့်လူများ မဟုတ်ကြသောကြောင့်ပင်။

အိမ်ရှေ့စံက ထျန်းနန်ပြည်နယ်သို့ ဝင်ရောက်လာသည့်အချိန်တွင် ပြည်သူလူထု၏ သဘောထား ထောက်ခံမှုက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ မီးလောင်ရာလေပင့် ဆိုသလိုပင် အရှိန်အဟုန်က ပိုမိုကာ ပြင်းထန်၏။ မရေတွက်နိုင်သည့် လူပေါင်းများစွာတို့က ပညာရှင်များ၏ လှုံ့ဆော်မှုအောက်တွင် စိတ်ဓာတ် တက်ကြွကာဖြင့် ပွဲလမ်းသဘင်များ ဆင်နွှဲသကဲ့သို့ပင် ဤပွဲဆီသို့ ရောက်ရှိလာခဲ့၏။

မကြာခင်မှာပင် ကျူးမိသားစုက သူတို့၏ လုပ်ဆောင်မှုမှာ လွန်ကဲသွားခဲ့ပြီဟု ခံစားမိပြီး အရှိန်လျော့ရန် ကြိုးစားသော်လည်း အချိန်အခါက နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်မှာတော့ ကျူးမိသားစု၏ လမ်းညွှန်ပြသမှုမပါ ၊ နန်းတွင်းအရာရှိများ၏ ဦးဆောင်မှုမရှိလျှင်ပင် ရွှဲ့ပြည်နယ်ရှိ ပညာရှင်များက မိမိဘာသာ မြှောက်ပင့်ကြပေတော့မည်။

ပညာရှင်များက အိမ်ရှေ့စံကို ထောက်ခံကြ၏။ စစ်သည်များက တတိယမင်းသားကို ထောက်ခံကြ၏။ အူကြောင်ကြောင်လူများကသာ နင်ကျန်းကို ထောက်ခံကြ၏။ ဤအရာက လူတို့၏ နှလုံးသား၌ အမြစ်တွယ်နေ၏။ ရွှဲ့ပြည်နယ်ရှိ ပညာရှင်အားလုံးက အိမ်ရှေ့စံ၏ တည်နေရာ တည်မြဲရေးအတွက် ဝိုင်းဝန်းကာ ပြုလုပ် ဆောင်ရွက်ပေးနေကြ၏။ ဤအရာက အိမ်ရှေ့စံအတွက် သက်သက်မဟုတ်ဘဲ ပညာရှိတို့၏ အကျိုးစီးပွား အတွက်လည်း ဖြစ်သည်။

အိမ်ရှေ့စံ ဦးဆောင်မည့် အဆုံးဖြတ်တိုက်ပွဲ အကြောင်းကို မိမိတို့၏ သဘောဖြင့် ဝါဒဖြန့်ကြတော့၏။ ကဗျာများ၊ ဝတ္ထုများကို ရေးသားပြီး စားသောက်ဆိုင်နှင့် တည်းခိုခန်းများ၌ နန်အိုစစ်ပွဲအကြောင်းကို ပုံပြောသူများပင် ငှားယမ်းကာ ပြောစေ၏။

ခဏတာအတွင်း တစ်လောကလုံးသောလူများ စောင့်ကြည့်ရလောက်အောင် အုန်းအုန်းကျွတ်ကျွတ် ဖြစ်လို့လာသည်။

အဝေးလံဆုံးသော တောင်ပေါ်ဒေသမှ လယ်သမားအဘိုးအိုများပင်လျှင် မကြာခင် နတ်တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားတော့မည် ဖြစ်ကြောင်း သိရှိကြ၏။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ဦးစီးပြီး ရွှဲ့ပြည်နယ်၏ အကြီးမားဆုံး ရန်သူတော် ကျင်းမင်းသားကို ချေမှုန်းမည့်အကြောင်း၊ ဤသည်က နိုင်ငံတစ်ခုလုံး ပျက်စီး သွားနိုင်စေသည့် တိုက်ပွဲကြီးဖြစ်ပြီး ရွှဲ့ပြည်နယ်အတွက်တော့ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် တိုက်ပွဲမျိုးဖြစ်ကြောင်း ပြောစမှတ်တွင်၏။

လမ်းဘေးမှ လူမိုက်များပင်လျှင် အော်ဟစ် ကြွေးကြော်ကြသည်။ “အိမ်ရှေ့စံလာပြီ။ ကျင်းမင်းသား သေဆုံးရတော့မယ်။ အိမ်ရှေ့စံလာလျှင် နန်အိုနိုင်ငံ ကျဆုံးရမယ်”

ဤကဲ့သို့ ကြွေးကြော်သံများ၏ ကြားမှာပင် အိမ်ရှေ့စံမင်းသားက သူ၏ မြင်းစီးတပ်သားများကို ခေါ်ဆောင်ကာဖြင့် ထျန်းနန်မြို့ဆီသို့ ဝင်ရောက်လာ၏။ ဤအချိန်မှာတော့ နင်ယီက အင်အားကြီးမားသော စစ်ကူများ၏ ကြိုဆိုလက်ခံမှုကို ခံရ၏။ ထိုအရာက ကောင်းကင်ပင်လယ်နန်းဆောင်မှ စစ်သည်တော်များ ဖြစ်ပြီး အရေအတွက်အားဖြင့် ၂၀၀ ခန့်သာ ရှိသော်လည်း အားလုံးက သိုင်းပညာ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် လူများပင်။

ထိုလူပေါင်း ၂၀၀ ကျော်ကို ဦးဆောင်ထားသည့် သူကတော့ သခင်ကြီး ကျိုးရှီ၏ တခြားသော တပည့်ရင်းတစ်ဦး ဖြစ်သော လီနန်ဖုန်း ပင် ဖြစ်၏။ အချက်အလက်ကို ကြည့်ခြင်းအားဖြင့် နင်ဟန် မင်းသမီးက နင်ယီ၏ တိုက်ပွဲအပေါ် မည်မျှ အလေးထားကြောင်း သိသာထင်ရှားစေ၏။

ဤပညာရှင် ၂၀၀ တို့၏ ရည်ရွယ်ချက်က တစ်ခုတည်းသာပင်။ နင်ယီကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်လေ၏။ ဤသည်က ကောင်းကင်ဘုံ၏ အချစ်တော် စစ်စစ်ပင် ဖြစ်ပေမည်။

လူပေါင်းသောင်းချီတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသည်က အိမ်ရှေ့စံမင်းသားမှလွဲ၍ တခြားသူ ရှိမည် မဟုတ်ချေ။ အိမ်ရှေ့စံက အုပ်ချုပ်ရေးမှူး ကျူးကျွင်းနှင့် တွေ့ဆုံရန် အုပ်ချုပ်ရေးမှူးရုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။

...........................

အပိုင်း (၆၃၄)

အုပ်ချုပ်ရေးမှူး ကျူးကျွင်း နေမကောင်းဖြစ်သည်က အစစ်အမှန် ဖြစ်၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူက အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်ရသောကြောင့် ခွန်အားများ ကုန်ခမ်းခဲ့၏။ သို့သော်ငြား ရောဂါ အသည်းအသန် ဖြစ်နေခြင်းကတော့ အတုအယောင်ပင် ဖြစ်၏။ အထူးဖော်စပ်ထားသည့် ဆေးဝါးများကို သောက်သုံးထားသောကြောင့် အသက်အန္တရာယ်ဖြစ်ဖို့ ဆိုသည်မှာ အတော်ဝေးကွာသည့် အခြေအနေမျိုးပင် ဖြစ်၏။

“အရှင်မင်းသား ကျုပ် အရှင်မင်းသားကို ဂါရဝမပြုနိုင်တာကို ခွင့်လွှတ်ပါ။” အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။

“ဦးရီးတော်... အားနာနေစရာ မလိုပါဘူး။ ဦးရီးတော် လုပ်ပေးခဲ့တဲ့ အရာအားလုံးကို ကျုပ် အမှတ်ရနေမှာပါ။” အိမ်ရှေ့စံမင်းသားက ပြန်ပြောလိုက်၏။

အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “ကျုပ်တို့ ရွှဲ့ပြည်နယ်ရဲ့ စစ်သည် ၂ သိန်းက ကျင်းမင်းသားရဲ့ စစ်သည် ၃ သောင်းကျော်ကို ဝန်းရံထားခဲ့တာ တစ်လနီးပါး ရှိနေပြီ။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသား မလာမချင်း ကျုပ်တို့ ဒီစစ်ပွဲကို မတိုက်ရဲပါဘူး။”

အမှန်စစ်စစ် သူတို့မတိုက်ရဲသည်က အကြောင်းရှိ၏။ အိမ်ရှေ့စံမင်းသား မရောက်မီ စစ်ပွဲကို အနိုင်တိုက်ပြီး ကျင်းမင်းသားကို ရှင်းလင်းလိုက်ပါက မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။ သေနတ်မပစ်ရသေးခင် လဲကျ သွားသည်ဆိုပါက ပစ်ခတ်မှု တိကျလွန်းသည်ဟု ပြော၍ရပါမည်လား။

ကျူးကျွင်းက ဆက်လက်ကာ ပြောလိုက်၏။ “အရှင်မင်းသား .. နန်အိုစစ်မြေပြင်က အရာအားလုံး အဆင်သင့် ဖြစ်နေပြီ။ ကျုပ်တို့ လိုအပ်တာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက အရှင်မင်းသားပါပဲ”

အိမ်ရှေ့စံမင်းသားက ပြောသည်။ “အရာအားလုံး အဆင်သင့်ဖြစ်ပြီလား။”

“အကုန်လုံး အဆင်သင့်ပါပဲ။ လိုအပ်တာ ဘာမှမရှိပါဘူး။ ပိုနေတာပဲ ရှိပါတော့တယ်။”

ယခင်က မည်သူနိုင်မည်၊ မည်သူရှုံးမည်ကို မသိရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုများက ဆုံးရှုံးနိုင်၏။ ယခု အနိုင်ရမည်မှာ သေချာနေပြီ ဖြစ်သောကြောင့် ကုန်သည်များ၊ တော်ဝင်မျိုးနွယ်များနှင့် ယင်ယွမ်အဖွဲ့အစည်း တို့ကပင်လျှင် ထောက်ပံ့လာကြ၏။ နေ့စဉ်နှင့်အမျှ ရိက္ခာလှည်းများက နန်အိုနိုင်ငံသို့ ရောက်ရှိလာခဲ့၏။ အားလုံးက ဝဝဖြိုးဖြိုးနှင့် စားသောက်နေကြရ၏။

ကျူးကျွင်းက ပြောလိုက်သည်။ “ဒီစစ်ပွဲအတွက် ကျုပ်တို့ကျူးမိသားစုက ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးထားတဲ့ အရင်းအမြစ် အကုန်လုံးနီးပါးကို ထုတ်သုံးခဲ့ရတယ်။”

အိမ်ရှေ့စံမင်းသား နင်ယီက ပြောလိုက်၏။ “အဘိုးနဲ့ ဦးရီးတော်တို့ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။”

ကျူးကျွင်းက ပြောလိုက်သည်။ “အရှင်မင်းသား... ကျေးဇူးတင်ခံချင်လို့ ပြောနေတာ မဟုတ်ဘူး။ ကျုပ် ပြောနေတာက အရှင်မင်းသား အနေနဲ့ သတိထားဖို့ပါ။ အထူး အထူးကို သတိထားဖို့ သတိပေးချင်တာပါ။”

“ကျုပ် နားလည်ပါတယ် ဦးရီးတော်။”

“နန်အိုရောက်ရင် ကျူးလင်းနဲ့ နန်းကုန်းအိုတို့ကို ယုံကြည်ပေးပါ။ သူတို့နှစ်ယောက်လုံးက အတွေ့အကြုံ ရင့်ကျက်တဲ့ စစ်သူကြီးတွေပဲ။”

ထိုစကားကိုကြားချိန်မှာတော့ အိမ်ရှေ့စံမင်းသားနင်ယီက စိတ်မသက်မသာ ဖြစ်သွား၏။ ‘ကျူးကျွင်း... ခင်ဗျား ဘာသဘောလဲ။ ကျုပ်ကို မယုံဘူးလား။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလျှင် လူတွေ ကိုးကွယ်ခံရဖို့ ရုပ်ထုတစ်ခုလိုမျိုး ကျုပ်ကို ထားချင်တာလား။’

ဤအချက်က ကျူးကျွင်း၏ ရည်ရွယ်ချက်အမှန်ပင် ဖြစ်၏။ ‘အရှင်မင်းသား လူသာလာ၊ ဉာဏ်ပညာနဲ့ အရည်အချင်း အားလုံးကို နောက်မှ ထုတ်ဖော်ပါ။ ဒီတစ်ချိန် တစ်ပါးသူ စိုက်ပျိုးထားခဲ့သည့် အရာအားလုံး၊ အသီးအပွင့် အားလုံးကို ထိုင်၍ စားပါဟု ပြောဆိုနေခဲ့ခြင်းပင်’

သို့ပေမည့် အိမ်ရှေ့စံမင်းသားက သုံးနှစ်သားကလေး မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ကျူးကျွင်းက မပေါ့ဆရဲသည်မှာလည်း အမှန်ပင်။ စစ်သည်ပေါင်း ၂ သိန်း ရှုံးနိမ့်သွားသည်ဆိုပါက ကျူးမိသားစု၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားကာမှုက သဲထဲရေသွန် ဖြစ်ပေမည်။ အိမ်ရှေ့စံနေရာကလည်း အန္တရာယ် ရှိလာပေမည်။

နင်ယီက ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဦးရီးတော်.... ဒီတစ်ခါ နန်အိုကိုသွားရင် ကျုပ် မျက်စိနဲ့နားကိုပဲ ယူသွားပါမယ်။ ပါးစပ် မပါစေရဘူး။”

အိမ်ရှေ့စံမင်းသား မကျေမနပ် ဖြစ်သွားသည်ကို ကျူးကျွင်းက သိ၏။ ထို့ကြောင့် လေသံပျော့ဖြင့် ပြောလိုက်၏။ “အရှင်မင်းသား... သိပ်ပြီး ချဲ့ကားလွန်းနေပါပြီ။”

အိမ်ရှေ့စံမင်းသားက ရုတ်တရက် မေးလိုက်သည်။ “ရှမ့်လန်က ပြောတယ်။ ကျင်းမင်းသားက တစ်စုံတစ်ခု ကြံစည်နေတာ ဖြစ်နိုင်တယ်တဲ့။ ဦးရီးတော် ဘယ်လိုမြင်လဲ။”

ကျူးကျွင်းက ခဏမျှ တိတ်ဆိတ်သွား၏။ “အင်း... ဒီနေရာမှာရှိတဲ့ စစ်သေနာပတိချုပ်ကြီး တစ်ယောက်အနေနဲ့ အရာအားလုံးကို ထည့်တွက်ရမယ်ဆိုရင် ရှမ့်လန် ပြောသလို ကျင်းမင်းသားက မြွေကို တွင်းထဲက ဆွဲခေါ်တဲ့ နည်းဗျူဟာကို သုံးနေတယ်ပေါ့။ ဒါပေမဲ့ ဒါက ရယ်စရာပဲ။ သူ့တပ်ရဲ့ သုံးပုံနှစ်ပုံလောက်ကို ဆုံးရှုံးခဲ့ရပြီးပြီ။ ဒါပေမဲ့ ကျုပ်တို့ သတိတော့ ရှိရမယ်။ ဒါကြောင့် အိမ်ရှေ့စံကို တစ်ခုပဲ မှာချင်တယ်။ တကယ်လို့ ကျင်းမင်းသားက တာ့နန်ဘက်ကို ထွက်ပြေးသွားမယ်ဆိုရင် လိုက်မတိုက်နဲ့။ တောတွေ တောင်တွေထဲကို လိုက်မဝင်နဲ့။”

အိမ်ရှေ့စံ နင်ယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ”

....................

နောက်တစ်ရက်မှာတော့ အိမ်ရှေ့စံမင်းသားနင်ယီက တပ်သားတစ်သောင်းကို ဦးဆောင်ပြီး နန်အိုနိုင်ငံထဲသို့ ဝင်ရောက်ခဲ့၏။ စစ်မြေပြင်ရှိ စစ်သည်အင်အားက အံ့မခန်းဖွယ်ရာပင် ၂ သိန်း ၁ သောင်းကျော် ရှိလာသည်။ ၅ ရက် ကြာပြီးနောက် အိမ်ရှေ့စံမင်းသားနင်ယီက စစ်မြေပြင်သို့ ရောက်ရှိလာ၏။

“ကျူးလင်း အရှင်မင်းသားကို ဂါရဝပြုပါတယ်”

“နန်းကုန်းအို အရှင်မင်းသားကို ဂါရဝပြုပါတယ်”

ဤစစ်သူကြီးများက အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံကြသော်လည်း ကျန်သည့် အဆင့်မြင့် အရာရှိများကမူ ပေါ်ပေါ်ထင်ထင်ပင် ဖားယားလျက် ရှိနေ၏။ “ကျုပ်တို့က အရှင်မင်းသားကို အားကိုးတကြီးနဲ့ မျှော်လင့်တောင့်တနေခဲ့ရတာ။”

“အရှင်မင်းသား ရောက်လာတဲ့အချိန်မှာ စစ်ပွဲက ပြီးသလောက် ဖြစ်သွားပြီ။”

“အရှင်မင်းသား ရောက်လာပြီ ဆိုမှတော့ ကျုပ်တို့က စိတ်အေးရပါပြီ။”

အိမ်ရှေ့စံမင်းသား နင်ယီက စေ့စပ်သေချာစွာဖြင့် ပြန်လည်ကာ ဦးညွှတ်လိုက်သည်။ “အစ်မ ၊ စစ်သူကြီး ကျူးလင်းနဲ့ စစ်သူကြီး နန်းကုန်းအို … ခင်ဗျားတို့အားလုံးက ခေတ်တစ်ခေတ်ရဲ့ ကျော်ကြားတဲ့ စစ်သူကြီးတွေပဲ။ ဒီစစ်ပွဲကို ဘယ်လိုတိုက်ရမယ်ဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ အားကိုးပါရစေ။ ကျုပ်က လေ့လာသင်ယူဖို့ လာခဲ့တာပါ။ ကျုပ်ရဲ့ မျက်စိနဲ့ နားကိုပဲ ယူလာခဲ့ပါတယ်။ ပါးစပ် ပါမလာပါဘူး။”

ဤစကားကိုကြားချိန်မှာတော့ အားလုံးက သက်ပြင်းချနိုင်သွား၏။ စစ်သူကြီးတစ်ယောက်က အထက်လူကြီး၏ မျက်ကန်းလမ်းညွှန်မှုကို အကြောက်ဆုံးဖြစ်၏။ အိမ်ရှေ့စံက ဤကဲ့သို့သော သဘောထားမျိုး ရှိသည်မှာ တကယ်ပင် ကောင်းမွန်လွန်းလှ၏။ သို့သော်ငြား နှုတ်ဖျားမှ အားလုံးက မြှောက်ပင့် ပြောဆိုနေရကြရ၏။

“အရှင်မင်းသားက ဉာဏ်ပညာ ကြီးမားလှပါတယ်။ ကျုပ်တို့က နာခံပါ့မယ်။”

“အရှင်မင်းသား အမိန့်ပေးလိုက်တယ် ဆိုတာနဲ့ ရေမရှောင်၊ မီးမရှောင် ဘယ်နေရာကိုမဆို ဆင်းပြီး တိုက်ခိုက်ရဲပါတယ်။”

အိမ်ရှေ့စံမင်းသားနင်ယီက မေးသည်။ “နန်းမြို့တော်မှာ ကောလဟလတစ်ခု ရှိတယ်။ ကျင်းမင်းသားဘက်မှာ ရိက္ခာတွေ ပြတ်လပ်နေတယ်ဆို ဟုတ်လား”

မင်းသမီး နင်လော့က ပြော၏။ “အမှန်ပဲ မောင်လေး.. သူတို့အချင်းချင်း ပြန်စားနေကြတယ်။”

ဤစကားကို ကြားသည့်အချိန်မှာတော့ အားလုံးက ပျို့အန်ချင်သလို ဖြစ်သွားသည်။

စစ်သူကြီး ကျူးလင်းက ပြော၏။ “သဲကန္တာရလူရိုင်းမျိုးနွယ်တွေက ဒဏ်ရာရစစ်သည်တွေကို သတ်ပြီး အသားခြောက် လုပ်စားကြတယ်”

နင်ယီက ပြောလိုက်သည်။ ဒါဆိုရင် ကျင်းမင်းသားရဲ့ တပ်ထဲမှာ ကပ်ရောဂါ ကျရောက်နေတယ် ဆိုတာကရော အမှန်ပဲလား။”

“အမှန်ပါပဲ။”

နန်းကုန်းအိုက ပြောလိုက်၏။ “ကျုပ်တို့ အပေါ်စီးကနေ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အလောင်းတွေကို စီစီရီရီ ထားပြီး မီးရှို့နေကြတာ အများကြီးပဲ။ ကပ်ရောဂါသာ မဟုတ်ရင် ဒီလိုမျိုး လုပ်စရာ အကြောင်း မရှိဘူး။”

........

ကျင်းမင်းသားရဲ့တပ်သားများက လူသားစားနေသည်ဆိုခြင်းက အမှန်ပေလား။ လုံးဝ မှား၏။ အမှန်တိုင်း ပြောရမည်ဆိုရင် သဲကန္တာရလူရိုင်းမျိုးနွယ်များက ယခင်တုန်းက ထိုကဲ့သို့ ပြုလုပ်ဖူး၏။ သို့သော်ငြား ကျင်းမင်းသားက ထိုမျိုးနွယ်စုကို စုစည်းပြီးနောက် ပထမဦးဆုံး ထုတ်ပြန်ခဲ့သည့် အမိန့်ဥပဒေက လူသားစားသူ သေဒဏ်ပင်။

ထို့သို့ဆိုလျှင် ရွှဲ့ပြည်နယ်၏ ကင်းထောက်များ မျက်မြင်တွေ့ခဲ့ရသည့် လူသားစားသည် ဆိုသည့်အရာက ဘာများ ဖြစ်သနည်း။ ထိုအရာက ဂျုံဖြင့်ပြုလုပ်ထားသည့် လူရုပ်ပုံစံများသာ ဖြစ်၏။ သူတို့က ဓားနှင့်ဖျက်၊ အိုးထဲသို့ ထည့်ပြုတ်ပြီး ခွဲဝေစားသောက်ကြခြင်း ဖြစ်၏။

အကွာအဝေးက ဝေးကွာလွန်းသောကြောင့် အဖြစ်အပျက်များက အဝေးမှ လှမ်းကြည့်မည်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေကို မြင်ရ၏။ အထူးသဖြင့် ရာဇဝင်ဆိုးများ ရှိနေသည့် သဲကန္တာရလူရိုင်းမျိုးနွယ်များ ဖြစ်သောကြောင့် ရွှဲ့ပြည်နယ်ဘက်မှ လူများက ပိုမိုကာ ယုံကြည်ကြသည်။

ထိုသို့ဆိုလျှင် ကပ်ရောဂါသတင်းကရော အမှန်ပေလား။ စစ်တပ်တစ်ခုတွင် ကပ်ရောဂါဖြစ်ပွားခြင်း ဆိုသည်က ပုံမှန်ဖြစ်၏။ အထူးသဖြင့် သန့်ရှင်းမှု အားနည်းသည့် လူရိုင်းတပ်ဖွဲ့ဝင်များတွင် ဖြစ်၏။

သို့သော်ငြား ကျင်းမင်းသား နန်းတက်ပြီးနောက် သူက တပ်ဖွဲ့ဝင်များအတွင်း သောက်ရေကို ကျိုချက်ပြီးမှ သောက်ရမည်ဟု စည်းကမ်းထုတ်၏။ ဤသည်က ရှမ့်လန်ထံမှ သင်ယူခဲ့ခြင်း ဖြစ်မည်။ လူရိုင်းစစ်သည်များက ညစ်ပတ်သည့် ရေကိုသာ သောက်လေ့ရှိသော်လည်း ဗိုက်မနာတတ်ကြချေ။ ထို့ကြောင့် ရေကျိုသောက်ခြင်းကို အပိုအလုပ်ဟု ထင်ကြ၏။ သို့သော်ငြား ကျင်းမင်းသားက ရေကန်များကို အဆိပ်ခတ်၍ သင်ခန်းစာပေးခြင်း အလုပ်ကို ပြုလုပ်သောကြောင့် ရေကိုကျိုသောက်သည့် အလေ့အထ ဖြစ်လာခဲ့၏။ ထို့အပြင် ကျင်းမင်းသားက ဆေးကုသပေးနိုင်သည့် ဘုန်းတော်ကြီးပေါင်းများစွာကို ခေါ်ဆောင်ထားသောကြောင့် ကပ်ရောဂါ ကြီးကြီးမားမား ဖြစ်စရာ အကြောင်းမရှိချေ။

ထိုသို့ဆိုလျှင် ကပ်ရောဂါ ကောလာဟလက အဘယ်သို့ ထွက်ပေါ်လာရသနည်း။ တကယ်ကို ရိုးရှင်းလွန်း၏။ လူတစ်စုကို တစ်ကိုယ်လုံး လုံခြုံစွာ ဝတ်ဆင်စေပြီး အလောင်းများကို မီးရှို့ခိုင်းခြင်းကြောင့်ပင်။ ယခင်က အလောင်းများကို မြေမြှုပ်လေ့ ရှိသော်လည်း ယခု ကျင်းမင်းသား၏ အမိန့်ဖြင့် အလောင်းများကို အကြီးအကျယ် မီးသဂြိုလ်၏။

နေ့စဉ်နှင့်အမျှ မီးရှို့ရသည့် အလောင်းအရေအတွက်က များလာ၏။ တစ်နေ့လျှင် အလောင်း ၁၀ ဂဏန်းမှ ရာဂဏန်းထိ တိုးလာ၏။ ရွှဲ့ပြည်နယ်၏ကင်းထောက်များက ထိုအရာကို မြင်ချိန်တွင် ကပ်ရောဂါဟု သတ်မှတ်လိုက်ကြသည်။

လူသားတို့က ဆန်းကြယ်သည့် သတ္တဝါများ ဖြစ်၏။ မိမိ မြင်တွေ့သည့် အရာကို ယုံကြည်တတ်ကြသလို မိမိတို့ ယုံကြည်ချင်သည့်အရာဆိုလျှင် ပိုမို၍ပင် ယုံကြည်ကြ၏။

ဤသည်က ကျင်းမင်းသား၏ ပါးနပ်မှုပင် ဖြစ်၏။ သူက စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးအားလုံးကို အစွမ်းကုန် အသုံးပြုထား၏။ ဟန်ဆောင်သည် ဆိုလျှင်ပင် အပီပြင်ဆုံး ဖြစ်အောင် ဟန်ဆောင်သည်။

........................

အိမ်ရှေ့စံမင်းသားနင်ယီက အလွန်တရာ ဝမ်းမြောက်လို့နေခဲ့၏။ အချိန်အခါ၊ နေရာဒေသနှင့် လူအင်အား အားလုံးက သူ၏ဘက်တွင် ရှိလို့နေ၏။ မနိုင်စရာ အကြောင်း မရှိတော့ပေ။

“စစ်သူကြီးတို့ ဘယ်တော့ စစ်စတိုက်ကြမလဲ။” နင်ယီက နှိမ့်နှိမ့်ချချပင် မေးမြန်းလိုက်၏။

စစ်သူကြီးကျူးလင်းက ပြောလိုက်သည်။ “ကျုပ်တို့အားလုံး အဆင်သင့် ဖြစ်နေပြီ။ အချိန်ရွေး စစ်တိုက်လို့ ရပါတယ်။ နောက်သုံးရက် ဒီဇင်ဘာ ၉ ရက်ရောက်ပြီ။ အဲဒီရက်က တကယ့်ကို ရက်ရာဇာပဲ။ အဲနေ့ကျရင် စပြီး စစ်တိုက်ရင် ကောင်းမယ်။”

နန်းကုန်းအိုနှင့် မင်းသမီးနင်လော့တို့ကလည်း သဘောတူညီကြောင်း ခေါင်းညိတ်လိုက်၏။

အိမ်ရှေ့စံ မင်းသား နင်ယီက အမိန့်ပေးလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် ဒီဇင်ဘာလ ၉ ရက်နေ့ တိုက်ခိုက်ကြမယ်။ ကျင်းမင်းသားကို ချေမှုန်းလိုက်ကြစို့။”

မင်းသမီးနင်လော့က ပြောလိုက်၏။ “အခု စစ်မြင်နေပြင်မှာ စစ်သူကြီးတွေ အများကြီးရှိတာမို့ မိန်းကလေး ဖြစ်တဲ့ ငါ မလိုတော့ဘူး။ ဒီတော့ အစ်မ နန်အိုမြို့တော်ကို ပြန်ပါရစေ။”

အားလုံးက သဘောတူ ခေါင်းညိတ်လိုက်၏။ နောက်တစ်နေ့မှာပဲ မင်းသမီးနင်လော့က တပ်သားတစ်သောင်း ကို ဦးဆောင်ပြီး နန်အိုမြို့တော်ဆီသို့ ပြန်လည် ထွက်ခွာသွားသည်။

...............

စစ်မြေပြင်တစ်ခုလုံးကို အပေါ်စီးမှလှမ်းကာ ကြည့်ရှုမည်ဆိုပါက မည်သူမဆို အံ့ဩသွားကြပေမည်။ မိုင်ပေါင်းများစွာ ရှည်လျားသည့် စစ်စခန်းများ၊ မြောင်းများနှင့် သစ်သားခံတပ်များက မြေပြင်တည်နေရာ အနှံ့တွင် နေရာယူထား၏။ ကောင်းကင်နှင့် မြေကြီးအား ဖုံးလွှမ်းနေသကဲ့သို့ပင် အဆုံးအစမရှိချေ။

ရွှဲ့ပြည်နယ်၏ စစ်သည်ပေါင်း ၂ သိန်း ၁ သောင်းကျော်တို့က ရေနက်ခံတပ်တစ်ခုလုံးကို ဝန်းရံထား၏။ ရေနက်ခံတပ်က ၅ ပုံ ၁ ပုံခန့်သာ တည်ဆောက်ထား၏။ နှစ်ပေါင်း ၂၀ ကြာမြင့်ပြီးနောက် အများစုက ပြိုကျပျက်စီးနေပြီး ယခုအချိန်မှာတော့ ဧက ၃၀၀၀ အောက်သာ ကျန်ရှိတော့၏။

ခံတပ်၏ နံရံများက သစ်သားနှင့် ပြုလုပ်ထားပြီး ၂ မီတာခန့်သာလျှင် မြင့်၏။ အမြင့်ပေ လုံလောက်သည် ဆိုသော်ငြား လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ လုံးလုံး ကြုံတွေ့ခဲ့ရသည့် မိုးဒဏ်၊ လေဒဏ်များကြောင့် ဆွေးမြေ့နေပြီး လေတိုက်လျှင်ပင် ယိုင်နဲ့လို့ နေ၏။ ဤနေရာကို အားကိုးပြီး ခုခံမည် ဆိုသည်က အလုံးစုံ ဖြစ်နိုင်သည့် အကြောင်းအရာမျိုး မဟုတ်ပေ။

.....................

၃ ရက်အတွင်း ရေနက်ခံတပ်ရှိ ကျင်းမင်းသား၏ စစ်စခန်းက အလွန်တိတ်ဆိတ်နေ၏။ လူသားစားခြင်း၊ အလောင်းမီးရှို့ခြင်းများ မရှိချေ။ ဤအချက်က လူရိုင်းများ ရိက္ခာပြတ်နေပြီ၊ ကပ်ရောဂါဆိုးဝါးနေပြီဟု ရွှဲ့ပြည်နယ်၏ စစ်သည်များကို ပိုမိုကာ ယုံကြည်စေ၏။ လူသားစားခြင်း ရပ်တန့်သွားသည်က နောက်ဆုံးတိုက်ပွဲ နီးလာပြီဖြစ်၍ လက်ကျန် ရိက္ခာများကို ထုတ်ပေးလိုက်သောကြောင့် ဖြစ်ကြောင်း ယူဆ၏။ အလောင်းမီးရှို့ခြင်း ရပ်သွားသည်က နောက်ဆုံးတိုက်ပွဲ နီးလာပြီဖြစ်၍ ကပ်ရောဂါပျံ့ပွားမှုကို အလုံးစုံ ဂရုမစိုက်တော့ခြင်းဟု ညွှန်းဆို၏။

ကျင်းမင်းသား သရုပ်ဆောင်စရာ မလိုအပ်ဘဲ ရွှဲ့ပြည်နယ်မှ လူများက မိမိဘာသာ ပုံဖော်ကာ တွေးတော နေကြပြီဖြစ်သည်။

ကျင်းမင်းသားက နောက်ဆုံးတိုက်ပွဲနီးလာပြီဟု မည်သို့သိသနည်း။ လူမိုက်တောင် သိနိုင်၏။ စစ်စခန်းသို့ရောက်သည်နှင့် အိမ်ရှေ့စံမင်းသားနင်ယီ၏ အလံတော်က ကောင်းကင်ယံ ထက်ဆီသို့ လွှင့်တင်ထားသည် မဟုတ်ပါလား။

...................

၃ ရက်တာ အချိန်များ ကုန်ဆုံးသွားခဲ့၏။ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ရွှဲ့ပြည်နယ်၏ စစ်သည်ပေါင်း ၂ သိန်း ၁ သောင်းတို့က ရေနက်ခံတပ်ကို အလုံးစုံ တိုက်ခိုက်မှု စတင်တော့ပေမည်။ အိမ်ရှေ့စံမင်းသား နင်ယီနှင့် ကျင်းမင်းသားတို့၏ နောက်ဆုံးတိုက်ပွဲက စတင်တော့မှာ ဖြစ်၏။

နင်ယီ၏ စိတ်ကူးယဉ်မှုအရဆိုလျှင် သူနှင့် ကျင်းမင်းသားတို့က ဘုရင်အချင်းချင်း ရင်ဆိုင်ထိပ်တိုက် တွေ့သင့်၏။ သမိုင်းစာအုပ်ထဲကလို စစ်မတိုက်မီ နှစ်နိုင်ငံ အချင်းချင်း အပြန်အလှန် လေးစားမှုပြခြင်း၊ စကားစမြည်ပြောခြင်း၊ အရက်သောက်ခြင်းမျိုး ဖြစ်သင့်၏။ သို့ပေမည့် ကျင်းမင်းသားက ပေါ်မလာခဲ့ချေ။ ဤအချက်က အိမ်ရှေ့စံနင်ယီကို စိတ်ပျက်စေခဲ့၏။ သူက မင်းဧကရာဇ်တစ်ယောက်၏ ပုံရိပ်ကို ထုတ်ဖော်ပြသခွင့် ဆုံးရှုံးခဲ့ရ၏။

ကောင်းကင်ယံထက်၌ နေဝန်းနီကြီးက ထွက်ပေါ်လာ၏။ ရွှဲ့ပြည်နယ်၏ တပ်မှုးများက အိမ်ရှေ့စံနင်ယီကို စူးစိုက်ကာ ကြည့်ရှု၏။ အမိန့်ကို စောင့်မျှော်နေကြသည်။

အိမ်ရှေ့စံနင်ယီက စင်မြင့်ထက်သို့ တစ်လှမ်းချင်း တက်လှမ်း၏။ ဤစင်မြင့်က ပေ ၁၀၀ ကျော် မြင့်မားပြီး စစ်မြေပြင်တစ်ခုလုံးကို စီးမိုးကာ မြင်တွေ့နိုင်၏။

ရေနက်ခံတပ်အတွင်းရှိ သဲကန္တာရ လူရိုင်းတပ်ဖွဲ့များကိုလည်း လှမ်းမြင်နေရသည်။

ခြေတစ်လှမ်း,လှမ်းတိုင်း နင်ယီက သူရဲကောင်းဆန်သည့် ခံစားမှုမျိုးကို ရရှိ၏။ ထီးနန်းကို ကြိုတင်ကာ စိုးစံ ခံစားနေရသကဲ့သို့ပင်။ ဤစစ်ပွဲပြီးဆုံးပြီးနောက် ရွှဲ့ပြည်နယ်ကိုအုပ်စိုးမည့် သူ့ကို မည်သူက တားဆီးနိုင်တော့မည်နည်း။ မည်သူမှ တားဆီး၍ ရနိုင်မည် မဟုတ်ချေ။ အဖေ ဖြစ်သည့် နင်ယွမ်ရှန်းပင်လျှင် မတားဆီးနိုင်သည် ဆိုမှတော့ ရှမ့်လန်ကဲ့သို့ ဟာသလူရွှင်တော် တစ်ယောက်က ဆိုဖွယ်ရာ မရှိတော့ပေ။

“ငါ နန်းတက်ပြီးတာနဲ့ နင်ကျန်းကို သတ်မယ်။ ရှမ့်လန်ကလည်း သေရမယ်။ ကျင်းကျိုးလည်း သေရမယ်။ ကျင်းမူလန်... မင်းက ငါးနှစ်ဖြစ်ဖြစ်၊ ဆယ်နှစ်ဖြစ်ဖြစ် ငါရဲ့အပိုင် ဖြစ်လာရမယ်။ စိတ်မပူနဲ့ ဘာပဲဖြစ်ဖြစ် ငါ စောင့်နိုင်တယ်”

All Chapters