အခန်း (၆၃၅-၆၃၆)
Vol. 41 Ch. 635-636
အပိုင်း (၆၃၅)
ထိုအချိန်မှာတော့ အိမ်ရှေ့စံမင်းသား နင်ယီက ကျင်းမင်းသားကို ကျေးဇူးတင်နေမိ၏။ တစ်ဖက်လူက သူ အထက်ဆီသို့ တက်လှမ်းရန်အတွက် လှေကားထစ်အဖြစ် လာရောက်ကာ ပြုမူဆောင်ရွက် ပေးနေ၏။
“ကျင်းကျွင်း... မင်းက ငါ့အတွက်တော့ ခြေနင်းတုံး တစ်ခုပဲ။ မင်းရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ပဲ ကောင်းကောင်း ငါ နင်ယီက မင်းထက် ပိုပြီးတော့ ဘုန်းလက်ရုံးတောက်နေပြီ”
အိမ်ရှေ့စံက စင်မြင့်ပေါ်သို့ တက်သည့်အချိန်တွင် နေမင်းကြီးက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ တိုက်ဆိုင်မှု ပေလား။
မဟုတ်ပေ။ နင်ယီက စင်မြင့်ပေါ်သို့ တက်မည့်အချိန်ကို တွက်ချက်ထားခဲ့ပြီး ဖြစ်၏။ နေမင်း၏ ပထမဦးဆုံး ရောင်ခြည်က စင်မြင့်ထက်သို့ တည့်မတ်စွာ ကျဆင်းနေသည်။
အိမ်ရှေ့စံမင်းသားနင်ယီ၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည်က ဖြာကျပြီး တကိုယ်လုံး ရွှေရောင် လင်းလက်စေခဲ့၏။ ဘုန်းကျက်သရေနှင့် ပြည့်စုံသည့် မင်းသားတစ်ပါး၏ ဟိတ်ဟန်ကို ထုတ်ဖော်နေ၏။
တပ်မှူးပေါင်းများစွာနှင့် မရေမတွက်နိုင်သည့် စစ်သည်ပေါင်းများစွာတို့က ခေါင်းမော့၍ အလေးပြုကြ၏။ စစ်သည်ပေါင်း ၁ သိန်းကျော်တို့က နင်ယီကို မော့ကြည့်ရ၏။ သူတို့၏ မျက်လုံးထဲတွင် နင်ယီက တကယ့်ကို နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။
နင်ယီကလည်း နှလုံးသားထဲတွင် လှိုက်တက်လာသည့် စိတ်လှုပ်ရှားမှုများကို မနည်း ထိန်းချုပ်ထားရ၏။ “ကျင်းမင်းသား ဘယ်မှာလဲ။ ဘာလို့ ပေါ်မလာတာလဲ။ ဘာလို့ ကျုပ်ကို အတွေ့မခံတာလဲ။”
သူက အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်၏။ ပြီးနောက် နင်ယီက အားကုန်ဟစ်ကာ ကြွေးကြော်လိုက်သည်။ “ဒီနေ့တိုက်ပွဲက ရွှဲ့ပြည်နယ်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနိုင်မယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ့် တိုက်ပွဲပဲ။ အားလုံး အောင်ရမယ်။”
စစ်သည်ပေါင်း ၂ သိန်းကျော်တို့ကလည်း တညီတညွတ်တည်း ကြွေးကြော်လိုက်ကြ၏။
“ရွှဲ့ပြည်နယ် သက်တော်ရာကျော် ရှည်ပါစေ။”
အသံများက မိုးမြေကိုပင် တုန်ဟီးသွားစေသည်။
အိမ်ရှေ့စံမင်းသား နင်ယီက သူ၏ဓားကို ဆွဲထုတ်ပြီး အစွမ်းကုန် အော်ဟစ်အမိန့်ပေးလိုက်၏။ “တိုက်စစ် ဖွင့်ကြတော့။ သဲကန္တာရ လူရိုင်းမျိုးနွယ် အကုန်လုံးကို သတ်ပစ်ကြ”
ချက်ချင်းပဲ နားကွဲမတတ် ဆူညံသည့် စစ်စည်သံကြီးများ ထွက်ပေါ်လာခဲ့၏။ ထိုအသံများက ဟိန်းထွက် လာခဲ့ခြင်းပင်။ ရွှဲ့ပြည်နယ်၏ စစ်သည်ပေါင်း ၂ သိန်း ၁ သောင်းကျော်တို့က ဒီရေအလား တိုးဝင်လာခဲ့ကြပြီး လုံးဝ ကြံ့ခိုင်မှုမရှိသည့် ရေနက်ခံတပ်ထဲသို့ လှိမ့်ဝင်သွားခဲ့ကြသည်။
အဆုံးအဖြတ် တိုက်ပွဲကြီးက စတင်ပေပြီ။
“သတ်ကြ သတ်ကြ။” စစ်ပွဲ စတင်သည်နှင့် တပြိုင်နက် အပြင်းထန်ဆုံး အနေအထားသို့ ရောက်ရှိ၏။ ရေနက်ခံတပ်၏ သစ်သားနံရံများက တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည် မရှိချေ။ တစ်နာရီ၏ ၄ ပုံ ၁ ပုံ မပြည့်မီမှာပဲ ခံတပ်နံရံအားလုံးက ပြိုလဲသွားခဲ့၏။ မရေတွက်နိုင်အောင် များပြားသည့် ရွှဲ့ပြည်နယ်မှ စစ်သည်များက ခံတပ်အတွင်းသို့ အုံနှင့်ကျင်းနှင့် ဝင်ရောက်သွားခဲ့ကြ၏။
“ရွှီး ရွှီး။”
သဲကန္တာရလူရိုင်းမျိုးနွယ်တို့၏ မြားမိုးများက ရွာကျလာ၏။ ထိုမြားများက အမှန်ပင် ထက်မြက်လွန်းသည်။
သို့သော်ငြား သူတို့အနေနှင့် မြားမိုးကို မည်မျှ ရွာသွန်းနိုင်မည်နည်း။ ထိခိုက်ကျဆုံးမှုများ ရှိသည် ဆိုသော်လည်း ရွှဲ့ပြည်နယ်၏ များပြားသည့် စစ်သည်အင်အားနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ပြောပလောက်စရာ မရှိချေ။ စစ်တပ် ၂ ဖက်က လျင်မြန်စွာ အနီးကပ် ထိတွေ့တိုက်ခိုက်ကြ၏။ တကယ့်ကို အနီးကပ် တိုက်ပွဲပင် ဖြစ်၏။
ရွှဲ့ပြည်နယ်ဘက်တွင် စစ်သည်အင်အား ၂ သိန်းနီးပါး ရှိပြီး သဲကန္တာရလူရိုင်းမျိုးနွယ်ဘက်ကမူ ၄ သောင်း အောက်တွင်သာ ရှိ၏။ သို့သော်ငြား သဲကန္တာရ လူရိုင်းမျိုးနွယ်တို့၏ တိုက်ခိုက်စွမ်းရည်က ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှသည်။
စစ်အင်အား ကွာခြားချက်ကြီးမားသော်လည်း သူတို့က ပခုံးချင်းယှဉ်ကာ တိုက်ခိုက်နိုင်ခဲ့ကြ၏။ မဟာဗျူဟာ ဟူ၍ မရှိ။ အသက်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းသာလျှင် ဖြစ်၏။ စစ်မြေပြင်တစ်ခုလုံးက ဖရိုဖရဲနှင့် အလုံးစုံ ကြမ်းတမ်းလွန်းနေ၏။ လေထုထဲတွင် သွေးညှီနံ့များဖြင့် ဖုံးလွှမ်းနေ၏။
အိမ်ရှေ့စံမင်းသားနင်ယီက စင်မြင့်ထက်တွင် ရပ်လျက် သက်ပြင်းချမိ၏။ စစ်မတိုက်မီက ရေနက်ခံတပ် ထဲတွင် ကျင်းမင်းသား၌ ပရိယာယ် တစ်ခုခု ရှိနေမည်ကို သူ စိုးရိမ်မိခဲ့၏။ သူက စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးကို ကြိုတင်ကာ ပုံဖော်ထားမိသည်။
ဥပမာအားဖြင့် သူတို့၏စစ်တပ်ကြီး အထဲသို့ ဝင်ရောက်ပြီးနောက် အထဲတွင် လူတစ်ယောက်မှ မရှိဘဲ သဲကန္တာရလူရိုင်းများ ထွက်ပြေးသွားခဲ့ခြင်းမျိုးပင်။ သို့မဟုတ် ဝင်ရောက်သွားသည်နှင့် နေရာတိုင်းတွင် ထောက်ချောက်များ ဆင်ထားခြင်းမျိုးပင်။
သူက ကျင်းမင်းသား၏ နေရာတွင် ကိုယ်ချင်းစာကာ ဝင်ကြည့်၏။ စစ်ပွဲကို မည်သို့တိုက်မည်နည်း ဆိုသည်ကို စဉ်းစားကြည့်ခဲ့၏။ ဥပမာ - မြေအောက်လှိုဏ်ခေါင်းများစွာ တူးတားခြင်းမျိုး၊ လူသောင်းနှင့်ချီသည့် အင်အားဖြင့် တလတွင်း ရေနက်ခံတပ် တစ်ခုလုံးကို ဖောက်ထွင်းကာ ထွက်ခွာသွားမည့် အခြေအနေမျိုးပင်။
အကယ်၍ မြေအောက်လှိုဏ်ခေါင်းထဲ ရောက်ရှိသွားပါက ရွှဲ့ပြည်နယ်၏ အင်အားသာလွန်မှုက အရာထင် တော့မည် မဟုတ်ချေ။ ကြောက်မက်ဖွယ်ကောင်းသည့် လှိုဏ်ခေါင်းများထဲတွင် သဲကန္တာရ လူရိုင်းမျိုးနွယ်များက သူတို့၏ လျင်မြန်ဖြတ်လတ်မှုနှင့် ရက်စက်မှုတို့ကို အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်ပေလိမ့်မည်။ ဤအရာက ကြောက်မက်ဖွယ်ရာကောင်းသည့် ဗျူဟာမျိုးပင်။
သို့မဟုတ် ကပ်ရောဂါ မဟာဗျူဟာကို သုံးလာခြင်းမျိုးပင်။ ရေနက်ခံတပ်တစ်ခုလုံးတွင် ရောဂါပိုးရှိသည့် အလောင်းကောင်များနှင့် ပြည့်နှက်စွာ ထားရှိခြင်းမျိုးပင်။
အတိုချုပ်ပြောရမည်ဆိုရင် နင်ယီက ကျင်းမင်းသားအစား မရေမတွက်နိုင်သည့် စစ်မဟာဗျူဟာများကိုပင် စိတ်ထဲတွင် ကြိုတင် စဉ်းစားပေးခဲ့မိ၏။
အဘယ်ကြောင့်ဆိုသော် ကျင်းမင်းသားက အလွန်အစွမ်းထက်သူ ဖြစ်ပြီး ထိုသူ့ဆီ၌ ဉာဏ်နီဉာဏ်နက် တစ်ခုခု ရှိရမည်ဟု ထင်မှတ်ထားခဲ့သောကြောင့်ပင်။ သို့သော်ငြား လက်တွေ့၌ ဘာမှ မဟုတ်ခဲ့ချေ။ ဤသည်က အတည့်မတ်ဆုံးနှင့် အဆိုးရွားဆုံးသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။
“ကောင်းပြီ။ ဒါဆိုရင် ပိုပြီးတော့ ကောင်းတာပေါ့။ အဆပေါင်းများစွာ ပိုပြီး အားသာတဲ့ စစ်သည်အင်အား ရှိနေမှတော့ ဘာကို ကြောက်နေရမှာလဲ။ ကျင်းမင်းသား .. လူတိုင်းက မင်းကို တော်တယ်၊ တတ်တယ်လို့ ပြောနေပေမဲ့ မင်းက ဒီလောက်ပါပဲလား။ ဒီပွဲမှာတော့ ငါနိုင်ပြီ။”
ရွှဲ့ပြည်နယ်၏ စစ်တပ်က ရေနက်ခံတပ်ထဲသို့ ရောက်ရှိသည်နှင့်အမျှ ဝန်းရံထားမှုက ပိုမို ကျဉ်းမြောင်းလာ၏။ သို့သော်ငြား မကြာခင်မှာပဲ နင်ယီက မရယ်နိုင်တော့ချေ။ အပေါ်စီးမှကြည့်ရမည်ဆိုလျှင် ရွှဲ့ပြည်နယ်၏ တပ်မတော်က အလုံးစုံ အသာစီးရနေသကဲ့ပင် ထင်ရ၏။။ အတိုင်းအဆ ကင်းမဲ့သော ပင်လယ်ပြင်ကြီးက အလယ်တွင် ရှိနေသည့် ကျောက်ဆောင်တစ်ခုကို ဝိုင်းရံထားသကဲ့သို့ပင်။ သို့သော်ငြား သူတို့က ဒီရေလှိုင်းများ၊ ကျောက်ဆောင်များကို ဝင်တိုက်ပြီး ချက်ချင်းပဲ အပိုင်းပိုင်းအစစ ကွဲကြေသွားသလိုပင် ဖြစ်ခဲ့၏။
နှစ်ဖက်ထိပ်တိုက်တွေ့သည့်နေရာတွင် ရွှဲ့ပြည်နယ်၏ တပ်တော်က အမှန်ပင် အရေးနိမ့်လျက် ရှိ၏။ သဲကန္တာရလူရိုင်းမျိုးနွယ်များက အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးမားနေရသနည်း။ စစ်သည်ပေါင်း ၄ သောင်းအောက်သာ ရှိသော်လည်း ၂ သိန်းနီးပါး ရှိသည့် စစ်သည်များကို အရှုံးမပေးဘဲ တောင့်ခံကာ တိုက်ခိုက်နေ၏။
ဤအချက်က လုံးဝ မထူးဆန်းချေ။ ကျင်းမင်းသား၏ စစ်သည် ၁ သိန်းကျော်တို့က နန်အိုနိုင်ငံကို တိုက်ခိုက်စဉ်က ကျူးလင်း၏ တပ်ထဲတွင် ၁ သိန်းနီးပါး ရှိခဲ့၏။ ခံတပ်မြို့ရိုး အကာအကွယ်ရှိပါလျက်နှင့် ကျရှုံးလုနီးပါး ဖြစ်ခဲ့၏။ ယခင်တိုက်ပွဲများတွင်လည်း ခံစစ်နှင့် တိုက်ခိုက်ရသည် ဆိုသော်လည်း ရွှဲ့ပြည်နယ်၏ ကျဆုံးမှုက ရန်သူထက် နှစ်သောင်း၊ သုံးသောင်း ပိုမိုကာ များခဲ့သည်။
ယခု ကွင်းပြင်တွင် တိုက်ခိုက်ရသည့် အချိန်မှာတော့ သဲကန္တာရ လူရိုင်းများ၏ ရဲရင့်မှုက အစွမ်းကုန် ပေါ်ထွက်လာခဲ့၏။ ရွှဲ့ပြည်နယ် တပ်မှုးများ၏ စိတ်ထဲတွင် ကျင်းမင်းသား၏ တပ်ဖွဲ့က ရိက္ခာ ပြတ်လပ်မှုနှင့် ကပ်ရောဂါဘေးကို ကြုံတွေ့နေရသောကြောင့် စစ်သည်အများအပြားက စိတ်ဓာတ်ကျနေလောက်ပြီဟု ထင်မှတ်ခဲ့၏။ တကယ်တော့ ထိုစစ်သည်အားလုံးက စိတ်ဓာတ်အင်အား ကျဆင်းသွားခြင်းမျိုး မရှိခဲ့ချေ။ အရူးများကဲ့သို့ပင် ပြန်လည် တိုက်ခိုက်နေ၏။
ငယ်ရွယ်စဉ်တည်းက သေမင်း၏လက်ထဲတွင် အသက်လုကာ ရှင်သန်နိုင်ခဲ့သည့်လူများဖြစ်သောကြောင့် သူတို့၏ စိတ်ဓာတ်က တကယ့်ကို မာကျောလွန်း၏။ သူတို့လောက် ဆိုးရွားသည့် အခြေအနေများကို ကျော်ဖြတ်ဖူးသူဟူ၍ မည်သူ ရှိမည်နည်း။ ရန်သူက ကိုယ့်ထက် လေး၊ ငါးဆလောက် များနေသည် ဆိုလျှင်တောင် ဘာကိုကြောက်ရွံ့ရမည်နည်း။ သို့သော်ငြား သူတို့က ဝံပုလွေအုပ်ထဲသို့ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ဖူးသည့် လူများ ဖြစ်သောကြောင့် ဤအရာက ပြောနေလောက်စရာပင် မဟုတ်တော့ချေ။
ပြင်းထန်လွန်းသည့် တိုက်ပွဲကြီးက ဆက်လက်ဖြစ်ပွားနေဆဲပင်။ ကောင်းကင်ကြီးက တုန်ခါနေပြီး သွေးများကလည်း မြစ်ချောင်းများသဖွယ် စီးဆင်းလို့နေ၏။ ရွှဲ့ပြည်နယ်၏ စစ်သည်အင်အားက ထိတ်လန့်ဖွယ်ရာနှုန်းဖြင့် လျော့နည်းလာခဲ့၏။ ကျင်းမင်းသား၏ သဲကန္တာရ လူရိုင်းတပ်ဖွဲ့များက ထိခိုက် ကျရှုံးမှုများ ရှိသည်ဆိုသော်လည်း ကျရှုံးမှု အရေအတွက်မှာတော့ အံ့အားသင့်ဖွယ်ရာ ကွာခြား၏။
သဲကန္တရာလူရိုင်းမျိုးနွယ်များက သူတို့လူ သေလေလေ ၊ ပိုမိုကာ ရူးသွပ်လာလေဖြစ်၏။ နောက်ဆုံးမှာတော့ သူတို့က စိတ်ဖောက်ပြန်နေသည့် သားရဲတိရစ္ဆာန်များကဲ့သို့ပင် မိမိကိုယ်ကိုယ် အသေခံကာ ဝင်ရောက် တိုက်ခိုက်၏။ တစ်ယောက်ချင်းစီတိုင်းက ရန်သူနှင့်အတူအသေခံရန် အဆင်သင့် ဖြစ်နေသကဲ့သိုပင်။
ရွှဲ့ပြည်နယ်၏ စစ်သည်များက တိုက်လေလေ ပိုမိုကာ ကြောက်လာလေပင်။ ရူးသွပ်နေသည့် တိုက်ပွဲကြီးက နေရောင်အောက်တွင် တကယ့်ကို ကြောက်ခမန်းလိလိပင်။ မိနစ်တိုင်း၊ စက္ကန့်တိုင်း လူပေါင်းများစွာတို့ သေဆုံးနေ၏။
စစ်သူကြီးကျူးလင်းက ခေါင်းနပမ်း ကြီးလို့နေ၏။ နန်းကုန်းအိုကလည်း ထိတ်လန့် တုန်လှုပ်နေ၏။ ဤလူတွေ အဘယ်ကြောင့် စိတ်ဓာတ်မကျရသနည်း။ အဝိုင်းခံထားရသည်မှာ တစ်လကျော် ကြာပြီဖြစ်၏။ အဘယ်ကြောင့် စိတ်ဓာတ်မကျရသနည်း။
အမြင့်ပိုင်းမှရပ်ကာ ကြည့်ရှုနေသည့် နင်ယီက အမှန်ပင် တုန်လှုပ်ခြောက်ခြားနေ၏။ သူက တုန်တုန်ယင်ယင် ဖြင့် ကျူးလင်းကို လှမ်းကာမေးမြန်းလိုက်၏။
“သူတို့က ရှုံးတော့မှာ မဟုတ်ဘူးလား။ ဘာလို့ ကျုပ်တို့က ရှုံးသလို ဖြစ်နေရတာလဲ။”
သဲကန္တာရ လူရိုင်းစစ်သည်တွေက ဤမျှလောက် စွမ်းအားကြီးမားနေလေသည်လား။
စစ်သူကြီး ကျူးလင်းက ပြောလိုက်သည်။ “ကျုပ်ကို ဝင်တိုက်ခွင့်ပြုပါ”
နင်ယီက ခေါင်းညိတ်လိုက်၏။ “ခွင့်ပြုတယ်။”
စစ်သူကြီး ကျူးလင်းက ချက်ချင်းပဲ သူ၏ ကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်၍ စစ်မြေပြင်ထဲသို့ ဝင်ရောက်သွား၏။ သူက ကျူးမိသားစု၏ အတော်ဆုံးသော ထိပ်တန်းစစ်သည်များကို ခေါ်ဆောင်သွားခြင်း ဖြစ်၏။ ထင်မှတ်ထားသည့်အတိုင်းပင် အရေးနိမ့်မှုကို ထိန်းချုပ်ထားလိုက်နိုင်၏။ ရွှဲ့ပြည်နယ်၏ စစ်သည်များ က အသာစီးရလာသည်။
သို့သော်ငြား နောက်ထပ် နာရီဝက်ခန့်ကြာသည့်အချိန်မှာတော့ ရွှဲ့ပြည်နယ်၏စစ်သည်များက နောက်တစ်ကြိမ် ဖရိုဖရဲ ဖြစ်လာပြန်၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ဤမျှရူးသွပ်နေသည့် တိုက်ပွဲမျိုးကို တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသောကြောင့်ပင်။ သူတို့ရင်ဆိုင်နေရသည်က စစ်တပ်တစ်တပ်နှင့် မတူဘဲ သားရဲတိရစ္ဆာန်အုပ်စုတစ်စုနှင့် ရင်ဆိုင်တိုက်ခိုက်နေရသကဲ့သို့ပင်။
ရွှဲ့ပြည်နယ်၏ စစ်သည်များက ပက်ပက်စက်စက် သတ်ဖြတ်ခံရမှုကို ကြောက်လန့်သောကြောင့် အနောက်ဘက်သို့ ပြန်ပြေးလာကြ၏။ အခြေအနေတစ်ခုလုံးကို ကြည့်ရသည်မှာ ပြိုလဲလုနီးပါး ဖြစ်သွား၏။
နန်းကုန်းအိုက အော်လိုက်သည်။ “မင်းသား... ကျုပ်ကို ဝင်တိုက်ခွင့်ပြုပါ”
“ခွင့်ပြုတယ်။”
နန်းကုန်းအိုက ကိုယ်ရံတော်ထောင်ချီကို ဦးဆောင်ကာ ဝင်တိုက်ပြန်၏။ ဤတစ်ကြိမ်မှာတော့ အခြေအနေကို ပြန်လည်ထိန်းချုပ်လိုက်နိုင်၏။
နင်ယီ၏ ကျောရိုးမကြီး တစ်ခုလုံးက စိမ့်တက်နေ၏။ ကျင်းမင်းသား၏တပ်ဖွဲ့က စစ်အင်အား ကွာခြားနေပါလျက် အဘယ်ကြောင့် ဤမျှ ရဲရင့်နေရသနည်း။ သူ ဤသို့ ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
သူက စစ်သူကြီးနှစ်ဦးကို ကိုယ်တိုင် ဝင်တိုက်ရသည့် အခြေအနေအထိ ဖိအားပေးနိုင်ခဲ့၏။ နောက်ထပ် နာရီဝက် ကြာပြီးနောက် ရွှဲ့ပြည်နယ်၏ နောက်ထပ်တပ်ဖွဲ့တစ်ခုက စိတ်ဓာတ်ကျကာ ထွက်ပြေးလာခဲ့ပြန်၏။ စည်းကမ်းထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များက အစွမ်းကုန် လိုက်လံကာ တားဆီးသတ်ဖြတ် နှိမ်နင်းနေသည် ဆိုသော်လည်း ထွက်ပြေးမှုကို မတားနိုင်တော့ချေ။ တပ်ဖွဲ့တစ်ခု ထွက်ပြေးခြင်းက စစ်ပွဲကြီးတစ်ခုလုံး ပြိုလဲသွားစေနိုင်သည်။
“အရှင်မင်းသား... ကျုပ်ကို ဝင်တိုက်ခွင့်ပေးပါ။” ထိုသူက အိမ်ရှေ့စံ၏လူယုံ ယခင်ထျန်းရွှဲ့ကာကွယ်ရေး တပ်မှုး ကျန်ကျောင်းပင်ဖြစ်၏။ သူ၏ မြင်းစီးတပ်သားတစ်သောင်းကျော်က ရွှဲ့ပြည်နယ်၏ နောက်ဆုံး ကျန်ရှိသည့် တပ်မကြီးဖြစ်၏။
ဤတပ်ဖွဲ့ကို အိမ်ရှေ့စံက နန်းမြို့တော်မှ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဤတပ်ဖွဲ့က ရွှဲ့ပြည်နယ် တော်ဝင်မျိုးနွယ်များ၏ အထက်တန်းစား မြင်းစီးစစ်သည်များလည်း ဖြစ်၏။ မြင်းစီးသူရဲပေါင်း တစ်သောင်းကျော်က နောက်တန်းတွင် အရံသင့် စောင့်နေရုံသာ ရှိ၏။ သူတို့က တိုက်ခိုက်ရလိမ့်မည် မထင်ခဲ့ချေ။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်က အိမ်ရှေ့စံမင်းသားကို ကာကွယ်ရန်ပင်။
သို့သော်ငြား လက်ရှိအခြေအနေမှာတော့ တခြားသော နည်းလမ်းဟူ၍ မရှိတော့ချေ။ စစ်ပွဲက မကြာခင် ပြိုလဲတော့မည် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။
ကျန်ကျောင်းက ကောင်းကင်ပင်လယ်နန်းဆောင်မှ သိုင်းပညာရှင်များကို လှမ်းကြည့်သည်။
“စိတ်မပူနဲ့။ ကျုပ်တို့ သိုင်းပညာနှစ်ရာကျော်က အိမ်ရှေ့စံမင်းသားကို သေသေချာချာ ကာကွယ် ပေးထားပါ့မယ်။” လီနန်ဖုန်းက ယုံကြည်ချက် အပြည့်ရှိ၏။ သူ ဦးဆောင်လာသည့် လူနှစ်ရာကျော်က ထိပ်တန်းပညာရှင်များ ဖြစ်ကြပြီး သိုင်းလောကတစ်ခုလုံးတွင် အထင်သေးခံရမည့် လူမျိုး မဟုတ်ပေ။ သူတို့၏ အရည်အချင်းက စစ်မြေပြင်တွင်မသင့်တော်သော်လည်း အိမ်ရှေ့စံမင်းသားကို ကာကွယ်ရန် လုံးဝ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
“ခွင့်ပြုတယ်။” အိမ်ရှေ့စံမင်းသား နင်ယီက အမိန့်ပေးလိုက်၏။
ကျန်ကျောင်းက မြင်းစီးတပ်သား တစ်သောင်းကျော်ကို ခေါ်ယူပြီး စစ်မြေပြင်ထဲသို့ ဝင်ရောက်သွား၏။ နောက်ဆုံးမှာတော့ အရေးနိမ့်မှုကို နောက်တစ်ကြိမ် ပြန်လည်ကာ တားဆီးလိုက်နိုင်ပြန်သည်။
အိမ်ရှေ့စံမင်းသား နင်ယီ၏ တစ်ကိုယ်လုံးတွင် ချွေးများ စိုရွှဲလာ၏။ ခေါင်းနပန်းလည်းကြီးလာ၏။ ဤစစ်ပွဲက အလွန်အမင်း အန္တရာယ်ကြီးမားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်ခဲ့ချေ။ စစ်သူကြီး သုံးဦးလုံး ဝင်ရောက် တိုက်ခိုက်နေရ၏။ သူ၏ ပင်မတပ်ကြီးပင် တိုက်ပွဲတွင် ဝင်ပါခဲ့ရ၏။
နောက်ဆုံးမှာတော့ ကျင်းမင်းသား၏တပ်ဖွဲ့က အကန့်အသတ်သို့ ရောက်ရှိသွား၏။ စစ်မြေပြင်တစ်ခုလုံး ဟန်ချက်ညီသည့် အနေအထားဆီသို့ ပြန်လည် ရောက်ရှိသွား၏။ ရွှဲ့ပြည်နယ်၏စစ်သည်များက တဖန် ပြန်လည် အသာစီး ရလာသည်။
အိမ်ရှေ့စံမင်းသား နင်ယီက နှစ်ဖက်လုံး၏ ထိခိုက်ကျရှုံးမှုကို အတိအကျ မသိချေ။ သို့သော်ငြား လီနန်ဖုန်း၏ ခန့်မှန်းချက်အရဆိုလျှင် သဲကန္တာလူရိုင်းမျိုးနွယ်ဘက်မှ တစ်သောင်းကျော် ကျရှုံးပြီး ရွှဲ့ပြည်နယ်ဘက်မှ သုံးသောင်း၊ လေးသောင်းဝန်းကျင် ကျရှုံး၏။
နှိုင်းယှဉ်ချက်ကို ကြားသည့်အချိန်မှာတော့ အိမ်ရှေ့စံမင်းသား နင်ယီက အသက်ရှူပင် ရပ်မတတ် ဖြစ်နေ၏။ ရွှဲ့ပြည်နယ်မှ စစ်သည်သုံးယောက်နှင့် ရန်သူဘက်မှ စစ်သည်တစ်ယောက်နှင် လဲလှယ်နေရသလိုပင်။ ပိုမို၍ ဒေါသထွက်စရာကောင်းသည်က ရွှဲ့ပြည်နယ်ဘက်မှ နောက်ထပ် တစ်သိန်းခြောက်သောင်းကျော် ကျန်ရှိနေသည် ဆိုသော်လည်း အလုံးစုံ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေခြင်းပင်။
တခြားသော ဘက်ခြမ်းမှာတော့ ကျင်းမင်းသား၏ တပ်ဖွဲ့ဝင်များက သုံးပုံတစ်ပုံကျော် ကျရှုံးခဲ့သော်လည်း စိတ်ဓာတ်က တက်ကြွနေဆဲပင်။ တပ်နှစ်ခုကြား ကွာခြားချက်က စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ပြီး ကြီးမားစွာ ကွာခြားနေ၏။ ကံကောင်းပြီး သူတို့က အလုံအလောက် ပြင်ဆင်ခဲ့ကြခြင်းဖြစ်၏။ စစ်သည်ပေါင်း နှစ်သိန်းကျော် ပြင်ဆင်ခဲ့ခြင်းကပင် ကံကောင်း၍ဖြစ်မည်။ မဟုတ်ပါက ဤစစ်ပွဲ၏ရလဒ်က မသေချာ၊ မရေရာသလိုပင်။
ဤအဆင့်သို့ရောက်လျှင် ရလဒ်က အခြေခံအားဖြင့် ဆုံးဖြတ်ပြီးသားဖြစ်၏။ ဤအရာက အရှိန်အဟုန် သဘောပင် ဖြစ်မည်။ စစ်ပွဲ၏ဟန်ချက် တိမ်းစောင်းသွားသည်နှင့်တပြိုင်နက် ပြင်ပအင်အားတစ်ခုခု မပါဘဲ အခြေအနေကို ပြန်ဆယ်ဖို့ အလွန်ခက်ခဲ၏။
ယခင်က ရွှဲ့ပြည်နယ်ဘက်မှ သတ်ဖြတ်ခံရလုနီးပါး အကြိမ်ကြိမ် ဖြစ်ခဲ့သော်လည်း စစ်ကူများလွှတ်၍ အခြေအနေကို ထိန်းနိုင်၏။ သို့သော်ငြား ကျင်းမင်းသားတွင်တော့ စစ်ကူဟူ၍ မရှိချေ။ ထို့ကြောင့် ဤစစ်ပွဲက နိုင်ကို နိုင်ရချေမည်။
“မဖြစ်တော့ဘူး။ ကျင်းမင်းသား ဖောက်ထွက်ဖို့ ကြိုးစားနေပြီ။” လီနန်ဖုန်းက ရုတ်တရက် ပြောသည်။
အမှန်ပင်ဖြစ်၏။ ကျန်ရှိနေသည့် သဲကန္တာရ လူရိုင်းစစ်သည် နှစ်သောင်းကျော်တို့က ဖောက်ထွက်ရန် ပြင်ဆင် နေကြ၏။ စစ်သေနာပတိနှင့် စစ်သူကြီးများက ရှေ့ဆုံးမှ ဦးဆောင်ပြီး မြားဦးပုံစံဖြင့် ဖောက်ထွက်နေကြ၏။ ခေါင်းဆောင်လုပ်သူက ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ငွေရောင်လှံကို ကိုင်ဆွဲ၏။ သူက ရဲရင့်ပြီး ပြိုင်ဘက်ကင်းပုံလည်းပေါ်သည်။ စစ်မြင်းကိုစီး၍ တိုက်ခိုက်နေပုံက မည်သူမှ နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်။
ဤအရာက ကျင်းမင်းသားပေလား။ ဤပုံရိပ်ကို ရင်းနှီးနေသလိုပင်။ သို့သော်ငြား အိမ်ရှေ့စံမင်းသားက ဂရုမစိုက်ပေ။ သူက ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။ “တားကြ၊ ရန်သူကို အထွက်မခံနဲ့”
အပိုင်း (၆၃၆)
သို့သော်ငြား အချည်းနှီးပင် ဖြစ်၏။ နှစ်ဖက်တိုက်ခိုက်မှုစွမ်းရည် ကွာခြားချက်က ကြီးမားလွန်းလှ၏။ စစ်သူကြီးကျူးလင်းနှင့် စစ်သူကြီးနန်းကုန်းအိုတို့ ကိုယ်တိုင်ဝင်ရောက် တားဆီးသော်လည်း မရတော့ချေ။ တားဆီး၍ မရနိုင်တော့ချေ။
ရွှဲ့ပြည်နယ်၏ စစ်သည်များက ကြောက်ရွံ့နေကြပြီဖြစ်၏။ သဲကန္တာရလူရိုင်းတပ်ဖွဲ့များ ဖောက်ထွက် သွားသည်ကို မြင်ချိန်မှာတော့ သူတို့က သက်ပြင်းချလိုက်ကြ၏။ စောစောတုန်းက တိုက်ပွဲ၏ ပြင်းထန်မှုက တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။ သူတို့က သူတော်စင်များမဟုတ်သလို သားရဲ တိရစ္ဆာန်များလည်း မဟုတ်ကြချေ။ သူတို့က ကြောက်တတ်ကြ၏။
ထိုကဲ့သို့ပင် သဲကန္တာရလူရိုင်းများ၏ တပ်မှူးက စစ်သည်နှစ်သောင်းကို ခေါ်ဆောင်ပြီး ရွှဲ့ပြည်နယ်၏ ဝန်းရံထားမှုမှ လွယ်ကူစွာပင် လမ်းကြောင်းဖွင့်ကာ ဖောက်ထွက် သတ်ဖြတ်သွားခဲ့ကြသည်။
ကျူးလင်းနှင့် နန်းကုန်းအိုတို့က မြင်းစီးတပ်များဖြင့် လိုက်လံတိုက်ခိုက်၏။ သို့သော်ငြား ရေနက်ခံတပ် အတွင်းပိုင်း၌သာ မြေပြန့်ဖြစ်၏။ ရေနက်ခံတပ် အပြင်ဘက်တွင် နေရာတိုင်း၌ တောတောင်များ ရှိနေ၏။ မြင်းစီးတပ်များ လိုက်လံ တိုက်ခိုက်ရန် အခွင့်သာသည့် နေရာမျိုး မဟုတ်တော့ချေ။
ထိုလူရိုင်းစစ်သည်များက လူစုခွဲပြီး တောတောင်များထဲသို့ တိုးဝင်သွားခဲ့ကြ၏။ သူတို့က မြေပြင်တွင် လမ်းလျှောက်နေသကဲ့သို့ပင် အလွန် လျင်မြန်ကြ၏။ အတွေ့အကြုံကလည်း များပြားလွန်း၏။ ရွှဲ့ပြည်နယ်ဘက်မှ လုံးဝလိုက်မမှီတော့ပေ။
ဤကဲ့သို့သော မြေမျက်နှာသွင်ပြင်မျိုးတွင် သဲကန္တာရ လူရိုင်းမျိုးနွယ်များနှင့် ရင်ဆိုင်ခြင်းဆိုသည်မှာ မျှော်လင့်ချက်မဲ့စရာ ဖြစ်ပေလိမ့်မည်။ မြင်းစီးတပ်သားများနှင့် စစ်သည်များရှိနေသော်လည်း ရန်သူများ ဖောက်ထွက်ကာ ခြေရာလက်ရာ ဖျောက်သွားသည်ကိုသာ ထိုင်ကြည့်နေရ၏။ ဘာမှ မတတ်နိုင်ချေ။
နင်ယီကတော့ သိပ်ပြီး စိတ်မပျက်လှချေ။ အနိုင်ရရှိလျှင် ပြီးတာပဲဖြစ်၏။ သူက လက်တွေ့ကျသူဖြစ်၏။ နာရီအနည်းငယ်ကြာ ဖြစ်ပွားခဲ့သည့် ပြင်းထန်လွန်းသော တိုက်ပွဲကြီးကြောင့် သူက စိတ်နှလုံး တစ်ခုလုံး တုန်လှုပ်ခဲ့၏။
သူက ကျင်းမင်းသားကို အမြစ်ပြတ် ချေမှုန်းချင်စိတ် မရှိတော့ချေ။ နန်အိုဒေသမှ မောင်းထုတ်နိုင်လျှင်ပင် ကြီးမားသည့် အောင်ပွဲဖြစ်နေပြီဖြစ်၏။ ဘာပဲပြောပြော သမိုင်းကို ကိုယ့်စိတ်ကြိုက် ရေးသားလို့ ရနေ၏။ နိုင်ခြင်းက နိုင်ခြင်းသာဖြစ်၏။ ပြီးပြည့်စုံသည့် အောင်ပွဲမဟုတ်သော်လည်း ကြီးကျယ်ခမ်းနားသည့် အောင်ပွဲတော့ ဖြစ်သေးသည်။
ထိုအချိန်မှာပဲ သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ တပ်မှူးက နောက်သို့ လှည့်ကြည့်၏။ သူက မြင့်မားလွန်းသည့် မြင်းပေါ်ကနေ အိမ်ရှေ့စံမင်းသား နင်ယီကို လှမ်းကြည့်၏။
အိမ်ရှေ့စံမင်းသား နင်ယီက ကြောင်အသွား၏။ သူက ကျင်းမင်းသားပေလား။ အဘယ်ကြောင့် ငွေရောင် မျက်နှာဖုံးကို ဝတ်ထားရသနည်း။ ယခင်က ကျင်းမင်းသားက နင်ယီနှင့် မတွေ့ချင်ပေ။ အဘယ်ကြောင့် ယခု ပေါ်လာရသနည်း။
သဲကန္တာရလူရိုင်းတပ်ဖွဲ့က အလွန် စွမ်းအားကြီးမားသော်လည်း ကျင်းမင်းသားက ရှုံးနိမ့်သွားပြီ ဖြစ်၏။ ထိုအချိန်မှာပဲ သဲကန္တာရ လူရိုင်းမျိုးနွယ်၏ တပ်မှူးက မျက်နှာပေါ်တွင် ရှိနေသည့် ငွေရောင် မျက်နှာဖုံးကို ချွတ်လိုက်၏။ ချောမောခန့်ညားသည့် မျက်နှာတစ်ခု ပေါ်လာသည်။
အိမ်ရှေ့စံ၏ တစ်ကိုယ်လုံးက တုန်ယင်သွားခဲ့၏။ သူ့မျက်လုံးကို သူ မယုံနိုင်သလို ဖြစ်လို့နေ၏။ တကယ်ပင် သူ ဖြစ်နေသည်လား။
“ဟား ဟား ဟား... မင်း ငါ့ကို မထင်ထားဘူး မဟုတ်လား။ ငါ အသက်ရှင်နေမယ်လို့ မင်း မထင်ထားဘူး မဟုတ်လား”
ဤလူက ရွှဲ့ပြည်နယ်၏ ယခင်ကျန်းယွမ်နယ်စားကြီး စုနန်ပင်ဖြစ်၏။ အမူအရာများက ပြိုင်ဘက်ကင်း နေသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ အိမ်ရှေ့စံမင်းသား နင်ယီက ရင်းနှီးသလို ခံစားနေရသည်ကလည်း အံ့အားသင့်စရာ မရှိတော့ပေ။ တကယ်ပင် စုနန် ဖြစ်လို့နေ၏။ စုနန်က သေဆုံးသွားပြီ မဟုတ်ပါလား။ ယခု မသေသည့်အပြင် သိုင်းပညာပင် ပိုမိုကာ တိုးတက်လာပုံရ၏။
အိမ်ရှေ့စံမင်းသား နင်ယီ၏ တစ်ကိုယ်လုံးက တုန်တက်သွားခဲ့၏။ ရန်သူဘက်မှ တပ်မှူးက ကျင်းမင်းသား မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကျင်းမင်းသား ဘယ်ရောက်နေသနည်း။ ဖြစ်နိုင်ချေတစ်ခုကို တွေးမိချိန်မှာတော့ အိမ်ရှေ့စံမင်းသား နင်ယီ၏ နှလုံးသားတစ်ခုလုံးက ပြိုလဲလုနီးပါး ဖြစ်သွားသည်။
.......
စုနန် မသေခဲ့ဘူးလား။ ဟုတ်ပေ၏။ ထိုသို့ဆိုလျှင် ချင်နိုင်ငံနှင့် ချောင်ပြည်နယ်နယ်စပ်တွင် သေဆုံးခဲ့သူက မည်သူဖြစ်မည်နည်း။ ထိုသူကတော့ ဓားပြခေါင်းဆောင် မျက်စိသုံးလုံး မိစ္ဆာပင် ဖြစ်၏။
စုနန်၏ဆွေမျိုးတစ်စုလုံးက အနောက်ဘက်ဒေသဆီသို့ ထွက်ပြေးခဲ့ကြ၏။ ချင်နိုင်ငံက ရွှေများကို မက်မော မိသောကြောင့် သူတို့က အချိန်အများကြီး ဖြုန်းတီးခဲ့၏။ ထို့ပြင် စစ်တပ်ထဲတွင် ဝမ်းပျက်ဝမ်းလျော ရောဂါနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားနေခဲ့ပြီး ရှမ့်လန်နှင့် ချင်နိုင်ငံမှ မြင်းစီးတပ်ဖွဲ့များ၏ ဝန်းရံ ပိတ်ဆို့ခြင်းကို ခံရသည်။
စုနန်ကို ကယ်တင်ရန် သစ္စာရှိသည့် အစေခံစုရုံက စုနန်အယောင်ဆောင်ပြီး စုမိသားစုဝင်အများစုကို ခေါ်ဆောင်ကာ သေလမ်းကို ရွေးချယ်သွားခဲ့၏။ ထိုအချိန်မှာတော့ စုနန်က စုမိသားစု၏ တကယ့် သွေးရင်းသားရင်း အဆက်အနွယ်များကို ခေါ်ဆောင်ပြီး ချောင်ပြည်နယ်ဆီသို့ ဝင်ရောက်ကာ အနောက်ဘက် ဒေသဆီသို့ ကွေ့ပတ်သွားရန် ကြိုးစားခဲ့၏။
နောက်ဆုံးမှာတော့ ရှမ့်လန်က ဓားဘုရင်လီချင်းချိုးနှင့် ချင်နိုင်ငံမှ အတော်ဆုံး မြင်းစီးတပ်ဖွဲ့ကို ခေါ်ဆောင်ပြီး ချောင်ပြည်နယ်၏အဝင်ဝ၌ ပိတ်ဆို့ကာ ဖမ်းဆီးခဲ့၏။ စုနန်နှင့် လီချင်းချိုးတို့၏ နောက်ဆုံးတိုက်ပွဲက တကယ့်ကို ပြင်းထန်ခဲ့ပြီး လီချင်းချိုး၏ ဓားချက်ဖြင့် စုနန်၏ ဝမ်းဗိုက်တစ်ခုလုံးက ပိုင်းဖြတ်ခြင်းကို ခံခဲ့ရသည်။
မသေခင်မှာပဲ စုနန်က သူ့၏မိန်းမ၊ ညီအစ်ကိုများ အပါအဝင် စုမိသားစုဝင်အားလုံးကို သူကိုယ်တိုင် သတ်ဖြတ် ပစ်ခဲ့၏။ ရှမ့်လန်ကိုပင် စုမိသားစုတို့အကြား အငြှိုးအတေးများအားလုံး ပြီးဆုံးသွားပြီဟု ပြောခဲ့သေး၏။ နောက်ဆုံး မိမိ၏ ခေါင်းကို မိမိလက်ဝါးနှင့် ရိုက်ပြီး အသေဆိုးဖြင့် သေဆုံးစေခဲ့၏။
သို့ပေမည့် တကယ်တမ်း သေဆုံးသွားသည့်သူက ဓားပြခေါင်းဆောင် မျက်စိသုံးလုံးမိစ္ဆာပင် ဖြစ်၏။ ဤနေရာတွင် အသေးစိတ် အချက်တစ်ချက်ရှိ၏။ စုနန်က နန်းတွင်းထဲတွင် အဘိုးအိုတစ်ယောက်အဖြစ် အချိန်ကြာကြီး ဟန်ဆောင်ပြီး ထိုင်ခဲ့သောကြောင့် ရှမ့်လန်က သူ၏ မျက်နှာအစစ်အမှန်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးချေ။ မျက်စိသုံးလုံးမိစ္ဆာက အမြဲတမ်း မျက်နှာဖုံးကို စွပ်ထားလေ့ရှိပြီး သူ၏ရုပ်ရည်သွင်ပြင်ကိုလည်း ဘယ်တော့မှ ထုတ်မပြခဲ့ချေ။
စုနန်၌ ကိုယ်ပွားအဖြစ် အဘိုးအိုတစ်ယောက် ရှိ၏။ သူတို့ နှစ်ယောက်လုံးက လုံးဝ တူညီနေဖို့ မဖြစ်နိုင်သောကြောင့် စုနန်က အဘိုးအိုကိုယ်ပွားအဖြစ် ဟန်ဆောင်ခဲ့သည်။
လူငယ်ကိုယ်ပွား အနေဖြင့် မျက်စိသုံးလုံးမိစ္ဆာက စုနန်နှင့် တူနေလေသည်လား။ သူတို့နှစ်ယောက်က ညီအစ်ကိုတွေ မဟုတ်သလို၊ သွေးသားတော်စပ်သူများလည်း မဟုတ်ကြချေ။ ထို့ကြောင့် ထပ်တူညီဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ခန္ဓာကိုယ်တည်ဆောက်ပုံကို ထပ်တူကျအောင် လေ့ကျင့်ယူ၍ရသော်လည်း မျက်နှာအရိုး ပုံစံကိုတော့ တော်တော်လေး ဆင်တူအောင် ပြုလုပ်နိုင်၏။
သူတို့နှစ်ယောက်လုံး၏ မျက်နှာက မည်ကဲ့သို့ ထပ်တူကျနေရသနည်း။ တော်ဝင်ကပ်ဘေးဘုရားကျောင်းပင် ဖြစ်၏။ ယခင်က ပြောခဲ့သလိုပင် တော်ဝင်ကပ်ဘေးဘုရားကျောင်းက မိစ္ဆာအတတ်ပညာများကို ကျွမ်းကျင် သောကြောင့် မိစ္ဆာဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းကို ခံထားရ၏။ သူတို့ တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ပစ္စည်းများထဲတွင် အတော်လေး ဆိုးယုတ်သည့် အရာများပါ၏။ ထို့ပြင် ထူးဆန်းသည့် အရာများလည်း ရှိသည်။
ဥပမာအားဖြင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းထဲတွင်ရှိသည့် ရုပ်တု အများဆုံးက အမျိုးသားနှင့် အမျိုးသမီးတို့ အကြောင်းများသာ ဖြစ်ပြီး အလွန်ပင် ပွင့်လင်းမြင်သာ၏။ ကျား၊ မ မဟုတ်သူတွေ၊ ကျား၊ မ လက္ခဏာ နှစ်မျိုး ပါဝင်သူတွေပင် ရှိ၏။
တော်ဝင်ကပ်ဘေးဘုရားကျောင်း၌ နောက်ထပ် စွမ်းဆောင်ရည်တစ်ခု ရှိနေသေး၏။ ထိုအရာက ရုပ်ဖျက်ခြင်းဟု ခေါ်မည်လား။ သို့မဟုတ် မျက်နှာတစ်ခုလုံးကို ပြုပြင်ပြောင်းလဲခြင်းဟု ခေါ်မည်လား မသိနိုင်ချေ။ သို့ပေမည့် ထိုအရာက ခွဲစိတ်မှု မဟုတ်သလို ဓားနှင့် ခြစ်ထုတ်စရာလည်း မလိုအပ်ချေ။ ထိုအစား လူသားတစ်ယောက်၏ မျက်နှာကို ပြုပြင်ဖို့ အလွန်ထွန်းကားသည့် နည်းလမ်းကို အသုံးပြုခြင်းပင်။ သို့သော်ငြား လူအများစုက ဤကဲ့သို့သော ဆိုးရွားသည့် နည်းလမ်းမျိုးကို ခံနိုင်ရည် မရှိကြချေ။ လူတစ်ရာတွင် တစ်ယောက်လောက် အောင်မြင်နိုင်လျှင်ပင် အံ့အားသင့်စရာ ဖြစ်သည်။
သို့သော်ငြား နောက်ထပ် အသေးစိတ် တစ်ချက် ရှိနေသေး၏။ ကျန်ရစ်သူ ကျန်းလီ၏ သွေးမျိုးဆက်တွင် အလွန်ထူးခြားသည့် သွေးစွမ်းအင်များ တည်ရှိနေ၏။ အရွယ်ရောက်လာသည့် အချိန်တွင် သွေးစွမ်းအင်များက အသက်မဝင်သောကြောင့် သူတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်များက ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့၏။ နာကျည်းမှုနှင့် လန်ညီအစ်ကို ဆယ်ယောက်လုံးက ထိုကဲ့သို့ပင်။ ထိုအရာက မျက်နှာကို ပြန်လည် တည်ဆောက်ရန် အကောင်းဆုံး အချိန်အခါပင် ဖြစ်၏။
ဓားပြခေါင်းဆောင် မျက်စိသုံးလုံး မိစ္ဆာက ထူးခြားသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်သည့် ကျန်းလီ၏ သွေးမျိုးဆက် တစ်ယောက်ဖြစ်၏။ အချိန်အတိုင်းအတာတစ်ခုအထိ သူနှင့် နာကျည်းမှုတို့က ညီအစ်ကိုတွေလိုပင်။ ထိုအချိန်တုန်းက စစ်ဘေးဒုက္ခသည် မိဘမဲ့ကလေးများကို မျိုးနွယ်စု တော်တော်များများက မွေးစားခဲ့ပြီး စုနန်ကလည်း ခြွင်းချက် မဟုတ်ခဲ့ချေ။
မျက်စိသုံးလုံး မိစ္ဆာက သူ၏ လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ အသက် ၁၇ နှစ်တည်းမှစ၍ ဓားပြဘဝကို စတင်ခဲ့ရသလို စုနန်၏ကိုယ်ပွားအဖြစ်လည်း စတင်နေထိုင်ခဲ့ရ၏။ သို့ပေမည့် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၌ နက်နဲသည့် စွမ်းဆောင်ရည်များ ရှိနေသည်ဆိုလျှင်တောင် သူ့ကို စုနန်နှင့် တစ်ပုံစံတည်း တူအောင်တော့ ပြုလုပ်၍ မရနိုင်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်ကို ကိုးဆယ်ရာခိုင်နှုန်း တူညီသွားစေဖို့ ရုပ်ဖျက်သည့် နည်းစနစ် အများအပြားကို အသုံးပြုခဲ့ရသည်။
ထိုနေ့တုန်းက စုနန်၏ မျက်နှာအစစ်ကို တစ်ယောက်တည်းသာ မြင်ခဲ့ဖူး၏။ ဓားဘုရင် လီချင်းချိုးပင်။ သို့သော်ငြား ဓားဘုရင်၌ ထူးဆန်းသည့် အချက်တစ်ခု ရှိ၏။ သူက လူတွေကို မျက်နှာနှင့် မကြည့်ဘဲ အတွင်းအား စွမ်းအင်နှင့် သိုင်းပညာ အရှိန်အဝါကို ကြည့်လေ့ရှိ၏။
ဤကိစ္စတွင် စုနန်နှင့် မျက်စိသုံးလုံးမိစ္ဆာတို့က အတူတူပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ယောက်လုံးက တူညီသည့် လျှို့ဝှက်ကျမ်းများကို လေ့ကျင့်ကြပြီး တူညီသည့် လက်နက်များကို အသုံးပြုသည်။
သို့ပေမည့် ဓားဘုရင်လီချင်းချိုးက တစ်ဖက်လူနှင့် တိုက်ခိုက်သည့် အချိန်တွင် စုနန်၏ အရှိန်အဝါက အဘယ်ကြောင့် ပျော့ညံ့နေသနည်း ဆိုသည်ကို အနည်းငယ် သိရှိချင်စိတ် ဖြစ်ခဲ့၏။ လျန်ခရိုင်ရှိ စစ်စခန်းမှာ တုန်းကလောက် လွှမ်းမိုးမှု မရှိတော့ဘူး ခံစားမိ၏။
သို့ပေမည့် ပြန်လည် စဉ်းစားကြည့်ချိန်မှာတော့ ထိုအရာက ပုံမှန်ဟု သူက ထင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် စုနန်က ဆက်တိုက်ဆိုသလို ထိုးနှက်ခံခဲ့ရသောကြောင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ သူ၏ အရှိန်အဝါ ကျဆင်းသွားခဲ့သည် ဆိုခြင်းက သဘာဝ ကျပေလိမ့်မည်။
သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ မျက်စိသုံးလုံး မိစ္ဆာ၏ စုနန်အဖြစ် ဟန်ဆောင်မှု၌ ဟာကွက်တွေ ရှိခဲ့၏။ ထိုသို့ဆိုလျှင် ဤလူကို စုနန်ဟု ယုံကြည်သွားအောင် လုပ်ဆောင်ခဲ့သည့် အကြောင်းအရာက အဘယ်သို့နည်း။
ထိုအရာက စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးပင် ဖြစ်၏။ လူတွေက သူတို့ ယုံကြည်သည့်အရာကိုသာ အထူးတလည် ယုံကြည်တတ်ကြ၏။ လူတိုင်းက စုနန် သူ့၏ မိသားစုနှင့် အတူရှိနေမည်ဟု တွေးထင်ကြ၏။ အရေးကြီးဆုံး အချက်မှာတော့ စုနန်က မသေခင်တွင် သူ့မိသားစု အားလုံးကို သတ်ဖြတ်သွားခဲ့ခြင်းပင်။ သူ့၏ မိန်းမ၊ သူ့၏ အချစ်ဆုံးသား အပါအဝင်ပင်။
အရာအားလုံးက အမှန်တရားပင် ဖြစ်၏။ ဤကိစ္စက တကယ့်ကို တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလွန်း၏။ ဟာကွက်ရှိသမျှ အရာအားလုံးကို ဖုံးကွယ်ပစ်ဖို့ လုံလောက်သည့် အကြောင်းအရာမျိုးပင်။ ထို့ကြောင့် ဟာကွက်ဟူသမျှကို ပျောက်ကွယ်သွားခဲ့၏။
ရှမ့်လန်က ဤမြင်ကွင်းကို ပြန်တွေးမိသည့်တိုင်း ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညှင်းများ ထတက်၏။ စုနန်က စုမိသားစု၏ တကယ်သွေးရင်းသားရင်း တစ်ယောက်ပြီးတစ်ယောက်ကို မိမိကိုယ်တိုင် ပြန်လည် သတ်ဖြတ်ခဲ့၏။ လောကတွင် လူပေါင်းများစွာ ရှိသည်ဆိုသော်လည်း ဤကဲ့သို့သော လုပ်ရပ်မျိုးကို စုနန် တစ်ယောက်တည်း ကသာလျှင် ပြုလုပ်နိုင်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် စုမိသားစု၏ သွေးသားရင်းများက စုနန်က အယောင်ဆောင် တစ်ယောက်ဆိုသည်ကို ရိပ်မိကြသည်လား။ စုနန်၏ သား၊ မိန်းမနှင့် တခြားသောသူများက သေချာပေါက် ရိပ်မိကြ၏။ သို့ပေမည့် သူတို့က ဘာမှမပြောဘဲ စုနန်၏ ကိုယ်ပွားဖြစ်သည့် မျက်စိသုံးလုံးမိစ္ဆာ၏ သတ်ဖြတ်မှုကို ခွင့်ပြုခဲ့၏။ သူတို့က မိမိ၏ သေခြင်းတရားနှင့် စုနန်ကို ကယ်တင်ခဲ့ခြင်းပင်။
စုမိသားစု တစ်ခုလုံးက သူတို့၏ အသက်တွေကို စုနန်၏ အသက်နှင့် လဲလှယ်ခဲ့၏။ စုမိသားစု၏ သွေးရင်းသားရင်း ရာကျော်က ရှမ့်လန်၏ ရှေ့မှောက်မှာပင် သေဆုံးခဲ့၏။ ဤအငြိုးအတေးကို အားလုံးသောသူတို့ နားလည်ဖို့ သင့်၏။ ဤအချိန်မှာတော့ စုနန်က အယောင်ဆောင် တစ်ယောက်ဟု မည်သို့သော သူက သံသယဝင်မည်နည်း။ မည်သူက တွေးမိမည်နည်း။
ဟုတ်ပေ၏။ မည်သူမှ တွေးမိမှာ မဟုတ်ချေ။ ထိုသို့ဆိုလျှင် ရှမ့်လန်ရော တွေးမိသည်လား။ သူ့၌ X-Ray အမြင်ရှိပြီး လူတွေကို သူတို့၏ သွေးမျိုးဆက်နှင့် အရင်ဆုံး ကြည့်လေ့ရှိ၏။ ထိုသူတို့၏ သွေးမျိုးဆက်က လုံးဝ ထပ်တူမကျမချင်း မည်သူကမှ သူ့၏ စူးရှသည့် မျက်စိအောက်မှ မလွတ်မြောက်နိုင်ချေ။ ဟုတ်ပေ၏။ သူက သိသည်ဆိုလျှင်တောင် ဘာမှမပြောခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူကလည်း အံ့အားသင့် မှင်သက်နေသောကြောင့်ပင်။ ထို့ပြင် စုနန်၏ ကိုယ်ပွား ဖြစ်သည့် မျက်စိသုံးလုံးမိစ္ဆာက စုမိသားစုတစ်ခုလုံးကို သတ်ဖြတ်ပြီးနောက် ရှမ့်လန်ကို မေးခွန်းတစ်ခု မေးခဲ့၏။ “စုမိသားစုနဲ့ ကျင်းမိသားစုတို့ကြားမှာ ရှိတဲ့ အမုန်းတရားက ပြီးဆုံးသွားပြီလား။”
ရှမ့်လန်က စိတ်ထဲ၌ မပြောဘဲ မနေနိုင်ခဲ့ချေ။ “ပြီးဆုံးသွားပြီ”
တကယ်တော့ ထိုအချိန်က ရှမ့်လန်အနေနှင့် စုနန်ကို ဖမ်းဆီးဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ ချင်နိုင်ငံမှ မြင်းစီးတပ်ဖွဲ့များကို အသုံးပြုလျှင်တောင်မှ ဖမ်းဆီးနိုင်မှာ မဟုတ်ပေ။ စုနန်က သူ၏ ဆွေမျိုးစုတစ်ခုလုံးကို စတေးခဲ့၏။ အရာအားလုံးကို စွန့်လွှတ်ခဲ့၏။ ထို့ပြင် တစ်ကောင်ကြွက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူက မည်သူ့ဖြစ်မဆို အလွယ်တကူ ပြောင်းလဲသွားနိုင်၏။ ကောက်ရိုးပုံထဲသို့ အပ်ရှာသကဲ့သို့ပင် မည်သူက ဖမ်းနိုင်မည်နည်း။
သို့ပေမည့် စုနန်က တောင်ဘက်ကိုဆင်းပြီး မင်းသားကျင်းထံတွင် ခိုလှုံလိမ့်မည်ဟု ခန့်မှန်းရ၏။ ရှမ့်လန်က စုနန်၏ လျှို့ဝှက်ချက်ကို လူလေးယောက်ကိုပဲ ပြောပြခဲ့၏။ စုနန်၏ဆွေမျိုးတစ်ခုလုံး သုတ်သင်ခံရပြီး ရာစုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် အခြေခံအုတ်မြစ် အားလုံးက ပျောက်ဆုံးသွား၏။ သို့ပေမည့် ထိုအရာက အထောက်အကူ ဖြစ်စေခဲ့၏။
ဤလူက တကယ့်ကို သူရဲကောင်းတစ်ယောက်ပင်။ ဉာဏ်ပညာ၊ နည်းဗျူဟာ၊ စိတ်နေစိတ်ထား၊ မည်သည့် နေရာ၌မဆို အတော်ဆုံး ဖြစ်၏။ သို့ပေမည့် အားနည်းချက် ရှိ၏။ လောဘကြီးတတ်ခြင်းပင်။ အချိန်တစ်ခုကို ရောက်သည်နှင့် ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနှင့် ပစ်ချင်တတ်၏။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပြုလုပ်ချင်တတ်သည်ဟု ဆိုလိုခြင်းပင်။
သူ့၏ ကြီးမားသည့် အားနည်းချက်ကြောင့်ပင် ရှမ့်လန်ကို ရှုံးနိမ့်ခဲ့ရပြီး ဆွေမျိုးစုတစ်ခုလုံး သုတ်သင်ခံရသည့် ကံကြမ္မာကို ကြုံတွေ့ခဲ့ရ၏။ ယခုတော့ သူ့၌ ဆုံးရှုံးစရာ မရှိတော့ချေ။ ထို့ကြောင့် သူက ပြန်ပြီး စွမ်းအားအလွန် ကြီးမားလာခဲ့သည်။
တစ်နှစ်ကျော်အတွင်း သူ့၏ သိုင်းပညာက တိုးတက်လာခဲ့ပြီး နောက်ဆုံးသော အခက်အခဲများကို ကျော်ဖြတ်ကာဖြင့် မဟာပညာရှင်အဆင့်ဆီသို့ ရောက်ရှိသွား၏။ သို့ပေမည့် သူ၏ စွမ်းရည်များက ဤအဆင့်၌ တစ်လို့ နေခဲ့၏။ သူ၏ ပါရမီက မည်မျှ ကောင်းလိုက်သနည်း။
ကျင်းမင်းသား၏ သဘောထားကရော မည်မျှ ကြီးမားလိုက်သနည်း။ စုနန်က တောင်ဘက်သို့ ဆင်းပြီး ကျင်းမင်းသားကို အားကိုးကာ သူတို့နှစ်ဦးက ရေနှင့်ငါးလိုပင် ပေါင်းစပ်သွားခဲ့၏။ တစ်နှစ်ကျော်အတွင်း သူက ကျင်းမင်းသား၏ လက်ရုံးတစ်ဆူ ဖြစ်လာ၏။ အသက် ၆၀ အရွယ်၌ သူက ပြန်လည် မွေးဖွား လာသကဲ့သို့ပင်။
…………………