အခန်း (၆၃၇-၆၃၈)
Vol. 41 Ch. 637-638
အပိုင်း (၆၃၇)
ထိုအချိန်မှာတော့ စုနန်က မြင်းပေါ်တွင် ထိုင်လျက် ရှိနေပြီး ရွှဲ့ပြည်နယ်၏ စစ်တပ်ကို လှမ်းကာ ကြည့်ရှု၏။ နန်းကုန်းအိုနှင့် ကျူးလင်းတို့ကို ကြည့်၏။ အိမ်ရှေ့စံ မင်းသား နင်ယီကို ကြည့်၏။
“နင်ယီ လိုက်မတိုက်ဘူးလား” စုနန်က ရယ်မောလိုက်သည်။
သဲကန္တာရလူရိုင်းမျိုးနွယ်က တောတောင်ထဲတွင် ထွက်ပြေးသွားကြ၏။ လိုက်တိုက်သင့်သည်လား။ နင်ယီ လာစဉ်က ဘုရင်မင်းမြတ်က သေသေချာချာ မှာခဲ့၏။ “ရန်သူကို လိုက်မတိုက်နဲ့”
အုပ်ချုပ်ရေးမှုး ကျူးကျွင်းကလည်း ကျင်းမင်းသား၏စစ်တပ်များ တောထဲတောင်ထဲသို့ ထွက်ပြေးသွားလျှင် လုံးဝ လိုက်မတိုက်ရန် ထပ်တလဲလဲ မှာကြားခဲ့၏။ ထိုအချိန်တုန်းက နင်ယီက မပျော်ရွှင်ခဲ့ချေ။ အဘယ်ကြောင့် လိုက်မတိုက်ရသနည်း။ သူ့တွင် စစ်သည်ပေါင်း တစ်သိန်းကျော် ရှိ၏။ ကျင်းမင်းသား၏ စစ်သည်အားလုံးကို သေချာပေါက် သတ်နိုင်သည်ဟု တွေးခဲ့သည်။
သို့ပေမည့် ယခုအချိန်မှာတော့ နင်ယွမ်ရှန်းနှင့် ကျူးကျွင်းတို့ အကြံပေးစရာပင် မလိုချေ။ အိမ်ရှေ့စံမင်းသား နင်ယီက လိုက်တိုက်လိမ့်မည် မဟုတ်ချေ။ ကိုယ်တိုင်ကြုံတွေ့ရမှသာလျှင် အရာအားလုံးကို နားလည်လာခဲ့၏။ တောတောင်တွေက တကယ်ပင် သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ နယ်မြေ ဖြစ်၏။ အကယ်၍ လိုက်တိုက်သည်ဆိုပါက တကယ်ပင် သေဆုံးနိုင်၏။
မည်သို့ပင်ဆိုဆို အနည်းဆုံး သူတို့ လက်ရှိနိုင်ခဲ့၏။ တိုက်ပွဲက ကြည့်ရဆိုးခဲ့သော်လည်း ဘာဖြစ်သနည်း။ မည်သူများ မြင်ခဲ့သနည်း။ သာမန်ပြည်သူများက အရူးများ ဖြစ်၏။ လှည့်စားရ လွယ်ကူ၏။ အချိန်ကျရောက်လာသည်ဆိုပါက အောင်ပွဲကို ချဲ့ကားပြောဆိုပြီး လူပေါင်းများစွာတို့၏ ချီးကျူးမှုကို သူက ခံလိုက်ရုံသာပင်။
သို့သော်ငြား အိမ်ရှေ့စံမင်းသား နင်ယီ၏ စိတ်ထဲတွင် မတင်မကျ ဖြစ်နေ၏။ ကျင်းမင်းသား ဘယ်ရောက်နေ သနည်း။ နောက်ဆုံးမှာတော့ အိမ်ရှေ့စံမင်းသား နင်ယီက မနေနိုင်ဘဲ မေးလိုက်သည်။ “စုနန်... ကျင်းမင်းသား ဘယ်မှာလဲ”
စုနန်က ဤမျှဝေးကွာသည့် နေရာကပင် အသံကို ကြားရ၏။ “ငါ ဘယ်လိုလုပ်သိမှာလဲ။ ဘုရင်မင်းမြတ်ရဲ့ ကိစ္စတွေကို ငါ ဘယ်လိုလုပ် လိုက်ပါရဲမှာလဲ။”
စုနန်က ရယ်မောလိုက်သည်။ “မင်း လိုက်မတိုက်တော့ဘူးလား။ ဒါဆိုရင် ငါ သွားတော့မယ်။”
သို့ပေမည့် မီတာတစ်ရာလောက် သွားပြီးနောက် ပြန်လှည့်ကာ မေးပြန်၏။ “တကယ် လိုက်မတိုက်တော့ဘူးလား။ ဒါဆိုရင် ငါ တကယ် သွားတော့မှာနော်။”
အိမ်ရှေ့စံမင်းသား နင်ယီ၊ စစ်သူကြီးကျူးလင်းနှင့် နန်းကုန်းအိုတို့က ဒေါသကြောင့် တုန်ယင်လျက် ရှိနေ၏။ စုနန်က အဘယ်သို့ ရှမ့်လန်လိုမျိုး ကောက်ကျစ် ယုတ်မာသွားရသနည်း။ သို့ပေမည့် ထိုသဲကန္တာရလူရိုင်း စစ်သည်များကလည်း ယုတ်မာကြ၏။ သူတို့က တောထဲမှ ထွက်လာပြီး မတ်တပ်ရပ်လျက် ရှိနေ၏။ ပြီးနောက် အော်ဟစ်ဆဲဆိုလျက် ရှိနေကြသည်။
ထိုအချိန်မှာပဲ ရွှဲ့ပြည်နယ်၏ စစ်သူကြီး သုံးယောက်လုံးက အလွန်ပဲ ရှက်ရွံ့နေမိ၏။ မည်သူမှ လိုက်တိုက်ဖို့ စကားမစကြချေ။ အိမ်ရှေ့စံမင်းသား လာတုန်းက ယုံကြည်ချက် အပြည့်နှင့် ကျင်းမင်းသားကို တစ်ခါတည်း ချေမှုန်းပစ်ချင်ခဲ့၏။ သူတို့က အပိုင်းပိုင်းဆုတ်ဖြဲပြီး ကြီးမားသည့် ကောင်းမှုကို ပြုလုပ်ချင်ခဲ့၏။
သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူတို့က ဤကဲ့သို့သော အခြေအနေကိုလက်ခံပြီး အသာ ပြန်လှည့်သွားချင်ကြသည်။
နင်ယီက ကျင်းမင်းသားကို ရှုံးနိမ့်အောင် တိုက်ခိုက်နိုင်သရွေ့ သူ့ရဲ့ အိမ်ရှေ့စံနေရာက တည်မြဲနေမှာ ဖြစ်၏။ အိမ်ရှေ့စံက အတော်လေး စဉ်းစားဉာဏ် ရှိသေးပုံပေါ်၏။ လိုအပ်သည့်အချိန်တွင် သရဲဘောကြောင် တတ်သောကြောင့်ပင်။
“အိမ်ရှေ့စံမင်းသား၊ နန်းကုန်းအို၊ စစ်သူကြီး ကျူးလင်း ငါ သွားတော့မယ်” စုနန်၏ အသံကို ကြားလိုက်ရ၏။
“မြန်မြန် ထွက်သွားစမ်းကွာ”
ပြီးနောက် စုနန်က သဲကန္တာရလူရိုင်းမျိုးနွယ်စစ်သည်များနှင့်အတူ မားမားမတ်မတ် ထွက်ခွာသွားခဲ့တော့၏။ ရွှဲ့ပြည်နယ်၏ စစ်သည်သိန်းပေါင်းများစွာတို့က သူတို့ ထွက်ခွာသွားသည်ကို အတိုင်းသား ကြည့်နေရသည်။
ကျူးလင်းနှင့် နန်းကုန်းအိုတို့က သက်ပြင်းချလိုက်၏။ ပြီးနောက် အိမ်ရှေ့စံ၏ ရှေ့၌ ဦးညွှတ်လိုက်၏။ “အိမ်ရှေ့စံမင်းသား... ဉာဏ်ပညာ ကြီးမားပါတယ်”
‘ခင်ဗျားတို့ ကျုပ်ကို လှောင်နေတာလား။’
ကျူးလင်းနှင့် နန်းကုန်းအိုတို့က လှောင်ပြောင်နေတာ မဟုတ်ချေ။ သူတို့က တကယ်ပင် ရိုးရိုးသားသား ပြောခြင်း ဖြစ်၏။ အိမ်ရှေ့စံမင်းသားက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန ရှိသောသူ တစ်ယောက်မို့ သူတို့က တကယ်ပင် စိုးရိမ်မိ၏။ တကယ်လို့ လိုက်တိုက်ဖို့ အမိန့်ပေးလိုက်သည်ဆိုလျှင် စစ်သည သိန်းပေါင်းများစွာတို့က သေလမ်းသို့ သွားရမှာပင်။ တောတောင်ဆိုသည်က သဲကန္တာရလူရိုင်းမျိုးနွယ်များ၏ အိမ်ကွင်းပင် ဖြစ်သည်။
....................
အိမ်ရှေ့စံမင်းသား နင်ယီက စခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် စိတ်မပျော်မရွှင်နှင့် အရက်သောက်လျက် ရှိနေ၏။ ကျူးမိသားစုက ကြီးမားသည့် ပေးဆပ်မှုများကို ပြုလုပ်ခဲ့၏။ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်း ထားသည့် ဓနဥစ္စာများအားလုံးကို အသုံးပြုခဲ့၏။ အနာဂတ် နိုင်ငံရေးရာ အရင်းအမြစ်အားလုံးကို ကြိုတင်ထုတ်သုံးခဲ့ခြင်းပင်။ သို့ပေမည့် ရလဒ်က ဤအရာပေလား။ လုံးဝ အောင်မြင်မှု မဟုတ်ချေ။ ထမင်း တစ်အိုးကို မကျက်တကျက် စားလိုက်ရသကဲ့သို့ပင် ဖြစ်၏။
ကျူးလင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသား ကျုပ်တို့က ဒီရလဒ်ကို ကျေနပ်ပါတယ်။ အကောင်းဆုံး မျှော်လင့်ပြီး အကောင်းဆုံး ရယူဖို့ ဆိုတာ ပုံမှန်ပါပဲ”
အိမ်ရှေ့စံမင်းသားက ပြော၏။ “ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက အရမ်းကို များတယ်။”
ကျူးလင်းက ပြောသည်။ “လူတစ်ယောက်ရဲ့ ဘဝမှာ ၁၀ ပုံ ၉ ပုံက မပြည့်စုံတတ်ကြဘူး။ ဒီလောကမှာ စစ်ပွဲပေါင်း ဘယ်နှစ်ခုက အလုံးစုံ အောင်မြင်ခဲ့လို့လဲ။ အားလုံးက အဆင်မပြေစွာနဲ့ပဲ ပြီးဆုံးသွားခဲ့ကြတာပဲ။”
ဤစကားကလည်း မှန်၏။ အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ဒီလိုအခြေအနေမျိုးနဲ့ ကျုပ်တို့ ဘယ်လိုလုပ် နန်းမြို့တော်ကို ပြန်နိုင်မှာလဲ။ လောကကြီးက လူတွေက ကျုပ်တို့ အနိုင်ရပြီး ကြီးမားတဲ့ ကောင်းကျိုးတစ်ခု ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာလေ။”
“အိမ်ရှေ့စံမင်းသားက ကြီးမားတဲ့ ကောင်းကျိုးတစ်ခုကို ပြုလုပ်ပြီးပါပြီ”
ကျူးလင်းက ပြောလိုက်သည်။ “ကျုပ်တို့က ကျင်းမင်းသားကို တကယ်ပဲ ရှုံးနိမ့်အောင် တိုက်ခိုက်နိုင်ခဲ့ပြီ။ သဲကန္တာရလူရိုင်းမျိုးနွယ်တွေရဲ့ အဓိက အင်အားစုကြီးကို မောင်းထုတ်နိုင်ခဲ့ပြီ။ ဒီစစ်ပွဲမှာ အိမ်ရှေ့စံမင်းသားက ကောင်းကောင်း ကွပ်ကဲနိုင်ခဲ့လို့ ကျုပ်တို့ စစ်သည်တွေအားလုံး အောင်ပွဲကြီး ရခဲ့တာပါ။ ဟုတ်တယ်မလား နန်းကုန်းအို”
နန်းကုန်းအိုက လေးလေးနက်နက် ပြော၏။ “သဲကန္တာရလူရိုင်းမျိုးနွယ်ရဲ့ စစ်တပ်က တာ့နန်နိုင်ငံထဲကနေ အဆက်မပြတ် ထွက်ပေါ်လာတယ်။ နောက်ဆုံးမှာတော့ သူတို့က စစ်သည်ပေါင်း တစ်သိန်းလောက် စုစည်းမိသွားတယ်။ ကျုပ်တို့ ရွှဲ့ပြည်နယ်က စစ်သည်ပေါင်း တစ်သိန်းရှစ်သောင်းနဲ့ သဲကန္တာရလူရိုင်းမျိုးနွယ် စစ်သည် တစ်သိန်းတို့ တိုက်ခိုက်ခဲ့ကြတယ်။
ကျုပ်တို့က ရန်သူ ၈ သောင်းကို သတ်ဖြတ်နိုင်ခဲ့ပြီး ကိုယ့်ဘက်က ၅ သောင်း ထိခိုက်ကျဆုံးစေခဲ့တယ်။ ဒါက အောင်ပွဲကြီးပဲ။ ရန်သူရဲ့ စစ်သူကြီးစုနန်က စစ်သည်ပေါင်း ၂ သောင်းလောက်ကို ဦးဆောင်ပြီး ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတယ်။ ဒါကမှ အောင်ပွဲကြီး မဟုတ်ရင် ဘာဖြစ်မလဲ။ ဒါက သေချာပေါက် ကြီးမားတဲ့ ကောင်းကျိုးကြီးပေါ့။”
ကျူးလင်းက ပြောလိုက်သည်။ “နန်းကုန်းအိုက တကယ့် စစ်မြေပြင်က စစ်သူကြီး တစ်ယောက်ပါပဲ”
ကျူးလင်း၏စကားက လှောင်ပြောင်ခြင်း မဟုတ်ပေ။ နန်းကုန်းအို၏ သိတတ်နားလည်မှုကို သူက ချီးကျူးနေခြင်း ဖြစ်၏။ ဤကဲ့သို့သော အစီရင်ခံစာမျိုးက ရွှဲ့ပြည်နယ်မှ ပြည်သူများ၏ မျှော်လင့်ချက်နှင့် အကိုက်ညီဆုံးပင်။
ပထမဦးဆုံးအနေဖြင့် သဲကန္တာရ လူရိုင်းမျိုးနွယ်များ၏ စစ်တပ်က တကယ်ကို အားကောင်း၏။ သူတို့၏ စစ်သည်ပေါင်း တစ်သိန်းနှင့် ရွှဲ့စစ်သည်ပေါင်း တစ်သိန်းရှစ်သောင်းကို တိုက်ခိုက်ခဲ့ပြီးမှ ရှုံးနိမ့်ခဲ့ကြခြင်းပင်။
သို့ပေမည့် ရွှဲ့စစ်သည်တို့က တကယ့်ကို သန်မာခဲ့၏။ စစ်သည်ပေါင်း ရှစ်သောင်းကို သတ်ဖြတ်နိုင်ခဲ့ပြီး ငါးသောင်းသာ ထိခိုက်ကျရှုံးခဲ့၏။ ထိုအရာက အောင်ပွဲကြီး မဟုတ်လျှင် မည်သည့်အရာက ဖြစ်မည်နည်း။
ကျူးလင်းက ပြောလိုက်၏။ “အဓိကအချက်အားဖြင့် ရန်သူရဲ့ စစ်သူကြီး စုနန်ပဲ”
ကျန်ကျောင်းက ပြောသည်။ “ဒီအောင်ပွဲရဲ့ အဓိကသော့ချက်က စုနန်ပဲ။ ဒီလူက သေပြီ။ ရှမ့်လန်က သူ့ကို ရှင်းပစ်လိုက်ပြီ မဟုတ်လား။ သူက ဘာလို့ ပြန်ပြီး ရှင်လာရတာလဲ။ ကျင်းမင်းသားရဲ့ စစ်တပ်ထဲမှာတောင် ပြန်ပြီး ပေါ်လာတယ်။ ဒီကိစ္စက အချက်တစ်ချက်ကို သက်သေပြနေတယ်။ ရှမ့်လန်က စုနန်ကို တိတ်တဆိတ် လွှတ်ပေးလိုက်ပြီး ကျင်းမင်းသားနဲ့ ပူးပေါင်း ကြံစည်တာပဲ။ ဒါက ငြင်းလို့မရတဲ့ အချက်ပဲ။”
အိမ်ရှေ့စံမင်းသား နင်ယီက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ဒါက လူတိုင်းရဲ့အာရုံကို လွှဲပြောင်းပေးဖို့ လုံလောက်တယ်။ အဓိကအချက်အားဖြင့် စုနန် မသေကြောင်းနဲ့ ရှမ့်လန်က ကျင်းမင်းသားနဲ့ ပူးပေါင်းကြံစည်ခဲ့ကြောင်း အစီရင်ခံစာ တင်ရမယ်။ ဒီပြစ်မှုနဲ့ဆိုရင် ကျုပ်တို့က ရှမ့်လန်နဲ့ နင်ကျန်းကို လုံးဝ သတ်ပစ်လို့ရပြီ။”
စစ်သူကြီး ကျူးလင်းက ပြောသည်။ “ဒီအစီရင်ခံစာက လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေဖို့ လုံလောက်တယ်။”
အိမ်ရှေ့စံမင်းသား နင်ယီက မေးလိုက်၏။ “ဒါဆိုရင် အဖေကကော ဒီလိုအစီရင်ခံစာမျိုးကို လိုချင်မှာလား”
စစ်သူကြီးကျူးလင်းက ခဏလောက် တိတ်ဆိတ်သွား၏။ ဤကဲ့သို့သော အစီရင်ခံစာမျိုးက ကမ္ဘာလောကကြီးကို လှည့်စားနိုင်သော်လည်း နင်ယွမ်ရှန်းကိုတော့ လုံးဝလှည့်စားနိုင်လိမ့်မည် မဟုတ်ချေ။ ခဏလောက် စဉ်းစားပြီးနောက် စစ်သူကြီး ကျူးလင်းက ပြောသည်။ “ကျုပ်တို့ လိမ်နေတာ မဟုတ်ဘူးလေ။ ဘာလို့ အရှင်မင်းကြီးကို ဘာလို့ အစီရင်ခံလို့ မရရမှာလဲ။ နန်းကုန်းအို... ခင်ဗျားရော ဘယ်လိုထင်လဲ”
နန်းကုန်းအိုက ခေါင်းနပန်း ကြီးသွား၏။ သို့ပေမည့် သူက ယခုမှ ရှောင်ပြေး၍ မရတော့ချေ။
“ဟုတ်တယ် ဒါက အမှန်တရားပါပဲ။ ကျုပ်တို့စစ်သည်တွေက စစ်သည်ပေါင်း ၈ သောင်းကို သတ်ဖြတ်နိုင်ခဲ့တယ်။ ကိုယ့်ဘက်က ၅ သောင်း ဆုံးရှုံးခဲ့တယ်။ တစ်ဖက်လူရဲ့ စစ်တပ်ကြီးတစ်ခုလုံးက ပျက်လုနီးပါး ဖြစ်သွားပြီ။ ဒါကို အရှင်မင်းကြီးဆီကို အမှန်အတိုင်း အစီရင်ခံရမှာပေါ့” နန်းကုန်းအိုက ပြောလိုက်၏။
ကျူးလင်းက မတ်တတ်ထရပ်ကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အိမ်ရှေ့စံမင်းသား။ အဓိက အင်အားစုကို ရှင်းလင်းနိုင်ခဲ့ပြီး ရွှဲ့ပြည်နယ်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပါပြီ။ အရှင်မင်းသားက ကြီးမားတဲ့ ကောင်းကျိုးကို ပြုလုပ်နိုင်ခဲ့ပါပြီ။”
နန်းကုန်းအိုက မတ်တပ်ထရပ်ပြီး လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဂုဏ်ယူပါတယ် အိမ်ရှေ့စံမင်းသား..... ကြီးမားတဲ့ကောင်းကျိုးကို ပြုလုပ်နိုင်ခဲ့ပါပြီ။”
အိမ်ရှေ့စံမင်းသား နင်ယီက မတ်တတ်ထရပ်ပြီး စစ်သူကြီး နှစ်ဦးကို အသာဖေးမ၏။ ပြီးနောက် ပြောဆိုလိုက်သည်။ “ဒီတိုက်ပွဲ အောင်မြင်ခဲ့တာ စစ်သူကြီးနှစ်ဦးရဲ့ ကွပ်ကဲမှု ကောင်းမွန်တာကြောင့်ပါ။ ပြီးတော့ စစ်သည်တွေရဲ့ ရဲရင့်မှုကြောင့်ပေါ့။ ကျုပ် နင်ယီကြောင့် မဟုတ်ပါဘူး”
ဤတိုက်ပွဲပြီးနောက် နင်ယီက ရင့်ကျက်သွားခဲ့၏။ အနည်းဆုံး စကားပြောသည့်အချိန်တွင် သူက ယဉ်ယဉ်ကျေးကျေး ပြောတတ်လာခဲ့၏။ ဘုရင်တစ်ပါးဖြစ်လာမည့် အခြေခံ အုတ်မြစ်ပင်။
အိမ်ရှေ့စံမင်းသား နင်ယီက ပြော၏။ “နောက်တစ်ဆင့်အနေနဲ့ ကျုပ်တို့ မြောက်ဘက်ကို သွားရမလား။ နန်အိုနိုင်ငံမှာပဲ အခြေချရမလား”
စစ်သူကြီး ကျူးလင်းက ပြောသည်။ “အိမ်ရှေ့စံမင်းသား... အောင်ပွဲကို ခိုင်မာအောင်လုပ်ဖို့နဲ့ ပြည်သူတွေကို နှစ်သိမ့်ဖို့ နန်အိုနိုင်ငံမှာ ခဏလောက် ဆက်နေရမယ်။ နန်အိုနိုင်ငံရဲ့ လူတွေက မင်းသားရဲ့ ကျေးဇူးတရားကို နားလည်နေရပါမယ်။”
အိမ်ရှေ့စံမင်းသား ထွက်ခွာသွားသည့်အချိန်တွင် လူ သောင်းပေါင်းများစွာတို့က လိုက်လံ ပို့ဆောင်ခိုင်းမည်။ အိမ်ရှေ့စံမင်းသား နန်းမြို့တော်သို့ ရောက်သည့်အချိန်တွင် နန်အိုနိုင်ငံမှ လူများအား သွေးစာတစ်စောင် ပေးပို့ခိုင်းမည်။ နန်အိုနိုင်ငံအား ရွှဲ့ပြည်နယ်အောက်သို့ လုံးဝခိုလှုံခိုင်းပြီး ဒုတိယ အထူးပြည်နယ် ဖြစ်ပါရစေဟု တောင်းဆိုခိုင်းရပေမည်။ ဤနည်းဖြင့် အိမ်ရှေ့စံက နောက်တစ်ကြိမ် ကောင်းမှုကြီးကို ပြုလုပ်ပြီး ဖြစ်ပေလိမ့်မည်။
ယခင်တုန်းက နင်ယွမ်ရှန်း၏ ကုသိုလ်တရားကလည်း ပျံ့ရှောင်းကို အမှီပြု၏။ ပျံ့ရှောင်းက ဝူပြည်နယ်ကို သစ္စာဖောက်ပြီး ရွှဲ့ပြည်နယ်ဆီသို့ ရောက်ရှိလာခဲ့၏။ အခု သူ နင်ယီကလည်း ကျင်းမင်းသားကို လုံးဝ အနိုင်ယူနိုင်ခဲ့သည်သာ မဟုတ်ချေ။ နန်အိုနိုင်ငံကိုပါ ရွှဲ့ပြည်နယ်၏ ပြည်နယ်တစ်ခုအဖြစ် ပြုလုပ်ခဲ့၏။ နိုင်ငံ၏ ဒုတိယမြောက် အထူးပြည်နယ် ဖြစ်လာစေခဲ့၏။
နယ်မြေချဲ့ထွင်နိုင်သည့် ကောင်းချီးက လုံလောက်သည့် အကြောင်းအရာမျိုး ဖြစ်ပေ၏။ လောကရှိ ပညာရှင်များက ထိုအရာကို ဝိုင်းဝန်း ပြောဆိုပြီး မြှောက်ပင့်ပြောဆိုကြပေလိမ့်မည်။ မကြာခင်မှာပဲ ထိုအရာ အားလုံးက အစစ်အမှန်ကဲ့သို့ပင် လူများ၏နှလုံးသားထဲတွင် ထင်ကျန်စေလိမ့်မည်။ အိမ်ရှေ့စံ နင်ယီ၏ ကောင်းချီးက သမိုင်းမှတ်တမ်း စာအုပ်ထဲတွင် ကမ္ဗည်းထိုး တင်ကျန်ရပေလိမ့်မည်။
အမှန်တရားအတွက်သည်လား။ မည်သူက အမှန်တရားကို ဂရုစိုက်မည်နည်း။ ရွှဲ့ပြည်နယ် ပြည်သူလူထု၏ ထင်မြင်ချက်က စာပေပညာရှင်များ၏ လက်ထဲတွင် ရှိ၏။ ပြည်သူလူထုက ဘာများသိရှိသနည်း။ ပညာရှင်များ ပြောဆိုသည်ကိုသာ သူတို့က နားထောင်ရသည် မဟုတ်ပါလား။
“ကျုပ် မဟာဗျူဟာတစ်ခုကို ချမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြည်သူတွေကိုကာကွယ်ဖို့ နယ်စပ် တစ်လျှောက်မှာ ခံတပ်တွေ အများကြီး ဆောက်လုပ်မယ်။” အိမ်ရှေ့စံမင်းသား နင်ယီက ပြော၏။
“အိမ်ရှေ့စံမင်းသား ဉာဏ်ပညာ ကြီးမားလှပါပေတယ်။”
နယ်စပ်တလျှောက် ခံတပ်တွေ တည်ဆောက်ပြီး ကျင်းမင်းသားနှင့် ရေရှည်တိုက်ပွဲကို ဆင်နွှဲတော့မည်လား။ ရှမ့်လန်နှင့် နင်ကျန်းတို့ လွန်ခဲ့သည့် ကာလထဲက ဆုံးဖြတ်ခဲ့သည့် မူဝါဒ မဟုတ်ပေဘူးလား။ အဘယ်သို့ အိမ်ရှေ့စံမင်းသား၏ အကြံအစည် ဖြစ်သွားရသနည်း။
တကယ်တော့ အိမ်ရှေ့စံမင်းသား နင်ယီကလည်း စိတ်လှုပ်ရှားမိ၏။ နင်ကျန်းနှင့် ရှမ့်လန်တို့ ပြောဆိုသည်မှာ မှန်ကန်ခဲ့၏။ ရှမ့်လန်၏စကားက တကယ်ပင် သွေးထွက်အောင်မှန်၏။ သို့ပေမည့် အမှန်တရားက လူနည်းစုသာ သိသည်။
ရှမ့်လန်နှင့် နင်ကျန်းတို့က ခံစစ်စစ်ပွဲတစ်ခုကို တိုက်ခိုက်ရန်သာ အကြံပြုခဲ့၏။ ထိုသို့ တင်ပြပြီးနောက် သူတို့က လောကကြီးတစ်ခုလုံး၏ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရပြီး အားလုံးသောသူတို့က သစ္စာဖောက်ဟု ဝိုင်းဝန်းကာ လက်ညှိုးထိုး ဆဲဆိုကြ၏။
နင်ယီကပင်လျှင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နှာခေါင်းရှုံ့ခဲ့သေး၏။ သို့ပေမည့် ဤအရာက တကယ်ပင် အမှန်အကန် ဖြစ်လို့နေသည်။
သို့ပေမည့် ဘာဖြစ်သနည်း။ အရာအားလုံးသောအကြံအစည်တို့က သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိုပြင် တစ်ဖက်လူ နှစ်ယောက်တို့က ဆိုးဝါးသည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ ထိုသူတို့၏ စကားကို မည်သူမှ အလေးထားလိမ့်မည် မဟုတ်ချေ။
ယခု တွေးစရာရှိသည်က ကျင်းမင်းသား ဘယ်ရောက်နေသနည်း။ သူတို့သုံးယောက်၏ စိတ်ထဲတွင် ထိုအရာက မတင်မကျ ဖြစ်နေဆဲပင်။
“ကျင်းမင်းသား ဘယ်ရောက်နေသလဲ” အိမ်ရှေ့စံမင်းသား နင်ယီက မေးမြန်းလိုက်၏။
စစ်သူကြီး ကျူးလင်းက ပြောသည်။ “ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျင်းမင်းသား ပျောက်သွားတာ တစ်လ ကျော်ပြီ။ စစ်တပ်ထဲမှာ မရှိတော့ဘူး”
နန်းကုန်းအိုက ပြော၏။ “ဒီလိုဆိုရင် စုနန်က ပြင်ပလူပဲ။ သူက စစ်ဖက်ဆိုင်ရာအာဏာကို ပြင်ပလူ လက်ထဲကို တကယ်ပဲ ထည့်ပေးထားတာလား။”
ကျူးလင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဘယ်သူက စစ်ဖက်ဆိုင်ရာ အာဏာကို ပြင်ပလူတစ်ယောက်ယောက် လက်ထဲကို ထည့်ပေးမှာလဲ။ သူက စစ်အာဏာကို ပြင်ပလူထဲကို ထည့်ပေးရလောက်အောင် ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့လို့လဲ။ တာ့နန်နိုင်ငံမှာ ပြောင်းလဲရေးတစ်ခုဖြစ်ပြီး ကျင်းမင်းသားရဲ့ ထီးနန်းက မတည်မငြိမ် ဖြစ်နေတာကလွဲရင် တခြား မရှိဘူး။”
အိမ်ရှေ့စံမင်းသား နင်ယီက ပြောလိုက်၏။ “ဟုတ်တယ်။ ဒါက တစ်ခုတည်းသော ရှင်းပြချက်ပဲ”
အပိုင်း (၆၃၈)
ကျူးလင်းက ပြောလိုက်သည်။ “ထီးနန်း ချိန်းခြောက်ခံရမှပဲ ကျင်းမင်းသားက စစ်တပ်ကို စွန့်ခွာပြီး တိုင်းပြည်ကို ပြန်သွားရမှာပေါ့။”
နန်းကုန်းအိုက ပြောလိုက်၏။ “ကျင်းမင်းသားက စစ်သည်ပေါင်း တစ်သိန်းကို ဦးဆောင်ပြီး နန်အိုနိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ သူက ရဲရင့်လွန်းတယ် ဆိုပေမယ့် ကြိုးပမ်းမှုက အချည်းနှီးပဲ။ မြေတစ်လက်မ၊ မြို့တစ်မြို့ကိုမှ မသိမ်းပိုက်နိုင်ခဲ့ဘူး။ စစ်သည်ပေါင်းသောင်းချီက အလကား ဆုံးရှုံးခဲ့ရတယ်။ သူ့ရဲ့ ဒဏ္ဍာရီလာ မှတ်တမ်းတွေ အားလုံးက ပျက်စီးသွားခဲ့ပြီ။ ဒါကြောင့် သူရဲ့ထီးနန်း မတည်မငြိမ် ဖြစ်နေတာ သေချာပြီ”
ကျူးလင်းက ပြောသည်။ “တာ့နန်နိုင်ငံက တိုင်းပြည်တစ်ပြည်ဆိုပေမဲ့ တကယ်တမ်းက လူရိုင်းတွေကို စုစည်းထားတာ။ ဒီခေါင်းဆောင်တွေက မာနကြီးပြီး အသိဉာဏ်ကင်းမဲ့ကြတယ်။ ဘာလို့ ကျင်းမင်းသားရဲ့ စကားကို နာခံကြမှာလဲ။ သူက အရင်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတော့ ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်သွားမှာ သေချာတယ်”
နန်းကုန်းအိုက ပြောလိုက်၏။ “ဒါအပြင် သူက စစ်တပ်ကို စုနန်ရဲ့ လက်ထဲကို အပ်ခဲ့ပြီးတော့ တခြားသဲကန္တာရ စစ်သူကြီးတွေ လက်ထဲကို မအပ်ခဲ့ဘူး။ ဒါက သဲကန္တာရ လူရိုင်းစစ်သူကြီးတွေကို မယုံကြည်ဘူးဆိုတာ သက်သေပြနေတာပဲ။ သူတို့က သဘောထား ကွဲလွဲနေကြပြီ။ ဒါကြောင့် စုနန်က ထီးနန်းတက်နိုင်တာပဲ”
မဆိုးပေ။ ဤကဲ့သို့သော ဖြစ်နိုင်ချေက ဟာကွက်ဟူ၍ မရှိချေ။ အကြီးအကျယ် ပြောင်းလဲမှု မရှိလျှင် မည်သူက စစ်အာဏာကို အစွမ်းကုန် လွှဲအပ်ပေးထားမည်နည်း။ လောကကြီးတွင် ထိုကဲ့သို့သော အုပ်ချုပ်သူမျိုး ရှိနေသေးသည်လား။ စုနန်က ယခင်တုန်းက ရွှဲ့ပြည်နယ်ကို ပုန်ကန်ဖူး၏။ ထို့ကြောင့် သူက သစ္စာဖောက်ပင်။
ချက်ချင်းပဲ ကျူးလင်းက ဦးညွတ်ကာ ပြောလိုက်သည် ။ “ဂုဏ်ယူပါတယ် အိမ်ရှေ့စံမင်းသား။ ဒီတစ်ခါမှာတော့ သဲကန္တာရ လူရိုင်းမျိုးနွယ်တွေရဲ့ အဓိကအင်အားစုကို လုံးဝရှုံးနိမ့်အောင် ပြုလုပ်နိုင်ခဲ့တယ်။ ကျင်းမင်းသားရဲ့ ထီးနန်းက ပိုပြီး မတည်မငြိမ် ဖြစ်နေလောက်တယ်။ တာ့နန်နိုင်ငံမှာ ကြီးမားတဲ့ ပုန်ကန်မှုတွေ၊ ပြည်တွင်းစစ်တွေတောင် ဖြစ်နေလောက်တယ်။ အခုကစပြီး နန်အိုနိုင်ငံက ဘာကိုမှ ပူစရာ မလိုတော့ပါဘူး။ အရာအားလုံးက အိမ်ရှေ့စံ မင်းသားကြောင့်ပါပဲ။”
နန်းကုန်းအိုက ပြောလိုက်၏။ “ဒီတစ်ခါ တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုကြီးလို့ သတ်မှတ်လို့ ရပါပြီ”
ပြီးနောက် ကျူးလင်းက ပြောလိုက်သည်။ “အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး။ အောင်ပွဲအတွက် ကျုပ်တို့ အစီရင်ခံစာတွေ စပြီး ရေးလိုက်ကြရအောင်။”
“ကောင်းပြီ။ ရွှဲ့ပြည်နယ်က ပြည်သူလူထုတွေက သေချာပေါက် မျှော်လင့်နေကြမှာပဲ။ ဘုရင်မင်းမြတ်ကလည်း မျှော်လင့်နေမှာပဲ။ နှစ်သစ်ကူးကလည်း နီးနေပြီ။ ဒီအောင်ပွဲ အစီရင်ခံစာကို အကောင်းဆုံး ဖြစ်အောင် ရေးရမယ်။ ဒီအရာက ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင် ဖြစ်လာမှာပဲ။”
နှစ်သစ်ကူးလက်ဆောင်တွင် သေသေချာချာ ချဲ့ကားရေးသားမည်ဆိုလျှင် အားလုံးသောသူတို့က ပျော်ရွှင်မှု သမုဒ္ဒရာထဲတွင် အလုံးစုံကူးခပ်သလိုပင် ဖြစ်ရပေမည်။ ပြီးနောက် စစ်သူကြီးကျူးလင်းက အောင်ပွဲ အစီရင်ခံစာကို ရေးသား၏။ စာလုံးရေ ၁၀၀၀ တိတိပင်။ သူက တိုက်ပွဲတစ်ခုလုံးကို စိတ်လှုပ်ရှားစရာ ကောင်းအောင် ရေးသားခဲ့၏။ စာ၏ ၈၀ ရာခိုင်နှုန်းလောက်ကို အိမ်ရှေ့စံမင်းသား နင်ယီအကြောင်း ရေးသားပြီး အိမ်ရှေ့စံမင်းသား နင်ယီအား နတ်ဘုရားတစ်ပါးကဲ့သို့ပင် ပုံဖော်ထား၏။
အတိုချုပ်ပြောရမည် ဆိုလျှင် အိမ်ရှေ့စံ နင်ယီက ပြီးပြည့်စုံ၏။ တစ်ခုတည်းသော မပြည့်စုံမှုက အလုပ် ကြိုးစားခြင်းသာလျှင် ဖြစ်၏။ နေ့တိုင်း အသည်းအသန် အလုပ်လုပ်၏။ စစ်မြေပြင်ရောက်သည့် အချိန်တွင် မိမိ၏ လုံခြုံရေးကိုပင် ဂရုမစိုက်ဘဲ ရှေ့တန်းသို့ မကြာမကြာ လှည့်၏။ လဝက်အတွင်း အိမ်ရှေ့စံမင်းသားက ပိန်ချုံးသွားခဲ့သည်။
တနည်းပြောရမည် ဆိုလျှင် အိမ်ရှေ့စံမင်းသား နင်ယီသာ မရှိပါက ယခုကဲ့သို့ အောင်ပွဲကြီးရမည် မဟုတ်ချေ။ လူပေါင်း ၈ သောင်းကို သတ်ဖြတ်နိုင်မှာ မဟုတ်သလို ကျင်းမင်းသား၏ အဓိက အင်အားစုကြီးကို ပြုန်းတီးလုနီးပါး တိုက်ခိုက်နိုင်မှာ မဟုတ်ချေ။
ဤကဲ့သို့သော အိမ်ရှေ့စံမျိုးရှိခြင်းက အရှင်မင်းကြီးအတွက် ကံကောင်းခြင်း၊ ပြည်သူလူထုအတွက် ကံကောင်းခြင်းပင် ဖြစ်၏။ သူက ချောင်ပြည်နယ်ကိုလည်း သတိပေးလိုက်သေး၏။ အိမ်ရှေ့စံက ဤမျှ ဉာဏ်ပညာ ကြီးမားနေသောကြောင့် ကျင်းမင်းသားပင် ရှုံးနိမ့်သွားခဲ့၏။ ချောင်ပြည်နယ်က ရွဲ့ပြည်နယ်၏ နယ်စပ်ကို ကျူးကျော်ရဲဦးမည်လား။
နင်ယီက အစီရင်ခံစာကို ဖတ်ပြီးနောက် လက်ကာပြလိုက်သည်။ “ဒါက များလွန်းနေပြီ။ နည်းနည်း များလွန်းပြီလို့ ထင်တယ်”
ကျူးလင်းက ပြောလိုက်၏။ “မများပါဘူး။ ဒါ ကျုပ်ရင်ထဲက လာတဲ့ စကားတွေပါပဲ။”
ပြီးနောက် ကျူးလင်းက သူ၏ တံဆိပ်တုံးကို ထုပြီး လက်မှတ်ထိုး၏။ နန်းကုန်းအိုကလည်း သူ့၏ တံဆိပ်တုံးကို ထုပြီး လက်မှတ်ထိုး၏။ ထောင်စုမှူးနှင့် တပ်မှူးများ၊ တခြားသူအားလုံးကလည်း လက်မှတ်ထိုးပြီး သွေးလက်ဗွေကို နှိပ်ကြ၏။ နာမည်များလေ ပိုမိုကာ အစစ်အမှန်ဆန်လေ မဟုတ်ပါလား။ ဤအရာက စစ်သည် သိန်းပေါင်းများစွာတို့၏ ဆန္ဒကို ကိုယ်စားပြုနေ၏။ မည်သူက ငြင်းရဲမည်နည်း။ ငြင်းရဲသည်ဆိုပါက စစ်သည်သိန်းပေါင်းများစွာတို့၏ ရန်သူ ဖြစ်သွားပေလိမ့်မည်။
“အရေးပေါ်... ဒါတွေကို ပို့လိုက်တော့။ သတင်းဖြန့်ဖို့ မြင်းစီးသူရဲ ၁၀၀ ကို စေလွှတ်လိုက်တော့။ ရွှဲ့ပြည်နယ်က ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်ပဲ”
“ကောင်းပါပြီ စစ်သူကြီး”
တစ်နာရီခန့် ကြာမြင့်ပြီးနောက် မြင်းစီးတပ်သား ရာပေါင်းများစွာတို့က မြင်းကို ဒုန်းစိုင်းစီးကာ ထွက်ခွာသွား၏။ “သတင်းကောင်း... သတင်းကောင်း... စစ်တပ်က လုံးဝ အောင်ပွဲခံနိုင်ခဲ့ပြီ။ သဲကန္တာရ လူရိုင်းစစ်သည် ၈ သောင်းကျော်ကို ခေါင်းဖြတ်သတ်နိုင်ခဲ့ပြီ”
“သတင်းကောင်းပဲ။ ကျင်းမင်းသားရဲ့ အဓိက အင်အားစုကြီးက ပျက်စီးသွားခဲ့ပြီ”
သတင်းပို့သမားများက တောက်လျှောက် အော်ဟစ်လျက် ရှိ၏။ ပြီးနောက် သူတို့က အိမ်ရှေ့စံကို တောက်လျှောက် မြှောက်ပင့်နေကြသည်။
သို့ပေမည့် နားထောင်ရသည်က အနည်းငယ် ရှက်ရွံ့စရာ ကောင်း၏။ အထူးသဖြင့် စစ်သည်ပေါင်း ၁ သိန်း တို့ပင်။ သူတို့က ရှက်လွန်းသောကြောင့် ခေါင်းကိုပင် မြေကြီးထဲတူးကာ ဖွက်ထားချင်၏။ ခွေးပြေး ဝက်ပြေး ပြေးခဲ့ပြီးမှ အလုံးစုံအနိုင်ရရှိသူများကဲ့သို့ ကြွားလုံးထုတ်နေရခြင်းပင်။ သူတို့က စစ်သည်ပေါင်း ၄ သောင်းကိုသာ သတ်ဖြတ်နိုင်ခဲ့ပြီး ၈ သောင်းလောက် သတ်နိုင်ခဲ့သည်ဟု ကြွားလုံးထုတ်နေခဲ့၏။
သဲကန္တာရ လူရိုင်း စစ်သည် ၃ သောင်းလောက်ပဲ ရှိ၏။ သို့ပေမည့် သူတို့ ထိုလူများကို နှစ်ခါပြန်သတ်သည် ဆိုလျှင်တောင် ၈ သောင်းပြည့်မှာ မဟုတ်ချေ။ သို့ပေမည့် ကိစ္စမရှိချေ။ မည်သို့ပင် ဆိုစေကာမူ နန်အိုနိုင်ငံ၌ သဲကန္တာရ လူရိုင်းမျိုးနွယ် အရပ်သားများ အများကြီးရှိ၏။ လုံလောက်အောင် တိတ်တဆိတ် သတ်ဖြတ်လိုက်မည် ဆိုလျှင် ရှစ်သောင်း ပြည့်သွားမည် မဟုတ်ပါလား။ မည်သို့ပင် ဆိုစေကာမူ သူတို့က အိမ်သို့ ပြန်လျှင် သူရဲကောင်း ဖြစ်နေဦးမှာပင်။
………….
“ကျုပ်တို့ နောက်ထပ် အစီရင်ခံစာ တစ်စောင်ကို ရေးရမယ်”
ကျူးလင်းက ပြောလိုက်၏။ “စုနန်ကို လွှတ်ပေးပြီး ကျင်းမင်းသားနဲ့ ပူးပေါင်းကြံစည်မှုအတွက် ရှမ့်လန်နဲ့ နင်ကျန်းတို့ကို ပြစ်တင်ရှုတ်ချရမယ်။”
“ဟုတ်တယ်။ ရှမ့်လန်နဲ့ နင်ကျန်းတို့ကို ပြစ်တင်စွပ်စွဲရမယ်။ သူတို့ ဘယ်တော့မှ ပြန်မထလာနိုင်အောင် အခုရတဲ့ အခွင့်အရေးကို တစ်ခါတည်း အသုံးချပြီး သတ်ပစ်ရမယ်။”
ပြီးနောက် ကျူးလင်းက နောက်ထပ် အစီရင်ခံစာ တစ်ခုကို စတင်ရေး၏။ နောက်ထပ် စကားလုံးပေါင်း တစ်ထောင်က သူ့၏ ရင်ထဲမှ ထွက်ပေါ်လာခဲ့၏။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ အမှားကို တင်ပြခဲ့ခြင်းပင်။ နိုင်ငံတော်၏ သစ္စာဖောက်များ၊ ရွှဲ့ပြည်နယ်ကို ပျက်စီးအောင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ သစ္စာဖောက်များ ဖြစ်ကြောင်း တိတိကျကျ ထောက်ပြ ပြောဆိုထားသည်။
ရှမ့်လန်နှင့် ကျင်းမင်းသားတို့က လွန်ခဲ့သည့် ၂ နှစ်လောက်တည်းက ထျန်းနန်ပြည်နယ်ကို သိမ်းပိုက်ရန် ပူးပေါင်း ကြံစည်ခဲ့၏။ ကျင်းမိသားစုက ပုန်ကန်ဖို့ ကြိုးစားနေ၏။ ဘုရင်မင်းမြတ် သတိထားမှ ဖြစ်ပေမည်။ ရွှဲ့ပြည်နယ်မှ လက်အောက်ငယ်သားတွေ အကုန်လုံးကို သတိထားမှ ဖြစ်ပေမည်။
အစီရင်ခံစာ ထွက်လာသည်နှင့် လောကကြီးတစ်ခုလုံးအား တုန်လှုပ်စေလိမ့်မည်ဟု ကျူးလင်းက ယုံကြည်၏။ မူလထဲက ပြည်သူများက ရှမ့်လန်နှင့် နင်ကျန်းတို့ကို ကြည့်မရကြချေ။ အရိုးထဲ၊ အသားထဲကထိ မုန်းတီး နေကြ၏။ အရှင်လတ်လတ် အရေခွံခွာကာ အမှုန့်ကြိတ်ချင်စိတ် ဖြစ်နေကြ၏။
“ဒီအစီရင်ခံစာ ထွက်လာတာနဲ့ နင်ကျန်းကတော့ သွားပြီပဲ။ ရှမ့်လန်က ပင်လယ်ထဲ ခုန်ချရင်တောင် သူ့နာမည်ကို ဆေးကြောလို့ ရမှာ မဟုတ်ဘူး။ ဟား ဟား ဟား ဟား... ခွက်ချင်းတိုက်လိုက်ရအောင်။”
အိမ်ရှေ့စံ၊ နန်းကုန်းအိုနှင့် ကျူးလင်းတို့က နောက်ထပ် ခွက်တစ်ခွက်ကို မြှောက်ကာ သောက်ကြ၏။ သူတို့က မူးနေသလို ပုံစံပေါ်သော်လည်း တကယ်တော့ သောက်လေ ပိုမိုကာ အသိစိတ်ကပ်လေပင်။ စစ်ရေးတိုက်ပွဲက ပြီးဆုံးသွားပြီ။ နောက်တစ်ဆင့်က နိုင်ငံရေး တိုက်ပွဲပင်။ သို့ပေမည့် ထိုအရာကလည်း သူတို့ ကျွမ်းကျင်သော အရာပင် မဟုတ်ပါလား။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ရင်းနှီးနေသည့် လူတစ်ယောက်က စစ်စခန်းထဲတွင် ပေါ်လာ၏။ ထိုသူက သနားစရာ ကောင်းသည့် အခြေအနေမျိုးဖြင့် အဆက်မပြတ် ငြီးတွားအော်ဟစ်နေ၏။
ဤလူက နန်အိုနိုင်ငံ၏ ဝန်ကြီးချုပ် ယွီကျူပင် ဖြစ်၏။ သူက မင်းသမီး နင်လော့၏ လက်ပါးစေ နန်အိုနိုင်ငံ၏ အကြီးဆုံး သစ္စာဖောက်ပင်။ သူ၏ နားရွက် နှစ်ဖက်လုံးက ဖြတ်တောက်ခံထားရပြီး တောခွေး၏ နားရွက်နှစ်ဖက်ကို ပြန်လည် ချုပ်တပ်ထား၏။ လက်နှစ်ဖက်လုံးက ဖြတ်တောက်ခံထားရပြီး တောခွေး လက်နှစ်ဖက်ကို ပြန်လည် ချုပ်တပ်ထား၏။ ယိုင်နဲ့နဲ့နှင့် ပြေးလာပြီး အိမ်ရှေ့စံမင်းသား နင်ယီ၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။
“အိမ်ရှေ့စံမင်းသား၊ စစ်သူကြီး ကျူးလင်း၊ စစ်သူကြီး နန်းကုန်းအိုတို့ သတင်းဆိုးပါပဲ” နန်အိုနိုင်ငံရဲ့ ဝန်ကြီးချုပ်က ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
လူကြီးလူကောင်းသုံးယောက်ကို မြင်ချိန်မှာပဲ ချက်ချင်း ဒူးထောက်ချ၏။ လက်နှစ်ဖက်လုံး ဖြတ်တောက်ခံထားရပြီး တောခွေး၏လက်များဖြင့် အစားထိုး တပ်ခံထားရ၏။ အခြေအနေက ဆိုးရွားလွန်းလှသည်။
အိမ်ရှေ့စံမင်းသား နင်ယီ၏ နှလုံးသားများက တုန်ခါလျက် ရှိနေ၏။ အဆိုးရွားဆုံးသော သတင်းများ မဖြစ်ရန် သူက ဆုတောင်းနေမိ၏။
ကျူးလင်းက မေးလိုက်သည်။ “ဘာကိစ္စလဲ ပြောစမ်း”
ယွီကျူက တုန်ယင်နေသည့် အသံဖြင့် ပြော၏။ “နန်အိုနိုင်ငံရဲ့ မြို့တော် ကျသွားပါပြီ။ ကျင်းမင်းသားက မြို့တော်ကို သိမ်းပိုက်လိုက်ပါပြီ။ မင်းသမီးနင်လော့လည်း အဖမ်းခံလိုက်ရပါပြီ”
“ဘာ” စစ်သူကြီး ကျူးလင်းက မယုံကြည်နိုင်စွာဖြင့် ထအော်လိုက်မိသည်။
နန်းကုန်းအိုက ကုလားထိုင်မှာ ထိုင်နေရင်းနှင့် ဒုန်း... ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာ၏။ သူ၏ ကုလားထိုင်အောက်ခြေက ချက်ချင်း စုတ်ပြတ်သတ်သွား၏။
အိမ်ရှေ့စံမင်းသား နင်ယီက အမြင်အာရုံအားလုံး မဲမှောင်သွားသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွား၏။ သူ၏ စိတ်ထဲတွင် မကောင်းသည့် နမိတ်၊ ခံစားချက်များ ရရှိလာ၏။ သို့ပေမည့် သူက ထိုခံစားချက်များကို အစောကြီးတည်းက ရရှိခဲ့၏။ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
နန်အိုနိုင်ငံ၏မြို့တော် အကြီးမားဆုံးမြို့၊ နန်အိုနိုင်ငံတစ်ခုလုံးတွင် စစ်တပ်၏အကြီးမားဆုံး အမာခံ ဖြစ်လုနီးပါး ရှိသည့်မြို့၊ ထိုအရာက ကျရှုံးသွားခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ စိတ်ခြောက်ခြားနေသည်လား။ အဘယ်သို့ ဤမျှ ရယ်ရွှင်စရာကောင်းသည့် ကိစ္စရပ်မျိုး ဖြစ်နိုင်မည်နည်း။
ကျူးလင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ ကျင်းမင်းသားက စစ်သည်တွေကို ဘယ်ကရတာလဲ။ မြို့တော်မှာ ကာကွယ်ရေးစစ်သည် တစ်သောင်းခွဲရှိတယ်။ မင်းသမီးနင်လော့ ပြန်တုန်းကတော့ စစ်သည် နှစ်သောင်းကျော် ခေါ်သွားခဲ့သေးတယ်။ ကျင်းမင်းသားက စစ်သည်တွေကို ဘယ်ကရတာလဲ”
နန်အိုနိုင်ငံ၏ ဝန်ကြီးချုပ် ယွီကျူကပြော၏။ “ကျင်းမင်းသားရဲ့ လက်အောက်မှာ လူနှစ်ထောင်ပဲ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလူနှစ်ထောင်လောက်က မြို့တော်ရဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ သာမန်အရပ်သားအဖြစ် ဟန်ဆောင်ရင်း ပုန်းအောင်းနေခဲ့ပါတယ်။ မြို့တော်ထဲမှာ ကျင်းဘုရင်ရဲ့ သူလျှိုရာဂဏန်းလောက်ကလည်း ရှိသေးတယ်။ ပြီးတော့ အထဲမှာ စောင့်နေကြတဲ့ စစ်သည် တစ်သောင်းခွဲထဲမှာ ငါးထောင်လောက်က နန်အိုနိုင်ငံရဲ့ အစေခံတွေပါ။ သူတို့အားလုံးက ကျင်းမင်းသားဆီ လက်နက်ချလိုက်ပါတယ်။”
ကျူးလင်းက မေးသည်။ “ဒါဆိုရင် ရွှဲ့ပြည်နယ်ရဲ့ စစ်သည် တစ်သောင်းကကော”
ယွီကျူက ပြောလိုက်၏။ “သူတို့က အရင်ဆုံး လက်နက်ချခဲ့တယ်ဆိုပေမဲ့ ကျင်းမင်းသားက သတ်ပစ်လိုက် ပါတယ်။ နန်မြို့တော်ထဲမှာရှိနေတဲ့ ရွှဲ့ပြည်နယ်ရဲ့ အရာရှိတွေ၊ စစ်သည်တွေ၊ ကုန်သည်တွေ အားလုံးကို သတ်လိုက်ပါတယ်။”
ကျင်းမင်းသားက ရက်စက်လွန်းလှချေသည်။
ကျုးလင်းက မေးလိုက်၏။ “မင်းသမီး နင်လော့ဆီမှာ စစ်သည်ပေါင်း တစ်သောင်းရှိသေးတယ်။ ဘာလို့ သတင်း မပို့ရတာလဲ”
ယွီကျူက ပြောလိုက်သည်။ “ကျင်းမင်းသားက မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ရွှဲ့ပြည်နယ်ရဲ့ အလံအောက်မှာ သူ့လူတွေကို ကာကွယ်ထားခိုင်းထားတယ်။ အရေးအကြီးဆုံးက ကျုပ်နဲ့ နင်မန်ကို ဟန်ဆောင်စေပြီး မင်းသမီး နင်လော့ကို မြို့ထဲဝင်လာအောင် ဟန်ဆောင်ခိုင်းထားတယ်။ ဒါကြောင့် အထဲကိုဝင်လာတာနဲ့ တပြိုင်နက် မင်းသမီး နင်လော့က ချုံခို တိုက်ခိုက်ခံရပြီး ဖမ်းဆီးခံလိုက်ရတာပါပဲ။”
ကျူးလင်းက တုန်လှုပ်သွား၏။ “နင်မန်က သစ္စာဖောက်တာလား။ မဖြစ်နိုင်ဘူး။ သူက မင်းသမီးနင်လော့နဲ့ အတူ ကြီးပြင်းလာခဲ့တယ်။ သူတို့က ညီအစ်မတွေလိုပဲ။ မင်းသမီးနင်လော့ရဲ့ အယုံကြည်ရဆုံး လက်ထောက်ပဲ။ ဘာလို့ သစ္စာဖောက်တာလဲ”
ယွီကျူက ပြောလိုက်သည်။ “သူနဲ့ ကျင်းမင်းသားနဲ့က ဖောက်ပြန်နေခဲ့တာပါ။ ပြီးတော့ သူက သဲကန္တာရ လူရိုင်းမင်းသမီး တစ်ယောက်ပါပဲ”
ကျူးလင်းက မူးဝေသွားခဲ့၏။ မတ်တပ်ပင် ထမရပ်နိုင်လောက်နီးပါး ဖြစ်ခဲ့၏။
အိမ်ရှေ့စံမင်းသား နင်ယီကလည်း မတ်တပ် မရပ်နိုင်တော့ချေ။ ကုလားထိုင်တွင် ထိုင်ပြီး တုန်ယင်လျက် ရှိနေသည်။
“နန်အိုနိုင်ငံရဲ့ မြို့တော်မှာ ကျင်းမင်းသားရဲ့ စစ်သည် ဘယ်လောက်ရှိသလဲ”
“တစ်သောင်း”
ယွီကျူကပြော၏။ “ပြီးတော့ တိုးလာနေတုန်းပါပဲ။ ကျင်းမင်းသားက နန်းမြို့တော်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နန်အိုနိုင်ငံရဲ့ အောက်ခြေလူတန်းစားတွေက ကျင်းမင်းသားရဲ့ စစ်တပ်ထဲကို ဝင်ပြီး အမှုတော်ထမ်းဖို့ ပြင်ဆင်နေကြပြီ။”
အိမ်ရှေ့စံမင်းသား နင်ယီက မေးလိုက်သည်။ “ကျင်းမင်းသားက နန်အိုနိုင်ငံထဲမှာ သူလျှိုတွေ ရှိနေရက်သားနဲ့ ဘာလို့ ပထမတိုက်ပွဲတုန်းက ထုတ်မသုံးခဲ့ကြတာလဲ။”
ကျူးလင်းက ပြောလိုက်၏။ “သူလျှိုအရေအတွက်က နည်းလွန်းတယ်။ မြို့ထဲမှာ ကျုပ်တို့ရဲ့ အစောင့်အရှောက်တွေက အရမ်းကို များနေတော့ သူလျှို ရာဂဏန်းလောက်နဲ့ သိပ်ပြီး အရာရောက်မှာ မဟုတ်ဘူး။”
နန်းကုန်းအိုက အသက်ရှုမှားသွားသည်။ “ဒါ... ဒါက အရူးတစ်ယောက်လိုပဲ။ လွန်ခဲ့တဲ့တိုက်ပွဲမှာတုန်းက သူ တမင်သက်သက် အရှုံးပေးခဲ့တာပေါ့။ အဲဒီတုန်းက သူက စစ်တပ်ကို စုနန်လက်ထဲကို အပ်ခဲ့ပြီး သူတစ်ယောက်တည်း နန်အိုနိုင်ငံ မြို့တော်ထဲကို တိတ်တဆိတ် ပြန်ဝင်လာတာပေါ့။ ဒီလူက တကယ့် အရူးပဲ။ ရန်သူ့အာရုံကို လှည့်စားခဲ့တာပေါ့။ ပြင်ပလူ ဖြစ်တဲ့ စုနန်ရဲ့ လက်ထဲကိုတောင် အဓိက စစ်တပ်ကြီးကို အပ်ထားခဲ့တယ်။ သူတစ်ယောက်တည်း နန်အိုမြို့တော်ထဲကို ဝင်စီးပြီး သိမ်းပိုက်ခဲ့တာပေါ့။ ဒီလူက ရှမ့်လန်ထက်တောင် ပိုပြီး ရူးသွပ်တဲ့ အရူးပဲ။ ဘယ်သူက ဒီလို လုပ်ရဲမှာလဲ။”
ဤအရာက လုံးဝကို ကြောက်ခမန်းလိလိပင်။ အိမ်ရှေ့စံမင်းသား နင်ယီက တုန်ယင်စွာဖြင့် မေးလိုက်၏။ “ဒါဆိုရင် သူ အခု ဘာလုပ်ချင်တာလဲ”
ကျူးလင်းက အေးစက်စက်နှင့် ပြောလိုက်သည်။ “သူက ကျုပ်တို့ စစ်သည် နှစ်သိန်းလုံးကို ဝါးမြိုပစ်ချင်တာပဲ။ နန်အိုနိုင်ငံတစ်ခုလုံးကို ပြန်ယူချင်တာ။ ပြီးတော့ ထျန်းနန်ပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်ချင်တာ။ နိုင်ငံ လေးနိုင်ငံကြားထဲမှာ စစ်မီးကို မွှေးချင်တာပဲ။ ချောင်ပြည်နယ်၊ ဝူပြည်နယ်နဲ့ ပေါင်းပြီး သူက ရွှဲ့ပြည်နယ်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်မယ်။ ပြီးတော့ သူ့ရဲ့ အဖေအတွက် လက်စားချေမယ်”
ဤစကား ထွက်လာသည်နှင့် အိမ်ရှေ့စံမင်းသား နင်ယီ၏ သွေးပွက်ပွက်အန်ချင်သည်အထိ ခံစားချက်များ ဖြစ်တည် လာခဲ့၏။ မည်သို့မှ မခံစားနိုင်တော့ချေ။ သူက အရက်တွေ အများကြီး သောက်ထားခဲ့၏။ ယခင်က မခံစားခဲ့ရသည် ဆိုသော်လည်း ယခုတော့ အလွန်အမင်း မူးဝေလျက် ရှိနေ၏။
“ဝေါ့”
ပြီးနောက် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူက အဆိုးဝါးဆုံး အခြေအနေဆီသို့ ရောက်ရှိသွား၏။ မျှော်လင့်ချက်ဟူ၍ မရှိတော့လောက်အောင်ပင်။