အခန်း (၆၃၉-၆၃၀)
Vol. 41 Ch. 639-640
အပိုင်း (၆၃၉)
လက်ရှိအချိန်တွင်တော့ ကျူးလင်းနှင့် နန်းကုန်းအိုတို့က ကျင်းမင်းသား၏ အခြေအနေကို တကယ်ပင် ခံစားနားလည်သွားခဲ့ကြ၏။ တစ်ဖက်လူ၏ တားဆီးမရနိုင်သော နက်နဲသည့် စိတ်ကူးစိတ်သန်း၊ စောင့်ဆိုင်း ရဲသည့် စိတ်ဓာတ်နှင့် ကြီးမြတ်သည့် စိတ်နေစိတ်ထားများကို သူတို့က လုံးဝ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ချေ။
တကယ်တော့ ဤလောကကြီးထဲတွင် ပရိယာယ်ဟူသည့်အရာ မရှိပေ။ ရှမ့်လန် ရန်သူကို အကြိမ်ကြိမ် ချေမှုန်း နိုင်ခဲ့ခြင်းက ပရိယာယ်ဆင်ခြင်း ဖြစ်သည်ဆိုသော်ငြားလည်း ယဉ်ကျေးမှု ၊ ဉာဏ်ပညာ အဆင့်အတန်း ကွာခြားချက်ကို အခွင့်ကောင်းယူခဲ့ခြင်းသာလျှင် ဖြစ်၏။
ရှစ်မိသားစုကို မျိုးဖြုတ်သုတ်သင်ခဲ့ခြင်းဖြစ်စေ၊ ပင်လယ်ဓားပြကြီး ချောင်ထျန်းဝေ၏တပ်ကို ဖျက်ဆီးခဲ့ပြီး မြေအောက်လှိုဏ်ခေါင်းကို ဖောက်ခွဲကာ ပင်လယ်ရေများ လွှမ်းမိုးစေခဲ့ခြင်း၊ ယမ်းမှုန့်များကို အသုံးပြု၍ နှင်းတောင်များကို ပြိုကျစေခြင်း၊ ဤအရာအားလုံးက လောကမှ လူများ တစ်ခါမှ မတွေ့ကြုံဖူးသည့် အသိပညာ၊ ဗဟုသုတများ ဖြစ်နေသောကြောင့် မမျှော်လင့်ထားသည့် ရလဒ်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဟိုးယခင် ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံ နင်ယွမ်ရှန်းက ပြိုင်ဘက် ပျံ့ရှောင်း၏ စစ်စခန်းထဲသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့ပြီး ဝူပြည်နယ်ကို သစ္စာဖောက်ရန် စည်းရုံးခဲ့ဖူး၏။ ဤသည်ကလည်း သတ္တိတစ်မျိုးပင် ဖြစ်သည်။
ယခုအချိန်မှာတော့ ကျင်းမင်းသားက ကြီးမားလွန်းသည့် ပေးဆပ်မှုဖြင့် ဟန်ဆောင်ကစားရဲ၏။ ပင်မစစ်တပ်ကြီး တစ်ခုလုံးကို စုနန်လက်ထဲသို့ ထည့်ပေးရဲ၏။ ဘုရင်တစ်ပါးအနေနှင့် စွန့်စားခဲ့ပြီး နန်အိုနိုင်ငံ၏ မြို့တော်ထဲ ဝင်ရောက်ကာ သိမ်းပိုက်ရဲ၏။ တကယ့်ကို လေးစားလောက်ဖွယ်ရာ ကောင်းပြီး ရင်သပ်ရှုမောဖွယ်ရာပင်။ ထိုအရာက စိတ်ကူးဉာဏ် ကွန့်မြူးနိုင်စွမ်းနှင့် သတ္တိလိုအပ်ရုံသာမက ကြီးမားသည့် ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်မှုလည်း လိုအပ်ပေလိမ့်မည်။
ကျူးလင်းနှင့် နန်းကုန်းအိုတို့က မည်သူများ ဖြစ်သနည်း။ ဤနှစ်ယောက်က သူတို့ခေတ်၊ သူတို့အခါက ထိပ်တန်း စစ်သူကြီးများဟု သတ်မှတ်ခံရမည် ဖြစ်၏။ တိုက်ခိုက်လျှင် ရှေးရိုးဆန်ကြသူများ ဖြစ်သော်လည်း နိုင်ငံရေး လှည့်ကွက်များတွင်လည်း ကျွမ်းကျင်လွန်း၏။ သူတို့က မတော်ကြ၍ မဟုတ်ချေ။ သူတို့၏ စိတ်ကူးဉာဏ် ကွန့်မြူးနိုင်စွမ်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ အရာရာတိုင်းကို သူတို့၏ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်လောကဖြင့်သာ တွေးတောကြ၏။ မည်သို့ကိစ္စ ဖြစ်နေပါစေ၊ နိုင်ငံရေး အကြောင်းအရာများကိုသာ ပထမဦးစားပေး ထည့်သွင်း စဉ်းစားလေ့ရှိ၏။
“ကျင်းမင်းသားက တကယ့်ကို အံ့မခန်းပဲ။ ဒီလိုဘုရင်မျိုးမို့လည်း သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ခုလုံးကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာပေါ့” ကျူးလင်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။
နန်းကုန်းအိုကလည်း ပြောလိုက်၏။ “သာမန် အတွေးအခေါ်ပဲရှိတဲ့ သာမန်လူတွေကတော့ သူ ရောက်နေတဲ့ အခုနေရာကို ရောက်နိုင်မှာ မဟုတ်ဘူး။”
ဤအရာက အမှန်ပင် ဖြစ်၏။ သမိုင်းဝင်ပုဂ္ဂိုလ်များကို ကြည့်ပြီး အံ့အားသင့်ရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးပေလိမ့်မည်။ ပုံပြင်ဝတ္ထုများထဲ၌ ထိုသူတို့၏ အကြောင်းကို ရေးဖွဲ့ထားသည်ကို ဖတ်ရလျှင် ခြေဖျားလက်ဖျား အေးစက်သည်ဟု ခံစားရသည်။
ဟန်မင်းဆက်ကို တည်ထောင်ခဲ့သူ လျိုပန်က အသက် ၄၈ နှစ်အရွယ်တွင် လူမိုက်ကြီး ဖြစ်ခဲ့သော်လည်း၊ ၅၆ နှစ်တွင် ဘုရင်တစ်ပါး ဖြစ်ခဲ့၏။ ကွမ်ဝူဧကရာဇ် လိုရှုဆိုလျှင် ပိုမို၍ ချဲ့ကားလွန်းရာ ကျသေး၏။ အသက် ၂၇ နှစ်ထိ လယ်ထွန်နေခဲ့သော်လည်း အသက် ၃၀ တွင် အရှေ့ဟန်မင်းဆက်၏ ဘုရင်တစ်ပါး ဖြစ်လာခဲ့၏။
ထို့အတူ ဤကျင်းမင်းသားသည်လည်း လွန်ခဲ့သည့် ၂ နှစ်က လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ပင်။ နန်အိုတိုင်းပြည် တစ်ခုလုံးကို ရွှဲ့ပြည်နယ်က သိမ်းပိုက်ထားသဖြင့် သူက တောထဲသို့ တစ်ကိုယ်တည်း ထွက်ပြေးခဲ့ရ၏။ ၂ နှစ်ကြာတော့ သူက သဲကန္တာရလူရိုင်းမျိုးနွယ်စုကြီး တစ်ခုလုံးကို စည်းရုံးနိုင်ခဲ့ပြီး အင်အားတစ်သိန်းကျော်သည့် စစ်တပ်ကြီးကို ဦးဆောင်ကာ နန်အိုနိုင်ငံသို့ ပြန်လာခဲ့၏။ သူ၏ နယ်မြေ အကျယ်အဝန်းက ရွှဲ့ပြည်နယ်ထက်ပင် ပိုမိုကာ ကျယ်ဝန်းခဲ့သည်။
ယခင်က ကျူးလင်းနှင့် နန်းကုန်းအိုတို့က သဲကန္တာရလူရိုင်းခေါင်းဆောင် အားလုံးက အရူးများ ဖြစ်နေသလားဟုပင် တွေးတောဖူး၏။ အသက် ၃၀ ပင် မပြည့်သေးသည့် ခပ်ချောချော ကျင်းမင်းသား၏ လက်အောက်သို့ အားလုံးက ခိုလှုံခဲ့သောကြောင့်ပင်။ ယခုမှ ထိုသူ၏ အစွမ်းအစနှင့် ဆွဲဆောင်နိုင်မှုအားကို သူတို့ ခံစားမိကြ၏။ ရန်သူများပင်လျှင် အံ့အားသင့်ရ၏။ လူရိုင်းခေါင်းဆောင်များ သူ့ကို ကိုးကွယ်နေကြသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ထိုကဲ့သို့သောရန်သူမျိုးက အမှန်တကယ် ကြောက်မက်ဖွယ်ရာ ကောင်း၏။ အဘယ်ကြောင့်ဆိုသော် အရူးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူ ဘာတွေးနေသည် ဆိုသည်ကို လုံးဝခန့်မှန်း၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ အရေးအကြီးဆုံးအချက်အားဖြင့် ဉာဏ်ရည်အလွန်မြင့်မားသည့် အရူးတစ်ယောက် ဖြစ်နေခြင်း ကြောင့်ပင်။
ပြန်တွေးကြည့်မည်ဆိုပါက ရှမ့်လန်၏ရန်သူများကလည်း ဤကဲ့သို့ နာကျင်မှုကို ခံစားခဲ့ရပေလိမ့်မည်။
..................
အလုံးစုံသော ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်စေခဲ့ပြီးနောက် ဆက်လက်ကာ ဘာလုပ်ရမည်နည်း။ အိမ်ရှေ့စံမင်းသား၊ ကျူးလင်းနှင့် နန်းကုန်းအိုတို့က ဆွံအလျက်ရှိ၏။
ကျူးလင်းက ဖြိုခွင်းလိုက်သည်။ “နောက်တစ်ဆင့်အတွက် ရွေးချယ်စရာ သုံးလမ်းရှိတယ်။ ပထမတစ်လမ်းက စစ်တပ်ကို မနက်ဖြန် ထွက်ခွာစေခဲ့ပြီး ကျင်းမင်းသား အခြေမခိုင်ခင် နန်အိုမြို့တော်ကို အဖိုးအခ ဘယ်လောက် ပေးရပါစေ ပြန်လည် သိမ်းပိုက်ဖို့ပဲ။ ဒါပေမယ့် အဲဒီနည်းလမ်းက စုနန်နဲ့ သဲကန္တာရ လူရိုင်း ၂ သောင်းကျော်တို့က နောက်ကနေ ဝင်ပြီး တိုက်နိုင်ချေ ရှိတယ်။ ကျင်းမင်းသားနဲ့ ပူးပေါင်းပြီး ကျုပ်တို့ရဲ့ စစ်သည် ၁ သိန်း ၆ သောင်းကို ချေမှုန်းသွားနိုင်တယ်။”
ဤစကားပြောရသည်က အနည်းငယ် ရှက်ရွံ့ဖွယ်ရာ ကောင်း၏။ စုနန်နှင့် ကျင်းမင်းသားတို့၏ စစ်သည်အင်အား အားလုံးပေါင်းမှ ၃ သောင်း ၄ သောင်း ခန့်သာ ရှိ၏။ ကျူးလင်းတို့၏ဘက်တွင် စစ်သည်အင်အား ၁ သိန်း ၆ သောင်းကျော် ရှိနေပါလျက်နှင့် လုံးဝ ချေမှုန်းခံရမည်ဟု စိုးရိမ်နေကြရ၏။
“ဒုတိယလမ်းကတော့ နန်အိုမြို့ကို စွန့်လွှတ်ရမယ်။ လော်ရီမြို့ကိုလည်းစွန့်လွှတ်ပြီး သဲမြို့ဆီကို ဆုတ်ခွာရမယ်။”
သဲမြို့က နန်အိုတိုင်းပြည်ရဲ့ မြောက်ဘက်အကျဆုံး မြို့ဖြစ်၏။ ထိုမြို့၏ မြောက်ဘက်တွင် ရွှဲ့ပြည်နယ်၏ နယ်မြေများ ရှိနေသည်။
“တတိယတစ်လမ်းကတော့ နန်အိုနိုင်ငံနယ်မြေကနေ လုံးဝဆုတ်ခွာပြီး ထျန်းနန်မြို့ ခံစစ်စည်းဆီ တိုက်ရိုက် ဆုတ်ခွာခြင်းပဲ။ အဲနေရာက ကျုပ်တို့ရဲ့ အမာခံ နယ်မြေကြီးတစ်ခုလည်း ဖြစ်တယ်မဟုတ်လား”
ကျူးလင်းက ကျင်းမင်းသား၏ လုပ်ဆောင်မှုကြောင့် ဤအစီအစဉ် သုံးခုကို ရဲရဲဝံ့ဝံ့ တွေးတောမိခြင်း ဖြစ်၏။ ပုံမှန်အခြေအနေအရဆိုလျှင် တတိယမြောက် ရွေးချယ်စရာလမ်းကို သူက ထုတ်ပြောရဲလိမ့်မည် မဟုတ်ချေ။
ကျူးလင်း ပြောပြီးနောက် ကျန်သည့် သုံးဦးလုံးက တိတ်ဆိတ်သွားခဲ့ကြ၏။ မည်သူမှ ဆုံးဖြတ်ချက်ကို မချရဲကြချေ။ အကျိုးဆက်က ကြီးမားပြင်းထန်လွန်း၏။ ပထမလမ်းကိုရွေးလျှင် လုံးဝဥသုံ ပျက်စီး သေဆုံးခြင်းနှင့် ရင်ဆိုင်ရမည်။ တတိယလမ်းကို ရွေးလျှင် နိုင်ငံရေးရာ ဆိုးကျိုးများက အလွန်ကြီးမား၏။ နန်အိုတိုင်းပြည် တစ်ခုလုံးကို လက်လွတ်ဆုံးရှုံးလိုက်ရခြင်းနှင့်တူပြီး လုံးဝရှုံးနိမ့်သွားခြင်းပင်။
ကျူးလင်းက မဆုံးဖြတ်ရဲချေ။ နန်းကုန်းအိုကလည်း မဆုံးဖြတ်နိုင်ချေ။ ထို့ကြောင့် သူတို့နှစ်ဦးလုံးက အိမ်ရှေ့စံ မင်းသား နင်ယီကို ဝိုင်းကာ ကြည့်ရှုလိုက်၏။ ဆုံးဖြတ်ချက်တစ်ခုခုကို ချက်ချင်း ချရပေလိမ့်မည်။ စစ်မြေပြင် ဆိုသည်က အချိန်နှင့်အမျှ ပြောင်းလဲနေတတ်၏။
နင်ယီက မျက်လုံးကို မှိတ်ပြီး သူ့၏ စိတ်ကို အတင်း တည်ငြိမ်အောင် ကြိုးစားလိုက်၏။ အကယ်၍ သူသာ ကျင်းမင်းသားကဲ့သို့သော လူ ဖြစ်ခဲ့လျှင် မည်သို့ လုပ်ဆောင်မည်နည်း။ ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံတစ်ယောက် အနေနှင့် သူက မည်သည့်လမ်းကို ရွေးသင့်သနည်း။
နင်ယီ၏စိတ်က အလိုလျောက်ပင် တတိယလမ်းကို ရွေးချယ်မိ၏။ နန်အိုတိုင်းပြည်ကို လုံးဝ စွန့်လွှတ်ပြီး ရွှဲ့ပြည်နယ်၏ နယ်မြေထဲသို့ ဆုတ်ခွာမည်။ ထျန်းနန်မြို့က ပြည်နယ်မြို့တော်တစ်ခု ဖြစ်သလို ရွှဲ့ပြည်နယ်၏ တတိယအကြီးဆုံးမြို့လည်း ဖြစ်သောကြောင့် နန်အိုမြို့တော်ထက် များစွာ သာလွန်၏။ ထို့ပြင် ထျန်းနန်မြို့တွင် ကျူးကျွင်းလည်း ရှိ၏။ ကျူးမိသားစု၏ အမာခံနယ်မြေဖြစ်ပြီး အရင်းအမြစ်များနှင့် စစ်သည်များက မရေတွက်နိုင်အောင် ရှိသည်။
သို့သော်ငြား ထိုသို့ ပြုလုပ်လိုက်မည်ဆိုပါက သူ အိမ်ရှေ့စံမင်းသား နင်ယီက လုံးဝ ကျရှုံးသူ ဖြစ်ပြီး နာမည်ပျက်ပေလိမ့်မည်။ သူ မလာခင်တုန်းက ရွှဲ့ပြည်နယ်က အသာစီးရခဲ့၏။ နောက်ဆုံး သူ နန်အိုစစ်မြေပြင်ကို ရောက်မှ ကစဉ့်ကလျားနှင့် ရှုံးနိမ့်ပြီး နန်အိုတိုင်းပြည်တစ်ခုလုံးပင် ကျဆုံးသွားခဲ့၏။ ထိုအရာက သူ၏ အရည်အချင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပေလိမ့်မည်။ အဖြစ်မရှိဘဲ အပျက်ကိုသာ လုပ်ဆောင်နိုင်ခဲ့သူပင်။
ရွှဲ့ပြည်နယ်၏ အကျိုးစီးပွားအတွက်ဆိုလျှင် စစ်သည်ပေါင်း ၁ သိန်း ၆ သောင်းကို ထိန်းသိမ်းပြီး ထျန်းနန်မြို့ဆီသို့ ဆုတ်ခွာသင့်၏။ သို့သော်ငြား နင်ယီ၏အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာအတွက်ဆိုလျှင် တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပထမလမ်းကို ရွေးချယ်ရမည်လား။ စစ်သည် ၁ သိန်း ၆ သောင်းကို ဦးဆောင်ပြီး နန်အိုမြို့တော်ကို တိုက်ခိုက်မည်လား။
တကယ်ကို သတ္တိမရှိချေ။ နင်ယီ ဖြစ်စေ၊ ကျူးလင်း ဖြစ်စေ၊ နန်းကုန်းအို ဖြစ်စေ၊ ရွှဲ့ပြည်နယ် စစ်တပ်ကြီး ဖြစ်စေ သူတို့အားလုံးက ကြောက်ရွံ့နေကြ၏။ မြို့ထဲတွင် ကျင်းမင်းသား၏ စစ်သည် ၁ သောင်းခန့်သာ ရှိသည် ဆိုလျှင်တောင်မှ ထိုသူက တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ ထို့ပြင် စုနန်၏ စစ်သည်များက နောက်ကျောမှ ဝင်တိုက်နိုင်ချေ ရှိသေး၏။
စဉ်းစားပြီးနောက် ဒုတိယလမ်းသာ ရှိတော့၏။ စစ်သည် ၁ သိန်း ၆ သောင်းကို သူ စွန့်စားမတိုက်ရဲသလို၊ နန်အိုတိုင်းပြည် ဆုံးရှုံးရမည့် နိုင်ငံရေးအကျိုးဆက်ကိုလည်း မခံနိုင်ချေ။ ထို့ကြောင့် စစ်တပ်ကို သဲမြို့ဆီသို့ ဆုတ်ခွာရပေလိမ့်မည်။
“အရှင်မင်းသား... ဆုံးဖြတ်ချက် ချပါ” ကျူးလင်းက လျှောက်တင်လိုက်သည်။
အိမ်ရှေ့စံမင်းသားနင်ယီက စိတ်ထဲတွင် လှောင်ပြောင်ပြုံးလိုက်မိ၏။ ယခုမှ သူ့ကို ဆုံးဖြတ်ချက် ချခိုင်းနေသည်လား။ စရောက်တုန်းကတော့ သူ့ကို မျက်ကန်းလမ်းပြသကဲ့သို့ မျက်စိပိတ်ပြီး ရုပ်တုလို နေခိုင်းခဲ့ကြ၏။ ယခုမှ နိုင်ငံရေး အကျိုးဆက်ကို သူတို့ မခံနိုင်တော့ပေဘူးလား။ သူ၏စကားကို လက်ရှိ နားထောင်ချင်နေကြပြီလား။
ခဏမျှ စိတ်ထဲတွင် ကျိန်ဆဲခဲ့ပြီးနောက် အိမ်ရှေ့စံမင်းသား နင်ယီက အမိန့်ပေးလိုက်၏။ “စစ်တပ်ကို သဲမြို့ဆီကို အမြန်ဆုံး အရှိန်နဲ့ ဆုတ်ခွာကြမယ်။ ၈ သောင်းက မြို့ထဲကို ဝင်မယ်။ ကျန်တဲ့ ၈ သောင်းက ထျန်းနန်မြို့ဆီကို ဆုတ်ခွာမယ်။ ထျန်းနန်ပြည်နယ်မှာ ဒုတိယ စစ်မြေပြင်ကို ဖွင့်ဖို့ ချက်ချင်း ပြင်ဆင်ကြ”
ထင်ထားသည့်အတိုင်း ဤအစီအစဉ်ကို ရွေးချယ်လိုက်ရ၏။ ကျူးလင်းနှင့် နန်းကုန်းအိုတို့က သက်ပြင်းချ လိုက်သော်လည်း စိတ်ပျက်သွားခဲ့ကြ၏။ သာမန်လူပင် ဖြစ်၏။ သူတို့၏ ရင်ထဲ နက်ရှိုင်းသော တည်နေရာတွင် အိမ်ရှေ့စံကို ပိုမိုရဲရင့်ပြီး စွန့်စားသော ဆုံးဖြတ်ချက်တစ်ခုကို ချစေလိုခဲ့သော်လည်း အဆုံးတွင်တော့ တစ်ဖက်လူက မချခဲ့ချေ။ တကယ်ပင် ရှေးရိုးစွဲဆန်လွန်းနေသည်။
ပို၍ ရယ်စရာကောင်းသည်က သူတို့ကိုယ်တိုင်လည်း ထိုကဲ့သို့ တွေးခဲ့ခြင်းသာ ဖြစ်၏။ အကယ်၍ အိမ်ရှေ့စံမင်းသား နင်ယီကသာ စွန့်စားသည့် ဆုံးဖြတ်ချက်ကို ချခဲ့လျှင်လည်း သူတို့နှစ်ယောက်က ပြန်လည် တားမြစ်ကြမည်သာ ဖြစ်၏။
“အရှင်မင်းသား... ဉာဏ်အမြော်အမြင် ကြီးမားပါတယ်”
အိမ်ရှေ့စံမင်းသား နင်ယီက စိတ်ထဲတွင် လှောင်ရယ်နေမိသည်။ ‘ဉာဏ်အမြော်အမြင် ကြီးမားတယ် ဟုတ်လား။ ဟုတ်တာပေါ့။ ခင်ဗျားတို့ ပေးထားတဲ့ အကြံပဲလေ။’
ဆုံးဖြတ်ချက်ချပြီး ဖြစ်၏။ ပြီးနောက် တပ်မှူးအရာရှိ အားလုံးကို စုရုံးစေခဲ့ပြီး ဆုံးဖြတ်ချက်ကို ကြေညာ၏။ ချက်ချင်းပင် တပ်မှူးများကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အားလုံးက ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ ကျင်းမင်းသားက ဤမျှတောင် အရူးထလေသည်လား။ ဘုရင်တစ်ယောက် ဖြစ်နေလျက်နှင့် နန်အိုမြို့ကို သိမ်းဖို့ အသက်ကို စွန့်စားရဲသည်လား။
သို့သော်ငြား အိမ်ရှေ့စံမင်းသားနင်ယီ၏ ဆုံးဖြတ်ချက်ကို ကြားရချိန်မှာတော့ သူတို့က သက်ပြင်းချလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤအစီအစဉ်က သူတို့၏စိတ်ကူးနှင့် ကိုက်ညီနေသောကြောင့်ပင်။ ထင်မှတ်ထားသည့် အတိုင်းပင် သူတို့အားလုံးက သတိကြီးကြသူများ ဖြစ်ကြ၏။
ထိုစဉ်မှာပဲ အိမ်ရှေ့စံမင်းသား နင်ယီက ရုတ်တရက် ပြောလိုက်သည်။ “မြန်မြန်.. အောင်ပွဲသတင်း သွားပို့မယ့် မြင်းသည်တော်ကို တားလိုက်ကြအုံး။ သူတို့ကို တားမှ ဖြစ်မယ်”
အစပိုင်း၌ အောင်ပွဲခံနေကြောင်း သတင်းပို့ပြီးမှ နောက်ပိုင်းတွင် ရှုံးနိမ့်ခဲ့သည့်သတင်း ပေါ်ပေါက်သွားပါက အလွန်အမင်း ရှက်ရွံ့စရာ ကောင်းပေလိမ့်မည်။
ကျန်ကျောင်း၌ အခြားသော အတွေးများ ရှိနေ၏။ သူက တကယ့်ကို အစွန်းရောက်လွန်းသူ တစ်ယောက်ပင်။ သူက အိမ်ရှေ့စံကိုတွေ့ရန် ချက်ချင်း ရောက်လာ၏။ “အရှင်မင်းသား... ကျုပ်တို့ သဲမြို့ဘက်ကို ဆုတ်ခွာသွားတော့မယ်လို့ ကြားတယ်”
အိမ်ရှေ့စံမင်းသား နင်ယီက ခေါင်းညိတ်သည်။
ကျန်ကျောင်းက ပြောလိုက်၏။ “အရှင်မင်းသား.. မလုပ်သင့်ပါဘူး။ ကျင်းမင်းသားရဲ့ လက်ထဲမှာ စစ်သည် တစ်သောင်းလောက်ပဲ ရှိတာ။ ကျုပ်တို့ ဘာလို့ မတိုက်ရဲရမှာလဲ။ ကျုပ်တို့ နိုင်တာနဲ့ ကျင်းမင်းသားက ဇာတ်သိမ်းပြီပဲ။”
အိမ်ရှေ့စံက မေးမြန်းလိုက်သည်။ “ဒါဆိုရင် စုနန် ဦးဆောင်တဲ့ လူရိုင်းစစ်သည် ၂ သောင်းကျော်တို့က ကျုပ်တို့ နောက်ကနေ ဝင်တိုက်ရင် ဘယ်လိုလုပ်မလဲ”
ကျန်ကျောင်းက အံကိုကြိတ်လိုက်၏။ “အရှင်မင်းသား... စုနန်ရဲ့စစ်သည်တွေကို တားဆီးဖို့ ကျုပ် စစ်သည် ငါးသောင်းကို ဦးဆောင်ပြီး တာဝန်ယူပါရစေ။”
အိမ်ရှေ့စံမင်းသားက မေးလိုက်သည်။ “ခင်ဗျား တားနိုင်လို့လား။ နိုင်အောင် တိုက်နိုင်လို့လား”
ကျန်ကျောင်းက ခေါင်းခါယမ်းလိုက်၏။ “ကျုပ် မနိုင် နိုင်ပါဘူး။ ဒါပေမယ့် အချိန်ကာလတစ်ခု ကြာအောင်တော့ တောင့်ခံထားနိုင်ပါတယ်”
အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ဘယ်လောက်ကြာကြာကို ဆိုလိုတာလဲ”
ကျန်ကျောင်းက ပြန်ဖြေ၏။ “နှစ်ရက်ပါ”
အိမ်ရှေ့စံက ပြောလိုက်သည်။ “ပထမတစ်ချက် ခင်ဗျား နှစ်ရက် တောင့်ခံချင်မှ တောင့်ခံနိုင်မယ်။ ဒုတိယအချက် ခင်ဗျား တောင့်ခံနိုင်ရင်တောင် ကျုပ်တို့က နန်အိုမြို့တော်ကို သိမ်းနိုင်ချင်မှ သိမ်းနိုင်မှာ။”
ကျန်ကျောင်း၏အသံများက တုန်ယင်လာ၏။ “အရှင်မင်းသား စစ်သည် ၁ သိန်း ၁ သောင်းနဲ့ မြို့ကို ဝိုင်းတိုက်မှာလေ။ ကျင်းမင်းသားဆီမှာ အများဆုံး ရှိမှ လူတစ်သောင်းပဲ ရှိတာ။ ဘယ်လိုလုပ် မသိမ်းနိုင်ရမှာလဲ။”
အိမ်ရှေ့စံက ပြောလိုက်သည်။ “ကျုပ်တို့ ရှုံးသွားရင် ဘာဖြစ်မလဲ ခင်ဗျား တွေးကြည့်ဖူးလား။ စစ်သည် ၁ သိန်း ၆ သောင်းလုံး သုတ်သင်ခံရနိုင်တယ်။”
ကျန်ကျောင်းက မယုံကြည်နိုင်သလို ဖြစ်နေ၏။ စစ်သည်ပေါင်း ၁ သိန်း ၆ သောင်းက ကျင်းမိသားစု၏ စစ်သည်ပေါင်း ၃၊ ၄ သောင်းလောက်ကို ကြောက်ပြီး သွေးပျက်နေကြသည်လား။ စမ်းပင် မစမ်းသပ်ရဲ ကြပေဘူးလား။
အိမ်ရှေ့စံမင်းသား နင်ယီက ကျန်ကျောင်း၏ အကြည့်ကို မုန်းတီး၏။ ဤအကြည့်က ဘာသဘောနည်း။ သူ့ကို အသုံးမကျဘူးလို့ လှောင်ပြောင် အထင်သေးနေလေသည်လား။
ခဏကြာမှတော့ ကျန်ကျောင်းက ပြောဆိုလိုက်သည်။ “ဒီလိုဆိုရင်လည်း နန်အိုကနေ ဆုတ်ခွာပြီး ထျန်းနန်မြို့မှာပဲ လူစုလိုက်တာ ပိုကောင်းမယ်။ အဲတည်နေရာက ကျုပ်တို့ရဲ့ အမာခံ နယ်မြေပဲ။ ကျင်းမင်းသား ဘယ်လိုပဲ ဖြစ်ဖြစ် မြောက်ဘက်ကို တက်လာမှာပဲ။ အဲကျမှ တိုက်ကြတာပေါ့”
အိမ်ရှေ့စံမင်းသား နင်ယီက ငြီးတွားလိုက်၏။ “ဒီလိုသာလုပ်ရင် နန်အိုတိုင်းပြည် တစ်ခုလုံးက သူများလက်ထဲ ပါသွားပြီလို့ အဓိပ္ပာယ် ပေါ်သွားမှာပေါ့။ ဒီတာဝန်ကို ဘယ်သူက ယူမှာလဲ”
ကျန်ကျောင်းက ရင်ထဲတွင် နာကျင်သွားခဲ့၏။ စစ်မြေပြင်တွင် အဘယ်ကြောင့် ပြတ်ပြတ်သားသား မရှိရသနည်း။ ကျင်းမင်းသားက ဘုရင်ဖြစ်နေသည်ဆိုလျှင်တောင် စွန့်စားရဲ၏။ အရှင်မင်းသားက ဘုရင်မဖြစ်သေးဘဲနှင့် အဘယ်ကြောင့် မစွန့်စားရဲရသနည်း။ တိုက်ချင် တိုက်၊ ဆုတ်ချင် ဆုတ်။ မတိုက်ချင်လျှင်လည်း ဆုတ်။ မဆုတ်ချင်လျှင်လည်း တိုက်။ ထိုအရာက ဘာသဘောနည်း။ ဤကဲ့သို့ သာမန်ဆန်ပြီး ပြတ်သားမှု မရှိသည်က လူများကို သတ်ဖြတ်နေခြင်းနှင့် ဆင်တူသည်။
ချက်ချင်းပင် ကျန်ကျောင်းက မြေပေါ်သို့ ဦးတိုက်ကာ ပြောလိုက်၏။ “အရှင်မင်းသား... ကျုပ်ကို စစ်သည် ၆ သောင်းပဲ ပေးပါ။ နန်အိုမြို့ကို သွားတိုက်ပြီး ကျင်းတပ်နဲ့အတူ ယှဉ်ပြိုင်ပါရစေ။ ရှုံးရင် ကျုပ် အသက်ကို ပေးပါ့မယ်။ အရှင်မင်းသားရဲ့ ကျေးဇူးကို ပေးဆပ်ပါရစေ”
သူ သည်းမခံနိုင်တော့ချေ။ ဤအရာက အသုံးမကျလွန်းရာ ရောက်၏။
အပိုင်း (၆၄၀)
အိမ်ရှေ့စံမင်းသား နင်ယီက အေးစက်စက်နှင့် ပြောလိုက်၏။ “ခင်ဗျားပြောတော့ လွယ်တာပဲ။ အဲဒီ စစ်သည် ၆ သောင်းက အဖိုးတန်တယ်။ ဘယ်လိုလုပ် လွယ်လွယ်နဲ့ အသေခံခိုင်းလို့ ရမလဲ”
ကျန်ကျောင်းက နာကျင်စွာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင်လည်း လုံးဝ ဆုတ်ခွာပြီး ရွှဲ့ပြည်နယ်ကို ပြန်ကြစို့”
“ကျုပ် ရှင်းရှင်းလင်းလင်း ပြောပြီးပြီ”
နင်ယီက ပြောလိုက်၏။ “နန်အိုတိုင်းပြည်ကျရှုံးသွားတဲ့ တာဝန်ကို ခင်ဗျား ခံနိုင်လား။ ကျုပ် တစ်ယောက်တည်းပဲ ခံနိုင်တာ။ ကဲ ကျုပ် ဆုံးဖြတ်ပြီးပြီ။ ခင်ဗျား ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး။ ကျုပ် အမိန့်ကိုပဲ နာခံတော့။”
ကျန်ကျောင်းက ခေါင်းမှသွေးများ ယိုစီးလာသည်အထိ ဦးခေါင်းနှင့် မြေပြင်ကို တိုက်နေမိသည်။ “အရှင်မင်းသား.. ဒီလိုလုပ်လို့ မရပါဘူး။ တိုက်ချင်လည်း တိုက်၊ မတိုက်ချင်ရင်လည်း ဆုတ်ခွာပါ။ သာမန်ဆန်နေလို့ မဖြစ်ပါဘူး”
သူက အကြိမ်ကြိမ် ဦးခေါင်းနှင့် မြေပြင်ကို တိုက်၏။
အိမ်ရှေ့စံမင်းသား နင်ယီက စိတ်ရှုပ်လာခဲ့၏။ သူက လက်ကာပြကာ ပြောလိုက်သည်။ “သူ့ကို ဆွဲထုတ်သွားစမ်း”
ချက်ချင်းပဲ ကောင်းကင်ပင်လယ်နန်းဆောင်မှ သိုင်းပညာရှင် နှစ်ဦးတို့ အထဲသို့ ရောက်ရှိလာခဲ့ပြီး ကျန်ကျောင်းကို ဆွဲထုတ်သွား၏။ “အရှင်မင်းသား.. ဒီလို မလုပ်ရပါဘူး။ လုံးဝ ဆုတ်ခွာရင် ဆုတ်ခွာ၊ ဒါမှမဟုတ် သေမထူး နေမထူး တိုက်ခိုက်ပါ”
ကျန်ကျောင်း ပါသွားပြီးနောက် အိမ်ရှေ့စံမင်းသား နင်ယီက ပျို့အန်ချင်လာသောကြောင့် လက်ဖက်ရည်ကို အမြန် မော့သောက်လိုက်ရ၏။ “လီနန်ဖုန်း... ကျုပ်မှားတယ်လို့ ခင်ဗျား ထင်လား”
ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်ခေါင်းဆောင်က ပြန်လည်ကာ ဖြေဆိုသည်။ “ကျုပ်မသိပါဘူး”
သူက သိုင်းသမား တစ်ဦး ဖြစ်သောကြောင့် စစ်ရေးကိစ္စရပ်များကို စိတ်မဝင်စားချေ။
ထိုအခိုက်မှာတော့ အိမ်ရှေ့စံ နင်ယီက အုပ်ချုပ်သူတစ်ဦး ဖြစ်ရခြင်းက မည်မျှထိ ခက်ခဲကြောင်း အမှန်တကယ် နားလည်လာ၏။ ဆုံးဖြတ်ချက် တစ်ခုချင်းစီတိုင်းက တောင်ကြီးတစ်လုံးပမာ လေးလံ၏။ ပြီးနောက် သူက လက်ဖက်ရည်ခွက်ကို ကိုင်၏။ ငေးကြောင်ကြည့်နေမိ၏။
လူတိုင်းက သူ့အား နင်ယွမ်ရှန်းနှင့် တူသည်ဟု ပြောကြ၏။ တချို့နေရာများတွင် တူသည်ဆိုသော်လည်း အမှန်ပင် ရုပ်ရည်က တူ၏။ စိတ်နေသဘောထား တူ၏။ နှစ်ယောက်လုံးက ရက်စက်ပြီး ကျေးဇူးကန်းတတ်ကြသော်လည်း အိမ်ရှေ့စံမင်းသားက ပိုမို၍ ကြမ်းတမ်း၏။ နင်ယွမ်ရှန်းက စိတ်ကူးယဉ်ဆန်မှုများနှင့် ပြည့်နှက် နေတတ်သေးသည်။
ယခုမှ သူက ပို၍ ရှင်းရှင်းလင်းလင်း မြင်လာခဲ့၏။ နင်ယွမ်ရှန်းက ရဲ့ရင့်ပြတ်သားပြီး အရေးကြီးသည့် ကိစ္စရပ်များတွင် စွန့်စားရဲ၏။ နိုင်ခြေ ၄၀ ရာခိုင်နှုန်း လောက်ရှိသည်နှင့် အကုန်ပုံအောတတ်သည့် လောင်းကစားသမား တစ်ယောက်ကဲ့သို့ပင်။ သို့ပေမည့် နင်ယီကတော့ ရှေးရိုးစွဲဆန်၏။ ဤအရာက သူ၏ ပင်ကိုယ်စရိုက်နှင့်လည်း သက်ဆိုင်၏။
သို့ပေမည့် အခြားသောတစ်ဖက်တွင် သူက ကျူးမိသားစု၏ လွှမ်းမိုးမှုကို အလွန်အမင်း ခံထားရ၏။ စေ့စပ်သေချာခြင်းနှင့် ပြဿနာများကို နိုင်ငံရေးအတွေးအခေါ်နှင့် ဖြေရှင်းရန် နှစ်သက်သည်။
“ထားလိုက်တော့၊ ထားလိုက်တော့။ ဘယ်လို အကျိုးဆက်တွေပဲလာလာ ငါ ခံယူလိုက်တော့မယ်” နင်ယီက အံကိုကြိတ်၏။ ပြီးနောက် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ပစ်ပေါက်လိုက်၏။
.................
နောက်တစ်နေ့ အိမ်ရှေ့စံမင်းသား နင်ယီက အမိန့်ထုတ်ပြန်လိုက်၏။ ရွှဲ့ပြည်နယ်၏ ကျန်ရှိနေသော စစ်သည် တစ်သိန်းခြောက်သောင်းလုံး စတင်ထွက်ခွာမည်။
ကျန်ကျောင်းက စစ်သည်သုံးသောင်းကို ဦးဆောင်ပြီး အနောက်မှ လိုက်ပါခဲ့၏။ စုနန်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် အသင့်ပြင်ထားခြင်းပင်။
စစ်တပ်ကြီးက နန်အိုနိုင်ငံ မတိုက်ခိုက်သည့်အပြင် မြို့မှ ကွင်းရှောင်ကာ သွားသည်။ ကျင်းမင်းသား အား အလစ်ဝင်တိုက်မည့် အခွင့်အရေးကို လုံးဝ မပေးရန် သူတို့က ဆုံးဖြတ်ထားသည်။ ရှေးရိုးစွဲ ဆန်သည်ဆိုမှတော့ အဆုံးစွန်အထိ ရှေးရိုးစွဲ ဆန်ရပေမည်။
စစ်သည် တစ်သိန်းခြောက်သောင်းက လိပ်ခွံကြီးတစ်ခုလို သတိရှိစွာဖြင့် ရွေ့လျားနေသည်။ နှစ်ရက်ခရီးက ယခုအချိန်တွင်တော့ သုံး၊လေးရက် အချိန်ကြာမြင့်၏။ သူတို့က နန်အိုမြို့နားမှ ဖြတ်သွားသည့် အချိန်တွင် အဝေးမှ မြို့ရိုးကို မြင်ရသည်။
အိမ်ရှေ့စံမင်းသား နင်ယီရင်ထဲတွင် မုန်းတီးမှုများ၊ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ “ကျင်းမင်းသား.... မင်း အရူးပဲ။ ဘယ်လောက်တောင် စွန့်စားရဲလိုက်သလဲ။ မြို့ရိုးပေါ်တက်... ငါ့ရဲ့စစ်တပ်ကို ကြည့်ပြီး ရယ်မောနေမှာပဲ။ စစ်သည် တစ်သိန်းခြောက်သောင်းတောင် ရှိရက်သားနဲ့ နန်အိုမြို့ကို မတိုက်ရဲတဲ့ ကြွက်စုတ်လို သတ္တိနည်းတဲ့ ငါ့ကို ရယ်နေမှာပဲ။ ရယ်လိုက်စမ်း။ ကြိုက်သလောက် ရယ်လိုက်စမ်း။ ငါ မင်းကို အခွင့်အရေး မပေးနိုင်ဘူး။ မင်းက အရူး၊ ဒါပေမဲ့ ငါက အရူး မဟုတ်ဘူး”
ကျန်ကျောင်းထံမှ ကင်းထောက်များက သတင်း ထပ်ကာ ထပ်ကာ လာပို့ကြသည်။ စုနန် ဦးဆောင်သည့် သဲကန္တာရ လူရိုင်းမျိုးနွယ် စစ်တပ်ကြီးက လိုက်ပါမလာခဲ့ချေ။ သို့သော်ငြား ထိုသို့ ဖြစ်လေလေ အိမ်ရှေ့စံ မင်းသား နင်ယီက တစ်စုံတစ်ခု မရိုးသားဟု ခံစားရလေပင်။
ပုံမှန် အခြေအနေအရဆိုလျှင် စုနန်ကဲ့သို့သော ရဲရင့်သည့် လူတစ်ယောက်က သေချာပေါက် နောက်ကနေ လိုက်လံ တိုက်ခိုက်ရပေမည်။ သို့သော်ငြား ပေါ်မလာခဲ့ချေ။ သူ့ကို စိတ်ချလက်ချနှင့် နန်အိုမြို့ကို ဝင်ရောက် တိုက်ခိုက်စေချင်ပြီး ထိုအချိန်သို့ရောက်မှ အနောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေသည်မှာ သိသာလွန်းလှ၏။ “ငါ လုံးဝ အလိမ်ခံလို့ မဖြစ်ဘူး”
ပြီးနောက် နန်အိုမြို့တော်နားမှ ဖြတ်သွားစဉ်မှာပဲ ကျန်ကျောင်းက မြို့ကို တိုက်ခိုက်ရန် အကြိမ်ကြိမ် တောင်းဆို၏။ အိမ်ရှေ့စံမင်းသား နင်ယီက ထိုစကားအားလုံးကို ပယ်ချခဲ့သည်။
ကျူးလင်းနှင့် နန်းကုန်းအိုတို့ကလည်း ဒေါသထွက်ကြသည်။ ကျန်ကျောင်းက အဘယ်ကြောင့် အကင်းမပါး ရသနည်း။ စစ်မိန့်ဆိုသည်က နာခံရမည့်အရာပင်။ အဘယ်သို့ နေ့ချင်း၊ ညချင်း ပြောင်းလဲ၍ရမည်နည်း။ ဤလူက ဘာအောင်မြင်မှုမှမရဘဲ ဤမျှထိ ကြာရှည်အောင် နေရသည်မှာ မဆန်းတော့ချေ။
နန်အိုမြို့ကို ရှောင်ကွင်းသွားရသောကြောင့် မြောက်ဘက်ပိုင်းရှိ သဲမြို့စစ်ဆေးရေးဂိတ်သို့ ရောက်ရန် သုံးရက်ခွဲကြာသည်။ စုနန် ဦးဆောင်သည့် သဲကန္တာရ လူရိုင်းတပ်ကြီးက သူတို့ကို လာရောက်မတိုက်ခိုက်ချေ။
နင်ယီနှင့် အဖွဲ့သားအားလုံးက ယခုမှ သက်ပြင်းချနိုင်ကြသည်။ စစ်တပ်ကြီးက သဲမြို့သို့ ဝင်ရောက်သွားသည်ဆိုလျှင် သူတို့ ဘေးကင်းမည်ဖြစ်၏။
ပြီးလျှင် စစ်သည် ရှစ်သောင်းက ထျန်းနန်ပြည်နယ်ထဲသို့ ဆုတ်ခွာမည်။ ထျန်းနန်မြို့၏ ကာကွယ်မှုအောက်တွင် သူတို့က အေးအေးချမ်းချမ်းနှင့် အိပ်စက်နိုင်တော့မည်။ ဤနည်းအားဖြင့် သူ၏ လုံခြုံရေးကို အာမခံနိုင်သလို နန်အိုနိုင်ငံကလည်း လုံးဝ ဆုတ်ခွာသွားခြင်းမျိုး မဖြစ်တော့ချေ။ ဘာပဲဖြစ်ဖြစ် စစ်ပွဲက မပြီးသေးပေ။
နောက်တစ်ဆင့်ကတော့ အရပ်ဖက် အရာရှိများနှင့် ပြည်သူလူထုကြား ဝါဒဖြန့် စစ်ပွဲကို ဆင်နွှဲနိုင်ရန် တွန်းအားပေးရပေလိမ့်မည်။ သူ နင်ယီက အရည်အချင်းမရှိ၍ နန်အိုနိုင်ငံကို ဆုံးရှုံးသွားခြင်း မဟုတ်ချေ။ ထျန်းနန်ပြည်နယ်မှာ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲချင်သောကြောင့် ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းပင်။ ကျင်းမင်းသားကို ဤနေရာတွင် အမြစ်ပြတ်ချေမှုန်းခြင်းက ပိုကောင်းသည်ဟု သတင်းဖြန့်ရပေလိမ့်မည်။
စစ်ပွဲအစီရင်ခံစာ ကိစ္စကတော့ သမိုင်းဆရာတွေ ဆက်လက်ရေးသားကြပေလိမ့်မည်။ အနည်းငယ် အိုနင်းခွက်နင်း နိုင်သော်လည်း လှည့်ကွက်အချို့ကို သုံး၍တော့ ရသည်။ စာပေပညာရှင်များ၏ အရှက်မဲ့သည့် နည်းလမ်းများ နှင့်ဆိုလျှင် သူ၏နာမည်ကို အဖြူရောင် ပြန်ဖြစ်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု သူက ယုံကြည်သည်။
အိမ်ရှေ့စံမင်းသား နင်ယီက ဆုံးဖြတ်ချက်ချလိုက်သည်။ စစ်တပ်ကို ဒုတိယစစ်မြေပြင်တွင် နေရာချပြီးသည်နှင့် ထျန်းနန်မြို့တွင် အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရန် စီစဉ်ရမည်။ ပြီးနောက် ကျင်းကျိုးကို ထွက် တိုက်ခိုင်းရပေလိမ့်မည်။ ကျင်းမိသားစုကို လွှတ်ပေး၍ မဖြစ်ချေ။
စစ်မီးက ထျန်းနန်ပြည်နယ်ထဲသို့ ကူးစက်လာခဲ့ပြီး ထျန်းနန်ပြည်နယ်၏ ရှေးအကျဆုံးသော တော်ဝင်မျိုးနွယ် ဖြစ်သည့် ကျင်းမိသားစုအနေနှင့် စစ်သည် မလွှတ်စရာ အကြောင်းမရှိတော့ချေ။ သူတို့ စစ်သည် စေလွှတ်သည်နှင့် တစ်ဖက်လူများ၏ အသားကိုလှီး၊ သွေးကို ဖောက်ထုတ်မည်။ သူက စစ်ပွဲကို အခွင့်ကောင်းယူပြီး ကျင်းမိသားစု၏ သွေးကို ဖောက်ထုတ်ချင်၏။
ပြီးနောက် အိမ်ရှေ့စံမင်းသား နင်ယီက ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးမြန်းမိ၏။ ဤကဲ့သို့သော အချိန်မှာတောင် နိုင်ငံရေးအကြောင်းကိုတွေးပြီး နိုင်ငံရေးရန်သူများကို တိုက်ခိုက်ရန် နည်းလမ်း ရှာသင့်နေသည်လား။ သိပ်မကြာခင်မှာပဲ သူက သေချာသည့် အဖြေတစ်ခုကို ရလိုက်သည်။
ဟုတ်ပေ၏။ ဤကဲ့သို့ပင် ဖြစ်ရပေလိမ့်မည်။ ဤအရာက အေးစက်ပြီး ကောင်းခြင်းမင်္ဂလာများ ပြည့်နှက်နေသည့် နိုင်ငံရေးပင်။ ရိုးသားမှု၊ စိတ်ကူးယဉ်ဆန်မှုများအတွက် နေရာ မရှိပေ။
ရှမ့်လန်က ရန်သူပင်ဖြစ်၏။ အခြေအနေကောင်းလျှင် သူ့ကို တိုက်ခိုက်ရမည်။ အခြေအနေဆိုးဝါးချိန်တွင် ပိုမို၍ ရူးရူးမူးမူး တိုက်ခိုက်ရမည်။ မဟုတ်ပါက အခွင့်အရေးယူပြီး ပြန်လည်ကာ ကိုက်ခဲမှာ သေချာ၏။
“ရှမ့်လန်က စုနန်ကို လွှတ်ပေးပြီး ကျင်းမင်းသားနှင့် ပူးပေါင်းတယ်ဆိုတဲ့ အစီရင်ခံစာကို ပို့ပြီးပြီလား” နင်ယီက မေးမြန်းလိုက်သည်။
“ပို့ပြီးပါပြီ” ကျူးလင်းက ပြောလိုက်၏။
နင်ယီက ပြောလိုက်သည်။ “ကောင်းပြီ။ နောက်ထပ် အစီရင်ခံစာတစ်စောင်ကို ထပ်ရေး။ နန်အိုမြို့ ကျရှုံးသွားတာ ရှမ့်လန်ကြောင့်လို့ အပြစ်ပုံချ။ သူသာ ကျင်းမင်းသားနဲ့ မပူးပေါင်းရင် ကျုပ်တို့ ဘယ်လိုလုပ် မြို့ကို ဆုံးရှုံးမှာလဲ။”
ဤကဲ့သို့ စိတ်ကူးဉာဏ်ကွန့်မှုက အများကြီးလိုအပ်ပြီး အကျိုးနှင့်အကြောင်း ဆက်စပ်ရန် စာလုံးရေ လေးသောင်းလောက် ရေးရမှာ ဖြစ်ပေလိမ့်မည်။
ကျူးလင်းက ပြောလိုက်၏။ “ဘယ်လိုလုပ် ကြံစည်တာ ဖြစ်နိုင်တာလဲ။ ဒါက အမှန်တရားပဲ။ ကျုပ်တို့ တပ်တွေက အောင်ပွဲခံပြီးသားပဲ။ ကျင်းမင်းသားက နန်အိုမြို့ထဲမှာ သူလျှိုတွေ အများကြီး မွေးထားလို့ပဲ။ သူလျှိုတွေက စစ်တပ်ကို အဆိပ်ခတ်တယ်။ ဒါကြောင့် ကျင်းမင်းသားက နန်အိုမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျုပ်တို့ ပင်မတပ်ကြီးကို သဲမြို့ဆီကို ရွေ့လျားအောင် ဖိအားပေးနိုင်ခဲ့တာပဲ။ နန်အိုမြို့တော်ကို ဆုံးရှုံးရတဲ့ အဓိက တရားခံတွေထဲမှာ ရှမ့်လန်လည်း ပါတယ်”
“ဟင်” နန်းကုန်းအိုက အံ့အားသင့်သွားမိသည်။ ‘စစ်သူကြီး ကျူးလင်း... အရပ်ဘက်အရာရှိကနေ ဆင်းသက်လာတဲ့ စစ်ဗိုလ်ချုပ် ပီသလွန်းနေတယ်။ တာဝန်လွှဲချတဲ့နေရာ၊ တစ်ပါးသူအပေါ် ချောက်ချတဲ့နေရာမှာ စည်းဆိုတဲ့အရာတောင် မရှိတော့ပါလား။'
နင်ယီက ပြောလိုက်၏။ “ဒါတင်မကသေးဘူး။ အစ်မတော် နင်လော့ အဖမ်းခံရတာကလည်း ရှမ့်လန်နဲ့ ပတ်သက်နေတယ်။ အစ်မတော်က ရှမ့်လန်ရဲ့ ဆေးတွေကို အချိန်ကြာကြီး သုံးစွဲခဲ့ရတာ မဟုတ်လား။”
ကျူးလင်းက ပြောလိုက်သည်။ “။ဟုတ်ပါတယ်”
နင်ယီက ပြောလိုက်၏။ “အဲဒီဆေးတွေထဲမှာ အဆိပ်ပါတယ်။ မင်းသမီး နင်လော့က အရေးကြီးတဲ့အချိန်မှာ အဆိပ်မိသွားလို့ ကျင်းမင်းသားကို ရှုံးနိမ့်ပြီး အဖမ်းခံလိုက်ရတာပဲ။ နန်အိုမြို့ကို ဆုံးရှုံးရတာ ရှမ့်လန်ကြောင့်။ ရှမ့်လန်က အကြီးမားဆုံး အပြစ်သားပဲ။”
လီနန်ဖုန်းက အံ့အားသင့်သွားသည်။ အိမ်ရှေ့စံမင်းသား နင်ယီက တကယ်ပဲ အရပ်ဘက်အရာရှိတစ်ယောက် ပီသပေ၏။။ တာဝန်လွှဲချသည့် နေရာတွင်တော့ သူ၏ အရည်အချင်းက တကယ့်ကို အထွတ်အထိပ်ပင်။
မင်းကြီး နင်ယွမ်ရှန်းကို လှည့်စား၍ မရကြောင်း သူတို့ သိကြ၏။ သို့သော်ငြား သာမန်ပြည်သူများကို လှည့်စားနိုင်၏။ ထို့အပြင် လောကရှိစာပေပညာရှင်များကလည်း ယုံကြည်ကြပေလိမ့်မည်။ မင်းကြီး အတွက်ကတော့ သူတို့၏ လက်ထဲတွင် စစ်သည် တစ်သိန်းကျော် ရှိနေသရွေ့ မသိချင်ယောင် ဆောင်နေရုံသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းစစ်ပွဲက ကျူးမိသားစုတပ်ပေါ်တွင် လုံးဝ မှီခိုနေရသောကြောင့်ပင်။
‘ရှမ့်လန်... ငါ့ကို အပြစ်မတင်နဲ့။ ဘယ်သူက ငါ့ကို ရန်သူ လုပ်ခိုင်းတာလဲ။ ဘယ်သူက မင်းကို လောကကြီး တစ်ခုလုံး ရွှံရှာအောင်၊ ပြစ်တင်ရှုံ့ချအောင် လုပ်ခိုင်းနေလို့လဲ။ မင်းသာ ခေါင်းမခံရင် ဘယ်သူက ခေါင်းခံမှာလဲ။'
ထိုအချိန်မှာပဲ သူတို့၏ နောက်သို့ မြင်းသည်တော်တစ်စု အပြေးလွှား ရောက်ရှိလာသည်။ သူတို့၏ ပုံစံများက ဖရိုဖရဲနှင့် ထိတ်လန့်နေသည့်ပုံပင်။ ခေါင်းဆောင်ဖြစ်သူက သဲမြို့ကို စောင့်ကြပ်သည့် တပ်မှူး ဖြစ်၏။
အိမ်ရှေ့စံမင်းသား နင်ယီ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ “ကျေးဇူးပြုပြီး နောက်ထပ် သတင်းဆိုးတွေ ကျုပ် မကြားချင်တော့ဘူး”
စစ်သည်တစ်ယောက်က နင်ယီရှေ့ဆီသို့ အပြေးရောက်လာပြီး ဒူးထောက်၏။ “အရှင်မင်းသား.... သတင်းဆိုးပါပဲ။ ကျင်းမင်းသားက သဲမြို့ကို သိမ်းပိုက်လိုက်ပါပြီ”။
ထိုစကား ထွက်လာသည်နှင့် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင်။ အိမ်ရှေ့စံမင်းသား နင်ယီ၊ ကျူးလင်းနှင့် နန်းကုန်းအိုတို့က လုံးဝ ကြောင်အပြီး မလှုပ်ရှားနိုင်တော့ချေ။ ဤအသံက ဟိုးအမြင့်ဆုံး ကောင်းကင်ယံ ထက်ဆီမှ မိုးကြိုးပစ်ချသံကဲ့သို့ပင်။ သူတို့၏ ဦးခေါင်းခွံများကိုပါ ပေါက်ကွဲ ထွက်သွားစေခဲ့သည်။ အဆုံးမဲ့သည့် အအေးဓာတ်နှင့် အမှောင်ထုထဲသို့ ပြုတ်ကျသွားသကဲ့သို့ပင်။
သဲမြို့က နန်အိုမြို့၏ မြောက်ဘက် အဝေးဆုံးမြို့ဖြစ်၏။ မြောက်ဘက်သို့ ဆက်သွားလျှင် ရွှဲ့ပြည်နယ်သို့ ရောက်ရှိမည်။
အိမ်ရှေ့စံမင်းသား နင်ယီ၏ မူရင်းအစီအမံက စစ်တပ်ကို ဦးဆောင်ပြီး သဲမြို့သို့ ဝင်ရောက်ရန် စီစဉ်ထားခြင်း ဖြစ်၏။ ယခုတော့ သဲမြို့က ကျဆုံးသွားခဲ့ပြီ။ “ခွေးမသား ကျင်းမင်းသား... မင်း၊ မင်း မပြီးသေးဘူးလား”
ကျူးလင်းနှင့် နန်းကုန်းအိုတို့က ကြီးမားသည့် စော်ကားမှုကို ခံရသကဲ့သို့ပင်။ ဤအရာက နန်အိုမြို့ဖြစ်၏။ ကျင်းမင်းသားအတွက် အလွန်အရေးကြီးသည့်မြို့ပင်။ အသက်သွေးကြောတိုင်းပြည်၏ မြို့တော်။ ယခုမှ သိမ်းပိုက်ခဲ့ပြီး ယခုပဲ အပြင်ဘက်သို့ ပြန်ထွက်သွားခဲ့သည်လား။
‘ငါတို့ ဝင်တိုက်မှာကို မကြောက်ဘူးလား။ မင်း ထွက်သွားတော့ နန်အိုမြို့ကို ဘယ်သူက စောင့်မှာလဲ’
“ကျင်းမင်းသားက သဲမြို့ကို လူဘယ်လောက်နဲ့ ဝင်တိုက်ခဲ့တာလဲ” ကျူးလင်းက တုန်ယင်စွာဖြင့် မေးလိုက်သည်။
“တစ်ထောင်ကျော်ပါပဲ”
စစ်သည်က ဖြေ၏။ “မြို့ထဲမှာ သူ့ရဲ့ သူလျှိုတွေ ရှိနေပါတယ်။ ၂၀၀၊ ၃၀၀ လောက် ရှိပါလိမ့်မယ်”
“နောက်ထပ် သူလျှိုပဲလား”
သဲမြို့၌ မြို့စောင့်တပ် ၇၀၀၀ လောက် ရှိ၏။ ၇၀၀၀ က မြို့ကို လာရောက်တိုက်ခိုက်သည့် ရန်သူ ၁၀၀၀ ကျော်ကို မယှဉ်နိုင်ဘူးလား။ ထို့အပြင် မြို့တွင်းရှိ သူလျှိုကလည်း ၂၀၀ ၊ ၃၀၀ လောက်သာ ရှိသည်။
နန်းကုန်းအိုက တုန်ယင်စွာဖြင့် အော်လိုက်၏။ “အားလုံးက အမှိုက်တွေလား။ လူ ၇၀၀၀ က လူ ၁၀၀၀ ကျော်ကို မနိုင်ဘူးလား”
သဲမြို့တပ်မှူးက ပြောလိုက်သည်။ “ကျင်းမင်းသားက အရမ်းကို သန်မာလွန်းပါတယ်။ သူက စစ်သည်တွေကို ဦးဆောင်ပြီး ရဲရင့်လွန်းတယ်။ သဲမြို့က လူတွေ အကုန်လုံးကလည်း ကျင်းမင်းသားဘက်ကို ပါနေတော့....”
ထိုအချိန်မှာပဲ အိမ်ရှေ့စံမင်းသား နင်ယီ ခန္ဓာကိုယ်က မြင်းပေါ်တွင် ယိမ်းယိုင်ပြီး အောက်သို့ ပြုတ်ကျလုမတတ်ပင် ဖြစ်နေ၏။
“အရှင်မင်းသား... အရှင်မင်းသား” ကျူးလင်းနှင့် နန်းကုန်းအိုတို့က အပြေးလွှား ရောက်ရှိလာသည်။ လီနန်ဖုန်းက ထိန်းပေးလိုက်သောကြောင့် နင်ယီက ပြုတ်မကျဘဲရှိသည်။
အချိန်ခဏကြာမှ နင်ယီက သတိပြန်ဝင်လာသည်။ သူက လုံးဝ တိတ်ဆိတ်သွား၏။ သူတို့ သုံးယောက်လုံး ကျင်းမင်းသား၏ လက်ခုပ်ထဲမှ ရေကဲ့သို့ပင် ကစားခံလိုက်ရ၏။
ကျင်းမင်းသားက နန်အိုမြို့တော်ကို တိတ်တဆိတ် စွန့်ခွာပြီး သဲမြို့ဆီသို့ အဘယ်ကြောင့် ရောက်သွားရသနည်း။နင်ယီ၏ ရွှဲ့ပြည်နယ်စစ်တပ်က နန်အိုမြို့ကို မတိုက်ရဲဘူးဆိုသည်ကို ကြိုတင်တွက်ချက်ထားခဲ့သောကြောင့်ပင်။
ဤအရာက စွန့်စားမှုတစ်ခုဖြစ်၏။ သို့ပေမည့် ဤအရာက ကိုယ့်ကိုယ်ကိုယ်သိပြီး ရန်သူကို သိခြင်းလည်း ဖြစ်၏။ နင်ယီ၊ ကျူးလင်းနှင့် နန်းကုန်းအိုတို့အားလုံး သူ၏ လက်ချက်ဖြင့် ဒုက္ခရောက်ရ၏။ ကြည့်ရသည်မှာ တကယ့်ကို ကျင်းမင်းသား၏ ပြုမူဆောင်ရွက်မှုများက တကယ့်ကို အန္တရာယ်များသည့်ပုံ ပေါ်သည်။ သို့သော်ငြား တကယ်တမ်းမှာတော့ ယုံကြည်မှုအပြည့်နှင့် ရွေ့လိုက်သည့် အကွက်မျိုးပင်။
နင်ယီတို့အတွက် အကြီးအကျယ် အရှက်ကွဲခြင်းပင် ဖြစ်၏။