သွေးမြေကျသည်အထိ
Vol. 1 Ch. 343
ရှေ့တွင် အမှန်တကယ် ထွက်ပေါက်တစ်ခု ရှိနေလေသည်။ ယွင်လုသည် တတိယထပ်၏ အစီအရင်များကို အမှန်တကယ် ထိန်းချုပ်နိုင်နေခဲ့သည်။
ယွင်လု၏ စကားသည် ကျန်းရီအား အရာနှစ်ခုကို အတည်ပြုပေးခဲ့သည်။ သို့သော်လည်း သူ့စိတ်ထဲမှ သံသယများမှာ ပိုမိုကြီးထွားလာခဲ့သည်။ ယွင်လုသည် သူ၏ မဖြစ်စလောက် အင်အားလေးနှင့် တတိယထပ်၏ အစီအရင်များကို မည်သို့ ထိန်းချုပ်နိုင်နေသနည်း။
မဖြစ်နိုင်တာ...
ကျန်းရီသည် အလျင်အမြန် ငြင်းချက်ထုတ်လိုက်သည်။ ယွင်လုသာ တားမြစ်နယ်မြေထဲရှိ အစီအရင်များကို ထိန်းချုပ်နိုင်ပါက သူနှင့်ဟဲလောင် သေသည်မှာ ကြာလှနေလောက်ပေပြီ။ ယွင်လုသည် နတ်ဆိုးသားရဲများ သူ့အား သတ်ဖြတ်စေရန် တကူးတက ကြိုးစားနေမည် မဟုတ်ချေ။
မင်းရောက်နိုင် မရောက်နိုင်က မင်းအစွမ်းအစပေါ် မူတည်တယ်
ထိုစကားသည် ကျန်းရီ၏ သံသယများအား ပို၍ လောင်စာထပ်ထည့်ပေးနေခဲ့သည်။ ရှေ့ရှိ တောင်ကြားလမ်းကျဉ်းလေးသည် မြေပြင်ညီဖြစ်နေပြီး အန္တရာယ်ရှိပုံ မပေါ်ချေ။ တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်မှာလည်း ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတော့ကြောင်း ရှေ့ရှိအလင်းရောင်ဖျော့ဖျော့က သက်သေပြနေခဲ့သည်။ ထိုမျှ အကွာအဝေးလေးသည် ကျန်းရီအတွက် နေရာရွှေ့ပြောင်းခြင်း အကြိမ်ရေ အနည်းငယ်သာ လိုသည်။ ယွင်လုသည် ကျန်းရီ၌ နေရာရွှေ့ပြောင်းနိုင်သည့် စွမ်းရည်ရှိမှန်း သိနေပါလျက် ကျန်းရီ ထွက်ပေါက်ထံ မရောက်နိုင်ဟု အဘယ့်ကြောင့် သေချာနေရသနည်း။
ကျန်းရီသည် အဖြေရှာ မရနိုင်သောကြောင့် တွေးတောနေခြင်းကို ရပ်တန့်လိုက်သည်။ နတ်ဆိုးသားရဲများသည် နောက်မှ လိုက်လာနေကြသောကြောင့် သူကြာကြာရပ်မနေရဲပါချေ။ သူသည် ချက်ချင်း ရှေ့ဆက်တိုးသွားလိုက်သည်။ သို့သော် သူ့အားသတ်ဖြတ်ပစ်နိုင်သည့် အစီအရင်အချို့ ရှိနေမည်ကို စိုးရိမ်သောကြောင့် ဤအချိန်တွင် ဖြည်းဖြည်းချင်းသာ သူရွေ့လျားခဲ့သည်။
"ချူး...ချူး..."
အနက်ရောင်ငှက်ကြီးသည် သံမဏိငှက်တောင်များအား ဆက်လက်ပစ်ချနေကာ ကျန်းရီအား ရှေ့ရှိလမ်းကို စူးစမ်းနိုင်ရန်နှင့် နောက်မှလိုက်လာနေကြသော နတ်ဆိုးသားရဲများကို သတ်ဖြတ်ရန် ကူညီပေးနေလေသည်။
မီတာသုံးဆယ်၊ မီတာတစ်ရာ....မီတာသုံးရာ....
ကျန်းရီသည် ပြေးလွှားနေခဲ့သော်လည်း မည်သည့်အန္တရာယ်မှ မကြုံရသေး၍ ဘေးကင်းသည်ဟုပင် ခံစားလာရသည်။ ယွင်လု သူ့အား လှည့်စားသွားသည်ဟု သူတွေးမိလိုက်သော်လည်း သူ့စိတ်ထဲမှ သံသယတို့က ပိုမိုကြီးထွား၍သာ လာခဲ့သည်။
ဖုန်း...ဖုန်း...ဖုန်း...ဖုန်း...
ကျန်းရီသည် ခြေလှမ်းအချို့ ဆက်လှမ်းလိုက်ပြီး တောင်ကြားအတွင်း လုံးဝဝင်ရောက်သွားသောအခါတွင် ထူးဆန်းသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။
ရှေ့ရှိ မြေပြင်မှာ ကွဲထွက်လာခဲ့ပြီး ထူးထူးဆန်းဆန်း ပုံစံနှင့် သတ္တဝါများ ထွက်လာကြခြင်း ဖြစ်လေသည်။ ထိုသတ္တဝါများမှာ နတ်ဆိုးသားရဲများနှင့် မတူပေ။ ၎င်းတို့တွင် လူခေါင်းနှင့် လူဝံတစ်ကောင်၏ ကိုယ်ကြီးများ ရှိနေကြသည်။ ၎င်းတို့၏ နောက်ကျောသည် ရှေ့သို့ကိုင်းနေပြီး တစ်ကိုယ်လုံးအား အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားလေ၏။ ၎င်း၏ ခြေလက်များတွင် ချွန်မြနေသည့် လက်သည်းခြေသည်းများ၊ နောက်ကျောတွင် ဆူးချွန်အတန်းလိုက်၊ ပါးစပ်ထဲတွင် အစွယ်များနှင့် သွေးနီရောင် မျက်လုံးများ ရှိကြသည်။ ထိုသတ္တဝါများမှာ ငရဲမှ နတ်ဆိုးများအလား ထင်မှတ်ရပြီး အရေးကြီးဆုံးမှာ ၎င်းတို့ထံမှ သက်ရှိအငွေ့အသက်ကို ကျန်းရီ မခံစားမိခြင်း ဖြစ်သည်။
ဖောင်း...ဖောင်း...ဖောင်း...
ကျန်းရီ ဆက်လှမ်းလိုက်သော ခြေလှမ်းတို့သည် စနက်တံကို မီးညှိပေးလိုက်သည့်ပမာ ရှေ့မှ မြေပြင်တို့အား ဆက်တိုက်ပေါက်ကွဲသွားစေခဲ့ပြီး မရေမတွက်နိုင်သော မျက်လုံးနီနှင့် သတ္တဝါတို့အား ထွက်လာစေခဲ့သည်။ ၎င်းတို့မှာ အရွယ်အစားအားဖြင့် မကြီးလှသော်လည်း ကျန်းရီအား သူတို့မှာ တတိယအဆင့် အမြင့်ပိုင်း နတ်ဆိုးသားရဲများအောက် မနိမ့်ဟူသော ခံစားချက်ကို ပေးနေလေသည်။
"အနည်းဆုံးတော့ အကောင်တစ်သောင်းလောက် ရှိမယ်"
ကျန်းရီသည် အဝေးသို့ လှမ်းကြည့်နေခဲ့ပြီး မျက်လုံးနီနှင့် သတ္တဝါများမှာ မြေကြီးထဲမှ တိုးထွက်လာကြသည်။ သူ့ရင်ထဲတွင် တဒုန်းဒုန်း မြည်နေသည့် နှလုံးခုန်သံကို သူခံစားနေရသည်။ အခြားသူများသာ ဤမြင်ကွင်းကို မြင်ပါက ကြောက်ဒူးတုန်၍ မျက်ဖြူဆိုက်နေလောက်ပေပြီ။
"ဟမ့်"
သူသည် အမှန်တကယ် လွန်လွန်ကဲကဲ ကြောက်မသွားပါပေ။ သတ္တဝါများ အလွန်များပြားလှသော်လည်း ထွက်ပေါက်သည် ကီလိုမီတာ အနည်းငယ် အကွာအဝေးတွင်သာ ရှိနေပြီး သူတိုက်ရိုက်နေရာရွှေ့ပြောင်းသွားနိုင်သည်။ သူ့တွင် သတ်ဖြတ်ခြင်းအင်အား၊ ကမ္ဘာ့မီးလျှံနှင့် နေရာရွှေ့ပြောင်းသွားလာနိုင်သည့် စွမ်းရည်တို့ ရှိနေလေရာ ဤအတားအဆီးကို မကြောက်ပါချေ။ ဤမျက်လုံးနီနှင့် သတ္တဝါများသည် သူ့အား ကြောက်လန့်သွားစေအောင် မစွမ်းဆောင်နိုင်။
"ခူး...ခူး..."
သတ္တဝါများသည် သွေးဆာနေသည့် အသံများဖြင့် အော်ဟစ်လိုက်ကြကာ ကျန်းရီထံ အလွန်လျင်မြန်လှသောနှုန်းဖြင့် ပြေးလာနေကြသည်။ ၎င်းတို့၏ ပြေးနှုန်းသည် ဟွမ်ကြီးထက် မနိမ့်ဘဲ မျက်တောင်တစ်ခတ်စာအတွင်း ကျန်းရီ၏အရှေ့သို့ ရောက်လာကြလေသည်။
"ဝေါင်း...ဝေါင်း"
"ချူး...ချူး"
"ဝူး...ဝူး"
ထူးဆန်းသည်မှာ ကျန်းရီ တောင်ကြားထဲ ရောက်ရှိသွားပြီး ထူးထူးဆန်းဆန်း သတ္တဝါများ ပေါ်လာသည်နှင့် သူ့နောက် လိုက်လာကြသည့် နတ်ဆိုးသားရဲများမှာ ထိတ်လန့်တကြား နောက်ဆုတ်ထွက်ပြေးကြခြင်း ဖြစ်သည်။ ကောင်းကင်ပေါ်မှ ငှက်ကြီးသည်ပင် အော်သံကျယ်ကြီးတစ်ခု ပြုလုပ်ပြီးနောက် တောအုပ်ထဲသို့ ပြန်ဝင်ပြေးသွားခဲ့သည်။ ဤတောင်ကြားသည် သင်္ချိုင်းနေရာဖြစ်ပြီး ဝင်ရောက်လာကြသူတိုင်း သေဆုံးသွားနိုင်သည့် အလားပင်။
"အမ်"
မျက်လုံးနီနှင့် သတ္တဝါများသည် လျင်မြန်စွာ ပြေးလာနေကြပြီး ကျန်းရီနှင့် မီတာတစ်ရာခန့်စာ ကွာဝေးတော့သည့်အချိန်တွင် ကျန်းရီ၏မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ ထိုသတ္တဝါများ၏ အရှိန်သည် လုံးဝလျော့ကျမသွားပေ။ သူ့သတ်ဖြတ်ခြင်းအင်အားမှာ ၎င်းတို့အပေါ်တွင် လုံးဝသက်ရောက်မှု မရှိပါချေ။
"ဟုတ်သားပဲ...ဒီကောင်တွေက အသက်မှမရှိတာ၊ ရုပ်သေးတွေ၊ ဖုတ်ကောင်သားရဲတွေပဲ။ သူတို့က အသက်မရှိတော့ သတ်ဖြတ်ခြင်းအင်အားက ဘယ်လိုလုပ် သက်ရောက်နိုင်မှာလဲ"
ကျန်းရီသည် ထိုအချက်ကို အလျင်အမြန် သဘောပေါက်သွားခဲ့သည်။ သူ့လက်ထဲမှ မီးနဂါးဓားသည် တောက်ပလာခဲ့ပြီး မီးနဂါးနှစ်ကောင် ထွက်ပေါ်လာကာ ရှေ့ဆုံးရှိ မျက်လုံးနီသတ္တဝါနှစ်ကောင်ထံ ပြေးဝင်သွားခဲ့သည်။
ဗုန်း..ဗုန်း...
ကျန်းရီထင်ထားသည့်အတိုင်း မျက်လုံးနီသတ္တဝါနှစ်ကောင်မှာ လွင့်ထွက်သွားခဲ့ပြီး ၎င်းတို့အနောက်မှ အခြားသတ္တဝါနှစ်ကောင်အား တိုက်မိသွားခဲ့သည်။ ၎င်းတို့၏ ကိုယ်ပေါ်မှ အကြေးခွံများ ကွာကျလာခဲ့ပြီး တစ်ကောင်မှာမူ လက်မောင်းများ ပြုတ်ထွက်သွားခဲ့သည်။ ၎င်းတို့၏ ဒဏ်ရာများမှ အနက်ရောင်သွေးများ စိမ့်ထွက်လာခဲ့သည်။ သတ္တဝါနှစ်ကောင်သည် ချက်ချင်းပြန်ထလာကြပြီး ကျန်းရီထံ ရူးသွပ်စွာ ပြေးဝင်လာကြသည်။ ၎င်းတို့သည် အာရုံခံစားမှုများမရှိတော့၍ နာကျင်မှုကိုလည်း မသိကြတော့သည့် ဖုတ်ကောင်သားရဲများ ဖြစ်ကြောင်း သေချာသွားခဲ့သည်။
"ဒုက္ခပဲ"
ကျန်းရီသည် ခြေထောက်ကိုမြှောက်၍ နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း သူ့ခြေထောက်မှာ အဆတစ်ရာခန့် လေးလံနေသည်ကို သတိပြုမိလိုက်သောအခါ ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ သူ့အမြန်နှုန်းမှာလည်း အဆတစ်ရာခန့် လျော့ကျသွားခဲ့ပြီး သူ့ကိုယ်သူ သဏ္ဍာန်သုံးဆင့်အသွင်ပြောင်းခြင်း ဒုတိယအဆင့်လောက်သို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။
"သေစမ်း...ဒါက ဘယ်လို သောက်ကျိုးနဲ မှော်ပညာလဲ။ ဘာလို့ငါ့ခြေထောက်တွေ တအားလေးနေတာလဲ"
ကျန်းရီသည် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်ကိုသုံး၍ တောင်ကြားထဲမှ ထွက်သွားရန်ပြင်လိုက်သည်။ သူ့ကိုယ်သည် အလင်းရောင်တစ်ချက်လက်သွားခဲ့ပြီး မူလနေရာတွင်သာ ပြန်ရပ်နေသည်ကို တွေ့လိုက်သောအခါ ကျန်းရီမှာ ပို၍ ထိတ်လန့်သွားခဲ့သည်။ သူ၏ နေရာရွှေ့ပြောင်းမှုသည် မူလနေရာသို့သာ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။
"အန္တရာယ်များတယ်"
ကျန်းရီ၏ မျက်လုံးများမှာ ပြူးကျယ်နေခဲ့သည်။ အနှီစုန်းနတ်ဘုရားသည် အလွန်စွမ်းအားကြီးလှသည်။ သူလုပ်ခဲ့သည့် အစီအရင်မှာ ကောင်းကင်၏ဥပဒေသများကိုတောင် ဆန့်ကျင်နေသည်။ ကျန်းရီသည် နဂါးတစ်သောင်းတောင်ကြား ကောင်းကင်ဧကရာဇ် ဖန်တီးခဲ့သော တားမြစ်အစီအရင်ကို ကြုံတွေ့ဖူးခဲ့သော်လည်း ထိုအစီအရင်မှာ စုန်းနတ်ဘုရား၏ တားမြစ်အစီအရင်များနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။
"ဟဲလောင်...ထွက်လာပြီး ငါ့ကို ကယ်ချေဦး"
ကျန်းရီသည် မြစိမ်းကြည်လင်ပန်းအိုးကို ထုတ်ကာ ဟဲလောင်ကို ပြန်လွှတ်ပေးလိုက်ပြီး အကူအညီတောင်းလိုကိသည်။
သူသည် ကျဉ်းထဲကျပ်ထဲ ရောက်နေပြီဖြစ်သည်။ ထွက်ပေါက်သည် ကီလိုမီတာ အနည်းငယ်သာ ဝေးတော့သော်လည်း သူ့လှုပ်ရှားမှုနှုန်းမှာ အလွန်နှေးကွေးနေပြီး မျက်လုံးနီနှင့် သတ္တဝါများမှာ မရေမတွက်နိုင်အောင် ရှိနေသည်။ သူအကုန်လုံးအား သတ်ဖြတ်ပစ်ချင်လျှင်တောင် ရက်ပေါင်းများစွာ လိုအပ်လိမ့်မည်။ ထိုအချိန်ဆိုလျှင် သူအလွန်အကျွံ အားလျော့သွားလိမ့်မည်။
တကယ်တမ်းတွင် သူ၏ဝှက်ဖဲတစ်ခုဖြစ်သော ကမ္ဘာ့မီးလျှံများ ကျန်နေပါသေးသည်။ မျက်လုံးနီသတ္တဝါများသည် အခြားအရာများအား မဖြုံလောက်သော်လည်း ကမ္ဘာ့မီးလျှံများက ၎င်းတို့အား အလွယ်တကူ ပြာချနိုင်နေပါသေး၏။ သို့သော် မီးဝိဉာဉ်ပုလဲထဲရှိ ကမ္ဘာ့မီးလျှံပမာဏမှာ နည်းပါးသည့်အပြင် သူ့လက်ရှိအမြန်နှုန်းဖြင့် ဖုတ်ကောင်အကုန်လုံးအား မီးရှို့ပစ်ရန် အနည်းဆုံး နေ့ဝက်ခန့် ကြာလိမ့်မည် ဖြစ်သည်။ ထိုအချိန်ထိ ကြာမည်ဆိုပါက ကမ္ဘာ့မီးလျှံများမှာ ကုန်သွားနှင့်လောက်ပေပြီ။
"ဒါ..."
ဟဲလောင်ထွက်လာသည့်အခါ မြင်ကွင်းအားကြည့်၍ ဆွံ့အသွားခဲ့သည်။ သူသည် တာအိုတိုက်ကွက်တစ်ခုကို အလျင်အမြန် အသုံးပြုလိုက်ပြီး သတ္တဝါတစ်အုပ်အား လွင့်ထွက်ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် ကျန်းရီအား ဆက်သွယ်၍ ကျန်းရီပြောသမျှကို နားလည်ရန် အလျင်အမြန် ကြိုးစားလိုက်သည်။
မကြာခင်တွင် ဟဲလောင်၏ မျက်နှာ၌လည်း ထိတ်လန့်သည့် အမူအရာ ထွက်ပေါ်လာခဲ့သည်။ သူ့အမြန်နှုန်းသည် ကျန်းရီထက် မဆိုစလောက်ကလေးသာ မြန်နေခဲ့ခြင်း ဖြစ်သည်။ သူတို့တိုက်ခိုက်မှုများကို ကန့်သတ်မခံရသော်လည်း ခြေထောက်များမှာမူ ကီလိုဂရမ်ငါးရာကျော် လေးလံနေကာ လှုပ်ရှားရန် အလွန်ခက်ခဲနေခဲ့သည်။
"သခင်လေးရီ....တောင်ကြားထဲက အရင်ဆုတ်ကြရအောင်၊ သခင်လေးရီ အရမ်းပင်ပန်းနေတာကြောင့် အနားယူဖို့ လိုနေပြီ"
ဟဲလောင်သည် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် တာအိုတိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။ သူ၏ ကောင်းကင်အဆင့် လက်နက် ရွေ့လျားသွားလိုက်တိုင်း ဓားအလင်းပေါင်းရာချီ ထွက်ပေါ်လာကာ မျက်လုံးနီသတ္တဝါများအား တွန်းထုတ်တိုက်ခိုက်နေခဲ့သည်။
"မကောင်းတော့ဘူး။ ဟဲလောင်...ငါတို့ ဒီတောင်ကြားက ထွက်လို့ မရဘူး"
ကျန်းရီ စိတ်ပျက်သွားခဲ့သည်။ သူတောင်ကြားထဲမှ ထွက်ရန် ပြင်လိုက်သောအခါ တောင်ကြား၏ အဝင်ဝမှ အကြည်ရောင်အလွှာတစ်ထပ်သည် လင်းလက်လာခဲ့သည်။ သူသည် လက်ဝါးချက်ပေါင်းများစွာ ရိုက်ချလိုက်သော်လည်း တားမြစ်အစီအရင်မှာ အနည်းငယ်တောင် တုန်ခါမသွားပါချေ။ သူတို့ နှစ်ယောက်တွင် နောက်ပြန်ဆုတ်ရန် နည်းလမ်းမရှိတော့ပေ။
"ဒါဆို ငါတို့ သွေးမြေကျတဲ့အထိ သတ်ရတော့မှာပေါ့"
ဟဲလောင်၏ မျက်ဝန်းများတွင် အညှာတာမဲ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ သူသည် အံကြိတ်၍ ပြောလာခဲ့သည်။
"သခင်လေးရီ...ကျွန်တော့်နောက်က လိုက်လာရင်း ခဏလောက်နားလိုက်ပါ။ ကီလိုမီတာ နည်းနည်းပဲ လိုတော့တာ...ဒီအဖိုးကြီးက သခင်လေး ထွက်ပေါက်ဆီရောက်အောင် အသက်နဲ့ရင်းပြီး ပို့ပေးပါ့မယ်"
"သတ်..."
ကျန်းရီ၏ မျက်နှာထက်တွင်လည်း ရက်စက်သည့် အမူအရာတို့ ရှိနေခဲ့သည်။ နောက်ပြန်ဆုတ်ရန် လမ်းမရှိရာ သွေးမြေကျသည်အထိ တိုက်ပွဲဝင်ရန်သာ ရှိတော့သည် မဟုတ်ပါလော။
***