← Chapters

ယုံကြည်ချက်လွန်ကဲစွာ ပြုမူခြင်း

Vol. 1 Ch. 344

ယုံကြည်ချက်လွန်ကဲစွာ ပြုမူခြင်း

Vol. 1 Ch. 344

ဖုန်း...ဖုန်း...ဖုန်း...

စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေ၊ တတိယထပ်ရှိ တောင်ကြားထဲတွင် ကျန်းရီနှင့် ဟဲလောင်သည် အသည်းအသန် တိုက်ခိုက်လျက်ရှိသည်။ ဟဲလောင်သည် ဦးဆောင်၍ အရှေ့ဘက်၊ ဘယ်ဘက်နှင့် ညာဘက်မှ တိုက်ခိုက်မှုများ အားလုံးကို ပိတ်ဆို့တိုက်ခိုက်နေသည်။ ကျန်းရီသည် သူ့နောက်မှ ကပ်လိုက်လျက်ရှိပြီး အနောက်ဘက်မှလာသော မျက်လုံးနီသတ္တဝါ အနည်းငယ်ကို တာဝန်ယူထားရသည်။

နှစ်ယောက်သားသည် နေ့တစ်ဝက်လုံး တိုက်ခိုက်နေကြပြီး သူတို့ မျက်လုံးနီသတ္တဝါ မည်မျှသတ်ခဲ့မှန်းပင် မမှတ်မိတော့ချေ။ သတ်ဖြတ်ရာတွင် အတွေ့အကြုံရသွားပြီးနောက် သူတို့နှစ်ယောက်သည် ဖြတ်လမ်းနည်းတစ်ခုကို တွေ့ရှိသွားခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုများသည် သတ္တဝါများ၏ ခြေလက်များကိုသာ ချိန်ရွယ်ထားရန် လိုအပ်သည်။ ခြေထောက်များ ပြတ်တောက်သွားသည်နှင့် ၎င်းတို့ လမ်းမလျှောက်နိုင်ကြတော့။ ကိုယ်ထည်များကို တိုက်ခိုက်ပါက ၎င်းတို့၏ ကိုယ်များတွင် အပေါက်ပေါင်းများစွာ ဖြစ်နေပါစေ၊ ဦးခေါင်းများ ပေါက်ကွဲသွားသည်ဖြစ်စေ ၎င်းတို့သည် ဆက်လက်ပြေးလာနိုင်ကြပြီး ခြေသည်းလက်သည်း ချွန်ချွန်များနှင့် တိုက်ခိုက်နိုင်ကြသေးသည်။

ထိုမျက်လုံးနီသတ္တဝါများ အသက်မရှိကြသည်မှာ ကံကောင်းသွားသည်။ ခြေသည်းလက်သည်းများကို အသုံးပြုနိုင်ခြင်း၊ ကျောရိုးမှဆူးချွန်များနှင့် သေခြင်းကို အကြောက်အလန့် မရှိမှု တို့မှတစ်ပါး ၎င်းတို့တွင် ကြောက်စရာကောင်းသည့်အချက် လုံးဝမရှိပါချေ။ ၎င်းတို့သည် နတ်ဆိုးစွမ်းအား သို့မဟုတ် အထူးစွမ်းရည် တစ်ခုခုကို မည်သို့ထုတ်လွှတ်ရမည်မှန်းလည်း မသိချေ။ မဟုတ်ပါက သူတို့သေသည်မှာ ကြာလှလောက်ပေပြီ။

သို့သော်လည်း အနာဂတ်မှာ ဝေဝေဝါးဝါးသာဖြစ်သည်ဟု သူတို့ခံစားနေရဆဲပင်။ နေ့ဝက်ခန့် ကြာပြီးသော်လည်း တစ်ကီလိုမီတာခန့်သာ သူတို့ ခရီးရောက်ခဲ့သည်။ မျက်လုံးနီနှင့် သတ္တဝါများ တစ်အုပ်သေလျှင် နောက်တစ်အုပ်က ချက်ချင်းအစားထိုးလိမ့်မည်။ အရှေ့သို့မျှော်ကြည့်လိုက်လျှင် မဆုံးနိုင်သော အနက်ရောင်လှိုင်းလုံးကြီးများကိုသာ တွေ့နေရသည်။ တောင်ကြားတစ်ခုလုံးသည် မျက်လုံးနီသတ္တဝါများဖြင့်သာ နေရာလပ်မရှိအောင် ပြည့်နေခဲ့သည်။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုနှုန်းမှာ အလွန်နှေးကွေးခဲ့ပြီး ဤမျှ ခရီးရောက်နေရသည့် အကြောင်းအရင်းမှာလည်း ဟဲလောင်သည် အားကုန်သုံး၍ တိုက်ခိုက်နေခဲ့သောကြောင့် ဖြစ်သည်။

"ဟဲလောင်...ငါနဲ့ နေရာလဲရအောင်"

ကျန်းရီသည် ဟဲလောင်၏ မျက်လုံးများထဲမှ မောပန်းနွမ်းနယ်ရိပ်များကို မြင်လေလျှင် ဟဲလောင် အလွန်ပင်ပန်းနေပြီးမှန်း သိလိုက်သည်။ ဟဲလောင်သည် စွမ်းအားကြီးသော်လည်း တာအိုတိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်နေခဲ့ရသည်။ နေ့ဝက်အတွင်း တာအိုတိုက်ကွက်အား သူထုတ်လွှတ်ခဲ့သည်မှာ အကြိမ်ရေတစ်သောင်း မကတော့ပေ။

"မလိုပါဘူး...သခင်လေးရီ၊ ဒီအဖိုးကြီးကို အထင်မသေးပါနဲ့။ ကျွန်တော်တစ်နေ့လုံး တိုက်ခိုက်နေရရင်တောင် ပြဿနာမရှိပါဘူး"

ဟဲလောင်သည် နောက်လှည့်လာရင်း ယုံကြည်ချက်ရှိစွာ ပြုံးပြလာခဲ့သည်။ ကောင်းကင်အဆင့်ဓားသည် လေထဲတွင် ဝေ့သွားခဲ့ပြီး ဓားအလင်းပေါင်းများစွာ အရှေ့သို့ ပြေးထွက်သွားခဲ့ပြန်သည်။

ဓားအလင်းများသည် လခြမ်းကွေးသဏ္ဍာန် ရှိပြီး ယပ်တောင်ပမာ ဖြန့်၍ ပြေးထွက်သွားခဲ့သည်။ ဟဲလောင်၏ ဓားအလင်းများမှာ အလွန်ကြောက်စရာ ကောင်းလှသည်။ တိုက်ခိုက်မှုတစ်ကြိမ်တည်းကပင် မျက်လုံးနီသတ္တဝါများစွာ၏ ခြေထောက်များကို လွယ်ကူစွာ ဖြတ်တောက်ပစ်နိုင်ခဲ့သည်။

ဖုန်း...ဖုန်း...ဖုန်း...

ဟဲလောင်သည် ခြေထောက်အား ကြိုးစားရွှေ့နေရင်း ဓားရှည်ကို အဆက်မပြတ် ဝှေ့ယမ်း၍ မျက်လုံးနီသတ္တဝါများ၏ လက်များကိုပါ ဖြတ်တောက်ပစ်နေခဲ့ပြီး ရှေ့ဆက်တိုးရာ၌ အပြည့်အဝ လုံခြုံအောင် လုပ်နေခဲ့သည်။

မီတာအချို့ ရှေ့ဆက်တိုးပြီးနောက် မျက်လုံးနီသတ္တဝါတစ်အုပ် ထပ်ရောက်လာလေလျှင် ဟဲလောင်သည် ရှေ့ဆက်တိုးနေခြင်းကို ရပ်တန့်လိုက်ပြီး တာအိုတိုက်ကွက်များ ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။ ဤသို့ ထပ်ကာထပ်ကာ သံသရာလည်နေရင်းဖြင့် နှစ်ယောက်သားသည် ကြိုးစား၍ ရှေ့ဆက်နေခဲ့သည်။

ကျန်းရီသည် အနောက်တွင် ဖြစ်၍ အတော်သက်သာလေ၏။ သူသည် သတ္တဝါများ အနီးကပ်လာသည့်အချိန်တွင်သာ မီးနဂါးဓားကိုသုံး၍ တိုက်ခိုက်ရန်သာ လိုအပ်သည်။ မျက်လုံးနီသတ္တဝါများသည် နေရာတိုင်းတွင် ရှိနေသော်လည်း သူတို့နှစ်ယောက်အတွက် ထွက်ပေါက်သို့ ရောက်ရန်သာ လိုအပ်လေသည်။ ၎င်းတို့ အကုန်လုံးအား မဖြစ်မနေ သတ်ပစ်ရန် မလိုပါချေ။

ကျန်းရီသည် နားနေရင်းဖြင့် ဟဲလောင်၏ တာအိုတိုက်ကွက်ကို စူးစမ်းလေ့လာနေခဲ့သည်။ ၎င်းသည်လည်း လေဓာတ်အထူးပြုဖြစ်ရာ သူနားလည်နိုင်ရန် အခွင့်အရေး ရနိုင်မလားဟု ကျန်းရီ စိတ်ဝင်စားနေခဲ့သည်။

ဟဲလောင်ရဲ့ လေဓာတ်အထူးပြုတာအိုမှာ ဘာကတကယ့်အနှစ်သာရလဲ...ဓားသွားတစ်ချက်ကို ဓားချက်ပေါင်းရာချီအဖြစ် ပြောင်းလဲပစ်တာ၊ ဆိုတော့ ဒါတွေက ပုံရိပ်တွေပဲ မဟုတ်ဘူး...ဓားတစ်ချောင်းကနေ ဓားပေါင်းရာချီ ဖြစ်သွားတာ။ ဓားတစ်ချောင်းကနေ တိုက်ခိုက်မှုရာချီကို ဘယ်လိုလုပ် ထုတ်နိုင်မှာလဲ။ တိုက်ခိုက်တာ ဘယ်လောက်ပဲ မြန်မြန် ဒါက မဖြစ်နိုင်ဘူး။ ဒီတော့ တကယ့်အချက်က လေဓာတ်အထူးပြုတာအိုပဲ...

လေက သဏ္ဍာန်မရှိဘူး...ရန်သူကို အသွင်မရှိဘဲ ထိန်းချုပ်နိုင်တယ်၊ လေလေးတစ်စက လေစတစ်ရာအဖြစ် ဘယ်လိုလုပ်ပြောင်းသွားတာလဲ...လေတစ်စ...လေတစ်စ၊ မဟုတ်မှလွဲရော တကယ်ကြီး လေတစ်စကနေ လေအစတစ်ရာအဖြစ် ပြောင်းသွားတာလား....

ဟုတ်တယ်...ငါ ကောင်းကင်တောင်ပံမြို့ ကျန်းဂိုဏ်းမှာ သိုင်းကွက်တစ်ခု သင်ခဲ့ရသေးတယ်။ အဲ့ဒါက ပုံရိပ်ယောင်လက်သီးလို့ ခေါ်ပြီး လက်သီးသုံးချက် တစ်ပြိုင်တည်း ထုတ်ပေးတာ...အကုန်လုံးက တကယ့်အစစ်အမှန် တိုက်ခိုက်မှုတွေပဲ။ ပြဿနာက အဲ့သိုင်းကွက်မှာ ရန်သူရဲ့ မြင်နိုင်စွမ်း မှားယွင်းမှုနဲ့ တိုက်ခိုက်မှု အမြန်နှုန်းကို အသုံးချထားတာ...တကယ်ဆို အဲ့တိုက်ခိုက်မှု သုံးခုက တစ်ပြိုင်တည်းတောင် ဟုတ်မနေဘူး။ ဒါပေမယ့် ဟဲလောင်ရဲ့ တိုက်ကွက်က တစ်ချက်တည်းမှာ ဓားချက်ပေါင်းရာချီ ထွက်သွားတာ...

လေက အဆန်းကြယ်ဆုံး တည်ရှိမှုပဲ...မြင်လည်းမမြင်ရဘူး၊ ထိတွေ့လို့လည်း မရနိုင်ဘူး၊ ခံစားကြည့်လို့ပဲရတာ...ဘယ်လို ထူးဆန်းတဲ့အရာမှာ လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို အားပြင်းသွားစေနိုင်တဲ့ လေရဲ့ သဘောသဘာဝတွေ ပါနေတာလဲ...

ကျန်းရီသည် စိတ်ထဲတွင် ဆင်ခြင်သုံးသပ်နေခဲ့ပြီး သူ့မျက်လုံးများမှာ မလှုပ်မရှား ရှိနေခဲ့သည်။ ဟဲလောင်၏ နောက်တွင် နေရသည်မှာ လှုပ်ရှားရန် လွယ်ကူပြီး ရံဖန်ရံခါမှသာ တိုက်ခိုက်ရန်လိုလေသည်။ ထို့ကြောင့် သူသည် လေဓာတ်အထူးပြု တာအိုထံတွင်သာ စိတ်နှစ်ထားလိုက်သည်။ သူသည် ဟဲလောင်၏ တိုက်ကွက်ကို သေသေချာချာ အကဲခတ်နေခဲ့ပြီး တွေးတောဆင်ခြင်နေခဲ့သည်။

ဒီအချိန်မှာ သခင်လေးရီက တကယ်ကြီး ငါ့တာအိုတိုက်ကွက်ကို နားလည်အောင် ကြိုးစားနေတာလား

ဟဲလောင်သည် ကျန်းရီ၏ ထူးထူးဆန်းဆန်း အပြုအမူကို သတိထားမိသွားသောအခါ ဆွံ့အသွားခဲ့သည်။ ဤအခိုက်အတန့်သည် မည်သို့သော အချိန်မျိုးနည်း။ ဤသခင်လေးသည် တာအိုတိုက်ကွက်ကို နားလည်ချင်စိတ် ရှိနေသေးသည်လော။ ရွှေယို့လန်သည် နေ့ဝက်အတွင်း တာအိုတစ်မျိုးကို နားလည်ခဲ့သည်ဟု ကောလဟာလများ ရှိခဲ့သည်။ သို့သော် ရွှေယို့လန်သည် မည်သူနည်း၊ သူမသည် အနှစ်တစ်သောင်းမှ တစ်ခါပေါ်ထွက်သည့် ပါရမီရှင်ဖြစ်သည်။ တာအိုတစ်ခုကို နားလည်ရန် ထိုမျှ လွယ်ကူပါမည်လော။

သူသည် ဤနှစ်ဆိုလျှင် ခုနှစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်သည်။ သူသည် ကျန့်ဂိုဏ်းမှ အထောက်အပံ့ပစ္စည်း အမျိုးမျိုးကို အသုံးပြု၍ အသက်လေးဆယ်အရွယ်တွင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့သည်။ နှစ်သုံးဆယ် ကုန်လွန်သွားခဲ့ပြီး ယခုထိတိုင်အောင် တာအိုတစ်မျိုးကိုသာ သူနားလည်နိုင်ခဲ့သည်။ တာအိုတစ်ခုကို နားလည်ရန်မှာ ကောင်းကင်ကို တက်ရသည်သလောက်ကို ခက်ခဲကြောင်း သူသိထားပါ၏။ ကျန်းရီသည် ယုံကြည်ချက်လွန်ကဲစွာ ပြုမူနေသည်ဟု သူခံစားနေရသည်။

မျက်လုံးနီနှင့် သတ္တဝါများသည် ဘက်ပေါင်းစုံမှ တိုးဝင်လာနေကြသည်။ ကျန်းရီသည် စိတ်အေးလက်အေးဖြင့် တာအိုအား ဆင်ခြင်သုံးသပ်နေသည်။ သတ္တဝါတစ်ကောင်ကောင်ကြောင့် သူထိခိုက်သွားလျှင် မည်သို့လုပ်မည်နည်း။ အကျိုးဆက်မှာ အတိအကျကို သေဆုံးခြင်း ဖြစ်သည်။ သူ ယုံကြည်ချက်လွန်ကဲစွာ ပြုမူနေခြင်း မဟုတ်လျှင် ဘာများ ဖြစ်နိုင်ဦးမည်နည်း။

ကျန်းရီသည် ကျန့်ဂိုဏ်း၏ ကျေးဇူးရှင်၊ ကျန့်ဝူရွှမ်း၏ ညီအစ်ကို ဖြစ်သည်။

ဤသို့သော အခြေအနေတွင် သူ ဘာမှမပြောနိုင်ဘဲ ကျန်းရီကို ကူညီသည့်အနေဖြင့် အချိန်ပေးလိုက်ရန်သာ တတ်နိုင်သည်။ တိုက်ခိုက်နေရခြင်းသည် သူ့အတွက်ခက်ခဲလှသော်လည်း သူဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။ သူ မည်မျှကြာအောင် တိုက်ခိုက်နိုင်မည်ကို သူမသိပေ။

အာ...ဒါက အလုပ်မဖြစ်ဘူး၊ ငါအချက်တစ်ခုတောင် မရဘူး။ ကနဦးအဆင့်ကို ရောက်ဖို့ဆို ထားသာထား...

လေးနာရီကြာ တွေးတောနေပြီးနောက် ကျန်းရီတစ်ယောက် ရပ်တန့်လိုက်တော့သည်။ သူသာ ဤကဲ့သို့ ဆက်လက်တွေးတောနေပါက နားလည်လာရန် နည်းလမ်းမရှိချေ။ မီးနဂါးဓားသည် လှုပ်ရှားသွားခဲ့သည်။ ဤတစ်ခေါက် ဓားချက်သည် ရိုးရိုးဓားချက်မဟုတ်ဘဲ လေနှင့်ပေါင်းစပ်ထားသည့် ဓားချက်ဖြစ်သည်။ ပတ်ဝန်းကျင်မှ လေများသည် နဂါးပုံစံလေးများ ဖြစ်သွားခဲ့ပြီး မျက်လုံးနီနှင့် သတ္တဝါများအား ထိန်းချုပ်လိုက်သည်။ ထို့နောက် မီးနဂါးနှစ်ကောင် ထွက်ပေါ်လာသည့်အခါတွင် သတ္တဝါများ ပေါက်ကွဲ၍ သေဆုံးသွားကြသည်။

ဟုတ်သားပဲ...လေရဲ့ လှိုင်းသဏ္ဍာန်လှုပ်ရှားမှု၊ ကွဲပြားတဲ့ တာအိုတည်ဆောက်ပုံတွေမှာ မတူညီတဲ့ လေသွားရာ လမ်းကြောင်းတွေ ပါဝင်နေတယ်။ ငါ ဟဲလောင်ရဲ့ တိုက်ခိုက်မှုကို လေ့လာမနေသင့်ဘဲ ငါနှလုံးသားကိုသုံးပြီး ခံစားကြည့်ရမှာ...သူ့ရဲ့ တာအိုတိုက်ကွက်က လေရွေ့လျားတဲ့ လမ်းကြောင်းကို ငါခံစားနိုင်ရင် သေချာပေါက် အဲ့ဒီတာအိုတည်ဆောက်ပုံကို နားလည်သွားမှာပဲ....

ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် မျက်လုံးအား ချက်ချင်းပြန်မှိတ်လိုက်ပြီး အနောက်ဘက်မှ မျက်လုံးနီသတ္တဝါများကို အရေးမစိုက်တော့ပေ။ သူသည် ဟဲလောင်တိုက်ခိုက်လိုက်တိုင်း ဖြစ်ပေါ်လာသည့် လေ၏ရွေ့လျားမှုကို ခံစားရန်သာ အာရုံစိုက်ထားလိုက်သည်။

"အာ.."

ဟဲလောင်သည် ကိုယ်ပါတုန်သွားသည်အထိ လန့်သွားခဲ့သည်။ ဤသခင်လေးသည် သူ့အား သေအောင်ကစားချင်နေသည်လောဟု တွေးကာ သူ့ မျက်နှာသည် ရှုံ့မဲ့သွားခဲ့သည်။ သူသည် သုံးဘက်သုံးတန်မှ သတ္တဝါများကို ရှင်းလင်းနေရခြင်းကပင် သေလောက်အောင် ပင်ပန်းနေပြီးဖြစ်သည်။ ယခု သူသည် ကျန်းရီကိုကူ၍ အနောက်ဘက်မှ သတ္တဝါများကို ရှင်းလင်းနေရသည်။

သူဘာများ လုပ်နိုင်ပါမည်နည်း။ ဟဲလောင်သည် တိုက်ခိုက်မှုများ ဆက်တိုက်ထုတ်ဖော်၍ အဘက်ဘက်မှ သတ္တဝါများကို သတ်ဖြတ်နေရတော့သည်။ ကျန်းရီ ကြိုးစားကြည့်ချင်နေရာ သူကအခွင့်အရေး ပေးသင့်သည်။ ကျန်းရီ အမှန်တကယ် နားလည်သွားပါက သူတို့အလှည့်ကျတိုက်ခိုက်နိုင်၍ ပိုမိုလွယ်ကူသွားလိမ့်မည်။

ဒီလေရဲ့ လှုပ်ရှားမှုက လေဖြင့်ချုပ်နှောင်ခြင်းနဲ့ တကယ်ကွဲပြားတာပဲ၊ လေဖြင့်ချုပ်နှောင်ခြင်းက ဘက်ပေါင်းစုံက တိုးဝင်လာတဲ့ လေနဲ့ အားစက်ကွင်းတစ်ခု ဖန်တီးပြီး အနီးအနားက လှုပ်ရှားမှုတွေကို တားဆီးရင်း ရန်သူကို ဖိနှိပ်ချုပ်နှောင်တယ်။ ဟဲလောင်ရဲ့ လေဓာတ်အထူးပြုတာအိုမှာကျ လေကို လေစလေးတွေ ရာချီအဖြစ် ကွဲသွားစေပြီး အတွင်းအားနဲ့ လမ်းညွှန်ရင်း ဓားအလင်းတွေရာချီအဖြစ် ပြောင်းလဲပစ်တာ...ဒါပေမယ့်...လေကို အစပေါင်းရာချီ ကွဲထွက်သွားအောင် သူဘယ်လိုလုပ်လိုက်တာလဲ...

ကျန်းရီသည် လေဓာတ်အထူးပြုတာအို တည်ဆောက်ပုံတွင် စိတ်နစ်သွားခဲ့ပြီး အချိန်နှင့် လက်ရှိအန္တရာယ်များကို မေ့လျော့သွားခဲ့သည်။ သူသည် အရာရာကို မေ့လျော့သွားခဲ့ပြီး သဘာဝ၏ ဆန်းကြယ်လှသော တာအိုတည်ဆောက်ပုံများထံတွင် နစ်မျောသွားခဲ့သည်။

နှစ်နာရီကြာပြီးနောက်တွင် သူသည် ငိုသံပါနေသည့် အသံတစ်ခုကို ကြားလိုက်ရပြီး အသိဝင်လာခဲ့သည်။ ဟဲလောင်သည် ငိုမဲ့မဲ့မျက်နှာနှင့် အော်ပြောနေခဲ့ခြင်းဖြစ်သည်။

"သခင်လေးရီ...တွေးနေတာကို ရပ်လိုက်ပါတော့။ ဒီအဖိုးကြီး ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး..."

***

All Chapters