← Chapters

ထွက်ပေါ်လာသည့်ဝှက်ဖဲများ

Vol. 8 Ch. 87

ထွက်ပေါ်လာသည့်ဝှက်ဖဲများ

Vol. 8 Ch. 87

ထိုခဏတွင် ချောင်တတိယသခင်လေး၏စိတ်ထဲ မသက်မသာ စတင်ခံစားလာရသည်။

ခုန်မင်က သစ်သားဒြပ်စင်စွမ်းအား ၊ မြေဒြပ်စင်စွမ်းအားနှစ်မျိုးလုံးကို ဤမျှ ကျွမ်းကျင်စွာအသုံးပြုနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ထို့ပြင် ခုန်မင် တိုက်ခိုက်ချိန်တွင် ထုတ်လွှတ်လိုက်သည့် ဒြပ်စင်စွမ်းအားလှိုင်းများက သာမန်ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်ထက် ရှင်းရှင်းလင်းလင်း သာလွန်နေခဲ့သည်။

ချောင်သခင်လေးစိတ်ထဲ တစ်ခုသေချာသွားသည်မှာ သူ ရရှိထားသည့် သတင်းအချက်အလက်များ မှားယွင်းနေသည်ဆိုသော အချက်ပင်။

ခုန်မင်ဆိုသည့်ကောင်လေးက သေချာပေါက် သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူမဟုတ်ပေ။

ပြီးတော့ မကြာသေးခင်ကမှ ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်ရောက်ခဲ့သူလည်း မဖြစ်နိုင်ပေ။

ယခုမှ ကျင့်ကြံခြင်းအဆင့်သစ်တစ်ခုသို့ စတင်တက်လှမ်းသည့် ကနဦးအဆင့် ဆရာသခင်တစ်ယောက်သည် ကျင့်ကြံခြင်းအဆင့် ခိုင်မာရေးအတွက် အချိန်ကြာမြင့်စွာ အခြေခံအုတ်မြစ် တည်ဆောက်ရပေမည်။

အချိန်တိုလေးအတွက် ဒြပ်စင်စွမ်းအားကို ချောချောမွေ့မွေ့ ကျွမ်းကျင်စွာ ထန်းချုပ်နိုင်ပြီး ဤမျှစွမ်းအားကြီးမားနေသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်‌ပေ။

ခုန်အိမ်တော်က တမင်တကာ သတင်းမှားများဖြန့်ထားပြီး သူ့ကို လျှို့ဝှက်စွာ ထောင်ချောက်ဆင်ထားခြင်းများလား။

ဤသည်လည်း မဖြစ်နိုင်ပေ။

ချောင်သခင်လေး တောင်ပိုင်းသို့ ခရီးထွက်လာသည့်ကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။

ချန်အိမ်တော်နှင့် မဟာမိတ်ဖွဲ့ပြီး ခုန်အိမ်တော်ကို ဖိနှိပ်ရန်ဆုံးဖြတ်ခြင်းက ရှေင်တခင်ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သာပင်။

ဤသို့သောကိစ္စမျိုးကို ခုန်အိမ်တော်ဘက်မှ ကြိုတင်သိရှိရန် မဖြစ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ တိုက်ပွဲအစပြုမိမှတော့ ချောင်အိမ်‌‌တော် သိက္ခာအကျမခံနိုင်ပေ။ ထို့ကြောင့် ဤတိုက်ပွဲတွင် မည်သို့သောလက်နက်မျိုးထုတ်သုံးရပါစေ ခုန်အိမ်တော်ကို သေချာပေါက် ဖိနှိပ်ရပေမည်။

အစပိုင်းတွင် ချောင်တတိယသခင်လေးက ခုန်မင်ကို လက်ရည်တူပြိုင်ဘက်ဟု သဘောမထားခဲ့ပေ။

ယခုတော့ ခုန်မင်၏ထူးခြားသောစွမ်းရည်ကို တွေ့မြင်ရပြီဖြစ်ရာ သူ့အနေဖြင့် အလေးအနက်ထား တိုက်ခိုက်ရပေတော့မည်။

မီးခိုးနှင့်ဖုန်မှုန့်များ လုံးဝလွင့်ပြယ်သွားချိန်တွင် ချောင်သခင်လေးက ခုန်မင်ထံသို့ ဆက်တိုက်ဆိုသလို တိုက်ကွက်(၃)ကွက် တိုက်ခိုက်လိုက်ပြီးဖြစ်၏။

သို့သော် ခုန်မင်က လက်ပင်မလှုပ်ရှားဘဲ ဒြပ်စင်စွမ်းအားကိုသာထုတ်ဖော်ကာ တိုက်ကွက်များကို အလွယ်တကူ ချေမှုန်းပစ်လိုက်သည်။

တိုက်ပွဲကြောင့် ဖြစ်ပွားသည့် ဒြပ်စင်စွမ်းအားပေါက်ကွဲမှုသည်လည်း ခုန်မင်၏ခံစစ်ဒိုင်းကာကို မဖောက်ထွင်းနိုင်သဖြင့် ဒဏ်ရာအနည်းငယ်ပင် မရရှိခဲ့ပေ။

ချောင်တတိယသခင်လေးအနေဖြင့် ခုန်မင်၏ အစစ်အမှန်စွမ်းအားကို ပထမဆုံးအကြိမ် နားလည်သွားရသည်။

သူ့ရှေ့တွင် ရပ်နေသည့်ကောင်လေး၏ ကျင့်ကြံခြင်းအဆင့်က သေချာပေါက် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သာ ဖြစ်သည်။

သို့သော် အနှီကောင်လေးသည် မည်သို့သော ထူးဆန်းသည့်ကျင့်စဉ်ကို ကျင့်ကြံထားသည်မသိ ၊ သူ့ထံမှတ်ထုတ်လွှတ်သည့် သစ်သားဒြပ်စင်စွမ်းအားရော မြေဒြပ်စင်စွမ်းအားပါ သာမန်ထက် အဆပေါင်းများစွာ ပြင်းထန်မြင့်မားနေခဲ့သည်။

ဤရှုထောင့်မှကြည့်လျှက် ဤကောင်လေးက တကယ်ပဲ ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူဟု ထင်မှတ်ရသည်။ သို့သော် တကယ်တမ်း ဝိညာဉ်ခန္ဓာပိုင်ဆိုင်သူက မတူညီသည့် ဒြပ်စင်စွမ်းအားများကို မည်သို့အသုံးပြုနိုင်ပါမည်နည်း။

ကောင်လေးက အလွန်တရာထူးဆန်းသည်ဖြစ်ရာ ချောင်တတိယသခင်လေး မဆင်မခြင် မပြုလုပ်ရဲတော့ပေ။

တိုက်ပွဲတွင် သူရှုံးနိမ့်သွားပါက သူ့သိက္ခာမြောင်းထဲရောက်သွားမည်ဖြစ်ပြီး ချောင်အိမ်တော်သည်လည်း မျက်နှာပျက်ရပေမည်။

ချောင်တတိယသခင်လေး ဆုံးဖြတ်ချက်ချလိုက်သည်။

တိုက်ပွဲအနိုင်ရရန်အတွက် သူ၏လက်နက်ကို ထုတ်သုံးရပေတော့မည်။

မီးခိုးဖုန်မှုန့်များရှင်းလင်းသွားသည်နှင့် ချောင်သခင်လေးက ရုတ်တရက် အနောက်သို့ဆုတ်သွားသည်။

ထို့နောက် သူ့ခါးတွင် ချိတ်ဆွဲထားသည့် သိုလှောင်အိတ်ကို လက်ဖဝါးဖြင့်ရိုက်လိုက်ရာ အလင်းရောင်များတောက်ပနေသော (၃)ပေရှည်သည့် ဓားတစ်လက် သူ့လက်ထဲသို့ ချက်ချင်းရောက်ရှိလာသည်။

ထျန်းယွမ်ကုန်းမြေတွင် ပစ္စည်းများထည့်သွင်းသိမ်းဆည်းထားနိုင်သည့် သိုလှောင်ရတနာဆိုသည်က အလွန်ရှားပါးသည်။ အဆင့်အနိမ့်ဆုံးဖြစ်သည့် သိုလှေင်အိတ်သည်ပင် ပေါများခြင်း မရှိပေ။

သို့ဖြစ်ရာ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သာရှိသေးသည့် ချောင်သခင်လေးအား သူ၏အိမ်တော်က သိုလှောင်အိတ်တစ်ခုပေးအပ်ထားသည်ကိုကြည့်ခြင်းအားဖြင့် သူ၏အဆင့်အတန်းက ထူးခြားသည်ဟုဆိုနိုင်သည်။

ထို့ပြင် သူ့လက်ထဲသို့ရောက်လာသည့် ဓားရှည်သည်လည်း အံ့သြဖွယ်ရာ ဒြပ်စင်စွမ်းအားလှိုင်းလုံးများ ထုတ်လွှတ်နေခဲ့သည်။

ဤဓားက သာမန် ဒြပ်စင်စွမ်းအားလက်နက်တစ်ခု မဟုတ်ပေ။

“ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်” တစ်ခု ဖြစ်ပေသည်။

ဘုရားရေ...။

ဂုဏ်သရေကြီးမားလှပါသည်ဆိုသော ချောင်အိမ်တော်တွင် ဤချောင်တတိယသခင်‌လေး၏ ရာထူးအဆင့်အတန်းက မည်သည့်နည်းနှင့်မှ သာမန်မဖြစ်နိုင်ပေ။

သူက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်မျှသာရှိသေးသော်လည်း သိုလှောင်အိတ်တစ်အိတ်ပိုင်ဆိုင်ရုံသာမက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုလည်း ချီးမြှင့်ခံထားရသည်။

ချောင်အိမ်တော်ကဲ့သို့ အထက်တန်းလွှာအိမ်တော်တစ်ခုက ထိုမျှပင် ရင်းမြစ်ပစ္စည်းများ ကြွယ်ဝလွန်းသည်လား။

ခုန်မင်စိတ်ထဲ မလေးစားဘဲမနေနိုင် ဖြစ်သွားရသည်။

ထို့နောက် သူက စိတ်အာရုံတစ်ချက်ညွှတ်လိုက်ပြီး “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းအားကို ထုတ်ဖော်လိုက်သည်။

မည်သူမှမမြင်နိုင်သော ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချောင်တတိယသခင်လေး၏လက်ထဲမှ ဓားရှည်ထက်သို့ ကျရောက်သွားသည်။

[အလင်းစီးဆင်းဓား - အလယ်ဆင့် သတ္တုဒြပ်စင်ဝိညာဉ်လက်နက် ၊ တန်ဖိုးမြင့်မားသည်]

အလယ်ဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုကို အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်လက်ထဲ ပေးအပ်ထားသည်မှာ အချည်းနှီးပင် ဖြစ်သည်။

အလယ်ဆင့် ဆရာသခင်၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်ဆိုလျှင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်၏စွမ်းအားကို မည်သည့်နည်းနှင့်မှ အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

သို့သော် အလင်းစီးဆင်းဓားကို ကိုင်ဆောင်လိုက်ချိန် ချောင်တတိယသခင်လေး၏ စွမ်းအားက အဆမတန် မြင့်တက်သွားတော့သည်။

သာမန် နှောင်းပိုင်းအဆင့် ဆရာသခင်များသည်ပင် သူနှင့် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ခုန်မင်ကဲ့သို့ ကနဦးအဆင့် ဆရာသခင်တစ်ယောက်ကိုရင်ဆိုင်ရန် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် ထုတ်သုံးသည်ဆိုကတည်းက ချောင်သခင်လေး၏စိတ်ထဲတွင် ခုန်မင်ကို အန္တရယ်ရှိသည့်ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်သည်မှာ ထင်ရှား၏။

ချောင်သခင်လေးက တိုက်ပွဲကို အလေးအနက်ထားနေချိန် ခုန်မင်၏မျက်နှာအမူအရာကတော့ တည်ငြိမ်နေပေသည်။

သူက အေးဆေးသည့်ဟန်ပန်ဖြင့်...

“တူလေး’ချောင်’ ... ငါက မင်းကို နည်းနည်းပါးပါး သင်ပြပေးရုံပဲရှိသေးတယ် ၊ မင်းက ဓားကြီးထုတ်သုံးနေပြီလား ၊ အင်းပေါ့လေ... လက်ဗလာတိုက်ပွဲမှာ သင်ပြပေးခဲ့သလို လက်နက်နဲ့တိုက်ပွဲမှာလည်း ဆက်ပြီးသင်ပြပေးရမှာပေါ့ ၊ မင်းလက်နက်သုံးလို့ ငါလက်နက်သုံးတာကို တူလေး’ချောင်’ မကန့်ကွက်ဘူးမဟုတ်လား”

စကားဆုံးသည်နှင့် ခုန်မင်က လက်ခုပ်တစ်ချက်တီးလိုက်ရာ...

အပြင်ဘက်တွင်အဖြူရောင် ၊ အတွင်းဘက်တွင်အနက်ရောင်ရှိသည့် ဒိုင်းကာတစ်ခုထွက်ပေါ်လာပြီး ခုန်မင်၏ဘယ်ဘက်လက်တွင် တပ်ဆင်ပြီးသား ဖြစ်သွားသည်။

တစ်ချိန်တည်းပင် ညာလက်ကို ရင်ဘတ်နှင့်တပြေးညီပင့်မြှောက်လိုက်ရာ လက်ထဲတွင် ယွမ်ရုန်ဒူးလေးကို ကိုင်ဆောင်ပြီးသား ဖြစ်သွားသည်။

ဒူးလေး၏ဒီဇိုင်းက အလွန်ပင်ထူးခြားဆန်းကြယ်လှသည်။

ခုန်မင်က လျှပ်တပြက်ပင် ဒိုင်းကာနှင့် ဒူးလေးကို ထုတ်သုံးလိုက်ရာ ချောင်သခင်လေးများ မျက်လုံးများကျဉ်းမြောင်းသွားသည်။

ဒူးလေးနှင့် ဒိုင်းကာမှ ထုတ်လွှတ်နေသည့် ဒြပ်စင်စွမ်းအားလှိုင်းလုံးများကို ကြည့်ခြင်းအားဖြင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များ မဟုတ်သည့်တိုင် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားလက်နက်များဖြစ်သည်မှာ ထင်ရှားသည်။

ခုန်အိမ်တော်တွင် တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်သည့် ပန်းပဲပညာရှင်တစ်ယောက်ရှိနေသည်မှာ သေချာပေသည်။ မဟုတ်လျှင် ဤသို့သော ဒြပ်စင်စွမ်းအားလက်နက်များကို ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဤလက်နက်များက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ထက် အဆပေါင်းများစွာ နိမ့်ကျသည့်တိုင် စျေးကွက်တွင် အလွယ်တကူဝယ်ယူနိုင်သည့်ပစ္စည်းများ မဟုတ်ပေ။

ပိုပြီးအရေးကြီးသည်မှာ ခုန်မင် လက်ခုပ်တစ်ချက်တီးလိုက်ရုံဖြင့် ဒိုင်းကာနှင့် ဒူးလေးတို့ ဘွားကနဲ ထွက်ပေါ်လာသည်ဖြစ်ရာ ၊ ဤကောင်လေးတွင်လည်း သိုလှောင်ရတနာတစ်ခု ရှိနေကြောင်း သိသာပေသည်။

ပြီးတော့ ထိုသိုလှောင်ရတနာက သာမန်သိုလှောင်အိတ်တစ်ခုထက် များစွာ အဆင့်အတန်းမြင်မားသည်မှာ ထင်ရှားသည်။

ခုန်အိမ်တော်က ဒီကောင်လေးမှာ နောက်ထပ်လျှို့ဝှက်ချက် ဘယ်နှစ်ခုများ ရှိနေဦးမည်လဲ....။

ချောင်တတိယသခင်လေး ခုန်မင်ကို လုံးဝ အထင်မသေးရဲတော့ပေ။

ထို့ပြင် သူ့စိတ်ထဲ သတိပေးခေါင်းလောင်းသံများလည်း မြည်ဟည်းလာသည်။

ခုန်မျိုးနွယ်များထဲမှ ဤသို့ထူးချွန်လှသည့် လူငယ်လေးတစ်ယောက် အရွယ်ရောက်လာမည်ဆိုလျှင် သူတို့ချောင်အိမ်တော်အအတွက် ပို၍ပင် အန္တရယ်ကြီးမားမည် မဟုတ်ပါလား။

သို့ဖြစ်ရာ မည်မျှပင် အန္တရယ်များပါစေ ဤသို့သောကောင်လေးမျိုးကို အဖူးအညွန့်ဘဝမှာပင် ချိုးဖျက်ပစ်ရပေမည်။

ချောင်တတိယသခင်လေး၏စိတ်ထဲ သတ်ဖြတ်လိုသည့်အငွေ့အသက်များလှိုင်းထန်လာသည်နှင့် လက်ထဲမှ အလင်းစီးဆင်းဓားသည်လည်း တုံ့ပြန်လာသည်။

ဓားသွားထက်မှအလင်းရောင်က ပိုမိုတောက်ပလာပြီး သတ္တုဒြပ်စင်စွမ်းအားထွက်ပေါ်လာလေရာ ဓားရှည်မှာ (၃)ပေမှသည် (၇)ပေ (၈)ပေခန့်အထိ ရှည်လျားသွားတော့သည်။

အလင်းစီးဆင်းဓားနှင့် မရဏဖန်သားကျင့်စဉ် ပေါင်းစပ်လိုက်သည့်အခါ ချောင်သခင်လေး၏တိုက်စစ်စွမ်းအားက စိတ်ပင်မကူးနိုင်လောက်အောက် ရက်စက်ကြမ်းတမ်းလာပေမည်။

ခုန်မင်၏လက်ထဲမှ အမည်မသိ ဒြပ်စင်စွမ်းအားလက်နက်နှစ်ခုက ချောင်တတိယသခင်လေး၏တိုက်ကွက်ကို ပိတ်ဆို့နိုင်ပါဦးမည်လား။

ထိုအချိန် ခုန်မင်က ရယ်မောလိုက်ပြီး...

“တူလေး’ချောင်’... လက်နက်နဲ့တိုက်ခိုက်ပြီဆိုရင် အရင်ဆုံးလှုပ်ရှားတဲ့သူက အားသာချက်ရှိတယ်ဆိုတာ မင်းကိုသင်ပေးလိုက်မယ်”

စကားမဆုံးခင်မှာပင် ခုန်မင်က ညာဘက်လက်မှ ယွမ်ရုန်ဒူးလေးကို ခလုတ်ဆွဲကာပစ်လွှတ်လိုက်သည်။

ချက်ချင်းပင် အနီရောင်အလင်းတန်း(၁၀)ခုက လျှပ်စီးလက်သလို တပြိုင်တည်းထွက်ပေါ်လာပြီး မြားတံများက လေထုကိုထိုးခွင်းကာ တိုက်ပွဲဧရိယာအတွင်းရှိ ချောင်သခင်လေးထံသို့ လွှမ်းမိုးနိုင်စွမ်းမြင့်မားစွာ ဝင်ရောက်သွားလေတော့၏။

All Chapters