← Chapters

ပင်မခုန်အိမ်တော်မှ တတိယဘိုးဘေး

Vol. 8 Ch. 91

ပင်မခုန်အိမ်တော်မှ တတိယဘိုးဘေး

Vol. 8 Ch. 91

ချန်နန်အင်ပါယာ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ အဖြာဖြာကို ခုန်အိမ်တော်၏ တပည့်သားမြေးများက လွှမ်းမိုးချုပ်ကိုင်ထားသည်ဟု ဆိုနိုင်သည်။

ခုန်မျိုးနွယ်တို့၏ မိသားစုထုံးတမ်းစဉ်လာမှာ အစဉ်အမြဲပင် မိမိကိုယ်ကိုနှိမ့်ချခြင်း ၊ ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး စစ်မှန်သည့်လူကြီးလူကောင်းများအဖြစ် သတင်းရနံ့မွှေးပျံ့ကြသည်။

"ခုန်အိမ်တော်" ဟု ဆိုလိုက်သည်နှင့် အင်ပါယာမြို့တော်ရှိ လမ်းဘေးစျေးသည်မှအစ မှူးကြီးမတ်ရာအဆုံး အားလုံးက တခဲနက်ချီးကျူးဂုဏ်ပြုကာ ထောက်ခံအားပေးကြသည်။

သို့သော် ယနေ့မှာတော့ ပင်မခုန်အိမ်တော်၏ အိမ်တော်သခင်လည်းဖြစ် ၊ မှူးကြီးမတ်ရာတစ်ယောက်လည်းဖြစ်သော ‘ခုန်ဖန်စူး’ ၏ပုံစံကို တွေ့မြင်ရသူတိုင်း ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်ကြမည် အမှန်ပင်။

ငွေရောင်ဆံပင်များပိုင်ဆိုင်ပြီး အဖြူရောင်မုတ်ဆိတ်ရှည်များရှိသော ခုန်ဖန်စူးက အလယ်ဆင့် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်တစ်ယောက်ဖြစ်သလို အသက်လည်း(၁၅၀)ကျော်ပြီ ဖြစ်၏။

သူက အမြဲတမ်းတည်ကြည်ခန့်ညား ကျက်သရေရှိစွာ နေထိုင်တတ်သူဖြစ်ပြီး ဘယ်သောအခါမှ ဣန္ဒြေပျက်ယွင်းစွာ ပြုမူပြောဆိုတတ်သူ မဟုတ်ပေ။

ယနေ့မှာတော့ သခင်ကြီး’ခုန်ဖန်စူး’ က သူ၏နန်းတွင်းဝတ်စုံအောက်နားစကို လက်ဖြင့် ‘မ’ ကိုင်ထားပြီး အိမ်တော်အတွင်းရှိ ခြံဝင်းတစ်ခုဆီသို့ မပြေးလွှားရုံတမယ် ခြေလှမ်းကျဲကြီးများဖြင့် အလျင်စလို ဝင်ရောက်သွားလေသည်။

လက်ရှိနန်းတွင်းတွင် သခင်ကြီး’ခုန်ဖန်စူး’ က အမတ်ချုပ်ကြီးရာထူးကို ရယူထားပြီး အမြဲလိုပင် တည်ကြည်လေးနက်ကာ စည်းစနစ်ကြီးသူတစ်ယောက်ဖြစ်သည်။

ယနေ့တော့ ထိုသို့သောပုဂ္ဂိုလ်ကြီးက နန်းတွင်းဝတ်စုံကြီးတလွှားလွှားဖြင့် ဣန္ဒြေသိက္ခာပင် အရေးမစိုက်ဘဲ အပြေးအလွှားဖြစ်နေခြင်းမှာ အလွန်တရာတွေ့ရမြင်ရခဲသည့် မြင်ကွင်းသာပင်။

ပိုပြီးအရေးကြီးသည်မှာ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော သခင်ကြီး’ခုန်ဖန်စူး’ အနေဖြင့် ကောင်းကင်ထက်တွင် ပျံသန်းနိုင်သည့် တန်ခိုးစွမ်းအားကို ရရှိထားပြီးဖြစ်သည်။

သို့တိုင် ကောင်းကင်ထက်မပျံသန်းဘဲ အဘယ့်ကြောင့် သာမန်လူတစ်ယောက်ပမာ ပြေးလွှားနေရပါသနည်း။

ဟုတ်ပေ၏။

အကြောင်းရင်းတစ်ခု ရှိလေသည်။

ယခု သူဝင်ရောက်လာသည့်နေရာက ပင်မခုန်အိမ်တော်၏ အတွင်းပိုင်းအိမ်တော်ဖြစ်လေရာ ပျံသန်းသွားလာ၍မရသဖြင့် ပြေးလွှားလာရခြင်း ဖြစ်တော့သည်။

ပင်မခုန်အိမ်တော်၏ အတွင်းပိုင်းအိမ်တော်ဆိုသည်က ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည့်ဘိုးဘေးများ သီးသန့်နေထိုင်ရာနေရာဖြစ်သည်။

ခုန်မျိုးနွယ်တို့အတွက် အတွင်းပိုင်းခြံဝင်းက မြင့်မြတ်သောနယ်မြေတစ်ခုဖြစ်သည်။ ထို့ကြောင့် ခုန်ဖန်စူးမှာ ပင်မခုန်အိမ်တော်၏ အိမ်တော်သခင်ဖြစ်လင့်ကစား ဘိုးဘေးများကို မရိုမသေမလုပ်ဝံ့သဖြင့် ပျံသန်းခြင်းငှာ မဝံ့ရဲဘဲ ခြေထောက်ဖြင့်သာ ပြေးလွှားလာခဲ့ရသည်။

ခုန်အိမ်တော်၏ အတွင်းပိုင်းအိမ်တော်က အလွန်အမင်း ကျယ်ဝန်းသည်တော့ မဟုတ်ပေ။

တောင်ကုန်းငယ်တစ်ခုကိုနောက်ခံပြုတည်ဆောက်ထားပြီး အိမ်တော်အဆောင်ငယ်အချို့နှင့် မျှော်စင်အချို့သာရှိသည်ဖြစ်ရာ သာမန်သူဌေးသူကြွယ်တစ်ယောက်၏ အိမ်တော်တစ်ခုပမာသာ ဖြစ်၏။

ခုန်အိမ်တော်အကြောင်း မသိရှိသူများဆိုလျှင် ဤမျှသသာမန်ဆန်သော နေရာလေးက ခုန်မျိုးနွယ်၏ အရေးပါသော မြင့်မြတ်ရာနေရာဖြစ်မည်ဟု တွေးထင်မိမည် မဟုတ်ပေ။

ခုန်ဖန်စူး ခပ်သွက်သွက်လမ်းလျှောက်လာပြီးနောက် သာမန်ဝါးခြံစည်းရိုးငယ်တစ်ခုခတ်ထားသည့် နှစ်ထပ်အိမ်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။

နှစ်ထပ်အိမ်ငယ်က အနည်းငယ်အိုမင်းနေဟန်ရှိသော်လည်း ဝါးစည်းရိုးအတွင်းဧရိယာက စတုရန်းမီတာ ရာနှင့်ချီပြီးကျယ်ဝန်းသည်။

ခြံဝင်းထဲတွင် အရောင်အသွေးစုံလင်လှသော သစ်ပင်ပန်းပင်များ စိုက်ပျိုးထားသည်ဖြစ်ရာ အလွန်တရာလှပသည့် ပန်းဥယျာဉ်တစ်ခုပမာ ထင်မှတ်ရသည်။

ဝါးခြံစည်းရိုးက ခါးတစ်ဝက်ခန့်သာမြင့်မားပြီး ဝင်ပေါက်ကလည်း ဟင်းလင်းပွင့်လျှက်ရှိသည်။

သို့သော် ခုန်ဖန်စူးက ခြံဝင်းထဲသို့ တန်းပြီးဝင်မသွားရဲပေ။

သူက ခြံစည်းရိုးအပြင်ဘက်တွင်ရပ်လိုက်ပြီး ဦးညွှတ်ဂါရဝပြုရင်း လျှောက်တင်လိုက်သည်။

“တတိယဘိုးဘေးကို လျှောက်တင်ပါတယ် ၊ သတင်းကောင်းတစ်ခုရောက်လာပါတယ်... တကယ့်ကို ထူးခြားတဲ့သတင်းကောင်းပါပဲ ၊ ကျွန်တော်တို့ ခုန်မျိုးနွယ်တွေရဲ့ မျိုးဆက်သစ်တွေထဲမှာ ပျိုးထောင်ပေးဖို့ထိုက်တန်တဲ့ ပါရမီရှင်တစ်ယောက် နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ပါပြီ”

ခုန်ဖန်စူး၏စကားဆုံးသွားသည်နှင့် နှစ်ထပ်အိမ်ငယ်တံခါး “ကျွီ” ခနဲပွင့်သွားပြီး သာမန်လယ်သမားတစ်ယောက်ပမာ ဝတ်ဆင်ထားပြီး ဝါးခမောက်တစ်လုံးဆေင်းထားသည့် အဘိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။

အဘိုးအိုက အင်္ကျီလက်များကိုခေါက်တင်ထားပြီး လက်ထဲတွင်လည်း မြေဆွေးပုံးတစ်ပုံကို ကိုင်ဆောင်ထားသည်။

သူက လမ်းလျှောက်ထွက်လာပြီး ဂေါ်ပြားတစ်ခုဖြင့် ပုံးထဲမှမြေဆွေးများကိုခပ်ယူကာ ဥယျာဉ်ထဲမှ ပန်းပင်များထံ ထည့်လောင်းပေးနေသည်။

ဘယ်လိုပဲကြည့်ကြည့် ဤအဘိုးအိုက သာမန်တောင်သူတစ်ယောက်နှင့်သာ ဆင်တူလှသည်။ ထို့ထက်ပိုပြီး ကဗျာဆန်ဆန်ပြောမည်ဆိုလျှင် ဥယျာဉ်မှူတးစ်ယောက်ပုံစံမျိုးထက် မပိုလှပေ။

သို့သော် ချန်နန်အင်ပါယာ၏ အမတ်ချုပ်ကြီးလည်းဖြစ် ၊ ပင်မခုန်အိမ်တော်၏ အိမ်တော်သခင်လည်းဖြစ်သော ‘ခုန်ဖန်စူး’ ကတော့ အဘိုးအိုရှေ့တွင် ခေါင်းပင်မမော့ဝံ့ဘဲ ရိုသေစွာဂါရဝပြုရင်း မတ်တတ်ရပ်နေလေသည်။

အဘိုးအိုက ပန်းပင်များကိုပြုစုနေရင်း ပေါ့ပေါ့ပါးပါးလေသံဖြင့် စကားဆိုလာသည်။

“ဖန်စူး... အသက်လည်းမငယ်တော့ဘူး ၊ ဘယ်လိုကိစ္စပဲကြုံပါစေ တည်တည်ငြိမ်ငြိမ် ရှိသင့်တယ် ၊ မင်း အခုတလော ရက်ခြားဆိုသလို ငါ့ဆီပြေးလာပြီး ပါရမီရှင်တွေ ထွက်ပေါ်လာပြီလို့ အော်ပြောနေတာ... ငါဖြင့် နားတွေတောင်အူနေပြီ”

ထိုစကားကြောင့် ခုန်ဖန်စူးမှာ မျက်နှာတစ်ခုလုံးနီရဲကာ ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း ရိုသေစွာဖြင့်ပင် ပြန်လည်လျှောက်တင်လိုက်သည်။

“တတိယဘိုးဘေး... ဒီတစ်ခေါက် ပါရမီရှင်က တကယ်ထူခြားလွန်းတာပါ ၊ အသက်(၁၄)နှစ်ပဲရှိသေးတယ် ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်ကို ရောက်နေပါပြီ..."

ခုန်ဖန်စူး၏စကားဆုံးသွားသည်နှင့် သာမန်တောင်သူအဘိုးကြီးအသွင်ယူထားသည့် ခုန်မျိုးနွယ် တတိယဘိုးဘေးက ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်သည်။

“အရွယ်တောင်မရောက်သေးဘူး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို တက်ရောက်နိုင်တယ်ဆိုတော့... အလားအလာရှိတဲ့ကလေးလို့ သတ်မှတ်လို့ရပါတယ် ၊ ဒါပေမဲ့ ငါတို့ ပင်မခုန်အိမ်တော်မှာ ဒီလိုကလေးမျိုး (၈)ယောက် (၉)ယောက်လောက် ရှိတယ်မဟုတ်လား ၊ ဒီကလေးက ဘာများထူးခြားတာရှိလို့လဲ”

ခုန်ဖန်စူးက ထပ်မံဦးညွှတ်လိုက်ပြီး...

“တတိယဘိုးဘေး... ဒီကလေးက ထူးခြားပါတယ် ၊ သူက အသက်ငယ်ငယ်နဲ့ ဆရာသခင်အဆင့်ကို တက်လှမ်းနိုင်ရုံတင်မကဘူး သစ်သား ၊ မီး ၊ မြေ ဒြပ်စင်စွမ်းအား(၃)မျိုးကို ကျင့်ကြံထားတဲ့ ပါရမီရှင် ဖြစ်နေပါတယ်”

"ဘာ..."

ထိုစကားကြားချိန်မှာတော့ ခုန်မျိုးနွယ်၏ တတိယဘိုးဘေးသည်ပင် အံ့အားသင့်သွားရတော့သည်။

သူက လက်ထဲမှ မြေဆွေးပုံးနှင့် ဂေါ်ပြားကို အောက်သို့ချလိုက်ပြီး ခုန်ဖန်စူးအား စူးစိုက်ကြည့်လိုက်သည်။

“ဖန်စူး... မင်းသတင်းက သေချာရဲ့လား”

အဘိုးအိုက မည်သည့်တန်ခိုးစွမ်းအားမှ ထုတ်ဖော်ပြသခြင်းမရှိပေ။

သို့သော် သူ၏အကြည့်ကိုရင်ဆိုင်ရသည်နှင့် ဒြပ်စင်စွမ်းအားထိပ်တန်းသခင် အဆင့်ရှိသော ခုန်ဖန်စူးစသည်ပင် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

သူက ပျာပျာသလဲဖြင့်...

“ဒီသတင်းက တကယ်မှန်ပါတယ် ၊ ပြီးတော့ အဲဒီလူငယ်လေးက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်ကို ရောက်ပြီး မကြာခင်မှာပဲ ချောင်အိမ်တော်က တတိယသခင်လေးကို အနိုင်ယူလိုက်ပါတယ် ၊ ဒီနေ့ ကျွန်တော် နန်းတွင်းကပြန်ရောက်တာနဲ့ ဒီသတင်းကြားလို့ ဘိုးဘေးစိတ်ချမ်းသာစေဖို့ ချက်ချင်းပြေးလာခဲ့တာပါ”

ခုန်မျိုးနွယ် တတိယမြောက်ဘိုးဘေးက ဖြူဖွေးရှည်လျားသည့်မုတ်ဆိတ်များကို ပွတ်သပ်လိုက်ရင်း...

“ဒီလူငယ်လေးက ချောင်အိမ်တော်က ကောင်လေးထက် ကျင့်ကြံခြင်းအဆင့်နိမ့်သေးတယ် မဟုတ်လား ၊ ဒါတောင် ချောင်ကောင်လေးကို နိုင်အောင်တိုက်နိုင်တယ်ဆိုတော့ ပါရမီရှိရုံတင်မကဘူး စိတ်ဓာတ်လည်း အတော်လေးခိုင်မာပုံရတယ် ၊ ဒါကိုတော့ ငါ အတော်သဘောကျသွားပြီး ၊ ဒီလိုလူငယ်မျိုးကို သေချာပေါက် ဂရုစိုက်ပေးသင့်တယ် ၊ ဒါနဲ့... မင်းပြောတဲ့ ပါရမီရှင်လေးက ငါတို့ခုန်မျိုးနွယ်ရဲ့ ဘယ်မျိုးဆက်ကလဲ”

ခုန်ဖန်စူးက...

“တတိယအနွယ်မျိုးဆက်က မိသားစုဝင်တွေပါ... နန်ကျွင့်စီရင်စု ခွန်းကာမြို့မှာရှိတဲ့ ခုန်အိမ်တော်အခွဲကပါ”

“ခွန်းကာမြို့က ခုန်အိမ်တော်အခွဲ ဟုတ်လား...”

တတိယဘိုးဘေးက မျက်မှောင်ကျုံ့လျှက် ခဏမျှစဉ်းစားလိုက်ပြီး...

“အဲဒီအိမ်တော်အခွဲမှာ သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်လည်း ရှိတယ်မလား ၊ သူ့ပါရမီက အတော်လေး အလားအလာကောင်းတယ်လို့ မှတ်ချက်ပြုထားဖူးတယ်လေ ၊ အခုကျ ဘယ်လိုဖြစ်လို့ ဒြပ်စင်စွမ်းအား(၃)မျိုးကျင့်ကြံနိုင်တဲ့ နောက်တစ်ယောက် ပေါ်လာရတာလဲ”

ခုန်ဖန်စူးက ရယ်မောလိုက်ရင်း...

“ဘိုးဘေး မသိသေးလို့ပါ ၊ အရင်က သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ဆိုင်တယ်လို့ သတင်းထွက်ခဲ့တဲ့ကလေးက အခု ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံထားတဲ့ကလေးပါပဲ...”

သူက ဆက်ပြောလိုက်သည်။

“ပြောရရင်တော့... ခွန်းကာမြို့က အိမ်တော်အခွဲက ကိုယ့်အရည်အချင်းကိုဖုံးကွယ်ထားရမယ်ဆိုတဲ့ဗျူဟာကို အတော်လေးနားလည်ပုံရတယ် ၊ သူတို့သာ ဒီကလေးရဲ့အစွမ်းအစကို ဖုံးကွယ်မထားခဲ့ရင် ချောင်အိမ်‌တော်က တတိယသခင်လေး ဒီလောက် အရှက်တကွဲဖြစ်သွားမှာ မဟုတ်ဘူး”

တတိယဘိုးဘေးက ခေါင်းညိတ်လိုက်ရင်း...

“အိမ်း... ပါရမီလည်းရှိ ၊ သတ္တိလည်းရှိ ၊ ဉာဏ်ရည်လည်းထက်မြက်တယ်ဆိုတော့ ဒီ ဒြပ်စင်စွမ်းအား(၃)မျိုးကျင့်ကြံနိုင်တဲ့ကောင်လေးကို သေချာပေါက် ပျိုးထောင်ပေးသင့်တာပေါ့”

သူက ခဏမျှစဉ်းစားလိုက်ပြီး...

“ဒီလိုဆိုမှတော့... ယင်းကျီကို ခွန်းကာမြို့ကိုလွှတ်ပြီး အဲဒီကလေးကို တိတ်တဆိတ်စောင့်ကြည့်ခိုင်းလိုက် ၊ ကလေးကို အန္တရယ်ပြုမယ့်သူတွေရှိရင်လည်း ရှင်းပစ်ခိုင်းလိုက် ၊ တကယ်လို့... အဲဒီကောင်လေး သူ့ကိုယ်သူ သက်သေပြနိုင်ပြီး ဆက်တိုးတက်လာမယ်ဆိုရင် မြို့တော်ကိုခေါ်လာခဲ့ ၊ ငါ့ရဲ့ပန်းဥယျာဉ်မှာ ကူညီပေးဖို့ လက်ထောက်တစ်ယောက်လိုနေတာနဲ့ အတော်ပဲ”

ပြောပြီးသည်နှင့် ခုန်အိမ်တော်မှ တတိယဘိုးဘေးက မြေဆွေးပုံးကြီးကိုပြန်ကိုင်ကာ ဂေါ်ပြားကြီးကိုင်လျှက် ပန်းပင်များကို ပြုစုပေးနေတော့သည်။

ခုန်ဖန်စူးက အဘိုးအိုအား ရိုသေစွာဂါရဝပြုလိုက်ပြီးနောက် ခြံဝင်းရှေ့မှ ထွက်ခွာသွားလေသည်။

ခွန်းကာမြို့မှ ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံနိုင်သူ ပါရမီရှင်လူငယ်လေးကတော့ ပင်မခုန်အိမ်တော်မှ တတိယမြောက်ဘိုးဘေး၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပြီ ဖြစ်သည်။

ကြည့်ရသည်မှာ ဘိုးဘေးကြီးကိုယ်တိုင်က ထိုကောင်လေးကို သင်ပြပေးလိုဟန်ရှိသည်။

ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ထံ တိုက်ရိုက်ပညာသင်ခွင့်ရခြင်းမှာ တစ်သက်တစ်ခါ ရခဲလှသော ကံထူးမှုကြီးပင် ဖြစ်ပေသည်။

ခွန်းကာမြို့မှ လူငယ်လေးကရော...

ပင်မခုန်အိမ်တော်မှ မျှော်လင့်ထားသည့်အတိုင်း ဆက်လက်တိုးတက်လာပြီး ရခဲလှသောအခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါမည်လား...။

All Chapters