ကြောက်မက်ဖွယ်ရာယွမ်ရုန်ဒူးလေး
Vol. 8 Ch. 88
ခုန်မင် ယွမ်ရုန်ဒူးလေးကို ထုတ်လိုက်ကတည်းက ချောင်တတိယသခင်လေးက အထူး သတိထားနေခဲ့သည်။
ဒူးလေးဆိုသည်က အဝေးပစ်လက်နက်ဖြစ်လေရာ ခုန်မင်အနေဖြင့် လက်နက်၏စွမ်းအားကို အပြည့်အဝထုတ်ဖော်ရန် ပြိုင်ဘက်နှင့် အကွာအဝေးတစ်ခုကိုထိန်းထားပြီး အရင်ဆုံး တိုက်ခိုက်လာနိုင်ခြေရှိသည်။
သို့သော် ချောင်သခင်လေး၏ အလင်းစီးဆင်းဓားသည်လည်း တိုက်ခိုက်နိုင်သည့်အတိုင်းအတာမြင်မားသည်ဖြစ်ရာ သူက ခုန်မင်၏ဒူးလေးကို ကြောက်ရွံ့ခြင်းမရှိပေ။
သို့ပေသိ ခုန်မင်၏ဒူးလေးက တစ်ချက်တည်းဖြင့် မြားဆယ်စင်းအထိ ပစ်ခတ်နိုင်မည်ဟု ချောင်သခင်လေး မျှော်လင့်မထားခဲ့ပေ။
ပြီးတော့ မြားတံများထဲတွင် မီးဒြပ်စင်စွမ်းအားစိမ့်ဝင်နေသဖြင့် ဖျက်ဆီးနိုင်စွမ်းက အံ့အားသင့်စရာကောင်းလှသည်။
ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ရောက်ရှိနေပြီဖြစ်သော်လည်း ချောင်သခင်လေးအနေဖြင့် ယွမ်ရုန်ဒူးလေး၏တိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။
ဟုတ်ပေ၏။
ယွမ်ရုန်ဒူးလေးမှပစ်ခတ်လိုက်သော မြားဆယ်စင်း၏ တိုက်ခိုက်မှုစွမ်းအားသည် သာမန် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ဦး၏ စွမ်းအားပြည့်ထိုးနှက်ချက်နှင့်ညီမျှသည်ကို သိထားရပေမည်။
ချောင်သခင်လေးက အလင်းစီးဆင်းဓားကိုဝှေ့ရမ်းလိုက်ရာ မျက်စိကျိန်းလောက်သည့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထုထဲတွင် ဓားသွားခုတ်ပိုင်းရာများ ကျန်ရစ်ခဲ့သည်။
ဓားအလင်းတန်းက ယွမ်ရုန်ဒူးလေးမှပစ်ခတ်လိုက်သည့် မြားဆယ်စင်းလုံးကို ခတ်ထုတ်လိုက်သည်။
စွမ်းအားရိုက်ခတ်မှုကြောင့် ပေါက်ကွဲသံ(၁၀)ကြိမ် ထွက်ပေါ်လာသော်လည်း အလွန်လျှင်မြန်သည့်အရှိန်အဟုန်ကြောင့် ရှည်လျားကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံတည်းကဲ့သို့ ထင်မှတ်ရသည်။
အလင်းစီးဆင်းဓားက အလယ်ဆင့် သတ္တုဒြပ်စင်ဝိညာဉ်လက်နက်ဖြစ်လေရာ သာမန်ဒြပ်စင်စွမ်းအားလက်နက်တစ်ခုဖြစ်သည့် ယွမ်ရုန်ဒူးလေးထက် များစွာပိုမိုအစွမ်းထက်သည်။
ဓားသွားဖြင့်ရိုက်ခတ်မိသည်နှင့် ခုန်မင် ပစ်ခတ်လိုက်သော မြားဆယ်စင်းမှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့သည်။
ချောင်အိမ်တော်က စစ်ရေးစွမ်းရည်တွင် အလွန်နာမည်ကျော်ကြားသည်။
ချောင်တတိယသခင်လေးက စစ်မြေပြင်သို့ တစ်ခါမှမရောက်ဖူးသော်လည်း အိမ်တော်တွင်းတိုက်ပွဲများမှတစ်ဆင့် တိုက်ပွဲအတွေ့အကြုံများစွာ ရရှိထားသည်။
ခုန်မင်ကိုင်ဆောင်ထားသည့် ဒူးလေးက တစ်ချိန်တည်းတွင် မြားဆယ်စင်းပစ်ခတ်နိုင်လေရာ သာမန်ဒူးလေးထက် ဆယ်စပိုမိုအစွမ်းထက်ပေသည်။
သို့ဖြစ်ရာ အလင်းစီးဆင်းဓားသာမရှိလျှင် ချောင်သခင်လေးအနေဖြင့် ထိုဒူးလေးကို ထိပ်တိုက်ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။
သို့သော် မည်မျှအစွမ်းထက်သော ဒူးလေးဖြစ်ပါစေ တစ်ကြိမ်ပစ်ခတ်ပြီးလျှင် လေးညှို့ပြန်တင်ရပေမည်။ ထိုသို့လေးညှို့ပြန်တင်သည့်အချိန်တွင် ခုန်မင်၏တိုက်ခိုက်မှု ခဏမျှ ရပ်နားသွားပေသည်။
ခုန်မင်ကို အနိုင်ယူရန်ဆိုလျှင် ထိုအခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင်ထားရပေမည်။
“ယား...”
ချောင်တတိယသခင်လေးထံမှ ဒေါသတကြီးကြုံးဝါးသံ ထွက်ပေါ်လာပြီး သူ့ထံမှ ဒြပ်စင်စွမ်းအားလှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။
သူ့လက်ထဲမှ အလင်းစီးဆင်းဓားက မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းဖြင့်တောက်ပနေပြီး ခုန်မင်ကို ထိုးစိုက်ချလိုက်သည်။
ခုန်မင်၏ မြေဒြပ်စင်ခံစစ်စွမ်းအားကလည်း အလွန်ပင် ခိုင်မာသည်။
ထို့ပြင် သူ၏ဘယ်ဘက်လက်ဖြန်တွင်လည်း အထင်ကြီးလောက်စရာ ဒိုင်းကာတစ်ခု ဝတ်ဆင်ထားသေးသည်။
သို့သော် ဤလူငယ်လေးအနေဖြင့် ဒြပ်စင်စွမ်းဝိညာဉ်လက်နက်ဖြင့် တိုက်ခိုက်မှုကိုရင်ဆိုင်ရပါက မလှုပ်မယှက်တောင့်ခံထားရုံဖြင့် အသက်ရှင်နိုင်မည်မှာ သေချာပါသလား။
ထိုအချိန်မှာပင်...
ခုန်မင်နှုတ်ခမ်းများတွန့်ကွေးသွားပြီး ခပ်ပါးပါးတစ်ချက်ပြုံးလိုက်သည်ကို ချောင်သခင်လေး တွေ့မြင်လိုက်ရသည်။
ထို့နောက် ခုန်မင်က ညာဘက်လက်ကိုလှန်လိုက်ပြီး ရှည်လျားသည့်လေးထောင့်သေတ္တာငယ်တစ်ခုကို ဒူးလေးတွင် တိုက်ရိုက်တပ်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် အနီရောင်တောက်ပနေသော မြားဆယ်စင်းထပ်မံထွက်ပေါ်လာပြီး ချောင်သခင်လေးထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။
ချောင်တတိယသခင်လေး မယုံကြည်နိုင်ဖြစ်သွားရသည်။
ခုန်မင်အနေဖြင့် ယွမ်ရုန်ဒူးလေးကို ဤမျှလျှင်မြန်စွာ ဒုတိယအကြိမ်ပစ်ခတ်နိုင်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ထိုမျှပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းဖြင့် ထပ်မံပစ်ခတ်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
အံသြစရာကောင်းလွန်းလှသည်။
ခုန်မင်က လေးညှို့ပြန်တင်ခြင်းမရှိဘဲ ဒုတိယမြားဆယ်စင်းကို မည်သို့ပစ်ခတ်ပါသနည်း။
ထူးဆန်းသော သစ်သားသေတ္တာပုံစံ အရာဝတ္ထုနှင့် ပတ်သက်နေခြင်းများလား။
သို့ပေသိ ချောင်သခင်လေးအတွက် စဉ်းစားရန် အချိန်မရှီတော့ပေ။
ခုန်မင်က နောက်ထပ်မြားဆယ်စင်းကို တပြိုင်တည်းပစ်ခတ်လိုက်သည်ဖြစ်ရာ သူသာအတင်းဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် မုဆိုးလက်ထဲရောက်သွားသည့် သားပိုက်ကောင်ပမာ ဖြစ်သွားပေမည်။
ချောင်တတိယသခင်လေးမှာ လေထဲတွင်ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး အတင်းအကျပ် နောက်ပြန်ဆုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် လက်ထဲမှအလင်းစီးဆင်းဓားဖြင့် မြားဆယ်စင်းကို ရိုက်ခတ်ဖယ်ရှားပစ်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ချောင်သခင်လေး၏ခန္ဓာကိုယ်က လေထဲတွင်ရှိနေပြီး ရှေ့သို့တိုးဝင်တိုက်ခိုက်ရာမှ တစ်ပတ်ကျွမ်းပစ်ကာ နောက်ပြန်ဆုတ်လိုက်ပြီး မြားတံများကို ခုခံလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒြပ်စင်စွမ်းအားပေါက်ကွဲမှုဖြစ်ပေါ်လာသည့်အခါ လေထဲမှာပင် (၁၀)မီတာကျော်ခန့် နောက်ပြန်လွင့်စင်သွားပြီး အတွင်းခန်းမအပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။
အတွင်းခန်းမအပြင်ဘက်က ခုန်အိမ်တော်ခြံဝင်းဖြစ်ပြီး အတော်အတန်ကျယ်ပြန့်သည့်ကွင်းပြင်တစ်ခုပမာ ဖြစ်သည်။
ထိုနေရာတွင် မူလက စားသောက်ပွဲအတွက် စားပွဲများပြင်ဆင်ထားသော်လည်း အတွင်းခန်းတွင် တိုက်ပွဲဖြစ်ပွားသည့်နောက် ခြံဝင်းထဲမှဧည့်သည်တော်များအား အစေခံများက ဘေးလွတ်ရာသို့ ရှောင်တိမ်းခိုင်းခဲ့သည်။
သို့မှသာ ခုန်မင်နှင့် ချောင်သခင်လေးတို့၏တိုက်ပွဲတွင် အပြစ်မဲ့သူများ ထိခိုက်မည်ကို တားဆီးနိုင်ပေမည်။
ချောင်တတိယသခင်လေး အတွင်းခန်းမအပြင်ဘက်သို့ ဆုတ်ခွာသွားသည်နှင့် ခုန်မင်လည်း နောက်မှလိုက်ပါလာခဲ့သည်။
ထို့နောက် သူက လမ်းမှာပင် လက်ကောက်ဝတ်ကိုတစ်ချက်လှုပ်ရှားလိုက်ပြီး လမ်းမှာပင် နောက်ထပ် မြားတစ်သုတ်ကို ယွမ်ရုန်ဒူးလေးထက်သို့ တင်လိုက်သည်။
ချောင်သခင်လေး၏ခြေထောက်များ မြေပြင်သို့ထိမိသည်နှင့်တပြိုင်နက် ခုန်မင်က လက်ကိုမြှောက်ပြီး တတိယအကြိမ် မြားဆယ်စင်းဖြင့် ပစ်ခတ်လိုက်သည်။
ချောင်သခင်လေးမှာ ဒေါသလည်းထွက် စိတ်လည်းပျက်ကာ စကားပင် မပြောနိုင်တော့ပေ။ ခုန်မင်၏ ယွမ်ရုန်ဒူးလေးက ဤမျှကြောက်မက်ဖွယ်ကောင်းမည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ဤဒူးလေးက တစ်ကြိမ်တည်း မြားဆယ်စင်းပစ်ခတ်နိုင်ရုံသာမက အဆက်မပြတ်လည်း ပစ်ခတ်နိုင်သေးသည်။ ဤဒူးလေးက ချောင်သခင်လေး၏ ဒူးလေးများအပေါ် နားလည်ခြင်းအား လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။
ဥပမာပြောရလျှင် -
သိုင်းသမားတစ်ယောက်ကို ပစ္စတိုနှင့်ချိန်ထားပါက လုံးဝကြောက်စရာမရှိပေ။
အဘယ်ကြောင့်ဆိုသော် ပစ္စတိုက တစ်ကြိမ်လျှင်ကျည်တစ်တောင့်သာပစ်ခတ်နိုင်ရာ သိုင်းသမားအနေဖြင့် ကိုယ်ဖော့ပညာအသုံးပြုပြီး အလွယ်တကူ လျှင်မြန်စွာ ရှောင်တိမ်းနိုင်သည်။
သို့သော် ပစ္စတိုအစား စက်သေနတ်ကိုအသုံးပြုပါက သိုင်းသမားတစ်ယောက်၏မြန်နှုန်းက ဟာသတစ်ခု ဖြစ်သွားပေမည်။
မည်မျှကျွမ်းကျင်သော သိုင်းညာရှင်ဖြစ်ပါစေ ခန္ဓာကိုယ်တစ်ခုလုံး ကျည်ဆံများဖောက်ထွက်သွားပေမည်။
လက်ရှိ ချောင်သခင်လေး၏ဖြစ်ရပ်မှာလည်း ထိုသို့ပင်ဖြစ်၏။
သူ့အတွက် သာမန်ဒူးလေးများမှာ ပစ္စတိုအဆင့်လောက်သာရှိသည်။
သို့သော် ယွမ်ရုန်ဒူးလေးက သူ့အတွက် စက်သေနတ်ပမာဖြစ်နေသည်။ ပိုဆိုးသည်မှာ စက်သေနတ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်လေရာ သူ၏ဦးနှောက်မှာ အလုပ်မလုပ်တော့သလောက်ပင် ဖြစ်သွားရသည်။
အကြောင်းမှာ ရိုးရှင်းသော သာမန်ဒြပ်စင်စွမ်းအားလက်နက်တစ်ခုက အဘယ့်ကြောင့် ထိုမျှကြောက်မက်ဖွယ်စွမ်းအား ထုတ်လွှတ်နိုင်ကြောင်း သူ နားမလည်သောကြောင့် ဖြစ်၏။
ယခု ခုန်မင်၏ တတိယမြောက် မြားချက်များကိုရင်ဆိုင်ရသည့်အခါ ချောင်တတိယသခင်လေးမှာ အံတင်းတင်းကြိတ်လျှက် အလင်းစီးဆင်းဓားဖြင့် ကာကွယ်လိုက်ရသည်။
သို့သော် ယွမ်ရုန်ဒူးလေးက တစ်ကြိမ်လျှင် မြားဆယ်စင်းပစ်ခတ်နိုင်ပြီး တိုက်ခိုက်မှုစွမ်းအားက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် စွမ်းအားပြည့်တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။
ချောင်သခင်လေးအနေဖြင့် ချွေးတစ်စက်မှမထွက်ဘဲ မြားမိုး(၃)ကြိမ်ကို ခုခံကာကွယ်ခဲ့သော်လည်း တိုက်ခိုက်မှုစွမ်းအား၏ ပြင်းထန်မှုကြောင့် ဓားကိုင်ထားသည့်လက်တစ်ဖက်လုံး ထုံကျင်လာရသည်။
ချောင်တတိယသခင်လေးကို ပို၍ စိတ်ပျက်လက်ပျက်ဖြစ်စေသည်မှာ ခုန်မင်၏မြားတံများက (၃)ကြိမ်မျှသာမဟုတ်ဘဲ အဆုံးမရှိသော သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း သူ့အပေါ် ကျရောက်လာခြင်း ဖြစ်သည်။
ခုန်မင်က ဒူးလေးတွင်တပ်ဆင်သည့် မြားကျည်များကို အားစိုက်ထုတ်စရာမလိုဘဲ ကျွမ်းကျင်ပိုင်နိုင်စွာ လဲလှယ်လျှက်ရှိသည်။
ယွမ်ရုန်ဒူးလေးက မီးမြွေများကို မှုတ်ထုတ်နေသည့် ဘီလူးတစ်ကောင်ပမာဖြစ်ပြီး မြားတံများက ချောင်သခင်လေးထံသို့ အဆက်မပြတ်ဝင်ရောက်လာသည်။
ဤမျှ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသည့်အခါ ချောင်တတိယသခင်လေးမှာ ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိမရှိတော့ဘဲ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ထွက်ပြေးရန် ပြင်ဆင်ရတော့၏။
ထိုအချိန် အတွင်းခန်းမမှ ပွဲကြည့်ပရိတ်သတ်များသည်လည်း တံခါးဝသို့ ရောက်ရှိလာကြလေရာ...
ချောင်တတိယသခင်လေးမှာ တစ်ချက်ပင်မခုခံနိုင်ဘဲ နောက်မှ အမဲလိုက်သလိုလိုက်နေသည့် ခုန်မင်လက်မှလွတ်ရန် အသည်းအသန်ပြေးလွှားနေသည်ကို တွေ့မြင်လိုက်ကြရသည်။
ချောင်သခင်လေး၏နောက်ဘက်မှ စွမ်းအားပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာပြီး ခြံဝင်းတစ်ခုလုံးမှာလည်း မြားတံများကြောင့် ချိုင့်ခွက်များဖြင့်ပြည့်နက်ကာ ညီညာသည့်မြေပြင်ဆို၍ တစ်နေရာပင် မကျန်တော့ပေ။
ခုန်မင်က ချောင်သခင်လေးကို ခြောက်လှန့်ရုံသာပစ်ခတ်နေပြီး တကယ်ထိမှန်အောင် ပစ်ခတ်ခြင်းမရှိဘဲ သက်ညှာနေကြောင်း လူတိုင်းနားလည်လိုက်ကြသည်။
ခုန်မင်သာ ဒူးလေးကို အနည်းငယ်တည့်မတ်အေင်ချိန်လိုက်မည်ဆိုလျှင် ချောင်သခင်လေး မည်မျှလျှင်မြန်ပါစေ မြားဆယ်စင်းကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
မည်မျှကောင်းမွန်သည့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များရှိနေပါစေ ထွက်ပြေးရှောင်တိမ်းခြင်းမရှိပါက ယွမ်ရုန်ဒူးလေး၏ အဆုံးမရှိတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
တိုက်ပွဲကိုကြည့်ရှုနေသည့်ပရိတ်သတ်များအားလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ခုန်မင်၏လက်ထဲမှဒူးလေးက ထိုမျှအစွမ်းထက်မည်ဟု မည်သူမှထင်မှတ်မထားခဲ့ကြပေ။
***
မှတ်ချက် -
သုံးပြည်ထောင်ခေတ်တွင် ကျူးကဲလျန့်(ခုန်မင်) တီထွင်ခဲ့သည့် ယွမ်ရုန်ဒူးလေးဆိုသည်မှာ -
သမိုင်းမတင်မီခေတ်မှာပင် ဤသို့သောလက်နက်မျိုးရှိသည်ဟု ဆိုကြသော်လည်း ကျူးကဲလျန့်ကတော့ ထိုလက်နက်ကို ထပ်မံဆန်းသစ်ပြီး အသုံးပြုခဲ့ပါတယ်။
လက်ကိုင်တွင် ခလုတ်တပ်ဆင်ထားသဖြင့် မြားတံကိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။
ယွမ်ရုန်ဒူးလေး၏ အားသာချက်များ -
တစ်မိနစ်လျှင် မြားဆယ်ချောင်းခန့် ပစ်ခတ်နိုင်ခြင်း
လေ့ကျင့်မှုများစွာမလိုဘဲ စစ်သည်များ လွယ်ကူစွာသင်ယူအသုံးပြုနိုင်ခြင်း
အားနည်းသောစစ်သည်များပင်လျှင်အသုံးပြုနိုင်ပြီး ခံစစ်အတွက် အရေးပါခြင်း
အားနည်းချက်များ -
အကွာအဝေး(၇၀)မီတာခန့်သာပစ်ခတ်နိုင်သဖြင့် သာမန်လေးမြားကဲ့သို့ ဝေးဝေးပစ်နိုင်ခြင်းမရှိ
မြားတံသေးငယ်ပြီး အားနည်းသည့်အတွက် သံချပ်ကာဝတ်စုံကို ထိထိရောက်ရောက်ထိုးဖောက်နိုင်ရန်ခက်ခဲခြင်း
အလျင်အမြန်ပစ်ခတ်ရသဖြင့် ပစ်မှတ်ကိုချိန်ရခက်သဖြင့် တိကျမှုနည်းပါး
သမိုင်းဝင် အရေးပါမှု -
ယွမ်ရုန်ဒူးလေးကို မင်မင်းဆက်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ပြီး ၁၉ ရာစုနှောင်းပိုင်း ၂၀ ရာစုအစောပိုင်း (ဒုတိယကမ္ဘာစစ်ကာလ) အထိ ဆက်လက်အသုံးပြုခဲ့ကြပါတယ်။ ___ ဘာသာပြန်သူ