ဂုဏ်သတင်းရောင်ဝါ
Vol. 8 Ch. 89
ယွမ်ရုန်ဒူးလေး၏စွမ်းပကားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ဖူးသည့် ခုန်ကျွင်းနှင့် ခုန်ကျောင်းသည်ပင် မဖုံးနိုင်မဖိနိုင် အံ့အားသင့်လျှက် ရှိကြသည်။
တကယ့်လက်တွေ့တိုက်ပွဲတွင် ယွမ်ရုန်ဒူးလေးက ဤမျှကြောက်မက်ဖွယ်စွမ်းအားကို ပြသနိုင်လမ့်မည်ဟု သူတို့ လုံးဝထင်မထားခဲ့ကြပေ။
လက်ရှိတွင် ချောင်တတိယသခင်လေးမှာ ခုန်မင်၏လိုက်လံတိုက်ခိုက်မှုကြောင့် ပျာပျာသလဲ ထွက်ပြေးလျှက်ရှိသည်။
တကယ်တော့ ယွမ်ရုန်ဒူးလေး၏တိုက်ခိုက်မှုတစ်ချက်ချင်းစီကို အလင်းစီးဆင်းဓား၏ပြင်းအားနှင့် နှိုင်းယှဉ်ကြည့်လျှင် ယွမ်ရုန်ဒူးလေးက အများကြီးနိမ့်ပါးပေသည်။
ယွမ်ရုန်ဒူးလေးက မြားကျည်တစ်ခါဖြည့်ရုံဖြင့် မြားဆယ်စင်း တပြိုင်တည်းပစ်ခတ်နိုင်ပြီး ထုတ်လွှတ်သည့်စွမ်းအားလည်း ပြင်းထန်သည်။
သို့ပေသိ ဤသည်က ယွမ်ရုန်ဒူးလေး၏ ကြောက်စရာအကောင်းဆုံးအချက် မဟုတ်ခဲ့ပေ။
ယွမ်ရုန်ဒူးလေး၏ ကြောက်စရာအကောင်းဆုံးချက်မှာ မြားကျည်လဲလှယ်ပြီးသည်နှင့် မရပ်မနားဆက်တိုက် ပစ်ခတ်နိုင်သည့်စွမ်းရည် ဖြစ်၏။
မြားချက်များ ဆက်တိုက်ပစ်ခတ်နေခြင်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များစွာ တစ်ယောက်ပြီးတစ်ယေက် တန်းစီပြီး အစွမ်းကုန်တိုက်ခိုက်နေသည်နှင့် တူညီသည်။
ထိုသို့သော အစွမ်းကုန်တိုက်ခိုက်မှုမျိုးနှင့် တရစပ်ရင်ဆိုင်ရသည့်အခါ ချောင်တတိယသခင်လေးကိုအသာထား ၊ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် အထွတ်ထိပ်ရှိသော ကျင့်ကြံသူသည်ပင် ဆုတ်ခွာထွက်ပြေးရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။
အကယ်၍ ခုန်မင်သာ ယွမ်ရုန်ဒူးလေးအားကိုင်ဆွဲပြီး ဤသို့ မြားဖြင့်ဆက်တိုက်ပစ်ခတ်နေမည်ဆိုလျှင် ဒြပ်စင်စွမ်းအရှင်သခင်အဆင့်အောက် မည်သူမဆို သူ့ကိုအနိုင်ယူနိုင်မည် မဟုတ်ပေ။
ဤသည်က ယွမ်ရုန်ဒူးလေး၏ ကျယ်ပြန့်စွာတိုက်ခိုက်နိုင်မှု ၊ မြန်နှုန်းမြင့်ပစ်ခတ်နိုင်စွမ်းများက သာမန်လက်နက်များဖြင့်ယှဉ်လျှင် ခေတ်မီလက်နက်တစ်ခုပမာ ထူးခြားနေသောကြောင့် ဖြစ်သည်။
ချောင်တတိယသခင်လေးနှင့် မယှဉ်ပြိုင်ခင်ကတည်းက ခုန်မင်က အရာအားလုံးကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။
အကြောင်းမှာ ဒြပ်စင်စွမ်းအားလက်နက်ဖြစ်သော ‘ယွမ်ရုန်ဒူးလေး’ ၏စွမ်းအားက မည်မျှတုန်လှုပ်စရာကောင်းသည်ကို သူတစ်ယောက်တည်းသာ အသိဆုံးဖြစ်သောကြောင့်ပင်။
ဒြပ်စင်စွမ်းအားဖြင့် သွန်းလုပ်ထားသည့် ယွမ်ရုန်ဒူးလေးက သုံးပြည်ထောင်ခေတ်မှ ယွမ်ရုန်ဒူးလေးနှင့် လုံးဝ တူညီခြင်း မရှိတော့ပေ။
ကုန်ကြမ်းပစ္စည်းကန့်သတ်ချက် ၊ တိကျမှုအားနည်းချက်များမှ လွတ်မြောက်သွားသဖြင့် ယခုဆိုလျှင် ခုန်မင်အနေဖြင့် ဤသို့သောဒူးလေးမျိုး အမြာက်အမြားထုတ်လုပ်ရန် မခက်ခဲတော့သလို ဆက်တိုက်အသုံးပြုခြင်းကြောင့် ဒူးလေးတွင်ထည့်သွင်းထားသည့် စပရိန်များ ပျက်ဆီးသွားမည်ကိုလည်း စိုးရိမ်စရာ မရှိတော့ပေ။
ဒြပ်စင်စွမ်းအားလက်နက်ဖြစ်သော ယွမ်ရုန်ဒူးလေး၏ ကိုယ်ထည်နှင့်ကျဉ်အိမ်များက နောက်ပိုင်းခေတ် စက်ရုံထုတ်ပစ္စည်းများပမာ စံချိန်စံညွှန်းနှင့်ကိုက်ညီပေသည်။
ထို့ကြောင့် သုံးပြည်ထောင်ခေတ် အခြေအနေနှင့်မတူညီဘဲ မြားကျည်များကို ဆက်တိုက်လဲလှယ်ပေးပါက အဆုံးမရှိ ပစ်ခတ်နိုင်မည် ဖြစ်၏။
ထို့ပြင် ဒြပ်စင်စွမ်းအားဖြင့် အကြိမ်ပေါင်းများစွာ သန့်စင်ထားသဖြင့် ဒူးလေးကိုယ်ထည်က မည်သည့်ထိခိုက်ပျက်ဆီးမှုမှမရှိဘဲ အချိန်ကြာမြင့်စွာ ခိုင်မာနေမည်ဖြစ်သည်။
သို့ဖြစ်ရာ ယွမ်ရုန်ဒူးလေး၏အစွမ်းက သုံးပြည်ထောင်ခေတ်ထက် အဆပေါင်း ရာနှင့်ထောင်နှင့်ချီပြီး တိုးတက်လာခဲ့သည်။
နောက်တစ်ချက်မှာ ချောင်တတိယသခင်လေး ရောက်ရှိလာမည်ဟု သတင်းရပြီးကတည်းက ခုန်မင်က (၂)ရက်နှင့် (၂)ညတိတိ တစ်ချက်အနားမယူဘဲ ပိုမိုကောင်းမွန်သည့် ယွမ်ရုန်ဒူးလေးအသစ်များကို သွန်းလုပ်နေခဲ့သည်။
ယခုဆိုလျှင် သူ၏တိုရီယာလက်စွပ်ထဲတွင် ဒူးလေးကိုယ်ထည် အခု(၃၀)ကျော်နှင့် မြားကျည်ပေါင်း(၂၀၀၀)ကျော် ရှိနေပေသည်။
အကယ်၍ သူသေကိုယ်သေ တိုက်ခိုက်ရမည့်ပွဲမျိုးဆိုလျှင် ချောင်တတိယသခင်လေး (၁၀)ယောက်ရှိလျှင်ပင် ခုန်မင်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
အစပိုင်းတွင် ချောင်သခင်လေးက ခုန်မင် ဤမျှကြာအောင် တိုက်ခိုက်နိုင်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် အကြိမ်(၂၀)ခန့် တရစပ်ပစ်ခတ်ခံခဲ့ရပြီး ခြံဝင်းတစ်ခုလုံးလည်း စုတ်ပြတ်သွားချိန် သူ၏စိတ်ဓာတ်သည်လည်း လုံးဝ ပြိုလဲသွားရတော့သည်။
ရုတ်တရက်...
ချောင်တတိယသခင်လေးမှာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ခုန်အိမ်တော် ခြံဝင်းထဲမှ သုတ်ခြေတင် ထွက်ပြေးသွားလေသည်။
ကြည့်ရသည်မှာ ချောင်သခင်လေးက စစ်ရေးဗျူဟာများကို ကောင်းစွာနားလည်ထားဟန်ပင်။
(၃၆)သွယ်သော စစ်ရေးဗျူဟာများတွင် “ရန်သူကိုမနိုင်လျှင် ဆုတ်ခွာခြင်းက အကောင်းဆုံးဗျူဟာဖြစ်သည်” ဟု ဆိုထားသည် မဟုတ်ပါလား။
ယခု ချောင်သခင်လေးက ထိုဗျူဟာကို ကောင်းကောင်းကြီး လက်တွေ့အသုံးချသွားခဲ့ခြင်းပင်။
ခုန်မင်က အားရပါးရ အော်ဟစ်ရယ်မောလိုက်ပြီး ကျယ်လောင်သောအသံဖြင့် လှမ်းပြောလိုက်သည်။
"ချောင်သခင်လေး... ဒီလောက်မြန်မြန် ပြန်တော့မလို့လား ၊ ခဏလောက်နေပြီး ကျုပ်တို့နဲ့ မိတ်ဖြစ်ဆွေဖြစ် လက်ရည်စမ်းပွဲအကြောင်း မဆွေးနွေးတော့ဘူးလား”
သို့ပေသိ ဝေးရာသို့ရောက်သွားပြီဖြစ်သော ချောင်တတိယသခင်လေးကတော့ ခုန်မင်၏စကားများကို ကြားနိုင်စွမ်းမရှိတော့ပေ။
ထို့ပြင် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်အနေဖြင့် အဆင့်တက်ခါစ ကနဦးအဆင့် ကျင့်ကြံသူကို အရှက်မရှိ စိန်ခေါ်ခဲ့ပြီးမှ အရှုံးပေးကာ ပင်ပန်းတကြီးထွက်ပြေးခဲ့ရသည်မှာ သူ့အတွက် အဘယ်မှာ မျက်နှာပြစရာရှိပါတော့မည်နည်း။
လောလောဆယ်မှာတော့ ခုန်အိမ်တော်ကို မလာခဲ့မိလျှင်ကောင်းသားဟု ချောင်သခင်လေး တွေးနေမိတော့သည်။
ချန်ရှီးအပါအဝင် ချောင်တတိယသခင်လေးနှင့်အတူ လိုက်ပါလာကြသူအားလုံးမှာလည်း ကြောင်တောင်တောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြမိသည်။
အခြေအနေက အဘယ့်ကြောင့် ဤသို့ဖြစ်သွားရသည်ကို မည်သူမှ နားမလည်နိုင်ကြပေ။
ချောင်တတိယသခင်လေးက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကိုလည်း ကိုင်ဆောင်ထားသည်။
သို့သော် ခုန်မင်၏ဖိအားအောက်တွင် တန်ပြန်တိုက်ခိုက်ရန်ပင်မတတ်နိုင်ဘဲ အဘယ့်ကြောင့် အလဲလဲအကွဲကွဲ ရှုံးနိမ့်သွားရပါသနည်း။
တိုက်ပွဲရလဒ်က အလွန်ပင် ထူးခြားဆန်းကျယ်လွန်းပြီး ကြိုတင်ခန့်မှန်းနိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။
ယခုတော့ ချောင်တတိယသခင်လေး အရှက်တကွဲဖြင့် ထွက်ပြေးသွားရပြီဖြစ်ရာ ချောင်အိမ်တော်မှလူများလည်း ခုန်အိမ်တော်တွင်ဆက်နေရန် အကြောင်းမရှိသလို မျက်နှာလည်းမပြရဲကြတော့ပေ။
အထူးသဖြင့် ချောင်သခင်လေး၏ သက်တော်စောင့်လူရွယ်က စကားတစ်ခွန်းမှမဆိုဘဲ ချောင်အိမ်တော်မှကျင့်ကြံသူအုပ်စုကို ဦးဆောင်ကာ လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။
သို့ဖြစ်ရာ ချန်ရှီးမှာလည်း နှာတစ်ချက်မှုတ်ရင်း သူ၏ချန်မျိုးနွယ်များကိုခေါ်ဆောင်ကာ အမြန်ပင် လိုက်ပါသွားရလေ၏။
သပ်သပ်ရပ်ရပ်လှလှပပရှိခဲ့သော ခုန်အိမ်တော်ခြံဝင်းကြီးမှာလည်း ဖရိုဖရဲဖြင့် ပျက်ဆီးလျှက် ရှိပေပြီ။
သို့သော် ခုန်ကျွင်းကတော့ ကျယ်လောင်စွာရယ်မောလိုက်ရင်း...
“ချောင်အိမ်တော်နဲ့ ချန်အိမ်တော်က ဂုဏ်သရေရှိဧည့်သည်တော်တွေ ပြန်ကြတော့မလို့လား ၊ ကျုပ်တို့ခုန်အိမ်တော်က ဧည့်ဝတ်မကျေမိတာ တောင်းပန်ပါတယ် ၊ သေရည်တစ်ခွက်တောင် မတိုက်လိုက်ရဘူးနော် ၊ အား... တကယ့်ကိုရိုင်းရာကျသွားတာပဲ ၊ နားလည်ပေးကြပါ နားလည်ပေးကြပါ”
ခုန်ကျွင်း၏နှုတ်ဆက်စကားသံထွက်ပေါ်လာသည်နှင့် ချန်ရှီးတစ်ယောက် မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်ပြီး ခပ်သုတ်သုတ် ထွက်ခွာသွားလေသည်။
တကယ်တော့ ချန်ရှီးစိတ်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေခဲ့သည်။
သူ၏ပါးနပ်သောအမြင်အရ ခုန်မင်က ဒြပ်စင်စွမ်အားမျိုးစုံကိုကျင့်ကြံထားပြီး သာမန် ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များထက် အဆပေါင်းများစွာသာလွန်သည်မှန်သော်လည်း ၊ ချောင်တတိယသခင်လေးကို အပြတ်အသတ် ဖိနှိပ်နိုင်ခဲ့ခြင်းမှာ သူ့လက်ထဲမှ အစွမ်းထက်လှသော ဒူးလေးကြောင့်ဖြစ်ကြောင်း ရိပ်မိထားသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဒူးလေးမျိုး သူ တစ်ခါမှမတွေ့မြင်ဖူးသလို ကြားလည်းမကြားခဲ့ဖူးပေ။
ခုန်အိမ်တော်တွင် ဤမျှအစွမ်းထက်သော လက်နက်မျိုးရှိနေခြင်းက သူတို့ခေါ်ယူထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပန်းပဲပညာရှင်နှင့် ပတ်သက်နေရပေမည်။
ဤသို့ အရည်အသွေးမြင့်မားသော ဒြပ်စင်စွမ်းအားလက်နက်ကို သွန်းလုပ်နိုင်သည့် ပန်းပဲပညာရှင်မှာ မည်သည့်နည်းနှင့်မှ သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။
လေလံပွဲတွင် ခုန်အိမ်တော်က “ရေဒြပ်စင်ဝိညာဉ်လက်နက်” ကို တွန့်ဆုတ်ခြင်းမရှိဘဲ အလဲအလှယ်လုပ်ခဲ့ခြင်းမှာ သူတို့အနေဖြင် ထိုလျှို့ဝှက်ဆန်းကြယ်သော ပန်းပဲပညာရှင် အားကိုးရှိနေ၍သာ ဖြစ်ရမည်။
ထို့ကြောင့်လည်း ခုန်အိမ်တော်က ချန်အိမ််တော်ကို မျက်လုံးထဲမထည့်တော့ခြင်း ဖြစ်နိုင်၏။
ပိုပြီးအရေးကြီးသည်မှာ ဤမျှကြောက်မက်ဖွယ်ကောင်းသော ဒူးလေးလက်နက်ကို သွန်းလုပ်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။
အကယ်၍ ခုန်အိမ်တော်တွင် ဤသို့သောလက်နက်များ အမြောက်အမြား ပြုလုပ်ထားမည်ဆိုပါက သူတို့၏အင်အားက အဆမတန် မြင့်တက်သွားပေမည်။
ထိုသို့တွေးမိသည်နှင့် ချန်ရှီးရင်ထဲ ခါးသီးမှုများဖြင့် ပြည့်နက်သွားတော့သည်။
ချောင်အိမ်တော်ကဲ့သို့ အားကိုးအားထားပြုလောက်သည့် သစ်ပင်ကြီးတစ်ပင် အထောက်အပံ့ရရှိထားသော်လည်း ခုန်အိမ်တော်ကို ဖိနှိပ်နိုင်ခဲ့ခြင်းမရှိရုံမျှမက ခုန်အိမ်တော်ကို လိုက်မီရန်ပင် အဝေးကြီးတွင်ကျန်ရစ်ခဲ့ပြီဟု ခံစားနေရလေသည်။
နောက်တစ်ချက်မှာ ခုန်အိမ်တော်မှ အဘယ့်ကြောင့် ဤမျှထူးခြားထက်မြက်သည့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာရပါသနည်း။
ချောင်တတိယသခင်လေးကိုယ်တိုင် ပါဝင်ကူညီခဲ့သည့်တိုင် ခုန်မင်ကို နှိမ်နင်းနိုင်ခဲ့ခြင်း မရှိပေ။
ယနေ့တိုက်ပွဲပြီးဆုံးသည့်နောက် ခုန်မင်၏အမည်က ထျန်းယွမ်ကုန်းမြေတစ်ခုလုံးမဟုတ်လျှင်တောင်မှ ချန်နန်အင်ပါယာတစ်ခုလုံး ဟိုးလေးတကျော် ထင်ပေါ်သွားပေမည်။
ထိုသို့ဆိုလျှင် ခုန်မျိုးနွယ်များ၏ အကြီးအမှူးဖြစ်သော ပင်မခုန်အိမ်တော်သည်လည်း သူ့ကို မလွဲမသွေ အာရုံစိုက်လာကြပေသည်။
အကယ်၍ ခုန်မင်သာ ပင်မခုန်အိမ်တော်၏ အရေးပေးမှုကိုရရှိသွားပါက ချန်နန်အင်ပါယာထဲမှ မည်သည့်အင်အားစုမှ ခုန်မင်ကို ရန်စရဲတော့မည် မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် ချန်ရှီးရင်ထဲ မျှော်လင့်ချက်ကင်းမဲ့မှုများ တလိမ့်လိမ့်တက်လာလေသည်။
တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်ထားပြီဖြစ်သော ခုန်အိမ်တော်၏အရိပ်အောက်တွင် သူ၏ချန်အိမ်တော်ကတော့ ဆုတ်ယုတ်ပျက်ဆီးလာပြီး အသက်ရှူကျပ်မတတ် ခံစားရပေတော့မည်။
အနာဂတ်ကို သူ ရေးရေးမြင်ယောင်နေမိသလိုပင်...။
သို့သော် ဤသည်ကိုတားဆီးရန်လည်း သူ့တွင် ဘာအစွမ်းအစမှ မရှိတော့ပေ။
ယုံကြည်ချက်အပြည့်ဖြင့် ရောက်လာခဲ့ကြသည့် ချောင်အိမ်တော်နှင့် ချန်အိမ်တော်မှ "ဂုဏ်သရေရှိ ဧည့်သည်တော်" များမှာ နောက်ဆုံးမှာတော့ အရှုံးကိုရင်ဝယ်ပိုက်ပြီး အမြီးကုပ်ကာ ပြန်သွားကြရပေမည်။
ဆန့်ကျင်ဘက်အနေဖြင့် ခုန်အိမ်တော်၏ ဂုဏ်သတင်းကတော့ အရင်ကနှင့်မတူ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
ယနေ့ ခုန်အိမ်တော် အတွင်းခန်းမတွင်ရှိနေကြသူများက ခွန်းကာမြို့၏ ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်လေသည်။
ချန်ရှီးထွက်ခွာသွားသည်နှင့် လောကျန့်နှင့် မေလင်တို့က ခုန်ကျွင်းအနားသို့ရောက်လာပြီး ဂုဏ်ပြုစကားဆိုကြသည်။
ခုန်မင်၏ ထူးခြားသည့်ပါရမီဖြင့်ဆိုလျှင် နောင်တစ်ချိန်တွင် ခွန်းကာမြို့၏ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်လာမည်မှာ သေချာပေါက်ပင်။
ဤသည်က တစ်မြို့လုံးအတွက်လည်း ဂုဏ်ယူစရာဖြစ်ပေ၏။
ဒြပ်စင်စွမ်းအားအရှင်သခင်များကပင် ဤသို့ဂုဏ်ပြုစကားဆိုလာသည်ဖြစ်ရာ ကျန်ရှိသူများကလည်း အပြိုင်အဆိုင် ဝိုင်းဝန်းဂုဏ်ပြု ချီးကျူးစကားဆိုကြလေသည်။
တစ်ရက်အတွင်းမှာပင် ခွန်းကာမြို့တွင် ခုန်အိမ်တော်၏ဂုဏ်သတင်းက မည်သူနှင့်မှမယှဉ်နိုင်စွာ အထွတ်ထိပ်သို့ ရှောက်ရှိသွားလေတော့၏။