ဖီးနစ်ကျဆုံးတောင်ကြား
Vol. 8 Ch. 94
မော့ယွဲ့၏ ပြင်းထန်သော စွပ်စွဲချက်များကို ရင်ဆိုင်ရသည့်တိုင် ယူဂျီးန်က တည်ငြိမ်အေးဆေးနေဆဲပင်။
သူက ပြုံးလျှက်ပင် ခုန်မင်အား ကြည့်လိုက်ပြီး...
"ဒုတိယသခင်လေး... ကျုပ်လို အဘိုးကြီးက လိမ်ညာပြောရဲပါ့မလား ၊ ဒီခရီးက နည်းနည်းပါးပါးတော့ အန္တရယ်များပါတယ် ၊ ဒါပေမဲ့... အန္တရယ်များလေ ဆုလာဘ်လည်းကြီးလေပေါ့... မဟုတ်ဘူးလား ၊ ချောင်အိမ်တော်က တတိယသခင်လေးတောင် ရဲရဲဝံ့ဝံ့နဲ့ အဲဒီကိုထွက်သွားပြီး အစမ်းသပ်ခံရဲတယ်ဆိုတော့... ဒုတိယသခင်လေးက သူ့ထက်ညံ့တဲ့သူမှ မဟုတ်တာ”
ခုန်မင်က အေးဆေးစွာဖြင့်...
“ဆရာကြီး’ယူဂျီးန်’... ဒီလိုစကားမျိုးတွေနဲ့ ကျုပ်ကို စွပေးစရာမလိုပါဘူး ၊ ဒါပေမဲ့... အသေးစိတ်ရှင်းပြပေးရင်တော့ ပိုကောင်းမယ် ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားဆိုတာ ဘာကိုပြောတာလဲ ၊ ဖီးနစ်ကျဆုံးတောင်ကြားဆိုတာကရော ဘယ်လိုနေရာမျိုးလဲ”
ဖီးနစ်ကျဆုံးတောင်ကြား...။
ဤအမည်က ခုန်မင်နှင့် စိမ်းသက်ခြင်း မရှိပေ။
သုံးပြည်ထောင်ခေတ်တွင် သူ၏မိတ်ဆွေဖြစ်သော ပျံသန်းနေသည့်ဖီးနစ်ဟု နာမည်ကျော်ကြားသည့် ဖန်ထုန် (ဖန်စစ်ယွမ်) က ဖီးနစ်ကျဆုံးတောင်ကြားတွင် ကျဆုံးခဲ့ရသည် မဟုတ်လား။
ခုန်မင်၏အရှင် လျိုပေ့က ယိကျိုးနယ်အားသိမ်းပိုက်ရန် ချီတက်သည့်အချိန် ဖန်ထုန်က ရှေ့တန်းကိုဦးဆောင်ခဲ့ပြီး ဖီးနစ်ကျဆုံးတောင်ကြားတွင် ရန်သူ၏ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရသည်။
ဖန်ထုတ်ကျဆုံးသွားသည့်အတွက် လျိုပေ့မှာ ညာလက်ရုံးတစ်ဆူ ဆုံးရှုံးသွားခဲ့ပြီး ခုန်မင်သည်လည်း ကျင်းကျိုးကို စစ်သူကြီး’ကွမ်းယွီ’ လက်တွင် အပ်ခဲ့ရပြီး ရှေ့တန်းသို့ လိုက်လာခဲ့ရသည်။
ဤသည်က နောက်ပိုင်းတွင် ကျင်းကျိုးကျဆုံးရခြင်း၏ အစပျိုးရာ အကြောင်းရင်းတစ်ခုပင် ဖြစ်၏။
အတိတ်အကြောင်းအရာများသည် အလွန်ပင် ကြေကွဲစရာကောင်းခဲ့သည်ပင်။
ခုန်မင် အတွေးထဲ ခဏမျှနစ်မျောသွားစဉ် ယူဂျီးန်က ပြုံးလိုက်ပြီး...
“ဖီးနစ်နားခိုရာမျိုးနွယ်စုဆိုတာ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာရဲ့ ထိပ်တန်းမျိုးနွယ်စု(၃)ခုထဲက တစ်ခုပါ ၊ သူတို့ရဲ့သမိုင်းကြောင်းက တောရိုင်းဒေသ နက်ရှိုင်းရာက ဒေသခံမျိုးနွယ်စုတွေလောက် ရှည်ကြာပြီး ဂုဏ်သရေကြီးမားပါတယ်...”
ခဏနားပြီး အဘိုးအိုက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... သူတို့ ဒီလောက်နာမည်ကြီးတာတောင် လူသားတွေက သူတို့အကြောင်း သိပ်မသိကြပါဘူး ၊ ဘာလို့လဲဆိုတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုက တောရိုင်းဒေသအပြင်ဘက်ကို တစ်ခါမှမထွက်ဖူးသလို လူ့အဖွဲ့အစည်းနဲ့လည်း တစ်ခါမှ မဆက်ဆံဖူးလို့ပါ ၊ ဒဏ္ဍာရီတွေအရတော့... သူတို့က နတ်သားရဲမျိုးနွယ်ဖြစ်တဲ့ ‘မီးလျှံဖီးနစ်’ ရဲ့ သွေးမျိုးဆက်လို့ ဆိုပါတယ် ၊ သူတို့ကိုယ်သူတို့ နတ်မျိုးနွယ်က ဆင်းသက်လာတယ်လို့ ယုံကြည်ကြတယ် ၊ ဒါကြောင့် လူသားတွေကို သူတို့နဲ့ တန်းတူမထားချင်ကြဘူးဆိုပါတော့လေ...”
ယူဂျီးန် ရှင်းပြသည်ကို နားထောင်ပြီးသည်နှင့် ခုန်မင်က မော့ယွဲ့ကို လှမ်းကြည့်လိုက်သည်။
မော့ယွဲ့က ခေါင်းညိတ်လိုက်ပြီး...
“ဖီးနစ်နားခိုရာမျိုးနွယ်စုက သူတို့ကိုယ်သူတို့ မီးလျှံဖီးနစ်က ဆင်းသက်လာတဲ့သူတွေလို့ ယူဆကြတာ အမှန်ပါပဲ ၊ ဒါပေမဲ့ လူသားတွေနဲ့ အဆက်အသွယ်မလုပ်ရတဲ့အကြောင်းရင်းက အဲဒါကြောင့်လားဆိုတာတော့ အပြင်လူတွေမသိနိုင်ပါဘူး ၊ သခင်လေး... ဒီလူလိမ်ကြီးက လျှောက်ပြောနေတာ ဖြစ်နိုင်ပါတယ်”
ယူဂျီးန်က မော့ယွဲ့စကားကို ဆန့်ကျင်ခြင်းမပြုဘဲ ပြုံးလျှက်ပင် ဆက်ပြောလိုက်သည်။
“ဖီးနစ်နားခိုရာမျိုးနွယ်စုက အရမ်းစွမ်းအားကြီးပါတယ် ၊ သူတို့မျိုးနွယ်ထဲမှာ ကျွမ်းကျင်သူတွေလည်း အများကြီးရှိတယ် ၊ တောရိုင်းဒေသရဲ့ သူတို့ပိုင်နက်နယ်မြေမှာလည်း အချုပ်အခြာပိုင်သူတွေ ဖြစ်ပါတယ် ၊ ဒါကြေင့် ပုံမှန်အချိန်ဆိုရင် ဒီမျိုးနွယ်စုနဲ့ဆက်ဆံဖို့ လုံးဝ မဖြစ်နိုင်ပါဘူး”
“ဒါပေမဲ့ သူတို့တွေက အနှစ်(၂၀)မှာတစ်ခါ ‘အရွယ်ရောက်ခြင်းအခမ်းအနား’ ကျင်းပပါတယ် ၊ အသက်(၃၀)အောက် မျိုးနွယ်စုဝင်တွေ ယောကျ်ားလေး မိန်းကလေးမခွဲခြားပဲ မြင့်မြတ်ရာနေရာဖြစ်တဲ့ ဖီးနစ်ကျဆုံးတောင်ကြားကိုဝင်ပြီး စမ်းသပ်မှုခံယူရပါတယ် ၊ စမ်းသပ်မှုအောင်မြင်တဲ့သူတွေကိုပဲ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ တရားဝင်အရွယ်ရောက်သူတွေအဖြစ် သတ်မှတ်ပါတယ်”
ခုန်မင်က...
“ဒါဖြင့်... ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားနဲ့ ဖီးနစ်ကျဆုံးတောင်ကြားက ကျုပ်တို့နဲ့ ဘယ်လိုပတ်သက်နေတာလဲ”
ယူဂျီးန်က ရယ်မောလိုက်ရင်း...
“သခင်လေး မသိသေးတဲ့အချက်တစ်ခုရှိတယ် ၊ ဖီးနစ်နားခိုရာမျိုးနွယ်က အရွယ်ရောက်ခြင်းအခမ်းအနားကျင်းပတိုင်း သူတို့ရဲ့ မြင့်မြတ်ရာနေရာဖြစ်တဲ့ ဖီးနစ်ကျဆုံးတောင်ကြားကို အပြင်လူတွေအတွက်ပါ ဖွင့်လှစ်ပေးတတ်ပါတယ် ၊ ဒါပေမဲ့ အပြင်လူတွေအတွက်တော့ လူတစ်ရာစာပဲ နေရာပေးထားပါတယ်”
အဘိုးအိုက ဆက်ပြောလိုက်သည်။
“ရည်ရွယ်ချက်ကတော့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာထဲက ထူးချွန်တဲ့ လူငယ်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်မှုထဲမှာ ပါဝင်ခွင့်ပေးဖို့ပါပဲ ၊ တကယ်ဆိုရင်... မျိုးနွယ်စုတစ်စု လူတစ်ယောက် လာရောက်ခွင့်ပေးရမှာဆိုပေမယ့်... ဟိုး ရှေးခေတ်အချိန်ကတည်းက မျိုးနွယ်စုတစ်ရာလို့သာပြောတာ အတိအကျ သတ်မှတ်နိုင်တာမျိုးမှ မဟုတ်တာ ၊ တောရိုင်းဒေသမှာ မျိုးနွယ်စုပေါင်း ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ အတတ်မပြောနိုင်ဘူးလေ...”
“ဒါကြောင့် ဖီးနစ်နားခိုရာမျိုးနွယ်စုက စမ်းသပ်ပွဲအခမ်းအနားအတွက် လက်မှတ်(၁၀၀) ပဲ ထုတ်ပေးခဲ့ပါတယ် ၊ အခမ်းအနားတက်ရောက်ခွင့်လက်မှတ် ကိုင်ထားတဲ့လူငယ်တိုင်း မျိုးနွယ်စုရဲ့မြင့်မြတ်ရာနေရာဖြစ်တဲ့ ဖီးနစ်ကျဆုံးတောင်ကြားကို အတူတကွဝင်ရောက်ပြီး စမ်းသပ်မှုခံယူနိုင်ပါတယ် ၊ ဒီပွဲက အနှစ်(၂၀)မှာတစ်ခါ တောရိုင်းဒေသတစ်ခုလုံးကို ပွက်လောရိုက်စေတာပါပဲ ၊ မျိုးနွယ်စုတွေက ဒီလက်မှတ်(၁၀၀)ကို ရသလောက်ယူနိုင်ဖို့ နည်းလမ်းကုန်သုံးပြီး ကြိုးစားကြတယ်လေ”
ခုန်မင်က မျက်နှာအမူအရာ မပြောင်းလဲဘဲ အေးဆေးစွာ မေးလိုက်သည်။
“ဖီးနစ်ကျဆုံးတောင်ကြားမှာ ဘာတွေများမက်မောစရာတွေရှိလို့ မျိုးနွယ်စုတွေက ဝင်ချင်နေရတာလဲ”
ယူဂျီးန်က ရှင်းပြသည်။
“ဖီးနစ်ကျဆုံးတောင်ကြားက ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ ပိုင်နက်နယ်မြေအလယ်ဗဟို နက်ရှိုင်းရာမှာ တည်ရှိပါတယ် ၊ မျိုးနွယ်စုရဲ့ မြင့်မြတ်ရာနေရာသို့ သတ်မှတ်ထားပြီး ပုံမှန်ဆိုရင် အပြင်လူတွေ လုံးဝ ချဉ်းကပ်ခွင့် မရှိပါဘူး ၊ အဲဒီ ဖီးနစ်ကျဆုံးချောက်နက်က တစ်ချိန်က မီးလျှံဖီးနစ် ကျဆုံးသွားတဲ့နေရာလို့ ကျော်ကြားပါတယ်...”
“စကားပုံ ရှိတယ်လေ... ‘ဖီးနစ်ကျဆုံးရာနေရာမှာ ရတနာတွေ ပေါများတယ်’ ဆိုတာ... ဒါကြောင့် ဖီးနစ်ကျဆုံးရာတောင်ကြားဆိုတာ နဂါးတွေရဲ့ရတနာသိုက်လိုပါပဲ ၊ တောင်ကြားထဲက ဒြပ်စင်စွမ်းအားတွေကလည်း အပြင်လောကထက် ဆယ်စမကအောင် ပေါများပါတယ် ၊ ဒီလိုထူးခြားတဲ့ပတ်ဝန်းကျင်ကြောင့် ရှားပါးဆေးဖက်ဝင်အပင်တွေ ၊ ထူးဆန်းတဲ့မှော်ဝင်သားရဲတွေ အများကြီးရှိပါတယ် ၊ အဲဒါတွေကိုသာ ယူဆောင်လာနိုင်ရင် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေရလာသလို ဖြစ်မှာပါ”
“ပိုပြီးအရေးကြီးတာက... တောင်ကြားထဲမှာ ကောင်းကင်ရတနာတွေပါ ရှိနေတာပါ ၊ တစ်ခုလောက်ရခဲ့ရင်တောင် တစ်သက်လုံးကံကောင်းသွားနိုင်ပါတယ် ၊ ဒီလိုရတနာတွေပေါများတဲ့နေရာကို တောရိုင်းဒေသက မျိုးနွယ်စုတွေအားလုံး ဝင်ရောက်ကံစမ်းချင်ကြတာ သဘာဝပဲ မဟုတ်လား”
ယူဂျီးန်၏ ဖီးနစ်ကျဆုံးချောက်နက်အား ချီးမွမ်းခန်းဖွင့်နေသည်ကိုကြားရသည့်တိုင် ခုန်မင်က တည်ငြိမ်နေဆဲပင်။
သူက တိုးလျသည့်လေသံဖြင့်...
“ဖီးနစ်ကျဆုံးတောင်ကြားက ဒီလောက်ထူးခြားတယ်ဆိုရင် ဖီးနစ်နားခိုရာမျိုးနွယ်စုက ဘာလို့ အပြင်လူတွေအတွက် ဖွင့်လှစ်ပေးရတာလဲ ၊ ဒီလိုရတနာတွေကို ကိုယ်ပဲပိုင်ဆိုင်ရတာက ပိုမကောင်းဘူးလား”
ယူဂျီးန်က လက်ဖဝါးများကို ပွတ်သပ်လိုက်ရင်း....
“ဖီးနစ်ကျဆုံးတောင်ကြားက ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့နေရာဖြစ်သလို စမ်းသပ်ရာနေရာလည်း ဖြစ်ပါတယ် ၊ စမ်းသပ်မှုဆိုတာက ပေါ့ပေါ့တန်တန် မဖြစ်သင့်ဘူးလေ ၊ အပြင်လူတွေအတွက် ဖွင့်ပေးတယ်ဆိုတာက စမ်းသပ်မှုပြိုင်ပွဲကို ပိုပြီးအရှိန်အဟုန်မြင့်လာအောင် လုပ်ဖို့ပါ ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုရဲ့အမြင်အရ... သူတို့မျိုးနွယ်စုကလူငယ်တွေ အပြင်လူတွေနဲ့ မယှဉ်ပြိုင်နိုင်ရင် မျိုးနွယ်စုရဲ့ တရားဝင် အရွယ်ရောက်သူလို့သတ်မှတ်ဖို့ အရည်အချင်း မရှိနိုင်ဘူးလေ”
ထိုအချိန် အနားတွင်ရပ်နေသည့် မော့ယွဲ့က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“သခင်လေး... ဒီလူလိမ်ကြီးရဲ့ ပေါက်ကရစကားတွေကို မယုံပါနဲ့ ၊ သူက ဖီးနစ်ကျဆုံးတောင်ကြားက ရတနာတွေအကြောင်းပဲ လျှောက်ပြောနေတာ... တကယ်တော့ အဲဒီတောင်ကြားက အရမ်းအန္တရယ်များပါတယ် ၊ အခမ်းအနား တစ်ကြိမ်ပြုလုပ်တိုင်း တောင်ကြားထဲဝင်သွားတဲ့သူတွေရဲ့ (၃၀)ရာနှုန်းလောက်ပဲ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ကြတာပါ”
ယူဂျီးန်က ရယ်မောလိုက်ရင်း...
“ကောင်းကင်ပေါ်က မုန့်တွေအလိုလိုကျလာတာမျိုး လောကမှာ မရှိပါဘူး ၊ အကျိုးအမြတ်ရချင်ရင် အန္တရယ်လည်း ရင်ဆိုင်ရမှာပဲလေ ၊ အပြင်လူတွေ မပြောနဲ့... ဖီးနစ်နားခိုရာမျိုးနွယ်စုကလူတွေတောင် ဖီးနစ်ကျဆုံးတောင်ကြားမှာ အများကြီးသေဆုံးခဲ့ရတာပဲ မဟုတ်လား...”
သူက ဆက်ပြောလိုက်သည်။
“ဒုတိယသခင်လေးကတော့ ဒီလိုကိစ္စမျိုးအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်နေမှာပါ ၊ ဒုတိယသခင်လေးက မျိုးဆက်တစ်ဆက်ရဲ့ ပါရမီရှင်ပါ ၊ တကယ်လို့ သခင်လေးသာ စမ်းသပ်မှုမှာပါဝင်ခဲ့ရင် တောရိုင်းဒေသကလူငယ်တွေက သခင်လေးကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ ၊ ပြီးတော့ ဒြပ်စင်စွမ်းအား အရှင်သခင်အောက်အဆင့်ရှိတဲ့ ကျင့်ကြံသူတွေပဲ ဖီးနစ်ကျဆုံးတောင်ကြားမှာ စမ်းသပ်မှုခံယူခွင့်ရှိပါတယ် ၊ ဒုတိယသခင်လေးရဲ့ စွမ်းရည်နဲ့ဆို တောင်ကြားထဲမှာ အတားအဆီးမရှိ သွားလာနိုင်မှာပါ”
ခုန်မင်က မျက်ခုံးများတွန့်ချိုးလိုက်ပြီး...
“ဘာလို့ အရှင်သခင်အဆင့်အောက် ကျင့်ကြံသူတွေပဲ ဖီးနစ်ကျဆုံးချောက်နက်ထဲ ဝင်ခွင့်ရှိရတာလဲ ၊ ဒီစည်းမျဉ်းက ထူးဆန်းမနေဘူလား”
ယူဂျီးန်က...
"ဒုတိယသခင်လေး မသိသေးတာ ဖြစ်ပါလိမ့်မယ် ၊ ဖီးနစ်ကျဆုံးတောင်ကြားက မီးလျှံဖီးနစ် ကျဆုံးသွားရာနေရာပါ ၊ တောင်ကြားထဲမှာ ထူးဆန်းပြီး အန္တရယ်ရှိတဲ့ ရောင်ဝါတစ်ခု ရှိနေပါတယ် ၊ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်နဲ့အထက် ကျင့်ကြံသူတွေ အထဲဝင်သွားရင် အဲဒီရောင်ဝါကြောင့် စွမ်းအားဖောက်ပြန်သွားနိုင်ပါတယ် ၊ ဒါကြောင့် ဒီတောင်ကြားက အဆင့်မြင့်ကျင့်ကြံသူတွေအတွက် တားမြစ်နယ်မြေပါပဲ”
“ဒီလိုကိစ္စမျိုး မရှိခဲ့ရင်လည်း တစ်လောကလုံးက အဆင့်မြင့်ကျင့်ကြံသူတွေ ဒီတောင်ကြားကိုလာပြီး ကောင်းကင်ရတနာတွေ လာယူကြတော့မှာပေါ့ ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုက ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ ကုန်းမြေတစ်ခုလုံးက ကျင့်ကြံသူတွေ အုပ်စုဖွဲ့ပြီးရောက်လာရင် ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ”
ခုန်မင်က ယူဂျီးန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“ဆရာကြီး’ယူဂျီးန်’ ... ခင်ဗျားက ဖီးနစ်ကျဆုံးတောင်ကြားအကြောင်း အတော်သိတာပဲနော် ၊ ကိုယ်တိုင်များဝင်ခဲ့ဖူးသလား မသိဘူး ၊ အဲဒီမှာ ထူးဆန်းတာတစ်ခုခုရှိရင်လည်း ကျုပ်ကိုမပြောပြဘဲ ချန်မထားနဲ့နော်”
ထိုစကားကြားတော့ ယူဂျီးန် အနည်းငယ် မျက်နှာပျက်သွားသည်။
သို့သော် အဘိုးအိုက ချက်ချင်းပင် ပြုံးရယ်လိုက်ပြီး...
"ဒုတိယသခင်လေးက နောက်နေပြန်ပါပြီ ၊ ကျုပ်လိုအဘိုးကြီးက ကြောင်လေးတစ်ကောင်လို အားနည်းလွန်းပါတယ် ၊ ဖီးနစ်ကျဆုံးတောင်ကြားကိုဝင်ဖို့ လုံးဝ အရည်အချင်းမမီပါဘူး ၊ ဒါပေမဲ့ တောင်ကြားထဲက ရတနာတွေကိုတော့ အမြဲတမ်းလိုချင်နေခဲ့တာပါ ၊ ဒါကြောင့် အချက်အလက်တွေအများကြီး ကြိုးစားစုဆောင်းထားရတာပေါ့ ၊ ဒုတိယသခင်လေး ဖီးနစ်ကျဆုံးတောင်ကြားကို စိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့နှစ်ယောက်ပေါင်းပြီး လုပ်ငန်းကြီးတစ်ခုလုပ်နိုင်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်လို့ရပါတယ်”