← Chapters

ဥတစ်လုံး

Vol. 8 Ch. 95

ဥတစ်လုံး

Vol. 8 Ch. 95

“လုပ်ငန်းကြီးတစ်ခု” ဟု ပြောလိုက်ချိန် ယူဂျီးန်၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားသည်။

သို့သော် ခုန်မင်၏စကားက သူ့ကို ရေအေးတစ်ခွက်နှင့် လောင်းချလိုက်သည့်ပမာ ဖြစ်သွားသည်။

“ဆရာကြီး’ယူဂျီးန်’ ... ဆရာကြီးကိုယ်တိုင် တောင်ကြားထဲမဝင်ဖူးသလို စွမ်းအားလည်းမရှိဘူးဆိုတော့... ကျုပ်က ဘာလို့ ဆရာကြီးနဲ့ပူးပေါင်းရမှာလဲ ၊ ကျုပ်ကိုယ်တိုင် ဝင်ခွင့်လက်မှတ်တစ်ခု ရှာလိုက်မယ် ၊ တောင်ကြားထဲရောက်ရင် အကျိုးအမြတ်တွေကို တစ်ယောက်တည်းယူလိုက်မယ်... အဲဒါ ပိုမကောင်းဘူးလား”

ထိုစကားကြောင့် ယူဂျီးန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ဘေးနားမှမော့ယွဲ့ကတော့ လက်ခုပ်လက်ဝါးတီးကာ သဘောတူလိုက်လေသည်။

"သခင်လေး ပြောတာ အမှန်ပဲ ၊ ဒီလူလိမ်ကြီးနဲ့ မပတ်သက်သင့်ဘူး ၊ တကယ်လို့ ဖီးနစ်ကျဆုံးတောင်ကြားကို သွားမယ်ဆိုရင်တောင် ကိုယ့်ဟာကိုယ်လှုပ်ရှားတာ ပိုအဆင်ပြေတယ်”

မော့ယွဲ့ကပါ မီးလောင်ရာလေပင့် ထပ်ပြောလိုက်လေရာ ယူဂျီးန်၏ရွှင်လန်းတောက်ပနေသောမျက်နှာမှာ ချက်ချင်းပင် မှိုင်းညို့သွားတော့သည်။

သူက သက်ပြင်းချလိုက်ရင်း...

"ဒုတိယသခင်လေး... ကျုပ်လိုအဘိုးကြီးကို ဒီလိုတော့ မနောက်ပါနဲ့ဗျာ... ကျုပ်ဆီကရတဲ့ တောရိုင်းဒေသနဲ့ပတ်သက်တဲ့ အချက်အလက်တွေက သခင်လေးအတွက် အကူအညီဖြစ်နိုင်ပါတယ် ၊ ပြီးတော့... စမ်းသပ်ပွဲဝင်ခွင့်လက်မှတ်တစ်ခု ကျုပ်ရထားပါတယ် ၊ ဒုတိယသခင်လေး ကိုယ့်ဟာကိုယ်ရှာနေစရာတောင် မလိုပါဘူး”

ပြောပြီးသည်နှင့် ယူဂျီးန်က အင်္ကျီထဲထည့်ထားသည့် လက်ဖဝါးအရွယ် နက်မှောင်သည့်တိုကင်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

တိုကင်ပြားကို မည်သည့်သတ္တုဖြင့်ပြုလုပ်ထားကြောင်း မသိနိုင်သော်လည်း တိုကင်အရှေ့ဘက်ခြမ်းတွင် မီးလျှံဖီးနစ်ရုပ်ပုံကို အသက်ဝင်လှပစွာ ထွင်းထုထားသည်။

ဤသည်က ဧကန်မလွဲ စမ်းသပ်ပွဲဝင်ခွင့်လက်မှတ်ပင် ဖြစ်တော့၏။

ထို့နောက် ယူဂျီးန်က မော့ယွဲ့ဘက်သို့လှည့်လျှက် လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း မျက်နှာချိုသွေးလိုက်သည်။

"သခင်မလေး မော့ယွဲ့... ဘေးကနေ ဒုက္ခမပေးပါနဲ့လား ၊ ကျုပ်နဲ့ ဒုတိယသခင်လေး ပူးပေါင်းမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်ပါတယ် ၊ ပြီးတော့ စမ်းသပ်ပွဲလကမှတ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ ပြောရရင်... ဒီနှစ်တစ်လျှောက်လုံး သခင်မလေးတို့ နတ်သားရဲမျိုးနွယ်တွေတောင် တစ်ခါမှ ဒီလိုလက်မှတ် မရခဲ့ဖူးဘူး မဟုတ်လား ၊ ဒုတိယသခင်လေးက ထူးချွန်တာ အမှန်ပါပဲ ၊ ဒါပေမဲ့ အခုဆိုရင် သတင်းကနောက်ကျနေပြီ ၊ လက်မှတ်သာမရှိလို့ အခွင့်အရေးလက်လွှတ်ရမယ်ဆိုရင် နှမျောစရာတွေ ဖြစ်ကုန်ပါလိမ့်မယ် ၊ ဒီတော့ အခုချိန်မှာ ဒီအဘိုးကြီးနဲ့ပူးပေါင်းတာအပြင် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူး”

မော့ယွဲ့က နှုတ်ခမ်းလေးစူလိုက်ရင်း...

“ပိုကောင်းတဲ့နည်းလမ်း မရှိဘူးတဲ့လား ၊ သခင်လေးက ရှင့်ဆီကလက်မှတ်ကို ငွေဒင်္ဂါး(၂၀)ပေးပြီးဝယ်လိုက်ရင် ပွဲပြီးသွားမှာပဲ မဟုတ်ဘူးလား”

ယူဂျီးန် “.......”

မော့ယွဲ့စကားကိုကြားသည်နှင့် ယူဂျီးန်မှာ ထိတ်လန့်လွန်းသဖြင့် လဲကျတော့မလိုပင် ဖြစ်သွားရသည်။

နောက်ဆုံး သူက ခုန်မင်ကို သနားစရာမျက်နှာထားဖြင့် ကြည့်နေရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ပေ။

ခုန်မင်က ရယ်မောလိုက်ပြီး...

“ဒါဖြင့်လည်း ဆရာကြီးဆီကလက်မှတ်ကို ငွေဒင်္ဂါး(၂၀)နဲ့ပဲ ဝယ်လိုက်တာပေါ့”

ယူဂျီးန် “.......”

ယူဂျီးန်မျက်နှာမှာ သွေးမရှိ ဖြူလျော်သွားတော့သည်။

ခုန်မင်က ရယ်မောရာမှ ရပ်တန့်လိုက်ပြီး...

“နောက်တာပါဗျာ... ဆရာကြီးနဲ့ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ မှန်ကန်တဲ့အစီအစဉ်တစ်ခုတော့ လိုအပ်တယ် ၊ ကဲ... ပြောပါဦး ဆရာကြီး ဘယ်လိုများ အစီအစဉ်ဆွဲထားသလဲ”

ထိုစကားကြားတော့မှ ယူဂျီးန်မှာ စိတ်သက်သာရာရသွားပြီး ခုန်မင်ကို အသေးစိတ်ရှင်းပြလိုက်သည်။

“ဒီစမ်းသပ်ပွဲလက်မှတ်ကို သခင်လေးကို အလကားပေးလိုက်နိုင်ပါတယ် ၊ ပြီးတော့ ဖီးနစ်ကျဆုံးတောင်ကြားမှာ ရှားပါးရတနာတွေရခဲ့ရင်လည်း ကျုပ် တစ်ခုမှမ‌ယူပါဘူး ၊ ကျုပ်တောင်းဆိုချင်တာ တစ်ခုတည်းပါပဲ ၊ ဒုတိယသခင်လေး တောင်ကြားထဲက ပစ္စည်းတစ်ခုကို ကျုပ်အတွက် ယူလာပေးစေချင်ပါတယ်”

ခုန်မင်က ယူဂျီးန်ကို အေးစက်စွာလှမ်းကြည့်လိုက်ပြီး...

“ဖီးနစ်ကျဆုံးတောင်ကြားက ပစ္စည်းတစ်ခုယူလာရမယ်... ဟုတ်လား ၊ အဲဒါ လွယ်တယ်များမှတ်လို့... ၊ စမ်းသပ်ပွဲလက်မှတ်တစ်စောင်ပေးပြီး ဒီလိုတောင်းဆိုတယ်ဆိုတာ အတော်လွန်ရာကျတာပဲ ၊ ဆရာကြီးက ဉာဏ်ကောင်းလွန်းပါတယ် ၊ ဆရာကြီးလိုလူတောင် သူများကိုအားကိုးရတယ်ဆိုတော့... ဒီပစ္စည်းက ယူလို့လွယ်မယ့်ပစ္စည်းမျိုးတော့ မဟုတ်နိုင်ဘူး ၊ ပြီးတော့ ကျုပ်က ဖီးနစ်ကျဆုံးတောင်ကြားဆိုတာက ဟင်းရွက်သွားခူးသလို သွားချင်တိုင်းသွားလို့ရတဲ့နေရာမျိုးလည်း မဟုတ်ဘူး”

ယူဂျီးန်က မျက်နှာချိုသွေးကာ ပြုံးလိုက်ရင်း...

"ဒုတိယသခင်လေးက ဒြပ်စင်စွမ်းအား(၃)မျိုး တပြိုင်တည်းကျင့်ကြံပြီး ချောင်အိမ်တော်ရဲ့တတိယသခင်လေးကိုတောင် လွယ်လွယ်နဲ့ အနိုင်ယူခဲ့တာပါ ၊ မျိုးဆက်တူတွေထဲမှာ သခင်လေးကို ယှဉ်နိုင်သူ မရှိပါဘူး ၊ စမ်းသပ်ပွဲကိုလာမယ့် လူငယ်တွေထဲမှာလည်း သခင်လေးနဲ့ ယှဉ်နိုင်မယ့်သူ တစ်ယေက်မှ မရှိနိုင်ဘူး ၊ ဖီးနစ်ကျဆုံးချောက်နက်က သခင်လေးအတွက် သေချာပေါက် အကျိုးအမြတ်အများကြီးရမှာပါ”

ခုန်မင်က မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့် ယူဂျီးန်ကို အကဲခတ်နေသည်။

ယူဂျီးန်မှာ အနည်းငယ် ရှက်အမ်းအမ်းဖြစ်သွားပြီး နောက်ဆုံးမှ ရဲဆေးတင်ကာ စကားဆိုလာသည်။

“ဟုတ်ပါတယ်... ကျုပ်က ဒုတိယသခင်လေးဆီက အကူအညီတောင်းတာဆိုတော့ ကျေးဇူးဆပ်သင့်တာတော့ အမှန်ပါပဲ ၊ ဒုတိယသခင်လေးသာ ကျုပ်လိုချင်တဲ့ပစ္စည်းကို ဖီးနစ်ကျဆုံးတောင်ကြားက ယူဆောင်လာနိုင်ရင်... ကျုပ်က ‘မီးလျှံဖီးနစ်လွင်ပြင်’ ဆိုတဲ့ကျင့်စဉ်ကျမ်းတစ်ခု လက်ဆောင်ပေးပါ့မယ်”

ခုန်မင်က အေးဆေးစွာဖြင့်...

“မီးလျှံဖီးနစ်လွင်ပြင် ဟုတ်လား... အဲဒီကျင့်စဉ်က ဘာထူးခြားတာရှိသလဲ”

ယူဂျီးန်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့်...

“ကျုပ်လိုအဘိုးကြီးကတော့ ဒီကျင့်စဉ်က ရှားပါးတဲ့ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် မီးဒြပ်စင်ကျင့်စဉ်တစ်ခုလို့ပဲ သိထားပါတယ် ၊ ဒုတိယသခင်လေးကတော့ သစ်သား၊ မီး၊ မြေ ဒြပ်စင်စွမ်းအား(၃)မျိုး တပြိုင်တည်း ကျင့်ကြံထားတာဆိုတော့... ဒီကျင့်စဉ်က သခင်လေးအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်ပါတယ်”

ထိုစကားကြားတော့ ခုန်မင် နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်လေသည်။

“ဆရာကြီး’ယူဂျီးန်’ ရဲ့ စွမ်းရည်က ထူးချွန်လွန်ပါတယ် ၊ ထိပ်တန်းသခင်အဆင့် ကျင့်စဉ်တစ်ခုတောင် လက်ထဲမှာရှိနေတယ်နော် ၊ ဆရာကြီးလို ဉာဏ်ကောင်းတဲ့သူက ဒီကျင့်စဉ်ရဲ့တန်ဖိုးကို မသိနိုင်စရာ မရှိပါဘူး ၊ ကျုပ် တကယ်ပဲ စိတ်ဝင်စားသွားပါပြီ ၊ ဆိုတော့... ခင်ဗျား ဖီးနစ်ကျဆုံးတောင်ကြားကနေ ဒီလောက်လိုချင်နေတဲ့ပစ္စည်းက ဘာပစ္စည်းများလဲ”

ယူဂျီးန်က...

“ဆိုရိုးစကားရှိတယ်လေ ၊ သခင်လေး ကြားဖူးတယ်မဟုတ်လား... ‘ကိုယ်တန်ဖိုးထားရာပစ္စည်းကို ရွှေဒင်္ဂါးထောင်ချီပေးလည်း မလဲနိုင်ဘူး’ ဆိုတာ... ဖီးနစ်ကျဆုံး‌တောင်ကြားက အဲဒီပစ္စည်းက ဒီအဘိုးကြီးအတွက် အဲဒီလိုပစ္စည်းမျိုးပါပဲ ၊ ဒုတိယသခင်လေးသာ ကျုပ်နဲ့ပူးပေါင်းပြီး ဒီဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင်... ဒီတစ်ကြိမ် ကူညီပေးတာကို ဒီအဘိုးကြီး တစ်သက်လုံးကျေးဇူးတင်နေပါ့မယ်”

ခုန်မင်က ယူဂျီးန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။

အဘိုးကြီး၏စကားထဲတွင် ယခုမှ ရိုးသားမှုအနည်းငယ် ပါဝင်လာကြောင်း သူ မြင်နိုင်လေသည်။

သို့ပေသိ ယူဂျီးန်ကို ဤမျှစွဲလန်းစေသည့် အဖိုးတန်ပစ္စည်းက မည်သည့်အရာများလဲ...။

အရှင်သခင်အဆင့် ပညာရပ်တစ်ခု၏တန်ဖိုးက ရွှေဒင်္ဂါးထောင်ချီမက တန်ဖိုးရှိလေသည်။ မြို့ကြီးများမှ လေလံပွဲများတွင်ဆိုလျှင် ရွှေဒင်္ဂါးသိန်းနှင့်ချီ၍ပင် ပေးရနိုင်သည်။

ခဏမျှ တွေးတောပြီးနောက် ခုန်မင်က...

“ဖီးနစ်ကျဆုံးတောင်ကြားကို ခရီးထွက်ဖို့က ကျုပ်အတွက် မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဆရာကြီးဘက်က ရှင်းရှင်းလင်းလင်းပြောမှဖြစ်မယ် ၊ ကျုပ် ဘယ်လိုပစ္စည်းမျိုးကို ယူလာပေးရမှာလဲ”

ယူဂျီးန်က လက်တစ်ချောင်းထောင်ပြလိုက်ရင်း...

“ဥတစ်လုံးပါ... သိပ်ကိုလျှို့ဝှက်တဲ့နေရာမှာ ဖုံးကွယ်ထားတဲ့ ဥတစ်လုံးပါ”

ခုန်မင် “.......”

ဥတစ်လုံးတဲ့လား...။

ခုန်မင် တကယ်ပင် ထင်မထားခဲ့မိပေ။

အဘိုးကြီး’ယူဂျီးန်’ ဤမျှလိုချင်တပ်မက်နေသည့်ပစ္စည်းက “ဥတစ်လုံး” ဖြစ်နေမည်ဟု...။

ထိုဥက ဘာများထူးခြားချက်ရှိပါသနည်း။

ခုန်မင်၏စိတ်ထဲမှ သံသယများပျောက်သွားစေရန် ယူဂျီးန်က ချက်ချင်း ဆက်ရှင်းပြလိုက်သည်။

“ဒီဥက ဖီးနစ်ကျဆုံးတောင်ကြားရဲ့ အနက်ရှိုင်း အလျှို့ဝှက်ဆုံးနေရာမှာ ရှိတာပါ ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုကလူတွေတောင် ဒီလျှို့ဝှက်နေရာရှိတယ်ဆိုတာ မသိကြဘူးလို့ထင်ပါတယ် ၊ ဒီအဘိုးကြီးက ကံကောင်းထောက်မပြီး ရတနာမြေပုံတစ်ခု ရရှိခဲ့လို့သာ ဖီးနစ်ကျဆုံးတောင်ကြားမှာ ဒီလိုအံ့သြစရာ နေရာတစ်ခုရှိနေမှန်း သိခွင့်ရခဲ့တာပါ”

ပြောပြီးသည်နှင့် ယူဂျီးန်က အင်္ကျီလက်ထဲမှ သားရေစာရွက်ပုံစံရှိသော မြေပုံတစ်ခု ထုတ်ယူလိုက်သည်။

ထို့နောက် သူက ရတနာတစ်ခုကိုကိုင်တွယ်သည့်ပမာ အလွန်သတိထားစွာဖြင့် ခုန်မင်၏မျက်စိရှေ့တွင် မြေပုံကို ဖြည်းဖြည်းချင်း ဖြည်ချလိုက်လေသည်။

မြေပုံကိုတွေ့သည်နှင့် ခုန်မင်၏မျက်ဝန်းများက အံ့အားသင့်မှုကြောင့် တောက်ပသွားသည်။

အဘယ်ကြောင့်ဆိုသော သာမန်သားရေစာရွက်ပမာဖြစ်သော မြေပုံထဲတွင် အလွန်သန့်ရှင်းစင်ကြယ်သော မီးဒြပ်စင်စွမ်းအား အနည်းငယ် ပါဝင်နေသောကြောင့်ပင်။

ပုံမှန်ဆိုလျှင် သားရေချပ်တစ်ခုထဲသို့ ဒြပ်စင်စွမ်းအား မည်သို့ထည့်သွင်းနိုင်ပါမည်နည်း။

အတော်ဆုံးပန်းပဲပညာရှင်များသည်ပင် ထိုအလုပ်မျိုး မလုပ်နိုင်လောက်ပေ။

ဤမြေပုံက ထူးဆန်းလွန်းပေ၏။

All Chapters