နိဗ္ဗာနမီးတောက်ဖြင့် ပြန်လည်မွေးဖွားခြင်း
Vol. 8 Ch. 96
ခုန်မင့်စိတ်ထဲ သံသယဝင်လာသဖြင့် ချက်ချင်းပင် “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းအားကို ထုတ်ဖော်ပြီး မြေပုံထက်သို့ စူးစိုက်ကြည့်လိုက်သည်။
အခန်းထဲတွင် တစ်ခဏမျှ ခရမ်းရောင်အလင်းတန်းများ တောက်ပသွားသည့်တိုင် ယူဂျီးန်ကတော့ သတိထားမိခြင်း မရှိပေ။
မော့ယွဲ့တစ်ယောက်သာလျှင် ဝိုင်းစက်ပြူးကျယ်သောမျက်ဝန်းများဖြင့် ခုန်မင်ကို ငေးစိုက်ကြည့်နေခဲ့သည်။
မော့ယွဲ့၏အမြင်အရဆိုလျှင် သခင်လေးထံမှ ဤနက်နဲလျှို့ဝှက်သော ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာတိုင်း ကြီးမားသောအကျိုးအမြတ်တစ်ခု သေချာပေါက်ရရှိတတ်သည်ပင်။
ခုန်မင်၏မျက်ဝန်းမှ ထွက်ပေါ်လာသော ခရမ်းရောင်အလင်းတန်းက မြေပုံထက်သို့ ကျရောက်သွားသည်။
ထို့နောက် မြေပုံပတ်လည်တွင် ကြည်လင်သည့်ခရမ်းရောင်စာလုံးစက်ဝန်းတစ်ခုဖြစ်တည်လာပြီး စတင်လည်ပတ်လာတော့သည်။
ထင်သည့်အတိုင်းပင် ဤမြေပုံက သာမန်ပစ္စည်းမဟုတ်ပေ။
သာမန်ပစ္စည်းဆိုပါက နတ်မျက်စိစွမ်းအားက အကဲဖြတ်ပေးမည် မဟုတ်ပေ။
ခရမ်းရောင်စာလုံးများကို အာရုံစိုက်ကြည့်လိုက်သည်နှင့် သတင်းအချက်အလက်များ ရရှိသွားလေသည်။
[မီးလျှံဖီးနစ်’ချိယန်’ ၏ ငှက်မွှေးတစ်ချောင်းမှပြောင်းလဲဖြစ်တည်လာခြင်း - မီးလျှံဖီးနစ်’ချိယန်’ သေဆုံးရာနေရာနှင့်ပတ်သက်သော အချက်အလက်များကို မှတ်တမ်းတင်ထားသည်။ လက်ရှိတန်ဖိုး - ခန့်မှန်း၍မရနိုင်ပေ။]
ဤသားရေကားချပ်က အမှန်ပင် မီးလျှံဖီးနစ်၏ ငှက်မွှေးမှ ပြောင်းလဲဖြစ်တည်လာခြင်း ဖြစ်သည်။
ထို့ပြင် ဤ ‘ချိယန်’ ဟု အမည်ရသည့် မီးလျှံဖီးနစ်က ဖီးနစ်ကျဆုံးတောင်ကြားတွင် သေဆုံးခဲ့သည့် ဖီးနစ်ငှက် ဖြစ်နိုင်သည်။
ထိုသို့ဆိုလျှင် ဤ ဖီးနစ်ငှက်မွှေးမှဖြစ်တည်လာသည့် မြေပုံတွင် ဖီးနစ်ကျဆုံးချောက်နက်၏ အကြီးကျယ်ဆုံးလျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားပေမည်။
ထို့ပြင် ဤထူးဆန်းသောအဘိုးကြီး’ယူဂျီးန်’ ၏ လက်ထဲတွင် ဖီးနစ်အမွှေးမြေပုံက အဘယ့်ကြောင့်ရှိနေရပါသနည်း။ ဤအဘိုးကြီးက ထူးခြားသည် အမှန်ပင်။
ခုန်မင်၏လက်ထဲသို့ ရောက်ရှိလာသော ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏ ရတနာမြေပုံသည်လည်း ဤထူးဆန်းသောအဘိုးအို’ယူဂျီးန်’ ထံမှပင် ရရှိခဲ့ခြင်းဖြစ်သည် မဟုတ်ပါလား။
တစ်နည်းဆိုရသော် ယူဂျီးန်ကဲ့သို့ လူထူးလူဆန်းတစ်ယောက်နှင့် ပူးပေါင်းမည်ဆိုလျှင် အံ့အားသင့်ဖွယ် အဖြစ်အပျက်များ ကြုံတွေ့ရမည်ဧကန်ပင်။
တစ်နည်းအားဖြင့် ဆိုရလျှင် ယူဂျီးန်ကဲ့သို့ နက်နဲလျှို့ဝှက်သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အံ့အားသင့်ဖွယ် အဖြစ်အပျက်များစွာ ယူဆောင်လာမည် ဧကန်ပင်။
သို့ပေသိ အံ့အားသင့်ဖွယ်ရာများကြီးမားလေ အန္တရယ်လည်းများလေဖြစ်ကြောင်း သိရှိရပေမည်။
ထို့ပြင် ယူဂျီးန်ပြောသော “ဥတစ်လုံး” က ဖီးနစ်ကျဆုံးတောင်ကြားတွင် ရှိနေခြင်းမှာ ပို၍ထူးခြားပေသည်။
ရှေးဟောင်းဒဏ္ဍာရီများတွင် မီးလျှံဖီးနစ်ငှက်က နိဗ္ဗာနမီးတောက်တွင် ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည်ဟု ဆိုထားပေသည်။
ဤဥက ထိုအချက်နှင့် ဆက်စပ်နေမည်လား။
ခဏမျှတွေးတောပြီးနောက် ခုန်မင်က ယူဂျီးန်ဘက်သို့လှည့်ကြည့်လိုက်ပြီး...
"ဆရာကြီး... ဒီမြေပုံကို ကြည့်ခွင့်ရမလား..."
ယူဂျီးန်အနေဖြင့် ခုန်မင်နှင့်ပူးပေါင်းလိုလျှင့် ယုံကြည်မှုကိုပြသရန် လိုအပ်ပေသည်။
သူက တစ်ချက်မတုံ့ဆိုင်းဘဲ မီးလျှံဖီးနစ်အမွှေးမြေပုံကို ခုန်မင်လက်ထဲသို့ ထည့်ပေးလိုက်သည်။
“မြေပုံ” ကို လက်ခံရရှိလိုက်သည်နှင့် အပေါ်ယံအသွင်အပြင်ဖြင့် မည်သည့်ထူးခြားချက်မှမရှိကြောင်း ခုန်မင် သဘောပေါက်လိုက်သည်။
သို့သော် နဂါးသားရေမြေပုံနှင့်မတူဘဲ ဤမီးလျှံဖီးနစ်အမွှေးမြေပုံထဲတွင်ပါဝင်သည့် မီးဒြပ်စင်စွမ်းအားက ပမာဏ မများလှသော်လည်း အလွန်အမင်း သန့်ရှင်းစင်ကြယ်လှသည်။
လက်ထဲ ကိုင်ထားရုံမျှဖြင့် ပူနွေးမှုကို ရှင်းလင်းစွာ ခံစားနေရသည်။
ထိုအချိန် ယူဂျီးန်က ဘေးနားမှ ရှင်းပြလိုက်သည်။
"ဒုတိယသခင်လေး၊ ဒီမြေပုံထဲက လျှို့ဝှက်ချက်တွေကိုသိချင်ရင် မီးဒြပ်စင်စွမ်းအား နည်းနည်းထည့်သွင်းပေးရုံပါပဲ”
ခုန်မင် ခေါင်းညိတ်လိုက်ပြီး လက်ချောင်းထိပ်တွင် မီးဒြပ်စင်စွမ်းအားချည်မျှင်တစ်ချောင်းစုစည်းကာ မီးလျှံဖီးနစ်အမွှေးမြေပုံထဲသို့ စီးဆင်းဝင်ရောက်စေလိုက်သည်။
မီးဒြပ်စင်စွမ်းအား မြေပုံနှင့်ထိတွေ့လိုက်သည်နှင့် ပန်းပဲပညာကျမ်းနှင့် အဂ္ဂိရတ်ပညာကျမ်းများကို လေ့လာစဉ်ကကဲ့သို့ပင် ထူးခြားဆန်းပြားသည့် အချက်အလက်များက ခုန်မင်၏စိတ်အာရုံထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
ခုန်မင်၏စိတ်အာရုံထဲတွင် ပေပေါင်းများစွာ ရှည်လျားသည့် အလွန်ကြီးမားသော မီးလျှံဖီးနစ်တစ်ကောင်ကို တွေ့မြင်လိုက်ရသည်။
ထိုမီးလျှံဖီးနစ်ငှက်က ဥက္ကာပျံတစ်ခုပမာ ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းသွားပြီး မိုးကြိုးပစ်သံပမာ ကျယ်လောင်သောအသံကြီးနှင့်အတူ ကမ္ဘာမြေပြင်ထက်သို့ ပြင်းထန်စွာ ပြန်ပြုတ်ကျလာသည်။
မြေမှုန်များလွင့်ပျံထွက်သွားပြီး ကောင်းကင်တစ်ခွင်ကိုပင် ဖုံးလွှမ်းသွားသည်။
မြေမှုန့်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်နှင့် ခုန်မင်၏စိတ်အာရုံက ငှက်တစ်ကောင်၏မျက်စိပမာ ကောင်းကင်ထက်သို့လွင့်ပျံသွားပြီး ကျယ်ပြန့်သည့်နယ်မြေတစ်ခု၏ မြေမျက်နှာသွင်ပြင်ကို အပေါ်စီးမှ တွေ့မြင်နေရလေသည်။
နောက်ဆုံး သူ၏စိတ်အာရုံက တောင်ကြားအတွင်းရှိ အလွန်မြင့်မားသော ဖီးနစ်သစ်ပင်ကြီးတစ်ပင်ထက်သို့ ကျရောက်သွားကာ စိတ်အာရုံထဲဝင်ရောက်လာသည့် အချက်အလက်များသည်လည်း ရပ်တန့်သွားသည်။
သူ၏စိတ်အာရုံထဲဝင်လာသည့် မြေမျက်နှာသွင်ပြင်များက ဖီးနစ်ကျဆုံးတောင်ကြား၏ မြေမျက်နှာသွင်ပြင် ဖြစ်ပေမည်။
နောက်ဆုံးမှ ထွက်ပေါ်လာသော မြင့်မားလှသည့် ဖီးနစ်သစ်ပင်ကြီးက ဖီးနစ်ကျဆုံးတောင်ကြား၏ အနက်ရှိုင်းဆုံးနှင့် အရေးကြီးဆုံးနေရာ ဖြစ်ပေမည်။
ယူဂျီးန် အလွန်လိုချင်နေသော “ဥတစ်လုံး” မှာ ဤဖီးနစ်သစ်ပင်ကြီးနှင့် ဆက်စပ်နေမည်လားဆိုသည်ကိုတော့ မသိရသေးပေ။
ဤမြေပုံကိုကြည့်ပြီးသည်နှင့် ဖီးနစ်ကျဆုံးချောက်နက်ကြီးတစ်ခုလုံးကို ခုန်မင် ရှင်းလင်းစွာ နားလည်သွားပေပြီ။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ဖီးနစ်ကျဆုံးချောက်နက်ထဲသို့ဝင်ရောက်ခြင်းမှာ သိပ်ပြီးအန္တရယ်ရှိမည် မဟုတ်တော့ပေ။
ခုန်မင်က မီးလျှံဖီးနစ်ငှက်မွှေးမြေပုံကို ယူဂျီးန်လက်သို့ ပြန်အပ်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဆရာကြီး’ယူဂျီးန်’ ... ဆရာကြီးပြောတဲ့ ဥတစ်လုံးက ဘာတွေများထူးခြားလို့လဲ ၊ အဲဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ် ၊ မဟုတ်ရင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ယခုတစ်ကြိမ်မှာတော့ ယူဂျီးန်၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။
သူက ခေါင်းညိတ်ရင်း...
“ဒုတိယသခင်လေး မေးမှတော့... ကျုပ်လည်း ဖုံးကွယ်မထားရဲပါဘူး ၊ ဒဏ္ဍာရီအရဆိုရင် မီးလျှံဖီးနစ်ဟာ နိဗ္ဗာနမီးတောက်နဲ့ ပြန်လည်မွေးဖွားလာနိုင်တယ်ဆိုတာ သခင်လေး သိပါတယ် ၊ ကျွန်တော် ရှာဖွေနေတဲ့ ‘ဥ’ က မီးလျှံဖီးနစ်ငှက် နိဗ္ဗာနမီးတောက်ကို ခံယူပြီး ပြန်လည်ဖြစ်တည်လာတဲ့ ‘ဥ’ ဖြစ်နိုင်ပါတယ်”
သူက ဆက်ပြောပြသည်။
“ဒီဥကိုအက်ကွဲစေပြီး ပြန်လည်မွေးဖွားလာစေနိုင်မယ်ဆိုရင် နတ်သားရဲတစ်ကောင်ဖြစ်တဲ့ မီးလျှံဖီးနစ်ငှက်ကို ရရှိနိုင်ပါတယ် ၊ ကျုပ်တစ်သက်လုံး ဒီလို ရှားပါးထူးဆန်းတဲ့ ရတနာပစ္စည်းတွေကို သိပ်ကိုဝါသနာပါခဲ့တာပါ ၊ မီးလျှံဖီးနစ်ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် ချက်ချင်း အသက်ပေးရမယ်ဆိုရင်တောင် တစ်ဘဝစာ တန်ပါတယ်ဗျာ...”
ခုန်မင်က ယူဂျီးန်ကို ကြည့်နေရင်း အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေသည်။
ယူဂျီးန်၏ အရင်စကားများတွင် သူ၏စိတ်ရင်းမှန် လုံးဝ မဖော်ပြခဲ့ပေ။
သို့သော် မီးလျှံဖီးနစ် နိဗ္ဗာနမီးတောက်ခံယူပြီး “ဥ” အဖြစ် ပြန်လည်မွေးဖွားခြင်းကို ပြောပြသည့်အချိန်တွင် ဤထူးဆန်းသောအဘိုးကြီး ပြောနိုင်သမျှအရာအားလုံး ကုန်ဆုံးသွားခဲ့ပေပြီ။
သို့ရာတွင် ဤလူထူးလူဆန်းကြီး၏ ရည်ရွယ်ချက်အမှန်ကိုတော့ ခုန်မင် ယခုတိုင် ခန့်မှန်းမရနိုင်သေးပေ။
မည်သို့ပင်ဖြစ်စေ ဖီးနစ်ကျဆုံးတောင်ကြားတွင် အန္တရယ်များသော ရောင်ဝါတစ်ခုရှိနေပြီး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်အောက် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်ဟု ဆိုထားသည်။
သို့ဆိုလျှင် ယူဂျီးန်အနေဖြင့် သူလိုချင်သည့် နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားလာမည့် မီးလျှံဖီးနစ် “ဥ” ကို ရရှိရန်အတွက် လူတစ်ယောက်နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်၏။
ပူးပေါင်းဆောင်ရွက်သည့်ကိစ္စတစ်ခုတွင် ရလဒ်ကောင်းထွက်ပေါ်ချင်လျှင် အတူပူးပေါင်းမည့်မိတ်ဖက်၏ စွမ်းရည်အပေါ်တွင် မူတည်ပေသည်။
ထိုသို့ဆိုလျှင် ယူဂျီးန်အနေဖြင့် ခုန်မင်ထက်ပိုကောင်းသော မိတ်ဖက် ရှိနိုင်ပါဦးမည်လား။
ဤလူထူးလူဆန်းအဘိုးကြီး ခုန်မင်ကို လာရောက်ရှာဖွေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
အမှန်တော့ ခုန်မင်သည်လည်း ဖီးနစ်ကျဆုံးတောင်ကြားကို အလွန် စိတ်ဝင်စားနေခဲ့သည်ပင်။
ယူဂျီးန်၏ ဖုံးကွယ်ထားသောရည်ရွယ်ချက်အမှန်ကို ခဏဘေးဖယ်ထားမည်ဆိုပါက ခုန်မင်ကိုယ်တိုင်လည်း ဖီးနစ်ကျဆုံးတောင်ကြားမှ စမ်းသပ်ပွဲကိုပါဝင်ချင်စိတ် ရှိနေခဲ့သည်။
အကြောင်းမှာ ကျင့်ကြံသူတစ်ယောက် စွမ်းအားကြီးမားလာရန်အတွက် စမ်းသပ်မှုများက သေချာပေါက် လိုအပ်သည် မဟုတ်ပါလား။
ဖီးနစ်ကျဆုံးတောင်ကြားမှာ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူများအတွက် အကောင်းဆုံး စမ်းသပ်ရာ နေရာတစ်ခု ဖြစ်ပေမည်။
ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနားကို လက်လွှတ်လိုက်ရပါက ခုန်မင် တစ်သက်လုံး ဖီးနစ်ကျဆုံးချောက်နက်ထဲသို့ ဝင်ရောက်ခွင့်ရတော့မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော နောက်ထပ် အနှစ်(၂၀)ကြာလျှင် ခုန်မင်၏ ကျင့်ကြံခြင်းအဆင့်က ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို များစွာကျော်လွန်နေမည် ဖြစ်သောကြောင့်ပင်။
ထို့ပြင် သူနှင့်ပူးပေါင်းလိုသည့် ယူဂျီးန်မှာလည်း “ဥတစ်လုံး” သာ ရရှိပါက အရှင်သခင်အဆင့် ပညာရပ်တစ်ခုကိုပင် အလကားပေးပစ်ရန် အသင့်ရှိနေပေသည်။
အရှင်သခင်အဆင့် ပညာရပ်တစ်ခုဆိုသည်က ခုန်မင်ကိုယ်တိုင်အတွက်သာမက ခုန်အိမ်တော်တစ်ခုလုံး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ များစွာအကူအညီ ဖြစ်ပေသည်။
နောက်တစ်ချက်မှာ ယူဂျီးန်ပြောပုံအတိုင်းဆိုလျှင် ချောင်တတိယသခင်လေးသည်လည်း ဖီးနစ်ကျဆုံးတောင်ကြားရှိ စမ်းသပ်ပွဲသို့ ဝင်ရောက်မည်ဖြစ်သည်။
ကြည့်ရသည်မှာ ချောင်အိမ်တော်သည်လည်း သီးခြားရည်ရွယ်ချက်တစ်ခု ရှိနေနိုင်သည်။
ချောင်အိမ်တော်၏ တတိယသခင်လေး ကြိုတင်စီစဉ်ထားသည့်အရာများကို ဖျက်ဆီးပစ်နိုင်ပါက ၊ ထိုအရာသည် ခုန်အိမ်တော်အတွက် ပံ့ပိုးမှုတစ်ခု ဖြစ်လာပေမည်။
အလုံးစုံစဉ်းစားကြည့်သော် ဖီးနစ်ကျဆုံးတောင်ကြား ခရီးစဉ်က အန္တရယ်ရှိသည့်တိုင် အကျိုးလည်း ရှိလှပေသည်။
စိတ်ဆုံးဖြတ်ပြီးသည်နှင့် ခုန်မင်က ယူဂျီးနက်ကို ပြောပြလိုက်သည်။
“ဆရာကြီး’ယူဂျီးန်’ ဘက်က ဒီလောက်တောင် စိတ်ရင်းမှန်တယ်ဆိုတော့... ကျုပ်တို့ ပူးပေါင်းကြတာပေါ့လေ ၊ ဒါပေမဲ့ ဖီးနစ်ကျဆုံးတောင်ကြားကိုသွားမယ့်ခရီးစဉ်က အန္တရယ်များလွန်းတယ် ၊ ဆရာကြီးလိုချင်တဲ့ ‘ဥတစ်လုံး’ ကို ယူဖို့က ပိုပြီးခက်ခဲမှာပဲ ၊ မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်တစ်ခုတည်းနဲ့ဆိုရင် အပေးအယူက အရမ်းနည်းနေသေးတယ် မဟုတ်ဘူးလား”