← Chapters

လောကကြီးဆီသို့

Vol. 8 Ch. 92

လောကကြီးဆီသို့

Vol. 8 Ch. 92

မြို့တော်နှင့် အလှမ်းဝေးရာ ခွန်းကာမြို့မှာတော့...

ပင်မခုန်အိမ်တော်၏ တတိယဘိုးဘေးက သူ့ကိုအာရုံစိုက်နေပြီဖြစ်ကြောင်း ခုန်မင်တစ်ယောက် မသိရှိသေးပေ။

သို့သော် ချောင်တတိယသခင်လေးနှင့် တိုက်ခိုက်ပြီးသည့်နောက် ခုန်မင်မှာ အိမ်ထဲမှအိမ်ပြင်ပင် ထွက်မရနိုင်လောက်‌အေင် ဖြစ်နေခဲ့သည်။

ထျန်းယွမ်ကုန်းမြေတွင် “နာမည်ကြီးများနောက်သို့လိုက်ခြင်း” ဆိုသည့် အယူအဆမျိုး မရှိသော်ငြား လူတို့၏စိတ်သဘာဝအရ စိတ်လှုပ်ရှားစရာ ကိစ္စများတွင် စုပြုံတိုးဝှေ့တတ်သည်မှာ ဓမ္မတာပင်။

အထူးသဖြင့် လက်ရှိ တစ်မြို့လုံးတွင် ရေပန်းအစားဆုံးဖြစ်နေသည့် ခုန်ဒုတိယသခင်လေးကဲ့သို့လူမျိုးအတွက် ပို၍ပင်ဆိုးလှသည်။

သူ အိမ်ပြင်သို့ခြေတစ်လှမ်းချလိုက်သည်နှင့် လူအုပ်ကြီးက ချက်ချင်းရောက်လာတော့သည်။ သို့ဖြစ်ရာ ခုန်မင်အနေဖြင့် အိမ်တွင်းအေင်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ထိုသို့ အိမ်တွင်းအောင်းနေသည့်တိုင် နေ့စဉ်နှင့်အမျှ ဧည့်သည်များမပြတ်တမ်း ရောက်နေသဖြင့် စိတ်ညစ်ရသေးသည်။

အချို့က ခုန်ဒုတိယသခင်လေးနှင့် တွေ့ဆုံချင်၍ဟုဆိုကြပြီး အချို့ကတော့ သူ့ထံမှ လမ်းညွှန်မှုရယူချင်သည်ဟု ပြောကြပြန်သည်။

ဤသည်က နာမည်ကြီးများ၏ဒုက္ခပင် ဖြစ်သည်။

နောက်ဆုံးမှာတော့ ခုန်မင်က အေးရာအေးကြောင်းနေနိုင်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသဖြင့် မည်သည့်ဧည့်သည်မှအတွေ့မခံတော့ဟု ကြေညာလိုက်ရတော့သည်။

သို့သော် အမှန်တကယ်ရော ထိုသို့ဟုတ်ပါသလား။

မကြာခင်ကမှ တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော ခုန်မင်က ချက်ချင်းပင် ဒုတိယအကြိမ် တံခါးပိတ်ကျင့်ကြံပါမည်လား။

သူက အိမ်ထဲတွင် တံခါးပိတ်လျှက် နေ့စဉ် စာဖတ်နေခြင်းသာဖြစ်သည်။ အားလပ်ချိန်များမှာတော့ ‌မော့ယွဲ့နှင့် မော့ဖေးကို တိမ်လွှာလေပြင်း ရုပ်ခန္ဓာကျင့်စဉ် သင်ပြပေးတတ်သည်။

သို့ဖြစ်ရာ သူ၏နေ့ရက်များက အတော်လေးပင် အေးအေးလူလူရှိသည်ဟု ဆိုရမည်။

ယခု ခုန်မင်ဖတ်ရှုနေသည့်စာအုပ်များက ခုန်အိမ်တော် သိုင်းကျမ်းစာကြည့်တိုက်ထဲမှ ကျင့်စဉ်စာအုပ်မျာ မဟုတ်ပေ။

သူက ထျန်းယွမ်ကုန်းမြေ၏ ပထဝီဝင် ၊ သမိုင်း ၊ ယဉ်ကျေးမှု ၊ အနုပညာနှင့် လူမှုရေးရာအဖြာဖြာများကို ဖတ်ရှုလေ့လာနေခြင်း ဖြစ်၏။

ခုန်အိမ်တော်မှ ရှာဖွေပေးနိုင်သမျှ စာအုပ်များအားလုံးကို ခုန်မင်က ဖတ်ရှုနေပေသည်။

ထျန်းယွမ်ကုန်းမြေအကြောင်း ခုန်မင်နားလည်ထားသမျှမှာ မူလခန္ဓာကိုယ်ပိုင်ရှင် “ခုန်မင်လေး” ၏ ဝိညာဉ်နှင့်ပေါင်းစပ်ခဲ့စဉ်က မှတ်ဉာဏ်များမှတစ်ဆင့် သိရှိထားခြင်းသာ ဖြစ်သည်။

သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင် ခုန်မင်လေးက ငယ်ရွယ်လွန်းသေးသည့်အပြင် သူ၏ အချိန်အတော်များများကိုလည်း ကျင့်ကြံခြင်းတွင်သာ မြှုပ်နှံထားခဲ့သဖြင့် ကုန်းမြေအကြေငာ်း နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ခြင်းမရှိပေ။

ခုန်မင်က တစ်နေ့တွင် ဤလောက၏ အထွတ်ထိပ်အဆင့်၌ရပ်တည်ရမည်ဟု ရည်မှန်းထားသူဖြစ်လေရာ ထျန်းယွမ်ကုန်းမြေအကြောင်း အစအဆုံး အသေးစိတ် နားလည်သဘောပေါက်ရန် လိုအပ်သည်။

ထို့ကြောင့် အားလပ်ချိန်ရခိုက် နယ်ပယ်ပေါင်းစုံမှ အသိပညာဗဟုသုတများကို စာဖတ်ခြင်းဖြင့် အမိအရလေ့လာနေခြင်း ဖြစ်၏။

ရှေးလူကြီးများပြောလေ့ရှိသော ဆိုရိုးစကားရှိသည်။

“စာအုပ်ပေါင်းတစ်သောင်းကိုဖတ်ရှုပြီး မိုင်ပေါင်းတစ်သောင်း ခရီးနှင်ပါ” ဟူ၍ ဖြစ်သည်။

ယခု ခုန်မင်လုပ်ဆောင်နေသည်မှာလည်း တစ်ချိန် ကုန်းမြေတစ်ခွင် ခရီးလှည့်လည်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းသာ ဖြစ်သည်။

လောကကိုအုပ်စိုးသည့် မည်သည့်ပညာရှင်မဆို ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာခြင်း မဟုတ်ပေ။

ပြင်ပလောက၏ ပြင်းထန်သော စမ်းသပ်မှုများကို မကျော်ဖြတ်ဘဲ ၊ ခရီးဝေးထွက်ခြင်းမှရရှိသည့် သတ္တိနှင့် ဗဟုသုတအတွေ့အကြုံများမရှိဘဲ “မဟာတာအို” သို့ တက်လှမ်းနိုင်မည့်အခွင့်အလမ်း မည်သို့ရရှိပါမည်နည်း။

တံခါးပိတ်ကျင့်ကြံခြင်းအပြင် မိမိ၏အစွမ်းသတ္တိကိုမြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းမှာ ကမ္ဘာအနှံ ခရီးဆန့်ခြင်းပင် ဖြစ်သည်။

ပြင်းထန်သော မုန်တိုင်းများနှင့် လှိုင်းတံပိုးများအလယ် တဖြည်းဖြည်း ရင့်ကျက်ကြီးပြင်းလာခြင်းကသာ ကျင့်ကြံသူတိုင်းအတွက် အမှန်တရားတစ်ခု ဖြစ်ပေသည်။

လက်ရှိတွင် ခုန်မင်က အသက်(၁၄)နှစ်သာ ရှိသေးသည်။ သူ့အနေဖြင့် ကမ္ဘာပတ်လိုသည်ဆိုပါက ငယ်ရွယ်သေးသည်ဟု ဆိုရမည်။

အသက်(၁၆)နှစ်ပြည့်ပြီး အရွယ်ရောက်ချိန်မှသာ ခရီးရှည်များစတင်ထွက်ခွာရန် ပိုမိုသင့်တော်ပေမည်။

သို့သော် ခုန်မင်၏အတွေးများကို အခြားသူများ ခန့်မှန်းနိုင်ခြင်း မရှိပေ။

သူ့အတွက် ထုံးတမ်းစဉ်လာကိုချိုးဖျက်ပြီး လုပ်ဆောင်မည်ဆိုလျှင်ပင် “မဖြစ်နိုင်” ဆိုသောအရာ မရှိသလောက်ပင်။

ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏လက်တံက အလွန်ရှည်သည်ဖြစ်ရာ ခုန်မင်ဖတ်ရှုခွင့်ရသည့် စာအုပ်များထဲတွင် ပြင်ပလော၌ တားမြစ်ထားသည့် စာပေများပင် ပါဝင်နေသည်။

ထို့ကြောင့် သာမန်လူများမသိနိုင်သော လျှို့ဝှက်ချက်များကိုပင် ခုန်မင် သိခွင့်ရခဲ့သည်။

ထျန်းယွမ်ကုန်းမြေကို အဓိကလွှမ်းမိုးထားသူများက လူသားမျိုးနွယ်များဖြစ်ကြသည်။

သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ထျန်းယွမ်ကုန်းမြေ၏ ပြည်နယ်(၉)ခုကို တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်းနိုင်ခဲ့သည့် “မဟာဒေဝါတိုင်းပြည်ကြီး” သည်ပင်လျှင် ပြည်နယ်တိုင်း၏နယ်မြေတိုင်းကို လူသားများသာ ထိန်းချုပ်ထားသည်ဟု မပြောဆိုဝံ့ခဲ့ကြပေ။

အကြောင်းမှာ ထျန်းယွမ်ကုန်းမြေတွင် လူသားများအပြင် အခြားသော မျိုးနွယ်စုပေါင်းများစွာ နေထိုင်ကြသောကြောင့် ဖြစ်၏။

ထိုမျိုးနွယ်စုများက လူသားများလောက် ဦးရေများခြင်းမရှိသော်လည်း မျိုးနွယ်စုတစ်ခုစီတိုင်းတွင် “မဟာတာအို၏အဆုံးစွန်သောအဆင့်” သို့ တက်လှမ်းနိုင်သည့် အထွတ်ထပ် တန်ခိုးစွမ်းအားရှင်များ ရှိနေသောကြောင့်ပင်။

ထိုသို့ အခြားမျိုးနွယ်များမှ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များနှင့် လူသားမျိုးနွယ်မှ ထိပ်သီးပုဂ္ဂိုလ်များကြား တရားဝင်မဟုတ်‌သည့်တိုင် နားလည်မှုဖြင့် သဘောတူထားသည်များ ရှိကြသည်။

ထိုသ‌ဘောတူညီချက်များတွင် လူသားမျိုးနွယ်တို့၏နယ်မြေများ မည်မျှကျယ်ပြန့်လာပါစေ လူသားမဟုတ်သည့် မျိုးနွယ်စုများ၏ အခြေစိုက်နယ်မြေများကို ကျူးကျော်ဖျက်ဆီးခြင်းမပြုရဟူ၍ ပါရှိသည်။

ဥပမာဆိုရလျှင် -

လျန်ကျိုးနယ် တောင်ဘက်စွန်းရှိ “တောရိုင်းဒေသ” နှင့် လျန်ကျိုးနယ် အနောက်ဘက်နယ်စပ်ရှိ ‘ချီလင်တောင်တန်း’ တို့မှာ လူသားများ ကျူးကျော်တိုက်ခိုက်ခွင့်မရှိသော တားမြစ်နယ်မြေများ ဖြစ်ကြသည်။

ထို့ပြင် အရှေ့တောင်ဘက်မှ သမုဒ္ဒရာကြီးနှစ်စင်း ၊ ကုန်းမြေအနောက်ဘက်မှ “ရှေးဟောင်းတောရိုင်းနယ်မြေ” ၊ မြောက်ပိုင်းနယ်စပ်ရှိ အဆုံးမဲ့ရေခဲပြင်ကြီးများ.... စသည်ဖြင့် လူသားများ ခြေတစ်လှမ်းပင်ကျူးကျော်ခွင့်မရှိသည့် နေရာအမြောက်အမြား ရှိပေသည်။

ပြောရမည်ဆိုလျှင် အိမ်ထဲတွင်တံခါးပိတ်နေရုံမျှဖြင့် ထျန်းယွမ်ကုန်းမြေက မည်မျှထူးခြားဆန်းပြားပြီး ကျယ်ပြောလှသည်ကို မှန်းဆနိုင်မည် မဟုတ်ပါချေ။

ထို့ပြင် ဤမျှဆန်းကြယ်လှပသည့် ကမ္ဘာလောကကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခံစားမကြည့်နိုင်လျှင် အလွန်ပင် နှမျောစရာကောင်းလှသည် မဟုတ်ပါလား။

လက်ရှိနေ့ရက်များမှာတော့ ခုန်မင်က စိတ်ဝင်စားစွာ စာဖတ်လိုက် ၊ စာဖတ်ရင်းတွေးတောလိုက်ဖြင့် အချိန်ကုန်ဆုံးနေတတ်သည်။

တခါတရံမှာတော့ သူက စာအုပ်ကိုပိတ်ကာ အတွေးနက်နေတတ်ပြီး သူ၏စိတ်ကူးများက မိုင်ပေါင်း သန်းချီဝေးကွာသော နေရာများဆီသို့ လွင့်မျောနေတတ်လေသည်။

စာဖတ်ခြင်းမှ အနားယူသည့်အချိန်များတွင် ခုန်မင်က မော့ယွဲ့အား တောရိုင်းဒေသ၏ဓလေ့ထုံးတမ်းများအကြောင်း မေးမြန်းလေ့ရှိသည်။

သူက ထိုလျှို့ဝှက်ဆန်းကြယ်သည့်နေရာကို အလွန်အမင်း စိတ်ဝင်စားနေမိသည်။

ခရီးထွက်ခွင့်ရမည်ဆိုလျှင် ခုန်မင် အရင်ဆုံးသွားမည့်နေရာမှာ ထိုတောရိုင်းဒေသပင် ဖြစ်ပေမည်။

ယနေ့မှာတော့...

ခုန်မင်က 'တောင်ဘက်သမုဒ္ဒရာရှိ ထူးခြားဆန်းပြားသော နယ်မြေများမှတ်တမ်း' အမည်ရှိ စာအုပ်ကို ဖတ်ရှုနေလေသည်။

ထိုစာအုပ်က အလွန်စိတ်ဝင်စားဖွယ်ကောင်းသဖြင့် စာအုပ်ထဲမှဒဏ္ဍာရီဇာတ်လမ်းများကို မော့ယွဲ့အား ပြောပြရန် ပြင်ဆင်နေချိန် အစေခံတစ်ယောက် အပြေးအလွှားရောက်ရှိလာသည်။

“ဒုတိယသခင်လေး... လျှောက်တင်ပါတယ်”

ခုန်မင်က စာအုပ်ကိုအသာချလိုက်ပြီး ထိုအစေခံကို လှမ်းကြည့်လိုက်သည်။

အစေခံက...

“သခင်လေး... အိမ်တော်တံခါးဝမှာ အဘိုးအိုတစ်ယောက် ရောက်နေပါတယ် ၊ သူက သခင်လေးနဲ့တွေ့ချင်တယ်ချည်းပဲပြောနေပါတယ် ၊ အစေခံတွေနဲ့ အိမ်တော်အစောင့်တွေ ဘယ်လိုပဲတားတား အဲဒီအဘိုးကြီးက လုံးဝ ပြန်မသွားပါဘူး ၊ အခုလည်း အိမ်တော်တံခါးမှာ ဒေါသတကြီးနဲ့ အော်ဟစ်သောင်းကျန်းနေပါတယ်”

ခုန်မင်က နားထောင်နေစဉ် အစေခံက ဆက်ပြောလေသည်။

“ထူးဆန်းတာက... အဲဒီအဘိုးကြီးက လေတိုက်ရင်လဲမယ့်ပုံစံ ပိန်ညှောင်နေတာပဲ ၊ ဒါပေမဲ့ အိမ်တော်အစောင့်တွေ ဘယ်လိုပဲဆွဲထုတ်ဆွဲထုတ် တစ်လက်မတောင် ရွေ့မသွားပါဘူး”

အစေခံက...

“ပြီးတော့ သူက ပြောသေးတယ်...”

ခုန်မင်က ခေါင်းညိတ်လိုက်ရင်း...

“သူက ဘာပြောတာလဲ”

“တကယ်လို့ ဒုတိယသခင်လေးသာ သူ့ကိုထွက်မတွေ့ဘူးဆိုရင်... ခုန်အိမ်တော်အတွက် အကြီးအကျယ်ဆုံးရှုံးမှု ဖြစ်လိမ့်မယ်တဲ့ ၊ အဲဒီဆုံးရှုံးမှုက ငွေစ(၂၀)ထက်ပိုပြီး ကြီးမားလိမ့်မယ်တဲ့ ၊ သူက အဲဒီလိုစကားတွေကို အကျယ်ကြီးအော်ပြောနေပါတယ်”

ထိုသို့ဒုက္ခပေးလှသောအဘိုးအိုကို မည်သို့မှ ကိုင်တွယ်၍မရတော့သဖြင့် အစေခံက ခုန်မင်ထံ လာရောက်အကြောင်းကြားခြင်း ဖြစ်၏။

ထိုစကားများကိုကြားသည်နှင့် အဘိုးအိုက အခြားသူမဟုတ်ကြောင်း ခုန်မင် သိရှိလိုက်သည်။

ထိုအဘိုးအိုက ခုန်မင်အား ‘တိုရီယာလက်စွပ်’ လက်ဆောင်ပေးလိုက်သည့် လျှို့ဝှက်ဆန်းကြယ်သောအဘိုးကြီး ‘ယူဂျီန်း’ သာ ဖြစ်ရပေမည်။

ယူဂျီးန်နှင့်ပတ်သက်လျှင် သူနှင့် ခုန်မင်ကြားမှ ပတ်သက်မှုကို "ငွေစနှစ်ဆယ်" ဟူသော စကားစုလေးဖြင့် အပြည့်အစုံ ရှင်းပြနိုင်ပေသည်။

တိုရီယာလက်စွပ်ဖြစ်စေ ၊ ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏ နဂါးသရေ ရတနာမြေပုံကိုဖြစ်စေ ပစ္စည်း(၂)မျိုးလုံးကို ခုန်မင်က ယူဂျီးန်ထံမှ “ငွေစနှစ်ဆယ်” တည်းဖြင့် ဝယ်ယူခဲ့သည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ခုန်မင်က ယူဂျီးန်အား လူထူးလူဆန်းအဘိုးကြီးမဖြစ် မှတ်ယူထားခဲ့သည်။

သူတို့နှစ်ယောက် နောက်တစ်ကြိမ်ထပ်တွေ့နိုင်သေးသည်ဟု မသိစိတ်မှ ခံစားခဲ့ရသော်လည်း လေလံပွဲအပြီး (၂)လပင်မပြည့်သေးခင် အဘိုးကြီးက အိမ်တံခါးဝသို့ ရောက်လာပေပြီ။

ယူဂျီးန်က ပိန်ချည့်ခြောက်သွေ့ပြီး အားနည်းဟန်ရှိကာ ခန္ဓာကိုယ်မှလည်း မည်သည့်ဒြပ်စင်စွမ်းအားလှိုင်းလုံးမှ ထွက်ပေါ်နေခြင်း မရှိပေ။

သို့သော် သူက လုံးဝ သာမန်လူတစ်ယောက် မဟုတ်ပေ။

ထို့ပြင် ခုန်မင်ကိုယ်တိုင်ပင် အဆုံးနှင့်အစကို လုံးဝ ခန့်မှန်းမရနိုင်လောက်အောင် နက်ရှိုင်းသည့်လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

ဟုတ်ပေ၏။

ထိုအဘိုးကြီးက သာမန်အဘိုးကြီးတစ်ယောက်ဆိုလျှင် ‘တောရိုင်းဒေသ’ လို နေရာမျိုးတွင် မည်သို့ အခြေချနေထိုင်နိုင်ပါမည်နည်း။

သူက တောရိုင်းဒေသရှိ လေမိုးကြိုးတောင်ကုန်းတွင် နေထိုင်သည်ဟု ယူဂျီးန်က ပြောခဲ့ဖူးသည်။

ထိုစကားက အလိမ်အညာမဟုတ်မှန်း ခုန်မင် သိရှိလေသည်။

ထိုနေရာကို မော့ယွဲ့ မသိရှိခြင်းမှာ ထိုနေရာ မတည်ရှိသောကြောင့် မဟုတ်ပေ။ ထိုနေရာက ထူးခြားသောကြောင့်သာ မိန်းကလေးငယ်က မသိခြင်း ဖြစ်နိုင်၏။

ယူဂျီးန်၏ အပြုအမူများက ထူးဆန်းဖောက်ပြန်သည်ဆိုသော်လည်း သူ၏ဂုဏ်သိက္ခာနှင့် ရိုးသားမှုကတော့ အပြစ်ဆိုစရာ မရှိပေ။

တိုရီယာလက်စွပ်နှင့် ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏ နဂါးသားရေ ရတနာမြေပုံတို့ ကလေးကစားစရာပမာ စျေးနှုန်းလောက်ဖြင့် ခုန်မင်လက်ထဲ ရောက်ရှိသွားသည့်တိုင် သူက အနည်းငယ်ပင် နောင်တရဟန်မရှိခဲ့ပေ။

ထို့ပြင် အရှက်ရပြီး ဒေါသပေါက်ကွဲခြင်းမျိုးလည်း မပြုလုပ်ခဲ့ပေ။

ယခုလည်း ယူဂျီးန်က ခုန်အိမ်တော်တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြန်လေရာ...

နောက်ထပ် မည်သို့သော ကံကောင်းခြင်းလက်ဆောင်တစ်ခု ခုန်မင်ထံသို့ ရောက်ရှိလာဦးမည်လဲဟု တွေးစရာ ဖြစ်လာသည် မဟုတ်ပါလား။

All Chapters