လုပ်ငန်းကြီး
Vol. 8 Ch. 93
ခုန်မင်က အစေခံကိုနှစ်သိမ့်လိုက်သည်။
“ကြောက်စရာမလိုပါဘူး... အဲဒီအဘိုးကြီးက ငါ့အသိပါ ၊ သူ့ကို အိမ်တော်ထဲခေါ်လိုက်ပါ”
ခုန်အိမ်တော်ရှိ အစေခံများအတွက် ခုန်မင်၏စကားက အိမ်တော်သခင်’ခုန်ကျွင်း’ နှင့် တန်းတူပင် အရေးပါလှသည်။
ထို့ကြောင့် အစေခံက ချက်ချင်းပင်ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ဘေးနားတွင်ရှိနေသည့် မော့ယွဲ့က ခုန်မင်နှင့် အစေခံတို့ပြောသမျှစကားကို တစ်လုံးမကျန် နားထောင်နေခဲ့သည်။ သူမက ဉာဏ်ရည်ထက်သည်ဖြစ်ရာ အဘိုးကြီးက ယူဂျီးန်ဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်၏။
သူမက နှုတ်ခမ်းလေးစူလိုက်ရင်း...
“သခင်လေး... အဲဒီအဘိုးကြီးက ဟိုလူလိမ်ကြီး မဟုတ်လား ၊ သူ့ကို တွေ့စရာအကြောင်း ရှိလို့လား”
ခုန်မင်ကပြုံးလိုက်ရင်း...
“လူလိမ်ကြီးဆိုရင်တောင် သူက အကျိုးပြုတဲ့လူလိမ်ကြီးပဲ ၊ သူ့ကိုတွေ့ကြည့်ရုံနဲ့ ဘာမှဆုံးရှုံးစရာမရှိပါဘူး”
ခုန်မင့်စကားကြားတော့ မော့ယွဲ့၏ ဝိုင်းစက်လှပသည့်မျက်ဝန်းများ အတွေးထဲနစ်သွားသည်။
ထိုပိန်ပါးသောအဘိုးကြီးက လူလိမ်ကြီးပီပီ လိမ်ညာတတ်သည်မှန်သော်လည်း သူမ၏သခင်လေးမှာ ထိုအဘိုးကြီးကြောင့် တစ်ခါမှ ဆုံးရှုံးခဲ့ခြင်းမျိုး မရှိခဲ့ပေ။
ကြီးကြီးမားမား အကျိုးအမြတ်များပင် ရခဲ့သေးသည်။
ဆိုတော့ ဤလူလိမ်ကြီးထပ်ရောက်လာသဖြင့် သူမ၏သခင်လေး အကျိုးအမြတ်ထပ်ရမည်ဆိုလျှင် ကောင်းသည့်ကိစ္စပင် ဖြစ်၏။
အဘိုးကြီး အခြားသူများထံမှ လိမ်လည်ရယူလာသောပစ္စည်းများကို သခင်လေးက စျေးပေါပေါနှင့် ပြန်ဝယ်နိုင်ခဲ့လျှင် ပို၍ကောင်းသည်ပင် မဟုတ်ပါလား။
ထိုသို့တွေးမိသည်နှင့် မော့ယွဲ့ ယူဂျီးန်အပေါ် လုံးဝ အမြင်ပြောင်းသွားတော့သည်။
သူမစိတ်ထဲ ထိုအဘိုးကြီးက လူလိမ်ကြီးမဟုတ်တော့ဘဲ စေတနာကောင်းသည့် အကျိုးပြုသူကြီး ဖြစ်သွားလေသည်။
မော့ယွဲ့က အသက်ငယ်သေးသော်လည်း မိန်းကလေးဆန်သော စိတ်ထားရှိလေသည်။
သူမက သခင်လေးကို လေးစားချစ်ခင်သည်ဖြစ်ရာ ၊ သခင်လေးချစ်သည့်လူများကို သူမသည်လည်းလိုက်ချစ်တတ်ပြီး သခင်လေးမုန်းတီးသူများကို သူမသည်လည်း မုန်းတီးပေးသည်။
ဤသည်က မိန်းကလေးများ၏ ချစ်သူအပေါ် ဘက်လိုက်တတ်သည့် မွေးရာပါ သဘောထားသာပင်။
မကြာမီ အစေခံက အဘိုးကြီး’ယူဂျီးန်’ ကို ခေါ်ဆောင်လာသည်။
အဘိုးကြီးပုံစံက ကြောက်ရွံ့လွန်းသဖြင့် တုန်တုန်ယင်ယင်ပင် ဖြစ်နေသည်။
ခုန်မင်က အဘိုးကြီး ဟန်ဆောင်နေကြောင်းသိသဖြင့် လက်တစ်ဖက်ဝှေ့ယမ်းပြီး အစေခံကို ထွက်သွားခိုင်းလိုက်သည်။
ပြီးမှ ယူဂျီးန်ကို ပြုံးပြလိုက်ပြီး...
“ဆရာကြီး’ယူဂျီးန်’ ... ဒီလောက်မြန်မြန် ပြန်တွေ့ရမယ်လို့ ထင်မထားမိဘူး ၊ ဒီတစ်ခေါက်ရော ဘာအလုပ်ကိစ္စရှိလို့လဲ”
ယူဂျီးန်က မချိပြုံးပြုံးလိုက်ရင်း...
“ခုန်ဒုတိယသခင်လေး... သခင်လေးက မိုးကောင်းကင်ကချီးမြှင့်ထားတဲ့ ပါရမီရှင်ပါ ၊ ကျင့်ကြံခြင်းရော စီးပွားရေးမှာရော ကျွမ်းကျင်လွန်းပါတယ် ၊ ဒီအဘိုးကြီးက သခင်လေးနဲ့ လုပ်ငန်းလုပ်ရဲပါ့မလား ၊ တော်ကြာ... ရှိတဲ့မသာစရိတ်လေးပါ ဆုံးသွားမှဖြင့်...”
ခုန်မင်က ရယ်မောလိုက်ရင်း...
“အလုပ်ကိစ္စမရှိဘူးဆိုရင်... ဘာလို့ ကျုပ်ကိုလာရှာရတာလဲ”
ယူဂျီးန်၏ ငြိုးနွမ်းသိမ်ငယ်နေသည့်မျက်နှာထက် ပါးနပ်သည့်အပြုံးတစ်ချက် ထွက်ပေါ်လာသည်။
သူက...
“သခင်လေးကိုဆန့်ကျင်ရင် စုထားတဲ့ မသာစရိတ်တောင် ပြောင်သွားနိုင်တယ် ၊ ဒါပေမဲ့ သခင်လေးနဲ့ ပူးပေါင်းမယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ဘူးလေ ၊ အကျိုးအမြတ်ပဲ ရနိုင်မယ်မဟုတ်လား ၊ ကျုပ်လို သာမန်အဘိုးကြီးက ဒီလောက်တော့တွက်တတ်ပါတယ်”
ခုန်မင်က ထပ်မံရယ်မောလိုက်ရင်း...
"ဆရာကြီးယူဂျီးန်... ခင်ဗျားရဲ့လုပ်ငန်းက တောရိုင်းဒေသအထိတောင် ချဲ့ထွင်နိုင်နေတာပါ ၊ ဒါက သာမန်လူတွေ မလုပ်နိုင်တဲ့အရာပဲ ၊ ကျုပ်လို လူငယ်ကျင့်ကြံသူလေးတစ်ယောက်က... ဆရာကြီးနဲ့ ဘာများပူးပေါင်းပြီးလုပ်နိုင်မှာလဲဆိုတာ တကယ်နားမလည်ပါဘူး”
ယူဂျီးန်က တောက်ပစွာပြုံးလိုက်ရင်း...
“သခင်လေးက ရယ်စရာပြောနေပြန်ပါပြီ ၊ သခင်လေးရဲ့ မိုးကောင်းကင်ကပေးအပ်ထားတဲ့ ပါရမီနဲ့ဆိုရင် ဘယ်လုပ်ငန်းကိုမဆို အောင်မြင်နိုင်ပါတယ် ၊ ကျုပ်လိုအဘိုးကြီးကတော့ သခင်လေးရဲ့ အင်္ကျီစ အဖျားလေးကို ဆုပ်ကိုင်ထားနိုင်ရုံနဲ့တင် ကျေနပ်ပါပြီ ၊ ဒါကြောင့် ကျုပ်တို့ပူးပေါင်းမယ်ဆိုရင် သခင်လေးပဲ ဦးဆောင်ရမှာပါ”
ခုန်မင်က ခေါင်းခါရမ်းလိုက်သည်။
“စကားတွေ ဒီလောက်အများကြီးပြောလာတာ... ဘာအလုပ်လဲဆိုတာတောင် မပြောရသေးဘူး ၊ ဘာအလုပ်မှန်းမသိဘဲ ဘယ်လိုလုပ် ပူးပေါင်းလို့ရမှာလဲ”
ယူဂျီးန်၏ အိုမင်းသောမျက်နှာထပ် ပါးနပ်သည့်အပြုံးက ပိုမိုတောက်ပလာသည်။
“သခင်လေးလို ဂုဏ်သရေရှိပုဂ္ဂိုလ်ရှေ့မှာ ဒီအဘိုးကြီး ဘာကိုမှ မလှည့်စားရဲပါဘူး ၊ အမှန်တော့... သခင်လေးက ရည်မှန်းချက်ကြီးတဲ့သူဆိုတာ ရိပ်မိပါတယ် ၊ ခွန်းကာမြို့လို မြို့ငယ်လေးတစ်မြို့လောက်နဲ့ ဘယ်ကျေနပ်နိုင်ပါ့မလဲ ၊ ကျုပ်အမြင်တော့... သခင်လေး ခွန်းကာမြို့ကနေ ခြေတစ်လှမ်းအပြင်ထွက်လိုက်တာနဲ့ ကျုပ်တို့အလုပ်လုပ်ဖို့ အခွင့်အရေးရပြီဆိုတာပါပဲ”
ခုန်မင် ယူဂျီးန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဤနက်နဲလျှို့ဝှက်သောအဘိုးကြီးက အချိန်ကိုက်တွက်ချက်မှု အလွန်ကောင်းသည် ဆိုရမည်။ ခုန်မင်က တစ်လောကလုံးသို့ ခရီးနှင်မည်ဟု စိတ်ကူးထားသည့်အချိန်မှာပင် ယူဂျီးန်က အိမ်တံခါးဝတွင် ပေါ်လာခဲ့သည်။
ဤအချက်တစ်ခုတည်းဖြင့်ပင် ယူဂျီးန်က သာမန်လူမဟုတ်ကြောင်း လုံလောက်စွာ သက်သေပြနေပြီးသားပင်။
ယခင်က ခုန်မင်နှင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ဆုံးရှုံးခဲ့ဖူးသည်မှန်သော်လည်း ၊ ဤအဘိုးကြီးက ခုန်မင်တွေ့ဖူးသမျှတွင် အနက်ရှိုင်းဆုံး ၊ ခန့်မှန်းမရနိုင်ဆုံးသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။
ထို့ကြောင့်ပင် ခုန်မင်က လိုရင်းကိုဖြတ်ပြောလိုက်၏။
"ဆရာကြီးယူဂျီးန်... ပြောစရာရှိတာ အမြန်ပြောပါ ၊ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့”
ယူဂျီးန်က ပြုံးလျှက်ပင် ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။
“ဒါဖြင့်လည်း ပြောရတာပေါ့ ဒုတိယသခင်လေး... သိပ်မကြာခင်မှာပဲ သခင်လေး တောရိုင်းဒေသဘက် ခရီးထွက်ချင်တယ်ဆိုရင် ဒီအဘိုးကြီးနဲ့ လုပ်ငန်းကြီးတစ်ခု ပူးပေါင်းလုပ်ကိုင်လို့ ရပါတယ်”
ထိုစကားကြားတော့ ခုန်မင် စိတ်ဝင်စားသွားသည်။
“တောရိုင်းဒေသဘက် ခရီးထွက်ရမယ်... ဟုတ်လား”
သူက ထပ်မံမေးမြန်းလိုက်သည်။
“ဒါပေမဲ့ တောရိုင်းဒေသမှာ ကျုပ်ကိုဆွဲဆောင်နိုင်မယ့် ဘာကိစ္စများ ရှိနေလို့လဲ ၊ အဲဒီနေရာက ဘေးကင်းတဲ့နေရာမှ မဟုတ်တာ”
ယူဂျီးန်က ရယ်မောလိုက်ပြီး...
“သခင်လေးလို ရည်မှန်းချက်ကြီးတဲ့သူက တောရိုင်းဒေသလောက်ကို ကြောက်စရာလိုလို့လား ၊ သခင်လေးက ချောင်တတိယသခင်လေးကို အလွယ်တကူအနိုင်ယူခဲ့တဲ့ကိစ္စက ခွန်းကာမြို့တစ်ခုလုံး ပြောလို့မဆုံးသေးဘူးနော် ၊ အား... သခင်လေးက စွမ်းအားကြီးလွန်းပါတယ် ၊ အဲဒီ ချောင်တတိယသခင်လေးတောင် တောရိုင်းဒေသထဲ ခရီးထွက်ရဲတယ်ဆိုရင် သခင်လေးက ဘာလို့တွန့်ဆုတ်နေမှာလဲ”
ခုန်မင်က ယူဂျီးန်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မပါသလို ဟန်ဆောင်လိုက်သည်။
“အခု ချောင်တတိယသခင်လေး ဘယ်မှာရှိမှန်း ဘယ်သူမှ မသိကြဘူး ၊ ဒါပေမဲ့ ဆရာကြီးကတော့ အတိအကျ သိနေပုံပဲနော် ၊ သိပ်ကိုကျွမ်းကျင်လွန်းပါတယ်”
ယူဂျီးန်က ရယ်မောလိုက်ပြီး...
“တောထဲကမြေခွေးတွေ ၊ ဘုရားကျောင်းထဲကကြွက်တွေလိုမျိုးပေါ့... လူတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ရှိကြတာပဲလေ ၊ ကျုပ်လိုအဘိုးကြီးက လုပ်ငန်းကြီးတစ်ခုလုပ်ချင်တယ်ဆိုရင် အခွင့်အရေးလေးတွေလက်မလွတ်ရအောင် အနံ့ခံထားရမှာပဲပေါ့...”
ပြောပြီးသည်နှင့် သူက ခုန်မင်ဘေးမှ မော့ယွဲ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ရင်း...
“သခင်လေးဘေးမှာ နတ်သားရဲမျိုးနွယ်တစ်ယောက် ရှိနေတာပဲ မဟုတ်လား ၊ တောရိုင်းဒေသအကြောင်း နည်းနည်းပါးပါး သိထားမှာပေါ့ ၊ ဒီတော့... တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာထဲက ‘ဖီးနစ်နားခိုရာမျိုးနွယ်စု’ ကို ကြားဖူးပါသလား”
ထိုအမည်ကိုကြားတော့ ခုန်မင် ပြုံးလိုက်သည်။
“ဖီးနစ်နားခိုရာမျိုးနွယ်စုဆိုတာ... တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာထဲက ထိပ်တန်းမျိုးနွယ်စု(၃)ခုထဲမှာ ပါဝင်တယ် ၊ မကြားဖူးတဲ့သူ ဘယ်ရှိပါ့မလဲ ၊ ဘာလဲ... ဆရာကြီးပြောတဲ့ လုပ်ငန်းကြီးဆိုတာ ဖီးနစ်နားခိုရာမျိုးနွယ်စုကို ပစ်မှတ်ထားမလို့လား ၊ သူတို့က အရမ်းစွမ်းအားကြီးတယ် ၊ သူတို့မျိုးနွယ်စုထဲမှာ ကျွမ်းကျင်သူတွေ အရမ်းများတာလည်း ဆရာကြီး သိမှာပါ ၊ ချန်နန်အင်ပါယာတောင် သူတို့နဲ့ ပြဿနာဖြစ်ချင်တာ မဟုတ်ဘူးနော်”
ထိုစကားကြားတော့ ယူဂျီးန်က ရယ်မောလိုက်သည်။
“သခင်လေး စိတ်ချပါ ၊ ကျုပ်က လောဘတက်ပြီး မျက်လုံးကန်းသွားရင်တောင် ဖီးနစ်နားခိုရာမျိုးနွယ်စုကို မထိခိုက်ရဲပါဘူး ၊ ဒါပေမဲ့... တရားဝင်နည်းလမ်းနဲ့ သူတို့ဆီက အကျိုးအမြတ်လေး နည်းနည်းပါးပါးရအောင် လုပ်ကြည့်တာကတော့ ဖြစ်သင့်တယ် မဟုတ်လား”
ခုန်မင်က မျက်ခုံးများတွန့်ချိုးလိုက်ရင်း...
“အကျိုးအမြတ်လေး နည်းနည်းပါးပါး ဟုတ်လား... ၊ အကျိုးအမြတ်လေး နည်းနည်းပါးပါးဆိုမှတော့... ဆရာကြီးပြောသလို လုပ်ငန်းကြီးမဖြစ်နိုင်တော့ဘူး ၊ လင်းစမ်းပါဦး... ခင်ဗျား ဘာတွေအစီအစဉ်ဆွဲထားတာလဲ”
ယူဂျီးန်က တောက်ပစွာ ပြုံးလိုက်ရင်း ဆိုသည်။
"ဒုတိယသခင်လေးရှေ့မှာ ကျုပ်လိုအဘိုးကြီးက ဘာမှဖုံးကွယ်မထားရဲပါဘူး ၊ မကြာခင်မှာ... ဖီးနစ်နားခိုရာမျိုးနွယ်စုက အရွယ်ရောက်ခြင်းအခမ်းအနား ကျင်းပတော့မှာပါ ၊ အဲဒီအချိန်ကျရင် သူတို့ရဲ့ မြင့်မြတ်တဲ့နယ်မြေဖြစ်တဲ့ ‘ဖီးနစ်ကျဆုံးတောင်ကြား’ ကို အပြင်လူတွေအတွက်လည်း ဖွင့်လှစ်ပေးမှာပါ ၊ အဲဒါက ကျုပ်တို့အတွက် အခွင့်အရေးကြီးပါပဲ”
ထိုစကားကိုကြားတော့ ဘေးနားမှ နားထောင်နေသည့်မော့ယွဲ့က ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဖီးနစ်ကျဆုံးတောင်ကြား... ဟုတ်လား ၊ မဖြစ်နိုင်ဘူး... အဲဒီနေရာက အရမ်းအန္တရယ်များတယ် ၊ အသက်စွန့်ပြီးသွားရမယ်... လူလိမ်ကြီး... ရှင်က တမင်သက်သက် ယုတ်မာတဲ့အကြံနဲ့ လုပ်နေတာမဟုတ်လား”
ပြောပြီးသည်နှင့် မော့ယွဲ့က ယူဂျီးန်ကို ဒေါသတကြီး မီးဝင်းဝင်းတောက်သည့် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။ မျက်လုံးဖြင့်သာ လူသတ်နိုင်မည်ဆိုပါက ယူဂျီးန်၏ခန္ဓာကိုယ်ထက် အပေါက်ကြီးနှစ်ပေါက် ဖြစ်သွားလောက်ပေသည်။