တတ်နိုင်သမျှ ပို့ပေးခြင်း
Vol. 1 Ch. 345
"အာ"
ကျန်းရီသည် ဟဲလောင်၏ ပင်ပန်းနေသည့် ပုံစံကို မြင်လိုက်သော် လန့်သွားခဲ့သည်။ အထူးသဖြင့် ဟဲလောင်၏ လက်မောင်းထက်မှ ဒဏ်ရာသည် အရိုးပေါ်နေသည်အထိ နက်သည်ကို တွေ့သော် ကျန်းရီမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူသည် အချိန်အကြာကြီး နားထားသည်ဖြစ်ရာ အတော်အသင့် အားပြန်ပြည့်နေပြီဖြစ်သည်။ သူသည် ရှေ့သို့တက်သွားလိုက်ပြီး အော်ပြောလိုက်သည်။
"ဟဲလောင်...မင်းနားလိုက်ဦး"
"ကောင်းပြီ"
ဟဲလောင်သည် အလွန်မောပန်းနေပြီဖြစ်ရာ ဆက်လက်တောင့်ခံမထားနိုင်တော့ပေ။ ပုံမှန်တိုက်ကွက်များကိုသာ သူအသုံးပြုနေခဲ့လျှင် တော်သေးသည်။ သို့သော် သူသည် တာအိုတိုက်ကွက်ကိုသာ ဆက်တိုက်အသုံးပြုနေရာ အတွင်းအား၊ သက်လုံနှင့် စိတ်စွမ်းအင်တို့မှာ အကုန်မြန်လေသည်။ မဟုတ်ပါက သူဤမျှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားမည် မဟုတ်ပေ။
သို့သော်လည်း ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို အသုံးမပြုနိုင်သလို နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကိုလည်း သုံး၍မရရာ ဟဲလောင်သည် သတိကို လျှော့မချရဲပေ။ ကျန်းရီနှင့် သူ၏ အင်အားသည် အလွန်ကွာခြား၍ ကျန်းရီ မတိုက်ခိုက်နိုင်ပါက သူသာ ဆက်လက်တိုက်ခိုက်ရမည်ဖြစ်သည်။
"ဟူး...ဟူး..."
ကျန်းရီ၏ တိုက်ခိုက်မှုနည်းလမ်းများသည် ဟဲလောင်းအား မျက်စိပွင့်သွားစေခဲ့သည်။ ကျန်းရီသည် ကမ္ဘာ့မီးလျှံများကို မီးဝိဉာဉ်ပုလဲထဲမှ ထုတ်ပြီးသည်နှင့် သူ့ကိုယ်နားတွင် မထားရဲပါချေ။ မဟုတ်ပါက သူ့နောက်တွင် ရှိနေသော ဟဲလောင်သည် အပူဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် လက်ဝါးများကို သုံး၍ ကမ္ဘာ့မီးလျှံများကို ရှေ့သို့ ဆက်တိုက်တွန်းထုတ်နေခဲ့သည်။ ကမ္ဘာ့မီးလျှံများမှာ မီးမြွေများအလား ရှေ့သို့တိုးဝင်သွားကြသည်။
အရှေ့ဘက်မှ မျက်လုံးနီသတ္တဝါများသည် ကမ္ဘာ့မီးလျှံများနှင့် ထိတွေ့သွားသည်နှင့် လောင်ကျွမ်းပြာကျသွားကြသည်။ မီးလျှံများ၏ ဖျက်ဆီးစွမ်းအားကို ကြည့်နေရင်းဖြင့် ဟဲလောင်မှာ ထိတ်လန့်နေခဲ့သည်။
မီးမြွေတစ်ကောင်စီသည် မျက်လုံးနီသတ္တဝါ သုံးလေးကောင်ကို ဖျက်စီးပစ်နိုင်လေ၏။ ကျန်းရီသည် ကမ္ဘာ့မီးလျှံများ ထုတ်ဖော်နေခြင်းကို မရပ်တန့်ဘဲ သုံးဖက်သုံးတန်မှ မျက်လုံးနီသတ္တဝါများကို ဖျက်ဆီးပစ်နေခဲ့သည်။ မီးမြွေများ ထွက်ပေါ်နေသည်မှာ နတ်ဆိုးများ ကခုန်နေသည့်နှယ် ကြောက်စရာကောင်းလှသော မြင်ကွင်းတစ်ခုကို ပုံဖော်နေခဲ့သည်။
"ဟူး...ဟူး"
ဟဲလောင်သည် ကျန်းရီ၏ နောက်ဘက် သုံးမီတာခန့်အကွာမှ လိုက်ပါလျက်ရှိသည်။ ကျန်းရီသည် ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာသည်နှင့် ချက်ချင်း တွန်းထုတ်နေသော်လည်း ဟဲလောင်၏ကိုယ်မှာ အပူဒဏ်ကို ခံနိုင်ရည်မရှိသေးပေ။ သူ့ကိုယ်မှာ လောင်ကျွမ်းနေသည့်အလား ပူလောင်နေလေ၏။ သူသည် အတွင်းအားသုံး၍ ကိုယ်အပူချိန်ကို လျှော့ချကာ အတင်းတောင့်ခံထားရသည်။
ကျန်းရီသည် မျက်လုံးနီသတ္တဝါများ၏ တိုက်ခိုက်မှုကို ခုခံနိုင်၍ ဟဲလောင်သည် တာအိုတိုက်ကွက်များကို ထပ်မံသုံးစရာ မလိုတော့ပေ။ ထိုကြောင့် ဟဲလောင်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းမှုကို အနားပေးရန် အချိန်ရသွားခဲ့သည်။
သူတို့နှစ်ယောက်သည် ခရုတစ်ကောင်ပမာ နှေးနှေးကွေးကွေး ရှေ့ဆက်သွားနေကြသည်။ ကျန်းရီတွင် ကမ္ဘာ့မီးလျှံများ အမြောက်အများ ရှိသော်လည်း ကုန်ဆုံးမှုနှုန်းမှာ အလွန်လျင်မြန်နေ၍ နေ့ဝက်လောက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မျက်လုံးနီသတ္တဝါများ၏ တိုက်ခိုက်မှုကို သူခံနိုင်တော့မည်မဟုတ်ပေ။ ဟဲလောင်မှ ဆက်လက်တိုက်ခိုက်ပေးရလိမ့်မည်။
ကီလိုမီတာ ခြောက်ဆယ်လောက် ကျန်သေးတယ်။ ဒီနှုန်းနဲ့ဆို အနည်းဆုံး နှစ်ရက်လောက်တော့ လိုမှာပဲ...ဟူး...ငါတို့တွေ နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ဆီ ရောက်နိုင်ပါ့မလား
ဟဲလောင်သည် ခေါင်းမော့၍ မနီးမဝေးတွင် ရှိနေသည့် နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်အား လှမ်းကြည့်လိုက်သည်။ အစီအရင်မှာ သူတို့နည်းတူ မျက်လုံးနီသတ္တဝါများ၏ ဝန်းရံခြင်းကို ခံထားရသည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်လျှံလာသော်လည်း သူ့မျက်ဝန်းများတွင် အခိုင်အမာ ဆုံးဖြတ်ထားသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။ သူသေရမည်ဆိုလျှင်တောင် ကျန်းရီကို နေရာရွှေ့ပြောင်းအစီအရင်ဆီရောက်အောင် သူပို့ပေးရမည်။
ကျန်းရီသည် ထိုအချက်ကို သိသော်လည်း ကမ္ဘာ့မီးလျှံများကို ထုတ်ဖော်၍ ရှေ့ဆက်တိုးခြင်းမှတစ်ပါး သူတို့လုပ်နိုင်သည့်အရာ မရှိပေ။ သူတို့၏ နောက်ဆုံးထွက်သက် မတိုင်ခင်အထိ သူတို့လက်လျှော့မည် မဟုတ်။
လူနှစ်ယောက်သည် ခက်ခဲ၍ ကြမ်းတမ်းလှသည့် ခရီးရှည်ကို ကြိုးစားဖြတ်သန်းနေကြသည်။ နေ့ဝက်ကြာပြီးနောက်တွင် ကျန်းရီ၏ မီးဝိဉာဉ်ပုလဲထဲရှိ ကမ္ဘာ့မီးလျှံများမှာ တစ်ဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်ပြီး ဆယ်ကြိမ်ခန့်သာ အသုံးပြုနိုင်တော့မည်။ ကမ္ဘာ့မီးလျှံများကို သူဆက်လက်၍ မသုံးဝံ့ပေ။ ကမ္ဘာ့မီးလျှံများ လုံးဝကုန်သွားပါက သူ၏ အကာအကွယ်နည်းလမ်းတစ်ခု ဆုံးရှုံးသွားမည်ဖြစ်ပြီး အန္တရာယ်နှင့် ကြုံကြိုက်ပါက သူသေသွားပေလိမ့်မည်။
"သခင်လေးရီ...ကျွန်တော်လာပြီ"
ဟဲလောင်သည် ကျန်းရီတွေဝေနေသည်ကို မြင်လျှင် သူ၏ ကမ္ဘာ့မီးလျှံများ ကုန်ဆုံးလုပြီဖြစ်ကြောင်း သိလိုက်သည်။ နေ့ဝက်ကြာ အနားယူပြီးနောက် အားအင်အချို့ သူပြန်ရနေပြီဖြစ်သည်။ သူသည် ရှေ့သို့ပြေးတက်သွားလိုက်ပြီး ကောင်းကင်အဆင့်ဓားကို ဝှေ့ယမ်း၍ ဓားအလင်းများ ထုတ်ဖော်လိုက်လေ၏။ ကျန်းရီသည် အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ သူသာ ကမ္ဘာ့မီးလျှံများ ဆက်သုံးလိုက်ပါက ဟဲလောင်အား သေသည်အထိ မီးလောင်သွားပေလိမ့်မည်။
ကျန်းရီနှင့် ဟဲလောင်သည် ကီလိုမီတာနှစ်ဆယ်ခန့် ရှေ့ဆက်တိုးပြီးပြီဖြစ်ရာ ကီလိုမီတာလေးဆယ်ခန့် ကျန်နေသေးသည်။ ပုံမှန်အခြေအနေဆိုပါက သူတို့၏ ပန်းတိုင်သို့ ရောက်ရန် တစ်နာရီခန့်သာ ကြာမည်ဖြစ်သည်။ ယခုမူ သူတို့၏ ပြေးနှုန်းမှာ အဆတစ်ရာခန့် နှေးကွေးနေရာ အမြန်ဆုံးနှုန်းနှင့် သွားမည်ဆိုလျှင်တောင် တစ်ရက်နှင့် နေ့တစ်ဝက် လိုနေဦးမည်ဖြစ်သည်။
"သတ်"
ဟဲလောင်သည် ဓားအလင်းများ မပြတ်ထုတ်လွှင့်ကာ အားစိုက်၍ သူတို့သွားနှုန်းအား မြန်စေလိုက်သည်။ ကျန်းရီသည် နောက်မှလိုက်နေခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ မျက်လုံးများ မှိတ်မထားပေ။ သို့သော် တာအိုတိုက်ကွက်အား ဆင်ခြင်သုံးသပ်နေဆဲပင်။
ဟဲလောင်သည် နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ထံ ရောက်သည်အထိ တောင့်ခံမထားနိုင်မှန်း သူသေချာပြောနိုင်သည်။ သူသာ ဟဲလောင်၏ တာအိုတည်ဆောက်ပုံကို နားမလည်ပါက သူအသက်ရှင်နိုင်၊ မရှင်နိုင်ကို သူမပြောနိုင်ပေ။ ထို့ပြင် ဟဲလောင်မှာ မောပန်းလွန်း၍ သေချာပေါက်သေသွားလိမ့်မည်။
သူသည် စိတ်မတည်ငြိမ်နိုင် ဖြစ်နေသော်လည်း စိတ်ထိန်း၍ လေဓာတ်အထူးပြုတာအိုထံတွင်သာ အာရုံစိုက်ထားလိုက်သည်။ သူ၏တိုက်ခိုက်မှုများမှာ တိုက်ရိုက်ဖြစ်၍ ဘက်ပေါင်းစုံမှ တိုးဝင်လာကြသည့် သတ္တဝါများကို သတ်ဖြတ်ရန် ခက်ခဲလေသည်။ ဟဲလောင်၏ တာအိုတိုက်ကွက်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်စွမ်းရှိ၍ ထိုသတ္တဝါများကို ထိန်းထားနိုင်ခြင်းဖြစ်သည်။
ဒီတာအိုရဲ့ အနှစ်သာရက ဘာလဲ...လေတစ်စကို အများကြီးဖြစ်သွားအောင် ဘယ်လိုခွဲထုတ်ပစ်တာလဲ...ဘယ်လိုများလဲ
ကျန်းရီသည် သူ့စိတ်အား အလျင်အမြန် အလုပ်ပေးနေခဲ့သည်။ သူသည် ဟဲလောင်အား လျစ်လျူရှု၍ စက်ရုပ်တစ်ရုပ်အလား မီးနဂါးဓားကို ဆက်တိုက်ဝှေ့ယမ်းနေပြီး အနောက်ဘက်မှ သတ္တဝါများကို သတ်ဖြတ်နေခဲ့သည်။
ဟဲလောင်သည်လည်း ကျန်းရီအား အဖက်မလုပ်နိုင်ချေ။ ကျန်းရီသာ သူတို့နောက်ဘက်အား နိုင်နင်းအောင် ထိန်းထားနိုင်သရွေ့ သူ့စိတ်ကြိုက် တွေးတောခွင့် ပြုထားလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ကျန်းရီအပေါ် ယုံကြည်ချက် မထားပါချေ။ သူသည် ဤတာအိုအနှစ်သာရအား နားလည်နိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ကျန်းရီသာ တစ်ရက်တည်းနှင့် နားလည်သွားပါက သူ့ခေါင်းအား တို့ဖူးနှင့်ဆောင့်၍သာ သေလိုက်တော့မည်။
ကျန်းရီသည်လည်း သူ့ကိုယ်သူ ယုံကြည်ချက်မရှိပါချေ။ ဆယ်နာရီနီးပါး ကြာမြင့်သည်အထိ သူ့မှာ သဲလွန်စလေးတစ်ခုတောင် မဖမ်းဆုပ်နိုင်သေးပေ။ ယခင်က လေအရိပ်ဓား၏ အနှစ်သာရကို နားလည်ရန် နှစ်လခန့် သူအချိန်ယူခဲ့သည်။ ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံအဆင့်ပြိုင်ပွဲ၌ တစ္ဆေတောအုပ်အတွင်း ရှိနေစဉ် ရှန်မိနိုင်ငံမှ သိုင်းသမားတစ်ဦး မှော်အစွမ်းတစ်ခု ထုတ်သုံးလိုက်သည်ကို သူမြင်သောအခါမှ နားလည်သွားခဲ့ခြင်းဖြစ်သည်။ ဤမျှ အချိန်လေးနှင့် တာအိုတစ်ခု နားလည်နိုင်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ဟောဟဲ..."
ဟဲလောင်၏ အသက်ရှူသံမှာ လေးလံလာခဲ့သည်။ သူ၏အိုမင်းနေသော မျက်နှာသည် ပင်ပန်းမှုတို့ စွန်းထင်းနေခဲ့သည်။ သို့သော် သူ့တိုက်ခိုက်မှုများမှာ အားအင်အပြည့် ရှိနေဆဲဖြစ်ပြီး ခြေလှမ်းများမှာ ခိုင်မာနေဆဲဖြစ်သည်။ သူသည် အားတင်းရင်း တစ်လှမ်းစီ ရှေ့တိုးနေခဲ့သည်။
ကျန်းရီမှာ မဖြစ်နိုင်မှန်း ခံစားမိနေသော်လည်း ဆင်ခြင်တွေးတောနေဆဲဖြစ်သည်။ ဤအချိန်တွင် သူဘာများလုပ်နိုင်မည်နည်း။ သူ ဤတိုက်ခိုက်မှုများအား မခုခံနိုင်တော့လျှင် ဒဏ်ရာအပြင်းအထန်ရသွားပြီး အသတ်ခံရပေလိမ့်မည်။
"ခူး...ခူး"
မျက်လုံးနီသတ္တဝါများသည် 'ပိုးဖလံမျိုးမီးကိုတိုး'သည့်ပမာ ဘက်ပေါင်းစုံမှ တိုးဝင်လာနေကြသည်။ ၎င်းတို့၏ လက်သည်းချွန်ချွန်များထံမှ အလင်းတို့သည် လူ့နှလုံးအား အခုန်မြန်စေသည်။ ၎င်းခြေသည်းလက်သည်းတို့သာ အနီးရောက်လာခဲ့သည်နှင့် ဟဲလောင်နှင့် ကျန်းရီမှာ တစ်စစီဖြစ်သွားလိမ့်မည်။
ဟဲလောင်သည် အတင်းရုန်းကန်ရင်း ရှေ့ဆက်နေခဲ့သည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ နေရာရွှေ့ပြောင်းအစီအရင်ရှိရာ သူတို့နီးသထက် နီးသွားခဲ့သည်။ ဆယ့်နှစ်နာရီ ထပ်မံကုန်ဆုံးပြီးချိန်တွင် အစီအရင်ရှိရာနေရာနှင့် ကီလိုမီတာနှစ်ဆယ်သာ ကွာဝေးတော့သည်။
ဟဲလောင်၏ အသက်ရှူသံများမှာ ပို၍ပြင်းထန်လာခဲ့ပြီး ခြေလှမ်းများမှာ ပိုမိုလေးလံလာခဲ့သည်။ သူ့ကိုယ်သည် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ သူဆက်လက်တိုက်ခိုက်နေပါက သေသွားပေလိမ့်မည်။
လေကို ဘယ်လိုခွဲထုတ်ရမှာလဲ...ဒီလေဓာတ်အထူးပြုတာအိုမှာ ဘယ်လိုအနှစ်သာရတွေ ပါနေတာလဲ...
ကျန်းရီသည် လမ်းပျောက်နေဆဲပင်။ သူ့လက်သည် မီးနဂါးဓားဖြင့် မီးနဂါးနှစ်ကောင်ကို ဆက်တိုက်ထုတ်ဖော်လျက်ရှိပြီး ဟဲလောင်နောက်မှ ကပ်လိုက်လျက်ရှိသည်။ သူ့စိတ်ထဲတွင် မေးခွန်းတစ်ခုရှိနေပြီး ထိုမေးခွန်းကို မဖြေရှင်းနိုင်ပါက အနှီတာအိုတည်ဆောက်ပုံကို သူနားလည်နိုင်မည် မဟုတ်ချေ။
"ဖူး..."
ရှေ့မှ ဟဲလောင်သည် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်သွားခဲ့သည်။ ကျန်းရီသည် အနောက်မှ စိတ်လွတ်ကိုယ်လွတ် လိုက်လာရာ ဟဲလောင်အား ဝင်တိုက်မိမှ သတိဝင်လာခဲ့သည်။
"အာ...ဟဲလောင်၊ မင်းမှာ ဘာလို့ဒီလောက် ဒဏ်ရာတွေ အများကြီးရသွားတာဲ...ဘာလို့ ငါ့ကိုမပြောတာလဲ"
ကျန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ ဟဲလောင်၏ လက်များ၊ ခြေများ၊ ပုခုံးများနှင့် ကျောများထက်တွင် ပြတ်ရှဒဏ်ရာ နက်နက်များ ရှိနေပြီး တစ်ကိုယ်လုံး သွေးများရွှဲနေလေသည်။ ကျန်းရီသည် တာအိုတိုက်ကွက်ထံတွင် စိတ်ရောက်နေ၍ ယခုမှ သတိထားမိသွားခြင်း ဖြစ်သည်။
"ခွီး.."
ဟဲလောင်သည် လှည့်ကြည့်၍ ရယ်ပြလာခဲ့သည်။ သူ့ပါးစပ်တွင် သွေးများပြည့်နေ၍ အပြုံးမှာ အလွန်ကြေကွဲဖွယ်ကောင်းနေခဲ့သည်။ သူသည် ဆယ့်ရှစ်ကီလိုမီတာခန့်သာ ကွာဝေးတော့သည့် နေရာရွှေ့ပြောင်းအစီအရင်ကို ညွှန်ပြ၍ ပြောလာခဲ့သည်။
"သခင်လေးရီ...ဒီအဖိုးကြီးက သခင်လေးရီကို အဲ့ဒီအထိလောက်ပဲ လိုက်ပို့နိုင်မှာ စိုးရွံ့မိပါတယ်။ ကြိုးစားပြီး ဒီတားမြစ်နယ်မြေက ရအောင်ထွက်ပါ...ဒါဆို ဒီအဖိုးကြီး အေးအေးချမ်းချမ်း သေနိုင်ပါပြီ"
ဝှစ်...
စကားဆုံးသည်နှင့် ဟဲလောင်၏ကိုယ်မှာ အားကောင်းသော အရှိန်အဝါများ လွှမ်းခြုံလာခဲ့သည်။ သူသည် သူ၏ကောင်းကင်အဆင့် ဓားကို နောက်ဆုံးအကြိမ် ဝှေ့ယမ်းလိုက်သည်။ သူသည် နောက်ဆုံးလက်ကျန်အင်အားကို အသုံးပြု၍ ကျန်းရီအား သူတတ်နိုင်သမျှ အရောက်ပို့ပေးချင်နေကြောင်း ထင်ရှားသည်။
***