လော့ချန်၊ မင်း ကိုယ့် အပြစ်ကို သိသလား။
Vol. 28 Ch. 413
“မင်း အလှည့်ရောက်ပြီ...”
လော့ချန်သည် မြေပြင်ပေါ်တွင် လူးလိမ့်ကာ ညည်းညူနေသည့် အလုပ်သင်တပည့် လေးဦးကို ဂရုမစိုက်ချေ။ ချန်ယွီကို မော့ကြည့်သည်။ ချန်ယွီ၏ မျက်နှာသည် ပုံပျက်လုနီးနီး ဖြစ်နေသည်။ အနည်းငယ် ရုန်းကန်ပြီးနောက် ရုတ်တရက် လော့ချန်ကို မော့ကြည့်သည်။ မျက်လုံး နှစ်လုံးတွင် ရန်လို မုန်းတီးသော အလင်းရောင်များ တောက်ပနေသည်။
“လော့ချန်၊ မင်း မာန်မတက်နဲ့... မင်း သန်မာတယ်ဆိုပြီး လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်လား... မင်းက အပြင်စည်းတပည့် တစ်ဦးပဲ ရှိသေးတယ်... ဒီလိုမျိုး ပြောင်ပြောင်တင်းတင်း မကြောက်မရွံ့ ဂိုဏ်းတူသားချင်း နှိပ်စက်တာ... ဝမ်အကြီးအကဲတို့ ရောက်လာရင် မင်းလည်း အပြစ်ကနေ မလွတ်ဘူး...”
ချန်ယွီသည် ဤသို့ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ကိုယ်တိုင် ဖြတ်၍ အပြင်စည်းတပည့် ဖြစ်ရန် အခွင့်အရေး ဆုံးရှုံးရသည်ကို ကျေနပ်ခြင်း မရှိချေ။ ထို့ကြောင့် ဝမ်အကြီးအကဲတို့ ရောက်လာသည်အထိ အချိန်ဆွဲရန် ကြိုးစားသည်။ ဝမ်အကြီးအကဲသည် သူ့ကို အတော်လေး အရေးထားသည်။ ဝမ်အကြီးအကဲ ရောက်လာသည်နှင့် လော့ချန် မည်မျှပင် သတ္တိရှိစေကာမူ သူ့ကို ဤသို့ လုပ်ရဲတော့မည်မဟုတ်ဟု ချန်ယွီ ယုံကြည်သည်။
“ဟားဟားဟား...”
လော့ချန်သည် သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပနေသည်။ လက်ကို ညင်သာစွာ ဆန့်တန်းလိုက်သည်။
“ဟူး...”
လေထုသည် လှုပ်ရှားလာပြီး ကတော့ပုံသဏ္ဌာန် ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အား တစ်ခု ဖြစ်ပေါ်လာသည်။
“အား...”
ချန်ယွီ၏ ခန္ဓာကိုယ်သည် အလေးချိန် ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။ လော့ချန်က သူ့ကို တိုက်ရိုက် ဆွဲယူလိုက်ပြီး ကြက် တစ်ကောင်ကို ဆွဲကိုင်သကဲ့သို့ လက်ထဲတွင် ကိုင်ထားလိုက်သည်။
“အားအားအား... လော့ချန်... မင်း ဘာလုပ်ချင်တာလဲ... ဂိုဏ်းထဲမှာ လူသတ်တာ အပြစ်ကြီးတယ်... မင်း ငါ့ကို သတ်ရင် မင်းလည်း အပြစ်ကနေ မလွတ်ဘူး... ဝမ်အကြီးအကဲက မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး...”
ကျန်းလျန်၏ အမူအရာသည်လည်း အလွန် တင်းမာနေသည်။
“လော့ချန်၊ လူသေအောင် မလုပ်နဲ့တော့နော်...”
အနည်းငယ် အပြစ်ပေးခြင်းက အဆင်ပြေသည်။ မည်သို့ပင် ဖြစ်စေကာမူ အလုပ်သင်တပည့်၏ ရှင်ခြင်း သေခြင်းကို မည်သူမျှ ဂရုမစိုက်ချေ။ လူအများရှေ့တွင် လူသတ်ခြင်းကမူ မတူချေ။ ယွမ်မန်လီသည် အတားအဆီးမရှိ လှုပ်ရှားနိုင်ခဲ့သည်။ ၎င်းသည် ယွမ်မန်လီက စစ်မှန်သော တပည့်ဖြစ်၍ အသက် သတ်ပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။ အပြင်စည်းတပည့် တစ်ဦးကမူ ထို အခွင့်အရေး မရှိနိုင်ပေ။
“စိတ်ချပါ...”
လော့ချန်သည် အေးစက်စွာ ရယ်လိုက်ပြီး ချန်ယွီကို ကြည့်သည်။
“ငါ အခု မင်းကို ဘာမှ မလုပ်ဘူး။ မင်းက အဲ့ဒီ ဝမ်အကြီးအကဲ လာပြီး မင်းကို ကယ်တင်တာကို စောင့်နေတာ မဟုတ်လား... ငါ မင်းကို အခွင့်အရေး ပေးမယ်...”
“ငါ သူ့ကို ဒီမှာပဲ စောင့်နေမယ်...”
လော့ချန်သည် ညာလက်ကို လွှတ်ချလိုက်သည်။
“အဟွတ်... အဟွတ်...”
ချန်ယွီသည် လည်ချောင်းကို ဖိထားပြီး ပြင်းထန်စွာ ချောင်းဆိုးနေသည်။ လော့ချန် တကယ်ပင် လက်မထုတ်သည်ကို မြင်သောအခါမှ သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။ သူ၏ စိတ်ထဲတွင် ဝမ်အကြီးအကဲ အမြန် ရောက်လာရန် တိတ်တဆိတ် ဆုတောင်းနေသည်။
“လော့ချန်၊ မင်း အမြန် ထွက်သွားပါတော့... ဝမ်အကြီးအကဲက သွေးကြောနိုးကြားမှုနယ်ပယ် ပထမအဆင့် အထွတ်အထိပ် သန်မာသူ... မင်းသားတန်းက လူလည်း ဖြစ်တယ်။ သူ ရောက်လာရင် ဒီကိစ္စကို အကြောင်းပြပြီး ချဲ့ကားမှာ သေချာတယ်။ အဲ့ဒီအခါကျရင် မင်း ထွက်သွားချင်ရင်တောင် ထွက်သွားလို့ရမှာ မဟုတ်ဘူး...”
လော့ချန်က ဝမ်အကြီးအကဲကို ဤနေရာတွင် စောင့်နေမည်ကို ကြားသောအခါ ကျန်းလျန်သည် အံ့အားသင့်လျက် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သူ့အတွက် စိုးရိမ်လာသည်။
လော့ချန်သည် တည်ငြိမ်စွာ ဆိုသည်။
“ငါ အခု ထွက်သွားရင် သူတို့ မင်းအပေါ် ဒေါသ ပုံချကြမှာ သေချာတယ်။ ငါ့ကြောင့် စဖြစ်ခဲ့တာမို့ ဒီကိစ္စကို ငါ ဒီနေ့ အပြီးအပိုင် ဖြေရှင်းရမယ်...”
“မင်း... မင်း ဒီလို လုပ်စရာ မလိုဘူး... တကယ် လုပ်စရာ မလိုဘူး”
ကျန်းလျန်သည် စိတ်ထဲတွင် အံ့အားသင့်သလို တစ်ဖက်တွင်လည်း စိုးရိမ်ထိတ်လန့်နေသည်။
“ငါ အပြစ်ပေးခံရရင် အများဆုံး ဂိုဏ်းကနေ နှင်ထုတ်ခံရရုံပဲ။ ဘာပဲ ဖြစ်ဖြစ် ငါ့ရဲ့ အရည်အချင်းက သာမန်ပဲ ရှိတယ်။ အပြင်စည်းမှာ ကျင့်ကြံနိုင်မလားဆိုတာတောင် သေချာ မသိဘူး။ မင်းကတော့ မတူဘူး။ မင်းမှာ အနာဂတ်ကောင်းတွေ အများကြီး ရှိသေးတယ်...”
လော့ချန်သည် တစ်ဖက်လူကို စကား ဖြတ်လိုက်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
“ကျန်းလျန်၊ တခြားသူတွေ ငါတို့ အလုပ်သင်တပည့်တွေကို အထင်သေးချင်သေးပါစေ... ငါတို့ ကိုယ်တိုင်တော့ အထင်မသေးသင့်ဘူး”
ကျန်းလျန်၏ အမူအရာသည် တုန်ယင်သွား၏။
“စိတ်ချပါ... ငါ အတိုင်းအတာတစ်ခုအထိ သိတယ်”
လော့ချန်သည် ကျောက်ဖျာတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ကျန်းလျန်လည်း ထပ်မံ စကား မပြောတော့ချေ။ သို့သော် သူ၏ မျက်နှာတွင် စိုးရိမ်မှုများ အပြည့် ရှိနေသည်။ ကွင်းထဲတွင် အလုပ်သင်တပည့် လေးဦး၏ နာကျင်စွာ ညည်းညူသံမှလွဲ၍ အခြား မည်သည့် အသံမျှ မရှိချေ။ ထိုနေရာရှိ အလုပ်သင်တပည့်များသည် လော့ချန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ဝမ်အကြီးအကဲတို့ကို သူ ဤနေရာတွင် ရပ်စောင့်နေရဲလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။
“ရောက်လာပြီ...”
ခဏအကြာတွင် လော့ချန်သည် ရှေ့သို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အလင်းများ တောက်ပနေသည်။
“ရွှီ...”
အဝေးရှိ တောင်တန်းများတွင် တိမ်များ ဆုတ်ပြဲသွားသည်။ ကိုယ်ရိပ် သုံးခု လေထဲမှ ပျံသန်း ရောက်ရှိလာသည်။
လူ သုံးဦးကို မြင်သောအခါ ကျန်းလျန်၏ မျက်နှာသည် ကြီးမားစွာ ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး... သူတို့ အားလုံး မင်းသားတန်းက လူတွေပဲ...”
“ဝမ်အကြီးအကဲ... ကျွန်တော့ကို အမြန် ကယ်ပါ...”
ချန်ယွီသည်မူ ကယ်တင်ရှင်ကို မြင်လိုက်သည့်နှယ် အလယ်ရှိ ဩဇာအာဏာ ပြည့်ဝပြီး ရသေ့ရဟန်းကဲ့သို့ အမူအရာရှိသော သက်ကြီးရွယ်အိုကို အကူအညီ တောင်းလိုက်သည်။
လော့ချန်သည် သူ့ကို ဂရုမစိုက်ချေ။ တည်ငြိမ်စွာ ထရပ်လိုက်ပြီး တဖြည်းဖြည်း ရောက်ရှိလာသော အကြီးအကဲ သုံးဦးကို ကြည့်လိုက်သည်။
“လော့ချန်... မင်းပဲ...”
လော့ချန်ကို မြင်သောအခါ ဝမ်အကြီးအကဲ၏ မျက်နှာသည် ကြီးမားစွာ ပြောင်းလဲသွားပြီး ပုန်းရည်ကဲ့သို့ ညိုမည်းနေသည်။
“မင်း သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်မှုအောက်ကနေ ဘယ်လို လွတ်မြောက်ခဲ့တာလဲ...”
အခြား အကြီးအကဲ နှစ်ဦးသည်လည်း အလွန် ထိတ်လန့်သွားကြသည်။ သွေးလင်းယုန်က သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ် သန်မာသူ ဖြစ်သည်။ အပြင်စည်းတပည့်တစ်ယောက်ကို မဆိုထားနှင့် သူတို့ ကိုယ်တိုင်ပင်လျှင် သွေးလင်းယုန်၏ လိုက်လံသတ်ဖြတ်မှုအောက်မှ အသက်ရှင် လွတ်မြောက်ရန် လုံးဝ မသေချာချေ။ လော့ချန်မှာ အန္တရာယ် ကင်းစွာ ပြန်လာနိုင်ခဲ့သည်။
“ခင်ဗျားတို့ ကျုပ် အသက်ရှင်နေတာကို မြင်တော့ စိတ်ပျက်နေကြတယ် ထင်တယ်နော်...”
လော့ချန်သည် ရွှင်လန်းစွာ ပြုံးလိုက်သည်။ အိမ်နီးချင်း ကောင်လေးကဲ့သို့ အန္တရာယ်ကင်းသော ပုံစံ ဖြစ်နေသည်။
ဝမ်အကြီးအကဲ မျက်မှောင်ကြုတ်သွားသည်။ မြေပြင်ပေါ်ရှိ ညည်းညူနေသော လူ လေးဦးကို ကြည့်ပြီး လေသံကို နှိမ့်ချကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
ချန်ယွီသည် တိုက်ရိုက် ခုန်ထွက်လာသည်။ လက်ညှိုးကို လော့ချန်ဆီ ညွှန်လိုက်ပြီး အော်လိုက်သည်။
“ဝမ်အကြီးအကဲ... လော့ချန်ပါ... သူက မောက်မာပြီး ကိုယ့်စွမ်းအား ကောင်းတယ်ဆိုပြီး တဂိုဏ်းတည်းသားချင်းကို နှိပ်စက်တယ်... ကျွန်တော်တို့အားလုံးကို ဒုက္ခိတ ဖြစ်အောင် လုပ်မယ်လို့လည်း ကြိမ်းဝါးတယ်... ဝမ်အကြီးအကဲတို့ အချိန်မီ ရောက်မလာရင် ကျွန်တော်လည်း သူ့လက်ထဲကနေ လွတ်မှာမဟုတ်ဘူး...”
ချန်ယွီသည် လော့ချန်ကို တစ်ချက် ဝေ့ကြည့်သည်။ သူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းစွာ ရယ်လိုက်သည်။ သူ့ကို ဒီလောက် ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့သည်ကို သူ ဒီအတိုင်း လက်လျှော့မည် မဟုတ်ချေ။
ဝမ်အကြီးအကဲ မျက်ခုံးများ ထောင်တက်သွားပြီး လော့ချန်ကို အေးစက်စွာ စိုက်ကြည့်သည်။
“ရိုင်းစိုင်းလိုက်တာ... ဒီလောက် ကလေးလေး ဖြစ်ပြီး တဂိုဏ်းတည်းသား အချင်းချင်းကို ဒီလို ရက်ရက်စက်စက် လုပ်ရသလား...”
ကျန်းလျန်က ကြားဖြတ်ပြီး အလျင်စလို ဝင်ပြောသည်။
“အကြီးအကဲကို တင်ပြပါတယ်... ချန်ယွီ လိမ်နေတာပါ... သူတို့က ကျွန်တော့် ဖခင်ကို တိုက်ခိုက်ဖို့ လုပ်ခဲ့တာ... အဲ့ဒါကြောင့် လော့ချန်က ကျွန်တော့်အတွက် ဝင်ပြီး ကာကွယ်ပေးတာပါ... ဒါ့အပြင် သူတို့အားလုံး ကိုယ့် လက်နဲ့ ခြေထောက်ကို ကိုယ်တိုင် ဖြတ်လိုက်ကြတာပါ...”
“တိတ်စမ်း...”
ဝမ်အကြီးအကဲ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့ကိုယ်ပေါ်မှ ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ကျန်းလျန် စကား တစ်လုံးမှ ထပ်မံ မပြောနိုင်တော့ချေ။ သူက အေးစက်စွာ ဆိုသည်။
“ထပ်ပြီး စကားများရင် အပြစ် အတူတူ ပေးမယ်...”
ဝမ်အကြီးအကဲ၏ မျက်လုံးထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည်။ သူသည် လော့ချန်ကို သွေးလင်းယုန်က သတ်လိုက်ပြီဟု ထင်ခဲ့သည်။ ထို့ကြောင့် ချန်ယွီတို့အား ကျန်းလျန်ကို ဒုက္ခပေးရန် အမိန့်ပေးခဲ့ခြင်းမှာ အဋ္ဌမမင်းသား ကျင်းမင်ကို မျက်နှာလိုချင်၍ ဖြစ်သည်။ ယခု လော့ချန် ပြန်လာခဲ့သည်။ လော့ချန်က သုံးဂိုဏ်း ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဂုဏ်ရှိန် အပြင် ယွမ်မန်လီ၏ အရှိန်အဝါကြောင့် လော့ချန်သာ အာဏာ ရခဲ့လျှင် သူသည် နောင်အခါ ဂိုဏ်းထဲတွင် မည်သို့ နေရတော့မည်နည်း။
“ဟွန်း... ငါ့လက်ထဲ ရောက်နေပြီဆိုတော့ ဒီနေ့ မင်းကို မဖြစ်မနေ ဖျက်ဆီးပစ်ရမယ်...”
ဝမ်အကြီးအကဲသည် သူ၏ စိတ်ထဲတွင် အေးစက်စွာ ရယ်လိုက်ပြီး လော့ချန်ကို နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။
“လော့ချန်၊ မင်း ကိုယ့် အပြစ်ကို သိသလား...”
အသံသည် မိုးခြိမ်းသကဲ့သို့ ကျယ်လောင်ပြီး ငြင်းဆန်၍မရသော ဖိအားကို ဆောင်ယူလာသည်။
လော့ချန်သည် ဒေါသ မထွက်ချေ။ ဖြူဖွေးသော သွားများပေါ်အောင်ကို အားရပါးရ ရယ်လိုက်သည်။
“ဝမ်အကြီးအကဲ၊ ကျွန်တော့်ရဲ့ အပြစ်ကို ခဏ ထားပါဦး။ ကျွန်တော် တစ်ခု မေးချင်တာက အကြီးအကဲ တစ်ဦးက တပည့်တစ်ယောက်ကို တစ်ဂိုဏ်းတည်းသားချင်း နှိပ်စက်အောင် သွေးဆောင်တာ ဘာအပြစ် ရှိသလဲ... ဘယ်သူက ရက်စက်ကြမ်းကြုတ်လဲဆိုတာ ခင်ဗျား စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိမယ် ထင်ပါတယ်...”
ဝမ်အကြီးအကဲ၏ မျက်ခုံးများ ပြင်းထန်စွာ တွန့်လိမ်သွားသည်။ အပေါ်စီးမှနေ၍ လော့ချန်ကို ငုံ့ကြည့်လိုက်သည်။
“ဟွန်း... လူသက်သေ ပစ္စည်းသက်သေ အကုန် ရှိတယ်။ ဒီနေ့ မင်း စကားဘယ်လောက်တတ်တတ် အပြစ်ကို လွတ်အောင် လျှောက်ပြောလို့ရမှာ မဟုတ်ဘူး... အပြင်စည်းအကြီးအကဲ သုံးဦး ရှိနေရင် အပြင်စည်းတပည့်ရဲ့ အပြစ်ကို စစ်ဆေး ဆုံးဖြတ်လို့ ရတယ်...”
ဝမ်အကြီးအကဲသည် အခြား လူ နှစ်ဦးကို ကြည့်လိုက်သည်။
“ဟူအကြီးအကဲ၊ လီအကြီးအကဲ၊ လော့ချန်က ဂိုဏ်းထဲမှာ တဂိုဏ်းတည်းသားချင်း နှိပ်စက်တယ်။ အကြီးအကဲကိုလည်း မထီမဲ့မြင် ပြောဆိုတယ်။ အမှားကိုလည်း နောင်တ မရဘူး။ ဘာအပြစ် ပေးသင့်သလဲ”
ကိုယ်ခန္ဓာ ဝဝဖိုဖိုရှိသော ဟူအကြီးအကဲသည် လော့ချန်ကို ပြုံးရယ်စွာဖြင့် ကြည့်လိုက်သည်။
“ဒီလို အမှားကို နောင်တ မရတဲ့သူမျိုးကို အပြစ် ပိုပေးရမယ်... ကျင့်ကြံမှုကို ဖျက်ဆီးပြီး ဂိုဏ်းကနေ ထုတ်ပစ်ရမယ်...”
“ဟွန်း... ဒီလို အပြုအမူမျိုးကို မတားဆီးရင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းတပည့်တွေ နောင် ဘာတွေ ဖြစ်ကုန်တော့မှာလဲ... ကြက်ကို သတ်ပြီး မျောက်ကို ပြရမယ်... နောက်ထပ် မဖြစ်အောင် သင်ခန်းစာ ပေးရမယ်...”
လီအကြီးအကဲ၏ မျက်လုံး တစ်စုံမှာ ရှည်မျောပြီး တောက်ပနေသည်။ လော့ချန်ကို စူးစိုက်ကြည့်နေပြီး သူ၏ အကြည့်က ကြောက်မက်ဖွယ်ကောင်းနေသည်။
အခန်း ၄၁၃ ပြီးပါပြီ။