လော့ချန်ကို သတ်။ ကျုပ် ဆုလာဘ်များများ ပေးမယ်
Vol. 28 Ch. 420
လော့ချန်၏ အသံသည် အလွန် တည်ငြိမ်နေသော်လည်း လူအများ၏ နားထဲတွင်မူ မြေပြင်မှ မိုးကြိုး ပစ်လိုက်သည့်နှယ် ဟိန်းထွက်သွားပြီး နားစည်များပင် အူသွားစေသည်။
အားလုံးသည် လော့ချန်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြပြီး စိတ်ထဲမှ တုန်လှုပ်မှုမှာ အတိုင်းအထက်အလွန် ဖြစ်နေသည်။ လော့ချန်သည် ဟန်ယွီတို့ကို အနိုင်ယူပြီးနောက်တွင် ချင်တို့ယွမ်ကိုပါ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရန် တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ အလွန် ရူးသွပ်သော လုပ်ရပ်ပင် ဖြစ်သည်။
ချင်တို့ယွမ်သည် အပြင်စည်းအကြီးအကဲတစ်ဦး ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်အလယ်ပိုင်း သန်မာသူ ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ်၏ ပထမ သုံးဆင့်သည် သွေးကြောများ စတင် နိုးကြားခါစသာ ရှိသေးပြီး အခြေခံအဆင့်များ ဖြစ်ကြသည်။ စတုတ္ထအဆင့်သို့ ရောက်ရှိပါက ကျင့်ကြံသူ၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ အသွင်ပြောင်းလဲသွားပြီး သိုင်းဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း သိသိသာသာ မြင့်မားလာကာ ဘက်စုံ ထိုးဖောက် အောင်မြင်မှု ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်သို့ စတင် ရောက်ရှိသူ တစ်ဦးသည်ပင် ရှေ့ပိုင်း နယ်ပယ် သုံးဆင့်ရှိသူများကို လွယ်ကူစွာ ဖိနှိပ်နိုင်သည်။
ချင်တို့ယွမ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သဖြင့် သူ၏ စွမ်းအားမှာ ဟန်ယွီတို့နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ လူအများ၏ အမြင်တွင် လော့ချန်က ချင်တို့ယွမ်ကို စိန်ခေါ်ခြင်းမှာ ပုရွက်ဆိတ်က တောင်ကြီးကို ခေါင်းနှင့်တိုက်သည့်နှယ် မိုက်မဲသော လုပ်ရပ်သာ ဖြစ်သည်။
ချင်တို့ယွမ်သည် မျက်နှာ ညိုမည်းနေပြီး ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ တစ်ဖက်လူသည် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် အတွင်းစည်းသို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ယခုအခါ သူ့ကိုပါ စိန်ခေါ်နေပြန်သည်။ လော့ချန်၏ တည်ငြိမ်မှုနှင့် ပြတ်သားမှုတို့သည် ချင်တို့ယွမ်၏ စိတ်ထဲတွင် မသိစိတ်ဖြင့် အေးစက်မှုကို ဖြစ်ပေါ်စေသည်။
လော့ချန်က လှောင်ပြောင်လိုက်သည်။
“ဘာလဲ... မရဲဘူးလား... ဒါဆိုရင်တော့ ကိုယ့်ကျင့်ကြံမှုကို ကိုယ်တိုင် ဖျက်ဆီးပြီး ရွှမ်ယွမ်ဂိုဏ်းကနေ ထွက်သွားလိုက်တော့...”
ချင်တို့ယွမ်၏ မျက်နှာသည် လုံးဝ မည်းမှောင်သွားသည်။ လော့ချန်၏ စကားတိုင်းမှာ သူ့ကို အလွတ်မဲ့ နှိမ့်ချနေခြင်း ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာကို မြေကြီးပေါ်တွင် ချနင်းနေခြင်း ဖြစ်သည်။
“ဟဲဟဲ... ကောင်လေး၊ မင်း အရမ်း မောက်မာနေတာပဲ... မင်းက သေဖို့ အတင်း တောင်းဆိုနေမှတော့ ငါ ဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့...”
ချင်တို့ယွမ်၏ မျက်လုံးများမှ ထိတ်လန့်စရာ အလင်းတန်းများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည်။ ယခု အခြေအနေတွင် သူ့၌ အခြား ရွေးချယ်စရာ မရှိတော့ချေ။ ထို့အပြင် ဤသည်မှာ လော့ချန်ကို ဖယ်ရှားပစ်ရန် ကောင်းကင်က ပေးသော အခွင့်အရေးလည်း ဖြစ်သည်။ သေခြင်းရှင်ခြင်းတိုက်ပွဲတွင် လော့ချန်ကို အမှုန့်ဖြစ်အောင် သတ်ပစ်လျှင်ပင် မည်သူမျှ ဘာမှပြောနိုင်မည် မဟုတ်ချေ။ ယွမ်မန်လီပင်လျှင် မပြောနိုင်ပေ။
“ဟွန်း... ပြောရရင်တော့ အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့ သွေးကြောနိုးကြားမှုနယ်ပယ်ထဲကို အခုမှ ခြေချထားတဲ့ ကောင်လေး တစ်ယောက်ပဲဟာ... ဘာကြောက်စရာ ရှိမှာလဲ...”
ချင်တို့ယွမ်သည် ယခုတင်က စိတ်ထဲတွင် ဖြစ်ပေါ်ခဲ့သော ကြောက်ရွံ့မှုအတွက် မိမိကိုယ်ကိုယ် ပြန်လည် ရယ်မောမိသည်။ သူကဲ့သို့ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူ တစ်ဦးအတွက် လော့ချန်ကို သတ်ရန်မှာ ကြက်တစ်ကောင်၊ ခွေးတစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူလှသည်။
“ဒီမှာ တိုက်ခိုက်ရတာ အဆင်မပြေဘူး... ငါတို့ အပြင်စည်း သိုင်းပြိုင်ကွင်းကို သွားကြမယ်...”
စကား တစ်ခွန်း ချန်ထားခဲ့ပြီး ချင်တို့ယွမ်သည် အပြင်စည်း အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
“လော့ချန်... မင်း တကယ်ပဲ ချင်တို့ယွမ် အကြီးအကဲနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲမှာလား...”
ကူးလင်ဖန်သည် အလျင်အမြန် လိုက်လာပြီး ထိတ်လန့်တကြား မေးလိုက်သည်။
“မသွားလို့ မရဘူးလား...”
ယွမ်ချီလန်၏ မျက်နှာတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေသည်။
လော့ချန်သည် ခေါင်းခါကာ ပြုံးလိုက်သည်။
“ငါ ပြောခဲ့သားပဲ... အခုက အရင်လို မဟုတ်တော့ဘူး... ငါ သတ်ချင်တဲ့ ဘယ်သူမဆို တစ်ယောက်မှ ဒီလောကမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး... မင်းတို့ စိတ်အေးအေး ထားပါ...”
“ကောင်စုတ်လေး... မြန်မြန် လာစမ်း... အခု အခြေအနေမှာ မင်း နောင်တရဖို့ အခွင့်အရေး မရှိတော့ဘူး...”
ချင်တို့ယွမ်၏ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အသံသည် အဝေးမှ လွင့်ပျံလာသည်။
လော့ချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ကိုယ်ရိပ်သည်လည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားသည်။ ယွမ်ချီလန်သည် နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး မျက်နှာ ညိုမည်းနေသည်။
“ချင်တို့ယွမ်က သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူ... သူက လော့ချန်ကို ကြည့်မရတာ ကြာပြီ... ဒီတစ်ခါတော့ သူ သက်ညှာမှာ မဟုတ်ဘူး... ဘယ်လို လုပ်ကြမလဲ...”
“ဆရာနဲ့ စီနီယာအစ်မတို့ အားလုံး တောနက်မုန်တိုင်းတောအုပ်ကို သွားနေကြတယ်... စီနီယာယွမ်မန်လီလည်း ဂိုဏ်းထဲမှာ မရှိဘူး...”
ကူးလင်ဖန်သည် ခေါင်းခါလိုက်ပြီး လော့ချန် ထွက်ခွာသွားသော အရပ်ကို ကြည့်ကာ သက်ပြင်း တစ်ချက် ချလိုက်သည်။
“အခုတော့ လော့ချန်ကို ယုံကြည်ဖို့ပဲ ရှိတော့တယ်... သူ သွေးလင်းယုန်ရဲ့ လိုက်လံသတ်ဖြတ်မှုကနေ လွတ်မြောက်လာနိုင်တယ်ဆိုရင် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူရဲ့ အင်အားကို မသိဘဲ မနေပါဘူး...”
ကူးလင်ဖန်သည် ပို၍ တည်ငြိမ်သည်။ လော့ချန်က ချင်တို့ယွမ်ကို သေခြင်းရှင်ခြင်းတိုက်ပွဲ စိန်ခေါ်ရဲသည်မှာ စိတ်လှုပ်ရှားမှု သက်သက်ကြောင့် မဟုတ်သည်မှာ သေချာသည်။
“သွားကြမယ်... ငါတို့ သိုင်းပြိုင်ကွင်းကို သွားရအောင်...”
လူနှစ်ဦး တောင်ပေါ်မှ လျင်မြန်စွာ ဆင်းလာကြသည်။
တောင်ကြား တစ်ခုလုံးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် အံ့ဩစရာ ဆူညံသံများ ထွက်ပေါ်လာပြီး အခြေအနေက ဆူပွက်သွားသည်။
“လော့ချန်နဲ့ ချင်တို့ယွမ် အကြီးအကဲတို့ သိုင်းပြိုင်ကွင်းမှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲတော့မယ်... ဒါက သတင်းကြီးပဲ... ကမ္ဘာပျက်မယ့် သတင်းပဲ...”
“အပြင်စည်းတပည့်က အကြီးအကဲကို စိန်ခေါ်တာ... ငါတို့ ရွှမ်ယွမ်ဂိုဏ်းမှာ ဒီလိုမျိုး မဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ...”
“လော့ချန်က ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ... သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူကို စိန်ခေါ်ရဲလိုက်တာ...”
“မြန်မြန် သွားစို့... ဒီလိုပွဲမျိုး လွတ်သွားရင် ဒီဘဝမှာ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး...”
လူတိုင်းသည် နောက်မှ အလျင်အမြန် လိုက်ပါသွားကြသည်။ ဤမျှ ကြီးမားသော လှုပ်ရှားမှုသည် အပြင်စည်းသာမက အတွင်းစည်းတပည့်များစွာပါ သိရှိသွားကြပြီး အားလုံး သိုင်းပြိုင်ကွင်းဆီသို့ အပြေးအလွှား သွားကြသည်။ လော့ချန်က ရွှမ်ယွမ်ဂိုဏ်းအတွက် သုံးဂိုဏ်းပြိုင်ပွဲတွင် ပထမဆု ယူပေးခဲ့ပြီး သွေးလင်းယုန်၏ လိုက်လံသတ်ဖြတ်မှုကို ခံခဲ့ရသည့် သတင်းမှာ ဂိုဏ်းတစ်ခုလုံးတွင် လူတိုင်း သိပြီးသား ဖြစ်သည်။
ယခု သူ အန္တရာယ်ကင်းစွာ ပြန်လာပြီး အပြင်စည်းအကြီးအကဲကို သေခြင်းရှင်ခြင်းတိုက်ပွဲ စိန်ခေါ်သည်အထိ ကြီးမားသော ပြဿနာ ဖန်တီးနေသည်။ အားလုံးသည် ဘာတွေ ဖြစ်နေသည်ကို သိချင်နေကြပြီး သူ၏ စွမ်းအားက မည်သည့် အဆင့်သို့ ရောက်နေသည်ကို ကြည့်ချင်နေကြသည်။
ခဏအတွင်းမှာပင် သိုင်းပြိုင်ကွင်း၌ လူ တစ်ထောင်ခန့် စုဝေးမိသွားသည်။ ထိုအထဲတွင် အတွင်းစည်းတပည့် နှစ်ရာမက သုံးရာခန့် ပါဝင်သည်။
“ဝါး... အတွင်းစည်း စီနီယာတွေ အများကြီးပဲ... ဒီလူတွေက ပုံမှန်ဆို အပြင်စည်းမှာ မြင်ရခဲတာ... ဒီနေ့ အများကြီး ရောက်လာကြတယ်...”
“ဟိုမှာ ကြည့်... အဲ့ဒါ စီနီယာ ကြူးလင်မေ့ မဟုတ်လား... အတွင်းစည်း အမာခံတပည့်ပဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့် သန်မာသူလေ...”
“နောက်ပြီး စီနီယာ ဖန်ယွဲ့ယန်လည်း ပါတယ်... အတွင်းစည်း ထိပ်သီး မျိုးဆက်တပည့် ဆယ်ဦးထဲက တစ်ဦးပဲ... သူက ယွမ်မန်လီ ပြီးရင် စစ်မှန်သော တပည့် ဖြစ်လာဖို့ အလားအလာ အရှိဆုံးသူပဲ... သူတောင် ဒီတိုက်ပွဲကို လာကြည့်တာလား...”
ထိုနေရာရှိ အပြင်စည်းတပည့်များသည် ဤမျှ ကြီးမားသော အခမ်းအနားမျိုးကို မမြင်ဖူးကြသဖြင့် အံ့အားသင့်ကာ ဆွေးနွေးနေကြသည်။
စင်မြင့်ထက်တွင်...
အေးစက်သော အမူအရာ ရှိပြီး ကြူလင်မေ့သည် ဘေးမှ အရပ်ရှည်ပြီး သန်မာသော အတွင်းစည်းတပည့်ကို ပြုံး၍ ပြောလိုက်သည်။
“စီနီယာဖန်၊ ရှင် စတုတ္ထနယ်ပယ်ကို ထိုးဖောက်ဖို့ ကျင့်ကြံနေတယ်လို့ ကြားတယ်... ဒီနေရာကို လာဖို့ စိတ်ကူး ရှိနေတာပဲနော်...”
သန်မာသော အမျိုးသားမှာ ဖန်ယွဲ့ယန် ဖြစ်ပြီး သူက ပေါ့ပေါ့ပါးပါး ဆိုသည်။
“မကြာခင် ထိုးဖောက်တော့မှာမို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် လာခဲ့တာပါ...”
ထိုစကားကို ကြားသောအခါ ကြူလင်မေ့၏ စိတ်နှလုံး တုန်လှုပ်သွားသည်။ ဤမျှ ယုံကြည်မှု ရှိနေသည်မှာ သူ စတုတ္ထုနယ်ပယ်သို့ ထိုးဖောက်နိုင်ရန်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် သူမ၏ စိတ်ထဲတွင် ပြင်းထန်သော ဖိအားကို ဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် သိုင်းပြိုင်ကွင်း၌ ဆူညံသံများ ထွက်ပေါ်လာပြီး လော့ချန် ဝင်ရောက်လာသည်။ ဖန်ယွဲ့ယန်သည် လော့ချန်ကို တစ်ချက် ဝေ့ကြည့်ပြီး ရယ်လိုက်သည်။
“ဒီတစ်ခါ သုံးဂိုဏ်းပြိုင်ပွဲမှာ သန်မာသူတွေ မပါဘူး ထင်တယ်... ဒီလို သာမန် ကောင်လေးကိုတောင် ပထမ ပေးလိုက်ရတယ်လို့... သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားသူလို့ ကြားတယ် မဟုတ်လား...”
ကြူလင်မေ့သည် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
“သူ့ကို အထင်မသေးနဲ့ဦး... သူက စီနီယာ ယွမ်မန်လီ ကိုယ်တိုင် အကြံပြုထားသူ ဖြစ်တယ်... ဂိုဏ်းထဲ ရောက်တဲ့ ခြောက်လကျော်အတွင်းမှာ ဘယ်သူမှ သူ့ကိုမတားဆီးနိုင်ဘဲ တိုးတက်လာခဲ့တာ... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားပေမယ့် ရွှေခန္ဓာနယ်ပယ်ကို ရောက်နေပြီး သွေးကြောနိုးကြားမှုနယ်ပယ်မှာ နဂါးစွမ်းအားကို ရရှိထားတယ်... ကိုယ်ခန္ဓာ သန်မာမှုက တူညီတဲ့ နယ်ပယ်မှာ ပြိုင်ဘက် မရှိသလောက်ပဲ...”
“ဟဲဟဲ... နဂါးစွမ်းအား ရထားတာက ထုံရွှမ်နယ်ပယ်မှာတော့ မောက်မာလို့ ရနိုင်ပါတယ်... ဒါပေမဲ့ ဒါက နောက်ဆုံးပဲ... သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်ရင် အင်အားကြီးရုံနဲ့ မလုံလောက်တော့ဘူး...”
ဖန်ယွဲ့ယန်သည် ခေါင်းခါလိုက်ပြီး ဂရုမစိုက်ဟန် ပြသည်။
“အဋ္ဌမမင်းသား ကျင်းမင် ရောက်လာပြီ...”
ရုတ်တရက် မည်သူက အော်လိုက်သည် မသိချေ။ အားလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်ကြသည်။ တည်ငြိမ်သော ကောင်းကင်ယံမှ ကိုယ်ရိပ် အနည်းငယ် လေထဲမှ ပျံသန်း ရောက်ရှိလာသည်။ ဤသူများ အားလုံးသည် အတွင်းစည်းတပည့်များ ဖြစ်ကြပြီး ဦးဆောင်လာသူမှာ အရပ်ရှည်ပြီး သန်မာသော လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်သည် ပိုးသားထည်ကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင် မြင့်မြတ်သော အရှိန်အဝါများ ရှိနေသည်။ သူသည် အဋ္ဌမမင်းသား ကျင်းမင် ပင်ဖြစ်သည်။
ကျင်းမင် ရောက်လာသည်ကို မြင်သောအခါ ထိုနေရာရှိ လူအများ၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ပေါ်လာသည်။ ကျင်းမင်နှင့် လော့ချန်တို့ကြားမှ ရန်ငြိုးကို လူတိုင်း အနည်းနှင့်အများ ကြားဖူးကြသည်။
ကျင်းမင်သည် အမြင့်ဆုံးရှိ ကြည့်ရှုစင်ထက်သို့ ဆင်းသက်လိုက်သည်။ စင်မြင့်ထက်ရှိ လော့ချန်ကို ကြည့်ရင်း သူ၏ မျက်လုံးများတွင် အေးစက်မှုများ ပြည့်နှက်နေပြီး အလွန် ကြည့်ရဆိုးနေသည်။ သူသည် လော့ချန်ဟူသော မျက်စိထဲက ဆူးကို ဖယ်ရှားပြီးပြီဟု ထင်ခဲ့သည်။ ချီဂူးယွမ်အတွက် လက်စားချေပေးခဲ့ပြီး ဆုလာဘ်များကိုပင် ပေးအပ်ခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ယခု လော့ချန်သည် ဒဏ်ရာ တစ်စက်မျှ မရှိဘဲ သူ့ရှေ့တွင် ပေါ်လာသည်။ ဤသည်မှာ သူ၏ ပါးကို ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
“ရှဲ့ယန်... ဒီ မိန်းမက ငါ့ကို လိမ်ရဲတယ်... သူ ပြန်လာမှ ငါ သူ့ကို ကောင်းကောင်း စာရင်းရှင်းရအုံးမယ်...”
ကျင်းမင်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး စင်မြင့်ထက်ရှိ လော့ချန်ကို စိုက်ကြည့်ကာ ရုတ်တရက် အေးစက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
“ဟွန်း... ခက်ခက်ခဲခဲနဲ့ အသက်ရှင်လာတာကို ဒီလောက်တောင် မတန်ဖိုးထားတာပဲ... ကောင်းပြီလေ... ဒီနေ့ မင်းရဲ့ အသက်က ဘယ်လောက်တောင် မာမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
ချက်ချင်းပင် ကျင်းမင် ထရပ်လိုက်ပြီး အော်လိုက်သည်။
“အကြီးအကဲချင်၊ လော့ချန်ကို သတ်ပါ။ ကျုပ် ဆုလာဘ်များများ ပေးမယ်...”