ကန့်ကွက်ချက်ကို ပယ်ချသည်... ဒါက အမိန့်ပဲ
Vol. 77 Ch. 1507
~“ဘယ်သူ့ကို သရဲမလို့ ပြောတာလဲ...”
“ဘယ်သူက သူ့ကို အဖော်ပြုချင်လို့လဲ...”
“မသာစကားတွေ လာပြောမနေနဲ့...”
အားချန်တစ်ယောက် သုံးယောက်ပေါင်း ဝိုင်းရိုက်တာ ခံလိုက်ရသဖြင့် ယဲ့ဖန်ကို အကူအညီ တောင်းလိုက်၏။
“မစ္စတာယဲ့... ကယ်ပါဦးဗျ...”
ယဲ့ဖန်က စကားနှစ်ခွန်းတည်းသာ ပြန်ပြောလိုက်၏။
“ဝဋ်လည်တာ...”
အားချန် နှုတ်ခမ်းစူသွားရှာသည်။ သူ့ကိုယ်သူ အပယ်ခံဘဝ ရောက်သွားသလို ခံစားနေရသည်။
စနောက်ပြီးသည့်နောက် ယဲ့ဖန် ပြန်လည် လေးနက်သွားသည်။
“ကဲ... မနောက်ကြနဲ့တော့၊ လူတိုင်း ဆက်သွားမယ်လို့ ရွေးချယ်ပြီးပြီဆိုမှတော့ ဒီလမ်းကြောင်းကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ဆွေးနွေးကြရအောင်...”
လူတိုင်း အလေးအနက်ထားကာ အဖြေရှာရန် စတင် ဆွေးနွေးကြ၏။
အားချန်က ပစ္စည်းများကို ဥမင်ထဲသို့ ပစ်ထည့်ပြီး ယန္တရားမှ မြှားများ ကုန်သွားအောင် လုပ်သင့်သည်ဟု အကြံပြုသည်။
“ကျွန်တော် ထင်တာကတော့ဗျာ... ဒီမြှားတွေက အကန့်အသတ်မရှိ ထွက်နေတာတော့ မဟုတ်လောက်ဘူး၊ ကုန်သွားမယ့်အချိန် တစ်ချိန်ချိန်တော့ ရှိမှာပဲ... အဲဒီအချိန်ကျမှ ကျွန်တော်တို့ အေးဆေး ဝင်ကြတာပေါ့...”
သို့သော် သူ၏အကြံပြုချက်ကို ရွှီကျင်းရှင်းက ချက်ချင်း ပယ်ချလိုက်၏။
သူမ၏ အကြောင်းပြချက်က ရှင်းရှင်းလေးပင်။ ဒီယန္တရားထဲတွင် ရှိနေမည့် မြှားအရေအတွက်က အလွန်များပြားပေလိမ့်မည်။ ပထမအချက်အနေဖြင့် သူတို့တွင် ပစ်ထည့်စရာ ကိရိယာ အလုံအလောက် မရှိ။ ဒုတိယအချက်က သူတို့တွင် အချိန်မရှိ။ မြှားတွေ ကုန်သွားဖို့ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ထို့နောက် ဖူမာကျန်းဝူက အကြံပြုပြန်သည်။
“ကျွန်မတို့ အရင်ပြန်ထွက်ပြီး ဒိုင်းကာလို ပစ္စည်းတွေ သွားဝယ်ပြီးမှ ပြန်လာရင် မကောင်းဘူးလား...”
သို့သော် သူမ၏ အကြံပြုချက်ကိုလည်း လန်ရှင်းယွဲ့က ချက်ချင်း ပယ်ချလိုက်၏။
“အဲဒါက အချိန်အရမ်းကြာလိမ့်မယ်... ပြီးတော့ သတင်းပေါက်ကြားဖို့လည်း လွယ်တယ်... နောက်တစ်ခု မမေ့နဲ့အုံး၊ ဒီလမ်းကြောင်းထဲမှာ လည်ထွက်သွားတဲ့ ကြမ်းခင်းပြားတွေလည်း ရှိသေးတယ်လေ... မြှားတွေကို ဒိုင်းကာနဲ့ ကာနိုင်ရင်တောင် အဲဒီ ကြမ်းခင်းပြားတွေကို ဘယ်လိုရှောင်မှာလဲ...”
ထိုအချိန်တွင် ကောင်းကင်ဝံပုလွေအဖွဲ့ဝင်တစ်ဦးကလည်း အဖြေတစ်ခု အကြံပြုလာသည်။
“ငြင်းမနေကြပါနဲ့တော့ဗျာ... ကျွန်တော်တို့ လေးယောက် ဝင်ပြီး ခင်ဗျားတို့အတွက် လမ်းရှင်းပေးပါ့မယ်... အလွန်ဆုံးရှိလှ အသက်ပေးလိုက်ရုံပေါ့...”
သူ့အကြံပြုချက်ကို ကြားသည်နှင့် ရွှီကျင်းရှင်း၊ လန်ရှင်းယွဲ့၊ ကျူးရှောင်ကျောင်းနှင့် အားချန်တို့က ပြိုင်တူ ကန့်ကွက်ကြ၏။
“ဒါ ဘယ်လိုနည်းလမ်းကြီးလဲ... လူအသက်ကိုရင်းပြီး ဘယ်လိုလုပ် လမ်းရှင်းခိုင်းရမှာလဲရှင်...”
“ရှင်တို့ အထဲမှာ သေသွားရင်တောင် အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး...”
“အထဲမှာ မြှားတွေက အများကြီး...နင်တို့ ဝင်လိုက်တာနဲ့ ဖြူကောင်တွေလို မြှားတွေ စူးပြီး သေကုန်ကြလိမ့်မယ်...”
“ဟ... မင်းနည်းလမ်းက ငါ့နည်းလမ်းလောက်တောင် မကောင်းဘူး...”
ထို ကောင်းကင်ဝံပုလွေအဖွဲ့ဝင်မှာ လူတိုင်း၏ ဝိုင်းဆူတာ ခံလိုက်ရပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် နောက်ဆုတ်သွားရရှာသည်။
လူတိုင်း ငြင်းခုံနေကြသော်လည်း အဖြေမထွက်လာသည်ကို မြင်သောအခါ ယဲ့ဖန် ဝင်ပြောလိုက်ရသည်။
“ကဲ... မငြင်းကြနဲ့တော့၊ ကြည့်ရတာ ကျွန်တော့်နည်းလမ်းကိုပဲ သုံးရတော့မယ် ထင်တယ်...”
“ရှင်... ရှင့်မှာ အကြံရှိလို့လား...”
ရွှီကျင်းရှင်းက သူ့ကို စိတ်ဝင်တစား ကြည့်လိုက်၏။
“ရှင်းရှင်းလေးပါ... ကျွန်တော် တစ်ယောက်တည်း အရင်ဝင်မယ်...ကျွန်တော့်ရဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ဆိုရင် အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်လိမ့်မယ်...”
ယဲ့ဖန်က သူ့နည်းလမ်းကို ပြောပြလိုက်၏။
လူတိုင်း ချက်ချင်း ကန့်ကွက်ကြ၏။
“မဖြစ်ဘူး... ရှင့်ရဲ့ တုံ့ပြန်နိုင်စွမ်းက ဘယ်လောက်ပဲ မြန်ပါစေ၊ မြှားထက် ပိုမြန်နိုင်ပါ့မလား...”
“အထဲမှာ မြှားတွေတင် မကဘူး၊ လည်ထွက်သွားတဲ့ ကြမ်းခင်းပြားတွေလည်း ရှိသေးတယ်လေ... ရှင် ဘယ်လိုလုပ် အချိန်မီ တုံ့ပြန်နိုင်မှာလဲ...”
“ဒီနည်းလမ်းက အရမ်း မိုက်မဲလွန်းတယ်... ဒါက ကိုယ့်အသက်နဲ့ကိုယ် ကစားနေတာနဲ့ တူတူပဲ...”
“ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်...”
လူတိုင်း သဘောထား တိုက်ဆိုင်စွာပင် ယဲ့ဖန်၏ နည်းလမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြ၏။
“ကန့်ကွက်ချက်ကို ပယ်ချတယ်. ဒါက အမိန့်ပဲ... မင်းတို့အားလုံး ဒီနေရာမှာပဲ နေခဲ့၊ အမိန့်ကို မနာခံရဲတဲ့သူ ဘယ်သူမဆို ဒီမစ်ရှင်ကနေ ချက်ချင်း နုတ်ထွက်ရမယ်...”
ယဲ့ဖန် ငြင်းမနေချင်တော့သဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ ဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားလိုက်၏။ သူက ဒီလောက်ထိ ပြတ်ပြတ်သားသား ပြောလိုက်မှတော့ ကျန်သည့် လူတွေ ဘယ်လောက်ပဲ စိတ်ပူပူ ဘာမှမတတ်နိုင်တော့။
ယဲ့ဖန်သည် ‘ကျားပျံ လက်သည်း’ ကို ထုတ်ယူပြီး လေထဲတွင် နှစ်ချက်ခန့် ဝှေ့ယမ်းလိုက်၏။ ထို့နောက် ဥမင်ထဲသို့ ပစ်ထည့်ကာ မြှားများစူးနေသော ကြက်သေကောင်ကို ဆွဲထုတ်လိုက်၏။
ပြီးနောက် ကြက်သေကောင်ပေါ်မှ မြှားများကို ဆွဲနှုတ်ကာ တစ်ချောင်းချင်းစီ ချိုးဖျက်ပြီး မြှားခေါင်းများကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။
အားလုံးပြင်ဆင်ပြီးနောက် သူသည် နောက်လှည့်ကာ လူတိုင်းကို ပြုံးပြလိုက်၏။
“စိတ်မပူပါနဲ့... ငါ အသက်ရှင်လျက်နဲ့ ဟိုဘက်ကမ်းကနေ မင်းတို့ကို ကြိုဆိုနေပါ့မယ်...”
ထိုသို့ပြောပြီးနောက် မည်သူ့ကိုမျှ စကားပြောခွင့် မပေးတော့ဘဲ မတ်တပ်ရပ်ကာ လမ်းကြောင်းထဲသို့ ဝင်သွားလေတော့သည်။
လူတိုင်း သူ့ကျောပြင်ကို ငေးကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်နေကြ၏။
ယဲ့ဖန်က သက်သက်မဲ့ လူစွမ်းကောင်း လုပ်ပြနေတာ မဟုတ်ပါ။ သူ့မှာ ယုံကြည်ချက် ရှိပါသည်။
နံရံပေါ်က ယန္တရားတွေကို သူ မြင်ပြီးသားပင်။ အခွင့်ကောင်းယူပြီး ဒီယန္တရားတွေကို ဖျက်ဆီးနိုင်သရွေ့ သူ လွတ်မြောက်ဖို့ အခွင့်အလမ်း များပါ၏။
ယဲ့ဖန် ပထမဆုံး ကျောက်ပြားပေါ်သို့ ခြေချလိုက်၏။
နင်းလိုက်သည်နှင့် တပြိုင်နက် ကျောက်ပြားက အနည်းငယ် တုန်ခါသွားသည်။ ယန္တရားမှန်း သိသာလှသည်။ သူချက်ချင်း ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး ဘေးက ကျောက်ပြားကို ဆက်လက် စမ်းသပ်လိုက်၏။
ဤသို့ဖြင့် ဂရုတစိုက် စမ်းသပ်ရင်း ကျောက်ပြားသုံးတန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သို့သော် လေးတန်းမြောက်သို့ ရောက်သောအခါ သူ၏ခြေဖျားက ကျောက်ပြားတစ်ချပ်ကို ထိလိုက်မိသည်နှင့် သူ၏နားထဲတွင် "ကလစ်" ဆိုသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
မြှားယန္တရား ပွင့်သွားပြီမှန်း သိသာလှသည်။
ယဲ့ဖန်၏ တုံ့ပြန်မှုက အလွန်လျင်မြန်လှသည်။ ချက်ချင်းဆိုသလို နောက်သို့ ပြန်ခုန်လိုက်၏။ တချိန်တည်းမှာပင် သူ့လက်ထဲမှ မြှားခေါင်းတစ်ခု ပျံထွက်သွားလေသည်။
"ဒုန်း..."
မြှားခေါင်းသည် အမြောက်ဆံတစ်လုံးအလား ပထမဆုံး ယန္တရားဆီသို့ တိကျစွာ ပျံသန်းသွားသည်။ ဒူးလေး မပစ်ခတ်နိုင်ခင်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျက်စီးသွားလေတော့သည်။
"ရေး..."
သူ့အနောက်မှ ကျူးရှောင်ကျောင်းက ချက်ချင်း လက်ခုပ်တီးကာ အားပေးလိုက်၏။ ကျန်လူများကလည်း ယဲ့ဖန်၏ လှပသော တန်ပြန်တိုက်စစ်ကို ချီးကျူးလိုက်ကြ၏။
သို့သော် ယဲ့ဖန် လုံးဝ မပေါ့ဆရဲပေ။
ဘာလို့လဲဆိုတော့ သူသိနေသည်... ဒါက အစပဲ ရှိသေးသည် ဆိုသည်ကို။
ပထမဆုံး မြှားယန္တရားကို ဖျက်ဆီးပြီးနောက် ယဲ့ဖန် ခဏနားပြီးမှ ရှေ့သို့ ဆက်သွားသည်။
ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံဖြင့် နောက်ထပ် မြှားတစ်စင်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်သည်။
ဒီတစ်ခါလည်း သူက နည်းလမ်းဟောင်းအတိုင်း မြှားခေါင်းကို အသုံးပြုပြီး ဒုတိယ ယန္တရားကို အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်၏။
ဒီအတွေ့အကြုံ နှစ်ခု ရပြီးနောက် နောက်ပိုင်း အဆင့်များက ပို၍ ချောမွေ့လာသည်။ တတိယ၊ စတုတ္ထ... ယန္တရားတွေ တစ်ခုပြီးတစ်ခု ပျက်စီးကုန်ကြ၏။
သူ့အနောက်မှ အသင်းသားများ၏ အားပေးသံများကလည်း ပို၍ ကျယ်လောင်လာသည်။ အလင်းရောင်ကို မြင်တွေ့လိုက်ရပြီဟု သူတို့ ယုံကြည်နေကြသည်မှာ ထင်ရှားလှသည်။
ယန္တရားရှစ်ခုစလုံး ပျက်စီးသွားသောအခါ ယဲ့ဖန်ကိုယ်တိုင်ပင် လမ်းကြောင်းကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ပြီဟု ထင်မှတ်လိုက်၏။
သို့သော် အပြောင်းအလဲများက လူတွေ ပေါ့ဆနေချိန်မှာ ဖြစ်ပေါ်တတ်စမြဲ။
ယန္တရားရှစ်ခုစလုံး ပျက်စီးသွားပြီ ဖြစ်၍ မြှားအန္တရာယ် မရှိတော့ဟု ယူဆကာ သူသည် လည်ထွက်သွားမည့် ကြမ်းခင်းပြားများကို စမ်းသပ်ရန် အာရုံစိုက်လိုက်၏။
ထိုအချိန်တွင် "ရှပ်... ရှပ်..." ဟူသော အသံအချို့ သူ့နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ အသံက အလွန်တိုးညင်းသော်လည်း သူ့နားကို မကျော်လွန်နိုင်ပေ။
Quicksand (သဲကျွံ)တွေ စီးဆင်းနေသလို အသံမျိုး။
ဒီလမ်းကြောင်းထဲမှာ ဘာလို့ Quicksand (သဲကျွံ)တွေ ရှိနေရတာလဲ။
သူ တွေးဖို့ အချိန်ပင် မရလိုက်။ အန္တရာယ် အငွေ့အသက် တစ်ခုက သူ့ဆီသို့ ရုတ်တရက် တိုးဝင်လာသည်။
သွားပြီ...
ယဲ့ဖန် အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
"ရွှစ်..."
အားပြင်းသော မြှားတစ်စင်းက သူ့မျက်နှာနားမှ ကပ်ပြီး ဖြတ်သန်းသွားသည်။ မြှားနှင့်အတူ ပါလာသော လေဟုန်ပြင်းပြင်းကြောင့် သူ့မျက်နှာပင် နာကျင်သွားရသည်။
သို့သော် ဒါက အစပဲ ရှိသေးသည်။
ချက်ချင်းဆိုသလို "ရွှစ်... ရွှစ်... ရွှစ်..." ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
မြှားမိုးရွာချလိုက်ပြီ။
သွားပါပြီ...
သူ ဘယ်လောက်ပဲ တွက်ချက်ထားပါစေ... နောက်ထပ် ဖုံးကွယ်ထားသော မြှားယန္တရား တစ်ခု ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိ။
ဒီမြှားယန္တရားကို ဒီဇိုင်းဆွဲထားပုံက အလွန် သေသပ်လှသည်။ အရင်တုန်းက မပွင့်လာခဲ့တာက နောက်ဆုံးအသေသက်ဖို့ ချန်ထားသည်ကိုး။
သူ့ခန့်မှန်းချက်အရဆိုလျှင် ဒီဖုံးကွယ်ထားသော ယန္တရားက ကြမ်းခင်းပြားကြောင့် ပွင့်တာမဟုတ်ဘဲ Quicksand (သဲကျွံ)တွေနှင့် ထိန်းချုပ်ထားတာ ဖြစ်ရမည်။
သူ ဒီလမ်းကြောင်းထဲ စဝင်ကတည်းက ယန္တရားက စတင် လည်ပတ်နေလောက်ပြီ။ သူ ဒီနေရာ ရောက်တော့မှ ယန္တရားက အချိန်ကိုက် ပွင့်လာတာ ဖြစ်မည်။
[TL Note: ဒီနေရာက Quicksand (သဲကျွံ) ဆိုတာ လူနင်းမိရင် ကျွံကျသွားတဲ့ ရွှံ့ညွန်အိုင်ကို ပြောတာမဟုတ်ပါဘူး။ ရှေးခေတ် သဲနာရီတွေလိုမျိုး သဲတွေစီးကျပြီး အချိန်ကိုက် မောင်းဖြုတ်ပေးတဲ့ "Timer စနစ်" ပါ။ လူဝင်လာတာနဲ့ ချက်ချင်းမပစ်ဘဲ သဲကုန်သွားတဲ့အချိန် (လမ်းအလယ်ရောက်မှ) ပစ်သတ်ဖို့ စီစဉ်ထားတဲ့ ရှေးခေတ် Time Bomb ပါပဲ။]