ဆက်ပြီး ဟန်ဆောင်နေဦးမှာလား
Vol. 77 Ch. 1512
~လန်ရှင်းယွဲ့သည် တစ်ခဏမျှ ကြောင်အသွားသော်လည်း လျင်မြန်စွာပင် နောက်ဆုတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် လေးငါးမီတာခန့် အကွာအဝေးသို့ ရောက်ရှိသွားသည်။
ဒီအမြန်နှုန်းက အံ့မခန်းပင်။
ယဲ့ဖန် စတင် တိုက်ခိုက်လိုက်သည့် အချိန်တွင် သူမ၌ ပြဿနာ ရှိနေသည်ကို ၁၀၀ ရာခိုင်နှုန်း မသေချာသေးပေ။
သို့သော် ယခုအချိန်တွင်မူ သူ သေချာသွားပြီ ဖြစ်သည်။
ဒီအမျိုးသမီးက တကယ်ပဲ သူလျှို ဖြစ်နေတာကိုး။
တုံ့ပြန်နိုင်စွမ်းနှင့် ပေါက်ကွဲထွက်လာသော အမြန်နှုန်းတို့ကို ကြည့်ခြင်းအားဖြင့် သူမ၏ သိုင်းပညာအဆင့်သည် အနည်းဆုံး အတွင်းအား အလယ်အလတ် အဆင့်တွင် ရှိနေသည်။
သူမ၏ စွမ်းရည်နှင့်ဆိုလျှင် သူမှလွဲ၍ ကျန်သူများ မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ယဲ့ဖန် အံ့သြနေစဉ်မှာပင် လန်ရှင်းယွဲ့လည်း အံ့အားသင့်နေမိသည်။
သူမ၏ ဟန်ဆောင်မှုက အလွန်ကောင်းမွန်သည်ဟု သူမ ယုံကြည်ထားခဲ့သည်။
လွန်ခဲ့သော စူးစမ်းလေ့လာရေး ခရီးစဉ်တွင် ဖြစ်စေ၊ ယခု ခရီးစဉ်တွင် ဖြစ်စေ သူမ၏ သရုပ်ဆောင်မှုက အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံခဲ့သည်။
ယုတ္တိနည်းအရ တွေးကြည့်လျှင် သူမအနေဖြင့် ပေါ်စရာအကြောင်း မရှိ။
သို့သော် ယဲ့ဖန်က နောက်ဆုံးအချိန်တွင် သူမ၏ အထောက်အထားကို ရိပ်မိသွားခဲ့သည်။
သို့မဟုတ် သူက စောစောစီးစီးကတည်းက ရိပ်မိနေပြီး ဟန်ဆောင်နေခဲ့တာများလား။
ဒါက သူမကို ဇဝေဇဝါ ဖြစ်စေသည်။ ဘယ်နေရာမှာများ အမှားလုပ်မိခဲ့ပါလိမ့်။
တကယ်တော့ သူမ၏ သရုပ်ဆောင်မှုက တကယ့်ကို ကောင်းမွန်လွန်းပါသည်။ အနည်းဆုံးတော့ ယဲ့ဖန်က ထိုသို့ ထင်မြင်မိသည်။
အကယ်၍ သူသာ 'အခွင့်အလမ်း လမ်းညွှန်မှု' ၏ လမ်းညွှန်ချက်အရ သူမကို သွားဖိတ်ခေါ်စဉ် လမ်းခုလတ်တွင် ကျန်းရှောင်ယန်နှင့် မတွေ့ဆုံခဲ့ပါက...
သူလည်း လန်ရှင်းယွဲ့ကို သံသယဝင်မိမည် မဟုတ်ပေ။
အရေးကြီးတဲ့ အချိန်ကျမှ 'စနစ်' ကိုသာ အားကိုးရတော့သည်ပါပဲ။
အားချန်၊ ရွှီကျင်းရှင်း၊ ဖူမာကျန်းဝူနှင့် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်တို့သည် မျက်လုံးများ ပြူးကျယ်လျက် အံ့အားသင့်နေကြ၏။ သူတို့ ဘာဖြစ်သွားမှန်း နားမလည်နိုင် ဖြစ်နေကြ၏။
ဘာလို့ ဒီနှစ်ယောက်က ရုတ်တရက် ထပြီး ရန်ဖြစ်နေကြတာလဲ။
“ယဲ့ဖန်... ရှင် ဘာလို့ ကျွန်မကို ရုတ်တရက် တိုက်ခိုက်ရတာလဲ...”
လန်ရှင်းယွဲ့က ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်ကာ မေးလိုက်၏။
“ငါတို့ ဒီအဆင့်ထိ ရောက်နေပြီပဲ... ဆက်ပြီး ဟန်ဆောင်နေဦးမှာလား...”
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားပြီး အေးစက်စွာ ပြုံးလိုက်၏။ သူက သူမ၏ ဟန်ဆောင်မှုကို မညှာမတာ ဖွင့်ချလိုက်လေသည်။
လန်ရှင်းယွဲ့က သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် သက်ပြင်းချလိုက်၏။
“ကျွန်မကို ပြောပြနိုင်မလား... ရှင် ဘယ်အချိန်ကတည်းက သိသွားတာလဲ...”
သူမသည် နောက်ဆုံးတွင် ဟန်ဆောင်ထားသော မျက်နှာဖုံးကို ခွာချလိုက်ပြီး သူမ၏ သရုပ်မှန်ကို ထုတ်ဖော်ပြသလိုက်၏။
ယခုအချိန်တွင် လန်ရှင်းယွဲ့၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
အရင်တုန်းက သူမသည် အေးစက်ပြီး မာနကြီးသော ပုံစံမျိုး ရှိသော်လည်း အလွန်ဆုံးရှိလှ တည်ငြိမ်သူဟုသာ သတ်မှတ်နိုင်ခဲ့သည်။
သို့သော် ယခု ခံစားနေရသော အေးစက်မှုကတော့ ခံစားချက်ကင်းမဲ့ပြီး လူသတ်ချင်စိတ်များ သိုဝှက်ပါဝင်နေသည်။
ဒီလို လူသတ်ချင်စိတ်မျိုးက မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို ဖြတ်သန်းပြီးမှသာ ရရှိနိုင်သော အရာမျိုးဖြစ်သည်။
ယဲ့ဖန်မှလွဲ၍ ကျန်သူများအားလုံး ကြောင်အသွားကြ၏။
သူတို့နှင့်အတူ တောက်လျှောက် လိုက်ပါလာခဲ့သော အဖော်မွန်က တကယ်တော့ သိုးရေခြုံထားသော ဝံပုလွေ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိကြ။
မှောင်မည်းနေသော ညဉ့်နက်ချိန်တွင် ဤအဖြစ်အပျက်က သူတို့ကို ကြက်သီးထသွားစေသည်။
“ငါ မင်းကို အစကတည်းက မြင်အောင်ကြည့်နိုင်ခဲ့တယ်လို့ ပြောရင်... မင်း ဝမ်းနည်းသွားမလား...”
ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးပါးပါးလေး တစ်ခု ရှိနေသော်လည်း သူ့စကားများက မည်မျှ မှန်ကန်ကြောင်း ဝေခွဲရခက်နေသည်။
“မဖြစ်နိုင်ဘူး... ကျွန်မက အကောင်းဆုံး ဟန်ဆောင်ထားတာ... ဘာသဲလွန်စမှ မပေးခဲ့ဘူး၊ ရှင် ဘယ်လိုလုပ် သိနိုင်မှာလဲ...”
လန်ရှင်းယွဲ့က ဒီအချက်ကို လက်မခံနိုင်ဖြစ်နေပြီး သူမ၏ အသံများပင် အနည်းငယ် တုန်လှုပ်နေသည်။
“ဟန်ဆောင်တယ် ဆိုကတည်းက အပေါက်အပြဲ ဆိုတာ ရှိစမြဲပေါ့... မင်းက ဟန်ဆောင်ကောင်းတဲ့ သူတွေထဲက တစ်ယောက်ပါ... ငါတောင် မင်းကို အထင်ကြီးခဲ့ရသေးတယ်...”
ယဲ့ဖန်က စကားပြောနေရင်း သူမ၏ တိုက်ခိုက်မှုကို သတိထားကာ အသင့်ပြင်ထားသည်။
“ဟားဟားဟား...”
လန်ရှင်းယွဲ့က ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ရှင်လည်း ဟန်ဆောင်ကောင်းသားပဲ... ကျွန်မတောင် ရှင့်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်လှုပ်ရှားခဲ့ရသေးတယ်... ရှင်က ဟန်ဆောင်နေမှန်း မသိခဲ့ဘူး...”
သူမ၏ မျက်နှာတွင် အနည်းငယ် ဝမ်းနည်းနေသော အရိပ်အယောင်များ ပေါ်လာသည်။ ယဲ့ဖန်၏ လှည့်စားခြင်းကို ခံလိုက်ရသဖြင့် ဝမ်းနည်းနေသကဲ့သို့ပင်။
သို့သော် ထို့နောက်တွင် သူမ၏ အသံက ရုတ်တရက် စူးရှသွားသည်။
“အဲဒါဆိုရင်လည်း... ရှင်တို့အားလုံး ငရဲကို သွားကြတော့...”
ပြောပြောဆိုဆို သူမသည် အိတ်ကပ်ထဲမှ အဝေးထိန်းခလုတ် (Remote Control) နှင့်တူသော ကိရိယာတစ်ခုကို ထုတ်လိုက်ပြီး ခလုတ်ကို ဖွဖွလေး နှိပ်လိုက်၏။
စူးရှသော အသံတစ်သံက ကောင်းကင်ယံကို ထိုးဖောက်သွားသည်။
ထိုအသံနှင့်အတူ အမှောင်ထုထဲမှ မည်းနက်သော အရိပ်များ ရုတ်တရက် ပြေးထွက်လာကြ၏။
ထိုလူများသည် အလွန် လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ကို လုံးဝ ဝိုင်းရံထားလိုက်ကြ၏။
အနည်းဆုံး လူနှစ်ဆယ်ခန့် ရှိပေလိမ့်မည်။
ထို့အပြင် သူတို့တစ်ယောက်ချင်းစီတိုင်းမှ ပြင်းထန်သော လူသတ်ချင်စိတ်များ ထွက်ပေါ်နေသည်။ လူသတ်ချင်စိတ် အငွေ့အသက် ( ၂၀ ) ကျော် စုပေါင်းသွားသောအခါ နှိုင်းယှဉ်မရနိုင်လောက်အောင် ကြီးမားသော ဖိအား တစ်ခု ဖြစ်ပေါ်လာပြီး လူများကို အသက်ရှူရခက်စေသည်။
အားချန်နှင့် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်သည် ခဏတာ ထိတ်လန့်သွားပြီးနောက် လျင်မြန်စွာ ပြန်လည် တုံ့ပြန်လိုက်ကြ၏။ သူတို့သည် လော်ရန်ဂေါ်ပြားနှင့် လေပွေဂေါ်ပြားများကို လက်နက်အဖြစ် ကိုင်ဆောင်ကာ ရန်သူကို ရင်ဆိုင်ရန် ပြင်လိုက်ကြ၏။
ရွှီကျင်းရှင်းလည်း သူမ၏ ပုံမှန် အေးဆေးတည်ငြိမ်မှု ပျောက်ဆုံးသွားပြီး မျက်နှာထား တင်းမာသွားသည်။
ဖူမာကျန်းဝူကတော့ "ကျူးရှောင်ကျောင်း" အဖြစ် သရုပ်ဆောင်နေရဆဲ ဖြစ်သဖြင့် ထိတ်လန့်တုန်လှုပ်နေသော ပုံစံမျိုး ဟန်ဆောင်နေသည်။
ယဲ့ဖန် တစ်ယောက်တည်းသာ တည်ငြိမ်နေဆဲ။
“လူတွေ တော်တော်များသားပဲ...”
လန်ရှင်းယွဲ့က ပေါ့ပါးစွာ ကြည့်နေသည်။
“ကျွန်မတို့က ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို ရမှ ဖြစ်မယ်... ရှင့်သူငယ်ချင်းတွေ ဒီမှာ မသေစေချင်ရင် သူတို့ကို လက်နက်ချခိုင်းလိုက်တာ ကောင်းမယ်...”
ယဲ့ဖန်က သဘောတူစွာ ခေါင်းညိတ်လိုက်၏။
“မင်းပြောတာ မှန်တယ်... အဓိပ္ပာယ် မရှိဘဲ အသေခံနေမယ့် အစား လက်နက်ချလိုက်တာက ပိုကောင်းပါတယ်...”
သူက ပြောပြောဆိုဆို နောက်လှည့်ကာ အားချန်နှင့် ကျန်သူများကို အမိန့်ပေးလိုက်၏။
“လက်ထဲက ပစ္စည်းတွေကို လွှတ်ချလိုက်ကြ...”
“မစ္စတာယဲ့...”
အားချန် ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။ သူတို့က လူ ( ၂၀ ) ကျော်ကို ရင်ဆိုင်နေရတာ... ကြက်ဥနဲ့ ကျောက်ခဲ ပစ်သလို ဖြစ်နေပြီ ဖြစ်၏။
သို့တိုင်၊ သူတို့သာ အသေအလဲ ခုခံလျှင် တစ်ယောက်၊ နှစ်ယောက်လောက်တော့ လွတ်မြောက်နိုင်ကောင်းပါရဲ့။
လက်နက်ချလိုက်ရင်တော့ သူများလက်ခုပ်ထဲက ရေ ဖြစ်သွားပြီ တော့မည်။
“လက်နက် ချလိုက်...”
ယဲ့ဖန်က လေးလေးနက်နက် ထပ်ပြောလိုက်၏။
အားချန်နှင့် ကောင်းကင်ဝံပုလွေအဖွဲ့သား လေးယောက်မှာ မတတ်သာဘဲ လက်နက်များကို လွှတ်ချလိုက်ရတော့သည်။
လန်ရှင်းယွဲ့က ယဲ့ဖန်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်၏။
“ပညာရှိတဲ့သူက အခြေအနေ အချိန်အခါကို ကြည့်ပြီး ပြုမူတတ်တယ်ဆိုတာ အမှန်ပဲ... မစ္စတာယဲ့က တကယ်ကို ပျော့ပြောင်းတတ်တာပဲ... ရှင်က တကယ့် သူရဲကောင်းပါ... ကံဆိုးတာက ရှင်က 'သခင်ကြီး' နဲ့ ဆန့်ကျင်ဘက် လမ်းကို ရွေးချယ်ခဲ့တာပဲ... ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ...”
“ဒါဆို ငါ့ကို လမ်းမှန် တစ်ခုလောက် ပြပါဦး... ငါ ဘယ်လို အသက်ရှင်နိုင်မလဲ...”
ယဲ့ဖန်က သူမကို ရိုးသားသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။
“ကျွန်မတို့နဲ့ ပူးပေါင်းလိုက်...”
လန်ရှင်းယွဲ့က တကယ်ပဲ လမ်းတစ်ခု ပြပေးလာသည်။ သူမ အလေးအနက် ပြောနေမှန်း သိသာလှသည်။
“ရှင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် သခင်ကြီးက ရှင့်ကို သေချာပေါက် ကြိုဆိုမှာပါ...”
“တခြားနည်း မရှိတော့ဘူးလား...”
“မရှိတော့ဘူး... ရှင်တို့အတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်... ပူးပေါင်းမလား၊ သေမလား...”
ယဲ့ဖန် တိတ်ဆိတ်သွားသည်။ ခဏကြာမှ သူ ပြန်ပြောလိုက်၏။
“ငါ မင်းတို့နဲ့ ပူးပေါင်းလို့ ရပါတယ်...”
လန်ရှင်းယွဲ့ ချက်ချင်း ဝမ်းသာသွားပြီး စကားပြောရန် ပြင်လိုက်၏။
ထိုအချိန်တွင် ယဲ့ဖန်က ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့ ဂိုဏ်း နာမည်ကိုတော့ ငါ့ကို ပြောပြရမယ်... ပြီးတော့... မင်းတို့ ဘာလုပ်ချင်ကြတာလဲ...”
လန်ရှင်းယွဲ့၏ အပြုံး ပျောက်ကွယ်သွားပြီး ပုံမှန် အေးစက်မှု ပြန်ရောက်လာသည်။
“ရှင် ဂိုဏ်းထဲ ဝင်ပြီး စမ်းသပ်မှု အောင်မြင်သွားရင် သိလာရမှာပါ...”
“ဒါ မတရားဘူးလေ...”
ယဲ့ဖန်က ချက်ချင်း ကန့်ကွက်လိုက်၏။
“ဒါက အလုပ်လျှောက်တာနဲ့ တူတူပဲ... မင်းတို့က ငါ့ကို စမ်းသပ်သလို ငါကလည်း မင်းတို့ကို ပြန်စမ်းသပ်ရမှာပေါ့... မင်းတို့က ဘာမှမပြောပြရင် ငါက ဘယ်လိုလုပ် ဝင်ချင်စိတ် ရှိမှာလဲ...”
လန်ရှင်းယွဲ့ မဲ့ပြုံးပြုံးလိုက်၏။
“ရှင့်မှာ ကျွန်မနဲ့ ဈေးဆစ်ခွင့် ရှိသေးတယ်လို့ ထင်နေတုန်းလား...”
ယဲ့ဖန်က သူမ မလိမ့်တပတ် လုပ်မရမှန်း သိလိုက်သဖြင့် သတင်းအချက်အလက် နှိုက်ထုတ်ရန် ကြိုးစားမှုကို လက်လျှော့လိုက်၏။ သူက ပတ်ဝန်းကျင်ရှိ အနက်ရောင် ဝတ်စုံဝတ်ထားသော သေမင်းတမန်များကို ဝေ့ကြည့်လိုက်၏။
“မင်းရဲ့ လက်အောက်ငယ်သားတွေက တော်တော် သန်မာကြတာပဲ... ငါတို့ လူနည်းစုလေးနဲ့ သူတို့ကို အနိုင်ယူဖို့ဆိုတာ အိပ်မက်မက်နေသလို ဖြစ်နေမှာပေါ့... ဒါပေမဲ့ မင်းတို့ သေချာပေါက် နိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်…”